← Chapters

" မသိခြင်း " တာအိုကို ဟောပြောခြင်း

Vol. 6 Ch. 598

" မသိခြင်း " တာအိုကို ဟောပြောခြင်း

Vol. 6 Ch. 598

ပိုင်ရှောင်ချန်းမှာ အနည်းငယ်ပင် အံ့အားသင့်သွားတော့သည်။ သို့သော်လည်း တရားစီရင်ရေးရာ ခန်းမမှ မဟာအကြီးအကဲက နွေးနွေးထွေးထွေးလေသံဖြင့် ဗဟုသုတများ ဆည်းပူးနိုင်ရန် အလို့ငှာတောင်းဆိုနေခြင်းဖြစ်သည်။ သူ့ထံတွင် မည်သည့် စိတ်ပုတ်စိတ်ယုတ်မှ မရှိပဲ အဆင့်သုံးဆယ် စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်း၏ လျှို့ဝှက်ချက်များအားလုံးကို သိလိုရုံသက်သက်သာဖြစ်သည်။

အစပိုင်းတွင် ပိုင်ရှောင်ချန်းက မည်သို့မျှ မပြောသေးဘဲ သူ စကားခံထားခဲ့သည့် အံသြဖွယ်ရာ အကြောင်းအရာပေါ်တွင် အခြေပြု၍ ချဲ့ကားပြောဆိုရန် ခေါင်းထဲတွင် မွှေနှောက်ကာ တွေးတောနေသည်။ သူ ပိုမိုအစွမ်းပြနိုင်မည့် နည်းလမ်းတစ်ခုခု ရှိနေမည်မှာ အသေအချာဖြစ်ပြီး ယခုလေးတင် သူ ရရှိခဲ့သည့် အသိအမှတ်ပြုခြင်းများသာမက လူအများက ကြည်ညိုလေးစားရသည်အထိ စွမ်းဆောင်နိုင်မည်ဖြစ်ကြောင်း သူက ယုံကြည်နေသည်။

သူ၏မျက်နှာတွင်မူ ထိုသို့တွေးတောနေသည့် အမူအရာများ ပေါ်မနေပေ။ မဟာအကြီးအကဲကြီးကမူ တိတ်ဆိတ်ငြိမ်သက်စွာဖြင့် မျှော်လင့်တကြီး စောင့်ဆိုင်းနေသည်။

ပိုင်ရှောင်ချန်း အဖြေမပေးခဲ့စဥ်က မျိုးနွယ်စုရှိ လူအများစုမှာ သူ့ကိုအထင်အမြင်သေးသည့် အကြည့်များနှင့်သာ ကြည့်ကြသည်။ သို့သော် ယခုတွင်မူ မည်သူမှ ထိုသို့မကြည့်ရဲတော့ပေ။ ငှက်မွှေးက ကမ္ဘာကြီးတစ်ခုဖြစ်သွားနိုင်သည်ဆိုသည့် သူ၏ရှင်းပြချက်ကြီးကြောင့် သူတို့အားလုံးမှာ စိတ်နှလုံး လှုပ်ခတ်သွားခဲ့ရသည်။ ထို့နောက် သူသည် အာသွက်လျှာသွက်ဖြင့် မျိုးနွယ်စုခေါင်းဆောင်အား သူ၏ဇနီးကို အကျဥ်းချစေရန် အတင်းအကြပ် စေခိုင်းနိုင်ခဲ့သည်။ ပိုင်ချီပင်လျှင် မျိုးနွယ်စုမှအထုတ်ပယ်ခံရကာ အသတ်ခံရလုနီးပါး ဖြစ်သွားရသည်။

ထိုအခြင်းအရာများကြောင့် အနှီပိုင်ဟောက်မှာ သူတို့၏အတွေးထဲရှိ ပိုင်ဟောက်နှင့် လုံးဝကို ကွဲပြားနေသည်။

ထို့အပြင် တရားစီရင်ရေးရာ ခန်းမမှ မဟာအကြီးအကဲကြီးက သူ့ကိုထောက်ခံနေသည်ကိုလည်း သူတို့အားလုံးက အတိုင်းသား မြင်နေရသည်။ အချိန်များကုန်ဆုံးလာလေလေ ပိုင်ဟောက်မှာ သူတို့၏နှလုံးသားများထဲတွင် နေရာယူလာလေလေဖြစ်သည်။

မမလေးငါးဆိုသည့် မိန်းမပျိုမှာ စူးစမ်းလိုသော အရိပ်အယောင်များ တောက်ပနေသည့် မျက်ဝန်းများဖြင့် သူ့ကိုကြည့်နေသည်။ ယခုလေးတွင် မျက်စိနှင့်တပ်အပ်မြင်လိုက်ရသော ပိုင်ဟောက်၏ ရုတ်တရက်ဆန်လွန်းလှသည့် ပြောင်းလဲမှုများကြောင့် သူမသည် သူ့ကို အယောင်ဆောင်တစ်ယောက်ဟုပင် ထင်မိလိုက်သေးသည်။ ထို့အပြင် သူမတစ်ယောက်ထဲ ထိုသို့တွေးနေသည်မဟုတ်။ မျိုးနွယ်စုအကြီးအကဲများပင်လျှင် ထိုနည်းတူတွေးနေကြသည်။

မျိုးနွယ်စုခေါင်းဆောင်မှာလည်း ထိုနည်းတူပင်။ သူဆိုလျှင် ပိုင်ဟောက် အစစ်ဟုတ်၊ မဟုတ် စစ်ဆေးရန် မျိုးနွယ်စု၏ အကာအကွယ်မန္တန်အစီအရင်ကို တိတ်တဆိတ် အကဲခတ်လိုက်သေးသည်။

မျိုးနွယ်စု၏ မန္တန်အစီအရင်မှာ မျိုးနွယ်စုထဲရှိ လူတိုင်း၏ သွေးများကို အသေးစိတ် ခွဲခြမ်းစိတ်ဖျာနိုင်သည်ဖြစ်သဖြင့် အကယ်၍ ထိုသူသာ ပိုင်ဟောက်မဟုတ်ပဲ မျိုးနွယ်စုထဲသို့ သူတို့မသိသော နည်းလမ်းများသုံးကာ ဝင်လာခဲ့သည့်လူဆိုပါက အစီအရင်က အာရုံခံမိမည်ဖြစ်သည်။

ထိုအချက်ကို မမလေးငါး အပါအဝင် မျိုးနွယ်စုရှိ လူတိုင်းကသိသည်။ ထို့ကြောင့် သူမက ထိုအယောင်အဆောင်ဆိုသော အတွေးများကို ခေါင်းထဲကဖယ်လိုက်ပြီး ပိုင်ဟောက်ဆီမှ ရှင်းပြချက်ကို ဆက်၍မျှော်လင့်နေတော့သည်။

ပိုင်လဲ့မှာလည်း ထိုနည်းတူပင်။ သူသည် ပိုင်ဟောက်ကိုယခင်က ကောင်းကောင်း သတိမထားမိခဲ့ကြောင်းကို လက်ခံလိုက်ပြီး ထိုကဲ့သို့ ရုတ်ချည်း နာမည်ကျော်စောလာခြင်းမှာ ကောင်းသောအရာတစ်ခုဟု မှတ်ယူလိုက်သည်။

မျိုးနွယ်စုထဲရှိ လူတိုင်းမှာတော့ ပျော်နေသည်မဟုတ်ပေ။ ပင်မသွေးမျိုးဆက် အဖွဲ့ဝင်များအားလုံး၏ နှလုံးသားထဲတွင် အဆိပ်ပြင်းသော အမုန်းတရားများပြည့်နှက်နေကြပြီဖြစ်သော်လည်း သူတို့မှာ မျက်နှာအမူအရာမပျက်အောင် ထိန်းထားရသည်။ ပိုင်ဟောက်၏ လုပ်ရပ်များမှာ ပိုင်ချီနှင့် သခင်မချိုင်ကိုသာမက ပင်မသွေးမျိုးဆက်တစ်ခုလုံးကိုပါ စော်ကားလိုက်သည် မဟုတ်ပါလော။

သူတို့၏ အမြင်တွင် ပိုင်ဟောက်သည် ပင်မသွေးမျိုးဆက်အဖွဲ့ဝင်တစ်ယောက်ဖြစ်နေသဖြင့် သူ့ကို သစ္စာဖောက်တစ်ယောက်ဟု သတ်မှတ်လိုက်ကြတော့သည်။

အမွှေးတိုင်တစ်ဝက် လောင်ကျွမ်းစာအချိန် ကြာပြီးသွားသောအခါ သူသည် အရောင်တောက်နေသည့်မျက်လုံးများဖြင့် မော့ကြည့်လိုက်သည်။ တရားစီရင်ရေးရာ ခန်းမမှ မဟာအကြီးအကဲကြီးကို မျက်နှာမူကာ သူကလက်ယှက်၍ ဦးညွှတ်လိုက်သည်။

ထိုအခါ မဟာအကြီးအကဲကြီး၏ အမူအရာမှာ ဝင်းလက်သွားပြီး စိတ်ရှည်ရှည်ဖြင့်ထိုင်ကာ သူပြောမည့်စကားများကိုစောင့်ဆိုင်းနေတော့သည်။ အခြားမျိုးနွယ်စုအကြီးအကဲများ၏မျက်နှာများထက်မှာလည်း တည်ကြည်သောအမူအရာများ အထင်းသားပေါ်နေကြတော့သည်။

" မဟာအကြီးအကဲကြီးရဲ့အဖြေကို ဖြေဆိုခွင့်ပေးပါ။ အဆင့်သုံးဆယ်အထိ စိတ်စွမ်းအင်အဆင့်မြှင့်ခြင်းနဲ့ပတ်သတ်တဲ့ ကျွန်တော့်ရဲ့ယူဆချက်တွေက စိတ်ကူးသက်သက်ပါပဲ။ တကယ်က ကျွန်တော်က ညီအစ်ကို မောင်နှမတွေမရှိ၊ မိတ်ဆွေလည်းမရှိတဲ့ အထီးကျန်လူတစ်ယောက်ပါ။ ကျွန်တော်က အမြဲလိုလို ထိုင်ပြီး ကျွန်တော့်ဘေးပတ်ပတ်လည်က ကမ္ဘာကြီးအကြောင်းကို စိတ်ကူးယဥ်တွေးတောနေတတ်ပါတယ်။ အထီးကျန်လာတိုင်း ကျွန်တော်တစ်ယောက်သာ ဒီကမ္ဘာမှာ အသက်ရှင်ကျန်ရစ်တယ်ဆိုပြီး စိတ်ကူးယဥ်နေကြပါ "

" အဲဒီလိုမျိုး အထီးကျန်ဆန်ရတဲ့ ခံစားချက်တွေကြောင့် ကျွန်တော်က တောင်ပံတွေလိုချင်လာပြီး အဝေးကြီးကို ပျံသန်းသွားချင်တဲ့အထိပါပဲ "

သူက ပြောရင်းပြောရင်း သူ၏ငယ်ဘဝ၏အမှတ်တရများထဲတွင် နစ်မျောနေသည့်အလား သူ၏စကားသံများမှာ ပို၍တုန်ယင်အက်ကွဲလာတော့သည်။

မျိုးနွယ်စုဝင်အများစုက ပိုင်ဟောက်၏ အခြေအနေကို သိကြသည်။ ထို့ကြောင့် သူ၏စကားများကိုကြားလိုက်ရသောအခါ သူတို့မှာ အထီးကျန်နေသည့် ကောင်လေးတစ်ယောက်က ထိုင်၍ကောင်းကင်ကြီးကိုမော့ကြည့်ကာ ကမ္ဘာကြီးအကြောင်းကို စိတ်ကူးယဥ်တွေးတောနေသည့် မြင်ကွင်းကြီးကို အလွယ်တကူပင် ပုံဖော်နိုင်လိုက်ကြသည်။

မျိုးနွယ်စုအကြီးအကဲအများစုမှာ စိတ်နှလုံးလှုပ်ရှားသွားကြသည်။ မမလေးငါးမှာမူ မည်သည့်အကြောင်းကြောင့်မှန်းမသိပဲ ရုတ်တရက် သနားဂရုဏာသက်ဝင်နေမိတော့သည်။

ထိုသို့သော အမူအရာများကြောင့် ပိုင်ရှောင်ချန်းက ကျေနပ်သွားသည်။ သူစောစောက အချိန်ပေးကာ တွေးတောလိုက်သည့် အတောအတွင်း ရှိသမျှလူတိုင်းကို အံ့အားသင့်သွားစေနိုင်မည့် အဖြေတစ်ခုကို သေသေချာချာ စဥ်းစားမိခဲ့သည်။

ပိုင်ရှောင်ချန်းမှာ သူ့ကိုယ်သူ လူအများကို ကြွားဝါကာ အထင်ကြီးအောင်လုပ်တတ်သည့် လူစားမျိုးမဟုတ်ဟု ယူဆထားပါသော်လည်း လူများကို စိတ်ထိခိုက်သွားရေအာင် လုပ်နိုင်စွမ်းရှိသည်ဟု ယုံကြည်ထားသည်။ သူက စကားဆက်ပြောနေရင်း သူ၏စကားသံမှာ သူ၏ကလေးဘဝကို မြစ်ဖျားခံကာ အချိန်ဆိုသည့် ရေစီးကြောင်းကြီးကိုဖြတ်၍ ပစ္စုပ္ပန်ဆီသို့ ရောက်ရှိလာသည့်အလား လေထုထဲတွင်ပျံဝဲနေတော့သည်။

" ကျွန်တော်က ကမ္ဘာကြီးဘယ်လိုပုံစံရှိသလဲဆိုပြီးတော့ အမြဲလိုလို တွေးဆနေတတ်တယ်ဗျ။ ပြီးတော့ ကျွန်တော်တို့က ဘယ်လိုနည်းနဲ့များ ဒီကမ္ဘာထဲ ရောက်လာတာလဲဆိုတာကိုရောပေါ့။ ဝိညာဥ်တွေဘာလို့ရှိနေရတာလဲ။ ရောင်စုံခြယ် မီးတောက်တွေကရော ဘာလို့ရှိနေရတာလဲ။ စိတ်စွမ်းအင်အဆင့်မြှင့်ခြင်းဆိုတာကရော ဘာလို့ရှိနေရတာလဲ ဆိုပြီးတော့လည်း တွေးနေမိတာပါပဲ "

" ဒီကမ္ဘာကြီးထဲမှာ တန်ခိုးရှင်တွေ တကယ်ရောရှိရဲ့လားဆိုပြီးတော့လည်း မေးခွန်းတွေထုတ်ခဲ့တာပဲ။ ပြီးတော့ လူတွေက ကျင့်ကြံခြင်းကို ဘယ်လိုနည်းနဲ့ စတင်လေ့ကျင့်ခဲ့တာလဲဆိုတဲ့ မေးခွန်းရောပဲ "

" ကျွန်တော်တို့ အထက်မှာရှိတဲ့ ကျယ်ပြောလှတဲ့ ကောင်းကင်ကြီးအကြောင်းကိုလည်း တွေးမိသေးတာပဲ။ အဲဒီအလွန်မှာ အခြားအရာတွေများရှိနေမလား။ နောက်ထပ်ကမ္ဘာတစ်ခုထပ်ရှိနေမလား။ ရှိခဲ့ရင်ရော ဘယ်လိုပုံစံရှိနေမလဲ။ အဲဒီလိုမေးခွန်းတွေကို တစ်ယောက်ထဲထုတ်နေတတ်တယ် "

သူက ရေရွတ်နေရုံမျှသာ ပြောနေသည်ဖြစ်သော်လည်း လူတိုင်းမှာ သူ၏စကားများကို ကြည်လင်ပြတ်သားစွာကြားနေနိုင်သည်။ ထိုနေရာတစ်ဝိုက်လုံးမှာ လုံးဝတိတ်ဆိတ်ငြိမ်သက်နေကြပြီး လူတိုင်းမှာ သူ၏စကားများထဲတွင် နစ်မျောနေကြတော့သည်။

မျိုးနွယ်စုအကြီးအကဲများမှာလည်း အသက်ပင်ပြင်းပြင်းမရှူရဲပဲ ယခင်က သူတို့မှာ ပိုင်ဟောက်ကို အကဲခတ်မှားခဲ့ကြောင်း သိသွားတော့သည်။

တရားစီရင်ရေးရာ ခန်းမမှ မဟာအကြီးအကဲဆိုလျှင် သူတို့ထက်ပင် ပို၍ဆိုးသည်။ ပိုင်ဟောက်၏ ငယ်ဘဝပုံစံများအကြောင်းကိုတွေးတောရင်း သူ၏အမူအရာများမှာ တစ်မျိုးြပီးတစ်မျိုး ပြောင်းလဲနေတော့သည်။ သူယခုပြောနေသည် စကားများကြောင့် သူဖော်ပြလိုသည့်ပုံရိပ်ကြီးကို မဟာအကြီးအကဲကြီးက မြင်လာနိုင်နေပြီဖြစ်သည်။

" ကျွန်တော်တို့ကမ္ဘာကြီးရဲ့ အလွန်မှာ လူတွေရှိသလား။ ရှိခဲ့ရင်ရော သူတို့ရဲ့အမြင်မှာ ကျွန်တော်တို့က ဘယ်လိုပုံစံဖြစ်နေမလဲ "

ပိုင်ရှောင်ချန်းမှာ စကားဆက်ပြောရင်း လေဟာနယ်ကြီးထဲသို့ သိမ်မွေ့သောအကြည့်များဖြင့် ကြည့်နေတော့သည်။

" ကျွန်တော်တို့နေထိုင်နေတဲ့ ဒီကမ္ဘာကြီးက စွမ်းအားကြီး သက်ရှိတစ်ယောက်ယောက်က တစ်စုံတစ်ခုကို အဆင့်သုံးဆယ်အထိ စိတ်စွမ်းအင်အဆင့်မြှင့်တင်လိုက်လို့ ကမ္ဘာကြီးတစ်ခုအဖြစ် ပြောင်းလဲသွားရတာဆိုရင်ရော "

ထိုစကားသံများ ပဲ့တင်ထပ်သွားသောအခါ လူအုပ်ကြီးထဲမှ ပင့်သက်ရှိုက်သံများပင် ထွက်လာတော့သည်။

" ကျွန်တော်တို့တွေ စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းကို ဘယ်လိုစသိခဲ့သလဲဆိုတာ ဘယ်သူရှင်းပြနိုင်လဲ။ စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းတွေ ပြုလုပ်တဲ့ အလေ့အကျင့်တွေကရော ဘယ်နေရာကဆင်းသက်ခဲ့သလဲဆိုတာကို ဘယ်သူသိလဲ "

ထို့နောက် သူကကဗျာဆန်ဆန် တစ်ခဏမျှရပ်တန်လိုက်ပြီး နိဂုံးချုပ်လိုက်တော့သည်။ " ကျွန်တော့်ရဲ့ ရှင်းပြချက်ကတော့ ဒီလောက်ပါပဲ "

သူက မဟာအကြီးအကဲဘက်သို့လှည့်ကာ နောက်ထပ်တစ်ကြိမ် လက်ယှက်လိုက်ပြီး ဆိတ်ငြိမ်စွာ ရပ်နေတော့သည်။ စိတ်ထဲတွင်မူ သူကကြိတ်၍ ကျေနပ်နေတော့သည်။ သူပြောခဲ့သည့်စကားလုံးများ၏ အဓိပ္ပါယ်ကို သူကိုယ်တိုင်ပင် ကောင်းကောင်းမသိပေ။ စောစောက ရခဲ့သည့်အချိန်ကလေးထဲတွင် သူက လျှို့ဝှက်ဆန်းကြယ်ကာ အဓိပ္ပါယ်နက်နဲသည့် အရာများကိုပြောနိုင်ရန် စဥ်းစားတွေးတောနေခဲ့ရသည်။

သူပြောခဲ့သည့် စကားများကို သူကိုယ်တိုင်ပင် နားမလည်သော်လည်း လူတိုင်းကို အံ့အားသင့်သွားစေနိုင်မည်ဟု သူကယုံကြည်ထားသည်။ သူ၏စကားများမှာ ပို၍ လျှို့ဝှက်ကာ နားလည်ရခက်လေလေ ပို၍ အဓိပ္ပါယ်နက်နဲသော တာအိုသဘောတရားများ ပါဝင်နေသည်ဟု ထင်ရလေလေဖြစ်သည်။ ယခုတွင်မူ သူသည် အပြင်ပန်းတွင် တည်ငြိမ်နေသည့်ပုံစံပေါ်နေပါသော်လည်း အမှန်တကယ်တွင်မူ ခိုးကြောင်းခိုးဝှက်ဖြင့် ဘေးဘီဝဲယာကိုအကဲခတ်ကာ အပေါင်းလက္ခဏာဆောင်သော တုံ့ပြန်မှုများပြန်ရရန် ဆုတောင်းနေမိသည်။

ထိုအချိန်တွင် အရာရာတိုင်းမှာ တိတ်ဆိတ်ငြိမ်သက်နေသည်။ လူတိုင်းမှာ သူ့ကိုအသက်မပါသည့် မျက်ဝန်းများဖြင့်ကြည့်နေကြပြီး မဟာအကြီးကဲဆိုလျှင် သူ၏နှလုံးသားများမှာ အံ့အားသင့်မှုများကြောင့် တဆတ်ဆတ် တုန်ရီနေပြီဖြစ်သည်။

ပိုင်ရှောင်ချန်းမှာ သူက အလွန်အံ့သြဖွယ်ကောင်းသည့်ပုံစံပေါက်နေမည်ဟု ယုံကြည်လိုက်သည်။ ထို့အပြင် သူပြောခဲ့သည့် ငှက်မွှေးမှာ ကမ္ဘာကြီးအသွင်သို့ပြောင်းလဲသွားသည်ဆိုသည့် ယူဆချက်၏ အဖြေကို သူတို့က နားလည်သွားသဖြင့် အတွေးများထဲတွင် နစ်မျောနေသည်ကို အတိုင်းသားမြင်နေရတော့သည်။

မည်သူမှ တစ်ခဏလေးနှင့် သတိပြန်မလည်လာကြချေ။ အသက်ရှူကြိမ်ဆယ်ကြိမ်လောက် ပြီးသောအခါမှသာ လူများမှာ ပင့်သက်များရှိုက်ကာ မှတ်ချက်အမျိုးမျိုးကို တအံ့တသြပေးနေကြတော့သည်။

" ငါတို့ကမ္ဘာကြီးရဲ့အလွန်မှာ အခြားကမ္ဘာတစ်ခုရှိတယ်။ဟုတ်လား "

" စွမ်းအားကြီးသက်ရှိတစ်ယောက်ယောက် က အဆင့်သုံးဆယ်အထိ စိတ်စွမ်းအင်အဆင့်မြှင့်တင်ထားတဲ့ မှော်ပစ္စည်း တစ်ခုခုထဲမှာ ငါတို့ တကယ်ကြီးနေရတာဆိုရင်ရော "

" ဘုရားရေ။ ပထမမျိုးဆက်ဗဟိုဧကရာဇ်က ကောင်းကင်နဲ့ကမ္ဘာမြေကြီးကိုဖန်ဆင်းခဲ့ပြီး သူ့လူတွေကို ကာကွယ်ပေးရင်း တိုက်ပွဲမှာကျသွားရတယ်ဆိုတဲ့ဒဏ္ဍာရီ ရှိတယ်မလား "

မမလေးငါးနှင့် ပိုင်လဲ့တို့မှာ အလွန်အမင်းတုန်ရီနေကြပြီဖြစ်သည်။ ပိုင်ရှောင်ချန်းပြောလိုက်သည့် စကားများကို သူတို့ကပို၍တွေးတောလေလေ ထိုစကားများမှာ ပို၍လျှို့ဝှက်နက်နဲလာလေလေ ဖြစ်သည်။

တအံ့တသြ အော်ဟစ်သံများကို ကြားလိုက်ရသည့်အခါမှသာ ပိုင်ရှောင်ချန်းက စိတ်အေးသွားတော့သည်။ လူတိုင်းကိုအံ့အားသင့်အောင် လုပ်လိုသည့် သူ၏ရည်ရွယ်ချက်များ အထမြောက်သွားပြီဖြစ်သည်။ မျိုးနွယ်စုအကြီးအကဲများက သူ့ကို တောက်ပနေသည့် မျက်ဝန်းများနှင့် ကြည့်နေကြသဖြင့် သူက ကျေနပ်နေတော့သည်။ တရားစီရင်ရေးရာ ခန်းမမှ မဟာအကြီးအကဲကမူ မတ်တတ်ထရပ်ကာ ခေါင်းကိုနောက်ပစ်၍ အသံကုန်ရယ်မောလိုက်တော့သည်။

" ကောင်းတယ်။ သိပ်ကောင်းတယ်ဟေ့။ သိပ်ကောင်းသကွ "

ပုံမှန်ဆိုလျှင် မဟာအကြီးအကဲမှာ လူများကို အသိအမှတ်ပြုရာတွင် ခေါင်းငြိမ့်ပြရုံလောက်သာလုပ်တတ်သည့် မှုန်သုန်သုန် လူတစ်ယောက်ဖြစ်သည်။ ပိုင်ချီကိုပင် ' ကောင်းတယ် ' ဟု တစ်ကြိမ်ထဲပြောခဲ့သူ မဟုတ်ပါလော။

သို့သော်ယခုတွင်မူ သူသည် သုံးကြိမ်တိတိ ဆိုခဲ့သည်။ ထို့အပြင် သူ၏မျက်နှာပေါ်ရှိ စိတ်လှုပ်ရှားနေပုံကိုကြည့်၍ ပိုင်ဟောက်ကို မည်မျှထောက်ခံနေကြောင်း မြင်နိုင်သည်။ ပိုင်ချီကမူ ထိုအရာများကိုမြင်လိုက်ရသောအခါ နှလုံးသားတည့်တည့်ကို ဓားဖြင့်အထိုးခံလိုက်ရသည့်လား ခံစားလိုက်ရသည်။ သူ၏မျက်ဝန်းများမှာ ချက်ချင်းပင် နီမြန်းသွားပြီး လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်တော့သည်။

ထို့နောက် သူက သတ်ဖြတ်လိုသောစိတ်များ ထကြွလာပြီးအတွေးထဲတွင် ကြိမ်းဝါးလိုက်တော့သည်။

" ဘိုးဘွားပိုင်နယ်မြေထဲက နတ်ဝိညာဥ်ကိုယူပြီးရင် မင်းကိုသေချာပေါက်သတ်မယ် "

မျိုးနွယ်စုခေါင်းဆောင်မှာမူ ခံစားချက်ပေါင်းစုံရောယှက်နေသည့် အကြည့်ဖြင့်ပိုင်ရှောင်ချန်းကို ကြည့်လိုက်သည်။ သို့သော် ထိုအကြည့်မှာ တစ်ခဏမျှသာခံလိုက်ပြီး သူက သူ၏စိတ်နှလုံးထဲမှ ခံစားချက်များအားလုံးကို ဖယ်ရှားကာ ရေခဲတမျှ အေးစက်နေသည့်ခံစားချက်များကိုသာ အစားထိုးလိုက်တော့သည်။

" မင်းက မျိုးမစစ်တစ်ယောက်ဖြစ်နေတဲ့ အချက်ကိုပဲ အပြစ်တင်လိုက်တော့ " သူကစိတ်ထဲတွင် ရေရွတ်လိုက်သည်။

" မင်းအမေကလည်း အလကားလူ။ အဲဒီေတာ့ မင်းလည်း အလကားလူပဲဖြစ်မှာ။ မင်းက မနာခံပဲ ပြန်အာခံချင်တယ်ပေါ့။ အေး အဲဒီတော့လဲ မင်းအမေလျှောက်ခဲ့တဲ့ သေခြင်းတရားဆိုတဲ့ လမ်းကိုပဲ မင်းပြန်လျှောက်လိုက်ပေါ့ကွာ "

All Chapters