← Chapters

ဘိုးဘွားပိုင်နယ်မြေဖွင့်ခြင်း

Vol. 6 Ch. 599

ဘိုးဘွားပိုင်နယ်မြေဖွင့်ခြင်း

Vol. 6 Ch. 599

" ငါ ဒီနေ့ကြားခဲ့ရသမျှ အဖြေတွေအားလုံးထဲမှာ မင်းအဖြေက ခွဲခြမ်းစိတ်ဖြာပြီး ဆုံးဖြတ်ဖို့ အခက်ခဲဆုံးပဲ။ ပြီးတော့ ငါ ကျေနပ်စရာအကောင်းဆုံးလို့ သတ်မှတ်တဲ့ အဖြေဆိုလဲ ဟုတ်တယ်"

"ကောင်းတယ် ပိုင်ဟောက်ရေ၊ သိပ်ကိုကောင်းတယ်" မဟာအကြီးအကဲ၏ ပါးစပ်မှ ထွက်လာသည့် ဝမ်းမြောက်ကြည်နူးနေသော ရယ်သံအရ ပိုင်ဟောက်ကို သူမည်မျှသဘောကျနေကြောင်း လူတိုင်း သိနိုင်ပေသည်။

ယခုအချိန်က စ၍ ပိုင်ဟောက်၏ ရပ်တည်မှုသည် ယခင်နှင့် အတော်များများ ကွဲပြားသွားလေပြီ။ ပိုင်ချီမှာ အံသာကြိတ်နေနိုင်ပြီး မျိုးနွယ်စုအကြီးအကဲ၏အမူအရာမှာ ပိုမို တင်းမာလာတော့သည်။ မျိုးနွယ်ဝင်များအားလုံး၏ ရင်ထဲတွင် အတွေးပေါင်းစုံဖြစ်ပေါ်လာစဥ် မဟာအကြီးအကဲက သူ၏ အင်္ကျီလက်စကို ခါလိုက်ကာ ပြော၏။

" ပိုင်ဟောက်၊ ငါ့မှာ တရားဝင်နေအိမ်တစ်လုံးရှိတယ်။ အောက်လမ်းပညာရပ်တွေ လေ့ကျင့်ဖို့ အကောင်းဆုံးနေရာတော့ မဟုတ်ပေမယ့် တော်တော်လေးတော့ ကျေနပ်စရာကောင်းတယ်။ ဒီတော့ မင်းကျင့်ကြံရင် သုံးဖို့ မင်းကို အဲဒီအိမ် အမွေပေးမယ်ကွာ။ မင်း အမြုတေအဆင့် မြန်မြန်ရောက်ဖို့ မျှော်လင့်တယ်"

အမှန်တွင် မဟာအကြီးအကဲသည် ပိုင်ဟောက်က အမြုတေအဆင့်မရောက်သေးသည့်အတွက် အတန်ငယ်စိတ်ပျက်နေသည်။ သူသာ အမြုတေအဆင့်ဆိုလျှင် အစောပိုင်းအဆင့်ဆိုသည့်တိုင် မျိုးနွယ်စုခေါင်းဆောင်က မည်မျှကန့်ကွက်စေကာမူ သူ၏ စောင့်ရှောက်မှုအောက်တွင် တရားဝင်ခေါ်ထားနိုင်သည်။

ကံဆိုးစွာပင် ပိုင်ဟောက်၏ ကျင့်ကြံခြင်းအခြေခံမှာ အစောပိုင်း အခြေခိုင်မာခြင်းအဆင့်၌သာရှိသေးလေရာ အလွန်အားနည်းလွန်းသေးသည်။ ထို့ကြောင့် သူ့ကို တရားဝင်နေအိမ်တစ်လုံးလက်ဆောင်ပေးခြင်းအားဖြင့် ပိုင်ဟောက်အပေါ် သူ၏သဘောထားကို ပြသနိုင်သည် သာမက ပိုင်ဟောက်အနေဖြင့် မျိုးနွယ်စုခေါင်းဆောင်၏ သဘောထားကို အကဲခတ်နိုင်ရာတွင်လည်း ကူညီပေးနိုင်မည်ဖြစ်သည်။

ပိုင်ရှောင်ချန်းက မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်ပြီးနောက် တွေးနေရင်း မော့ကြည့်လိုက်သည်။ သူစဥ်းစားရသရွေ့ တရားဝင်အိမ်တစ်လုံးသည် သူ့အတွက် မည်သို့မျှအကျိုးထူးမည်မဟုတ်ဘဲ အမှန်ဆိုရလျှင် အမုန်းဝိညာဥ်တချို့ကို ထိုအစားအလဲအလှယ်အနေဖြင့်သာ တောင်းရန်ပင် တွေးနေမိတော့သည်။ သို့သော် ထိုအချိန်တွင် မျိုးနွယ်စုခေါင်းဆောင်က ရေခဲတမျှအေးစက်သောအသံဖြင့် စကားပြောလိုက်သည်။

" ဒါက အခွင့်အရေးယူသလိုဖြစ်သွားပါလိမ့်မယ် မဟာအကြီးအကဲ။ ကျုပ်ရဲ့ ဒီသားကို ကျုပ်ဘာသာ ပေးလိုက်ပါ့မယ်"

သူက သံချောင်းများကို ဖျက်စီး၍ သံမဏိကို ဖြတ်တောက်နိုင်သော တိကျပြတ်သားမှုဖြင့် ပြောလိုက်ပြီး သူ့အသံတွင် မကျေနပ်မှု၊ ဒေါသများပြည့်နေရာ မဟာအကြီးအကဲကို တိတ်ဆိတ်သွားစေတော့သည်။ သိသာစွာပင် ဤမျှသာ သူပြောနိုင်လေသည်။

ပိုင်ရှောင်ချန်းက လက်ယှက်ပြီး ပြော၏။

" ကျေးဇူးအများကြီးတင်ပါတယ် မဟာအကြီးအကဲ " ထို့နောက် သူက မျိုးနွယ်စုခေါင်းဆောင်ကို တစ်ချက်ကြည့်လိုက်သည်။

" ပိုင်ဟောက် လမ်းမှာ တစ်ခုခုဖြစ်သွားမှာစိုးလို့ လက်မခံနိုင်ဘူးပေါ့လေ ဟမ် "

သူက အေးစက်စက်ရယ်ရင်း တွေးလိုက်သည်။

"ကဲပါလေ ငါလဲ တရားဝင်နေအိမ်မှ မလိုချင်တာ။ ငါလိုချင်တာက နတ်ဝိညာဥ်။ မနက်ဖြန် ဘိုးဘွားပိုင်နယ်မြေဖွင့်ရင် ခင်ဗျားရဲ့မျက်စိအောက်မှာတင် ကျုပ် ခင်ဗျားတို့မျိုးနွယ်စုရဲ့ နတ်ဝိညာဥ်ယူသွားတာကို ထိုင်သာကြည့်နေပေါ့ဗျာ"

" အခမ်းအနား ပြီးပြီ"

မျိုးနွယ်စုခေါင်းဆောင်က ကျယ်လောင်စွာ ပြောလိုက်သည်။ သူပြောနိုင်သည်မှာ ဤဘိုးဘေးပူဇော်ပွဲ အခမ်းအနားသည် သူ့အတွက် ခြင်တစ်ကောင်ကို မျိုချမိသည့်အလား ခံစားသွားစေတော့သည်။ သူက အင်္ကျီလက်စကို ခါရင်း အလင်းတန်းအသွင်ပြောင်းကာ အဝေးသို့ ထွက်သွားလေသည်။

တရားစီရင်ရေးရာခန်းမမှ မဟာအကြီးအကဲသည် သူထွက်သွားသည်ကို ကြည့်ပြီးနောက် စိတ်ထဲတွင် သက်ပြင်းချလိုက်သည်။ မျိုးနွယ်စုတွင် ပိုင်ဟောက်သည် အန္တရာယ်များသောနေရာတွင်ရှိနေရာ အလွန်နှမြောဖွယ်ကောင်းပေသည်။ သူက ပိုင်ဟောက်ကိုလှမ်းကြည့်ကာ အားပေးနှစ်သိမ့်သောအကြည့်နှင့် ခေါင်းညိတ်ပြလိုက်သည်။

" မင်းအဖေမှာ တခြားအစီအစဥ်တွေရှိတယ်ဆိုတော့ ပိုင်ဟောက်ရေ ငါဝင်မစွက်ဖက်တော့ဘူး။ ဒါပေမဲ့ ကျင့်ကြံခြင်းနဲ့ ပတ်သက်ပြီး ဘာမေးခွန်းတွေပဲ ရှိရှိ အကြံတောင်းဖို့ ငါ့ဆီကို အချိန်မရွေးလာလို့ရတယ်နော်"

ထို့နောက် တခြား မျိုးနွယ်စုအကြီးအကဲများနည်းတူ မဟာအကြီးအကဲထွက်ခွာသွား၏။ ပိုင်ရှောင်ချန်းသည်လည်း သူတို့ထွက်ခွာသွားသည်ကို ကြည့်နေလိုက်သည်။ ထိုနည်းအားဖြင့် တရားစီရင်ရေးရာခန်းမမှ မဟာအကြီးအကဲသည် မျိုးနွယ်စုထဲတွင် သူအမှန်တကယ်သဘောကျသည့် လူအများအနက်မှ တစ်ယောက်ဖြစ်သွားလေသည်။

" ပိုင်ဟောက်က မျိုးမစစ်သားဖြစ်ပြီး သူ့ကို မျိုးနွယ်စုခေါင်းဆောင်မကြိုက်တာကို သူသိတယ်။ ဒါပေမဲ့ သူရဲ့ စိတ်ကောင်းစေတနာကို ဖော်ပြသေးတယ်။ သူက ပိုင်ဟောက်ကို သိသိသာသာ ကာကွယ်ပေးနေတာပါလား။ အင်း ဒီလိုသာဆိုရင် ဒီအကြောင်းကို ပိုင်ဟောက်နဲ့တွေ့ခဲ့ရင် ငါပြောပြသင့်တယ်"

ယခုတွင် အခမ်းအနားပြီးဆုံးသွား၍ ပိုင်ရှောင်ချန်းထွက်ခွာသွားသည်။ သူ၏ အခမ်းအနားတက်ရောက်ခြင်းသည် လူတိုင်း၏ လျစ်လျူရှုခြင်းခံခဲ့သော်လည်း အပြန်တွင် လုံးဝဆန့်ကျင်ဘက်ပင်။ ဤအချိန်တွင် လူတိုင်းက သူ့ကို အာရုံစိုက်နေကြ၏။ သို့သော် ပိုင်ရှောင်ချန်း ဂရုမစိုက်ပေ။

ပိုင်မျိုးနွယ်စုတွင် ဤဖိအားအားလုံးကို သည်းခံရင်ဆိုင်နေရသော သူ၏အချိန်များ ကုန်ဆုံးပေတော့မည်။

" မနက်ဖြန်က အကုန်လုံးရှင်းလင်းသွားမယ့် အချိန်ပဲ" ထို့နောက် သူက ညနေခင်းမိုးကောင်းကင်အောက်တွင် မြောက်ပိုင်းဒေသဆီသို့ ပျံသန်းသွားလိုက်သည်။

ပိုင်မျိုးနွယ်စုရှိ လူတစ်ယောက်မှ ထိုညတွင် နှစ်ခြိုက်စွာ အိမ်မပျော်ကြပေ။ ပိုင်ဟောက်၏ ရုတ်တရက် ထင်ပေါ်ကျော်ကြားလာမှုက သူတို့အားလုံးကို လုံးဝတုန်လှုပ်သွားစေလေသည်။ ပိုင်ချီ၏ အမျက်ဒေါသ၊ သခင်မချိုင်၏ စိတ်ဆိုးမာန်ဆိုးအော်သံများ၊ မျိုးနွယ်စုခေါင်းဆောင်၏ တင်းမာနေသော တိတ်ဆိတ်ခြင်း။ ထိုသည်တို့မှာ မျိုးနွယ်စုဝင်များအားလုံး၏ နှလုံးသားပေါ်တွင် ထာဝရတံဆိပ်နှိပ်လိုက်သည် ပုံရိပ်များပင် ဖြစ်တော့သည်။

ထို့အပြင် မနက်တွင် မျိုးနွယ်စု၏ ဘိုးဘွားပိုင်နယ်မြေဖွင့်မည်ဖြစ်သည်။ ဘိုးဘွားပိုင်နယ်မြေသို့ ဝင်မည့်လူများအတွက် ပြင်ဆင်ရန် တစ်ညရှိသေးသည်။ ပြိုင်ပွဲကို မဝင်ချင်သော မမလေးငါးသည်ပင် အားအင်အပြည့်ဖြစ်နေရန် တရားထိုင်နေ၏။ နတ်ဝိညာဥ်အပြင် အခြားသော ဆုများလည်း ရနိုင်လေရာ အချိုက သူမအတွက် အသုံးဝင်နိုင်မည် မဟုတ်ပါလော။

သိသာစွာပင် ပိုင်လဲ့က နတ်ဝိညာဥ်အတွက် ရည်ရွယ်ထားလေသည်။ ပိုင်ချီက သူ့အတွက် တိုက်ရိုက်ပြိုင်ဘက်ဖြစ်ပြီး သူအောင်မြင်မည့်ပုံမပေါ်သော်လည်း ကြိုးစားချင်သေးသည်။

ထို့နောက် ပိုင်ချီ။ သူက သူ့ရင်ထဲတွင်တိုးပွားလာသည့် ဒေါသများအားလုံးကို ဘိုးဘွားပိုင်နယ်မြေထဲတွင် ပိုင်ဟောက်ကို သတ်ခြင်းဖြင့် ချေဖျက်ရန် စီစဥ်ထားလေသည်။ သူက တိုက်ခိုက်ရန်အတွက် အကောင်းဆုံးအခြေအနေရောက်ရန် အသက်ရှူလေ့ကျင့်ခန်းလုပ်ရင်း တစ်ညလုံး ကုန်ဆုံးလိုက်လေသည်။

"ဘိုးဘွားပိုင်နယ်မြေက မင်းရဲ့သင်္ချိုင်းကုန်းဖြစ်တော့မှာပဲ။ မင်းပြိုင်ပွဲမဝင်ရဖို့ တောင်းပန်ရင်တောင်မှ မင်းရွေးစရာမရှိအောင် ငါလုပ်မယ်။ လိုအပ်ရင် ငါကိုယ်တိုင် မင်းကို အထဲ ဆွဲခေါ်မယ်ကွာ"

ပိုင်မျိုးနွယ်စုရှိ အခြားလူများ သူတို့၏ နောက်ဆုံးပြင်ဆင်မှုများ ဆောင်ရွက်နေစဥ် ပိုင်ရှောင်ချန်းသည် ညအမှောင်ထုနှင့် မျက်နှာဖုံး၏စွမ်းအားများကို အခွင့်ကောင်းယူ၍ မျိုးနွယ်စုမှ သတိပြုခြင်းမခံရဘဲ ခိုးထွက်ကာ နေရာအနှံ့အပြားတွင် လူသတ်ဝိညာဥ်ဆူးချွန်များစိုက်လိုက်လေသည်။

အချိန်အတော်ကြာကတည်းက မျိုးနွယ်စုကို သူ စနည်းနာနေခဲ့ပြီး ဖျက်စီးရန်အသင့်တော်ဆုံးနေရာများကို ရွေးချယ်ထားလေသည်။ ယခုတွင် ဘိုးဘွားပိုင်နယ်မြေမဖွင့်ခင် နောက်ဆုံးည၌ သူ၏အစီအစဥ်ကို အကောင်အထည် ဖော်တော့သည်။

အမှန်တွင် သူလုပ်ရသည့်အရာအားလုံးမှာ လူသတ်ဝိညာဥ်ဆူးချွန်များကို နေရာတကျထားရန် ဖြစ်သည်။ သူ၏အစီအစဥ်မှာ အချိန်ကောင်းကို စောင့်ပြီးနောက် သူတို့အားလုံးကို တစ်ဆက်တည်းဖောက်ခွဲကာ ပိုင်မျိုးနွယ်စု၏ အကာအကွယ်မန္တန်အစီအရင်ကို တုန်ခါသွားစေရန်ဖြစ်သည်။

ညသည် ဖြစ်ရိုးဖြစ်စဥ်အတိုင်း ကုန်ဆုံးသွား၏။

နောက်ဆုံးတွင် ညဥ့်နက်လာပြီး မိုးသောက်ချိန် ကျရောက်ပေတော့မည်။ ထိုအချိန်တွင် ပိုင်ရှောင်ချန်း၏ မျက်လုံးများ ဖျတ်ခနဲပွင့်လာပြီး စူးရှချွန်ထက်သောဓားသွားများအလား တလက်လက် တောက်ပနေကာ သူ၏တဲအိမ်ကို လှည့်ပတ်ကြည့်လိုက်သည်။

သူသည် ပိုင်မျိုးနွယ်စုသို့ရောက်သည်မှာ မကြာသေးသော်လည်း သူကြုံတွေ့ခဲ့ရသည်များအရ ပိုင်ဟောက်၏ဘဝက မည်သည်နှင့်တူခဲ့မည်ကို သူအလွန်ရှင်းလင်းပြတ်သားစွာ နားလည်လာခဲ့သည်။

" မင်းရဲ့ ဝိညာဥ်သာ ဒီမှာရှိနေခဲ့ရင် "

သူက ရေရွတ်လိုက်သည်။

" မင်းသေကတည်းက ဖြစ်လာသမျှအရာအားလုံးကို သိနေမယ်လို့ မျှော်လင့်ပါတယ်။ ဒီလူတွေ သေပါစေလို့ မင်းဆုတောင်းရင် ဆုတောင်းနေမှာပေါ့။ အင်း မင်းဆရာက တိုက်တာတွေ၊ လူသတ်တာတွေမှာ မပါတတ်ပေမယ့်လဲ ဒီတစ်ခါတော့ ငါလုပ်ချင်နေတယ်ကွာ။ ပြီးတော့ ငါမင်းအတွက် လုပ်ပေးမှာပါ"

မကြာမီ မျိုးနွယ်စုထဲတွင် ခေါင်းလောင်းသံများ ပေါ်ထွက်လာရာ ဘိုးဘွားပိုင်နယ်မြေဖွင့်တော့မည်ဟု ညွှန်ပြနေလေသည်။

ခေါင်းလောင်းသံ ကိုးခါမြည်လာစဥ်တွင် မရေမတွက်နိုင်သော မျိုးနွယ်စုဝင်များသည် လေပေါ်ပျံသန်းလာကြကာ အလယ်ပိုင်းဒေသ၏ ဘိုးဘွားများအထွတ်အမြတ်ဗိမ္မာန်အပြင်ရှိ ကျောက်တံခါးကြီးထံ ဦးတည်နေကြသည်။

ပိုင်ရှောင်ချန်းလည်း သူတို့နှင့် အတူသွားကာ မကြာမီ ကျောက်ဂိတ်တံခါးကြီးနားတွင် ရပ်နေတော့သည်။ သူပေါ်လာသည့် အခိုက်အတန့်တွင် မျက်လုံးပေါင်းများစွာ သူရှိရာဘက်သို့ ရောက်လာကြသည်။

" ပိုင်ဟောက် တကယ်ကြီးပေါ်လာတာ ယုံတောင် မယုံနိုင်ဘူး "

" မနေ့က ပိုင်ချီ သူ့ကို သေစေချင်နေတာ မမြင်ဘူးလားမသိဘူး။ ငါသာ သူဆိုရင် ဘိုးဘွားပိုင်နယ်မြေရဲ့ အခွင့်အရေးတွေကို လက်လျှော့လိုက်တော့မှာ "

" သူ့ကိုယ်သူယုံကြည်လွန်းနေတဲ့ မလောက်လေးစား မျိုးမစစ်ကောင် သေချင်နေပြီထင်တယ်"

"ဟမ့်၊ သူ အလျှော့ပေးချင်ရင်တောင်မှ အလျှော့မပေးနိုင်ဘူးပဲ"

“ ဘိုးဘွားများအထွတ်အမြတ်ဗိမ္မာန်ခန်းမ “ အပြင်ဘက်တွင် စုဝနေကြသူများ ရာချီရှိနေပြီး အများစုသည် အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူများဖြစ်ကာ ဒါဇင်မျှသာလျှင် အမြုတေအဆင့်ကျင့်ကြံသူများဖြစ်ကြသည်။ သူတို့အားလုံးသည် တစ်ယောက်နှင့်တစ်ယောက် တီးတိုးပြောဆိုနေကြ၏။

ပိုင်ချီသည်လည်း ရောက်နေပြီး ပိုင်ရှောင်ချန်းလာသည်ကို မြင်သောအခါ သူ့ခန္ဓာကိုယ်မှ သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်လာကာ အေးစက်သောမျက်လုံးများနှင့်လှမ်းကြည့်လိုက်လေသည်။

မမလေးငါးနှင့် ပိုင်လဲ့သည်လည်း လူအုပ်ကြားထဲရှိပြီး သူလာသောကြောင့် အံ့သြသွားပုံရလေသည်။

ပိုင်ရှောင်ချန်းက သူ့ပတ်ပတ်လည်ရှိ တီးတိုးသံများကို မကြားဟန်ဆောင်ကာ အလွန်တည်ငြိမ်အေးဆေးသော အသွင်ဖြင့် ကျောက်ဂိတ်တံခါးကြီးကို ကြည့်နေ၏။

အချိန်အနည်းငယ် ထပ်မံကုန်ဆုံးသွားပြီး နောက်ထပ်လူများ ထပ်ရောက်လာကြသော်လည်း အများစုမှာ ပြိုင်ပွဲဝင်ရန်မဟုတ်ဘဲ လာရောက်ကြည့်ရှုကြခြင်းဖြစ်သည်။ သူတို့က ပိုင်ရှောင်ချန်းကို မြင်သောအခါ စကားသံများ ပိုမို ဆူညံလာတော့သည်။

အခြားမျိုးနွယ်စုနှစ်စုမှ ကိုယ်စားပြုများနှင့် သရဲကြီးမြို့တော်မှ သံတမန်သည်လည်း ရောက်နေ၏။ နောက်ဆုံးတွင် တရားစီရင်ရေးရာ ခန်းမမှ မဟာအကြီးအကဲ ပေါ်လာပြီး ပိုင်ရှောင်ချန်းကို မြင်သောအခါ သူ၏မျက်လုံးများပြူးသွားပြီးနောက် သူမျက်နှာမည်းမှောင်သွား၏။

မဟာအကြီးအကဲ မည်သို့မျှမပြောနိုင်ခင် မျိုးနွယ်စုခေါင်းဆောင်က လေပေါ်ပျံတက်သွားပြီး ဂိတ်တံခါးထက်ရှိ လေထဲတွင် ရပ်လိုက်သည်။ ချက်ချင်းပင် ထိုနေရာရှိ ဆွေးနွေးငြင်းခုံသံများ ပျောက်ကွယ်သွား၏။

" အသုံးမကျတဲ့ကောင်စုတ် ပေါ်လာတယ်ပေါ့ "

သူက ပိုင်ရှောင်ချန်းကို ရက်စက်ကြမ်းကြုတ်စွာ ငုံ့ကြည့်ရင်းတွေးလိုက်သည်။ ဘိုးဘွားပိုင်နယ်မြေဖွင့်သည်အချိန်တိုင်း အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူများနှင့် အမြုတေအဆင့်ကျင့်ကြံသူများအားလုံး ဝင်ရလေသည်။ သို့သော်လည်း မပါဝင်ချင်သော မည်သူမဆိုသည် ဘိုးဘွားများအထွတ်အမြတ်ဗိမ္မာန်တွင် အလွယ်တကူ တင်ပြနိုင်ပြီး ဝင်ရောက်ရန် အတင်းအကြပ်တိုက်တွန်းခံရမည်မဟုတ်ပေ။

အမှန်တကယ်ဆိုရလျှင် ဘိုးဘွားပိုင်နယ်မြေထဲ ဝင်ရောက်ရခြင်းမှ လွတ်ကင်းရန် တောင်းဆိုချက်များတင်ပြရခြင်းသည် မျိုးနွယ်စုဝင်များအတွက် သာမန်သာဖြစ်သည်။ ထိုတောင်းဆိုချက်များအားလုံးနီးပါး အမြဲတစေ သဘောတူခံရလေသည်။ အမှန်တွင် မျိုးနွယ်စုခေါင်းဆောင်သည် ပိုင်ဟောက်က လွဲ၍ ထိုတောင်းဆိုချက်များအားလုံးကို သဘောတူရန် အရင်ကတည်းက စီစဥ်ခဲ့လေသည်။

သို့သော် ထိုသို့သော တောင်းဆိုချက်က ရောက်မလာပေ။ သူ၏ အစီအစဥ်သည် အချည်းနှီးဖြစ်သွားသော်လည်း ပိုင်ဟောက် ဤနေရာတွင်စောင့်နေသည်ကို မြင်သောအခါ သူကကြိတ်၍ သွေးအေးစွာ ရယ်နေ၏။

" သေချင်နေတာပေါ့လေ ဟမ်။ ကဲပါ အနည်းဆုံးတော့ မိသားစုကိစ္စကို ထည့်မတွက်ပဲ မင်းကို သတ်လို့ရပြီပေါ့ကွာ "

ကျောက်ဂိတ်တံခါးကို အာရုံ ပြန်စိုက်လိုက်ပြီး သူက မန္တန်လက်ကွက်တစ်ကွက်ဖော်ကာ သူ၏လက်ချောင်းကို ဝှေ့ယမ်းလိုက်သည်။ ထို့နောက် မျိုးနွယ်စု၏ မန္တန်အစီအရင်က အသက်ဝင်သွားပြီး ကျောက်ဂိတ်တံခါးကြီးသည် အလွန်စူးရှသောအလင်းများ တောက်ပလာပြီး တဖြည်းဖြည်း အပေါက်ပွင့်လာသည်ကို မြင်နိုင်လေသည်။

ရှေးဆန်သော အရှိန်အဝါတစ်ခုထွက်ပေါ်လာကာ လေပြင်းတစ်ခုသည် နေရာတစ်ဝှမ်းရှိ အရာခပ်သိမ်းကို သိမ်းကျုံးတိုက်ခတ်သွား၏။

"ဘိုးဘွားပိုင်နယ်မြေ တရားဝင်ဖွင့်ပြီ " မျိုးနွယ်စုခေါင်းဆောင်က တည်ကြည်စွာ ပြောလိုက်သည်။

" မင်းတို့ ဝင်ပြီးရင် ဂိတ်တံခါးက သူ့အချိန်ကျ ပြန်ပိတ်သွားမယ်။ တစ်ယောက်ယောက်က နတ်ဝိညာဥ်ရမှ ပြန်ပွင့်လာလိမ့်မယ်။ မင်းတို့ ဝင်တာနဲ့ မင်းတို့ရရှိတဲ့ ကံကောင်းခြင်းပေါ်မူတည်ပြီး ကိုယ့်ကံကြမ္မာကိုယ် ဆုံးဖြတ်ရမယ်။ ဘိုးဘွားပိုင်နယ်မြေက အန္တရာယ်မကင်းဘူး။ မင်းတို့ သိတဲ့အတိုင်းပဲ ဒါက နတ်မီးလျှံစမ်းသပ်ပွဲတစ်ခုဖြစ်တာကြောင့် နှစ်စဥ်နှစ်တိုင်း သေဆုံးမှုတွေဖြစ်တယ်။ အခု ဘိုးဘွားပိုင်နယ်မြေထဲဝင်ကြတော့"

All Chapters