← Chapters

ဂိုဏ်းတူအစ်မ'လုန်ယွိ'ကို လျှို့ဝှက်နေရာသို့ခေါ်သွားခြင်း

Vol. 14 Ch. 189

ဂိုဏ်းတူအစ်မ'လုန်ယွိ'ကို လျှို့ဝှက်နေရာသို့ခေါ်သွားခြင်း

Vol. 14 Ch. 189

အခန်း (၁၈၉) ဂိုဏ်းတူအစ်မ'လုန်ယွိ'ကို လျှို့ဝှက်နေရာသို့ခေါ်သွားခြင်း

ချန်ရှီ ပဟေဠိဖြစ်သွားသည်။

မြောင်ယွဲ့၏လေသံအရဆိုလျှင် ပြဿနာတစ်ခုခု ရှိနေဆဲ ဖြစ်ဟန်တူသည်။

ချန်ရှီ သိပ်မတွေးတော့ဘဲ သူမ၏လက်ကို ဆန့်တန်းကာ ငရဲတံခါးနှင့် ပတ်သက်သည့်အခြေအနေများကို နက္ခတ်ပညာဖြင့် စတင်ခန့်မှန်းကြည့်လိုက်သည်။

အနာဂတ်တွင် ငရဲတံခါးကို တစ်စုံတစ်ယောက်က အန္တရယ်ပြုရန် ကြံစည်နေသည်လား သူမ သိမြင်ချင်သည်။

သို့သော် စက္ကန့်ပိုင်းအတွင်းမှာပင် ချန်ရှီ မျက်မှောင်များ ကြုတ်လိုက်မိ၏။

မြောင်ယွဲ့က သိမ်မွေ့စွာဖြင့်…

"ဂိုဏ်းတူအစ်မ ဘာများဖြစ်လို့လဲ…"

မော့ကျန်းသုန့်က…

"ဒါက ငရဲတံခါး မဟုတ်ဘူး…"

ငရဲတံခါးကို မော့ကျန်းသုန့်လောက် မည်သူမှ မရင်းနှီးနိုင်ပေ။

သူက မရဏဂူထဲ ဝင်လိုက်သည်နှင့် တွေ့မြင်ရသည့်အရာမှာ ငရဲတံခါးမဟုတ်ကြောင်း ချက်ချင်း သိရှိလိုက်သည်။ ထိုသို့ဆိုလျှင် ငရဲတံခါး မည်သည့်နေရာသို့ ရောက်ရှိသွားပါသနည်း။

ချန်ရှီက မြောင်ယွဲ့ကို လှမ်းကြည့်လိုက်သည်။

မြောင်ယွဲ့က မည်သည့်စကားမှ မဆိုဘဲ မရဏဂူအလယ်ဗဟိုတွင်ရှိနေသည့် တွင်းနက်ကြီးအနားသို့ လမ်းလျှောက်သွားလိုက်သည်။

ထို့နောက် သူမက လက်ကိုဆန့်တန်းကာ ငရဲတံခါးကို ထိကိုင်လိုက်သည်။

"ခရက်…"

ချက်ချင်းပင် ပတ်ဝန်းကျင်တစ်ခုလုံးတွင် အက်ကြောင်းများ ထွက်ပေါ်လာပြီး…

"ဘန်း…"

မရဏဂူကြီးတစ်ခုလုံး အစိတ်စိတ်အမွှာမွှာ ကွဲကြေသွား၏။

မကြာမီ သူတို့အရှေ့ဆီတွင် တကယ့်အစစ်အမှန် မရဏဂူ ထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။

မြောင်ယွဲ့က မရဏဂူကို တစ်ချက်အကဲခတ်လိုက်ရင်း…

"ဒါကတော့ မရဏဂူ အစစ်အမှန်ပဲ…"

ပြီးမှ သူမက ကျန်းလန်ကို ချီးစကားဆိုလိုက်၏။

"ကျန်းလန်ရဲ့ အစီအရင်ပညာက မဆိုးဘူးပဲ… ၊ ပြီးတော့ သူက အစီအရင်တွေကို ကိုယ်ပိုင်အတွေးအခေါ်နဲ့ တည်ဆောက်တတ်တယ်… ၊ ဒီလိုအစီအရင်မျိုးကို ကျွန်မဘဝမှာ ပထမဆုံးအကြိမ် တွေ့မြင်ဖူးတာပဲ… ၊ ရိုးရှင်းသလိုလိုနဲ့ လုံးဝမရိုးရှင်းဘူး… ၊ ဒါပေမဲ့… ကျွန်မ အံ့သြမိတာက…"

မြောင်ယွဲ့က စကားကို ခဏနားလိုက်ပြီး မော့ကျန်းသုန့်ကို ကြည့်လိုက်သည်။

"ကျွန်မ အံ့သြတာက ကျန်းလန်က သေရည်ဆိုင်ပိုင်ရှင်ရဲ့ 'နာမ်ဝိညာဉ်ရောင်ပြန်' ပညာကို သိနေတာပဲ… ၊ ဂိုဏ်းတူအစ်ကို… ရှင့်တပည့် ဒီပညာသင်ယူနိုင်ဖို့ ရှင် ဘယ်လောက်တောင် ပေးဆပ်လိုက်ရလဲဟင်…"

မော့ကျန်းသုန့်က အရေးမကြီးဟန်ဖြင့်…

"ကျန်းလန်က အဲဒီပညာကို သင်ယူချင်တယ်လေ… ၊ ဒီတော့ ရအောင်လုပ်ပေးရတာပေါ့… ၊ ဘာမှ သိပ်မပေးဆပ်ရပါဘူး…"

မြောင်ယွဲ့က တည်ကြည်သည့်မျက်နှာထားဖြင့်…

"ဂိုဏ်းတူအစ်ကို… ကျွန်မကိုရော အဲဒီပညာ မိတ္တူတစ်ခုလောက် ပေးလို့ရနိုင်မလား…"

"မရဘူး…"

မော့ကျန်းသုန့်က ချက်ချင်းငြင်းဆန်လိုက်သည်။

မော့ကျန်းသုန့် ငြင်းလိုက်သည့်အတွက် မြောင်ယွဲ့က စိတ်ထဲမထားပေ။

သို့သော် ချန်ရှီကတော့ မော့ကျန်းုန့်ကို တအံ့တသြဖြင့် ကြည့်လိုက်၏။

"ရှင်က ရှင့်တပည့်အပေါ် အရမ်းကောင်းလွန်းမနေဘူးလား…"

မော့ကျန်းသုန့်က တည်ငြိမ်စွာဖြင့်…

"ကျုပ်က သူ့ကို နည်းနည်းပါးပါးပဲ ပံ့ပိုးပေးရတာပါ… ၊ ကျန်တာက သူ့အပေါ်ပဲ မူတည်တာပါ… ၊ ပြီးတော့ သူက အခုချိန်ထိ ကျုပ်ရဲ့ ပံ့ပိုးမှုအောက်မှာနေတဲ့ ကျုပ်တပည့်ပဲလေ… ၊ သူ့ကိုကူညီဖို့ ကျုပ်မှာ တာဝန်ရှိတာပေါ့…"

ချန်ရှီ မည်သည့်စကားမှ ဆက်မပြောတော့ပေ။

သူမက မရဏဂူထဲသို့ လျှောက်လှမ်းဝင်ရောက်သွားသည်။ သို့သော် သူမ မရဏဂူအတွင်း ဝင်လိုက်သည်နှင့် တည်ရှိမှုကို မိုးကောင်းကင်မှ ဖုံးကွယ်ထားသည့် အစီအရင်ကို အာရုံခံလိုက်မိသည်။

"ဒီနေရာကို ဖုံးကွယ်ထားတဲ့ အစီအရင်ကလည်း ထင်သလောက်မရိုးရှင်းဘူး…"

ချန်ရှီတွေးလိုက်သည်။

သူမက အစီအရင်ပညာအကြောင်း သိပ်နားမလည်သော်လည်း တည်ရှိမှုကို မိုးကောင်းကင်မှ ဖုံးကွယ်ထားသည့် အစီအရင်အကြောင်းကိုတော့ ကြားဖူးနားဝရှိသည်။

ထိုအစီအရင်က သူမ၏ နက္ခတ်ပညာဖြင့်ပင် ကြည့်၍မရအောင် ပိတ်ဆို့ဖုံးကွယ်ထားနိုင်ခဲ့သည်။ ထိုအချက်ကတော့ အမှန်တကယ်ပင် လေးစားဖွယ်ရာ ဖြစ်၏။

သူမထင်ထားသည်ထက်ပင် အစီအရင်က တန်ခိုးစွမ်းအား မြင့်မားနေနိုင်သည်။ သို့သော် သူမ အစီအရင်ကို လေ့လာနေရန် အချိန်မရှိပေ။

ငရဲတံခါးကို မည်သူက ရန်စချင်နေသည်ကိုသာ သူမ သိချင်နေမိသည်။

ထို့နောက် ချန်ရှီ၏ခန္ဓာကိုယ်မှ အလင်းရောင်များ နောက်ထပ်တစ်ကြိမ် တောက်ပလာသည်။ သူမ၏ပတ်ပတ်လည်တွင် ကြယ်စင်များလှည့်ပတ်နေသည့်အလား ခံစားရသည်။

မော့ကျန်းသုန့်ကတော့ ခေါင်းကိုအသာငုံ့လိုက်၏ အပြန်လမ်းတွင် အစီအရင်များကြားပိတ်မိနေပြီး သူ့တပည့်ကြောင့် သူ ထပ်ပြီး အရှက်ကွဲဦးမည်လားဟု တွေးနေမိတော့သည်။

………………

နံနက်ခင်း…

ကျိုးစူးတို့ (၃)ယောက် ရုန်းကန်ရင်းဖြင့်ပင် မျက်ဝန်းများကို ဖွင့်ကြည့်လိုက်ကြသည်။

သူတို့မျက်လုံးဖွင့်ကြည့်လိုက်သည်နှင့် ခဏမျှ စိတ်ရှုတ်ထွေးသွားကြသော်လည်း ချက်ချင်းပင် သတိပြန်ဝင်လာကြသည်။

ထို့နောက် သူတို့ မသေသေးသည်ကို သဘောပေါက်လိုက်သည့်အခါ ချက်ချင်းပင် နေရာမှ ခုန်ထလိုက်ကြသည်။

"မသေ... မသေသေးဘူးဟ.... ငါတို့ကို ဘယ်သူကယ်လိုက်တာလဲ…"

ကျန်းရှီက အနည်းငယ်စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

"ဟုတ်တယ်.... ကျုပ်တို့အသက်ရှင်နေတုန်းပဲ... ၊ ဘယ်လိုများအသက်ရှင်နေလဲ မသိဘူး.... ၊ ပြီးတော့ ကျုပ်တို့ ဘယ်နေရာရောက်နေတာလဲ..."

ကျိုးစူးကလည်း စိတ်လှုပ်ရှားစွာဖြင့် မေးခွန်းထုတ်လိုက်သည်။

သူတို့အတွက် အသက်ရှင်ရခြင်းထက် ပိုကောင်းသည့်အရာ မရှိပေ။

"ကျုပ် သတိလစ်မသွားခင် ဂိုဏ်းတူအစ်ကိုကြီးရဲ့ အသံကို ကြားလိုက်မိသလိုပဲ..."

ကျင်းယွီက ပြောလိုက်သည်။

ဂိုဏ်းတူအစ်ကိုကြီးလား။

ထိုအခါမှ သူတို့ကို ကယ်တင်ခဲ့သူမှာ ဂိုဏ်းတူအစ်ကိုကြီးဖြစ်ကြောင်း သဘောပေါက်သွားကြသည်။

ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည့်အခါ သူတို့ကို စောင့်ကြည့်ပေးနေသည့် လူတစ်ယောက်ကို တွေ့မြင်လိုက်ရပြီး အံ့အားသင့်သွားကြသည်။

ထိုသူက ကျန်းလန်ပင် ဖြစ်၏။

ကျန်းလန်ကိုတွေ့သည်နှင့် သူတို့လေးစားဟန်ဖြင့် ခေါင်းငုံ့ဦးညွှတ်အရိုအသေပေးလိုက်ရင်း…

"အသက်ကယ်ပေးလို့ ကျေးဇူးတင်ပါတယ် ဂိုဏ်းတူအစ်ကိုကြီး..."

ကျန်းလန်က သူတို့ (၃) ယောက်ကိုကြည့်နေပြီး စိတ်ထဲသိပ်မထားမိပေ။

သူ အမြန်ပြန်လာသည့်အချိန်တွင် ထို (၃)ယောက်က သတိလစ်လုနီးပါး ဖြစ်နေကြသည်။ သို့သော် အသက်နှင့်အဝေးကြီး ဖြစ်၏။

ကျန်းလန် နောက်ကျနေလျှင်တောင်မှ သူထားခဲ့သည့် ပုလဲက သူတို့ (၃) ယောက်ကို ကယ်တင်ပေးမည် ဖြစ်သည်။ ထို့ကြောင့် ကျန်းလန်က သူ့အဖွဲ့ဝင်များကို ပစ်ထားခဲ့သည်ဟု မဆိုနိုင်ပေ။

ကျန်းလန်က တည်ငြိမ်စွာဖြင့်…

"ကိစ္စမရှိဘူး... မင်းတို့တွေ မြူခိုးဝင်္ကပါထဲ လျှောက်ကြည့်ကြဦးလေ…"

သူ့အသံက တည်ငြိမ်လွန်းသဖြင့် ပျော်နေသည်လား ၊ ဒေါသထွက်နေသည်လား ဝေခွဲရခက်လှသည်။

သို့သော် ကျိုးစူးတို့ (၃)ယောက်ကတော့ ကျန်းလန်စကားကို နားမထောင်ဘဲ မနေရဲပေ။

ထို့ပြင် ဂိုဏ်းတူအစ်ကိုကြီးက သူတို့ကို ကယ်တင်ခဲ့သည့်အတွက် ကျန်းလန်၏ စိတ်ထားကို အနည်းနှင့်အများ နားလည်သွားခဲ့ကြပြီ ဖြစ်သည်။

သူတို့ထွက်ခွာရန် ဟန်ပြင်နေစဉ်မှာပင် ကောင်းကင်ထက်မှ ပျံသန်းလာသည့် လူရိပ်တစ်ရိပ်ကို တွေ့မြင်လိုက်ကြရသည်။ ထိုလူရိပ်မှာ အလွန်တရာ ချောမောလှပသည့် ကျင့်ကြံသူမိန်းမပျိုတစ်ယောက်ဖြစ်၏။

ကျန်းလန် နောက်သို့ လှည့်ကြည့်လိုက်သည့်အခါ ကောင်းကင်ထက်မှ ဆင်းသက်လာသည့် လုန်ယွိကို တွေ့လိုက်ရသည်။

လုန်ယွိက ချက်ချင်းပင် ကျန်းလန်နံဘေးသို့ ရောက်ရှိလာပြီး…

"ဂိုဏ်းတူမောင်လေး အလုပ်များနေတာလား…"

သူမ၏ အသံလေးက သာယာနာပျော်ဖွယ် ရှိလှသည်။

သူမမျက်နှာက ပြုံးရယ်နေခြင်း မရှိသည့်တိုင် သူမထံတွင် အေးစက်မှုများကို မတွေ့ရှိရပေ။ ရင်းနှီးသူတစ်ယောက်နှင့် စကားပြောနေသည့်အလား ဖြစ်သည်။

ကျန်းလန်က သိမ်မွေ့စွာဖြင့်…

"ကျွန်တော် လုပ်စရာရှိတာတွေ လုပ်ပြီးပါပြီ…"

သူ တကယ်လည်း လုပ်စရာရှိတာတွေ လုပ်ပြီးပြီ ဖြစ်၏။

ကျိုးစူးတို့ (၃)ယောက်မှာလည်း လုန်ယွိကို အနီးကပ်တွေ့မြင်လိုက်ကြရသည်။

ကျိုးစူးက ကျောက်စိမ်းရေကန်နတ်ဘုရားမကို တစ်ခါမှ မတွေ့မြင်ဘူးပေ။ သို့သော် ယခု ရောက်ရှိလာသူက ကျောက်စိမ်းရေကန် နတ်ဘုရားမဖြစ်ကြောင်း ရိပ်မိလေသည်။

ကောလာဟလများကဲ့သို့ပင် ကျောက်စိမ်းရေကန်နတ်ဘုရားမက ကောင်းကင်ဘုံမှဆင်းသက်လာသည့် နတ်မိမယ်တစ်ပါးပမာ ချောမောလှပလွန်းလှသည်။

သူတို့ (၃)ယောက်က ကျန်းလန်နှင့် လုန်ယွိကို ဦးညွှတ်အရိုအသေပေးလိုက်ကြပြီး တိတ်ဆိတ်စွာပင် ထွက်ခွာသွားကြသည်။

ကျန်းလန်နှင့်လုန်ယွိကို နှောက်ယှက်ရန် မသင့်တော်ပေ။

မည်သို့င်ဖြစ်စေ သူတို့ ကျောက်စိမ်းရေကန်နတ်ဘုရားမကို အနီးကပ် သေသေချာချာ တွေ့မြင်ခဲ့ရပြီ ဖြစ်သည်။

ကျောက်စိမ်းရေကန်နတ်ဘုရားမဆိုသည်က ခွန်လွန်တောင်တွင် ဒဏ္ဍာရီသဖွယ် ဖြစ်သည်။ သာမန်အခြေအနေတွင် သူမကို တွေ့ဆုံရန်မှာ မဖြစ်နိုင်ပေ။

ကျန်းရှီက…

"ကျောက်စိမ်းရေကန်နတ်ဘုရားမက ဂိုဏ်းတူအစ်ကိုကြီးကျန်းလန်ကို ဘာလို့ လာရှာတယ်ထင်လဲ…"

သူတို့ (၃)ယောက် စတင်စကားပြောဆိုကြပြီ ဖြစ်သည်။

ကျိုးစူးက…

"မသိဘူးလေ… ၊ ဒါပေမဲ့ ကျောက်စိမ်းရေကန်နတ်ဘုရားမက ကြားထားတဲ့အတိုင်းပဲနော်… ၊ တော်လည်းတော်သလို အရမ်းလည်းချောမောလှပတာပဲ…"

ကျန်းရှီက…

"တကယ်တော့ ဂိုဏ်းတူအစ်ကိုကြီးကျန်းလန်ကလည်း မညံ့ပါဘူး… ၊ တန်ခိုးစွမ်းအားမြင့်မားတဲ့သူပါပဲ… ၊ နင်တို့တွေက သူ့အကြောင်းကို သိမှ မသိကြတာ…"

သူမက ကျန်းလန်၏ ကံတရားနှင့် ရပ်တည်ခဲ့သူ ဖြစ်သည်။

သေရည်ဆိုင်တွင် ရရှိခဲ့သည့် ဉာဏ်အလင်းပွင့်မှုကြောင့်သာ သူမ သူမ နှစ်ပေါင်း (၁၀၀)အတွင်း ရွှေပြဒါးအမြုတေအဆင့်သို့ တက်ရောက်နိုင်ခဲ့ခြင်း ဖြစ်သည်

ကျင်းယွီက သတိပေးလိုက်သည်။

"ကျောက်စိမ်းရေကန်နတ်ဘုရားမက ကျင့်ကြံခြင်းအဆင့် အရမ်းမြင့်မားတာနော်… ၊ စကားတွေ လျှောက်မပြောကြနဲ့…"

ထို့နောက် သူတို့ (၃)ယောက် စကားထပ်မပြောရဲကြတော့ဘဲ အခြားနေရာများသို့ ထွက်ခွာသွားကြလေတော့၏။ သူတို့ မှော်ဝင်ပစ္စည်းများ ထပ်မံရှာဖွေရဦးမည် မဟုတ်ပါလား။

ကျိုးစူးတို့ (၃)ယောက် ထွက်ခွာသွားသည်နှင့် လုန်ယွိက ကျန်းလန်ကိုကြည့်ပြီး တီးတိုးပြောလိုက်သည်။

"ကျွန်မရောက်လာတာ ဂိုဏ်းတူမောင်လေးကို ဒုက္ခပေးသလိုများ ဖြစ်သွားသလား…"

သူမ၏ မျက်နှာကတော့ အေးဆေးတည်ငြိမ်ပြီး ခံစားချက်ကင်းမဲ့နေဆဲပင်။

"မဖြစ်ပါဘူး…"

ကျန်းလန်က ခေါင်းခါရမ်းရင်း ပြောလိုက်သည်။

"ဂိုဏ်းတူအစ်မ… တစ်ခုခုထူးခြားတာများ တွေ့လို့လား…"

လက်ရှိ လုန်ယွိ၏ ပုံစံက ပြိုင်ဘက်ကင်းသည့် အလှဧကရီတစ်ပါးပမာ ဖြစ်လေသည်။

လုန်ယွိနှင့် ရှောင်ယွိကို ယှဉ်ကြည့်မည်ဆိုလျှင် ရှောင်ယွိက ချစ်စရာကောင်းပြီး လုန်ယွိကတော့ ပြစ်မျိုးမှဲ့မထင် အလှတရားကို ပိုင်ဆိုင်သူ ဖြစ်သည်။

စောစောက လုန်ယွိ ကောင်းကင်ထက်မှ ဆင်းသက်လာသည်ကို တွေ့မြင်လိုက်စဉ်က ကျန်းလန်သည်ပင် သူမ၏အလှတွင် ယစ်မူးမိသလို ဖြစ်သွားရသည်။

ယခုတော့ အဆင်ပြေသွားပြီဖြစ်ပြီး သူမ၏ အလှတရားက ကျန်းလန်အပေါ် သက်ရောက်မှု မရှိတော့ပေ။

လုန်ယွိက…

"ထူးခြားတာ တစ်ခုခုတော့ ဖြစ်ခဲ့တယ်… ဒါပေမဲ့ အခု ပြီးသွားပါပြီ…"

ဟုတ်ပေ၏။

ယွိမော်သေဆုံးသွားပြီးနောက် မည်သည့်အန္တရယ်မှ မတွေ့ရတော့ပေ။ သူမသတိထားရန် လိုအပ်သည်မှာ ယွိမော်ကို သတ်ဖြတ်လိုက်သည့် လျှို့ဝှက်ဆန်းကြယ်သောပုဂ္ဂိုလ်သာလျှင် ဖြစ်၏။

သို့သော် သူမက ထိုသူကို သွားပြီး ရန်မစသရွေ့ ပြဿနာမရှိနိုင်ပေ။

လုန်ယွိက…

"ဒီနားတစ်ဝိုက်မှာ ကျယ်ကျယ်ဝန်းဝန်းနေရာလေးများ မရှိဘူးလား…"

နေရာက ကျဉ်းမြောင်းသည့်အတွက် မလွတ်လပ်သောကြောင့် သူမက မေးလိုက်ခြင်း ဖြစ်သည်။

ကျန်းလန်က…

"ဂိုဏ်းတူအစ်မ… ကျွန်တော့်နောက် လိုက်ခဲ့…"

ကျန်းလန်က ရှေ့မှဦးဆောင်ထွက်ခွာသွားသည်။

လုန်ယွိက မေးခွန်းမထုတ်ဘဲ ကျန်းလန်နောက်သို့ လိုက်သွား၏။

ခဏအကြာတွင်တော့ ကျန်းလန် ရေကန်တစ်ခုနံဘေးသို့ ရောက်ရှိလာသည်။

လုန်ယွိ အနည်းငယ် အံ့အားသင့်သွားဟန်ဖြင့်…

"ရေကန်လား…"

မြူခိုးဝင်္ကပါထဲတွင် အမှန်တကယ်ပင် ရေကန်တစ်ကန်ရှိနေခဲ့လေသလား။ ဤသည်က သူမလုံး၀ မျှော်လင့်မထားသည့် ကိစ္စဖြစ်သည်။

ကျန်းလန်က နူးညံ့သည့်လေသံဖြင့် ရှင်းပြသည်။

"အစီအရင်ပညာ မမြင့်မားဘူးဆိုရင် ဒီနေရာကို ဘယ်သူမှ ရှာတွေ့နိုင်မှာ မဟုတ်ဘူး…"

ကျန်းလန်သည်ပင် အမှန်တရားမျက်လုံးတန်ခိုးစွမ်းအားကို အသုံးပြုလိုက်မိသောကြောင့် ဤနေရာကို မတော်တဆ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ မဟုတ်ပါက သူလည်း ဤနေရာကို သိရှိမည် မဟုတ်ပေ။

လုန်ယွိက…

"ဒီနေရာကို ဘယ်သူမှ မလာကြဘူးလား…"

ကျန်းလန်က ခေါင်းညိတ်လိုက်ရင်း…

"အနည်းနဲ့အများတော့ လာတဲ့သူ ရှိမှာပေါ့…"

လုန်ယွိက…

"ဂိုဏ်းတူမောင်လေးရဲ့ အစီအရင်ပညာကျွမ်းကျင်မှုနဲ့ဆိုရင် ဒီနေရာကို ရှာတွေ့ဖို့ ခက်လားဟင်…"

ကျန်းလန်က…

"ကျွန်တော်လည်း အမှတ်မထင် ဒီနေရာကို တွေ့လိုက်ရတာပါ… ဂိုဏ်းတူအစ်မ…"

လုန်ယွိ တစ်ခုခုပြုလုပ်ရန် ကြံစည်နေသည်လားဟု ကျန်းလန် တွေးလိုက်မိသည်။ မဟုတ်ပါက ဤသို့သောမေးခွန်းမျိုးကို ထပ်ခါထပ်ခါမေးမြန်းနေမည် မဟုတ်ပေ။

အမှန်တရားမျက်လုံးတန်ခိုးစွမ်းအားသာ မရှိလျှင် ကျန်းလန်ကလည်း ဤနေရာကို တွေ့ရှိနိုင်မည် မဟုတ်ပေ။

ရေကန်ပတ်ဝန်းကျင်သို့ တိုက်တိုက်ဆိုင်ဆိုင်ရောက်ရှိလာလျှင်တောင်မှ ရေကန်ရှိရာနေရာအထိ ဝင်ရောက်လာရန်မှာ အတော်လေး ခက်ခဲသည်ဟု ဆိုရမည်။

ပဉ္စမတောင်ထွတ် မှော်ရုံနယ်မြေသို့ ဝင်ရောက်လာကြသူများထဲတွင် ကျန်းလန်ထက် အစီအရင်ပညာကျွမ်းကျင်သူများ ပါကောင်းပါပေလိမ့်မည်။

သို့သော် ကျန်းလန်ကဲ့သို့ အမှန်တရားမျက်လုံးတန်ခိုးစွမ်းအားကို ပိုင်ဆိုင်ထားသူ မရှိနိုင်လေရာ မည်သူမှ ကျန်းလန်ထက် သာလွန်နိုင်မည် မဟုတ်ပေ။

All Chapters