အခန်း (၄၀၇)
Vol. 30 Ch. 407
အစိမ်းရောင် အငွေ့ အသက်ကိုးသွယ် အဆိပ်ပင့်ကူက အဆိပ်ငွေ့များ ထုတ်လွှတ်လိုက်သည်ကို မြင်သောအခါ မျောက်မှာ ကြောက်လွန်း၍ တစ်ကိုယ်လုံးရှိ အမွေးများပင် ထောင်သွား၏။ ထိုအဆိပ်က မည်မျှ ကြောက်စရာ ကောင်းသည်ကို သူ သေချာ သိထားပြီး ဖြစ်သဖြင့် ငယ်သံပါအောင် အော်လိုက်တော့သည်။ " မိုးကြိုးသားရဲရေ ... ဟိုကောင်ကြီးက အဆိပ်ငွေ့တွေ ထုတ်လွှတ်လိုက်ပြီ " မိုးကြိုးသားရဲမှာလည်း မျက်နှာကြီး ညိုနေကာ အံကြိတ်၍ ပြန်ပြော၏။ " ငါ သိတယ် " သူ ပြေးလက်စ အရှိန်ကိုလည်း ချက်ချင်းပင် မြင့်လိုက်သည်။ သူသည် သူ့ကျောပေါ်မှ ကျန်နှစ်ကောင်ကဲ့သို့ မဟုတ်ပါချေ။ ထိုကောင်များက နတ်ဘုရားသားရဲများ ဖြစ်ကြသဖြင့် အဆိပ်ကို ခံနိုင်ရည် ရှိကောင်း ရှိနိုင်ပါ၏။ သူ့ကိုယ်ထဲတွင်လည်း နတ်ဘုရားသွေး ရှိထားသည့်တိုင် နတ်ဘုရားအဆင့် သားရဲတစ်ကောင် ဖြစ်ရန်မူ များစွာ လိုနေပါသေးသည်။ သို့ဖြစ်ရာ ပင့်ကူကြီး၏ အဆိပ်ဖြင့်သာ ထိတွေ့မိပါက သူ သေသွားနိုင်ပါသည်။ ထို့ကြောင့် သူ အရှိန်ကို ထပ်တင်၍ အဆိပ်ငွေ့ ထုတ်လွှတ်သော နှုန်းထက် ပိုမြန်မြန်ပြေးပြီး ယာယီ ဘေးကင်းရန်သာ ကြိုးစားလိုက်ရသည်။ သို့သော် ထိုသို့ အရှိန်တင်လိုက်ခြင်းကြောင့် အစောကတည်းက ဟန်ချက်မထိန်းနိုင် ဖြစ်နေခဲ့သော အဆိပ်ပင့်ကူကြီးမှာ အခြေအနေ ပိုဆိုးသွားခဲ့ပါ၏။ ၎င်းမှာ မိုးကြိုးသားရဲ ပြေးနေသည့်တစ်လျှောက် ဒလိမ့်ခေါက်ကွေးဖြင့် ဒရွတ်တိုက် ပါလာတော့သည်။ သို့သော် အသက်ကိုးသွယ် အဆိပ်ပင့်ကူမှာ သူ့ရှေ့မှ သားရဲသုံးကောင်ထက် အဆများစွာ ပိုကြီးပါ၏။ ထို့ကြောင့် အဝေးမှ လူများအဖို့မူ အသက်ကိုးသွယ် အဆိပ်ပင့်ကူကြီးက လမ်းတစ်လျှောက် ဟိုလိမ့် ဒီလိမ့်ဖြင့် အသည်းအသန် ပြေးပြီး ထိုသို့ ပြေးနေစဥ်တွင်လည်း အဆိပ်ငွေ့များ ဆက်တိုက် ထုတ်လွှတ်နေသည်ဟုသာ ထင်ရပါသည်။ ၎င်း ဖြတ်သွားသည့် နေရာတိုင်း အဆိပ်ငွေ့များ ကျန်နေခဲ့တော့၏။ ဤသို့ဖြင့် မျက်စိတစ်မှိတ်ခန့် အချိန်အတွင်းမှာပင် ရွှမ်တိုက်ပွဲကွင်းပြင်မှ သားရဲတစ်ဝက်ကျော်မှာ ပင့်ကူကြီး၏ အဆိပ်ငွေ့ လက်ချက်ဖြင့် လဲကျကုန်ကြတော့သည်။ " ဒါ ... အားလုံး သတိထားကြဟေ့ ။ အသက်ကိုးသွယ် အဆိပ်ပင့်ကူကြီးက ကြောက်စရာကောင်းတယ် " " အသက်ကိုးသွယ် အဆိပ်ပင့်ကူကြီးက ခါတိုင်းလဲ အဲ့လိုပဲ တိုက်ခိုက်တာလား။ ကြားထားတဲ့ သတင်းနဲ့ အကွာကြီးပဲ " " ကြည့်ရတာ ဒီ ပင့်ကူကြီးက အဆင့်ကောင်းရဖို့ အလေးနက် ရည်ရွယ်ထားတာနဲ့တူတယ်။ အားလုံး သတိထားကြဟေ့ ၊ အဲ့ကောင်ကြီး အနားကပ်လာတာကို မခံနဲ့ " မြောက်များစွာသော သားရဲသခင်ကြီးများက သူတို့၏ တိုက်ပွဲဝင် သားရဲများအား အော်ဟစ်သတိပေးလိုက်ကြသည်။ သားရဲများရော လူများပါ ထို အသက်ကိုးသွယ် အဆိပ်ပင့်ကူကြီးအား ကြောက်ရွံ့စိတ် ဖြစ်နေကြသည်ဟု ပြော၍ ရပါသည်။ ထိုအချိန် ကွင်းထဲမှ လူအနည်းစုကသာ အမှန်တကယ် မည်သို့ ဖြစ်ပျက်နေသည်ကို နားလည်ကြပါ၏။ " ဟိုကောင်လေးပါလား " ဖုန့်လင်းက ရွှမ်တိုက်ပွဲကွင်းပြင် အပြင်ဘက်တွင် ရပ်ရင်း တိုက်ပွဲကွင်းပြင်ထဲမှ မြင်ကွင်းအား တအံ့တသြ ကြည့်လိုက်သည်။ သူ့အနောက်ဘက်မှ မီးနဂါးခြင်္သေ့ကမူ ၎င်း၏ ဒဏ်ရာများကို ပြန်လျက်နေ၏။ အခြားတစ်ဖက် ၊ ရွှေရောင် ကင်းမွန်ကြီးဘေး၌ .. " အဲ့ကောင်လေးက ဘယ်လိုသားရဲမျိုးလဲ " ဝူကျီပင်လယ်မှ သားရဲသခင်ကြီးမှာလည်း မျက်နှာကြီး တည်နေသည်။ အသက်ကိုးသွယ် အဆိပ်ပင့်ကူကို သူ သိပ်ဂရုမစိုက်လှသော်လည်း ရှောက်ထျန်းလုံလေးကိုမူ သူ့စိတ်ထဲတွင် မသေချာ ဖြစ်နေပါ၏။ အဘယ့်ကြောင့်ဆိုသော် ထိုကောင်လေးက မည်သို့သော သားရဲမျိုး ဖြစ်သည်ကို သူ နားမလည်သောကြောင့်ပင်။ ထိုအချိန်တွင် ပွဲကြည့်စင်ပေါ်မှ ရွှမ် တိုက်ပွဲကွင်းပြင် ကြေငြာသူကလည်း အသံကျယ်ကြီးဖြင့် အော်ပြောလာသည်။ " အားလုံး တွေ့ကြပါသလားခင်ဗျာ ။ ရွှမ်တိုက်ပွဲကွင်းပြင်မှာတော့ အခုဆိုရင် အသက်ကိုးသွယ် အဆိပ်ပင့်ကူကြီးက အားလုံးကို သတ်နေပါပြီ။ အခုမှ ပွဲအစပိုင်းပဲ ရှိသေးတာတောင် သူ့တစ်ယောက်တည်း အစွမ်းနဲ့ တိုက်ပွဲကွင်းပြင်ထဲက သားရဲ တစ်ဝက်ကျော်ကို အနိုင်ယူလိုက်နိုင်ပြီဗျ " " ဒီလိုရလဒ်မျိုးက ကောင်းကင်ဘုံသားရဲ တိုက်ပွဲကွင်းပြင်မှာတောင် တောင်တောင်ရှားတယ်ဗျ ။ အခု လက်ရှိမှာ အသက်ကိုးသွယ် အဆိပ်ပင့်ကူက ကောင်းကင်ဘုံနဂါးပြိုင်ပွဲမှာ အနိုင်ရနိုင်ချေ အရှိဆုံးလို့ ကြေငြာလိုက်ပါတယ် " သူ အော်ပြောနေစဥ်အတွင်း ပွဲကြည့်စင်ထက်ရှိ လူများဆီမှ လက်ခုပ်တီး အားပေးသံများလည်း ထွက်ပေါ်လာ၏။ သို့သော် ထိုအချိန်တွင် အသက်ကိုးသွယ် အဆိပ်ပင့်ကူကမူ အလွန်ဒေါသထွက်နေပါသည်။ သူ ယခုကဲ့သို့ အရှက်ကွဲမှုမျိုးကို လုံးဝ မခံစားခဲ့ဖူးပါချေ။ ယခု သူ့ရှေ့မှ ကောင်များက သူ့ကို လက်နက်တစ်ခုကဲ့သို့ အသုံးချပြီး ဒရွတ်တိုက် ဆွဲခေါ်လာခြင်းပေလား .. " လာကြည့်မနေကြနဲ့ " အဆိပ်ပင့်ကူကြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူ့စကား ဆုံးသည့် အချိန်မှာပင် .. ဝုန်း .. သူ့ခြေထောက်အောက်ရှိ မြေပြင်က ရုတ်တရက် အက်ကွဲလာ၏။ ထို့နောက် ချက်ချင်း ဆိုသလိုပင် မြေကြီးထဲမှ ဧရာမ ကင်းခြေများတစ်ကောင် ထွက်လာကာ မိုးကြိုးသားရဲအား အဝေးလွင့်သွားအောင် လုပ်လိုက်တော့သည်။ " ဟင် ... " မိုးကြိုးသားရဲ လန့်သွားပြီး လေထဲတွင်ပင် ဟန်ချက်ကို ချက်ချင်းထိန်း၍ ထွက်ပြေးရန် ပြင်လိုက်သည်။ ထိုစဥ် တဖက်မှ အသက်ကိုးသွယ် အဆိပ်ပင့်ကူကလည်း ခန္ဓာကိုယ်ဟန်ချက်ကို မြန်မြန်ထိန်းလိုက်ပါ၏။ " မျိုးမစစ်ကောင် .. ဒီတစ်ခါ မင်း ဘယ်ပြေးနိုင်မလဲ ကြည့်ကြတာပေါ့။ သေစမ်းကွာ " ပင့်ကူကြီးက ထိုသို့ပြောကာ အဆိပ်ငွေ့များ ထပ်မှုတ်ထုတ်လိုက်တော့သည်။ ဝှစ် .. သို့သော် သူ အဆိပ်ငွေ့များ ကောင်းကောင်း မမှုတ်ထုတ်လိုက်နိုင်ခင်မှာပင် မိုးကြိုးသားရဲက အလွန်လျင်မြန်သော အရှိန်ဖြင့် လှစ်ခနဲ ထွက်ပြေးသွားပြီး အန္တရာယ်မှ သီသီလေး လွတ်မြောက်သွားပြန်ပါ၏။ ဤတစ်ကြိမ် အမြန်နှုန်းမှာလည်း ယခင်ထက် များစွာ ပိုသာပြီး မျက်စိတစ်မှိတ်ခန့် အချိန်အတွင်းမှာပင် သူ ပေတစ်ထောင်ကျော် အကွာအဝေးသို့ ရောက်သွားတော့သည်။ " ဘုရား ဘုရား ၊ ကြောက်လွန်းလို့ သေတော့မှာပဲ။ ငါက ပင့်ကူကြီးရဲ့ အစာဖြစ်ပြီတောင် တွေးနေတာ။ ဟို ဘိုးဘေးလေးက အဲ့ကောင်ကြီးရဲ့ လက်ကို အချိန်မီ လွှတ်လိုက်လို့ တော်သေးတာပေါ့ " မိုးကြိုးသားရဲမှာ ပြေးနေရင်း အသက်ပင် ကောင်းကောင်း မရှုနိုင်သေးဘဲ ပြောလိုက်သည်။ သို့သော် သူ့ကျောပေါ်မှ မျောက်က မျက်မှောင်ကြုံ့၍ ပြန်ပြော၏။ " သူ မလွှတ်သေးဘူး " " ဘယ်လို .. မလွှတ်သေးဘူး ဟုတ်လား ၊ အဲ့ဒါ ဘာစကားလဲ " မိုးကြိုးသားရဲ အံ့သြတုန်လှုပ်သွားတော့သည်။ သူ ထိုသို့ ပြောနေစဥ်မှာပင် သူ့ရှေ့၌ အဆိပ်ပင့်ကူကြီး၏ လက်တစ်ဖက် ရုတ်တရက် ပေါ်လာ၏။ " အား ... " မိုးကြိုးသားရဲမှာ လန့်လွန်း၍ ထခုန်မိမတတ်ပင် ဖြစ်သွားသည်။ သို့သော် .. ချက်ချင်း ဆိုသလို သူ မှင်သက်သးရပါသည်။ အဘယ့်ကြောင့်ဆိုသော် သူ့ရှေ့၌ ပင့်ကူကြီး၏ လက် အစွန်းတစ်ဖက်တည်းသာ ရှိနေသောကြောင့်ပင်။ ပင့်ကူလက်၏ အခြားတစ်ဖက်ကမူ ရှောက်ထျန်းလုံလေး၏ လက်ထဲတွင် ရှိနေပါ၏။ " ဝု .. " ရှောက်ထျန်းလုံလေးက အလွန်ဂုဏ်ယူနေသည့် အပြုံးဖြင့် အသံပေးလာသည်။ " ဘာတွေ ဖြစ်နေတာလဲ "မိုးကြိုးသားရဲ အလွန် စိတ်ရှုပ်သွားရ၏။ မျောက်က တံတွေးကို ခက်ခက်ခဲခဲ မြိုရင်း ကြောက်စိတ် မပြယ်သေးဟန်ဖြင့် ပြန်ပြောသည်။ " ခုနက မင်း အတင်းထွက်ပြေးလာတဲ့အချိန် ဒီကောင်လေးက အဆိပ်ပင့်ကူကြီးရဲ့ လက်ကို ကိုက်ဖြတ်ပစ်ခဲ့တာ " " ဘယ်လို .. အဆိပ်ပင့်ကူကြီးက အကိုက်ခံလိုက်ရတယ် " မိုးကြိုးသားရဲ အလွန်အံ့သြတုန်လှုပ်သွားကာ ရှောက်ထျန်းလုံအား မယုံနိုင်စွာ လှည့်ကြည့်လိုက်သည်။ ထို အသက်ကိုးသွယ် အဆိပ်ပင့်ကူကြီးမှာ ဘီလူးကြီးတစ်ကောင်ဟုပင် ပြော၍ ရပါ၏။ ထိုသို့သော ကြောက်စရာ သားရဲကြီးကို ကိုက်ခဲ့သတဲ့လား .. ထိုအချိန်မှာပင် ရှောက်ထျန်းလုံလေးက ပင့်ကူကြီး၏ ခြေထောက်အား အသံမြည်သည်အထိ ကိုက်လိုက်ပြန်သည်။ " ခဏနေဦး .. အဲ့ပင့်ကူက အဆိပ်ရှိတယ်။ အဲ့ဒါကို စားလို့မရဘူး " မိုးကြိုးသားရဲက အလန့်တကြား အော်တားလိုက်သည်။ သို့သော် .. သူ့သတိပေးစကားက နောက်ကျလွန်းသွားခဲ့လေပြီ ။ ရှောက်လုံ စားနေသည့် နှုန်းမှာ ကြောက်မက်ဖွယ်ပင် ကောင်းနေပြီး ပင့်ကူ လက်အား တခဏအတွင်း တဂျွတ်ဂျွတ်ဖြင့် အပြောင် စားကုန်သွား၏။ " ဒါ .... " မိုကြိုးသားရဲမှာ လုံးဝ ဆွံ့အသွားတော့သည်။ ပင့်ကူလက်အား စားပြီးသွားသည့် ရှောက်ထျန်းလုံမှာလည်း ထိုစဥ် မျက်နှာထား ရုတ်တရက် ပြောင်းသွားသည်။ " ဝု .. " သူ အားပျော့နေသည့် အသံလေးဖြင့် အော်လိုက်ပြီး တစ်ကိုယ်လုံး တုန်ယင်လာသည်။ သူ့မျက်နှာမှာလည်း အစိမ်းရောင်အဖြစ် တဖြည်းဖြည်း ပြောင်းသွား၏။ " ဟင် .. မဖြစ်ဘူး ၊ သူ အဆိပ်မိသွားပြီနဲ့တူတယ်။ ပြောသားပဲ .. အဲ့ ပင့်ကူကြီးရဲ့ အဆိပ်က ကြောက်စရာကောင်းပါတယ်လို့ " မိုးကြိုးသားရဲက စိုးရိမ်ကြီးစွာ ပြောလိုက်သည်။ " အခု ဘာဆက်လုပ်ကြမလဲ " မျောက်ကလည်း စိုးရိမ်နေသည့် မျက်နှာဖြင့် ပြော၏။ " အရင်ဆုံး အခြေအနေ ကြည့်လိုက်မယ်ကွာ။ အခြေအနေ မဟန်ရင်တော့ အပြင်ကို ချက်ချင်း ထုတ်ကြတာပေါ့ " မိုးကြိုးသားရဲက အကြံပြုလိုက်သည်။ မျောက်မှာလည်း မည်သို့မှ မတတ်နိုင်ဘဲ သဘောတူလိုက်ရတော့သည်။ ထိုစဥ် သူတို့အုပ်စုကို ခပ်လှမ်းလှမ်းမှ နေ၍ စောင့်ကြည့်နေသော ဟွမ်ယင်သည်လည်း တစ်စုံတစ်ခု လွဲချော်နေပြီကို သတိထားမိလိုက်၏။ " လောထျန်း ၊ ကျွန်မတို့ အခု ဘယ်လိုလုပ်ကြမလဲ " သူမ လောထျန်းကို ကြည့်ကာ စိုးရိမ်စိတ်ကြီးစွာ မေးလိုက်သည်။ လောထျန်းကမူ ဂရုမစိုက်သည့်ဟန်ဖြင့် ပြန်ပြော၏။ " စိတ်မပူပါနဲ့ .. အဆင်ပြေသွားမှာပါ " ကောင်းကင်ဘုံ နဂါးတစ်ကောင်အား ဘာမဟုတ်သော ပင့်ကူ၏ အဆိပ်က သတ်နိုင်ပါမည်လား ။ သို့သော် ထိုအချိန်မှာပင် .. " ဟား ဟား .. ကောင်လေးတို့ ကြောက်နေကြပြီလား။ ဒါနဲ့ ငါ သိချင်လို့ မေးလိုက်ပါဦးမယ် ၊ မင်းတို့တွေက ဒီလောက် ကြောက်တတ်နေရဲ့သားနဲ့ ဘယ်လိုလုပ်ပြီး တတိယမင်းသားကို စော်ကားရဲခဲ့ကြတာလဲ " သူတို့နောက်မှ အသံတစ်သံ ရုတ်တရက် ထွက်လာသည်။ လောထျန်းနှင့် ဟွမ်ယင်တို့ အံ့အားသင့်သွားကြပြီး နောက်လှည့်ကြည့်လိုက်ရာ သူတို့ထံသို့ လျှောက်လာနေသော လူထွားကြီး ၊ ဟယ်ချုံရှင်းကို တွေ့လိုက်ရသည်။ " ငါက အစတုန်းကတော့ အဲ့သုံးကောင်ကို ချက်ချင်း သတ်ပစ်မလို့ပဲကွ။ ဒါပေမယ့် အဆိပ်ပင့်ကူကြီးက အရမ်း အစွမ်းထက်နေမယ် မထင်လိုက်မိဘူး။ အဲ့ပင့်ကူကြီးက အင်မတန် အဆိပ်ပြင်းတဲ့အပြင် ၊ သူ့ အမြန်နှုန်းကလဲ ကြောက်စရာပဲကွ။ အဲ့တော့ ငါ့ဘက်ကလည်း ခဏလောက် နားနေဖို့ကလွဲပြီး တခြား ဘာမှ ရွေးချယ်စရာ မရှိတော့ဘူးလေ " " ငါက မင်းရဲ့ သားရဲသုံးကောင်လုံး အဆိပ်ပင့်ကူကြီးရဲ့ လက်ချက်နဲ့ သေသွားကြမယ်တောင် ထင်နေတာ။ ဒါပေမယ့် နတ်ဘုရားက ကြည့်နေတယ်နဲ့တူပါတယ်ကွာ .. သူတို့ကို ငါ့အတွက် ချန်ထားပေးတယ်။ အဲ့သုံးကောင်က ငါ့ရဲ့ တိုက်ပွဲဝင်သားရဲတွေရဲ့ လက်ချက်နဲ့ပဲ သေဖို့ ထိုက်တန်တာကွ " " သူတို့ကို ငါ့ကိုယ်တိုင် သတ်ပြီးတာနဲ့ တတိယမင်းသားဆီကို သွားပြီး ပြောလို့ရပြီ။ အဲ့ကျရင် ငါရော ငါတို့ ဟယ်မိသားစု တစ်ခုလုံးပါ ရာထူးဂုဏ်ပုဒ်ကောင်းကောင်းကြီးတွေ ရသွားကြမှာ။ အဲ့တော့ မင်းကို ကျေးဇူးအများကြီး တင်ပါတယ် " လူထွားကြီးက ထိုသို့ပြောပြီးနောက် ကျယ်လောင်စွာ အော်ရယ်လိုက်သည်။ သို့သော် ဟွမ်ယင်က သူ့အား မျက်မှောင်ကြုံ့ကြည့်ကာ ပြောလာ၏။ " အဲ့ကောင်ကြီးက ရူးနေတာလား " " ဟုတ်မှာပေါ့ ၊ ဒီတိုင်း လျစ်လျူရှုထားလိုက်ပါကွာ " လောထျန်းကလည်း ပြန်ပြောသည်။ " မင်းတို့ နှစ်ကောင် ... " သူတို့နှစ်ယောက်၏ အထင်သေးဟန် အပြောကြောင့် ဟယ်ချုံရှင်း အလွန်ဒေါသထွက်သွားတော့၏။ သို့သော် သူ ချက်ချင်းဆိုသလိုပင် စိတ်ပြန်ထိန်း၍ ပြောသည်။ " ထားလိုက်ပါလေ ၊ မင်းတို့လို ဘာကိုမှ နားမလည်တဲ့ ကောင်တွေကို ပြောနေလို့လဲ ဘာမှ မထူးဘူး ။ အဲ့တော့ မင်းတို့ရဲ့ သားရဲ သုံးကောင် သနားစရာလေးနဲ့ အသတ်ခံရတာကို မင်းတို့ မျက်လုံးနဲ့ပဲ ကိုယ်တိုင် ကြည့်လိုက်တော့ပေါ့ကွာ။ ငါ သူတို့ ပုန်းနေတဲ့နေရာကို တွေ့ထားပြီးပြီကွ။ ငါ့ရဲ့ သားရဲတွေကိုတောင် ပေးသွားလိုက်ပြီ " သူ ထိုသို့ပြောပြီး လက်တစ်ဖက်ကို ခပ်မြင့်မြင့် မြှောက်လိုက်သည်။ ခပ်လှမ်းလှမ်းရှိ ရှောက်ထျန်းလုံလေး အနောက်ဘက်တွင် ဧရာမ သားရဲသုံးကောင် ရုတ်တရက် ပေါ်လာ၏။ ၎င်းတို့မှာ ဟယ်ချုံရှင်း၏ သားရဲများပင်။ " အဲ့ကောင်တွေ အားလုံးကို သတ်ပစ် " ဟယ်ချုံရှင်းက အသံကျယ်ဖြင့် အော်လိုက်သည်။ ဝေါင်း .. သားရဲကြီး သုံးကောင်ကလည်း ဟိန်းသံများ အသီးသီးပေး၍ ရှောက်ထျန်းလုံတို့ အုပ်စုအား တိုက်ခိုက်လိုက်ကြ၏။ သို့သော် ထိုအချိန်မှာပင် .. အစောက နေမကောင်းဟန်ဖြင့် မြေပြင်တွင် လှဲနေသော ရှောက်ထျန်းလုံလေးက ရုတ်တရက် အမြီးကို မြှောက်လာသည်။ ဘူ ... ထို အမြီးနားလေးမှ အစမ်းရောင်အငွေ့တန်းတစ်ခု ရုတ်တရက် ထွက်လာ၏။ အလစ်တိုက်ခိုက်ရန် ပြင်နေခဲ့ကြသည့် သားရဲသုံးကောင်မှာလည်း ထို အစိမ်းရောင် အငွေ့များကြားထဲ ရောက်သွားတော့သည်။