အီးကြောင့် သေရခြင်း
Vol. 30 Ch. 408
အစောပိုင်းက သားရဲသုံးယေက်မှာ အလွန်ရက်စက်ကြမ်းကြုတ်ဟန်တူပြီး ရှောက်ထျန်းလုံတို့အား အပိုင်းပိုင်းဖြစ်အောင် ဆွဲဖြဲရန် အသင့် ဖြစ်နေခဲ့ကြပါ၏။
သို့သော် အစိမ်းရောင်အငွေ့နှင့် ဖုံးလွှမ်းခံပြီး နောက်တွင်မူ ထိုသားရဲသုံးကောင်မှာ မည်သို့မှပင် မတုန့်ပြန်နိုင်ဘဲ ဝုန်းခနဲ လဲကျသွားကြတော့သည်။
" အင်.... "
ခပ်လှမ်းလှမ်းမှ နေ၍ လောထျန်းမျက်နှာပျက်သွားမည်ကို လှောင်ပြုံးဖြင့် စောင့်ကြည့်နေသော ဟယ်ချုံရှင်းမှာလည်း မျက်နှာ ချက်ချင်း ပျက်သွား၏။
" မင်းတို့သုံးကောင်က ဘာလုပ်နေကြတာလဲ ၊ ပြန်ထကြလေ."
သူ ဒေါသတကြီး အော်ကာ လက်ဖြင့် အစီအမံများ ပြုလုပ်ပြီး သားရဲသိမ်းသွင်းနည်း ပညာရပ်များဖြင့်
သားရဲသုံးကောင်ကို အတင်းထိန်းချုပ်ရန် ကြိုးစားလိုက်သည်။
သို့သော် ခဏအကြာမှာပင် သူ မျက်နှာဆိုးရွားစွာ ပျက်ယွင်းသွား၏။
" သေ... သေ ကုန်ကြပြီလား ၊ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ "
သူ တစ်ကိုယ်တည်း တီးတိုး ရေရွတ်လိုက်သည်။
" ဟင်.. မင်းကောင်တွေက ချက်ချင်း သေသွားကြတာလား "
လောထျန်းသည်လည်း သူ့စကားကို ကြားကာ အံ့သြမှင်သက်သွား၏။
ထိုစကားကြောင့် ဟယ်ချုံရှင်း အလွန်ဒေါသထွက်သွားပြီး လောထျန်းအား လက်ညိုး တထိုးထိုးဖြင့် ဆိုသည်။
" မင်း.. မင်း အကြံပက်စက်လှချည်လား။ ဘယ်လို လျှို့ဝှက်တဲ့ နည်းယုတ်တွေ သုံးလိုက်တာလဲ။ အဲ့ အစိမ်းရောင်အငွေ့က ဘာလဲ "
အံအားသင့်နေသော လောထျန်းက ပြန်ပြော၏။
" အစိမ်းရောင်အငွေ့ ဟုတ်လား.. ဘယ်လိုလုပ် သိမှာလဲကွ။ မိုးကြိုးသားရဲရဲ့ အထူးအကွက်တွေများလား "
သူ ထိုသို့ပြောကာ ဟွမ်ယင်အား လှည့်ကြည့်လိုက်သည်။
ဟွမ်ယင်ကလည်း စိတ်ရှုပ်နေဟန်ဖြင့် ခေါင်းယမ်း၍ ပြန်ပြော၏။
" ရှောက်ရှန်လေးမှာ အဲ့လိုအကွက်မျိုး မရှိဘူး။ ခုနကတော့ အဲ့အစိမ်းအရောင် အငွေ့က ရှောက်ထျန်းလုံလေးရဲ့ ကိုယ်ကနေ ထွက်လာတာ မြင်လိုက်ရတယ် "
လောထျန်း အံအားသင့်သွားရသည်။
" တကယ်ကြီးလား ၊ အဲ့ကောင်လေးရဲ့ သဘာဝ မှော်အစွမ်းလား မသိဘူး "
ထိုစဥ် ရှောက်ထျန်းလုံမှာ..
" ယား.. "
အစောကကဲ့သို့ မအီမသာ ဖြစ်နေဟန် မရှိတော့ဘဲ အဆင်ပြေသွားဟန် တူပါ၏။
သို့သော် မိုးကြိုးသားရဲနှင့် မျောက်တို့ကမူ ထူးဆန်းသော မျက်နှာပေးများ ကိုယ်စီ ဖြစ်နေကြသည်။
" ငါ ထင်တာ မမှားရင်... ခုနက အီးပေါက်လိုက်တာလား "
မိုးကြိုးသားရဲက မေးသည်။
မျောက်ကလည်း ခေါင်းညိတ်၍ ပြော၏။
" အဲ့လိုပဲနဲ့ တူတယ်ကွ။ ဒါပေမယ့် အစိမ်းရောင် အီးမျိုးက တော်တော်ရှားတယ်နော် "
" ပြီးတော့ ခုနက ဟိုသုံးကောင်က အဲ့အီးကြောင့် အသက်ရှူကျပ်ပြီး သေသွားကြတာလား "
မိုးကြိုးသားရဲက ဆက်မေးသည်။
" အင်း.. အဆိပ်မိပြီး သေသွားတယ်လို့ ပြောရမယ်ထင်တယ်။ ကောင်လေးက ခုနက အသက်ကိုးသွယ် အဆိပ်ပင့်ကူရဲ့ လက်ကို စားထားတော့ အဆိပ်တွေ
ပြန်ထုတ်လိုက်တာလား မသိဘူး "
" ဝု.. "
ရှောက်ထျန်းလုံလေးမှာလည်း မိုးကြိုးသားရဲတို့ နှစ်ယောက်က သူ့အနောက်သို့ စိုက်ကြည့်နေကြသဖြင့် သူပါ နောက်လှည့်ကြည့်လိုက်သည်။
ထိုအချိန်တွင် အစိမ်းရောင်အငွေ့များ ပြယ်သွားပြီ ဖြစ်သဖြင့် သူ့အနောက်ဘက်တွင် လဲကျနေကြသော သားရဲ သုံးကောင်၏ အလောင်းလည်း ထင်ထင်ရှားရှား ရှိနေပြီဖြစ်၏။
ထိုသားရဲတို့၏ အလောင်းများမှာ အခြေအနေ အလွန်ဆိုးနေပါသည်။
အဆိပ်ငွေ့ကြောင့် သူတို့၏ ခန္ဓာကိုယ်များက အပေါက်များနှင့် ဖြစ်နေပြီး မည်သို့သော သားရဲမျိုး ဖြစ်သည်ကိုပင် ပြောရန် မလွယ်ပါချေ။
ထိုမြင်ကွင်းကို မြင်သောအခါ ရှောက်ထျန်းလုံလေး၏ မျက်လုံးများ ပြူးကျယ်သွားပြီး မယုံနိုင်
ဟန်ဖြင့် တစ်ကိုယ်လုံး တောင့်သွား၏။
" ကိစ္စမရှိပါဘူးကွာ ၊ သူတို့က လူဆိုးတွေ ။ သေသွားလဲ ဘာမှ မဖြစ်ဘူး "
ရှောက်ထျန်းလုံလေး သူ့ကိုယ်သူ အပြစ်ရှိသည်ဟု ခံစားနေရမည် စိုးသဖြင့် မိုးကြိုးသားရဲက နှစ်သိမ့်လိုက်သည်။
ရှောက်ထျန်းလုံလေးကမူ သူ့ကမ္ဘာကြီး ပြိုကွဲသွားသည့်အလား အံ့သြတုန်လှုပ်နေသည့် မျက်နှာလေးဖြင့် ကြက်သေ သေနေဆဲပင် ။
မျောက်က ထိုမြင်ကွင်းကို ကြည့်ရင်း ရုတ်တရက် အကြံတစ်ခု ရသွားဟန်ဖြင့် ဝင်ပြော၏။
" အင်း.. အဲ့သားရဲ သုံးကောင်က အဆိပ်ငွေ့ကြောင့် သေသွားရတာ၊ မင်းကြောင့် မဟုတ်ဘူး "
ထိုစကားကို ကြားမှသာ ရှောက်ထျန်းလုံ ခန္ဓာကိုယ် တစ်ချက် တုန်သွားပြီး သက်ပြင်းရှည်ကြီး ချသည်။
" ဝု.... "
မိုးကြိုးသားရဲမှာ ၎င်းကိုကြည့်ရင်း မျက်မှောင်ကြီး ကြုံ့သွားတော့သညိ။
ထိုကောင်လေးက ဤကိစ္စကို စိတ်ပူနေခဲ့တာတဲ့လား။
ထိုစဥ် အခြားတစ်ဖက်မှ အော်သံကျယ်ကြီး တစ်သံ ထွက်ပေါ်လာ၏။
အသက်ကိုးသွယ် အဆိပ်ဝိဥာဥ် ၊ဧရာမ ကင်းခြေများ တစ်ကောင်နှင့် အခြား အဆိပ်ရှိ သားရဲတစ်ကောင်တို့ ဝုန်းဒိုင်းကြဲနေကြသည်။
" ဟို သုံးကောင် ၊ ဒီကို လာခဲ့ကြစမ်း။ မင်းတို့က ငါ့ကို ဆွဲခေါ်သွားတဲ့အပြင် ငါ့လက်တစ်ချောင်းကိုပါ ပြတ်အောင် လုပ်ရဲတယ်ပေါ့လေ။ မင်းတို့ကို ငါ သတ်မယ် "
အသက်ကိုးသွယ် အဆိပ်ဝိဥာဥ်က အလွန်ဒေါသထွက်နေဟန်ဖြင့် ဆိုသည်။
ဤ ကောင်းကင်ဘုံ နဂါးပြိုင်ပွဲသို့ သူ လာခဲ့စဥ်က သူ့အစွမ်းများကို ထုတ်ပြပြီး နတ်ဘုရားသားရဲ တစ်ကောင်ကို အဆိတ်ခပ်ပစ်မည်ဟု တွေးထားခဲ့ပါ၏။
သို့သော် ပွဲစပြီး မကြာခင်မှာပင် ယခုလို ရှက်စရာ အဖြစ်မျိုးနှင့် ကြုံရလိမ့်မည်ဟု သူ မည်သို့ ထင်မိပါမည်နည်း။
" သခင်ကြီး... ကျေးဇူးပြုပြီး စိတ်လျှော့ပါ "
ကင်းခြေများက သတိထားပြီး အကြံပေးသည်။
" ပါးစပ်ပိတ်ထားစမ်း ၊ ဘာမှ သုံးစားမရတဲ့ကောင် ။ မင်းကို ငါ ခုနတည်းက တိုက်ခိုက်ဖို့ ပြောနေတာလေ။ ဘာလို့ ခုထိဘာမှ မလုပ်ရသေးတာလဲ... ဟင် "
အသက်ကိုးသွယ် အဆိပ်ပင့်ကူက ဒေါသတကြီး အော်ကာ အဆိပ်ငွေ့များ ထပ်ဖြန်းလိုက်ပြန်သည်။
ကင်းမြေများမှာ ကြောက်လွန်း၍ နောက်သို့ ဆုတ်သွား၏။
" အဲ့သုံးကောင်ကို သတ်စမ်း။ အထူးသဖြင့် ဟို ပုတ်သင်ညိုလိုလို ဘာလိုလို ကောင်လေးကို.. ငါ အဲ့ကောင်ကို အပိုင်းပိုင်း ဖြစ်သွားအောင် လုပ်ပစ်မှာကွ "
အဆိပ်ပင့်ကူကြီးက ဒေါသတကြီး ထပ်အော်လိုက်
ပြန်သည်။
" ကျို့လေး.. စိတ်လျှော့ပါ "
ထိုအချိန်တွင် ပင့်ကူကြီး၏ သခင်ဖြစ်သော အစိမ်းရောင်ဝတ်စုံနှင့် အမျိုးသမီးကလည်း အပြေးအလွှား ရောက်လာသည်။
" ပါးစပ် ပိတ်ထားစမ်း။ ဒီနေ့ ငါ့ကို ဘယ်သူမှ တားလို့ မရဘူး။ ကောင်းကင်ဘုံ နဂါး ပြိုင်ပွဲတွေ ဘာတွေလဲ စိတ်မဝင်စားဘူး။ ဒီနေ့ ဟိုကောင်လေးကို မသတ်ရမချင်း ဒီကနေ ဘယ်ကောင်မှ ထွက်လို့မရဘူးသာမှတ် "
အဆိပ်ပင့်ကူကြီးမှာကား ဒေါသထွက်လွန်း၍ အရူးတစ်ယောက်လိုပင် ဖြစ်နေ၏။
သို့သော် ထိုအချိန်တွင် တစ်ယောက်က အေးစက်စက် ပြောလာသည်။
" အဆိပ်ပင့်ကူ... မင်းပြောတာ သေချာပြီလား "
" ဟင်. ဘယ်သူလဲ.. ဘယ်ကောင် သေချင်နေတာလဲ "
ပင့်ကူကြီးက ဒေါသတကြီး ထပ်အော်လိုက်
ပြန်သည်။
သူ လှည့်ကြည့်လိုက်သည့် အချိန်တွင်မူ ဝူကျီပင်လယ်မှ သားရဲသခင်က ဧရာမ ကင်းမွန်ကြီးနှင့်အတူ သူ့နောက် ရောက်နေသည်ကို တွေ့လိုက်ရ၏။
" ရှင်က ဘာလုပ်ချင်လို့လဲ "
ထိုလူကို မြင်သည်နှင့် အစိမ်းရောင် ဝတ်စုံဝတ် မိန်းမပျို၏ မျက်နှာထား ချက်ချင်း တည်သွားသည်။
ဤ ရွှမ်တိုက်ပွဲကွင်းပြင် အတွင်း သူမ အကြောက်ရဆုံး သူမှာ ထိုသူပင် မဟုတ်ပါလား။
ဝူကျီပင်လယ်မှ သားရဲသခင်က အေးအေးဆေးဆေးပင် ပြန်ပြော၏။
" ဘာမှ မဟုတ်ပါဘူး ၊ ဒီ ပြိုင်ပွဲမှာ အသက်ကိုးသွယ် အဆိပ်ပင့်ကူက တခြားသားရဲတွေ အများကြီးကို သတ်ထားတော့ တော်တော်နာမည်ကောင်း ရနေတာလေ။ အဲ့တော့ အဆိပ်ပင့်ကူကိုသာ အနိုင်ယူလိုက်နိုင်မယ် ဆိုရင် ကျုပ်လဲ တိုက်ပွဲတစ်ပွဲတည်းနဲ့ နာမည်ကျော်သွားမှာလို့ တွေးမိလို့ပါ "
အစိမ်းရောင်ဝတ် အမျိုးသမီး မျက်မှောင်ကြုံ့သွားသည်။
" ဟမ့်.. တကယ်လို့ ရှင်ကသာ နတ်ဘုရားသားရဲကို ခေါ်လာရင် ကျွန်မအနေနဲ့ ရှင့်ကို လုံးဝ မတိုက်ခိုက်ရဲတာ မှန်တယ်။ ဒါပေမယ့် အခု ရှင်က နတ်ဘုရားအဆင့် နီးပါး ရှိတဲ့ သားရဲကိုပဲ ထုတ်သုံးထားပြီးတော့ ကျွန်မကို စိန်ခေါ်ရဲနေတယ်ပေါ့လေ ။ အဲ့လို ဆိုမှတော့လဲ ကျွန်မက ရှင့်ရဲ့သားရဲကို ဒီမှာတင် သတ်ပြီး အင်အားကြီးတဲ့ ပြိုင်ဘက်တစ်ယောက်ကို ရှင်းပစ်လိုက်ရုံပဲ ရှိတော့တာပေါ့ "
ထိုသို့ ပြောပြီးသည်နှင့် သူမက အသက်ကိုးသွယ် အဆိပ်ပင့်ကူဘက် လှည့်ကာ အမိန့်ပေး၏။
" ကျို့လေး ၊ သူ့ကို သတ်ပစ်လိုက် "
သို့သော် အဆိပ်ပင့်ကူကြီးက သူမစကားကို လျစ်လျူရှုထားပြီး ပြန်ပြောလာသည်။
" မသတ်ဘူး ၊ ကျုပ် ဟို သုံးကောင်ကို အရင် သတ်ရဦးမှာ "
အမျိုးသမီးမှာ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
တဖက်ရှိ ဝူကျီပင်လယ်မှ သားရဲသခင်က အသံကျယ်ဖြင့် အော်ရယ်ရင်း ပြော၏။
" ကိုယ့်သားရဲကိုယ်တောင် မထိန်းနိုင်ဘူးတဲ့ကွာ.. ရယ်စရာ ကောင်းလိုက်တာ။ ကျုံ့ကျိုးက သားရဲသခင်ကြီးတွေက တော်တော်အစွမ်းနိမ့်ကြတာပဲ "
သူ့စကားကြောင့် အစိမ်းရောင်ဝတ် အမျိုးသမီး ချက်ချင်း ဒေါသထွက်သွားသည်။
" ဘာလို့ မထိန်းနိုင်ရမှာလဲ... ၊ ကျို့လေး .. ငါ့ကို အပြစ်မတင်ပါနဲ့ "
အမျိုးသမီးက ပြောပြောဆိုဆိုပင် လက်ဖြင့် အစီအမံအချို့ ပြုလုပ်လိုက်သည်။
အသက်ကိုးသွယ် အဆိပ်ပင့်ကူကြီး၏ ကိုယ်ပေါ်မှ ကျောက်စိမ်းရောင် ထွင်းစာများ ရုတ်ချည်း အရောင်လက်လာ၏။
" မင်း... "
အဆိပ်ပင့်ကူကြီးက အမျိုးသမီးဘက် ခေါင်းလှည့်လာကာ ဒေါသငွေ့ ပါနေသည့် အကြည့်ဖြင့် ကြည့်လာသည်။
သို့သော် ချက်ချင်း ဆိုသလိုပင် သူ့မျက်လုံးများ အရောင်မှိန်သွားပြီး ထွင်းစာတစ်ခုဖြင့် အစားထိုးခြင်း ခံလိုက်ရပါ၏။
" အိုး.. သားရဲသိမ်းသွင်းနည်းနဲ့ သူ့ခန္ဓာကိုယ်ကို ထိန်းချုပ်ပြီး တိုက်ခိုက်ဖို့ ကြိုးစားနေတာပဲ "
တဖက်လူက ရယ်ရင်း ဆိုသည်။
" ဘယ်လိုဖြစ်ဖြစ် ကျွန်မ ရှင့်ကို အနိုင်ယူနိုင်မှာပဲလေ "
အမျိုးသမီးက အေးစက်စက် နှာခေါင်းရှုံ့ပြီးနောက် အခြား အဆိပ်ရှိ သားရဲနှစ်ကောင်ဘက် လှည့်၍ အမိန့်ပေးလိုက်သည်။
" သူ့ကို အတူတူ တိုက်ခိုက်ကြ "
ကျန် သားရဲ နှစ်ကောင်မှာလည်း အာမခံရဲကြဘဲ အဆိပ်ပင့်ကူကြီးနှင့်အတူ ရှေ့သို့ တဟုန်ထိုး တိုးသွားကြ၏။
ဝုန်း..
ချက်ချင်းမှာပင် သားရဲ လေးကောင်၏ အညှာအတာမဲ့ တိုက်ခိုက်မှုကြောင့် ကမ္ဘာကြီး တစ်ခုလုံး ပြောင်းပြန်လှန်သွားတော့မလိုပင် ဖြစ်သွားတော့သည်။
ခပ်လှမ်းလှမ်းမှ မျောက်တို့မှာလည်း ထိုမြင်ကွင်းကို အစအဆုံးပင် မြင်နေရပါ၏။
" အဆိပ်ပင့်ကူကြီးက သနားစရာ ကောင်းလိုက်တာ "
" အေးကွာ.. ငါသာ သူ့နေရာမှာ ဆိုရင်လဲ ရူးမလိုကို ဖြစ်သွားမှာပဲ။ ဒါနဲ့ ငါတို့ရဲ့ ဘိုးဘေးလေးက တကယ်ကို အံသြစရာ ကောင်းတာပဲကွ... ဟင်.. ဘယ်ကို ထပ်ရောက်သွားပြန်တာလဲ "
မိုးကြိုးသားရဲက ရှောက်ထျန်းလုံလေးအား ချီးကျူးစကား ဆိုနေစဥ်မှာပင် ရှောက်ထျန်းလုံက ပျောက်ခြင်းမလှ ပျောက်နေပြန်သည်ကို သိလိုက်ရသည်။
သူတို့နှစ်ဦး ဟိုဟိုဒီဒီ ဝေ့ဝဲကြည့်ပြီး ရှာနေကြစဥ်မှာပင် .....
အား...
ဝူး...
လေထဲမှ ပေါ်လာသည့် အသံနှစ်သံကို တစ်ပြိုင်နက်တည်း ကြားလိုက်ကြရ၏။