← Chapters

ငှက်တောင်ပံနှင့် ငှက် ခြေထောက်

Vol. 30 Ch. 409

ငှက်တောင်ပံနှင့် ငှက် ခြေထောက်

Vol. 30 Ch. 409

မိုးကြိုးသားရဲက ကောင်းကင်ယံသို့ ချက်ချင်းပင် မော့ကြည့်လိုက်သည်။

လေထဲတွင်ကား ပေပေါင်း ရာချီ မြင့်သော နတ်ဘုရား သိန်းငှက်ကြီးတစ်ကောင် ရှိနေပါ၏။

ထို သိန်းငှက်ကြီး၏ ဘေးပတ်လည်တွင်လည်း အမည်းရောင် လေထုအလွှာတစ်ခုက ရစ်ပတ်နေသည်။

" သိန်းငှက်ကြီးက သူ့ရဲ့နတ်ဘုရားသွေးကို လုံးဝ အသက်သွင်းလိုက်ပြီ။ ဒီကောင်ကြီးက သူသေ ကိုယ်သေ တိုက်တော့မယ်နဲ့ တူတယ် "

မိုးကြိုးသားရဲက စိုးရိမ်စိတ် မကင်းဟန်ဖြင့် ဆို၏။

ဝုန်း..

တစ်ချိန်တည်းမှာပင် သိန်းငှက်ကြီးနှင့် ခန္ဓာကိုယ်အစွမ်းချင်း သိပ်မကွာလှသည့် နတ်ဘုရား

လင်းတငှက်ကြီး တစ်ကောင်ကလည်း ၎င်း၏ မူလအသွင်သို့ ပြောင်းကာ နောက်တွင် မျောလွင့်နေသော အရိပ်များနှင့်အတူ သိန်းငှက်ကြီးအား ရင်ဆိုင်လာသည်။

" လင်းတ ဆိုတဲ့ အတိုင်းပါပဲလား... "

မျောက်က ၎င်းကို ကြည့်ရင်း မျက်မှောင်ကြီး ကြုံ့နေ၏။

ထို ငှက်ဘုရင်ကြီး နှစ်ကောင်က လေထဲ၌ သူသေ ကိုယ်သေ တိုက်ခိုက်တော့မည့်ဟန် ပြင်နေကြစဥ်မှာပင်...

" ဝု.. "

တတိယမြောက် အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။

ထိုအသံလေးက မကျယ်လှသဖြင့် လူအများစုမှာ ကြားပင် မကြားလိုက်ကြပါချေ။

သို့သော် မိုးကြိုးသားရဲနှင့် မျောက်တို့မှာကား ထိုအသံကို ရင်းရင်းနှီးနှီး သိနေသဖြင့် ချက်ချင်း တုန်

သွားကြ၏။

" ဘိုးဘေးလေးက အဲ့ကိစ္စထဲကို ဘယ်လိုလုပ်ပြီး ဝင်ပါသွားရတာလဲ "

မိုးကြိုးသားရဲမှာ ခြေပင် မခိုင်တော့ဘဲ တစ်ချက် ယိုင်သွားသည်။

မျောက်ကလည်း ကူကယ်ရာ မဲ့နေဟန်ဖြင့် သက်ပြင်းချ၏။

" တော်တော်လေး ပြဿနာ ရှာတတ်တဲ့သူပါလား... "

" ရွှမ် တိုက်ပွဲကွင်းပြင်မှာ ရှိနေကြတဲ့ အားလုံးခင်ဗျာ... အခုဆိုရင် နတ်ဘုရားအဆင့်နီးပါး သားရဲတွေ ဖြစ်ကြတဲ့ သိန်းငှက်ကြီးနဲ့ လင်းတငှက်ကြီးတို့ ရင်ဆိုင်တိုက်ခိုက်ကြပါတော့မယ်။ ကောင်းကင်ယံရဲ့ အရှင်သခင် အစစ်မှန်က ဘယ်သူ ဖြစ်မလဲ ဆိုတာကိုတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်... "

ရွှမ် တိုက်ပွဲကွင်းပြင်၏ ကြေငြာသူထံမှလည်း အသံ ထွက်လာသည်။

ပွဲကြည့်စင်ပေါ်မှ လူများကလည်း ညာသံပေး

အော်ဟစ်ကာ တိုက်ပွဲကို ကြည့်ရန် စိတ်ဝင်တစား စောင့်ဆိုင်းနေကြ၏။

ကောင်းကင်ဘုံ တိုက်ပွဲကွင်းပြင်တွင်ပင် နတ်ဘုရားအဆင့်နီးပါး သားရဲအချင်းချင်းကြားမှ တိုက်ပွဲက ကြုံတောင့်ကြုံခဲ မဟုတ်ပါလား..

" အကိုကြီး.. ကျုပ်တို့တွေ အခု တကယ်ကြီး တိုက်ခိုက်ဖို့ လိုလို့လား.. "

တိုက်ပွဲကွင်းပြင်ထဲမှ ခေါင်းတုံးနှင့် သားရဲသခင်က ပြောလာသည်။

" ငါတို့လဲ ဘာမှ မတတ်နိုင်ဘူးလေ။ သိန်းငှက်ကြီးနဲ့ လင်းတကြီးတို့က အရင်ကတည်းက ရန်ဖက်တွေကွ။ အခု ဒီလိုတောင် ဖြစ်လာမှတော့.. တကယ်လို့ မင်းရော ငါရောက မတိုက်ခိုက်ချင်ဘူး ဆိုရင်တောင် အဲ့နှစ်ကောင်ကို နားချလို့ရမယ် ထင်လို့လား.. "

ခပ်ဝဝနှင့် သားရဲသခင်က နဖူးမှ ချွေးကိုသုတ်ရင်း ပြန်ပြောသည်။

အား...

ဝူး.....

သိန်းငှက်ကြီးနှင့် လင်းတကြီးတို့က တစ်ပြိုင်နက်တည်း အော်လိုက်ကြပြီး တစ်ယောက်ကိုတစ်ယောက် စူးစူးရဲရဲ စိုက်ကြည့်နေကြ၏။

" ဝု.. "

ထိုအချိန် သူတို့နှစ်ကောင်ကြားတွင် ရောက်နေသည့် ရှောက်ထျန်းလုံ လေးကလည်း အော်လိုက်သည်။

သို့သော် သူ့ အသံလေးက ငှက်ကြီး နှစ်ကောင်၏ အော်သံများကြားထဲ ရောက်နေသဖြင့် မည်သူမှ မကြားလိုက်ကြပါချေ။

ငှက်ကြီးနှစ်ကောင်သည်ပင် သူ့အား သတိမထားမိဘဲ တစ်ယောက်ကို တစ်ယောက်သာ စားမတတ် ဝါးမတတ် ကြည့်နေကြပါ၏။

ရှောက်ထျန်းလုံလေး မကျေမနပ် ဖြစ်သွားဟန်

တူသည်။

ထို သားရဲများက အဘယ့်ကြောင့် သူ့ကို ဂရုမစိုက်ဘဲ ရှိနေရပါသနည်း။

ရှောက်ထျန်းလုံမှာ ရုတ်ချည်း ဒေါသထွက်သွားသောကြောင့် ပါးလေးများပင် ဖောင်းသွား၏။

" တိုက်ခိုက်တော့.. "

" သတ်စမ်း "

သားရဲ သခင် နှစ်ယောက်က တစ်ပြိုင်နက်တည်း အမိန့်ပေးလိုက်ကြသည်။

ဝုန်း..

ငှက်ကြီး နှစ်ကောင်ကလည်း တစ်ကောင်ဆီတစ်ကောင် တစ်ပြိုင်နက်တည်း ပြေးဝင်သွားကြ၏။

" အခြေနေ မကောင်းဘူး "

၎င်းကို မြင်သောအခါ မိုးကြိုးသားရဲ၏ မျက်နှာထား ချက်ချင်း ပြောင်းသွားပြီး အပြေးသွား

ကူရန် ပြင်လိုက်သည်။

သို့သော် သူ့ဘေးမှ မျောက်က လက်ဆန့်ထုတ်၍ ရုတ်တရက် တား၏။

" မလှုပ်နဲ့... အဲ့ကောင်တွေက ဘယ်အဆင့်ရှိတယ်ဆိုတာ မင်းလဲ မြင်တာပဲ။ မင်းသာ အဲ့ကိုသွားရင် သေရမယ်ဆိုတာ မသိဘူးလား.. "

မျောက်က အေးစက်စက် ပြောလိုက်သည်။

" ဒါပေမယ့်.. "

မိုးကြိုးသားရဲမှာ စိတ်ပူဟန် ရှိနေဆဲပင်။

" စိတ်မပူပါနဲ့.. ဘိုးဘေးလေးက မသေနိုင်ပါဘူး။ ငါထင်တာတော့.. ဟို ငှက်ကြီးနှစ်ကောင်ကိုတောင် ပို စိတ်ပူရဦးမှာ.. "

မျောက်က ပြော၏။

" အင်.. "

မိုးကြိုးသားရဲမှာ ခေတ္တမျှ ဆွံ့အသွားရသည်။

ထိုအချိန်တွင် ငှက်ကြီးနှစ်ကောင်မှာ တဟုန်ထိုး

ပြေးလွှားနေကြပြီး တခဏ အကြာမှာပင် အသံကျယ်ကြီး တစ်သံနှင့်အတူ အချင်းချင်း တိုက်မိသွားကြ၏။

ဘုန်း..

ရွှမ် တိုက်ပွဲကွင်းပြင်ကြီး တစ်ခုလုံးလည်း တုန်ခါသွားသည်။

ဖုန်မှုန့်လုံးကြီးများလည်း လေထဲသို့ လိမ့်တက်လာပြီး မည်သို့ ဖြစ်ပျက်နေသည်ကိုပင် မမြင်ရတော့ပါချေ။

" သိန်းငှက်.. "

" လင်းတ... "

သားရဲသခင်နှစ်ယောက်၏ မျက်နှာထားများ ချက်ချင်း ပြောင်းသွားကာ လက်ဖြင့် အစီအမံများ အမြန်လုပ်၍ သူတို့ သားရဲများ၏ အခြေအနေကို စစ်ဆေးကြည့်လိုက်ကြသည်။

ချက်ချင်း ဆိုသလိုပင် သူတို့၏ မျက်နှာထားများ ထပ်ပြောင်းသွားကြပြန်၏။

ဒဏ်ရာ ဆိုးရွားစွာ ရထားခဲ့ကြလေပြီ...

သူတို့၏ သားရဲ နှစ်ကောင်လုံးပင် ဒဏ်ရာဆိုးဆိုးရွားရွား ရသွားခဲ့ကြခြင်း ဖြစ်ပါသည်။

ဘုန်း... ဘုန်း...

ထိုစဥ်မှာပင် ဖုန်မှုန့်လူံးကြီးထဲမှ အရိပ်နှစ်ခု ပေါ်လာပြီး မြေပြင်သို့ အရှိန်ပြင်းပြင်း ကျသွားကြ၏။

သားရဲ သခင်နှစ်ယောက်မှာလည်း တုန့်ဆိုင်းမနေရဲဘဲ ချက်ချင်း အပြေးသွားကာ စစ်ဆေးကြည့်လိုက်ကြသည်။

သူတို့၏ တိုက်ပွဲဝင်သားရဲများမှာကား အမှန်တကယ်ပင် ဒဏ်ရာပြင်းထန်စွာ ရထားခဲ့ကြ၏။

" ဖေးထျန်း.. မင်းရဲ့ တောင်ပံတွေ.. "

ခေါင်းတုံးနှင့် သားရဲသခင်က သိန်းငှက်ကြီးအား

စစ်ဆေးကြည့်လိုက်ရာ ၎င်း၏ တစ်ကိုယ်လုံးတွင် ဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်နေသည်ကို မြင်လိုက်ရသည်။

အဆိုးဆုံး ဒဏ်ရာမှာ တောင်ပံတစ်ဖက် မရှိတော့ခြင်းပင်..

ထိုသို့သော ဒဏ်ရာမျိုးမှာ မှော်ဆေးပင်များနှင့် နတ်ဘုရားသွေး အကူအညီဖြင့်ပင်လျှင် သက်သာပျောက်ကင်းရန် အနည်းဆုံး သုံးနှစ်မှ ငါးနှစ်ခန့်အထိ အချိန်ယူရမည် ဖြစ်ပါ၏။

" လင်းတကြီး... "

တဖက်မှ ခပ်ဝဝနှင့် သားရဲသခင်မှာလည်း ခြေတစ်ဖက် မရှိတော့သော လင်းတကြီးကို ကြည့်ကာ ချက်ချင်း မျက်နှာပျက်သွားသည်။

သူတို့ ကောင်းကင်ဘုံ နဂါးပြိုင်ပွဲ၌ ဝင်မပြိုင်ရသေးခင်မှာပင် သူတို့၏ တိုက်ပွဲဝင်သားရဲများက ဒဏ်ရာ ဆိုးဆိုးရွားရွား ရသွားခဲ့ပြီ မဟုတ်ပါလား။

" ဟမ့်.. ခင်ဗျယးက လှည့်ကွက်တွေ တပုံတပင်နဲ့ပါ

လား "

" မင်းရော ဘာထူးလို့လဲကွ "

သားရဲ သခင်နှစ်ယောက်တို့က ဒေါသငွေ့ လွှမ်းနေသော မျက်လုံးများဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

ဤတိုက်ပွဲအပြီး သူတို့ ရန်သူများ ဖြစ်သွားခဲ့ကြလေပြီ။

ထိုစဥ် တဖက်ရှိ မိုးကြိုးသားရဲမှာ ပြီးဆုံးသွားသည့် တိုက်ပွဲကို ကြည့်ရင်း စိတ်ပူမိသွားပြန်၏။

" ဟင်.. အဲ့နှစ်ကောင်က ဒဏ်ရာ ဆိုးဆိုးရွားရွား ရသွားတာပဲ။ ဟို ဘိုးဘေးရော.. ဘယ်မှာလဲ "

သူ စိုးရိမ်တကြီးဖြင့် လေထဲမော့ကြည့်ကာ ရှာလိုက်သော်လည်း ရှောက်ထျန်းလုံလေး၏ အစအနကိုပင် မတွေ့ရပါချေ။

" ဝု... "

သို့သော် ထိုအချိန်တွင် မိုးကြိုးသားရဲနှင့် မျောက်တို့

နောက်မှ သူတို့ရင်းနှီးနေသည့် အသံလေးတစ်သံ ထွက်လာသည်။

ထိုအသံကို ကြားသည်နှင့် မိုးကြိုးသားရဲ စိတ်သက်သာရာ ရသွား၏။

" ဘိုးဘေးလေး.. နောက်ခါ အဲ့လို မလုပ်ပါနဲ့ဗျာ။ အဲ့လို အဆင့်မျိုးရှိတဲ့ တိုက်ပွဲထဲကို ဒီတိုင်းကြီး ဝင်ပါလို့ မဖြစ်.... ဟင်.. "

သူ ရှောက်ထျန်းလုံအား သတိပေးရန် ကြိုးစားလိုက်သော်လည်း.. နောက်လှည့်ကြည့်ချိန်၌ ရှောက်ထျန်းလုံလေးက ထိခိုက်မှု တစ်စုံတရာ မရှိဘဲ သူတို့နောက်တွင် ရပ်နေသည်ကို မြင်လိုက်ရသည်။

သို့သော်... ထို့ထက်ပို အရေးကြီးသည်မှာ ရှောက်ထျန်းလုံလေး၏ လက်သေးသေး တစ်ဖက်ထဲတွင် ငှက်တောင်ပံကြီး တစ်ခုကို ကိုင်ထားပြီး အခြားတစ်ဖက်၌ ငှက်ခြေထောက် တစ်ချောင်းကို ကိုင်ထားခြင်း ဖြစ်၏။

မိုးကြိုးသားရဲမှာ ထိုအရာများကို ကြည့်ရင်း ဘာဖြစ်နေသည်ကို ရုတ်တရက် သဘောပေါက်သွားကာ

အသံတုန်တုန်ဖြင့် ပြောလိုက်သည်။

" အဲ့ဒါတွေက.. ဟို ငှက်ကြီး နှစ်ကောင်ရဲ့ ဟာတွေလား.. "

" ဝု.. "

ရှောက်ထျန်းလုံလေးက ခေါင်းညိတ်ပြ၏။

" အဲ့ဒါတွေကို ဘိုးဘေးလေး ကိုယ်တိုင် ဖြုတ်ယူခဲ့တာလား "

မိုးကြိုးသားရဲက ထပ်မေးလိုက်သည်။

" ဝု.. "

ရှောက်ထျန်းလုံလေးက ခေါင်းဆက်ညိတ်ပြ၏။

ဂလု..

မိုးကြိုးသားရဲမှာ တံတွေးကို ခက်ခက်ခဲခဲ မြိုချလိုက်ရသည်။

" ဒါဆို အဲ့နှစ်ကောင်က တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်ရင်း ဒဏ်ရာ ရသွားကြတာ မဟုတ်ဘဲနဲ့....

ဘိုးဘေးလေးကြောင့် ဒဏ်ရာ ရသွားခဲ့ကြတာပေါ့ "

" ဝု... "

ရှောက်ထျန်းလုံလေးက ခေါင်း ဆက်ညိတ်ပြလာ၏။

မိုးကြိုးသားရဲနှင့် မျောက်တို့ ဆံပင်မွေးများပင် ထောင်သွားကြတော့သည်။

ထို ငှက်ကြီးနှစ်ကောင်မှာ နတ်ဘုရားအဆင့် နီးပါး သားရဲများ ဖြစ်ကြပါသည်။

ထိုသို့သော အစွမ်းထက် သားရဲကြီးနှစ်ကောင်က ရှောက်ထျန်းလုံလေး လက်ချက်ကြောင့် တခဏအတွင်း ဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားခဲ့ကြ သတဲ့လား။

ထိုမျှမက.. ၎င်းတို့၏ တောင်ပံနှင့် ခြေထောက်များကိုပါ ပြန်ယူလာသေးတဲ့လား ။

" ခဏလေး.. ဘိုးဘေးလေးက ဒီနှစ်ခုကို ပြန်ယူလာတာ ဆိုတော့ အဲ့ဒါတွေကို စားမလို့လား "

မျောက်က မေးလိုက်သည်။

ရှောက်ထျန်းလုံလေးက ခေါင်း ပြန်ညိတ်ပြ၏။

မျောက်က ခပ်မြန်မြန် ဆက်ပြောသည်။

" အဲ.. အရမ်းကြီး စိတ်မလောပါနဲ့ဗျာ။ အဲ့ဒါတွေက နတ်ဘုရားအဆင့်နီးပါး ရှိတဲ့ သားရဲတွေရဲ့ အသား ဆိုတော့ ... ဒီတိုင်းကြီး မစားဘဲနဲ့ အခု ခနသိမ်းထားပြီးတော့ ပြန်ရောက်မှ ကင်ပြီး စားလေဗျာ ဘ ဘယ်လိုလဲ.. "

နတ်ဘုရားအဆင့် နီးပါး သားရဲများ၏ အသားမှာ အလွန်အဖိုးတန်သော အရာဟု ပြော၍ ရပါသည်။

ထိုအသားထဲတွင် နတ်ဘုရားသွေးနှင့် နတ်ဘုရားအစွမ်းအချို့ ပါဝင်သည်ဖြစ်ရာ သေချာသာ ကိုင်တွယ်တတ်ပါက အခွင့်ရေးကောင်း တစ်ခုဟုပင် သတ်မှတ်၍ ရပါ၏။

" ဝု.. "

ထိုစကားကို ကြားသည့်အချိန်တွင်မူ ရှောက်ထျန်းလုံလေးက သူ့အစာကို လက်မလွတ်ချင်သည့်အလား မျက်နှာလေး ပျက်သွားသည်။

မျောက်က ချက်ချင်း ပြန်ရှင်းပြ၏။

" မဟုတ်ပါဘူးဗျာ ၊ ကျုပ်က ဘိုးဘေးလေးဆီက ဟာကို အတင်းလုဖို့ ကြိုးစားနေတာ မဟုတ်ပါဘူး။ အခု ခဏပဲ သိမ်းထားပြီး အချိန်တန်ရင် သခင်လေးကိုရော နည်းနည်း ပေးချင်လို့ပါ "

မျောက်မှာ အမှန်တကယ်လည်း ထိုကောင်လေးကို ကြောက်ပါသည်။

" ဝု... "

ရှောက်ထျန်းလုံလေးက ခေတ္တမျှ စဥ်းစားနေပြီးမှသာ ခေါင်းပြန်ညိတ်ပြ၏။ ထို့နောက်မှ မပေးချင် ပေးချင်ဟန်ဖြင့် ငှက်တောင်ပံနှင့် ခြေထောက်အား မျောက်ရှေ့သို့ ပစ်ချပေးလိုက်သည်။

" ဟူး... သခင်လေး လောထျန်းရဲ့ နာမည်သုံးလိုက်မိတာ တော်သေးတာပေါ့ "

မျောက်မှာ ထိုအချိန်မှသာ စိတ်သက်သာရာ ရသွားပြီး သက်ပြင်းချ၍ ထိုအရာနှစ်ခုအား ဟင်းလင်းပြင် လက်စွပ်ထဲ ထည့်လိုက်တော့သည်။

သို့သော်.. ထိုအချိန်မှာပင်..

ဘုန်း..

တိုက်ပွဲကွင်းပြင် အလယ်ဘက်မှ အသံကျယ်တစ်သံ ထွက်ပေါ်လာပြန်၏။

All Chapters