← Chapters

အစွမ်းထက် နတ်ဘုရားအဆင့် နီးပါး သားရဲ

Vol. 30 Ch. 410

အစွမ်းထက် နတ်ဘုရားအဆင့် နီးပါး သားရဲ

Vol. 30 Ch. 410

" ဟင်... "

မျောက်မှာ အံ့အားသင့်သွားပြီး နောက်လှည့်ကြည့်လိုက်ရာ တိုက်ပွဲကွင်းပြင် အလယ်ဘက်မှ တိုက်ပွဲက အဆုံးသတ်ခါ နီးနေပြီကို မြင်လိုက်ရသည်။

ယခင်က ကြောက်စရာ အလွန်ကောင်းနေခဲ့သည့် အသက်ကိုးသွယ် အဆိပ်ပင့်ကူကြီးမှာကား ကင်းမွန်ကြီး၏ လက်တစ်ဖက်ဖြင့် ချုပ်နှောင်ခြင်း ခံထားရပြီး လေထဲတွင် အမြှောက်ခံထားရပါ၏။ ၎င်းမှာ လှုပ်ရှားမှု အလျဥ်းမရှိတော့ဘဲ အသက် သေသည်၊ ရှင်သည်ကိုပင် ပြောရန် ခက်နေပြီ ဖြစ်သည်။

ကျန် အဆိပ်သားရဲ နှစ်ကောင်မှာလည်း မြေပြင်တွင် သွေးအလိမ်းလိမ်းပေကာ လဲကျနေကြပါ၏။

" မဖြစ်နိုင်တာ... သုံးယောက် တစ်ယောက် တိုက်ခိုက်တာတောင် အသက်ကိုးသွယ် အဆိပ်ပင့်ကူကြီးနဲ့ ဟို အဆိပ်သားရဲ နှစ်ကောင်က ရှုံးသွားခဲ့ကြတာလား "

မိုးကြိုးသားရဲ ပါးစပ်အဟောင်းသား ဖြစ်သွား

တော့သည်။

ထိုစဥ် ကင်းမွန်ကြီးက လက်ကို လွတ်ချလိုက်ရာ အသက်ကိုးသွယ် အဆိပ်ပင့်ကူက လေထဲမှနေ၍ မြေကြီးပေါ်သို့ ဘုန်းခနဲ ကျလာ၏။

" ကျို့လေး... "

အစိမ်းရောင်ဝတ် အမျိုးသမီးက ကြောက်လန့်တကြား အော်ခေါ်လိုက်သည်။

သို့သော် အဆိပ်ပင့်ကူကြီးမှာ သူမကို မည်သို့မှ မတုန့်ပြန်လာပါချေ။

" မင်းတို့ ပြိုင်ပွဲက အထုတ်ခံလိုက်ရပြီ "

ဝူကျီပင်လယ်မှ သားရဲသခင်က အေးစက်စက် ပြောလာသည်။

" မျိုးမစစ်ကောင်.. "

အစိမ်းရောင်ဝတ် အမျိုးသမီး အလွန်ဒေါသထွက်သွားကာ သူသေ ကိုယ်သေ တိုက်ခိုက်ရန် ပြင်လိုက်၏။

သို့သော် ထိုအချိန်မှာပင် ..

ဝီ..

အလင်းတန်းတစ်ခု လင်းလက်လာပြီး သူမနှင့် သူမ၏ တိုက်ပွဲဝင်သားရဲများအားလုံး တိုက်ပွဲကွင်းပြင် အပြင်ဘက်သို့ တည်နေရာရွှေ့ပြောင်း ခံလိုက်ရတော့သည်။

အားလုံးမှာ ထိုမြင်ကွင်းကို ကြည့်ရင်း အံသြတုန်လှုပ်သွားကုန်၏။

အစောပိုင်းတွင်ပင် အသက်ကိုးသွယ် အဆိပ်ပင့်ကူကြီးအား ထိပ်ဆုံးနေရာ ရနိုင်သည်ဟု ထင်ကြေးပေးထားခဲ့ကြသူ အချို့ ရှိနေပါသေးသည်။

သို့သော် ၎င်းက ယခုလို အလွယ်တကူ ရှုံးနိမ့်သွားလိမ့်မည်ဟု မည်သူ တွေးမိပါမည်နည်း။

" အဲ့လူက အစွမ်းထက်လိုက်တာ.. ":

" ဒါတောင် သူ့ရဲ့ အစွမ်းအထက်ဆုံး တိုက်ပွဲဝင်

သားရဲ မဟုတ်သေးဘူးနော်။ သူ့ရဲ့ နတ်ဘုရားသားရဲက ဘာမှကို မလုပ်ရသေးဘူးကွ "

" ကြည့်ရတာ ငါတို့ သူ့ကို လျှော့တွက်လိုက်မိပြီနဲ့ တူတယ် "

ပွဲကြည့်စင်မှ လူများက သူတို့ထင်ရာကို တစ်ယောက်တစ်ပေါက် ပြောလိုက်ကြသည်။

ထိုစဥ် တိုက်ပွဲကွင်းပြင်ထဲမှ အခြေအနေမှာလည်း ရုတ်ရုတ်သဲသဲ ဖြစ်နေပါ၏။

" အဲ့ကောင်ကို အစွမ်းထက်မယ်မှန်း တွေးထားမိပေမယ့် ခုလောက်ကြီး အစွမ်းထက်မယ်လို့တော့ ထင်မထားမိခဲ့ဘူး "

မိုးကြိုးသားရဲက တီးတိုးရေရွတ်လိုက်သည်။

" အမှန်ပဲ... ကောင်းကင်ဘုံ တံခါးဝ အဆင့်က နတ်ဘုရားအဆင့်နီးပါး သားရဲ တစ်ကောင်အဖို့တောင်.. သူ့အစွမ်းက တကယ်ကြောက်စရာ ကောင်းလွန်းနေတယ် "

မျောက်မှာလည်း မျက်နှာကြီး တည်နေ၏။

အကယ်၍ သူတို့သာ ကျင့်ကြံခြင်းအဆင့် တူကြပါက လောထျန်း အသွင်ပြောင်းပေးထားသော သူ့သွေးအစွမ်းဖြင့် ထိုသားရဲအား အလွယ်တကူ အနိုင်ယူနိုင်မည်ဟု သူ ယုံကြည်ချက် အပြည့် ရှိပါသည်။

သို့သော် လက်ရှိတွင်ကား သူနှင့် တစ်ဖက်သားရဲ၏ ကျင့်ကြံခြင်း အဆင့်ကြားတွင် ကွာဟချက် ကြီးလွန်းနေပါ၏။ သို့ဖြစ်ရာ ထိုသားရဲအား အနိုင်တိုက်နိုင်မည်ဟု သူ ယုံကြည်မှု မရှိပါချေ။

" နောက်တစ်နည်း ပြောရရင်တော့.. အခြေအနေ မကောင်းဘူး "

မိုးကြိုးသားရဲက ထပ်ဖြည့်ပြောသည်။

" ဝု.. "

ရှောက်ထျန်းလုံလေးကလည်း ခေါင်းညိတ်ရင်း အသံပေးလာ၏။

" ဟင်.. ဘိုးဘေးလေးကရော အဲ့လိုပဲ ထင်တာလား "

ရှောက်ထျန်းလုံလေးက ထိုသို့ တုန့်ပြန်လိမ့်မည်ဟု

ထင်မထားသဖြင့် မျောက် အံ့အားသင့်သွားရသည်။

သို့သော် ရှောက်ထျန်းလုံအား လှည့်ကြည့်လိုက်သည့် အချိန်တွင်မူ သူ နှုတ်ခမ်းမဲ့သွား၏။

အဘယ့်ကြောင့်ဆိုသော် ရှောက်ထျန်းလုံလေးက ကင်းမွန်ကြီးအား သွားရေ တမျှားမျှားကျကာ ကြည့်နေသောကြောင့်ပင်။

၎င်းကို တွေ့သည်နှင့် မျောက်မှာ အခြေအနေကို ချက်ချင်း ရိပ်စားမိလိုက်သည်။

" ဘိုးဘေးလေး.. ဒီ အဆင့်မှာ ကျုပ်တို့ရဲ့ အစွမ်းကို အရမ်းကြီး ထုတ်မကြွားဖို့ သခင်က မှာထားသေးတယ်လေ။ အဲ့တော့ ဒီကောင့်ကို အခု သွားရန်မစဘဲ နေကြမယ်လေဗျာ။ တခြားသားရဲတွေကို ကြည့်လိုက်ပါဦး... ဘိုးဘေးလေး ဘယ်ကောင်ကို စားချင်လဲ "

သူ့စကားကို ကြားသောအခါ ရှောက်ထျန်းလုံက ဘေးဘီသို့ ဝေ့ဝဲကြည့်လိုက်သည်။ သို့သော် စိတ်ပျက်သွားသည့် မျက်နှာကြီးဖြင့် ပြန်လှည့်လာပြီး ကင်းမွန်ကိုသာ လက်ညိုးထိုး၍ အသံပေး၏။

" ဝု.. "

မျောက်မှာ မျက်နှာကြီး သုန်မှုန်သွားတော့သည်။

ထို အစားဂျီးများသော ကောင်လေးက နတ်ဘုရားအဆင့်နီးပါး သားရဲများမှလွဲ၍ ကျန်သားရဲများကို စိတ်မဝင်စားဘူး တဲ့လား။

" ခဏ စိတ်လျှော့ထားပါဦးဗျာ.. ။ နောက်တစ်ဆင့် ပေါ့.. နောက်တစ်ဆင့်ကျရင် ထပ်စားလို့ရပြီလေ "

မျောက်က လေသံတိုးတိုးဖြင့် နှစ်သိမ့်၏။

ယခု သူ ပြောသွားခဲ့သည့် စကားက အမှန်တွင်လည်း လောထျန်း အမိန့် ဖြစ်ရာ သူ မလွန်ဆန်ဝံ့ပါချေ။

သို့သော် ရှောက်ထျန်းလုံလေးကမူ သူ့စကားကို နားဝင်ဟန် မတူဘဲ ကင်းမွန်ကြီးကိုသာ အလွန်စားချင်ဟန်ဖြင့် ကြည့်နေရှာသည်။

ထိုစဥ် တိုက်ပွဲကွင်းပြင် အလယ်ရှိ ဝူကျီပင်လယ်မှ သားရဲသခင်ကလည်း သူတို့ကို သတိထားမိသွား၏။

" အဲ့ဒါ မီးနဂါးခြသေ့်ကို ကိုက်လိုက်တဲ့ ဟို ထူးထူးဆန်းဆန်း သားရဲလေး မဟုတ်လား ။ ဟား ဟား.. ကြည့်ရတာ ငါ့ တိုက်ပွဲဝင်သားရဲရဲ့ အစွမ်းကို တွေ့ပြီး ကြောက်သွားတာနဲ့ တူတယ် "

သူ နှုတ်ခမ်းတွန့်ရုံ ပြုံးကာ စိတ်ထဲမှ ကြိတ်ပြောလိုက်သည်။

တဖက်မှ မျောက်၏ ကြောက်လန့်နေပုံ အမူအရာကြောင့် သူ အထင်လွဲသွားခြင်း ပါပင်...

သူ အသက်ပြင်းပြင်း တစ်ချက်ရှိုက်ကာ ကျယ်လောင်စွာ ပြောလိုက်သည်။

" ဒီပွဲက တော်တော် ပျင်းစရာ ကောင်းတာပဲ ၊ ကျုပ် ဆက်ပြီးတော့တောင် မတိုက်ခိုက်ချင်တော့ဘူး။ နောက်တစ်ခေါက်တော့ မင်းတို့တွေ အားလုံးကို တစ်ပြိုင်တည်းပဲ သတ်လိုက်မယ်ကွာ "

" ဟင်... ငါတို့တွေ အားလုံးကို သတ်မယ်တဲ့ "

" မင်းက တော်တော် မောက်မာလွန်းပါလားကွ "

လူအချို့က မကျေမနပ်ဟန်ဖြင့် ပြန်ပြောလိုက်ကြသည်။

သို့သော် သူက ထိုစကားများကို ဂရုမစိုက်ဘဲ လှောင်ပြုံးဖြင့် ထပ်ပြော၏။

" ကျုပ်က မောက်မာရုံ သက်သက်ပဲလား ၊ တကယ်လဲ အပြောနဲ့အလုပ် ညီတဲ့သူလား ဆိုတာ စောင့်ကြည့်လိုက်ပေါ့ဗျာ ။ ဗိုလ်ချုပ်ဝူ.. ခေါင်းတလားမည်း ပညာရပ် "

ဝူး...

သူ့ စကား ဆုံးသည်နှင့် ကင်းမွန်ထံမှ အော်သံကျယ်ကြီး ထွက်လာပြီး ၎င်း၏ ခန္ဓာကိုယ်မှ အမည်းရောင် အငွေ့များ ထွက်လာသည်။ ထိုအရာများက ရွှမ် တိုက်ပွဲကွင်းပြင် နေရာအများစုကို တခဏအတွင်း လွှမ်းခြုံသွား၏။

" ဟင်.. ဘာတွေ ဖြစ်နေတာလဲ ၊ ဘာလို့ ဘာမှ မမြင်ရတော့တာလဲ "

" မဖြစ်ဘူး... ဒါ ဟိုကင်းမွန်ကြီးရဲ့ အကွက် ဖြစ်မယ်

နဲ့ တူတယ်။ အားလုံး သတိထားကြဟေ့ "

တိုက်ပွဲကွင်းပြင်ထဲတွင် ရှိနေကြသော သားရဲသခင်များနှင့် သူတို့၏ တိုက်ပွဲဝင်သားရဲများ အားလုံးနီးပါးပင် ချက်ချင်း ကြောက်ရွံ့ကုန်ကြသည်။

တဖက်မှ မျောက်မှာလည်း အလွန်ကြောက်လန့်သွား၏။

" မိုးကြိုးသားရဲ.. ငါ့နောက်မှာ ပုန်းနေ ။ ကြည့်ရတာ ဒီအမှောင်ထုက ရှေ့ပြေးလှည့်ကွက်တစ်ခုနဲ့ တူတယ်။ ပြီးမှ အမှောင်ထုကို အားကိုးပြီး တိုက်ခိုက်လာမှာလား မသိဘူး "

မျောက်က အော်ပြောလိုက်သည်။

" ဟုတ်ပြီ.. "

မိုးကြိုးသားရဲမှာလည်း တင်းခံမနေဘဲ ချက်ချင်း သဘောတူကာ မျောက်နောက်တွင် ဝင်ပုန်းလိုက်သည်။ သူသည် ကောင်းကင်ဘုံနဂါးသွေးကို စုပ်ယူထားခဲ့သည့်တိုင် သူ့ သွေးအစွမ်းက မျောက်လောက် အစွမ်းမထက်သည်ကို သေချာသိထားပြီး မဟုတ်ပါလား။

ထိုအချိန်တွင် တိုက်ပွဲကွင်းပြင်အလယ်ရှိ အမှောင်ထုထဲမှ ကြောက်မက်ဖွယ် လူသတ်အရိပ်အငွေ့တစ်ခု ထွက်ပေါ်လာ၏။

ဝူကျီပင်လယ်မှ သားရဲသခင်၏ အော်သံကိုလည်း ခပ်လှမ်းလှမ်းမှ လူများပင် ကြားလိုက်ကြရသည်။

" ဗိုလ်ချုပ်ဝူ.. ပင်လယ်ကြီးက သေသွားပြီ "

ဝုန်း.. ဝုန်း.. ဝုန်း... ဝုန်း....

ထို့နောက်တွင်မူ ကင်းမွန်ကြီး ရှိနေသည့်ဘက်မှ မရေမတွက်နိုင်သော လက်ချောင်းများ ထွက်ပေါ်လာပြီး အရပ်မျက်နှာ ပေါင်းစုံသို့ တိုက်ခိုက်လိုက်တော့၏။

ထိုသားရဲ၏ လှုပ်ရှားမှုမှာ ယခင်ကတည်းက အလွန် မြန်နေခဲ့ပြီးသား ဖြစ်သည့်အပြင်.. ယခု အမှောင်ထုကလည်း ကြီးစိုးနေသဖြင့် ၎င်း၏ တိုက်ခိုက်မှုကို တိမ်းရှောင်ရန် မဖြစ်နိုင်ဘဲ ရှိနေတော့သည်။

တခဏအတွင်းမှာပင် ရွှမ် တိုက်ပွဲကွင်းပြင် အနှံ့မှ အော်သံများ တစ်သံပြီး တစ်သံ ထွက်ပေါ်လာ၏။

" ချီး... "

မျောက်မှာ တစ်ကိုယ်လုံးရှိအမွးများ ထောင်သွားပြီး ရှေ့မှ အမှောင်ထုကို သတိထား ကြည့်ရင်း တိုက်ခိုက်ရန် အသင့်ပြင်ထားလိုက်သည်။

ရုတ်တရက်.. ကြောက်မက်ဖွယ် လူသတ်အရိပ်အငွေ့ တစ်ခုက သူတို့အနားသို့ ရောက်လာ၏။

" ရောက်လာပြီ.. "

မျောက်က အသက်ပြင်းပြင်း တစ်ချက်ရှိုက်ပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်၍ ထိုးချရန် အသင့်ပြင်လိုက်သည်။

သို့သော်.. ထိုအချိန်တွင် သူတို့အနား ရောက်လာသည့် လူသတ်အရိပ်အငွေ့က ရုတ်တရက် ပျောက်ကွယ်သွားပြီး တိုက်ခိုက်လာတော့မည့် အရာမှာလည်း ချက်ချင်း ပျောက်ကွယ်သွားသည်ကို သူ သတိထားမိလိုက်၏။

" ဟင်.. ဘာတွေ ဖြစ်နေတာလဲ "

မျောက်မှာ အံ့သြမှင်သက်သွားရသည်။

သို့သော် ထိုအချိန်မှာပင် လူသတ် အရိပ်အငွေ့တစ်ခုက ဘယ်ဘက်မှ ထပ်မံတိုက်ခိုက်လာပြန်၏။

" ဒီဘက်ကလား.. "

မျောက်က ဘယ်ဘက်သို့ လှည့်ပြီး တိုက်ခိုက်ရန် ထပ်ပြင်လိုက်ပြန်သည်။

သို့သော် ယခင်က ကဲ့သို့ပင် လူသတ်အရိပ်အငွေ့က ထပ်မံ ပျောက်ကွယ်သွားပြန်၏။

မျောက်မှာ ထိုသို့ လူသတ်အရိပ်အငွေ့ကို အာရုံခံမိလိုက် ၊ ပြန်ပျောက်ကွယ်သွားလိုက်ဖြင့် ခုနစ်ကြိမ် တိတိပင် ဖြစ်သွားခဲ့သည်။

သူ လုံးဝ နားမလည်နိုင် ဖြစ်နေရတော့၏။

" ဘာတွေ ဖြစ်နေတာလဲဟ "

ထိုအချိန်တွင် ဘေးပတ်ဝန်းကျင်မှ အော်သံများ နည်းသထက် နည်းလာပြီး အမှောင်ထုကလည်း တဖြည်းဖြည်း လွင့်ပါးလာသည်။

" ဟိုမှာ.. ရွှမ် တိုက်ပွဲကွင်းပြင်ကို ကြည့်လိုက်ဦး.. ဘာတွေ ဖြစ်နေတာလဲ "

ပွဲကြည့်စင်ပေါ်မှ လူတစ်ယောက်က တအံ့တသြ ရေရွတ်လိုက်သည်။

" ဟင်.. တိုက်ပွဲကွင်းပြင် တစ်ခုလုံး ပြောင်းသွားတာပဲ။ အဲ့ကောင်က ဘာလုပ်လိုက်တာပါလိမ့် "

" ဟို မြေကြီးပေါ်မှာ လဲကျနေတဲ့ဟာတွေက သားရဲ အလောင်းတွေလား.. ၊ အဲ့သားရဲတွေ အကုန်လုံးကို ကင်းမွန်ကြီးက သတ်သွားခဲ့တာလား "

" ဝူကျီပင်လယ်က နတ်ဘုရားအဆင့်နီးပါး သားရဲက တကယ်အစွမ်းထက်တာပဲ "

ရွှမ် တိုက်ပွဲကွင်းပြင်ထဲမှ စိတ်မကောင်းစရာ မြင်ကွင်းကို ကြည့်ရင်း အားလုံး အံ့သြတုန်လှုပ်ကုန်ကြတော့သည်။

ပွဲကြည့်စင် တစ်နေရာရှိ သွေးနီယူနီကွန်းမှာကား မျက်နှာကြီး အလွန်တည်နေပါ၏။

" ကောင်းကင်ဘုံတံခါးဝ အဆင့်ရှိတဲ့ နတ်ဘုရားအဆင့်နီးပါး သားရဲပါလား... ငါ အဲ့ကောင်ရဲ့ သွေးအစွမ်းကို လိုချင်တယ် "

သူ့မျက်လုံးများ အရောင်လက်သွားကြသည်။

တိုက်ပွဲကွင်းပြင် အခြားတဖက်၌...

အမှောင်ထု ပျောက်ကွယ်သွားသည်နှင့် ရှေ့မှ ထိတ်လန့်စရာ မြင်ကွင်းကို မျောက် တွေ့လိုက်ရတော့သည်။

" တော်တော် ကြောက်စရာကောင်းတဲ့ အစွမ်းပါလား ။ ကြည့်ရတာ ငါတို့ ကံကောင်းသွားတယ်နဲ့ တူတယ်။ ခုနကသာ အဲ့ကောင်ကြီးရဲ့ လက်ချက်မိသွားရင် ငါတို့ ပြဿနာကောင်းကောင်းကြီး ကြုံလိုက်ရမှာ။ ငါ့ရဲ့ အစွမ်းအပြည့်ကို ထုတ်မသုံးရင်တောင် အသက်ဘေးက လွတ်ဖို့ မသေချာဘူး ။ အဲ့ကောင်ကြီးက ငါတို့ကို လွဲသွားတာ တော်သေးတာပေါ့ကွာ.. ဟုတ်တယ်မလား "

မျောက်က ပြောပြောဆိုဆို နောက်သို့ လှည့်ကြည့်လိုက်သည်။

သို့သော် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် သူ ကြောက်လန့်တုန်လှုပ်ကာ ကြက်သေ သေသွားပါ၏။

All Chapters