လျှို့ဝှက်အကြံအစည်
Vol. 30 Ch. 412
ထိုအချိန်တွင် လွေ့နန်မှာ တစ်ကိုယ်လုံး အမည်းရောင်အစွမ်းတစ်ခုက လွှမ်းခြုံနေပြီး ကြောက်စရာ အလွန်ကောင်းနေပါ၏။
ထိုအရောင်အဝါက အရပ်မျက်နှာပေါင်းစုံသို့ ပျံ့နေသဖြင့် အနီးနားတဝိုက် ရှိနေသော လူများအားလုံးပင် ကျောထဲ ချမ်းစိမ့်သွားကြသည်။
" သခင်ကြီး လွေ့နန် "
ယွမ်ရှောက် မြို့စားကြီးက တုန်တုန်ယင်ယင် စကားစလိုက်သည်။
သူ့စကားကို ကြားမှသာ လွေ့နန် အသိပြန်ဝင်လာပြီး သူ့အရောင်အဝါကို ပြန်သိမ်းလိုက်သည်။
" သခင်ကြီး လွေ့နန် ၊ အဲ့ဒီ လောထျန်းဆိုတဲ့ သူနဲ့ သခင်ကြီးတို့ကြားမှာ ရန်ငြိုးတွေ ရှိထားလို့လား "
ယွဲ့လွင်နိုင်ငံ ဘုရင်မင်းမြတ်က သတိထား မေးလိုက်သည်။
လွေ့နန် အံအနည်းငယ် ကြိတ်လိုက်သည်။
ရန်ငြိုး ရှိလား... တဲ့..
လောထျန်းဆိုသည့် သူမှာ သူ့ဘဝ၏ အကြီးဆုံး ရန်သူပင် ။
လွေ့နန် ဆိုသည့် သူမှာ ပါရမီရှင်တစ်ယောက် ဖြစ်ပါသည်။
အကယ်၍ သူသာ အစောကတည်းက အမှောင်ထဲမှ လှုပ်ရှားတတ်သည့် ဝမ်ဟွန်းကွေ့ယီ ဂိုဏ်းသို့ မဝင်ခဲ့ပါက ယခုဆိုလျှင် ကမ္ဘာကျော် လူတစ်ယောက်ပင် ဖြစ်နေလောက်လေပြီ။
သူသည် အဆင့်တူ ကျင့်ကြံသူများထဲ၌ ပါရမီရော ၊ အစွမ်းပါ အကောင်းဆုံးဟု ပြော၍ ရပါ၏။
သို့တိုင်.. သူ မရောက်နိုင်သည့် တစ်နေရာ ရှိနေသေးဆဲ ဖြစ်ပါသည်။
၎င်းမှာ ကမ္ဘာပေါ်မှ မသေမျိုးတစ်ယောက် ဖြစ်ရန် ဆန္ဒပင်..
သူ ကောင်းကင်ဘုံ တံခါးဝ အဆင့်သို့ ရောက်ပြီးနောက်ပိုင်း ကမ္ဘာပေါ်မှ မသေမျိုးတစ်ယောက် ဖြစ်လာရန် အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ကြိုးစားခဲ့ပါ၏။ သို့သော် သူ အကြိမ်တိုင်းပင် ရှုံးနိမ့်ခဲ့ရသည်။
မည်သို့ပင် ဆိုစေ ၊ သူ ထိုကိစ္စနှင့် ပတ်သက်၍ အရှုံးမပေးခဲ့ပါ။
သို့သော် မိစ်ဆာဝိဉာဉ် တစ်ကောင်ကို ဖမ်းဆီးရန် ဝမ်ဟွန်းကွေ့ယီဂိုဏ်းနှင့် ရင်ဆိုင်ရသည့် တိုက်ပွဲတစ်ခုတွင်မူ သူ မိစ်ဆာဝိဉာဉ်၏ အကွက်ချ လှည့်စားမှုကို ခံခဲ့ရပြီး သေမလိုအခြေအနေ ဖြစ်သွားခဲ့ရ၏။
နောက်ဆုံးတွင်မူ သူ မည်သို့မှ မတတ်နိုင်တော့သည့် အဆုံး သူတို့ ဂိုဏ်းချုပ်ကြီး ဟိုးယခင်ကတည်းက ကြိုပြင်ဆင်ပေးထားခဲ့သည့် မသေမျိုးအစွမ်းကို လက်ခံယူကာ မသေမျိုးအဆင့်သို့ ရောက်ခဲ့ရသည်။ မသေမျိုးအဆင့် ရောက်ပြီးနောက်ပိုင်း
မိစ်ဆာဝိဉာဉ်ကိုလည်း အလွယ်တကူပင် ဖမ်းဆီးနိုင်ခဲ့ပါ၏။
သို့သော် သူ ကမ္ဘာပေါ်မှ မသေမျိုးတစ်ယောက် ဖြစ်လာရန် အခွင့်အရေးကိုမူ ဆုံးရှုံးခဲ့ရပါသည်။
မည်သို့ပင်ဆိုစေ.. လွေ့နန်ဆိုသည့် သူသည် ပါရမီရှင်တစ်ယောက် ဖြစ်ကာ အရူးတစ်ယောက်ဟုလည်း ဆို၍ ရပါ၏။
ထိုသို့ အခက်အခဲဖြင့် ကြုံတွေ့နေခဲ့ရသည့် အချိန်တွင် သူ ဖြစ်နိုင်ချေ နောက်တစ်ခုကို စဉ်းစား အဖြေရှာ ရသွားခဲ့သည်။
ထို့ကြောင့် သူ့ခန္ဓာကိုယ်နှင့် စိတ်ဝိဉာဉ်ကို သုံးပိုင်း ပိုင်းဖြတ်ပြီး မတူညီသော ကျင့်ကြံခြင်းများကို ကျင့်ကြံခဲ့၏။
အချိန်ကျ၍ ကျင့်ကြံခြင်း လုံးဝ တိုးတက်သွားခဲ့လျှင်မူ သူ့ခန္ဓာကိုယ်နှင့် ကျင့်ကြံခြင်းများက တစ်ခုတည်းအဖြစ် ပြန်လည်ပေါင်းစည်းသွားမည် ဖြစ်သည်။
ထိုအချိန်ဆိုပါက ကန့်သတ်ချက်များကို ချိုးဖျက်ပြီး ကမ္ဘာပေါ်မှ မသေမျိုးတစ်ယောက်လည်း ဖြစ်လာနိုင်ပေမည်။
သို့သော် မျှော်လင့်မထားစွာပင် သူ့ခန္ဓာကိုယ် အပိုင်း နှစ်ခုက လောထျန်း၏ ဖျက်ဆီးချေမှုန်းခြင်းကို ခံခဲ့ရပါ၏။
သူ့ကျင့်ကြံခြင်း ကလည်း လုံးဝ ဖြတ်တောက်ခံခဲ့ရကာ သူ နှစ်ထောင်ပေါင်းများစွာကြာ ကြိုးစားထားခဲ့ရသည့် ရလဒ်များက တခဏအတွင်း ပျောက်ကွယ်သွားခဲ့ရသည်။
ထို့ကြောင့်လည်း သူ လောထျန်းအား အရိုးထဲထိတိုင် မုန်းနေခြင်းပင်။
" သခင်ကြီး လွေ့နန် ၊ အဲ့ လောထျန်းဆိုတဲ့ကောင်ကို ကျုပ် ကိုင်တွယ်ပြီး ရှင်းလိုက်ရမလား "
ယွမ်ရှောက်မြို့စားက မေးလာသည်။
လွေ့နန်က ယွမ်ရှောက်မြို့စားကြီးအား ချက်
ချင်း လှည့်ကြည့်လိုက်၏။
ထို အေးစက်စက်အကြည့်ကြောင့် ယွမ်ရှောက်မြို့စားကြီးမှာ ငရဲသို့ တမဟုတ်ချင်း ကျသွားသလို ခံစားလိုက်ရပြီး ဘုတ်ခနဲ ဒူးထောက်လျက်သား ဖြစ်သွားသည်။
" ရှင်းမယ်.. ဟုတ်လား ၊ ကျုပ်တောင် မရှင်းနိုင်တဲ့ကောင်ကို ခင်ဗျားက ဘယ်လို ရှင်းမှာလဲ "
လွေ့နန်က အေးစက်စက် ပြန်ပြောလိုက်သည်။
" ဘယ်လို.. ဒီကောင်က အဲ့လောက်ကို အစွမ်းထက်တာလား.. "
ယွမ်ရှောက်မြို့စားကြီး အံသြမှင်သက်သွားသည်။
လွေ့နန် မည်မျှ အစွမ်းထက်သည်ကို သူ သိထယးပြီး မဟုတ်ပါလား။
ထိုလူသည် ကမ္ဘာပေါ်မှ မသေမျိုးတစ်ယောက် မဟုတ်သည့်တိုင် သာမာန် မသေမျိုးများအနေဖြင့် လုံးဝ ယှဉ်၍ မရပါချေ။
ထိုသို့သော သူသည်ပင် မရှင်းနိုင်သော သူ ဆိုပါ
က.. မည်မျှ အစွမ်းထက်နေမည်နည်း။
ထိုတခဏ၌ ယွမ်ရှောက်မြို့စားကြီးရော ၊ ယွဲ့လွင်နိုင်ငံ ဘုရင်မင်းမြတ်ပါ အကြီးအကျယ် တုန်လှုပ်သွားကုန်ကြသည်။
" သခင်ကြီး.. အဲ့ကောင်ကြောင့် ကျုပ်တို့ အစီအစဉ် ထိခိုက်သွားနိုင်လား "
ယွမ်ရှောက်မြို့စားက သတိထား မေးလိုက်သည်။
လွေ့နန် မျက်မှောင်ကြုံ့သွား၏။
" မဟုတ်ဘူး.. ၊ အဲ့ဒါနဲ့ ဆန့်ကျင်ဘက် ဖြစ်မှာ "
" ဟင်.. "
တဖက်လူနှစ်ယောက် အံ့အားသင့်သွားကြပြန်၏။
လွေ့နန်က လှောင်ပြုံးဖြင့် ဆိုသည်။
" ကျုပ်က အစပိုင်းတုန်းကတော့ နတ်ဆိုးသခင်ကြီး ယွမ်လင်ကို ဒီကောင်းကင်ဘုံနဂါးပြိုင်ပွဲဆီ မျှားခေါ်ဖို့ပဲ စဉ်းစားထားခဲ့တာ။ ဒါပေမယ့် အဲ့ဒီ မသေမျိုးအဘိုးကြီးက သတိကြီးလွန်းတော့ နဂါးမျိုးနွယ်ရဲ့ ရတနာကတောင် သူ့ကို မဆွဲဆောင်နိုင်ခဲ့ဘူး။
သူက ဘာမဟုတ်တဲ့ သူ့လက်အောက်က လူလေးနည်းနည်းပဲ လွှတ်လိုက်တာ "
" ဒါ့ကြောင့်မို့ ကျုပ်က ဒီအစီစဉ်ကို မအောင်မြင်တော့ဘူး လို့တောင် ထင်ထားခဲ့တာ။ ဒါပေမယ့် ခုလို လောထျန်းက မဖိတ်ဘဲ ရောက်လာမယ်လို့ ဘယ်ထင်ထားပါ့မလဲ ။ ဒီတစ်ကြိမ်တော့ သူ့ကို အနိုင်ယူနိုင်မယ့်အပြင် ကျုပ်အတွက်ပါ လက်တုန့်ပြန်ခွင့် ရတော့မှာ။ ဒါ ဘုရားက ကူညီပေးလိုက်တာပဲ "
သူ့စကားကြောင့် ယွမ်ရှောက်မြို့စားကြီး အံ့အားသင့်သွားကာ မေးလာသည်။
" အဲ့ဒီ လောထျန်းဆိုတဲ့ ကောင်က နတ်ဆိုးသခင်ကြီး ယွမ်လင်နဲ့တောင် ယှဉ်လို့ ရတာလား.. "
လွေ့နန်က အေးစက်စက် ပြန်ပြော၏။
" ကျင့်ကြံခြင်းအဆင့်ချင်း ယှဉ်လိုက်ရင် သူက နတ်ဆိုးသခင်ကြီး ယွမ်လင်လောက် မကောင်းပေမယ့် ၊ ခန္ဓာကိုယ် အစွမ်းချည်း သက်သက်ကိုပဲ ကြည့်မယ် ဆိုရင်တော့ သူက ယွမ်လင်ထက် သာတယ် "
" ဘယ်လို... "
ယွမ်ရှောက်မြို့စားကြီး သာမက ၊ ယွဲ့လွင်နိုင်ငံ ဘုရင်မင်းမြတ်ပါ မျက်လုံးအပြူးသား ဖြစ်ကုန်ကြသည်။
နတ်ဆိုးသခင်ကြီး ယွမ်လင် ဆိုသည်မှာ ကမ္ဘာပေါ်မှ မသေမျိုးတစ်ယောက် ဖြစ်ပါသည်။
ယခု လောထျန်း၏ ခန္ဓာကိုယ်အစွမ်းက ထိုသို့သော သူမျိုးထက်ပင် ပိုအစွမ်းထက်နေသတဲ့လား ။
လောထျန်းက ဘီလူးတစ်ကောင်ပေလား...
လွေ့နန်က သူတို့နှစ်ယောက်ကို တစ်ချက်ဝေ့ကြည့်ကာ ဆက်ပြောသည်။
" ကျုပ် ပြောတာ သေချာနားထောင်ကြပါ ၊ အစီအမံ မစခင်မှာ ဘယ်လို မတော်တဆမျိုးမှ ဖြစ်လို့ မရဘူးနော်။ ကျုပ်ဘက်က မလှုပ်ရှားခင် အချိန်ထိ လောထျန်း ထွက်သွားလို့ မရဘူး ။ ပြီးတော့ ခင်ဗျားတို့အနေနဲ့လဲ သူ့ကို သွားတိုက်ခိုက်လို့ မရဘူး... သဘောပေါက်ကြလား "
တဖက်မှ လူကြီးနှစ်ယောက်က ချက်ချင်း ခေါင်းငုံ့သွားကာ ပြန်ပြောလိုက်ကြသည် ။
" ဟုတ်ကဲ့ ၊ သဘောပေါက်ပါတယ်။
လွေ့နန်က လှောင်ပြုံးဖြင့် ထပ်ပြော၏။
" အကောင်းဆုံးသာ ကြိုးစားကြပါ။ ဒီ အစီအစဉ် အောင်မြင်ပြီးသွားရင် ခင်ဗျားတို့ နှစ်ယောက်အတွက် မသေမျိုးအစွမ်းတွေ လုံလောက်အောင် ပေးပြီး မသေမျိုးအဆင့်ကို ရောက်နိုင်အောင် ကျုပ် လုပ်ပေးမယ် "
ထိုစကားကို ကြားသည်နှင့် တဖက်လူကြီး နှစ်ယောက်၏ မျက်လုံးများ အရောင်လက်သွားကြတော့သည်။
မသေမျိုးအဆင့် ရောက်နိုင်အောင် မသေမျိုးအစွမ်းများ ပေးမည်တဲ့လား...
မည်မျှ ကောင်းလိုက်သော အခွင့်ရေးကြီးပါနည်း...
၎င်းမှာ သာမာန်မသေမျိုးအဆင့်သာ ဖြစ်သော်လည်း
ကျင့်ကြံသူ အများစုအတွက်မူ တစ်သက်တွင် တစ်ကြိမ်ပင် ရခဲလှသော အခွင့်ကောင်းကြီး ဖြစ်ပါသည်။
" ကျေးဇူးတင်ပါတယ် သခင်ကြီး "
သူတို့နှစ်ယောက် သံပြိုင် ပြန်ပြောလိုက်ကြသည်။
ထို့နောက်တွင်မူ လွေ့နန်၏ ခန္ဓာကိုယ်အား အမည်းရောင်အစွမ်းများ လွှမ်းခြုံလာပြီး ကျန်လူများရှေ့မှ တမဟုတ်ချင်း ပျောက်ကွယ်သွား၏။
" အရှင်မင်းမြတ်ကြီး... ကျုပ်တို့တွေ ခုလို အခွင့်ရေးမျိုးနဲ့ ကြုံရမယ်လို့ လုံးဝတောင် မထင်ထားခဲ့မိဘူးဗျာ "
ယွမ်ရှောက်မြို့စားကြီး က အပြုံးဖြင့် ဆိုသည်။
ယွဲ့လွင်နိုင်ငံ ဘုရင်မင်းမြတ်ကလည်း ခေါင်းညိတ်၍ ပြော၏။
" ဟုတ်တယ်ဗျာ။ ကျုပ် မသေမျိုးအဆင့်ကို ရောက်ချင်နေခဲ့တာ နှစ်တွေအများကြီး ကြာသွားခဲ့ပြီ ။ ခုလိုမျိုး မြန်မြန်ရောက်သွားရမယ်လို့ မတွေးမိခဲ့ဘူး "
သူတို့နှစ်ဦး ပြောပြောဆိုဆိုပင် ရယ်မောလိုက်ကြသည်။
ထိုအချိန်တွင်..
" သတင်းပို့ပါတယ် မြို့စားကြီး ၊ လောထျန်းက လောင်းကြေးကို ထုတ်ချင်ပါတယ်တဲ့ "
အခိုင်းအစေတစ်ယောက် ရုတ်တရက် ရောက်လာပြီး ယွမ်ရှောက်မြို့စားကြီး ရှေ့တွင် ဒူးတစ်ဖက်ထောက်၍ ပြောသည်။
" လောင်းကြေးကို ထုတ်ချင်တာ.. အဲ့ဒါဆိုလဲ ထုတ်ပေးလိုက်လေ "
ယွမ်ရှောက်မြို့စားကြီးက အပြုံးဖြင့် ပြန်ပြော၏။
တဖက်လူ ခေါင်းကုတ်၍ ထပ်ပြောလာသည်။
" ဟို.. မြို့စားကြီး ၊ လောင်းထားတဲ့ စိတ်စွမ်းအင်ကျောက်တုံး ပမာဏကို တချက် ကြည့်လိုက်ပါဦးဗျာ "
ယွမ်ရှောက်မြို့စားကြီး၏ မျက်နှာ ချက်ချင်း သု
န်မှုန်သွားကာ တဖက်လူ ကမ်းပေးလာသော စာရင်းစာရွက်ကို ယူလိုက်၏။
" စိတ်စွမ်းအင်ကျောက်တုံး ပမာဏက ဘာဖြစ်လို့လဲ ။ ငါတို့ဆီမှာ တခြားသူတွေဆီကနေ ရထားတဲ့ စိတ်စွမ်းအင်ကျောက်တုံးတွေ အများကြီး ရှိသေးတာပဲ။ ငါတို့ ကောင်းကင်ဘုံသားရဲ တိုက်ပွဲကွင်းပြင်မှာ စိတ်စွမ်းအင်ကျောက်တုံးတွေ အဲ့လောက်များတာကို ။ ပေးစမ်းဘ.. ငါကြည့်မယ်... "
သူ ထိုသို့ပြောကာ စာရင်းအား အထင်သေးသည့် မျက်နှာဖြင့် ကြည့်လိုက်သည်။ သို့သော်.. ကိန်းဂဏန်းများကို မြင်ပြီးနောက်တွင်မူ သူ့မျက်လုံးများ ပြူးကျယ်သွားတော့၏။
" ဒါ... သောင်း ၊ သိန်း ၊ သန်း ၊ ကုဋေ..... ဒါကို ဘယ်လိုတောင် ဖတ်ရမှာလဲ "
ဂဏန်းများမှာ ရှည်လွန်း၍ သူ မည်သို့ ဖတ်ရမည်ကိုပင် မသိတော့ပါချေ။
" ချီး.. ဘာတွေ ဖြစ်နေတာလဲ ။ သူက ဘာကိစ္စကြောင့် အဲ့လောက် နိုင်သွားရတာလဲ "
ယွမ်ရှောက်မြို့စားကြီးက ဒေါသတကြီး အော်လိုက်သည်။
ထိုအချိန်တွင် ကြမ်းပေါ်၌ ဒူးထောက်နေဆဲ ဖြစ်သော အကြီးအကဲက လေသံတိုးတိုးဖြင့် ပြောလာ၏။
" ကျုပ် တောင်းပန်ပါတယ် မြို့စားကြီး ၊ အဲ့ဒါ ကျုပ်တို့ဘက်က အမှားပါ။ ကျုပ်တို့က လောထျန်းဆိုတဲ့သူ နောက်တစ်ဆင့် တက်နိုင်မယ်လို့ မထင်တာရယ် ၊ တစ်ယောက်ယောက်က အဲ့လောက်အများကြီး လောင်းလာမယ်လဲ မထင်တာကြောင့်မို့ လောင်းကြေး အများဆုံး ပမာဏကို မသတ်မှတ်ထားလိုက်မိဘူး ။ ရလဒ်အနေနဲ့.... "
ယွဲ့လွင်နိုင်ငံ ဘုရင်မင်းမြတ်မှာလည်း မျက်မှောင်ကြုံ့နေပြီး စာရင်းစာရွက်ကို ယူကြည့်လိုက်သည်။
" လောင်းကြေးက ဘာဖြစ်လို့လဲ ။ အဲ့လောက် လောင်းကြေးကိုတော့ တကယ်လို့ ယွမ်ရှောက်မြို့က မပေးနိုင်ရင်တောင် ကျုပ်တို့ ယွဲ့လွင်နိုင်ငံက... "
ယွဲ့လွင်နိုင်ငံမှ ပေးမည်ဟု သူ ပြောရန် ပြင်နေစဥ်မှာပင် မြင်လိုက်ရသည့် ဂဏန်းကြောင့် စကားဆက်မ
ပြောနိုင်ဘဲ ကြက်သေ သေသွား၏။
" မြို့စားကြီး.. ဒါကတော့ မလွန်လွန်းဘူးလား "
အချိန်အတန်ငယ် ကြာမှသာ သူ မျက်နှာပျက်ပျက်ဖြင့် ပြောလိုက်သည်။
ယွမ်ရှောက်မြို့စားကြီးက အသက်ပြင်းပြင်း တစ်ချက်ရှိုက်ပြီး အကြီးအကဲအား ပြောလိုက်၏။
" ဒီကိစ္စကို မင်းပဲ ရှင်းလိုက်ပါ။ အဲ့လောင်းကြေးတွေကို ကောင်းကင်ဘုံ နဂါး ပြိုင်ပွဲ ပြီးသွားတော့မှ ထုတ်ပေးမယ်လို့ လောထျန်းကို ပြောလိုက် "
သူ့အကြံမှာ ရိုးရှင်းပါသည်။ ကောင်းကင်ဘုံ နဂါးပြိုင်ပွဲ ပြီးသွား၍ သခင်ကြီးလွေ့နန်၏ အစီအစဥ် စပါက လောထျန်းမှာ သေချာပေါက် သေသွားရမည် မဟုတ်ပါလား ။
သို့ဆိုလျှင် မည်သည့် လောင်းကြေးကိုမှလည်း ပြန်ပေးစရာ မလိုတော့ပါချေ။
" ဟုတ်ကဲ့ပါ.. "
အကြီးအကဲက ပြန်ပြောပြီး ခပ်မြန်မြန်ပင် ထွက်ခွာ
သွားလိုက်သည်။
" ဟား ဟား.. မြို့စားကြီးက တကယ်ကို ဉာဏ်ကောင်းတာပဲ "
ယွဲ့လွင်နိုင်ငံ ဘုရင်မင်းမြတ်က အပြုံးဖြင့် ဆို၏။
သို့သော် သူ့စကားဆုံးသည့် အချိန်မှာပင် အကြီးအကဲက ပြန်ရောက်လာပြန်သည်။
" ဘယ်လိုလဲ.. လောထျန်းက ဘာပြောလဲ "
ယွမ်ရှောက်မြို့စားကြီးက မေးလိုက်သည်။
" သတင်းပို့ပါတယ် မြို့စားကြီး ၊ ဟို.. လောထျန်းက.. အိမ်ပြန်တော့မှာလို့ ပြောပါတယ် "