ဟင်းအိုး
Vol. 30 Ch. 414
" အင်း... ကျုပ် ရစရာ ရှိတာတွေ အားလုံး ပြည့်ရဲ့လား "
လောထျန်း အံ့အားသင့်သွားကာ ဟင်းလင်းပြင် လက်စွပ်များအား ချက်ချင်း စစ်ဆေးကြည့်လိုက်သည်။
ယွမ်ရှောက်မြို့စားကြီးမှာ ထိုမြင်ကွင်းကို ကြည့်ရင်း ရင်ထဲစူးအောင့်နေပါ၏။
ဤသို့ဖြင့် မကြာမီမှာပင် လောထျန်း စစ်ဆေး၍ ပြီးသွားတော့သည်။ သို့သော် သူ မျက်မှောင်ကြုံ့နေဆဲပင် ..
ယွမ်ရှောက်မြို့စားကြီးမှာ ၎င်းကို ကြည့်ရင်း အံ့အားသင့်သွားရကာ မေးလိုက်သည်။
" ဘာဖြစ်လို့လဲ သခင်လေး လောထျန်း ၊ ဘာပြဿနာများ ရှိလို့လဲဗျာ "
လောထျန်းက မျက်မှောင်ကြုံ့၍ ပြန်ပြော၏။
" ဘာပြဿနာမှ မရှိပါဘူး ။ ဒါနဲ့.. ခင်ဗျားက ဘာ
ဖြစ်လို့ လျော်ကြေးကို အကုန်လုံးအပြည့် ပြန်ပေးတာလဲ "
သူ့စကားကြောင့် ယွမ်ရှောက်မြို့စားကြီး အံ့သြမှင်သက်သွားရပြန်တော့သည်။
ထိုစကားက မည်သို့သော အဓိပ္ပါယ်ပါနည်း။
လောထျန်း၏ လေသံက ပိုက်ဆံများ ရလိုက်သည့်အတွက် မကျေနပ်သည့်ပုံ အဘယ့်ကြောင့် ပေါက်နေရပါသနည်း ။
အမှန်တကယ်တွင်လည်း လောထျန်းက အနည်းငယ် မပျော်မရွှင် ဖြစ်နေသည်ကို သူ မသိပါချေ။
ယခု ကောင်းကင်ဘုံသားရဲ တိုက်ပွဲကွင်းပြင်က သူ ရစရာရှိသော ပိုက်ဆံများအားလုံးကို ပြန်ပေးလိုက်ပြီ ဖြစ်သဖြင့် သူ ဤနေရာအား အင်အားသုံး ဖျက်ဆီးရန် အကြောင်းရင်း မရှိတော့ဘူး မဟုတ်ပါလား။
ယွမ်ရှောက်မြို့စားကြီးက ခြောက်ကပ်ကပ် ရယ်၍ ပြောလိုက်သည်။
" ဘာပြဿနာမှ မရှိဘူး ဆိုရင်တော့ နောက်တစ်ဆင့် ပြိုင်ပွဲအတွက် အေးအေးဆေးဆေး အနားယူလိုက်ပါဦး သခင်လေး လောထျန်း ။ နောက်တဆင့်မှာ ကောင်းကင်ဘုံနဂါးပြိုင်ပွဲကို ဝင်ပြိုင်ရမှာ ဆိုတော့ နောက်ဆုံးရလဒ်က ဘယ်လိုပဲ ဖြစ်နေပါစေ ၊ ပြိုင်ပွဲ ပြီးသွားတာနဲ့ သခင်လေး ဆုတွေကောင်းကောင်းကြီး ရမှာဗျ "
သူ လောထျန်းအား ဤနေရာတွင် ဆက်နေရန်အတွက် ပြိုင်ပွဲ၏ နောက်ဆုံး ဆုဖြင့် မျှားရန် ကြိုးစားလိုက်သည်။
ထင်မှတ်မထားစွာပင် ..ထိုစကားကို ကြားသောအခါ လောထျန်း မျက်လုံးများ အရောင်လက်သွားပြီး ပြောလာ၏။
" ဟုတ်သားပဲ... ကောင်းကင်ဘုံနဂါးပြိုင်ပွဲက မပြီးသေးဘူးဆိုတော့ ဆက်လောင်းလို့ ရသေးတယ်။ ယွမ်ရှောက်မြို့စားကြီး ၊ ကျုပ် အကူညီ တစ်ခုလောက် တောင်းလို့ ရမလား "
" ဟင်.. ဘာကိစ္စရှိလို့လဲ သခင်လေး "
ယွမ်ရှောက်မြို့စားကြီးက ပြန်မေးလိုက်သည်။
" ကျုပ်ဘက်က လောင်းကြေးဆကို နည်းနည်း တိုးပေးလို့ ရမလား "
လောထျန်းက စိတ်လှုပ်ရှားနေသည့် မျက်လုံးဖြင့် ပြန်ပြော၏။
ယွမ်ရှောက်မြို့စားကြီး ခေတ္တမျှ ပါးစပ်အဟောင်းသား ဖြစ်သွားပြီးမှ ပြန်မေးလိုက်သည်။
" သခင်လေးက ဘာလုပ်ချင်လို့လဲ "
" လောင်းကြေးထပ်ဖို့လေ ။ ပြိုင်ပွဲမှာ ကျုပ် အနိုင်ရမယ့်ဘက်က ဆကြေးကို နောက်ထပ် အဆ ရာချီပြီး ထပ်တိုးလိုက်ဗျာ။ အဲ့ကျရင် ကျုပ် ဒါတွေ အကုန်လုံးကို ပြန်လောင်းမယ် "
လောထျန်းက ပြောပြောဆိုဆို မြေကြီးပေါ်မှ ဟင်းလင်းပြင်လက်စွပ် ပုံကြီးကို လက်ညိုးထိုးပြလိုက်သည်။
ယခု သူ အနိုင်ရထားသည့် ပမာဏသည်ပင် အလွန်များနေလေပြီ။
အကယ်၍ ထိုပစ္စည်းများကိုသာ နောက်ထပ် အဆရာ
ချီ ပွားနိုင်ပါက သူတို့ ပျောင်ပိုင်မြို့အတွက် နောင်လာမည့် နှစ်ပေါင်း ထောင်၊သောင်းကျော် အထိပင် စိုးရိမ်စရာ လိုတော့မည် မဟုတ်ပေ။
ထိုစကားကို ကြားသောအခါ ယွမ်ရှောက်မြို့စားကြီး ရင်ထဲမှ တိတ်တဆိတ် ဆဲရေးလိုက်တော့သည်။
ထိုလူက ယခု လက်ရှိ ရထားသည်များကို အဆရာချီ ထပ်တိုးချင်နေသေးသတဲ့လား ။
သူတို့၏ ကောင်းကင်ဘုံသားရဲ တိုက်ပွဲကွင်းပြင်ကို ဘာထင်နေပါသနည်း။
" အဟမ်း... သခင်လေးလောထျန်း ၊ လောင်းကြေးဆတွေကို ပွဲမှာ လုပ်သွားနိုင်တဲ့ အရည်အချင်းနဲ့ အစွမ်းကို မူတည်ပြီးတော့ သီးသန့်သတ်မှတ်ထားတဲ့သူ တစ်ယောက်ကပဲ ဆုံးဖြတ်တာဗျ။ ကျုပ်အနေနဲ့ ဝင်ပါလို့ မရလို့ပါ။ ပြီးတော့.. ဟို.. ကျုပ်အခု ရေအိမ်လေး အရေးပေါ် သွားချင်လို့.. ကျုပ်ကို သွားခွင့်ပြုပါဦး။ နောက်မှ တွေ့မယ်နော် သခင်လေး "
ယွမ်ရှောက်မြို့စားကြီးက ထိုသို့ ပြောပြီးသည်နှင့်
ချက်ချင်း နောက်လှည့်၍ ထွက်ခွာသွားလိုက်သည်။ သူ့အနောက်တွင် ဖုန်တထောင်းထောင်းသာ ကျန်ခဲ့ပါတော့၏။
သူ လောထျန်းအနားတွင် တစက္ကန့်မျှပင် ထပ်မနေချင်တော့ပါ။
" မြို့စားကြီး... မြို့စားကြီး.. ခဏနေဦးလေ "
လောထျန်းက နောက်မှ လေးငါးကြိမ် အော်ခေါ်လိုက်သေးသည့်တိုင် ယွမ်ရှောက်မြို့စားကြီးမှာ သူ့ကို မကြားဟန် ဆောင်ပြီး နောက်သို့ တစ်ချက်ပင် လှည့်မကြည့်ချေ။
" အဲ့လိုကြီးလား "
လောထျန်း ခေါင်းယမ်း၍ သက်ပြင်းချလိုက်သည်။
ထိုစဥ်မှာပင် ခပ်လှမ်းလှမ်းဆီမှ အော်ဟစ်အားပေးသံများ ထွက်ပေါ်လာ၏။
" ဟင်.. ဘာများ ဖြစ်လို့ပါလိမ့် "
လောထျန်းစိတ်ထဲ ဇဝေဇဝါ ဖြစ်သွားသည်။
" ကြည့်ရတာ တခြား တိုက်ပွဲကွင်းပြင်တွေမှာ တိုက်ပွဲ စပြီနဲ့တူတယ် "
ပန်းလင်က ပြောသည်။
" ဟုတ်လား.. ကျွန်မတို့ရော သွားကြည့်ကြမလား "
ဟွမ်ယင်က စိတ်လှုပ်ရှားစွာ ဆို၏။
လောထျန်းက ပြန်ပြောရန် ပြင်လိုက်စဥ်မှာပင်..
ဂလု..
လောထျန်း ပုခုံးပေါ်မှ နဂါးလေးက ရုတ်တရက် အသံပေးလာသည်။
" ဝု.. "
ပြီးနောက် သနားစဖွယ် မျက်နှာငယ်လေးဖြင့် လောထျန်းအား ကြည့်လာ၏။
" မင်း ဗိုက်ဆာလို့လား ။ ဒါဆို မင်းစားဖို့အတွက် လုပ်ပေးမယ်နော် "
လောထျန်းက ထိုသို့ပြောပြီး ဟင်းလင်းပြင်လက်စွပ်ထဲမှ မူလအရှုပ်အထွေးမြေ လက်တစ်ဆုပ်စာကို ထုတ်ပေးလိုက်သည်။
သို့သော် ရှောက်ထျန်းလုံလေးက ၎င်းကို တစ်ချက်သာကြည့်ပြီး ခေါင်းယမ်း၏။
" ဟင်.. ဒါ မူလအရှုပ်အထွေးမြေ လေ ၊ ဒါကို မစားချင်တော့ဘူးလား "
လောထျန်း အံ့အားသင့်သွားရတော့သည်။
ဤအရာက မည်မျှ အဖိုးတန်သည်ကို သူ ကောင်းကောင်းကြီး သိထားသည် မဟုတ်ပါလား ။ ရှောက်ထျန်းလုံလေးက ဤအရာကိုပင် မစားချင်ဘူး ဆိုပါက နောင်တွင် မည်သည့်အရာများကို ကျွေးရပါမည်နည်း။
သို့သော် ထိုအချိန်တွင် ရှောက်ထျန်းလုံလေးက လှစ်ခနဲ လှုပ်ရှားသွားကာ မျောက်ဘေးသို့ ရောက်သွားပြီး မျောက်လက်ထဲမှ ဟင်းလင်းပြင်လက်စွပ်ကို ညွှန်ပြလိုက်သည်။
မျောက်က အခြေအနေကို နားလည်သွားဟန်ဖြင့် တီးတိုးပြော၏။
" သခင်လေး ၊ ဒီ ဘိုးဘေးလေးက တိုက်ပွဲကွင်းပြင်ထဲမှာ အစာတချို့ တွေ့ခဲ့တယ်ဗျ။ ကျုပ်က သူ့ကို
တိုက်ပွဲပြီးသွားမှ စားဖို့ နားချထားတာ "
လောထျန်း လန့်သွားပြီး မေးလိုက်သည်။
" အစာတွေ တွေ့ခဲ့တယ် ဟုတ်လား "
မျောက်က ခေါင်းညိတ်ပြပြီး ရှောက်ထျန်းလုံ ရထားခဲ့သည့် ငှက်လက် ၊ ငှက်တောင်ပံနှင့် ကင်းမွန်လက်များအား ဟင်းလင်းပြင်လက်စွပ်ထဲမှ ထုတ်လိုက်သည်။
" ဝု.. "
ရှောက်ထျန်းလုံလေးမှာ ၎င်းတို့ကို မြင်သည်နှင့် မျက်လုံးများ အရောင်လက်သွားရှာ၏။
ပန်းလင်က တအံ့တသြ မေးလိုက်သည်။
" အဲ့ဒါတွေက.. မဟုတ်မှလွဲရော ဟို နတ်ဘုရားအဆင့်နီးပါး ရှိတဲ့ ကင်းမွန်ကြီးရဲ့ လက်တွေလား "
မျောက်က ခေါင်းညိတ်ပြသည်။
ပန်းလင် ပါးစပ်အဟောင်းသား ဖြစ်သွားကာ ရှောက်
ထျန်းလုံလေးအား ကြည့်လိုက်၏။
" ဒီကောင်လေးက တကယ်ကို အံသြစရာပဲ "
သူမ မနေနိုင်ဘဲ ထုတ်၍ပင် ချီးကျူးမိသွားသည်။
" ဝု.. "
ထိုစကားကို ကြားသောအခါ ရှောက်ထျန်းလုံလေးက သူ့ကိုယ်သူ အလွန်ဂုဏ်ယူနေဟန်ဖြင့် ခါးထောက်ပြီး စားရန် ပြင်လိုက်သည်။
၎င်းကို မြင်သည့်အခါတွင်မူ ပန်းလင် မျက်မှောင်ကြုံ့သွားကာ လောထျန်းဘက် လှည့်ပြီး ပြောလိုက်၏။
" သခင်လေး လောထျန်း ၊ ကျွန်မ ထင်တာတော့ အခု ဒီကောင်လေး လုပ်တာ မကောင်းဘူး "
လောထျန်းကလည်း ခေါင်းညိတ်၍ ဆိုသည်။
" ဟုတ်တယ် ၊ ဒါ တော်တော်မကောင်းတာ "
လောထျန်းတစ်ယောက် နောက်ဆုံး ရင့်ကျက်လာပြီဟု တွေးကာ ပန်းလင် စိတ်သက်သာရာ ရသွားပြီး
သက်ပြင်းချလိုက်သည်။
သို့သော် လောထျန်းက စကားဆက်လာ၏။
" အဲ့ဒါ နတ်ဘုရားအဆင့်နီးပါး ရှိတဲ့ သားရဲတစ်ကောင်ရဲ့ အသားလေ။ အစိမ်းစားတာ ဘယ်လိုလုပ် ဖြစ်သင့်မှာလဲ။ အနည်းဆုံးတော့ စွပ်ပြုတ်လေးဘာလေး လုပ်သင့်တာပေါ့ ၊ မဟုတ်ဘူးလား "
" ဟင်... "
ပန်းလင်မှာ ဆွံ့အသွားရတော့သည်။
လောထျန်း : " ခဏနေဦး ၊ အိုးလေးဘာလေး ရှာလိုက်ဦးမယ် "
သူက ပြောပြောဆိုဆိုပင် ဟင်းလင်းပြင်လက်စွပ်များထဲမှ အိုးတစ်လုံး ရှာလိုက်၏။
အချိန်အတန်ငယ်ကြာ ရှာပြီးနောက်တွင်မူ ဒယ်အိုးပုံသဏ္ဍာန် ရှိပြီး ထွင်းစာများဖြင့် ပြည့်နေသည့် ကြေးနီအိုးကြီး တစ်ခုကို သူ ထုတ်လာသည်။
" အိုးတော့ ရှာမတွေ့ဘူး ။ ဒါပေမယ့် ဒီဟာက ပုံစံရော အရွယ်အစားရော အဆင်ပြေတယ်ဆိုတော့ ဒီ
ဟာကိုပဲ အိုးလို သဘောထားပြီး သုံးလိုက်မယ်ကွာ "
လောထျန်းက ဆိုသည်။
" ဝု.. "
ရှောက်ထျန်းလုံလေးကလည်း သဘောတူဟန်ဖြင့် အသံပေး၏။
" ကဲ.. မျောက်ရေ ၊ ရေသွားယူခဲ့စမ်းကွာ ။ ငါလဲ ဗိုက်ဆာနေပြီဆိုတော့ စွပ်ပြုတ် လုပ်စားကြတာပေါ့ "
လောထျန်းက တစ်ခါတည်း ဆက်ပြောလိုက်သည်။
" ဟုတ်ကဲ့ပါ သခင်လေး "
မျောက်မှာ အနည်းငယ် နားမလည်နိုင် ဖြစ်နေသည့်တိုင် ပြောသည့်အတိုင်းသာ လိုက်လုပ်လိုက်သည်။
ဤသို့ဖြင့် မကြာမီမှာပင် မျောက် ပြန်ရောက်လာ၏။ ထို့နောက် လောထျန်းအကူအညီဖြင့် ငှက် တောင်ပံနှင့် ငှက်လက်မှ အမွေးများ နှုတ်၍ ကင်းမွန်လက်မှ ညှီနံများကိုလည်း သန့်စင်လိုက်ကြသည်။
ထိုသို့ ပြင်ဆင်ပြီးနောက်တွင်မူ အိုးထဲ ထည့်၍ စတင်ချက်ပြုတ်လိုက်တော့၏။
ထိုအရာများ အားလုံးကို ဘေးမှ ကြည့်နေသော ပန်းလင်က စိတ်ပျက်လက်ပျက်ဟန်ဖြင့် ဆိုသည်။
" ဒါ နတ်ဘုရားအဆင့် နီးပါးရှိတဲ့ သားရဲတွေရဲ့ အသားလေ ။ အဲ့လို လွယ်လွယ်ချက်လို့ ရပါ့မလား "
သို့သော် မကြာမီမှာပင် ဟင်းအိုးမှ မွှေးကြိုင်သော အနံ့ စထွက်လာပါ၏။
" ဟင် "
ပန်းလင် ထပ်ပြီး အံ့အားသင့်သွားရပြန်သည်။
" ကျက်သွားပြီလား.. ဘာလို့လဲ "
သူမ နားမလည်နိုင်လည်း ဖြစ်သွား၏။
သူမ ခန့်မှန်းတွက်ချက်ထားသည့်အတိုင်း ဆိုပါက ထိုအသားကို ချက်ရန် ဤမျှ လွယ်ကူမနေသင့်ပါချေ။
" ကဲ.. စားဖို့ အသင့်ပြင်ကြတော့ဟေ့ "
လောထျန်းက အပြုံးဖြင့် ပြောလိုက်သည်။
" ဝု.. "
ရှောက်ထျန်းလုံလေးမှာလည်း အလွန်စိတ်လှုပ်ရှားနေဟန် တူ၏။
မျောက်နှင့် မိုးကြိုးသားရဲ တို့သည်ပင် မနေနိုင်ဘဲ တံတွေးများ ကိုယ်စီ မြိုချလိုက်ကြသည်။
သို့သော် ထိုအချိန်တွင် တစ်ချိန်လုံး တိတ်နေခဲ့သည့် ဟွမ်ယင်က နောက်ဆုံး မနေနိုင်တော့ဟန်ဖြင့် ပြောလာသည်။
" လောထျန်း.. ဒါကြီးက မလွန်လွန်းဘူးလား ။ တိုက်ပွဲဝင်သားရဲတွေ ဆိုတာ လူသားတွေရဲ့ မိတ်ဆွေတွေလေ "
သို့သော် သူမစကား ဆုံးဆုံးချင်းမှာပင်
ဝီ...
မျောက်၏ ကိုယ်မှ အလင်းတန်းတစ်ခု လင်းလက်လာသည်။
" ဟင်.. မျောက် ၊ နင် ကျင့်ကြံခြင်း အဆင့်တက်သွားတာလား "
ဟွမ်ယင် နားမလည်နိုင် ဖြစ်သွားသည်။
မျောက်မှာ လက်ထဲတွင် ငှက်ခြေထောက် တစ်ပိုင်းကို ကိုင်လျက် ရှိနေပြီး ပါးစပ်တွင်လည်း ဟင်းများ ပေနေသေး၏။
" ဝိုး.. ဒီ ငှက်ခြေထောက်ထဲမှာ နတ်ဘုရားအဆင့်နီးပါး အစွမ်းတွေ ပါနေတယ်ဗျ။ ဒါကို စားလိုက်တော့ ကျုပ်ရဲ့အစွမ်း အဆင့်တက်သွားတဲ့အပြင်ကို ၊ ကျုပ်လက်သီးနဲ့ လက်ဝါးအစွမ်းတွေပါ အများကြီး တိုးလာတာ "
မျောက်က ဆိုသည်။
" ဘယ်လို.. "
ဟွမ်ယင် ထပ်ပြီး အံ့အားသင့်သွားရပြန်တော့သည်။
ထိုစဥ် တဖက်မှ လောထျန်းက ပလုပ်ပလောင်း စားနေရင်း သူမဘက် လှည့်ကြည့်ကာ မေးလာ၏။
" ခုနက မင်းဘာပြောလိုက်တာလဲ.. သူငယ်ချင်း ဘာ
ဆိုလား "
ဟွမ်ယင်က ဒေါသတကြီး ပြန်ပြောသည်။
" ရှင်တို့ တော်တော်လွန်နေပြီနော် ၊ ကျွန်မတို့အားလုံးက သူငယ်ချင်းတွေလေ ။ ဒီလောက်ကောင်းတဲ့ အစားအသောက်ကို စားဖို့ ဘာလို့ မခေါ်ရတာလဲ "
ပန်းလင် : " ........ "
" ဒီလူတွေကတော့ တကယ်ပါပဲ "
သူမ ကူကယ်ရာ မဲ့နေဟန်ဖြင့်သာ တီးတိုးရေရွတ်လိုက်တော့သည်။
ထိုစဥ် လောထျန်းတို့ လူစုနောက်၌ လူတစ်ယောက် ရုတ်တရက် ပေါ်လာသည်။