သွေးနီယူနီကွန်း တိုက်ခိုက်ခြင်း
Vol. 30 Ch. 420
အားလုံး အံ့အားသင့်ကုန်ကြသည်။
မျောက်က အစောက ရှောက်ထျန်းလုံလေးကဲ့သို့ ပြိုင်ဘက်ကို ဆွဲယမ်းပြီး လွင့်ပစ်မည့်ပုံ မဟုတ်ပါလား။
တခဏ အကြာတွင်မူ မျောက်က လက်ကို ရုတ်တရက် လွှတ်လိုက်တော့သည်။
သွေးနီမြင်းနဂါးမှာ ချက်ချင်း ဆိုသလိုပင် ပွဲကြည့်စင်ဘက်သို့ လွင့်ထွက်သွား၏။
ထိုနေရာဘက်မှ အသံများ ရုတ်ချည်း ဆူညံသွားသည်။
သို့သော် ကောင်းကင်ဘုံသားရဲ တိုက်ပွဲကွင်းပြင်ဘက်မှ ပွဲကြည့်စင်များ၏ အပြင်ဘက်တွင် အကာအကွယ် အစီအမံများ စီစဥ်ထားပြီး ဖြစ်သည့်အတွက် ...
သွေးနီမြင်းနဂါးမှာ ဘုန်းခနဲ မြည်သံနှင့်အတူ အကာအကွယ်အစီအမံကိုသာ ရိုက်မိသွားသည်။
သို့သော် ထိုသို့ ရိုက်မိသည့် အရှိန်က ပြင်းလွန်းလှသဖြင့် သွေးနီမြင်းနဂါးကိုယ်မှ အရိုးများ ကျိုးသွားသည့် အသံကို အားလုံး ရှင်းရှင်းလင်းလင်းပင် ကြားလိုက်ကြရပါ၏။
သူ့ ပါးစပ်မှလည်း သွေးအန်လာကာ မေ့လဲကျသွားတော့သည်။
" ဟိုလူကြီး ၊ တိုက်ပွဲ ရလဒ်ကို ကြေငြာလို့ ရပြီလေ "
မျောက်က လက်နှစ်ဖက်ကို ခါရင်း ကောင်းကင်ဘုံသားရဲ တိုက်ပွဲကွင်းပြင်မှ အကြီးအကဲဘက် လှည့်၍ အော်လိုက်သည်။
" အိုး... ဒီ တိုက်ပွဲမှာ လောထျန်းရဲ့ အုပ်စု အနိုင်ရသွားပါပြီ။ ကောင်းကင်ဘုံသားရဲ တိုက်ပွဲကွင်းပြင်ရဲ့ စည်းမျဥ်းတွေအရ လောထျန်း နောက်တစ်ဆင့် တက်သွားပါပြီ "
အကြီးအကဲမှာလည်း ထိုအချိန်မှသာ အသိဝင်လာပြီး အော်ပြောလိုက်၏။
သူ့ကြေငြာသံ ပြီးဆုံးသွားသည်နှင့် ပွဲကြည့်စင်များဆီမှ ရုတ်ရုတ်သဲသဲ အော်သံများ ချက်ချင်းပင် ထွက်လာသည်။
" ဘယ်လို... လောထျန်းက တကယ်ကြီးကို နှစ်ပွဲဆက်တိုက် အနိုင်ရသွားခဲ့တာလား ။ သူ ရှုံးမယ်လို့ ဘယ်သူ ပြောတာလဲ "
" ဘာလို့ အဲ့လိုကြီး ဖြစ်သွားတာလဲ "
" ဒီ ရလဒ်မျိုး ရသွားမယ်လို့ ငါ တကယ်ကို မျှော်လင့်မထားခဲ့မိဘူးကွာ။ ငါ မှားကြည့်မိပြီး ရွေးလိုက်တုန်းက ပိုက်ဆံတွေ အလကား ဆုံးရပြီလို့ပဲ ထင်နေခဲ့တာ။ ခုတော့ မမျှော်လင့်ဘဲ တကယ်ကြီး နိုင်သွားတာပဲ "
ထိုတခဏတွင် ပွဲကြည့်စင်ပေါ်၌ ပျော်ရွှင်နေကြသူများ ရှိသလို စိတ်ဆိုးဒေါသထွက်နေကြသူများလည်း ရှိပါ၏။
" လောထျန်း.. "
လီယီဖန်းက လောထျန်းအား မီးပွင့်မတတ် မျက်လုံးများဖြင့် ကြည့်လာသည်။
" ဟေ့.. ရှင့်နာမည်က လီယီဖန်းနော် ၊ ဟုတ်တယ်မလား ။ တကယ်တော့ ရှင်ဒီပွဲမှာ ရှုံးသွားရတဲ့ အကြောင်းရင်းက ရှင့်သားရဲတွေ အစွမ်းနိမ့်ကြလို့ မဟုတ်ဘူး ။ ရှင်က ပြိုင်ဘက်ကို အထင်သေးပြီး လျှော့တွက်ထားခဲ့လို့ပဲ "
ဟွမ်ယင်က အေးအေးဆေးဆေးဟန်ဖြင့် ပြန်နှစ်သိမ့်လိုက်၏။
" မင်း ဘာပြောလိုက်တယ် ။ ငါက ပြိုင်ဘက်ကို လျှော့တွက်မိခဲ့တယ်.. ဟုတ်လား "
လီယီဖန်း အံ့အားသင့်သွားရသည်။
သူ့ဘက်မှ အစွမ်းအထက်ဆုံး သားရဲကို ချက်ချင်း စေလွှတ်ခဲ့သည့်တိုင် ပြိုင်ဘက်ကို လျှော့တွက်သတဲ့လား ။
ဟွမ်ယင်က အလေးနက်ခေါင်းညိတ်၍ ပြန်ပြော၏။
" အမှန်ပဲ ။ တကယ်တော့ ရှင့်ရဲ့ အစွမ်းအထက်ဆုံး သားရဲကို မလွှတ်လိုက်ဘူး ဆိုတာ ရှင်ရော ကျွန်မ
ရော သိနေတာပဲ "
" အစွမ်းအထက်ဆုံး သားရဲ... "
ဤတစ်ကြိမ်တွင် လီယီဖန်းရော သူ့အဖေပါ အံ့သြမှင်သက်ကုန်ကြသည်။
သူတို့တွင် အစွမ်းအထက်ဆုံး သားရဲ ရှိနေပါသေးသလား။
သူတို့ အဘယ့်ကြောင့် မသိရပါသနည်း။
ထိုစဥ်မှာပင် ဟွမ်ယင်က လီရူဖုန်းကို လက်ညိုးထိုး၍ ဆက်ပြောလာ၏။
" ရှင့်ကို ပြောနေတာလေ။ ရှင့်ရဲ့ အသွင်ပြောင်းထားတဲ့ ပုံစံကို ကျွန်မ မြင်ဖူးတာပဲ။ အဲ့ပုံကို ကြည့်ရုံနဲ့တောင် ရှင်က အင်မတန် အစွမ်းထက်တဲ့ သားရဲတစ်ကောင်မှန်း သိသာတယ်။ တကယ်လို့ ရှင်သာ ကိုယ်တိုင်ထွက်ပြီး တိုက်ခိုက်မယ်ဆိုရင် ရလဒ်က ဘယ်လိုဖြစ်မယ်ဆိုတာ ပြောဖို့ခက်မှာ "
ဟွမ်ယင်၏ အသံမှာ မကျယ်လွန်းလှသော်လည်း လူများစွာပင် ကြားသွားခဲ့ကြပါသည်။
" ဘယ်လို... လီ မိသားစုရဲ့ ခေါင်းဆောင်က နတ်ဆိုးသားရဲတစ်ကောင်လား ။ ဒါ တပယ့် သတင်းကြီးပဲကွ "
" အဲ့ဒီ လီရူဖုန်းက မွေးစကတည်းက ထူးခြားတဲ့ သဘာဝအစွမ်းတွေ ပါလာတာ ငါ သိတယ်ကွ။ ငါက ဒီတိုင်း ပါရမီထူးချွန်တယ်ပဲ ထင်နေခဲ့တာ။ လက်စသတ်တော့ သူက.... "
" လီ မိသားစုခေါင်းဆောင်က တကယ်ကြီးကို သားရဲတစ်ကောင်လား "
" ဒါဆို လီယီဖန်းကလည်း သားရဲတစ်ကောင်ပဲပေါ့ "
" မဟုတ်သေးဘူးကွ ။ လီရူဖုန်းက နတ်ဆိုးသားရဲတစ်ကောင် ဆိုပေမယ့် လီယီဖန်း အမေက လူသားတစ်ယောက်လေ။ အဲ့တော့ လီယီဖန်းက သားရဲ မဖြစ်နိုင်ဘူး "
အားလုံးက ထင်ရာကို ပြောဆိုလိုက်ကြသည်။
ထိုစဥ် လီယီဖန်းတို့ သားအဖ နှစ်ယောက်မှာကား
ဒေါသထွက်လွန်း၍ မျက်နှာများပင် ဖြူလာ၏။
အထူးသဖြင့် ဒဏ်ရာများစွာ ရထားပြီး အိမ်၌သာ နားနေခဲ့သင့်သည့် လီယီဖန်းပင် ။
သူသည် ကောင်းကင်ဘုံနဂါး ပြိုင်ပွဲတွင် လောထျန်း ဝင်ပြိုင်မည်ဟု ကြားသဖြင့် သူ့သားရဲများက လောထျန်း၏ သားရဲများအား အနိုင်ယူသည်ကို ကြည့်ရန် အတင်းထွက်လာခဲ့ခြင်း ဖြစ်ပါသည်။
ယခု ဟွမ်ယင်၏ စကားကို ကြားပြီးနောက်တွင်ကား ဒေါသထွက်လွန်း၍ သူ့ကိုယ်မှ သွေးများ မတည်မငြိမ် ဖြစ်သွားပြီး သွေးအန်ကာ မေ့လဲကျသွားတော့သည်။
" ဖန်းလေး.. "
လီရူဖုန်းတစ်ယောက် လန့်သွား၏။
ဟွမ်ယင်မှာလည်း ၎င်းကို ကြည့်ပြီး ချက်ချင်း စိတ်မကောင်း ဖြစ်သွားကာ လောထျန်းဘက် လှည့်၍ အလန့်တကြား မေးလိုက်သည်။
" ကျွန်မပြောတာ တစ်ခုခု မှားသွားလို့လား "
လောထျန်းကဘသက်ပြင်းချ၍ ပြန်ပြော၏။
" ဟိုနေ့က လေလံပွဲမှာတုန်းက သူတို့တွေ နောက်ကွယ်ကပဲ လေလံဆွဲခဲ့ကြတာဆိုတော့ ကြည့်ရတာ အဖြစ်မှန်ကို ဖုံးကွယ်ထားချင်တယ်နဲ့ တူတယ်။ အခု မင်းက အားလုံးရှေ့မှာ ပေါ်တင်ကြီး ပြောလိုက်တော့ သူတို့ ကြိုးစားဖုံးကွယ်ထားသမျှ သဲထဲရေသွန် ဖြစ်ကုန်တာပေါ့ကွာ။
မှန်တာပြောရင် ရွာပြင်ထုတ်ခံရတယ်တဲ့။ ဟွမ်ယင် မင်းစကားကို ထိန်းထိန်းသိမ်းသိမ်းပြောမှရမယ် "
ဟွမ်ယင် တစ်ကိုယ်လုံး တုန်သွားပြီး လီရူဖုန်းဘက် လှည့်၍ ချက်ချင်း ဦးညွှတ်လိုက်သည်။
" ကျွန်မ တောင်းပန်ပါတယ်ရှင် ၊ ကျွန်မ မှားသွားပါတယ်။ ကျွန်မ အဖြစ်မှန်တွေကို မပြောခဲ့သင့်ဘူး "
လီယီဖုန်းမှာကား ထိုစကားကို ကြားသည်နှင့် မျက်နှာကြီး ရှုံ့မဲ့သွားပါ၏။
" ငါက သားရဲတစ်ကောင် မဟုတ်ဘူး "
သူ တစ်လုံးချင်း အံကြိတ်၍ ပြောလိုက်သည်။
" မှန်ပါတယ် ၊ ရှင်ပြောတာ မှန်ပါတယ်ရှင်။ ကျွန်မလက်ခံတယ်။ ပက်ပက်စက်စက်လက်ခံတယ် "
ဟွမ်ယင်က မြန်မြန်ပြန်ပြောသည်။
သို့သော် သူမပြောသည့် လေသံက ရွဲ့ပြောနေသည့်ဟန် ပေါက်နေပါ၏။
" မင်း... "
လီရူဖုန်းတစ်ယောက် ဒေါသမထိန်းနိုင်တော့ဘဲ တိုက်ခိုက်တော့မည့်ဟန် ပြင်လိုက်သည်။
သို့သော် ထိုအချိန်မှာပင်..
ဝုန်း..
သူ့အနောက်ဘက်တွင် အစွမ်းထက်သော စွမ်းအင်တစ်ခု ရုတ်တရက် ပေါ်လာပြီး သူ့ကိုယ်ထဲ စိုက်ဝင်လာ၏။ သွေးများလည်း ချက်ချင်း ဖြာထွက်သွားသည်။
" ဘာတွေ ဖြစ်နေတာလဲ "
အားလုံးက စွမ်းအင် ပေါ်လာသည့်ဘက် လှည့်ကြည့်လိုက်ကြရာ..
သွေးနီ ယူနီကွန်းတစ်ကောင် တဖြည်းဖြည်း လမ်းလျှောက်ထွက်လာသည်ကို မြင်လိုက်ရသည်။
" မင်းလို အမှိုက်က ပွဲက အထုတ်ခံရပြီးတာတောင် ဘာလို့ ဒီမှာ ဆက်ရှိနေသေးတာလဲ။ အချိန်ကုန်တယ် "
၎င်းက လူစကားဖြင့် ပြောလာ၏။
" သွေး.. သွေးနီ ယူနီကွန်းလား "
လီရူဖုန်း အံ့သြတုန်လှုပ်သွားသည်။
သွေးနီယူနီကွန်းက လီရူဖုန်းအား ကြည့်လိုက်ပြီး ထိုသို့ ကြည့်နေစဥ်မှာပင် သူ့ကိုယ်မှ သွေးအစွမ်း လှူပ်ရှားလာသည်။
ဘုန်း..
ထို့နောက်တွင်မူ.. လီယီဖန်းတို့ သားအဖ နှစ်ယောက်လုံး အဝေးသို့ လွင့်ထွက်သွားတော့၏။
" အကြီးအကဲ ၊ ကျုပ်အခု လုပ်လိုက်တာက စည်းမျဥ်းကို ချိုးဖောက်ရာ ရောက်လား "
သွေးနီယူနီကွန်းက ကောင်းကင်ဘုံသားရဲ တိုက်ပွဲကွင်းပြင်မှ အကြီးအကဲဘက် လှည့်ကာ အေးစက်စက်အသံဖြင့် မေးလိုက်သည်။
အကြီးအကဲမှာ တံတွေးကို ခက်ခက်ခဲခဲ မြိုချလိုက်ရပြီး ပြန်ပြော၏။
" မဖြစ်ပါဘူး ။ သူတို့က ပြိုင်ပွဲကနေ အထုတ်ခံရပြီးသားဆိုတော့ သူတို့ကို တိုက်ခိုက်တာကို ကိုယ်ရေးကိုယ်တာ တိုက်ပွဲဖြစ်တာလို့ သတ်မှတ်လို့ မရဘူးလေ "
သွေးနီယူနီကွန်းက ခေါင်းတစ်ချက် ညိတ်သည်။
" အဲ့လိုဆိုလဲ ကောင်းပြီလေ ။ အခု နောက်တစ်ပွဲ မစသေးဘူးလား "
" ဟုတ်တာပေါ့ ၊ စရမှာပေါ့ "
အကြီးအကဲက ချက်ချင်း ပြန်ပြောပြီး လောထျန်းတို့အား မြန်မြန်ထွက်သွားကြရန် အချက်ပြလိုက်သည်။
" သွားကြစို့ "
လောထျန်းက သူ့သားရဲများကို ကြည့်ရင်း ပေါ့ပေါ့ပါးပါးပင် ဆိုလိုက်၏။
သူ့စကားဆုံးသည်နှင့် ရှောက်ထျန်းလုံလေးက သူ့ပုခုံးပေါ်သို့ ချက်ချင်း ပျံတက်လာသည်။ မျောက်ကလည်း သူ့နောက်မှ လိုက်လာ၏။
" မင်းက ဒဏ်ရာတွေ သက်သာသွားတဲ့အပြင်ကို ၊ ကျင့်ကြံခြင်းအဆင့်ပါ တိုးသွားခဲ့မှန်း ငါ မသိလိုက်ဘူး။ အခု မင်းက ကောင်းကင်ဘုံ အဆင့်မှာလား ၊ အဆုံးအစမဲ့ အဆင့် မှာလား "
လောထျန်းတို့လူစု ဘေးမှ ဖြတ်သွားနေစဥ်တွင် သွေးနီယူနီကွန်းက စကားစလာသည်။
မျောက်က အေးစက်စက် ပြမ်ပြော၏။
" ဘယ်လိုပဲ ဖြစ်ဖြစ် မင်းကို သတ်ဖို့တော့ လုံလောက်တယ် "
ထိုစကားကို ကြားသောအခါ သွေးနီယူနီကွန်းက လှောင်ပြုံးဖြင့် ပြန်ပြောသည်။
" ငါ့ကို သတ်မယ်.. ဟုတ်လား။ တကယ်လို့ မင်းက ဒဏ်ရာအရှင်းပျောက်သွားပြီ ဆိုရင်တောင် ငါ့အတွက် ပြိုင်ဘက် မဟုတ်ပါဘူးကွာ။ ပြီးခဲ့တဲ့ တစ်ခေါက်ကလဲ ငါ မင်းကို အနိုင်ယူနိုင်ခဲ့တယ်လေ။ အခုက ငါ့ရဲ့ သွေးအစွမ်းရော ၊ ကျင့်ကြံခြင်းအဆင့်ပါ
တိုးသွားပြီ ဆိုတော့ မင်းကို ကိုင်တွယ်ဖို့ ပိုတောင် လွယ်သွားသေးတယ်။ ပြီးတော့ အခု ငါက နတ်ဘုရားသားရဲတစ်ကောင်ရဲ့ သွေးအစွမ်း ရှိနေပြီ ။ မင်းက အကောင်းဆုံး အချိန်မှာတုန်းကတောင် နတ်ဘုရားအဆင့်နီးပါးပဲ ရှိတာလေ။ အခု ငါ့ကို ဘယ်လို သတ်ချင်တာလဲ "
မျောက်က အေးစက်စက် နှယခေါင်းရှုံ့လိုက်၏။
" မင်းရဲ့ လည်ပင်းကို ဆေးပြီးတော့ပဲ သေဖို့ စောင့်နေလိုက်ပါကွာ "
သွေးနီယူနီကွန်း မျက်မှောင်အနည်းငယ် ကြုံ့သွားပြီး သူ့မျက်လုံးထဲတွင်လည်း အေးစက်စက် အလင်းတန်းတစ်ခု ဖျတ်ခနဲ လက်သွားသည်။ ထို့နောက် ၎င်းက လှောင်သံဖြင့် ပြန်ပြော၏။
" ကောင်းပြီလေ ၊ ဒါဆိုလဲ ငါ မင်းကို စောင့်နေမယ် "
သူ ထိုသို့ပြောပြီးသည်နှင့် တိုက်ပွဲစင်မြင့်ပေါ် တက်သွားသည်။
" သခင်လေး ၊ ကျုပ် တောင်းပန်ပါတယ်ဗျာ။ ဒေါသမထိန်းနိုင်ဘူး ဖြစ်သွားတယ် "
မျောက်က လောထျန်းဘက် လှည့်ကြည့်၍ တောင်းပန်စကား ဆိုလိုက်သည်။
" ဘာမှ မဖြစ်ပါဘူးကွာ။ အခု ငါ့ဆီမှာ ပိုက်ဆံ လုံလုံလောက်လောက် ရထားပြီးသွားပြီ။ အခုချိန်က စပြီးတော့ မင်းတို့တွေ ဘာကိုမှ ဖုံးကွယ်ထားစရာ မလိုတော့ဘူး "
လောထျန်းက အေးအေးဆေးဆေး ပြန်ပြော၏။
" ဟုတ်ကဲ့ပါ သခင်လေး "
မျောက်၏ မျက်လုံးများ ရုတ်ချည်းပင် အရောင်လက်သွားတော့သည်။
သူတို့လူစု ထိုသို့ ပြောနေကြစဥ်မှာပင်..
ဝုန်း..
တိုက်ပွဲစင်မြင့်ဆီမှ အသံကျယ်ကြီး တစ်သံ ရုတ်တရက် ထွက်ပေါ်လာ၏။
၎င်းနှင့်အတူ ပွဲကြည့်စင်ထက်မှ လူများ၏ တအံ့တသြ ရေရွတ်သံများလည်း ထွက်ပေါ်လာသည်။
လောထျန်းတို့ လူစု နောက်လှည့်ကြည့်လိုက်ရာ တိုက်ပွဲစင်မြင့် တစ်ခုလုံး သွေးများ ချင်းချင်းနီနေသည်ကို မြင်လိုက်ရသည်။
သွေးနီယူနီကွန်းသည်ကား သားရဲ အသေတစ်ကောင်အပေါ် ခြေတစ်ဖက် တင်ကာ ရပ်နေပြီး တစ်ကိုယ်လုံး သွေးများဖြင့် ဖုံးလွှမ်းနေ၏။
ထို့နောက် ၎င်းက လေထဲတွင် ပြန့်ကျဲသွားသော သွေးများကိုပါ ပျံတက်၍ စုတ်ယူလိုက်သေးသည်။
ထိုလုပ်ရပ်နှင့်အတူ သွေးနီယူနီကွန်း၏ ကိုယ်မှ သွေးအစွမ်းကလည်း ပိုအစွမ်းထက်လာ၏။
" အမှိုက်ကောင် ၊ ကိုယ်ထဲမှာ နတ်ဘုရားသွေးလေး တစွန်းတစ ရှိရုံနဲ့ စင်ပေါ်တက်ပြီး ငါနဲ့ တိုက်ခိုက်ရဲသေးတယ်ပေါ့လေ။ အဲ့တော့လဲ ငါက မင်းကို သေအောင် သတ်ပေးရတာပေါ့ကွာ "
သွေးနီယူနီကွန်းက အေးစက်စက် ပြောလိုက်သည်။
စာစဉ်ပြီး၏