အားကျောက် သရဲဟန်ဆောင်သည်
Vol. 13 Ch. 123
ညစာစားပြီးနောက် ကျန်းကျင်းခိုင်က အားကျောက်ကို သော့ခတ်ထားသော အခန်းတခန်းသို့ ခေါ်သွား၏။ အခန်းမှာ လမ်းကြားထဲတွင် ဝန်ဆောင်မှုပေးသည့် အခန်းများပုံစံအတိုင်း ပြင်ဆင်ထားသည်မှာ ထင်ရှားနေသည်။ အခန်း၏ အလယ်တွင် ကုတင်တစ်လုံးရှိပြီး ပတ်ပတ်လည်တွင် ရိုးရှင်းသော ပရိဘောဂများနှင့် ဆင်ယင်ထား၏။
“ဟန်နီ ရှင် ဒီနေရာကို ပြင်ထားတာကတော့ တထေရာတည်းပဲ”
အားကျောက်က အခန်းကို ဝေ့ကြည့်ရင်း ပြောလိုက်၏
“ကဲ ဆရာလေး ဘာညာသွားအုံးမလား ကျွန်မ တစ်ဝက်လျှော့ပေးမယ်လေ”
“ကျုပ်က အခမဲ့လိုချင်တာကွ”
ကျန်းကျင်းခိုင်က သူမ၏ ခါးကိုဖက်ရင်း ပြောလိုက်သည်။
"ဒါပေမဲ့ အခန်းထဲမှာ စောင့်ကြည့်ကင်မရာတွေ ရှိတယ်”
“အလိုတော် ရှင်က လူဆိုးပဲ"
အားကျောက်က ကျန်းကျင်းခိုင်၏ ရင်ဘတ်ကို ဖွဖွလေးထုလိုက်၏။
“ကင်မရာတွေရှိရဲ့သားနဲ့ ရှင်က ကျွန်မကို အနိုင်ကျင့်တာလား”
“ဟုတ်တာပေါ့"
ထို့နောက် ကျန်းကျင်းခိုင်က အားကျောက်၏ နားရွက်အနီးသို့ တိုးတိုးလေးကပ်ပြောလိုက်သည်။
“ဒါပေမဲ့ ကင်မရာတွေက မဖွင့်ရသေးဘူး”
“အိုး ရှင်ကတော့လေ”
အားကျောက် တခစ်ခစ်ရယ်မောနေလေသည်။ ထိုအခါ ကျန်းကျင်းခိုင်က ပြောလိုက်၏။
“ကဲ ကျုပ် အပြင်ခနသွားလိုက်အုံးမယ် မင်း ဒီမှာ ခနလေးနေခဲ့နော် ဆယ်မိနစ်လောက်ပဲ"
“ကောင်းပါပြီရှင်”
အားကျောက်က ကျန်းကျင်းခိုင်ကို တံခါးဝဆီ တွန်းပို့လိုက်ပြီး ကုတင်ပေါ်တွင် ထိုင်ကာ ပြောလိုက်လေသည်။
ကျန်းကျင်းခိုင် ပြုံးရယ်ပြီး အခန်းထဲမှ ထွက်သွား၏။ ထို့နောက် သူက ဘေးခန်းရှိရဲများကို ညွှန်ကြားလိုက်လေသည်။
“ကင်မရာတွေဖွင့်လိုက်တော့ ပြီးရင် လျူယုစန်းကိုခေါ်လိုက်"
လျူယုစန်းမှာ အားရှုအဖြစ် ဟန်ဆောင်ရန် ရွေးချယ်ခံထားရသောရဲမေဖြစ်သည်။ သူမ အာအမိနိ့ရသည်နှင့် မှန်ထဲတွင် ကိုယ့်ကိုယ်ကို စစ်ဆေးရင်း ပြောလိုက်၏။
"အင်စပက်တာကျန်း ကျွန်မ သူနဲ့ တော်တော်တူသလား"
“တူပါတယ်ကွ ကဲ အခန်းထဲဝင်သွားလိုက် သူ မင်းကို မြင်သွားပါစေ"
ကျန်းကျင်းခိုင်က မော်နီတာမျက်နှာပြင်ပေါ်မှ အားကျောက်ကို လက်ညှိုးထိုးပြရင်း ပြောလိုက်၏။ လျူယုစန်း ခေါင်းညိတ်ပြီး အခန်းထဲမှ ထွက်သွားလေသည်။
ထိုအချိန်တွင် အားကျောက်မှာ ကုတင်ပေါ်တွင် အတိုင်းသားထိုင်လျက်ရှိလေသည်။ အခန်းပတ်ချာလည်ကိုကြည့်ရင်း အတိတ်ဘဝမှအကြောင်းအရာများ သူမမျက်စိရှေ့တွင် ပြန်ပေါ်လာသလို သူမ ခံစားနေရ၏။ ဘာကြောင့်မှန်းမသိ သူမ မျည်ရည်လည်လာ၏။ ထိုခနမှာပင် မီးပျက်ပြီး တခန်းလုံး မှောင်မဲသွားတော့သည်။
သူမ ထိတ်လန့်တကြား ဖြစ်သွား၏။ ထိုစဥ် အခန်းတံခါးပွင့်သွားပြီး တံခါးဝတွင် ရပ်နေသော အရိပ်တရိပ်က အခန်းထဲသို့ ဖြည်းဖြည်းချင်း ဝင်လာလေသည်။ အားကျောက် ထိုအရိပ်ကိုကြည့်ရင်း ရင်တုန်ပန်းတုန် ဖြစ်လာ၏။ မသိစိတ်ကြောင့် သူမ ဖြည်းဖြည်းချင်း ထရပ်လိုက်ပြီး ပြတင်းပေါက်ဆီသို့ နောက်ပြန်ဆုတ်သွားတော့သည်။
တဖြည်းဖြည်းနှင့် ထိုအရိပ်မှာ ပို၍နီးကပ်လာ၏။ အားကျောက်၏ ကျောပြင်မှာ ပြတင်းပေါက်နှင့် ကပ်နေပြီဖြစ်သည်။ အတော်အသင့်မြင်နေရပြီဖြစ်၍ ထိုအရိပ်သည် အမျိုးသမီးပုံသဏ္ဍာန်ဖြစ်ကြောင်း သူမ အတိအကျ ပြောနိုင်၏။ ဝတ်စားထားပုံအရ အရိပ်မှာ အားရှုနှင့် အတော်လေးဆင်တူနေကြောင်း တွေ့ရသည်။ သို့သော် ထိုအရိပ်မှထွက်လာသောအရှိန်အဝါမှာ အားရှုနှင့်မတူပဲ ဖြစ်နေ၏။ အားကျောက်သည် ဉာဏ်ကောင်းရုံမက သတ္တိရှိပြီး အသေးစိတ်ကြည့်တတ်မြင်တတ်သူ ဖြစ်၏။ ချက်ချင်းပင် ကျန်းကျင်းခိုင် သူမကို စမ်းသပ်နေကြောင်း အားကျောက် သဘောပေါက်လိုက်လေပြီ။
တစ်ဖက်ခန်းတွင်ရှိနေသော ကျန်းကျင်းခိုင်သည် မော်နီတာကို စိုးရိမ်တကြီး ကြည့်နေ၏။ ကံကောင်းသည်မှာ အားကျောက်၏ အခြေအနေက သာမာန်တုံ့ပြန်မှုထက် ပိုမနေခြင်းပင်။
“မီးဖွင့်လိုက်"
လျူယုစန်း ဆက်၍ ဟန်ဆောင်နိုင်မည့်အခြေအနေမရှိတော့မှန်း ကျန်းကျင်းခိုင် သဘောပေါက်လိုက်၏။ ထိုအခါ သူက အားကျောက်ရှိရာအခန်းသို့ကူးသွားပြီး သူမကို မေးလိုက်လေသည်။
“မင်း မကြောက်ဘူးလား ဘာလဲ သူတို့ မတူကြဘူးလား”
“ဘာကိုဘယ်သူနဲ့တူရမှာလဲ”
အားကျောက် နှုတ်ခမ်းစူလိုက်၏။ ထို့နောက် သူက ကုတင်ဘေးမှ အားရှုအတုကိုကြည့်ရင်း ပြောလိုက်လေသည်။
"ကျွန်မဖြင့် တယောက်ယောက် ကျွန်မဆီက ပိုက်ဆံလာလုတယ်ထင်နေတာ"
“ဒါပေမဲ့…”
ကျန်းကျင်းခိုင် ကြံရာမရဖြစ်ဟန်ဖြင့် ခေါင်းကုတ်လိုက်သည်။
“ကျုပ်စိတ်ထဲမှာတော့ သူ အားရှုနဲ့ တော်တော်လေးတူတယ်ထင်နေတာ ဒါမဟုတ်ဘူးလား"
“ရုပ်ရည်နဲ့ ကိုယ်လုံးကိုယ်ပေါက်ကတော့ ဆင်ပါတယ် ဒါပေမဲ့ အသေးစိတ်လေးတွေ မတူဘူးဖြစ်နေတယ် ကျွန်မ အစ်မရှုမဟုတ်မှန်း စကတည်းက သိတာပေါ့”
လျူယုစန်း အခန်းထဲမှ ထွက်သွားသည်နှင့် အားကျောက်က တိုးတိုးလေး ပြောလိုက်သည်။
“ဟန်နီ ရှင် သူ့ကိုသုံးပြီး အားလျန်ကို စမ်းသပ်မလို့လား”
“အင်း ကျုပ်တို့တော့ အဲဒီလို စီစဥ်ထားတာပဲ”
ကျန်းကျင်းခိုင် ခေါင်းညိတ်ရင်း ပြန်ဖြေလိုက်၏။ ထိုအခါ အားကျောက်က ပြောလိုက်ပြန်သည်။
“ခုနကတယောက်နဲ့ ကျွန်မ အရပ်ချင်းအတူတူလောက်ပဲ ထင်တယ် ကျွန်မ စမ်းကြည့်လို့မရဘူးလား"
“မင်းလား”
အားကျောက်၏ စကားကြောင့် ကျန်းကျင်းခိုင် ခေါင်းရှုပ်သွား၏။ အားကျောက်အနေနှင့် လျူယုစန်းထက် သရုပ်ဆောင်ကောင်းသည်မှာ ဟုတ်ပေလိမ့်မည်။ သို့သော် ထ်ိုလုပ်ရပ်ကြောင့် အားကျောက်၏ ဘဝမှန်ကို လူတိုင်းသိရှိသွားနိုင်၏။
“ဘာတွေတွေးနေတာလဲလို့ ဘာဖြစ်တာလဲ ကျွန်မကို မစမ်းခိုင်းချင်ဘူးလား”
"ကျုပ်...”
ကျန်းကျင်းခိုင် ဘာပြောရမှန်းမသိပဲ ဖြစ်နေ၏။
"ဒါက အရမ်း…”
“ဘာမှစိတ်မပူပါနဲ့ရှင် ကျွန်မ လုပ်နိုင်ပါတယ်”
အားကျောက်၏ လေသံမှာ ပြတ်သားလှပေသည်။
“မင်းအဆင်ပြေမယ်ဆိုတာ သေချာလို့လားကွာ”
ကျန်းကျင်းခိုင် သူမနှင့် မျက်လုံးချင်းဆုံရင်း ထပ်မေးလိုက်ပြန်သည်။
“အားလျန် လုံးဝရူးနေပြီ ဒါပေမဲ့ သူ ရုတ်တရက် သတိရလာပြီး မင်းကို မှတ်မိသွားရင် ဘယ်လိုလုပ်မလဲ… အဲဒီအခါကျရင်…”
“စိတ်မပူပါနဲ့ရှင် ရှင် ကျွန်မကို အမြဲတမ်း ချစ်ခင်မြတ်နိုးနေမယ်ဆိုတာ ကျွန်မ သိပါတယ်”
အားကျောက် ပြုံးလိုက်၏။
“ကျွန်မ သေချာစဉ်းစားပြီးပြီ အားလျန်က ကျွန်မနဲ့ မှမရင်းနှီးဘဲ ကျွန်မကို ဘယ်လိုမှတ်မိနိုင်မှာလဲ ပြီးတော့ ကျွန်မမှာ အကြံတစ်ခုရှိသေးတယ်ရှင့်”
အားကျောက်က ကျန်းကျင်းခိုင်ကို ပြုံးပြရင်း နှစ်သိမ့်လိုက်လေသည်။
“အင်စပက်တာကျန်း ဒေါက်တာလျူပြန်လာပြီ”
ထိုအခိုင်အတန့်မှာပင် လူရှောက်ချိန်နှင့်လျူနင်းတို့ တံခါးဝတွင် ပေါ်လာ၏။
"ဘယ်တော့ စမ်းသပ်မှု စမလဲ အင်စပက်တာ"
“မစသေးဘူး သရုပ်ဆောင်မဲ့သူကို နားကြပ်တပ်ပေးဖို့ နည်းပညာရှင် ခေါ်လိုက်ပါ ပြီးရင် ကျုပ်တို့ အသံစမ်းမယ်”
ထို့နောက် ကျန်းကျင်းခိုင်က အားကျောက်ကို စိုက်ကြည့်ရင်း ပြောလိုက်သည်။
"ကဲ သွားစို့ ကျုပ်တို့ ပြင်စရာရှိတာလေးတွေ ပြင်ဆင်အောင်"
ဆယ်နာရီထိုးခါနီးတွင် ပြင်ဆင်မှုများအားလုံး ပြီးစီးသွား၏။ ဒေါက်တာလျူ၏ ကြီးကြပ်မှုဖြင့် အားလျန် အခန်းထဲဝင်လာပြီး ကုတင်ပေါ်တွင် ထိုင်လိုက်သည်။ အရာအားလုံး နေသားတကျဖြစ်သွားသည်နှင့် အခန်းမီးများ ပိတ်လိုက်၏။ အားလျန်ကား ဘာလှုပ်ရှားမှုမှမရှိပဲ ပါးစပ်မှ တတွတ်တွတ်ရေရွတ်လျက် ငုတ်တုတ်ထိုင်နေလေသည်။
“အားလျန် အားလျန်ရေ…”
ထိုအချိန်မှာပင် ခေါ်သံတသံ အားလျန်နားသို့ ပျံ့လွင့်လာ၏။
"ငါရောက်လာပြီလေ…”
အသံနဲ့အတူ အမျိုးသမီးတစ်ဦး သူမဘေးတွင် ပေါ်လာ၏။ အားလျန် ခေါင်းမော့ကြည့်လိုက်သည်။ ထိုအမျိုးသမီးနှင့် မျက်လုံးချင်းဆုံမိသည့်ခနတွင် သူမ၏ခန္ဓာကိုယ် တဆတ်ဆတ်တုန်သွား၏။
ထိုအခါ အားလျန်၏အသက်မဲ့နေသောမျက်ဝန်းများ အရောင်ပြောင်းသွား၏။ သူမရဲ့အမူအရာမှာလည်း ပြောင်းလဲသွားလေသည်။ သူမ၏ မျက်နှာပေါ်တွင် ကြောက်ရွံ့တုန်လှုပ်ဟန်များ အတိုင်းသား ပေါ်လွင်လာသည်။
“အားလျန်… ငါပါ…”
အားကျောက်က အားမရှိဟန်ဖြင့် လက်နှစ်ဖက်ကို အားလျန်ဆီသို့ ဆန့်တန်းလိုက်လေသည်။
“ငါ… နင့်ကို...လွမ်း… တယ်”
“အား!”
အားလျန်က ကြောက်လန့်တကြား အော်ဟစ်လိုက်၏။
“အားရှု...အားရှု...အံမလေး"
သူမ ကြောက်လန့်တကြားနှင့် ကုတင်ပေါ်ကို လဲကျသွား၏။ သို့သော် သူမပါးစပ်မှကား အဆက်မပြတ် အော်ဟစ်နေလေသည်။
“အား ငါ့ကို မသတ်ပါနဲ့”
အားရှု အထက်ပါအတိုင်း အော်ဟစ်တောင်းပန်ရင်း ရှိုက်ကြီးတငင် ငိုကြွေးတော့သည်။
“မလုပ်နဲ့ မလုပ်နဲ့ အားရှု ငါ့ကို မသတ်ပါနဲ့"
ထိုအချိန်တွင် အားလျန်သည် အားကျောက်ကိုမကြည့်တော့ပဲ ကုတင်ပေါ်တွင် ကလေးတယောက်သဖွယ် ကွေးကွေးလေး လဲလျောင်းကာ တဆတ်ဆတ် တုန်ယင်နေလေသည်။ သူမပါးစပ်မှလည်း အဆက်မပြတ်ပင် အော်ဟစ်တောင်းပန်နေ၏။
“မလုပ်နဲ့ မလုပ်နဲ့ အားရှု ငါ့ကို မသတ်ပါနဲ့ အားရှု ငါ့ကိုမသတ်ပါနဲ့"
တစ်ဖက်ခန်းတွင် ကျန်းကျင်းခိုင်နှင့် ဒေါက်တာလျူတို့သည် မြင်ကွင်းကို သေသေချာချာ စောင့်ကြည့်နေကြ၏။ ဒေါက်တာလျူသည် မြင်ကွင်းကိုကြည့်နေရင်းနှင့်ပင် အားလျန် တယောက်တည်းတီးတိုးစကားပြောနေစဥ် ဖြစ်ပေါ်နေသည့် ပါးစပ်အဖွင့်အပိတ်အနေအထားအတိုင်း လိုက်လုပ်ကြည့်နေ၏။ တခနအကြာတွင် သူမက ကျန်းကျင်းခိုင်ဘက်လှည့်ရင်း ပြောလိုက်လေသည်။
“သူ တိုးတိုးလေး ဘာတွေရွတ်နေသလဲဆိုတာ ကျွန်မသိပြီထင်တယ် အင်စပက်တာ"