အားကျောက် ရောက်ရှိလာခြင်း
Vol. 13 Ch. 126
မျှော်လင့်ထားသည့်အတိုင်း ၂ နာရီကျော်ကျော်ခန့်တွင် အားဟွိုင်တယောက် မော်နီတာဖန်သားပြင်ပေါ် တွင် ပေါ်ပေါက်လာ၏။ သိပ်မကြာမီ အမျိုးသားတစ်ယောက်ပေါ်လာပြီး သူမနှင့်အတူ ငှားထားသည့် အခန်းထဲ ဝင်သွားလေသည်။ ထိုလူ ဝင်သွားသည်နှင့် အားဟွိုင်က တိုက်ခန်းထဲမှအမျိုးသမီးနဲ့ စကားအနည်းငယ်ပြောပြီး လမ်းကျဉ်းထိပ်သို့ ပြန်ထွက်လာပြန်၏။ ထိုအချိန်တွင် ထိန်းချုပ်ခန်းသို့ ပြန်ရောက်နေပြီဖြစ်သော လူရှောက်ချိန်က ၎င်းကိုကြည့်ရင်း ပြောလိုက်သည်။
"ကြည့်ပါအုံး အင်စပက်တာကျန်း သူ ပြန်ထွက်လာပြီ"
ကျန်းကျင်းခိုင်က ခေါင်းငြိမ့်လိုက်သည်။
"အင်း ဟိုလူပြန်ထွက်လာရင် လူတစ်ယောက်ကို နောက်ယောင်ခံလိုက်ခိုင်းလိုက် "
ထိုအခိုက်မှာပင် ကျန်းနန် ဝင်လာသဖြင့် သူတို့စကားပြတ်သွား၏။
"အင်စပက်တာကျန်း ဒီနေ့ စောတယ်နော် ဟဲ ဟဲ ဘာလဲ အိမ်ကမောင်းချခံလိုက်ရလို့လား"
"ဟုတ်တယ်"
ကျန်းကျင်းခိုင် ရယ်မောရင်း ပြောလိုက်၏။
"ဆာဂျင်ကျန်းလဲ လမ်းကြားထဲမှာပဲ အချိန်ဖြုန်းနေပါလား ကြည့်ရတာ မိန်းမက အိမ်တံခါးဖွင့်မပေးဘူးနဲ့တူတယ်"
ကျန်းနန် အားရပါးရ ရယ်မောလိုက်လေသည်။
"ဟားဟား သေချာတာပေါ့ သူ ကျွန်တော့ကို အတူအိပ်ခွင့်မပေးတာ တပတ်ကျော်သွားပြီ"
"ဟိုမှာတွေ့လား"
ကျန်းကျင်းခိုင်က အားဟွိုင်ကို လက်ညိုးထ်ိုးပြရင်း နောက်လိုက်သည်။
"ဒီကိစ္စက အောက်ထပ်မှာတင် အဆင်ပြေသွားနိုင်တယ်"
"ဟားဟား အကြံကောင်းပဲ"
ကျန်းနန်က ခေါင်းခါရင်း ပြန်ပြောလိုက်၏။
"ဒါပေမယ့် ကျွန်တော်က အသက်ကြီးပြီ။ ငယ်ရွယ်တဲ့မိန်းကလေးတွေကို မနိုင်လောက်တော့ဘူး"
ကျန်းကျင်းခိုင်က ထပ်မံစနောက်လိုက်ပြန်သည်။
"ဆာဂျင်က အသက်ကြီးနေလို့တော့ မဟုတ်လောက်ပါဘူး ပိုက်ဆံမရှိလို့ပဲ နေမှာပါ ဟုတ်တယ်မလား"
သို့သော် ကျန်းကျင်းခိုင်က ချက်ချင်းပင် စကားလမ်းကြောင်းပြောလိုက်၏။
"ဒါနဲ့ ဆာဂျင်ကျန်း ကျုပ်တို့လူတွေ အကုန် နေရာယူပြီးပြီလား"
ကျန်းနန် ခေါင်းညိတ်ပြလိုက်သည်။
"ဘာမှစိတ်မပူပါနဲ့ အင်စပက်တာ သူတို့အားလုံး အဆင်သင့်ဖြစ်နေပြီ ဒါပေမယ့် ကြည့်ရသလောက် အားဟွိုင်က ဝန်ဆောင်မှုပေးတဲ့သူမဟုတ်တော့ အန္တရာယ်ဖြစ်လောက်မဲ့ပုံတော့မပေါ်ဘူး"
ကျန်းနန်၏ အဆိုကို ကျန်းကျင်းခိုင် သဘောတူလိုက်၏။ သို့သော် သူက သတိပေးလိုက်လေသည်။
"ဒီလူသတ်သမားက အတော်ကြီးကို အန္တရာယ်များပြီး ထိန်းချုပ်ဖို့ခက်ခဲတယ် ကျုပ်တို့သတိထားတာ မမှားဘူး အားဟိုင်က ကျုပ်တို့အတွက် အရမ်းအရေးကြီးတယ်၊ သူ့ကို ဘာမှဖြစ်လို့မရဘူး"
စက္ကန့်များ၊ မိနစ်များ မြန်မြန်ဆန်ဆန်ပင် ကုန်ဆုံးသွားပြီး ပတ်ဝန်းကျင်တခုလုံး မှောင်မဲစပြုလာ၏။ ကျန်းနန်က နာရီကိုကြည့်ရင်း ပြောလိုက်သည်။
"ကဲ အင်စပက်တာကျန်း အချိန်ကျပြီလေ"
"ဘာကိုအချိန်ကျတာတုန်းဗျ"
ကျန်းကျင်းခိုင် အံ့သြသင့်သွား၏။
"ဘာတွေပြောနေကြတာတုန်း"
"သွားမှာသာသွားပါအင်စပက်တာ"
ဘေးနားမှ လူရှောက်ချိန်က ရှင်းပြလိုက်သည်။
"အစ်မကျီးယွမ်ကို သွားကြိုရမဲ့အချိန်ရောက်ပြီလေ"
"အော် ဟား ဟား ဟား မင်းတို့က..."
ကျန်းကျင်းခိုင် ပြုံးဖြီးဖြီးဖြစ်သွား၏။
"ဟုတ်ပြီ ဟုတ်ပြီ ဒါဆို ဒီမှာ မင်းတို့နှစ်ယောက် ခနတဖြုတ် တာဝန်ယူထားလိုက်ကြ"
"ဘာမှစိတ်မပူနဲ့ မြန်မြန်သွားကြိုလိုက်"
ကျန်းနန်က မော်နီတာဖန်သားပြင်ကို စိုက်ကြည့်ရင်း ပြောလိုက်၏။
နောက်ကြောင်းအေးသွားပြီဖြစ်၍ ကျန်းကျင်းခိုင် ထိန်းချုပ်ခန်းထဲမှ ထွက်လာခဲ့၏။ လမ်းထိပ်သို့ရောက်သည်နှင့် သူက အားကျောက်ကို ဖုန်းခေါ်လိုက်လေသည်။
"ဟန်နီ ဘာလုပ်နေလဲ ကျုပ် လာကြိုရတော့လား"
"ကျွန်မလား ကျွန်မ အခု ချွေကျင်းနဲ့ လျှောက်လည်နေတာလေ"
အားကျောက်၏ လေသံမှာ အထူးပင် ရွှင်မြူးနေ၏။
"ဟုတ်လား ဒါဆို ကျုပ် ဘယ်မှာ လာခေါ်ရမလဲ"
အားကျောက်က ကလေးဆိုးကြီးသဖွယ် ဆက်ပြောလိုက်ပြန်သည်။
"ဟန်နီ ကျွန်မတို့ နက်ဖြန်ကစပြီး ကျောင်းပိတ်ပြီ ကျွန်မကို ညစာလိုက်ကျွေးပါလား"
"ညစာ ဟုတ်လား"
ကျန်းကျင်းခိုင် တွေခနဲ ဖြစ်သွား၏။
"ကောင်းပြီလေ ဒါပေမယ့် နောက်တစ်ရက်ကျမှကျွေးရင်ရော ကျုပ် ဒီည မအားဘူးဖြစ်နေလို့"
"တကယ်လား ဟုတ်ပြီလေ ဒါပေမယ့် ဒီည ကျွန်မလဲ လိုက်ခဲ့မယ် ရတယ်မလား"
ဖုန်းထဲမှ အားကျောက်၏ ရယ်မောသံ ထွက်ပေါ်လာ၏။
"ရှင် မခေါ်ဘူးဆိုရင် ဒီည ကျွန်မ အပြင်ထွက်ပြီး တခြားယောက်ျားတွေကို မြှူဆွယ်လိုက်မှာနော်"
"မင်း တကယ်ကြီးလုပ်ရဲလို့လား"
ကျန်းကျင်းခိုင် ဒေါသထွက်ဟန်ဆောင်လိုက်၏။
"မင်းဘယ်မှာလဲ ပြောစမ်း ကျုပ် ခုချက်ချင်း လာခေါ်မယ်"
"လုပ်ရဲတာပေါ့ လိုက်ခွင့်ပြုမှ ဘယ်မှာလဲဆိုတာ ပြောပြမယ်"
"ကဲ မင်း မပြောရင် ကျုပ် လမ်းကြားထဲပြန်သွားတော့မယ် မအားဘူးကွ"
ကျန်းကျင်းခိုင် စိတ်ပျက်လက်ပျက်နှင့် ပြောလိုက်လေသည်။
"ဟွန့် သွားချင်သွားပေါ့ ရှင့်ကို မကြောက်ပါဘူး"
အထက်ပါအတိုင်းပြောပြီး အားကျောက် ဖုန်းချသွား၏။
"ဒီ ကောင်မလေးကတော့ တကယ့်ကို မလွယ်ကျောပဲ"
ကျန်းကျင်းခိုင် ပြုံးစေ့စေ့နှင့် အထက်ပါအတိုင်း တီးတိုးရေရွတ်လိုက်၏။ ထို့နောက် သူက လမ်းထိပ်တွင်ရပ်ပြီး တွေဝေလျက်ရှိသည်။ အားကျောက်မပါပဲ ညနေစာစားရမည်ကို သူ စိတ်မပါလှ။ ထိုအခါ သူက ညနေစာမစားမီ လမ်းကြားတစ်ဝိုက်လှည့်ပတ်ကြည့်ရန် စိတ်ကူးရလာ၏။
သူ့ ငါ့ကို လာကြိုဖို့ ပြောရင်ပြောနိုင်သေးတာပဲ...
အထက်ပါအတိုင်းတွေးပြီး သူ လမ်းထဲသို့ ပြန်ဝင်လာခဲ့၏။ သို့သော် ဤတကြိမ်တွင်တော့ အားကျောက်က ကျန်းကျင်းခိုင်ကို စိတ်ပျက်သွားစေ၏။ လမ်းတပတ်ပတ်ပြီးသည့်တိုင်အောင် အားကျောက် သူ့ကို ဖုန်းပြန်မဆက်သေးချေ။
ထိုအခါ ကျန်းကျင်းခိုင်က သက်ပြင်းချပြီး ဦးလေး ကိုင်၏ ခေါက်ဆွဲဆိုင်ဘက်ကို လျှောက်လာခဲ့၏။ဆိုင်ဝရောက်သည်နှင့် မိန်းကလေးတဦး၏ မြူဆွယ်သံကို သူ ကြားလိုက်ရလေသည်။
"အစ်ကိုကြီး တဆက်ရှင်လောက် သွားအုံးမလားရှင့်"