← Chapters

အလုပ်များတဲ့ည

Vol. 13 Ch. 127

အလုပ်များတဲ့ည

Vol. 13 Ch. 127

ကျန်းကျင်းခိုင် အသံထွက်ပေါ်လာရာဆီသို့ လှည့်ကြည့်လို​က်၏။ အသံရှင်သည် မျက်မှန်အနက်ကြီးတပ်ထားပြီး မျက်နှာသွယ်၏။ ခရမ်းရောင်ဆံပင်များက နဖူးပေါ် ဝဲကျနေလေသည်။ အင်္ကျီမှာ အာကစားအင်္ကျီအပွကြီးဝတ်ထားပြီး အောက်ပိုင်းတွင် ဂျင်းစကတ်တစ်ထည်ကို ဝတ်ထား၏။ သူမ၏ ပုံစံနှင့် ဝတ်စုံမှာ မည်သို့မှ လိုက်ဖက်မှုမရှိပေ။

"မင်း အသက်ဘယ်လောက်ရှိပြီလဲ"

ကျန်းကျင်းခိုင်က ကောင်မလေးကို အေးစက်သောလေသံနှင့် မေးလိုက်သည်။

"အထက်တန်းရော ပြီးပြီလား"

"အထက်တန်း"

မိန်းကလေး ရှက်တက်တက်ဖြစ်သွား၏။ ထို့နောက် သူမက ချွဲပြစ်သောအသံနှင့် ပြန်ဖြေလိုက်သည်။

"အစ်ကိုကြီး ကျွန်မ အရွယ်ရောက်ပြီးပါပြီရှင့်"

"တကယ်လား"

ကျန်းကျင်းခိုင် မ်ိန်းကလေး၏ လက်ကို ဖြတ်ခနဲ ဆွဲလိုက်၏။

"ဒါဆို ငါနဲ့ လိုက်ခဲ့စမ်း"

ထို့နောက် သူ မိန်းကလေးကို လမ်းကြားထဲ ဆွဲခေါ်သွားလေသည်။

"ရှင်… ရှင် ဘာလုပ်မလို့လဲ"

မိန်းကလေးက ကြောက်ကြောက်နဲ့ ထအော်လိုက်သည်။ သို့သော် သူမ၏ ချွဲပြစ်ပြစ်အသံကတော့ ပြောင်းသွားခြင်းမရှိချေ။

"ကျွန်မမှာ အခန်းရှိပြီးသားရှင့်"

"ဘာအခန်းမှမလိုဘူး ငါက ရဲအရာရှိကွ"

ကျန်းကျင်းခိုင်က အေးစက်သောလေသံနှင့် ပြန်ဖြေလိုက်သည်။

"ဪ ရှင်က ရဲအရာရှိလား"

မိန်းကလေး ဇွတ်ရုန်းထွက်လိုက်သဖြင့် ကျန်းကျင်းခိုင် အံ့အားသင့်သွား၏။ သူမ၏ သေးသွယ်သော ကိုယ်ခန္ဓာလေး ဤမျှလောက် အားအင်ရှိမည်ဟု သူ ထင်မထားခဲ့ချေ။

"ဒါဆို ကျွန်မကလဲ ရဲအရာရှိရဲ့ ဇနီးရှင့်"

"မင်းက ရဲအရာရှိရဲ့ ဇနီးလား ပြောစမ်း ဒါဆို မင်းရဲ့ ခင်ပွန်းက ဘယ်သူလဲ"

"ကျန်းကျင်းခိုင်တဲ့"

မိန်းကလေးက ချက်ချင်း ပြန်ဖြေလိုက်သည်။

"ကျန်းကျင်းခိုင် ဟုတ်လား"

သူက မိန်းကလေး၏မျက်နှာကို ပြူးပြဲကြည့်ရင်း ပြောလိုက်၏။

"ဒါဆို မင်းက ငါ့ကို ဘယ်သူထင်လို့လဲ"

"ကျွန်မခင်ပွန်းပေါ့ရှင့်"

မိန်းကလေးက ခပ်တည်တည်နှင့် ပြန်ဖြေလိုက်သည်။

"အောင်မာ"

ကျန်းကျင်းခိုင် မယုံနိုင်ဟန်ဖြင့် မိန်းကလေးကို ကြည့်နေလေသည်။ နောက်ဆုံးတော့ မိန်းကလေးက ထိန်းမထားနိုင်တော့ဟန်ဖြင့် ကျယ်လောင်စွာ ရယ်မောလိုက်၏။

"ကြည့်စမ်း မင်းပဲ မဟုတ်လား"

ကျန်းကျင်းခိုင်က မိန်းကလေး၏ ဆံပင်ကို ဆွဲရင်း ပြောလိုက်လေသည်။ ထင်ထားသည့်အတိုင်း သူမ၏ ဆံပင်တုက အလွယ်တကူ ကျွတ်သွား၏။

"ရှင် ဘာလုပ်နေတာလဲ ကျွန်မကို အနိုင်ကျင့်မလို့လား"

ဆံပင်တုကျွတ်သွားပြီးနောက် မိန်းကလေး၏ အသံမှာ သိသိသာသာပင် ပြောင်းသွားလေသည်။ ထို့နောက် သူမက ကျန်းကျင်းခိုင်အနီးသို့ တိုးကပ်ပြီး တိုးတိုးလေး ပြောလိုက်၏။

"ကောင်းပြီလေ အခွင့်အရေးရတုန်း အနိုင်ကျင့်ထားနော် သိလား"

"အရူးမလေး မင်း ဒီမှာ ဘာလုပ်နေတာလဲ ဘာလို့ဒီလို ဝတ်ထားတာလဲ"

"ဝတ်ချင်လို့ပေါ့ရှင့်"

ပြောရင်းနှင့် အားကျောက်က သူမ၏ မျက်မှန်ကို ချွတ်လိုက်လေသည်။

"ဟန်နီ ကျွန်မရဲ့ ဆံပင် ဘယ်လိုနေလဲ လှတယ်မလား"

"လှပါတယ် ဒါပေမဲ့ နည်းနည်းတော့တိုတယ်"

ကျန်းကျင်းခိုင်၏ အသံမှာနွေးထွေးလှပေသည်။

"ကျုပ် ဒီမှာရှိတာကို ဘယ်လိုသိတာလဲ"

"အလိုလိုသိတယ်"

အားကျောက် ပြုံးစေ့စေ့နှင့် ပြောလိုက်သည်။

"ဟန်နီ ကျွန်မ ဗိုက်ဆာနေပြီ ရှင်ဘာကျွေးမလဲ"

အားကျောက်က ကျန်းကျင်းခိုင်ကို မှီနွဲ့ရင်း မေးလိုက်ပြန်သည်။

"မင်းက လူဆိုးဆိုတော့ ဖမ်းပြီး ရဲစခန်းခေါ်သွားရင်ကောင်းမယ်"

အထက်ပါအတိုင်းပြောရင်း ကျန်းကျင်းခိုင်က အားကျောက်၏ နဖူးကို ဖွဖွလေးထုလိုက်၏။

"ပြော ဘာစားချင်လဲ"

"ခေါက်ဆွဲစားရအောင်"

"အင်း"

ကျန်းကျင်းခိုင်က အားကျောက်၏ ဆံပင်ကို ညင်သာစွာ ပွတ်သပ်ပေးရင်း ပြောလိုက်လေသည်။

"ဟန်နီ မင်း ကျုပ်ဘေးမှာ အမြဲတမ်းရှိနေရင် တစ်ယောက်ယောက်က မင်းကို မှတ်မိသွားလိမ့်မယ် ဒါကို ကျုပ် ကြောက်တယ်ဆိုတာ မင်းသိတယ်မလား"

"သိပါတယ် ဒါပေမဲ့ အစ်မရှု တကယ်သေသွားတာ ဟုတ်မဟုတ် ကျွန်မ သိချင်နေတယ်လေ ပြီးတော့ ကျွန်မ ရုပ်ဖျက်ထားလို့ရသားပဲ ဟုတ်ဘူးလား"

အားကျောက်က ကျန်းကျင်းခိုင်ကို ပြောလိုက်ပြန်သည်။

" ခုနက ရှင်တောင် ကျွန်မကို မမှတ်မိဘူးမလား"

"အရူးမလေး"

ကျန်းကျင်းခိုင်က အားကျောက်ကို ပွေ့ဖက်လိုက်လေသည်။

"အရင်သွားစားရအောင်"

ထိုညက အားကျောက်လည်း ကျန်းကျင်းခိုင်နှင့်အတူ ထိန်းချုပ်ရေးခန်းသို့ လိုက်ပါလာခဲ့၏။ ထို့နောက် သူမသည် အားဟွိုင်တယောက် ​ဖောက်သည်ရှာနေသည်ကို အတိုင်းသားထိုင်ကြည့်နေလေသည်။

"ဟန်နီ မင်းပင်ပန်းနေရင်လဲ ခနလောက်နားလိုက်အုံးလေ"

တခါတရံတွင် ကျန်းကျင်းခိုင်သည် သူမဘေးတွင် လာထိုင်နေတတ်၏။ တစ်ခါတစ်ရံမှာ အားကျောက်ကို အထက်ပါအတိုင်း မေးမြန်းနေတတ်လေသည်။ တကယ်တော့ အားကျောက် စိတ်အပြောင်းအလဲဖြစ်အောင် သူက ထိုသို့လာပြောနေခြင်းပင်။

"ရပါတယ်ရှင်"

အားကျောက်ကလည်း အမြဲတစေ ခေါင်းခါပြပြီးမှ မရပ်မနားလှုပ်ရှားနေသော အားဟွိုင်ကိုသာ ငေးကြည့်နေ၏။ ကျန်းကျင်းခိုင်ကတော့ အားကျောက်၏ အရိပ်အကဲကိုသာ ဂရုတစိုက် အကဲခတ်နေတတ်ပေသည်။ သို့သော် ကျန်းကျင်းခိုင်၏ စိတ်မှာကား ယောက်ယက်ခတ်မတတ် လှုပ်ရှားနေ၏။

လမ်းကြားထဲက ကွင်းဆက်လူသတ်မှုတွေရဲ့ နောက်ကွယ်က လူသတ်သမားဟာ အားရှူကို လက်စားချေချင်တာဆိုရင် ငါလည်း သူ့ပစ်မှတ်ပဲ မဟုတ်ဘူးလား...ငါကိုယ်တိုင် ငါးစာအဖြစ် ဆောင်ရွက်မယ်ဆိုရင် ငါ့တွဲဖက်ဟာ အားကျောက်ကလွဲပြီး တခြားမရှိဘူး...ငါသာ သူ့ကို အကူအညီတောင်းရင် သူ သေချာပေါက် ကူညီမှာပဲ… ဒါပေမဲ့ တခုခုမှားသွားရင် သူ ဒုက္ခရောက်သွားနိုင်တယ်...

"အင်စပက်တာကျန်း ပင်ပန်းနေပြီလား"

လူရှောင်ချိန် ရေသန့်ဘူးတစ်ဘူးနှင့်ဖျော်ရည်တစ်ခွက်ကို ကိုင်ပြီး အခန်းထဲသို့ဝင်လာ၏။

"ရော့ အစ်မကျီးယွမ် ဒါ မင်းအတွက်"

သူက ဖျော်ရည်ခွက်ကို အားကျောက်ဆီ ကမ်းပေးလိုက်၏။

ထိုအခို​က်မှာပင် လမ်းကြားဝင်ပေါက်တွင် အရိပ်တစ်ရိပ် ပေါ်လာ၏။ ကျောပိုးအိတ်လွယ်ထားသည့် အမျိုးသားတစ်ယောက် လမ်းကြားထဲဝင်လာခြင်းပင်။ ထိုလူ၏ ပုံစံမှာ အလွန်ပင်ပန်းနေပုံရပြီး လမ်းကြားထဲအပျော်လာရှာသည့်ပုံစံမရှိချေ။

"အင်စပက်တာကျန်း ကြည့်ပါဦး"

အရာရှိတဦးက အရိပ်ကို လက်ညှိုးထိုးပြရင်း သတင်းပို့လိုက်၏။

"ဒီလူရဲ့ လှုပ်ရှားမှုတွေက သိပ်ပုံမှန်မဟုတ်ဘူး"

"ဪ သူ...သူ့ကို စိတ်မပူပါနဲ့ သူက လမ်းကြားထဲမှာနေတဲ့သတင်းထောက်ပဲ သူ့ကို ကျုပ် သိတယ်"

ထိုလူမှာ တခြားလူမဟုတ်။ ဝူရှုပင် ဖြစ်လေသည်။ သု့ကိုကြည့်ရသည်မှာ အတော်လေး ပင်ပန်းနေပုံရ၏။

ထို့နောက် သူက လူရှောင်ချိန်ကို လှည့်ကြည့်ပြီး မေးလိုက်သည်။

"ရှောင်ချိန် သူ မနက် ဘယ်အချိန် အလုပ်သွားလဲ"

"ကျွန်တော်လဲ သေချာမသိဘူး"

လူရှောင်ချိန်က မော်နီတာပေါ်မှ ဝူရှုပင်ကိုကြည့်ပြီး ပြန်​ဖြေလို​က်၏။

"ဒီလူ အတော်လေးကို အလုပ်ကြိုးစားတယ် ဒီညဆို သူအိမ်ပြန်တာ အတော်စောတယ်လို့ ပြောလို့ရတယ် အင်စပက်တာ"

"သူ့ကို စောင့်ကြည့်ထားလိုက်ကွာ မနက်ဖြန်မနက် သူ ထွက်လာရင် ကျုပ်ကို ပြောပြပါ"

ထိုသို့ပြောပြီး သူ အားကျောက်ဘေးနားတွင် သွားထိုင်နေလိုက်လေသည်။

All Chapters