အရိပ်မထွက်တဲ့လူ
Vol. 13 Ch. 128
ဝူရှူပင်တယောက် လမ်းကြားထဲတွင် နှေးကွေးလေးလံစွာ လျှောက်လာနေ၏။ ရဲများ သူ့ကို စောင့်ကြည့်နေမှန်း သူမသိ။ သူ့အတွက်တော့ ဤညက ယခင်ညများနှင့် အတူတူသာ။
လေသည် အသော့လေး တိုက်ခတ်နေ၏။ ဝူရှူပင်သည် တရွေ့ရွေ့လျှောက်လာနေလေသည်။ လမ်း၏ ဘေးတစ်ဖက်တစ်ချက်စီတွင် ဖောက်သည်ရှာနေသော မိန်းကလေးများကို သူ အတိုင်းသား တွေ့နေရ၏။ ဘယ်မိန်းကလေးမှ သူတို့မျက်မှန်းတန်းမိနေသော ဝူရှုပင်ကို စိတ်မဝင်စားကြချေ။ သူ ဤလမ်းကြားတွင် နေထိုင်သူဖြစ်ပြီး အပျော်လာရှာသူမဟုတ်မှန်း သူတို့အားလုံး သိထားကြသည် မဟုတ်ပါလား။
သို့သော် ဤနေ့တွင် ဝူရှူးပင်က နည်းနည်းစိတ်ပြောင်းနေ၏။ သူ လမ်းလျှောက်လာနေရင်း လမ်းဘေးရှိ မိန်းကလေးများကို မျက်လုံးထောင့်မှ ခိုးကြည့်နေလေသည်။ သူ့ကိုကြည့်ရသည်မှာ တစုံတယောက်က်ို လိုက်ရှာနေသည့်ပုံစံပင်။ ထိုအချိန်မှာပင် အဆောက်အဦးဝင်ပေါက်သို့ ပြန်ရောက်လာသော အားဟွိုင်က သူ့ကို သတိထားမိသွား၏။
"အစ်ကိုရေ ဆက်ရှင်ယူအုံးမလား"
ပြည့်တန်ဆာတစ်ယောက်ပီပီး အားဟွိုင်သည် သူ့မျက်လုံးမှ ကာမဆန္ဒကို ချက်ချင်းရိပ်မိသွားဟန်ရှိသည်။
"ရ… ရပါတယ်…"
ဝူရှူပင် အထစ်ထစ်အငေါ့ငေါ့နှင့် ပြန်ဖြေလိုက်သည်။ သူ လမ်းကြားထဲတွင် နေထိုင်သော်ငြား ဤမိန်းကလေးများနှင့် တစ်ခါမှ အပြန်အလှန်ဆက်ဆံဖူးခြင်းမရှိ။ ယုန်ဟူသည်မှာ တွင်းဝနားမှ မြက်ကို မစားတတ်သည်မှာ ဓမ္မတာသာ။
"လာလေ ကျွန်မနဲ့လိုက်ခဲ့"
အားဟွိုင်က ချက်ချင်းပင် ဝူရှုပင်၏ လက်က်ို လှမ်းချိတ်ပြီး ပြောလိုက်သည်။
"ရှင် ဒီနားမှာ နေတာ မဟုတ်ဘူးလား"
"ဟုတ်တယ် မင်း ဘယ်လို… ဘယ်လိုလုပ်ပြီးသိနေတာလဲ"
ဝူရှူပင်၏ နှလုံးသည် တဒုတ်ဒုတ်နှင့် ခုန်နေ၏။ သူ အစိုးရိမ်လွန်နေသည်မှာ သိသာလှပေသည်။
"ခစ် ခစ် ရှင် ဒီနားမှာ အပြေးအလွှားသွားလာနေတာကို ကျွန်မ အမြတမ်းမြင်နေရတယ်လေ"
တချိန်တည်းမှာပင် အားဟွိုင်၏ စိတ်ထဲတွင် ဝူရှုပင်၏ မေးခွန်းက ရယ်စရာကောင်းသည်ဟု သူမ တွေးမိနေ၏။
"အော် ဟုတ်သားပဲ"
ဝူရှူပင်၏ အသံက အနည်းငယ်တုန်ရီနေလေသည်။
"ကျွန်တော်… ကျွန်တော် ဒီနားမှာ နေတာဗျ ဒီမှာက အိမ်ငှားခ သက်သာတယ်လေ ဒါနဲ့ ခင်ဗျားတို့နေရာ..."
"စိတ်မပူပါနဲ့ရှင် အရမ်းစိတ်ချရတယ်"
ပြောရင်းနှင့် အားဟွိုင်က ဝူရှုပင်ကို အကဲခတ်လိုက်သည်။ ဝူရှုပင်၏ ရုပ်ရည်က ကြည့်ကောင်းသည်ဟု သူမ မှတ်ချက်ပြုမိ၏။
"ရှင့်မှာ ရည်းစား မရှိဘူးလား"
"မ… မရှိဘူး"
ဝူရှုပင် ရိုးရိုးသားသားပင် ပြန်ဖြေလိုက်၏။
"လာ သွားကြမယ် ကျွန်မအခန်းက ရှေ့နားလေးတင်ပဲ"
ဝူရှူပင်၏ အဖြေကြောင့် အားဟွိုင် ပျော်သွား၏။ ဤနယ်ပယ်တွင် သူမသည် အတွေ့အကြုံရှိသောဝါရင့်တဦးဖြစ်သော်ငြား အသက်အရွယ်အားဖြင့်တော့ သူမသည် ငယ်ရွယ်သူတဦး ဖြစ်နေဆဲသာ။ ထို့ကြောင့် သူမ၏ အတွင်းစိတ်ထဲတွင် အပြစ်ကင်းစင်မှုတချို့ ကျန်နေသေး၏။ ဝူရှူပင်ကို သူ့ရည်းစားဖြစ်ပေးရန် တောင်းဆိုလောက်သည်အထိ သူမ မမိုက်မဲသော်ငြား တညတာရည်းစားအဖြစ် နေလိုက်ရလျင်လည်း မဆိုးဟု သူမ တွေးနေမိသည်မှာ အမှန်ပင်။
ထိန်းချုပ်ခန်းထဲတွင် ကျန်းကျင်းခိုင်သည် စောင်တထည်ကိုယူပြီး အိပ်ပျော်နေသည့် အားကျောက်ကိုယ်ပေါ် ခြုံပေးလိုက်၏။ ထို့နောက် သူ မော်နီတာကို လှမ်းကြည့်လိုက်သည်။ ဝင်ပေါက်အနီးတွင် အားဟွိုင်ကို မတွေ့ရတော့၍ သူ အံ့သြသွား၏။
"အားဟွိုင် ဘယ်ရောက်သွားပြီလဲ"
ကျန်းကျင်းခိုင်က ဘေးနားရှိ ရဲတဦးကို မေးလိုက်သည်။
"သူ ခုနကပဲ အမျိုးသားတစ်ယောက်ကို အထဲခေါ်သွားတယ်အင်စပက်တာ"
ထိုရဲက ပြန်ဖြေလိုက်၏။
"အင်စပက်တာ ဆရာလည်း ပင်ပန်းနေပြီ ခဏလောက် နားလိုက်ပါ ကျွန်တော်တို့ ကြည့်ထားလိုက်မယ်"
"ကောင်းပြီ"
ကျန်းကျင်းခိုင် ခေါင်းညိတ်လိုက်သော်ငြား သူ့အကြည့်က တခြားမော်နီတာဖန်သားပြင်များဆီ ရွေ့သွား၏။ သူ့ဗီဇအရ အရေးကြီးသောတစုံတရာ ဖြစ်တော့မည်ဟု သူ ခံစားနေရသည် မဟုတ်ပါလား။ တခြားမော်နီတာပေါ်တွင် အားဟွိုင်သည် လူတယောက်နှင့်အတူ သူမအခန်းဆီ ချဉ်းကပ်နေ၏။ ထိုလူ၏ ကျောပြင်ကိုကြည့်ရင်း မြင်ဖူးသလိုလိုရှိသည်ဟု ကျန်းကျင်းခိုင် တွေးလိုက်မိသည်။ ထိုအချိန်တွင် အားဟွိုင်နှင့်ထိုလူသည် မီးထိန်ထိန်လင်းနေသော လမ်းသွယ်တစ်ခုကို ဖြတ်ကျော်သွားလေရာ အားဟွိုင်၏ နောက်ကျောတွင် မီးရောင်ကြောင့် ရှည်လျားသောအရိပ်တခု ထွက်ပေါ်လာသည်ကို ကျန်းကျင်းခိုင် မြင်တွေ့လိုက်ရသည်။ သို့သော် သူမဘေးရှိ ထိုလူတွင်တော့.....။
"ရှောင်ချိန် ဒီလူရဲ့နောက်ကျောကို ကြည့်စမ်း"
မော်နီတာဖန်သားပြင်ကို လက်ညိုးထိုးရင်း ကျန်းကျင်းခိုင် ကမန်းကတန်း ထအော်လိုက်သည်။ ကျန်းကျင်းခိုင်၏ အော်သံကြောင့် လူရှောက်ချိန် ဝုန်းခနဲ ခုန်ထလာပြီး မော်နီတာကို ကြည့်လိုက်၏။
မော်နီတာကို လက်ညိုးထိုးပြရင်း ကျန်းကျင်းခိုင် ပြောလိုက်သည်။
"ဒီမှာကြည့် ထူးဆန်းတာ တစ်ခုခု သတိထားမိသလား"
"ကျွန်တော်တော့ ဘာမှမတွေ့… ဟာ...သူ့… သူ့မှာ အရိပ်မထွက်ပါလား"
လူရှောက်ချိန် ပါးစပ်အဟောင်းသား ဖြစ်သွား၏။
ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။
မီးရောင်သည် သူတို့နှစ်ယောက်လုံးကိုပေါ်သို့ ထိုးကျနေခြင်း ဖြစ်သည်။ သို့သော် အားဟွိုင်၏ နောက်ကျောတွင်သာ အရိပ်ထွက်ပေါ်နေပြီး သူမဘေးကလူ၏ နောက်ကျောတွင် ဘာအရိပ်မှမရှိပဲ ဖြစ်နေ၏။
"အဖွဲ့တွေကို ချက်ချင်းအကြောင်းကြားလိုက်စမ်း"
ကျန်းကျင်းခိုင် မတ်တပ်ရပ်ပြီး အမိန့်ပေးလိုက်သည်။ စက္ကန့်ပိုင်းအတွင်း လမ်းကြားတဝိုက်မှ ရဲအားလုံးကို တပ်လှန့်ပြီး ဖြစ်သွားလေပြီ။
"ကဲ သွားကြမယ်"
ကျန်းကျင်းခိုင်၏ အမိန့်ရသည်နှင် တစုံတခုဖြစ်ပွားပါက ကိုယ်တိုင်ဝင်ရောက်လှုပ်ရှားရန် တာဝန်ချထားသူ ရဲအားလုံး ပြိုင်တူထရပ်လိုက်ကြ၏။ ဆူဆူညံညံအသံများကြောင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့ အားကျောက် လန့်နိုးလာ၏။ဘာတွေဖြစ်နေမှန်း မသိသော်ငြား အခြေအနေထူးခြားလာပြီမှန်း သူမ သဘောပေါက်လိုက်၏။ ထိုအခါ အားကျောက်ကလည်း ထိုင်ခုံမှထရပ်ပြီး ရဲများနောက်သို့ လိုက်ပါသွားလေသည်။
"ကဲ ရောက်ပါပြီရှင်"
အားဟွိုင် အခန်းတံခါးကို ဖွင့်လိုက်၏။ ငှားထားသော တိုက်ခန်းမှာ ကျယ်ဝန်းပေသည်။ ဧည့်ခန်းအပြင် အိပ်ခန်းနှစ်ခန်းပါသော အခန်းမျိုး ဖြစ်သည်။ အိပ်ခန်းများကို အလုပ်လုပ်ရန်ပြင်ဆင်ထားသော်ငြား ဧည့်ခန်း၏ အတွင်းပိုင်းအပြင်အဆင်ကတော့ ပုံမှန်တိုက်ခန်းနှင့် ထပ်တူကျနေ၏။
ဝူရှူပင် ဝင်လာပြီးနောက် အားဟွိုင်က ဆိုဖာကို ညွှန်ပြရင်း ပြောလိုက်သည်။
"ရှင် ဒီမှာခနစောင့် ကျွန်မညီမ ပြီးသွားပြီလား သွားကြည့်လိုက်ဦးမယ်"
ထို့နောက် သူမက အိပ်ခန်း၏ တံခါးအနီးသို့ ကပ်ရင်း နားထောင်လိုက်သည်။ အတွင်းမှလူများ အဝတ်လဲနေကြပုံရ၏။ သူမ အော်လိုက်ပြန်သည်။
"ယိိုယိုရေ မြန်မြန်လုပ်ဟေ့"
"ပြီးပါပြီတော် ဘာတွေလောနေတာလဲ"
အားဟွိုင်နှင့်သက်တူရွယ်သူ မိန်းကလေးတစ်ယောက် တံခါးဖွင့်ပေးလိုက်သည်။
"ခုခေါ်လာတဲ့တယောက်က်ိိုတော့ ကျွန်မပဲ ဧည့်ခံလိုက်မယ်နော် ပုံမှန်ဖောက်သည်မို့လို့ပါဟယ်"
ယိုယိုနှင့် သူ့ဖောက်သည်ထွက်သွားသည်နှင့် အားဟွိုင် အခန်းထဲဝင်ပြီး ဧည့်ခန်းတွင် ထိုင်နေသော ဝူရှုပင်ကို လှမ်းခေါ်လိုက်သည်။
"အစ်ကိုလေး ဝင်လာလို့ရပါပြီရှင့်"
ထိုအချိန်တွင် ယိုယိုသည် သူ့ဖောက်သည်ကို နောက်ဖေးတံခါးမှ လိုက်ပို့ပြီးနောက် နောက်ထပ်ဖောက်သည်များ ရှာဖွေရန် ရှေ့ကိုထွက်လာ၏။ ထိုအခိုက်မှာပင် ကျန်းကျင်းခိုင်တို့အဖွဲ့ တိုက်ခန်းဝသို့ ရောက်ရှိလာသည်။
"အံမလေး"
ယိုယို ကြောက်လန့်တကြားနှင့် ထအော်ရန်ဟန်ပြင်လိုက်သည်။ ရဲတယောက်က သူမ၏ ပါးစပ်ကို ချက်ချင်း လှမ်းပိတ်လိုက်၏။
"မအော်နဲ့ ငါတို့ ရဲတွေ"
"အင်စပက်တာ အခန်းထဲမှာ လှုပ်ရှားမှုတွေ ရှိနေတယ်"
တစ်ချိန်တည်းမှာပင် ထိန်းချုပ်ခန်းထဲက ရဲများ၏ အသံက ဝါယာလက်စက်ထဲမှ ထွက်ပေါ်လာ၏။
"ဘယ်ဘက်က အခန်းပဲ အင်စပက်တာ ထူးထူးဆန်းဆန်း အသံတွေ ကြားရတယ် ဒါပေမဲ့ သဲသဲကွဲကွဲ မကြားရဘူး"
ကျန်းကျင်းခိုင်က တံခါးကို လက်ညှိုးထိုးပြလိုက်၏။
"သော့ တိုက်ခန်းသော့"
ထို့နောက် သူ ယိုယိုကို ကြည့်လိုက်သည်။ ပါးစပ်ပိတ်ခံထားရသော ယိုယို ခေါင်းခါပြ၏။
"အဓိပ္ပာယ်မရှိတာတွေ ပြောမနေနဲ့ မင်းညီမ အန္တရာယ်ရှိနေပြီ ငါတို့က လိင်အရောင်းအဝယ်နှိမ်နှင်းရေးအဖွဲ့က မဟုတ်ဘူးကွ"
ထိုအခါကျမှ ယိုယိုက မပေးချင်ပေးချင်နှင့် သော့တချောင်းထုတ်ပေးလေသည်။
"သူ့ကို လွှတ်ပေးလိုက် တံခါးမြန်မြန်ဖွင့်စမ်း"
ကျန်းကျင်းခိုင် အသံတိုးတိုးနှင့် အမိန့်ပေးလိုက်သည်။ ထိုအချိန်မှာပင် အခန်းတွင်းမှ ကျယ်လောင်သော အော်သံတသံက ညအမှောင်ကိုဖောက်ထွင်းလျက် ကျယ်လောင်စွာ ထွက်ပေါ်လာ၏။