မျက်မြင်သက်သေ
Vol. 13 Ch. 129
ကျန်းကျင်းခိုင်ဦးဆောင်သည့် ရဲအရာရှိများသည် တိုက်ခန်းထဲသို့ ပြေးဝင်သွား၏။ ထိုအချိန်တွင် ဘယ်ဖက်အခန်းတံခါးပေါက်မှာ ဟနေခဲ့ပြီဖြစ်သည်။ ဧည့်ခန်းထဲမှလှမ်းကြည့်လျင် ဘာတွေဖြစ်ပျက်နေမှန်း ကွဲကွဲပြားပြား မြင်နေရ၏။ ကုတင်ပေါ်တွင် စုံတွဲတတွဲ လိင်ဆက်ဆံရင်းတန်းလန်းအနေအထားနှင့် ငြိမ်သက်နေကြသည်။ သို့သော် အနီးကပ်ကြည့်လျင် ဝူရှူပင်၏ ရုပ်အလောင်းမှာ အနည်းငယ် တုန်ခါနေဆဲပင်။ တစ်ချိန်တည်းမှာပင် သူ့အောက်ရှိ အားဟွိုင်၏ ခန္ဓာကိုယ်သည်လည်း အသွေးအသားများ လျန်မြန်စွာ ကျုံ့ဝင်နေ၏။ အလားတူပင် ဧည့်ခန်းထဲတွင် နောက်ထပ်မိန်းကလေးတစ်ယောက် ကြမ်းပြင်တွင် လဲကျနေသည်။ ကျောပေးထားသည့်အတွက် သူမမည်သူမည်ဝါမှန်း သဲသဲကွဲကွဲ မမြင်ရချေ။ သို့သော် သူမ အကြောက်လွန်ပြီး သတိလစ်သွားမှန်း မြင်ကွင်းကို ကြည့်ရုံနှင့် သုံးသပ်နိုင်ပေသည်။
ကျန်းကျင်းခိုင်နှင့် လူရှောက်ချိန်တို့သည် ဧည့်ခန်းထဲတွင် ကြောင်အမ်းအမ်းနှင့် ရပ်မိနေ၏။ ပထမဆုံး သတိပြန်ဝင်လာသူမှာ ကျန်းကျင်းခိုင် ဖြစ်သည်။ သူ ကြမ်းပြင်ပေါ်က မိန်းကလေးကို ကျော်ခွကာ အခန်းထဲ ပြေးဝင်သွား၏။ လူရှောက်ချိန်ကလည်း ချက်ချင်းပင် လိုက်ဝင်သွား၏။ ထိုအခါကျမှ ကျန်လူများ စတင်လှုပ်ရှားလာကြလေသည်။ ရုတ်တရက်ဆိုသလို နေရာတစ်ခုလုံး ဆူဆူညံညံအသံများနှင့် ပွက်လောရိုက်ကုန်၏။
“သူတို့နှစ်ယောက်ကို ခွဲလိုက်"
အားဟွိုင်၏ ထွက်လုဆဲဆဲအသက်ကို ကျန်းကျင်းခိုင် အသည်းအသန်ကယ်တင်ရန် ကြိုးစားနေ၏။ တချိန်တည်းမှာပင် သူ အားဟွိုင်၏ ပုခုံးကိ လှုပ်ရမ်းရင်း မေးလိုက်သည်။
"မင်း စကားပြောနိုင်လား ဒါ ဘယ်သူလုပ်တာလဲ"
သို့သော် ကျန်းကျင်းခိုင်၏ ကြိုးစားမှုက အချည်းနီးသား ဖြစ်သွားလေသည်။ ထိုအချိန်တွင် လူရှောက်ချိန်သည် အားဟွိုင်ကိုယ်ပေါ်မှ လူကိုဆွဲဖယ်ရန်ကြိုးစားသော်ငြား မတတ်နိုင်ပဲ ဖြစ်နေ၏။ သူတို့၏ ခါးအောက်ပိုင်းများသည် တင်းကျပ်စွာ ပူးကပ်နေပြီး မည်သို့မှ ခွဲထုတ်မရပဲ ဖြစ်နေ၏။
“လာကူကြပါအုံး"
လူရှောက်ချိန် သူ့နောက်မှရဲများကို ကူကယ်ရာကင်းမဲ့စွာ လှမ်းအော်လိုက်သည်။ ရဲအရာရှိ တော်တော်များများ လူရှောက်ချိန်က်ို လာကူကြသည်။ သို့သော် အလကားသာ။
“နောက်ကျသွားပြီ"
အားဟွိုင်ကိုယ်ပေါ်မှ လက်ကိုဖယ်ရင်း ကျန်းကျင်းခိုင် ပြောလိုက်သည်။
"အရိုးတွေပဲ ကျန်တော့တယ်”
သူ စိတ်ပျက်လက်ပျက်နှင့် ကုတင်ပေါ်မှ စုံတွဲကို စိုက်ကြည့်နေလေသည်။ ဤတကြိမ်တွင် အားဟွိုင်တို့စုံတွဲသည် သူတို့မျက်စိရှေ့မှာပင် အရိုးစုများအဖြစ် ပြောင်းလဲသွားခဲ့ချေသည်တကား။
“ရှင် အဆင်ပြေရဲ့လား”
ထိုအချိန်တွင် ဧည့်ခန်းသို့ရောက်လာသောအားကျောက်က ကြမ်းပြင်ပေါ်မှ မိန်းကလေးကို သွားရောက်ဖေးမလိုက်၏။ မိန်းကလေး၏ ခန္ဓာကိုယ်မှာ ထူးဆန်းလှအောင် အေးစက်နေပေသည်။ တကိုယ်လုံး ကြောက်စရာကောင်းလောက်အောင် တုန်ယင်နေသဖြင့် အခန်းထဲရှိ မြင်ကွင်းကြောင့် သူမ မည်မျှထိတ်လန့်သွားသည်ကို မြင်သာနေ၏။ ထိုအချိန်မှာပင် အားကျောက်က ယိုယိုကို လှမ်းမြင်လိုက်သည်။
"ဟေ့ သူ့အတွက် ရေနွေးလေး သွားယူခဲ့ပေးပါလား မြန်မြန်လေး”
“အိုး ဟုတ်ပြီ ဟုတ်ပြီ"
ယိုယို မီးဖိုချောင်ထဲသို့ ကမန်းကတန်း ပြေးဝင်သွား၏။ ငါးမိနစ်ကြာတော့ သူမ ရေတစ်ခွက်ယူရင်း ပြန်ရောက်လာသည်။
“အစ်မ ရေ… ရေ"
သူမ တုန်တုန်ယင်ယင်နှင့် အားကျောက်ကို ရေခွက်ကမ်းပေးလိုက်၏။
“ အခြေအနေ ဘယ်လိုရှိသလဲ”
ထိုအခိုက်အတန့်မှာပင် ကျန်းနန် အခန်းထဲသို့ ရောက်ရှိလာလေသည်။
“အသက်… အသက်ရှင်သေးတယ်ထင််တယ် အင်စပက်တာကျန်း အခန်းထဲမှာ”
တံခါးနားတွင် ရပ်နေသောရဲက ကတုန်ကယင်နှင့်ပင် ကျန်းနန်ကို အခြေအနေအကျဥ်းချုပ်အား အစီရင်ခံလိုက်၏။ ထို့နောက် ကျန်းနန်က အခန်းထဲသို့ လှမ်းဝင်လိုက်လေသည်။
"အင်စပက်တာကျန်း အခြေအနေဘယ်လိုရှိသလဲ"
“သေပြီ သူ ကျွန်တော့်မျက်စိရှေ့တင် အသက်ထွက်သွားလေရဲ့”
ကျန်းကျင်းခိုင် အလောင်းများကို စိုက်ကြည့်ရင်း ကျန်းနန်ကို ရှင်းပြလိုက်သည်။
“အပြင်ဘက် အခြေအနေ ဘယ်လိုရှိသလဲ”
“ထူးခြားတာ ဘာမှမရှိဘူးအင်စပက်တာ"
ကျန်းနန်က ပြန်ဖြေလိုက်၏။
"အဝင်အထွက်ဘာမှမရှိဘူး အားလုံးပုံမှန်ပဲ"
“အဆောက်အအုံတစ်ခုလုံးကို သေချာရှာခိုင်းလိုက်ဗျာ"
“ဟုတ်ကဲ့ အင်စပက်တာ”
ထို့နောက် ကျန်းနန်က ကျန်းကျင်းခိုင်၏ ပခုံးကို ပုတ်ရင်း အခန်းထဲမှ ထွက်သွားလေသည်။
“ဟူး"
ကျန်းကျင်းခိုင် သက်မောတချက် ချလိုက်၏။ ထို့နောက် သူက ဘေးနားရှိ လူရှောက်ချိန်ကို အမိန့်ပေးလိုက်လေသည်။
“မုမင်းယွမ်ကို ဖုန်းဆက်ပြီး အမြန်ဆုံးလာခိုင်းလိုက်"
တဖန် သူက သတိမေ့လဲကျနေသော မိန်းကလေးကို မေးငေါ့ရင်း မေးလိုက်ပြန်သည်။
"သူက အားဖင်းလား"
“ဟုတ်တယ် အင်စပက်တာ"
လူရှောက်ချိန် စိတ်ပျက်လက်ပျက်နှင့် ခေါင်းညိတ်ပြလိုက်၏။
“မင်းယွမ်ကို ဖုန်းဆက်ပြီးရင် မင်းက သူ့ကို သွားနှစ်သိမ့်ပေးလိုက်ပါအုံးကွာ ကျုပ် ဒီမှာ ခဏလောက် ထပ်နေလိုက်အုံးမယ်”
လူရှောက်ချိန်ထွက်သွားသည်နှင့် ကျန်းကျင်းခိုင်သည် ကုလားထိုင်တစ်လုံးကို ယူပြီး ကုတင်ဘေးမှာ ထိုင်ကာ အရိုးစုနှစ်ခုကို သေသေချာချာ စစ်ဆေးလိုက်၏။
လူသတ်သမား ဘယ်လိုဝင်လာပြီး ဘယ်လိုထွက်သွားတာလဲ...အားဟွိုင်နဲ့အတူ ဝင်လာတဲ့လူကို ငါ ဘာလို့ ရင်းနှီးနေတာလဲ...ပြီးတော့ ဒီလူ ဘာဖြစ်လို့ အရိပ်မထွက်တာလဲ... လူသတ်သမားက မိနစ်ပိုင်းအတွင်း လူတယောက်ကို ဘယ်လိုလုပ်ပြီး မံမီရုပ်ဖြစ်အောင် လုပ်နိုင်တာလဲ...အဆိပ်ကြောင့်ပဲလား...
မိနစ်နှစ်ဆယ်အကြာတွင် ကျန်းနန်က အခန်းထဲပြန်ရောက်လာပြီး ခပ်တိုးတိုး ပြောလိုက်၏။
“အင်စပက်တာ ကျွန်တော်တို့ အခန်းအားလုံးကို စစ်ဆေးပြီးပြီ အားလုံးပုံမှန်ပဲ ဒီဖက်အခန်းထဲမှာ စုံတွဲတတွဲ ရှိပေမဲ့ သူတို့ လုပ်ခဲ့တာမဖြစ်နိုင်ဘူး ကျွန်တော်တို့လူတွေ ဝင်သွားတော့ သူတို့ အဝတ်တောင် မဝတ်ရသေးဘူး လောလောဆယ် သူတို့ကို စောင့်ကြည့်ထားတယ်"
“သူတို့မဖြစ်နိုင်ဘူး"
ကျန်းကျင်းခိုင် ခေါင်းခါလိုက်၏။
“လူသတ်သမားက အခန်းထဲမှာ အရင်ကတည်းက ရှိနေတာ ဒါမှမဟုတ် အားဟွိုင်တို့နောက်က လိုက်ဝင်လာတာ ဖြစ်ရမယ် သေဆုံးသူအမျိုးသား ဘယ်သူလဲ သိရပြီလား"
“ဒီလူ ဝူရှုပင်ပဲ အင်စပက်တာ”
ကျန်းနန်က ပြန်ဖြေလိုက်၏။
“သူလား” ကျန်းကျင်းခိုင် အံ့သြသွား၏။ ကျန်းနန်က ထပ်မံရှင်းပြလိုက်ပြန်သည်။
“ကျုပ်တို့ သူ့အဝတ်အစား ကျောပိုးအိတ်နဲ့ သက်သေခံကတ်ပြားတွေရထားတယ်အင်စပက်တာ"
ကျန်းကျင်းခိုင် ထပ်မံသက်ပြင်းချလိုက်ပြန်၏။
“ဒီလူသတ်သမားက မြန်လိုက်တာ ဒါနဲ့ လမ်းကြားထဲမှာ စောင့်နေတဲ့ အရာရှိတွေ ဝူရှူပင်ဆီမှာ တခုခုထူးခြားတာများ တွေ့မိကြသေးလား”
“ဘာမှထူးခြားတာမရှိဘူး အင်စပက်တာ စောင့်ကြည့်ကင်မရာထဲမှာ ကျွန်တော်တို့ သူ့ကို မြင်နေခဲ့ရသားပဲ သူတို့ လမ်းလျှောက်နေတုန်းမှာလဲ ထူးခြားတာ ဘာမှ မမြင်ခဲ့ရဘူးလေ"
“ကောင်းပြီလေ ဆာဂျင်ကျန်း ခင်ဗျားလဲ ခနတဖြုတ် အနားယူလိုက်ပါအုံး ဒါနဲ့ မင်ယွမ်နဲ့ သူ့အဖွဲ့ ဒီကို ရောက်ဖို့ ဘယ်လောက်ကြာဦးမလဲ"
“ခုနကပဲ ဖုန်းဆက်မေးလိုက်တာ သူတို့ လမ်းကြားအပြင်ဘက်မှာ ရောက်နေပြီတဲ့”
“ကောင်းပြီ အရင်ဆုံးကျုပ် အပြင်ဘက်က မိန်းကလေးကို သွားကြည့်လိုက်အုံးမယ်"
ထို့နောက် ကျန်းကျင်းခိုင်က ဧည့်ခန်းသို့ ထွက်လာလေသည်။
တဖက်ခန်းရှိ စုံတွဲကို ရဲများ ခေါ်ထုတ်သွားပြီဖြစ်၍ အားဖင်း၊ အားကျောက်နှင့် လူရှောက်ချိန်တို့သာ ဧည့်ခန်းထဲတွင် ကျန်ရစ်တော့သည်။ အားကျောက်နှင့် လူရှောက်ချိန်တို့နှစ်သိမ့်မှုကြောင့် အားဖင်း အတော်လေး စိတ်ငြိမ်သွားပြီ ဖြစ်သည်။
“မင်းက အားဖင်းလား"
ဧည့်ခန်းထဲသို့ လျှောက်ဝင်လာရင်း ကျန်းကျင်းခိုင်က မေးခိုက်သည်။
"ဟုတ်ပါတယ်”
အားဖင်း ခက်ခက်ခဲခဲပြန်ဖြေလိုက်ရသည်။ စကားတခွန်းပြောလိုက်တိုင်း သူမတကိုယ်လုံးမှာ ပြင်းပြင်းထန်ထန်ပင် တုန်ယင်နေဉ။
“အစ်မ ဘာမှမကြောက်နဲ့ သူက ရဲအရာရှိလေ"
“ဟုတ်...ဟုတ်ကဲ့ ကျွန်မ အတော်လေးသက်သာသွားပါပြီ"
ထိုအခါ ကျန်းကျင်းခိုင်က ပြောလိုက်၏။
"ရပါတယ် ခနလောက် အနားယူလိုက်ပါအုံး ကျွန်တော်တို့ အလျင်မလိုပါဘူး”
ကျန်းကျင်းခိုင်က အားဖင်းကို နွေးနွေးထွေးထွေး နှစ်သိမ့်လိုက်၏။
“ဘာမှမကြောက်ပါနဲ့ ကျွန်တော်တို့ လူသတ်သမားကို သေချာပေါက် ဖမ်းမိမှာပါဗျာ"