← Chapters

အားလျန််ကို အကြိုစမ်းသပ်ခြင်း

Vol. 13 Ch. 122

အားလျန််ကို အကြိုစမ်းသပ်ခြင်း

Vol. 13 Ch. 122

မူကြိုကျောင်းတွင် အားကျောက်ကိုဝင်ခေါ်ပြီး ကျန်းကျင်းခိုင်တို့သုံးဦး ဆေးရုံသို့ ချီတက်လာကြ၏။ လျူနင်းနှင့် တာဝန်ကျရဲများအားလုံး ကြိုတင်ရောက်ရှိနေကြပြီ ဖြစ်သည်။ ထူထဲသော သစ်သားတံခါးများကို ဖြတ်ကျော်ပြီး ဆေးရုံထဲသို့ ဝင်လာကြလေရာ အခန်းတခန်းထဲတွင် တယောက်တည်းထိုင်နေသော အားလျန်ကို သူတို့ တွေ့ရ၏။ ယခင်ကဲ့သို့ ဆူပူသောင်းကျန်းမှုများ မရှိတော့၍ အားလျန်အခြေအနေက အတော်အသင့် တိုးတက်လာပြီဟု ယူဆရပေသည်။

“လူနာရဲ့ အခြေအနေက လတ်တလောမှာတော့ တည်ငြိမ်နေတယ် ဒါပေမဲ့ သူ့မှာ စိတ်ကျရောဂါဖြစ်နေတာအတော်လေးကြာပြီလို့ ကျွန်မတို့ ယူဆထားတယ်”

အားလျန်ကို ကုသပေးနေသည့်ဆရာဝန် ဒေါက်တာလျူက သူတို့ကို အထက်ပါအတိုင်း ရှင်းပြလာလေသည်။

“သူရဲ့ လက်ရှိအခြေအနေအရ ပုံမှန်ဘဝကိုတော့ ပြန်မရနိုင်တော့ဘူး ဒါပေမဲ့ လှုံ့ဆော်မှုတစ်ခုခုနဲ့ ရုတ်တရက်ရင်ဆိုင်ရတာမျိုးဆိုရင်တော့ သူ အတိတ်ကို ခနတဖြုတ် ပြန်မှတ်မိလာတာမျိုး ဖြစ်နိုင်တယ် ဒါပေမဲ့ ဒါက ရေရှည်တော့မဟုတ်ဘူး"

“ကျေးဇူးပါပဲ ဒေါက်တာလျူ”

ကျန်းကျင်းခိုင်က ကျေးဇူးတင်စကား ပြောလိုက်၏။

"ရိုးရိုးသားသားပြောရရင် ကျွန်တော်တို့လည်း သူ့ကို ထပ်ပြီး မနှောင့်ယှက်ချင်ပါဘူး ဒါပေမဲ့ သူက လူသတ်မှုရဲ့ တစ်ဦးတည်းသော အသက်ရှင်ကျန်ရစ်သူဖြစ်နေတယ် ကျွန်တော်တို့ကို နားလည်ပေးနိုင်မယ်လို့ထင်ပါတယ် နောက်ထပ် မတော်တဆမှုတွေ မဖြစ်အောင် ကျွန်တော်တို့အနေနဲ့..."

“အတိုချုပ်ပြောရရင် ရှင်တို့တွေ သူ့ကို မလိုအပ်ပဲ အနှောင့်အယှက်ပေးတာမျိုး ကျွန်မလဲ မလိုလားဘူးရှင့်”

ဒေါက်တာလျူက စကားကို ဖြတ်ပြောလိုက်သည်။

“တဖက်မှာ ရှင်တို့ရဲ့အလုပ်ကိုလဲ ကျွန်မနားလည်ပါတယ် ဒါပေမဲ့ သူ့ရဲ့ဆရာဝန်တစ်ယောက်အနေနဲ့ ကျွန်မဟာ လူနာရဲ့ကောင်းကျိုးကိုပဲ ဦးစားပေးရလိမ့်မယ်"

“ကောင်းပါပြီ​ဒေါက်တာ ကျွန်တော်တို့ ပထမဆုံး ရိုးရှင်းတဲ့လေ့ကျင့်ခန်းလေးတွေနဲ့စမယ် တဖြည်းဖြည်းနဲ့မှ လှုံ့ဆော်မှုကို နည်းနည်းချင်းတိုးသွားဖို့ စဥ်းစားထားတယ်”

ကျန်းကျင်းခိုင်၏ ကနဦးအစီအမံမှာ အားရှုနှင့် ရုပ်ချင်းတူသောရဲမေတစ်ဦးကို ရှာပြီး အားလျန်ထံမှ တိုက်ရိုက်တုံ့ပြန်မှုရရှိရန်ပင် ဖြစ်သည်။ သို့သော် ဒေါက်တာလျူက ထိုအစီအစဥ်ကို ငြင်းပယ်လိုက်၏။ နောက်ဆုံးတွင် ဒေါက်တာလျူ၏ အကြံပြုချက်ကိုပင် ကျန်းကျင်းခိုင် လက်ခံလိုက်ရလေသည်။ ၎င်းအစီအမံမှာ အစောပိုင်းအခြေအနေများတွင် မြင်သာသော အထောက်အကူပစ္စည်းများကို အသုံးပြုရန်ပင်။ အားလျန်၏ တုံ့ပြန်မှုပေါ် မူတည်ပြီး နောက်ထပ် ဆောင်ရွက်မည့် အစီအစဉ်ကို ရေးဆွဲရန် သူတို့ စဥ်းစားထားကြ၏။ ထိုနည်းလမ်းမှာ နှေးကွေး​သော်ငြား အားလျန်အတွက်တော့ အကောင်းဆုံးရွေးချယ်မှုဟု ဆိုနိုင်ပေသည်။

အားလျန်၏ အခန်းသို့်မသွားမှီ ကျန်းကျင်းခိုင်က အားကျောက်ကို ပြောလိုက်၏။

"ဟန်နီ မင်းက အပြင်မှာပဲ စောင့်နေလိုက်ပါ ရှောက်ချိန်နဲ့လျူနင်းပဲ ကျုပ်နဲ့အတူ လိုက်ခဲ့လိမ့်မယ်"

“ဟုတ်ကဲ့ ဂရုစိုက်နော်”

အားကျောက် နားလည်မှုရှိစွာ ခေါင်းညိတ်လိုက်၏။

အားလျန်၏ အခန်းသို့ရောက်သည်နှင့် ဒေါက်တာလျူက သူမကို နှုတ်ဆက်လိုက်သည်။

“အားလျန်ရေ မင်းဧည့်သည်တွေ ရောက်နေတယ် ကဲ ကောင်းကောင်းနေခဲ့ ဘာမှမကြောက်ပါနဲ့နော်”

အားလျန်ကား ဒေါက်တာလျူ၏ စကားကိုမကြားသည့်အလား ကြမ်းပြင်ကို စိုက်ကြည့်ကာ ပါးစပ်မှ မသဲမကွဲစကားလုံးတချို့ကို ရေရွတ်နေ၏။

“ကဲ အင်စပက်တာကျန်း စနိုင်ပါပြီ”

အားလျန်၏ အခြေအနေမှာ တည်ငြိမ်နေသဖြင့် စစ်ဆေးမေးမြန်းမှုကို ခံနိင်မည်ဟု ဒေါက်တာလျူ ဆုံးဖြတ်လိုက်၏။ ထို့နောက် သူ အခန်းထောင့်သို့ ဆုတ်သွားလေသည်။

“အားလျန် ဒီလူတွေကို မှတ်မိလား”

လျူနင်း​က လမ်းကြားထဲမှ မိန်းကလေးများ၏ ပုံတူများကို တပုံချင်းစီ ပြသနေ၏။ ထိုပုံတူများအားလုံးမှာ အားကျောက်၏ လက်ရာများပင် ဖြစ်သည်။ ပုံတူများ တပုံချင်းစီ အားလျန်၏ မျက်စေ့ရှေ့မှ ရွေ့လျားနေ၏။ သို့သော် သူမကား ယခင်အတိုင်း ပါးစပ်မှ တတွတ်တွတ်သာ ရွတ်လျက်ရှိလေသည်။ သို့သော် အားရှု၏ပုံတူကို သူမရှေ့တွင်ချလိုက်သည်နှင့်တပြိုင်နက် အားလျန်၏ မျက်လုံးအစုံမှာ အသက်ဝင်လာ၏။ သူမသည် အားရှု၏ ပုံတူကို စိုက်ကြည့်နေလေသည်။ သူမ၏ ပါးစပ်မှ ထွက်ပေါ်နေသောအသံများ ရပ်တန့်သွား၏။ ထိုအခါ ကျန်းကျင်းခိုင်က ပုံတူကို သူမလက်ထဲသို့ ထည့်ပေးလိုက်၏။

အားလျန်သည် ပုံတူကို ဆုပ်ကိုင်ထားပြီး ကြက်သေသေနေ၏။ ၃ မိနစ်ခန့်အကြာတွင် သူမ၏ တကိုယ်လုံး တဆတ်ဆတ်တုန်ယင်လာတော့သည်။ ထို့နောက် သူမထံမှ ညီးတွားသံများ စတင်ထွက်ပေါ်လာ၏။ စက္ကန့်ပိုင်းအတွင်းမှာပင် အားလျန်၏ တုံ့ပြန်မှုမှာ ပိုမိုပြင်းထန်လာပြီး ပုံတူ သူမလက်ထဲမှ လျောကျသွားတော့သည်။

“အားလျန် မင်း သူ့ကို မှတ်မိနေတာလား”

ထိုအချိန်မှာပင် ဒေါက်တာလျူက သူမထံ လျှောက်လာပြီး မေးလိုက်၏။

အားလျန် ဘာမှပြန်မပြော။ သူမ ထိုပုံတူကိုသာ စူးစိုက်ကြည့်နေလေသည်။ သူမ၏ တကိုယ်လုံးမှာ တဆတ်ဆတ်တုန်ယင်နေပြီး နောက်ကို တရွေ့ရွေ့ဆုတ်သွား၏။ သူမ၏ ဦးခေါင်းမှာလည်း ဟိုမှသည်မှ ယမ်းခါလျက်ရှိလေသည်။

အားလျန်၏ အမူအရာတိုင်းကို အသေးစိတ်မှတ်သားနေသောကျန်းကျင်းခိုင်က ဒေါက်တာလျူကို လှမ်းကြည့်လိုက်သည်။ ဒေါက်တာလျူကလည်း ပုံတူများကို မေးငေါ့ပြီး ခေါင်းညိတ်ပြလိုက်၏။ ထိုအခါ ကျန်းကျင်းခိုင်က ကြမ်းပြင်မှ ပုံတူများကို ကောက်ယူပြီး သိမ်းဆည်းလိုက်လေသည်။ ထိုအချိန်တွင် အားလျန်၏ မျက်လုံးများက ကျန်းကျင်းခိုင်၏ လှုပ်ရှားမှုတိုင်းကို ဆက်ကြည့်နေ၏။ အားရှု၏ ပုံတူကို ကျန်းကျင်းခိုင် သိမ်းဆည်းလိုက်သည်နှင့်တပြိုင်နက် အားလျန်သည်လည်း ပြန်လည်တည်ငြိမ်သွားတော့သည်။

“ဒေါက်တာလျူ ဒီပုံတူကို သူ တုံ့ပြန်တာကတော့ သိပ်သေချာနေပြီ ဘယ်လိုသဘောရသလဲ"

ကျန်းကျင်းခိုင်က သူ့ဘေးတွင်ရပ်နေသည့် ဒေါက်တာလျူကို မေးလိုက်​၏။

“ကြည့်ရသလောက် အားလျန်ရဲ့ရောဂါက ပုံတူထဲက မိန်းကလေးနဲ့ ပတ်သက်နေပုံရတယ်"

"ဒါဆို ကျွန်တော်တို့က မူလအစီအစဉ်အတိုင်း ဆက်သွားလိိုက်တာ ကောင်းမလားပဲ…”

ဒေါက်တာလျူ ခေါင်းညိတ်ပြလိုက်၏။

"ရှင်တို့ စမ်းကြည့်ကြပါ ဒါပေမဲ့ အားလျန်ဘက်က ဆိုးဆိုးရွားရွားတုံ့ပြန်လာရင်တော့ ရှင် အချိန်မီရပ်ရမယ်"

ဒေါက်တာလျူ စက္ကန့်ပိုင်းမျှ တွေဝေသွားပြီးနောက် ကျန်းကျင်းခိုင်၏ အဆိုကို လက်ခံလိုက်၏။ တကယ်တမ်းပြောရလျင် ဒေါက်တာလျူ၏ စိတ်ထဲတွင် ချီတုံချတုံ ဖြစ်နေသည်မှာ အမှန်ပင်။ အားလျန်သည် ဤစမ်းသပ်မှုကို ပြင်းပြင်းထန်ထန် တုံ့ပြန်မည်မှန်း သူ နားလည်ထား၏။ ထိုအခါ သူမ၏ ရောဂါအခြေအနေမှာ ပို၍ဆိုးသွားနိုင်သည်။ သို့သော် သူမ သဘောမတူခဲ့လျင်လည်း အားလျန်၏ အခြေအနေမှာ လက်ရှိထက် တိုးတက်လာစရာအကြောင်းမရှိတော့ချေ။ ထို့ကြောင့် အပြု​သဘောဆောင်သော အပြောင်းအလဲတခုဖြစ်လာနိုင်သည်ဟု မျှော်လင့်နိုင်ဖွယ်ရှိနေပါက စွန့်စားသင့်သည်ဟု သူမ ယုံကြည်ထား၏။

“ကောင်းပြီ ပြင်စရာရှိတာတွေ ပြင်ကြစို့ ကျုပ်တို့ ဒီည စမ်းသပ်ကြမယ်"

ထို့နောက် သူတို့ ထမင်းစားနားကြ၏။ ကျန်းကျင်းခိုင်နှင့် အားကျောက်မှာ လူရှင်းသောတနေရာတွင် အေးအေးဆေးဆေး ညစာစားကြလေသည်။ ထမင်းစားနေရင်း အားကျောက်က မေးလိုက်၏။

“အခြေအနေ ဘယ်လိုရှိသလဲဟန်နီ"

ကျန်းကျင်းခိုင်က ပြန်ဖြေလိုက်သည်။

"မင်းညီမလေးတွေရဲ့ ပုံတူတွေထဲမှာ အားလျန်က အားရှုတယောက်တည်းရဲ့ပုံတူကိုပဲ တုံ့ပြန်တာတွေ့ရတယ်"

အားကျောက် ဘာမှပြန်မပြောပဲ နှုတ်ဆိတ်နေ၏။

ကျန်းကျင်းခိုင်က ဆက်ပြောလိုက်ပြန်သည်။

“ဒီညတော့ အားလျန်အတွက် ပြဇာတ်တစ်ပုဒ် ကကြတာပေါ့ တခုခု ထူးခြားလိမ့်မယ်လို့တော့ မျှော်လင့်ရတာပဲကွာ”

သို့သော် သူ အားကျောက်ကို ကြည့်နေရင်း စိတ်ကူးတခု ရသွားပြန်၏။

"ညစာစားပြီးရင် မင်းကို တယောက်ယောက်နဲ့ ပေးတွေ့အုံးမယ် သိလား"

အားကျောက် ပြုံးပြရင်း ခေါင်းညိတ်လိုက်လေသည်။

All Chapters