အခန်း (၂၃၈၁-၂၃၈၅)
Vol. 96 Ch. 2381-2385
အပိုင်း (၂၃၈၁)
“ခင်ဗျား ဘာလုပ်ချင်နေတာလဲ…” ရန်ကိုင်သည် ဆန်းတဲ့အား အေးစက်စက်အမူအယာဖြင့် စိုက်ကြည့်လိုက်လေသည်။
“မစိုးရိမ်ပါနဲ့ ညီလေးရာ…” ဆန်းတဲ့သည် ရန်ကိုင့်အား ရုတ်တရက် အလစ်ချောင်းတိုက်ခိုက်လိုက်သည့်အပေါ် အနည်းငယ်မျှပင် ရှက်ရွံ့သွားခြင်းမရှိဘဲ ရန်ကိုင့်အား ဝမ်းသာအားရဖြင့် ကြည့်၍ ပြောလိုက်လေသည်။ “ငါမင်းကို စမ်းသပ်ကြည့်ရုံလေးပါ… မင်းအပေါ် ဘာမကောင်းတဲ့ ရည်ရွယ်ချက်မှမရှိဘူး…”
“ခင်ဗျား ကျုပ်ကို လာနောက်နေတာလား… စမ်းသပ်မယ်ဆို ဘယ်သူကများ အလစ်ချောင်းတိုက်ခိုက်တာမျိုး လုပ်လို့လဲ… ပြီးတော့ တိုက်တာတောင် ရိုးရိုးတိုက်တာမဟုတ်ဘူး… စိတ်စွမ်းအင်ကို သုံးပြီး တိုက်တာ…” ရန်ကိုင် အတော်လေးကို မကျေမနပ်ဖြစ်နေခဲ့လေသည်။ သူ့စိတ်စွမ်းအင်မှာ ဆန်းတဲ့၏တိုက်ခိုက်မှုကို ခံယူနိုင်လိုက်လောက်သည်အထိ အားကောင်းနေခဲ့သည်မှာ ကံကောင်းသွားခဲ့သည်။ အခြားတစ်ယောက်သာဆိုလျှင်တော့ ယခုအချိန် လူးလိမ့်ကာ ကြမ်းပြင်ပေါ်လဲကျနေပေလိမ့်မည်။
ဝိဉာဉ်သာထိခိုက်သွားခဲ့လျှင် လွယ်လွယ်ကူကူနှင့် ပြန်ကုစား၍ ရလိမ့်မည်မဟုတ်ချေ။ ထို့အတွက်ကြောင့် ရန်ကိုင်မှာ ဆန်းတဲ့အား အတော်လေးကို အမြင်မကြည် ဖြစ်သွားခဲ့လေသည်။
“ဘာလို့လဲဆိုတော့ ဒီလူအိုကြီးက စိတ်စွမ်းအင်အရမ်းအားကောင်းတဲ့ လူတစ်ယောက်ကို လိုနေတာမို့လို့ပဲ… အဆင့်တူ ကျင့်ကြံသူတစ်ယောက်ကို မင်း အလွယ်တကူအနိုင်ယူလိုက်တာကိုသာ ငါမမြင်လိုက်ရဘူးဆိုရင် ငါမင်းကို အခုလိုမျိုး စမ်းသပ်နေမှာမဟုတ်ဘူး…”
ရန်ကိုင်က အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လိုက်လေသည်။ “ဒီတော့ ကျုပ်ကိုယ်ကျုပ် ဂုဏ်ယူရမှာလား…”
ဆန်းတဲ့ပြောပုံအရ ရန်ကိုင်နှင့် ယွီလဲ့ပင်တို့ သူ့အိမ်အပြင်ဘက်တွင် တိုက်ခိုက်ခဲ့သည်ကို သိထားသည့်ပုံပင်။
“စိတ်ပူမနေစမ်းပါနဲ့ကွာ ညီငယ်လေးရာ… ဒီလူအိုကြီးပြောတာကိုသာ အရင်နားထောင်စမ်းပါ…” ဆန်းတဲ့က နှစ်သိမ့်ပေးလိုက်လေ၏။
ရန်ကိုင်မှာ ဆန်းတဲ့အား အတော်ကြာအောင် စိုက်ကြည့်နေလေ၏။ သို့သော်ငြား သူလည်း ဘာမှ မတတ်နိုင်ချေ။ သူသည် ဆန်းတဲ့ဆီမှ အကူအညီတောင်းရန် လာခဲ့ခြင်း ဖြစ်လေသည်။ ထို့အတွက်ကြောင့် ဆန်းတဲ့၏လုပ်ရပ်အပေါ် မည်သို့ပင် မနှစ်သက်စေကာမူ သန့်စင်ရေးအစီအရင် ပြန်ပြင်ပြီးသွားသည့် အချိန်ထိ စောင့်ရပေလိမ့်မည်။
ရန်ကိုင် ထိုင်ချလိုက်သည့်အခါမှသာလျှင် ဆန်းတဲ့ကပြုံးလျက် ပြောလိုက်လေသည်။ “ဒီလူအိုကြီး မေးချင်တာတစ်ခုရှိတယ်… ညီငယ်လေး ဒီမှာ ပိတ်မိနေတာ ဘယ်လောက်ကြာသွားပြီလဲ…”
ရန်ကိုင် ရင်တုန်သွားခဲ့လေ၏။ (ဒီလူအိုကြီး တစ်ခုခုကို နားလည်သွားတာတော့ မဟုတ်ပါဘူးနော်… ငါ လူသစ်ဆိုတာ သူသိနေတာလား…) သို့သော်ငြား ဆန်းတဲ့မှ အရင်းအမြစ်ကျောက် မလိုအပ်ဘူးဟု ပြောခဲ့သည်ကို ပြန်အမှတ်လိုက်ရသော် ဆန်းတဲ့တွင် သူ့အား တိုက်ခိုက်စရာ ဘာအကြောင်းမှ မရှိသည်ကို သတိထားမိလိုက်သည်။ သူ့စိတ်ထဲ တုန်လှုပ်သွားခဲ့သည့်တိုင် ရန်ကိုင်ကတော့ တည်တည်ငြိမ်ငြိမ်ဖြင့်သာ ပြန်မေးလိုက်လေသည်။ “ခင်ဗျား ဘာလို့ သိချင်ရတာလဲ…”
ဆန်းတဲ့က ပြုံး၍ ပြောလိုက်လေသည်။ “မင်းမပြောချင်လည်းနေပေါ့… ဒီလူအိုကြီး ဒီမှာပိတ်မိနေတာ နှစ်ကိုးရာရှိသွားပြီ…”
ရန်ကိုင်ကတော့ ခင်ဗျား ဒီမှာ တစ်သက်လုံး ပိတ်မိပြီးသေသွားရင် ပိုကောင်းမှာ ဟုတွေးရင်း ကြိတ်၍ လှောင်ပြုံးပြုံးလိုက်လေသည်။
ဆန်းတဲ့က သက်ပြင်းချလိုက်လေ၏။ “လွန်ခဲ့တဲ့နှစ်ကိုးရာတုန်းက ဒီလူအိုကြီးက တာအိုသခင် တတိယအဆင့် ပညာရှင်တစ်ဦးပဲ… အခု နှစ်ကိုးရာကြာသွားတဲ့တိုင်အောင်လည်း တာအိုသခင် တတိယအဆင့်မှာ ရှိနေတုန်းပဲ… ဒါပေမဲ့ ငါ့ရဲ့ ပန်းပဲထုလုပ်တဲ့စွမ်းရည်ကတော့ တောက်လျှောက်ကို တိုးတက်လာနေခဲ့တာ… ဒါပေမဲ့ တိုးတက်လည်း ဘာအရေးလဲ… ဒီနေရာကနေမှ ထွက်မသွားနိုင်တာ… ဒီနေရာကနေ ထွက်မသွားနိုင်ရင် ဧကရာဇ်အဆင့်ကို ဘယ်လိုမှ ချိုးဖြတ်နိုင်မှာမဟုတ်ဘူး… အနှေးနဲ့အမြန်ဆိုသလိုပဲ သေသွားရမှာ…”
ရန်ကိုင် မျက်မှောင်ကျုံ့သွားခဲ့လေသည်။ ဆန်းတဲ့ ဤအကြောင်းအရာများကို ဘာကြောင့်ပြောနေမှန်းကို သူနားမလည်။ သို့သော်ငြား သိချင်စိတ်ကို အောင့်အီး၍ ဆန်းတဲ့ပြောသည်ကို ငြိမ်သက်စွာ နားထောင်နေလိုက်လေသည်။
“ညီငယ်လေး ဒီထဲမှာ ဘယ်လောက်ပဲကြာအောင် ပိတ်မိနေ ပိတ်မိနေ ဒီလူအိုကြီး မေးချင်တာတစ်ခုပဲရှိတယ်…” ဆန်းတဲ့၏အမူအယာ ရုတ်ချည်း လေးနက်သွားခဲ့ပြီး မေးလိုက်လေသည်။ “မင်း ဒီနေရာကနေ ထွက်သွားချင်လားဆိုတာပဲ…”
ရန်ကိုင့်၏ခန္ဓာကိုယ် တုန်ရီသွားခဲ့လေ၏။ ဆန်းတဲ့အား စိုက်ကြည့်ရင်းမှ ပြန်မေးလိုက်လေသည်။ “ဒီနေရာကနေ ဘယ်လိုထွက်သွားရမလဲဆိုတာကို ခင်ဗျားသိတာလား…”
ဆန်းတဲ့က ပြုံးလိုက်လေသည်။ ပြန်ဖြေမည့်အစား ပြန်၍သာ မေးလိုက်လေ၏။ “ငါသိလား… ဟဲ ဟဲ…”
ဆန်းတဲ့၏အဖြေကို ကြားပြီးသည့်နောက် ရန်ကိုင့်စိတ်ထဲ မကျေမနပ် ထပ်ဖြစ်သွားရပြန်လေသည်။ သူ့စိတ်ထဲ ဆန်းတဲ့အား လည်ဂုတ်မှကိုင်ကာ ဝိဉာဉ်ရှာဖွေရေးနည်းစနစ်ကိုသုံး၍ ဆန်းတဲ့၏ခေါင်းထဲ မည်သည့်အကြောင်းအရာများ ရှိနေသလဲဆိုသည်ကို ရှာဖွေပစ်လိုက်ချင်စိတ်များ တဖွားဖွား ထွက်ပေါ်လာခဲ့လေသည်။
အစကတော့ ဤနေရာတွင်နေကာ ထွက်သွားနိုင်မည့်နည်းလမ်းအား တဖြည်းဖြည်းချင်း ရှာဖို့ရာပင်။ သို့သော်ငြား ဆန်းတဲ့မှ အရိပ်အမြွက် ပြောပြလာသည်ကိုမြင်သော် ရန်ကိုင် စိတ်မလှုပ်ရှားဘဲ မနေနိုင်တော့ချေ။
ခဏမျှ စဉ်းစားနေပြီးသည့်နောက်တွင် ပြန်၍ မေးလိုက်လေသည်။ “ပန်းပဲဆရာ… ရိုးသားတဲ့သူမှန်ရင် ဘယ်တော့မှ ဝေ့လည်ကြောင်ပတ်မလုပ်သင့်ဘူး… ဒီကနေ ထွက်ရမဲ့နည်းလမ်းကို ခင်ဗျားသိတယ်လို့ပြောတယ်… ဒါပေမဲ့ ကျုပ် ခင်ဗျားကို ဘယ်လိုယုံရမှာလဲ… ဒီကျွန်းပေါ်မှာ ဧကရာဇ်အဆင့် ပညာရှင်တွေ အများကြီးပဲ… ဒီကနေ ထွက်သွားနိုင်မဲ့ နည်းလမ်းသာရှိရင် သူတို့တွေ ထွက်သွားလောက်ပြီပေါ့…”
“သူတို့ကသူတို့လေ… ငါကငါလေ… တူမှမတူတာ…” ဆန်းတဲ့ကယဲ့ယဲ့လေးပြုံးလျက် ဂုဏ်ယူဝံ့ကြွားစွာဖြင့် ပြန်ပြောလိုက်လေသည်။ “ပြီးတော့ ဒီလူအိုကြီးသိထားတဲ့နည်းလမ်းက သာမန်နည်းလမ်းမဟုတ်ဘူး… အဲ့နည်းလမ်းကို ဒီမှာရှိနေတဲ့ ဧကရာဇ်အဆင့် ပညာရှင်တွေ သိသွားမယ်ဆိုရင်တောင် ဘယ်လိုမှ သုံးနိုင်မှာမဟုတ်ဘူး…”
ရန်ကိုင် မျက်မှောင်ကျုံ့သွားခဲ့လေသည်။ “ဧကရာဇ်အဆင့် ပညာရှင်တစ်ယောက်တောင် ထွက်မသွားနိုင်တာကို ခင်ဗျားက ဘယ်လိုနည်းလမ်းသုံးပြီး ထွက်သွားချင်တာလဲ…”
“ဒါကတော့ ငါ့လျို့ဝှက်ချက်ပေါ့…” ထို့နောက်တွင် ဆန်းတဲ့က စိတ်မရှည်ဟန်ဖြင့် ပြန်ပြောလိုက်လေသည်။ “ငါ အခု မင်းဆီကနေ အကူအညီတောင်းတာလာ မင်းအတွက် အခွင့်အရေးတစ်ခုပဲ… ဒီအခွင့်အရေးကို မင်းယူမလား မယူဘူးလားဆိုတာတော့ မင်းကိုယ်ပိုင်အရည်အချင်းပေါ် မူတည်သွားပြီ…”
ကြည့်ရသလောက် ဆန်းတဲ့သည် စိတ်အမျိုးမျိုးပြောင်းတတ်သည့် ပုံစံမျိုးပင်။ သူသာ ဆန်းတဲ့ပြောသည်ကို သဘောမတူပါက ဆန်းတဲ့သည် သူ့အား ကျိန်းသေ နှုတ်ပိတ်ပစ်ပေလိမ့်မည်။ ဤလူအိုကြီးသည် ပန်းပဲပညာရှင်တစ်ဦး ဖြစ်သော်ငြား သူသည် လွန်ခဲ့သောနှစ်ကိုးရာခန့်တည်းက တာအိုသခင် တတိယအဆင့်သို့ ရောက်လာခြင်းဖြစ်ပေသည်။ ဤနေရာတွင် နေသည်မှာ ကြာပြီဖြစ်သော်ငြား သူ့ကျင့်ကြံခြင်းမှာ လျော့ကျသွားခြင်း မရှိသည့်အပြင် ပိုပို၍ပင် အားကောင်းလာခဲ့လေသည်။
ယခု ရန်ကိုင့်တွင် ရွေးချယ်စရာ နှစ်ခုသာ ရှိတော့ပေသည်။ ဆန်းတဲ့အား ပြန်တိုက်ခိုက်မလား သူနှင့် ပူးပေါင်းလေမလား။
“ဒီကနေသာ တကယ် ထွက်သွားနိုင်မယ့် အခွင့်အရေး ရှိမယ်ဆိုရင် ကျုပ် အဲ့အခွင့်အရေးကို လုံးဝ လက်လွှတ်မှာမဟုတ်ဘူး… ဒါပေမဲ့ ခင်ဗျားပြောနေတာ တကယ်ဟုတ်လား မဟုတ်ဘူးလားဆိုတာကို ကျုပ်က ဘယ်လိုသိမှာလဲ…” ရန်ကိုင်သည် ဆန်းတဲ့အား သိပ်မယုံချင်ပေ။ “အနည်းဆုံးတော့ ကျုပ်တို့ ဒီကနေ ဘယ်လိုထွက်သွားရမလဲ ဆိုတာကို ခင်ဗျား ပြောပြသင့်တယ်…”
ဆန်းတဲ့က ပြုံးလျက် “ညီလေးက တကယ်ကို သတိကြီးတာပဲ… ငါကလည်း အဲ့လို သတိကြီးတဲ့လူတွေနဲ့ အလုပ်တွဲလုပ်ရတာကိုမှ ကြိုက်တာ…” တစ်ချက်မျှ ရပ်ပြီးသည့်နောက်တွင် ဆက်၍ ပြောလိုက်လေသည်။ “ဒီကနေထွက်သွားနိုင်မဲ့ အဓိကသော့ချက်က ဟင်းလင်းပြင်ပင်လယ်ပဲ….”
ရန်ကိုင့်၏နှုတ်ခမ်း ကွေးတက်သွားခဲ့လေသည်။ ဆန်းတဲ့၏အဖြေသည် ဘာမှ မပြောလိုက်သည်နှင့် ဘာမှမခြားချေ။
ဟင်းလင်းပြင်ပင်လယ် မည်မျှ ကျယ်ပြောကြောင်းကို ရန်ကိုင်ကိုယ်တိုင် မြင်ခဲ့ဖူးသည်။ ထိုသို့ဖြစ်လေရာ ဆန်းတဲ့ တကယ်ပြောနေခြင်းဟုတ်မဟုတ်ကို သူမည်ကဲ့သို့များ သိနိုင်ပါမည်နည်း။
ဆန်းတဲ့ကဆက်၍ ပြောလိုက်လေသည်။ “ရှင်းရှင်းပြောမယ်ကွာ… တကယ်တော့ အဲ့ကထွက်ပေါက်ကို သိထားတာ ဒီလူအိုကြီးတစ်ယောက်တည်းမဟုတ်ဘူး… နောက်ထပ်နှစ်ယောက်လည်း ရှိသေးတယ်…”
“ဘယ်သူတွေလဲ…” ရန်ကိုင် မျက်ခုံးပင့်သွားခဲ့လေ၏။
“ကောင်းကင်ကျွန်းရဲ့ ကျွန်းသခင်နဲ့ ရေခဲနှလုံးသားစံအိမ်ရဲ့ စံအိမ်သခင်ပဲ…” ဆန်းတဲ့က အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လျက် “ကောင်းကင်ကျွန်းပေါ်မှာ သူတို့နှစ်ယောက်က အားအကောင်းဆုံးပဲ…”
ဤလျို့ဝှက်ချက်ကို သိထားသည်မှာ ဆန်းတဲ့တစ်ယောက်တည်းသာ ဖြစ်လိမ့်မည်ဟု ထင်ထားမိခဲ့သည့် အတွက်ကြောင့် ဆန်းတဲ့မှ ယခုကဲ့သို့ ပြောလာသည်ကို ကြားသည့်အခါ ရန်ကိုင် ကြောင်သွားခဲ့လေသည်။ လျို့ဝှက်ချက်ကို သိထားသည်မှာ ဆန်းတဲ့တစ်ဦးတည်းသာလျှင် မဟုတ်ဘဲ အခြားသောနှစ်ဦးလည်း ရှိနေသေး၏။
ကျောင်းရီဆီမှ ကောင်းကင်ကျွန်း၏ ကျွန်းသခင်သည် ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦးဖြစ်ကြောင်းကို ရန်ကိုင် ကြားခဲ့ရပေသည်။ ကောင်းကင်ကျွန်းသခင် ဤနေရာတွင် နေသည်မှာ အလွန်ကိုမှ ကြာနေပြီဖြစ်သည့်အတွက်ကြောင့် သူ့လက်ရှိခွန်အားသည် အထွဋ်အထိပ်အခြေအနေတွင် ရှိမနေလောက်တော့ချေ။ ရေခဲနှလုံးသားစံအိမ်၏ စံအိမ်သခင်အကြောင်းကို ရန်ကိုင် သိပ်မသိသော်ငြား သူသည်လည်း ကောင်းကင်ကျွန်းသခင်လိုသာ ဖြစ်နေပေလိမ့်မည်။
တစ်နည်းဆိုရသော် သူတို့နှစ်ဦးစလုံးမှာ ဧကရာဇ်တတိယအဆင့် ပညာရှင်များ ဖြစ်ကြသော်ငြား ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦး၏ခွန်အားကို မထုတ်ဖော်နိုင်ကြပေ။
“သူတို့သိထားတယ်ဆိုရင် ဘာဖြစ်လို့ ထွက်မသွားကြတာလဲ… သူတို့ခွန်အားနဲ့ဆိုရင် မသွားနိုင်တဲ့နေရာ မရှိလောက်ပါဘူး… ဟုတ်တယ်မလား…” ရန်ကိုင်က ပြောလိုက်လေသည်။
“မသွားနိုင်တဲ့နေရာ မရှိဘူး ဟုတ်လား…” ဆန်းတဲ့က မဲ့မဲ့ပြုံးလျက် “မင်းပြောတာ အပြင်လောကကြီးမှာသာ မှန်ရင်မှန်လိမ့်မယ်… ဒီမှာတော့ အဲ့လိုမျိုးမဟုတ်ဘူး… ဒီဟင်းလင်းပြင်လောကကြီးထဲမှာသာ စိတ်ရှိတိုင်း လျှောက်သွားနေမယ်ဆိုရင် ကိုယ့်သေတွင်းကိုယ် တူးနေသလိုပဲဖြစ်မှာ….”
“ဘာလို့လဲ… ကိုယ့်ခွန်အားကို ပြန်ဖြည့်လို့မရလို့လား…” ရန်ကိုင် ရုတ်တရက် နားလည်သွားခဲ့လေသည်။
“ဟုတ်တယ်…” ဆန်းတဲ့က ခေါင်းညိတ်လိုက်၏။ “ဒီဟင်းလင်းပြင်ပင်လယ်ကြီး ဘယ်လောက်ကျယ်လဲ ဘယ်သူမှ မသိကြဘူး… သူတို့နှစ်ဦးသာ ဒီတိုင်း လျှောက်သွားနေလို့ ဧကရာဇ်ချီ ကုန်သွားမယ်ဆိုရင် ဘယ်လိုမှ ဆက်ပြီး ပျံသန်းနိုင်တော့မှာ မဟုတ်ဘူး… ပြီးတော့ ဧကရာဇ်ချီကို ပြန်ဖြည့်ဖို့ကလည်း ဒီဟင်းလင်းပြင်လောကကြီးထဲမှာ ဖြစ်နိုင်တာမဟုတ်ဘူး… ဒီတော့ သူတို့ ဘယ်လောက်ပဲ အားကောင်းပါစေ ဧကရာဇ်ချီကုန်သွားတာနဲ့ ဒုက္ခလှလှနဲ့ တွေ့ပြီပဲ…”
ဟင်းလင်းပြင်လောကကြီးထဲရှိ မိုးမြေစွမ်းအင်များထဲတွင် အဖျက်စွမ်းအားများ ရောယှက် ပါဝင်နေခဲ့လေသည်။ ထို့ကြောင့် မည်သည့်ကျင့်ကြံသူမှ ထိုမိုးမြေစွမ်းအင်များကို မစုပ်ယူနိုင်ကြပေ။ ထို့အပြင် ပင်လယ်ပြင်သာ ငြိမ်သက်တည်ငြိမ်နေသည်ဆိုပါက ဘာပြဿနာမှ မရှိချေ။ ဧကရာဇ်ချီကုန်ခါနီးတွင် ထိုပညာရှင်နှစ်ဦးအနေဖြင့် နေရာတစ်ခုရှာကာ သန့်စင်ရေးအစီအရင်ကို ခင်းကျင်း၍ အရင်းအမြစ်ကျောက်များနှင့် ဆေးလုံးများကိုသုံးကာ သူတို့ကိုယ်သူတို့ အားပြန်ဖြည့်နိုင်ပေသည်။ သို့သော်ငြား ပင်လယ်ပြင်အား ဖြတ်သန်းဖူးသည့် အတွေ့အကြုံအရ ပင်လယ်ပြင် မည်မျှ အန္တရာယ်များမှန်းကို ရန်ကိုင်သိပေသည်။ ပင်လယ်ပြင်ထဲ အလွန်ကိုမှ အားကောင်းလှသော မရေမတွက်နိုင်အောင် များပြားလှသည့် ရေပန်းများ ရှိနေကြသည်။ ထိုရေပန်းများကြားတွင် မည်သည့်ကျင့်ကြံသူမှ အေးအေးဆေးဆေး အားပြန်ဖြည့်နိုင်လိမ့်မည် မဟုတ်ချေ။
ထို့အပြင် ပင်လယ်ပြင်အနက်ပိုင်းထဲသို့ ရောက်လာသည်နှင့်အမျှ ရေပန်းများမှာ ပိုပို၍ များပြားလာလေသည်။ များပြားလာရုံသာမဟုတ် ရေပန်းများမှ ဖြာထွက်နေသည့်စွမ်းအားမှာလည်း ပို၍ အားကောင်းလာ၏။ ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦးမှာ အမှန်တကယ်ကို အားကောင်းလှသော်ငြား ဧကရာဇ်ချီသာ မရှိပါက ထိုရေပန်းများကို မည်ကဲ့သို့မှ ခုခံနိုင်လိမ့်မည်မဟုတ်ချေ။
ထို့ကြောင့် ဆန်းတဲ့ပြောသည်မှာ တကယ်ဖြစ်နိုင်သည်ဟု ရန်ကိုင် ယုံကြည်သွားခဲ့လေသည်။
“ဒါဆိုရင် ထွက်ပေါက်က ဘယ်နေရာမှာလဲဆိုတာ ခင်ဗျား ကျုပ်ကို ပြောပြလို့ ရမလား…” ရန်ကိုင်သည် စိတ်လှုပ်ရှားမှုကို ချုပ်တည်းရင်း တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်၍ မေးလိုက်လေသည်။ ဧကရာဇ်အဆင့် ပညာရှင်တစ်ဦးအနေဖြင့် ထိုထွက်ပေါ်ဆီသို့ သွားနိုင်လိမ့်မည် မဟုတ်သော်ငြား ရန်ကိုင်ကတော့ ထိုကဲ့သို့ မဟုတ်ချေ။ သူ့တွင် ကမ္ဘာငယ်လေး ရှိနေပေသည်။ အရင်းအမြစ်ချီကုန်သွားပါက ကမ္ဘာငယ်လေးထဲသို့ ဝင်ကာ အားပြန်ဖြည့်နိုင်၏။ အားပြန်ပြည့်လာသည့်အခါ ကမ္ဘာငယ်လေးထဲမှ ထွက်၍ ခရီးဆက်သွားနိုင်ပေသည်။ သူစိတ်ပူရမည့် အရာဆို၍ လမ်းတွင်ကြုံတွေ့ရမည့် ရေပန်းများသာဖြစ်ပေလိမ့်မည်။
ထိုရေပန်းများသာ အလွန်ကိုမှ အားကောင်းနေမည်ဆိုပါက ရန်ကိုင့်အနေဖြင့် မည်သည့်နည်းနှင့်မှ ရှေ့ဆက်သွားနိုင်တော့လိမ့်မည် မဟုတ်ချေ။
သို့သော်ငြား ထွက်ပေါက်နေရာကို ကြိုတင်ရှာဖွေထားသည်မှာ မှားယွင်းသည့် လုပ်ရပ်တစ်ခု မဟုတ်ချေ။
“အဲ့ဒါတော့ ပြောလို့မရဘူး…” ဆန်းတဲ့က ငြင်းလိုက်လေ၏။
ရန်ကိုင်က ချက်ချင်းပြန်ပြောလိုက်လေသည်။ “ပန်းပဲပညာရှင်က တကယ်ကို မရိုးသားတာပဲနော်… ကျုပ်ကို ပူးပေါင်းဖို့လာပြောပြီးတော့ ဘာမှလည်း ပေးမသိဘူး… ခင်ဗျား ကျုပ်ကိုဘာမှမပြောမှတော့ ခင်ဗျားက တကယ် ယုံရမယုံရ ကျုပ် ဘယ်လိုလုပ်ပြီး သိတော့မှာလဲ…”
ဆန်းတဲ့ကပြုံးလျက် “မင်းမယုံရင်ထွက်သွားလို့ရတယ်နော်…”
ဆန်းတဲ့ကိုကြည့်ရသည်မှာ ရန်ကိုင် သူနှင့် ပူးပေါင်းလိမ့်မည်ဟု လုံးဝယုံကြည်နေသည့်ပုံပင်။ ထိုအချက်ကြောင့် ရန်ကိုင့်မှာ အတော်လေး မကျေမနပ် ဖြစ်နေသည့်တိုင် ကူကယ်ရာမဲ့နေခဲ့ရလေသည်။
ခဏမျှ စဉ်းစားပြီးသည့်နောက်တွင် ရန်ကိုင်က ပြန်၍ မေးလိုက်လေသည်။ “ကျုပ် နားမလည်တာ တစ်ချက်ရှိတယ်… ဒီနေရာကနေ ထွက်သွားဖို့အရေး ခင်ဗျား ဘာဖြစ်လို့ ကျုပ်နဲ့ပူးပေါင်းဖို့ လိုအပ်တာလဲ…”
ဆန်းတဲ့က ပြန်ပြောလိုက်လေ၏။ “ဒီကနေ ထွက်သွားဖို့ဆိုရင် ထွက်ပေါက်နေရာကို အရင်ဆုံး သိထားရမယ်… အဲ့ဒါအပြင်ကိုမှ အခြားသင့်တော်တဲ့ ပစ္စည်းတွေကို လိုအပ်သေးတယ်… မင်း ဒီတိုင်းကြီး ပင်လယ်ပြင်ထဲ ပျံပြီး ထွက်သွားဖို့ စဉ်းစားနေတာတော့ မဟုတ်ပါဘူးနော်…”
ရန်ကိုင်က မျက်မှောင်ကျုံ့လျက် “ခင်ဗျားမှာ ထွက်သွားဖို့ လိုအပ်တဲ့ ပစ္စည်းတွေတောင် မရှိဘူးလား…”
“မရှိဘူး… ဒါပေမဲ့ အဲ့ပစ္စည်းတွေကို ဘယ်မှာ သွားယူရမလဲတော့ ငါသိတယ်… ပြီးတော့ အဲ့ပစ္စည်းတွေကို ယူဖို့အတွက်လည်း လူအများကြီး ပူးပေါင်းဖို့ လိုသေးတယ်… အဲ့ဒါကြောင့်ပဲ မင်းကို ပူးပေါင်းမလား မေးကြည့်တာ…”
ရန်ကိုင်က တွေးတွေးဆဆဖြင့် ပြန်ပြောလိုက်လေသည်။ “အဲ့ပစ္စည်းကိုယူဖို့က အားကောင်းတဲ့စိတ်စွမ်းအင်ကို ပိုင်ဆိုင်ထားတာနဲ့ ပတ်သက်နေတယ်ပေါ့…”
ဆန်းတဲ့က ပြုံးလျက် ခေါင်းညိတ်လိုက်လေသည်။ “ဟုတ်တယ်… ငါ့စိတ်စွမ်းအင် ခုနှစ်ဆယ်ရာခိုင်နှုန်းလောက်ကို ခုခံလိုက်နိုင်တည်းက မင်းဝိဉာဉ်က ငါ့ဝိဉာဉ်လောက် အားမကောင်းရင်တောင် အရမ်းကြီး မနိမ့်ကျဘူးဆိုတာ သိသာနေပြီ… အဲ့ဒါကြောင့်သာမဟုတ်ရင် ငါမင်းနဲ့ အခုလိုမျိုး အချိန်ကုန်ခံပြီး စကားပြောနေမှာမဟုတ်ဘူး….”
ဆန်းတဲ့သည် သူ့စိတ်စွမ်းအင်၏ ခုနှစ်ဆယ်ရာခိုင်နှုန်းကို ခုခံလိုက်နိုင်ခြင်းမှာ ရန်ကိုင့်အတွက် ဂုဏ်ယူစရာတစ်ခု ဖြစ်သည်ဟု ပြောနေခဲ့လေသည်။ သူမသိခဲ့သည်မှာ သူ့စိတ်စွမ်းအင်ကို ခုခံရန်အတွက် ရန်ကိုင်သည် သူ့စိတ်စွမ်းအင်၏ နှစ်ဆယ်ရာခိုင်နှုန်းလောက်ကိုသာ အသုံးပြုခဲ့သည်ဟူသော အချက်ပင်။ ဆန်းတဲ့ထိခိုက်သွားမည်ကို စိုးရိမ်သည့် အတွက်ကြောင့်သာ မဟုတ်လျှင် ရန်ကိုင် ယခုကဲ့သို့ ညှာတာနေလိမ့်မည် မဟုတ်ချေ။ တကယ်တော့ ဆန်းတဲ့သည် သူ့ကိုယ်သူ အလွန်အထင်ကြီးနေသော ရေတွင်းထဲရှိ ဖားသူငယ်လေးသာ ဖြစ်ပေသည်။
ရန်ကိုင်က ဆက်ပြောလိုက်လေသည်။ “အဲ့ပစ္စည်းတွေ ဘယ်မှာလဲဆိုတာကတော့ သိမှတော့ ခင်ဗျား ဘာလို့ ဒီမှာ ရှိနေသေးတာလဲ…”
ဆန်းတဲ့က ပြန်ပြောလိုက်လေ၏။ “အဲ့ပစ္စည်းကို ဖန်တီးထားတာက ငါ့ဆရာလေကွ… ငါ့အရည်အချင်းသက်သက်နှင့် အဲ့လိုပစ္စည်းမျိုးကို ဖန်တီးနိုင်မယ်ထင်လား…”
ရန်ကိုင့်၏ခန္ဓာကိုယ် တုန်ရီသွားခဲ့လေသည်။ ဧကရာဇ်အဆင့် ပန်းပဲပညာရှင်တစ်ဦးပင် ဖြစ်ခါနီးနေသော ဆန်းတဲ့ကိုယ်တိုင်ပင်လျှင် ထိုပစ္စည်းအား မဖန်တီးနိုင်ခဲ့ပါက ထိုပစ္စည်းအား ဖန်တီးနိုင်ခဲ့သည့်သူသည် ဧကရာဇ်အဆင့် ပန်းပဲပညာရှင်တစ်ဦးသာ ဖြစ်ရပေမည်။
(ဒီဟင်းလင်းပြင်ကမ္ဘာထဲမှာ ဧကရာဇ်အဆင့် ပန်းပဲပညာရှင်တစ်ဦး တကယ်ကြီး ရှိနေတာလား… ပြီးတော့ သူရှိနေတဲ့အကြောင်းကို ဘယ်သူမှ မသိတဲ့ပုံပဲ) ရန်ကိုင် အံ့အားသင့်တကြီး တွေးလိုက်လေသည်။
ဆန်းတဲ့သည် ရန်ကိုင် မယုံသင်္ကာ ဖြစ်နေသည်ကို သတိပြုမိသည့်အလား ရှင်းပြလိုက်လေသည်။ “ငါ့ဆရာက ကောင်းကင်ကျွန်းမှာ နေတာမဟုတ်ဘူး… ပြီးတော့ သူ့ပန်းပဲစွမ်းရည်ကိုလည်း ဘယ်သူ့ကိုမှ ထုတ်ပြဖူးတာမဟုတ်ဘူး… ဒါကြောင့် သူ့ကို တစ်ယောက်မှ မသိတာ…”
“အဲ့ပစ္စည်းက ခင်ဗျားဆရာအပိုင်ဆိုမှတော့ ခင်ဗျား သွားယူရင် ပြဿနာမတက်နိုင်ဘူးလား…” ရန်ကိုင်က လှောင်ပြုံးပြုံးလျက် မေးလိုက်လေသည်။ ဆန်းတဲ့သည် တကယ်ကို အကျင့်မကောင်းသည့်လူဖြစ်သည်။ သူ့ဆရာ၏ ပိုင်ဆိုင်မှုများကိုပင်လျှင် မျက်စောင်းထိုးနေလေသည်။ မည်ကဲ့သို့သော မျက်ကန်းဆရာများ ဤမျှ မသိတတ်လှသည့် တပည့်တစ်ဦးကို လက်ခံထားရလေသနည်း။ ရန်ကိုင်သာ ထိုဆရာဆိုပါက တပည့်ဖြစ်သည့် ဆန်းတဲ့အား ယခုအချိန်အထိ အသက်ရှင်ခွင့်ပေးလိမ့်မည် မဟုတ်ချေ။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၃၈၂)
ဆန်းတဲ့က အဓိပ္ပာယ်ပါပါ ပြုံးလျက် “အဲ့လူအိုကြီးသေသွားတာ ငါးနှစ်တောင်ရှိနေပြီ… ဘာပြဿနာရှိရမှာလဲ…” ထိုနေရာသို့အရောက်တွင် ဆန်းတဲ့၏မျက်နှာကြီး မဲ့သွားခဲ့ပြီး ဆက်၍ ပြောလိုက်လေသည်။ “သေသွားတာတောင် အဲ့သက်ကြားအိုကြီးက ငါ့အတွက် ဘာမှ ချန်ထားပေးခဲ့တာမဟုတ်ဘူး… ဒီတော့ ငါကိုယ်တိုင်ပဲ သွားယူရတော့တာပေါ့…”
ဆန်းတဲ့ပြောသည်ကို ကြားပြီးသည့်နောက် ရန်ကိုင် ကြောင်သွားခဲ့လေသည်။ ဆန်းတဲ့၏အမူအယာကို ကြည့်ရသလောက် သူ့ဆရာနှင့် မတည့်သည့်ပုံပင်။ သူတို့ဆရာတပည့်နှစ်ဦးကြား မည်ကဲ့သို့သော ရန်ကြွေးများ ရှိနေလေသလဲ။
“လွန်ခဲ့တဲ့ငါးနှစ်လုံးလုံး ငါ ဒီအတွက် ပြင်ဆင်နေခဲ့တာ… အထူးသဖြင့် မင်းလိုလူမျိုးတွေကို လိုက်ရှာနေခဲ့တာ… ဒီနေ့ ရှာနေတဲ့လူတွေအကုန်လုံးကို တွေ့သွားပြီ… မင်းသာ သဘောတူမယ်ဆိုရင် ငါမင်းကို ဒီကနေ ခေါ်ထုတ်သွားပေးနိုင်မယ်လို့ အာမခံတယ်…” ဆန်းတဲ့သည် ရန်ကိုင့်အား ကြည့်ရင်း စိတ်လှုပ်ရှားနေသည့် အမူအယာဖြင့် ပြောလိုက်လေသည်။
“ကျုပ်မှာ ရွေးစရာရှိလို့လား…” ရန်ကိုင်က အဓိပ္ပာယ်ပါပါ ပြုံးလိုက်လေသည်။
ဆန်းတဲ့က ပြန်ပြောလိုက်လေ၏။ “ငါက အိမ်ကနေ ခြေတစ်ဖဝါးမှ မခွာဘူးဆိုပေမဲ့ လွန်ခဲ့တဲ့နှစ်ကိုးရာလုံးလုံး ကောင်းကင်ကျွန်းပေါ်မှာ မှော်ရတနာတွေ ဖန်တီးပေးလာခဲ့တာ… ရှင်းရှင်းပြောရရင် ငါ့မှာ အဆက်အသွယ်တွေလည်း အများကြီးပဲ… မိတ်ဆွေတွေလည်း အများကြီးပဲ… လူတော်တော်များများကလည်း ငါ့အပေါ် ကျေးဇူးကြွေးတင်နေကြတာ… ဒီတော့ ဒီကိစ္စကို သေသေချာချာစဉ်းစားရင် ကောင်းလိမ့်မယ်နော် ညီငယ်လေး…”
ဆန်းတဲ့သည် လိုရင်းကို တန်းမပြောသော်ငြား ရန်ကိုင်သည် အရူးတစ်ယောက်မဟုတ်။ ဤလူအိုကြီး သူ့အား ခြိမ်းခြောက်နေသည်ဆိုသည်ကို မည်ကဲ့သို့များ မသိဘဲ နေပါမည်နည်း။ ဆန်းတဲ့မှ သူ့တွင် အဆက်အသွယ်များစွာ ရှိသည် သူ့အပေါ် ကျေးဇူးကြွေးတင်နေသည့် လူများစွာ ရှိနေသည်ဟု ပြောလိုက်ခြင်းမှာ ရန်ကိုင်သာ သူကမ်းလှမ်းသည်ကို သဘောမတူခဲ့ပါက သူ့အား ကောင်းကင်ကျွန်းတွင် ကောင်းကောင်းမနေရအောင် လုပ်ပစ်မည်ဟု ပြောလိုက်ခြင်းနှင့် အတူတူပင် ဖြစ်လေသည်။
“ကျုပ်ရဲ့ သန့်စင်ရေး အစီအရင်ကို အရင်ပြန်ပြင်ပေး… ကျုပ် ဒီကိစ္စကို စဉ်းစားရဦးမယ်…” ရန်ကိုင်သည် ပန်းပဲမီးဖိုကို ညွှန်ပြလိုက်လေသည်။
“ဒါပေါ့ ဒါပေါ့…” ဆန်းတဲ့က ပြုံးလိုက်လေ၏။ ယခုတစ်ကြိမ်တွင်တော့ ဆန်းတဲ့သည် မည်သည့်အပိုစကားမျှ ထပ်ပြောမနေတော့ဘဲ လက်ကွက်များဖန်တီး၍ ပန်းပဲမီးဖို၏ မီးတောက်များကို ထိန်းချုပ်ကာ သန့်စင်ရေး အစီအရင်ကို စတင် ပြန်ပြင်တော့လေသည်။
ရန်ကိုင်သည် မျက်မှောင်ကြီးကျုံ့လျက် တင်ပလင်ခွေထိုင်ရင်း ဆန်းတဲ့၏ကမ်းလှမ်းချက်ကို သေသေချာချာ ထိုင်စဉ်းစားနေသည့်ပုံစံ လုပ်ပြနေခဲ့လေသည်။ တကယ်တော့ ဆန်းတဲ့၏ကမ်းလှမ်းချက်ကို စဉ်းစားနေခြင်းမဟုတ်။ ဆန်းတဲ့မှ သန့်စင်ရေးအစီအရင်အား မည်ကဲ့သို့ ပြန်ပြင်နေသလဲ ဆိုသည်ကိုသာ ကြည့်နေခြင်း ဖြစ်ပေသည်။
ကောင်းကင်ကျွန်း၏ အတော်ဆုံး ပန်းပဲပညာရှင်ဆိုသည့်အတိုင်း ဆန်းတဲ့သည် အမှန်တကယ်ကို တော်ပေသည်။ ပန်းပဲမီးဖိုထဲသို့ ဘာမှန်းမသိသော ပစ္စည်းများစွာကို ဆန်းတဲ့ပစ်ထည့်လိုက်သည်ကို ရန်ကိုင် မြင်နေရသည်။ တစ်ချိန်တည်းတွင်လည်း လက်ကွက်များကို ဖန်တီး၍ ပန်းပဲမီးဖိုထဲတွင် အစီအရင်များကို ရေးဆွဲနေခဲ့လေသည်။ မကြာခဏဆိုသလို ပန်းပဲမီးဖိုဆီမှ တဝီဝီမြည်သံများလည်း ထွက်ပေါ်လာ၏။
ရန်ကိုင်ကိုယ်တိုင်သည် ဆေးပညာရှင်တစ်ဦး ဖြစ်ပေသည်။ သူ့အနေဖြင့် ပန်းပဲပညာကို တစ်ခါမှ မလေ့လာဖူးသော်ငြား ဆေးပညာရပ်နှင့် ပန်းပဲပညာရပ်ကြားတွင် တူညီချက်များစွာ ရှိနေပေသည်။ ဥပမာပြရသော် မီးဖိုထဲသို့ ပစ္စည်းများကို ထည့်သွင်းခြင်း၊ မီးတောက်ကို ထိန်းချုပ်ခြင်း၊ အစီအရင်များကို ခင်းကျင်းခြင်း စသည့် အရာတို့မှာ အတူတူသာ ဖြစ်လေသည်။ ထို့အတွက်ကြောင့် ပန်းပဲပညာအား နားမလည်သည့်တိုင် ဆန်းတဲ့သည် ဟန်ပြလုပ်ပြနေခြင်းသာ မဟုတ်ဘဲ သူပေးထားသည့်သန့်စင်ရေးအစီအရင်အား တကယ်ပြန်ပြင်ပေးနေခြင်းဖြစ်မှန်း ရန်ကိုင် သိနေခဲ့လေသည်။
တစ်နာရီခန့်ကြာပြီးသည့်နောက်တွင် ဆန်းတဲ့သည် သူ့လက်ကွက်များကို ရုတ်သိမ်းလိုက်လေသည်။ တစ်ချိန်တည်းတွင် ပန်းပဲမီးဖို၏ မီးတောက်များမှာလည်း တဖြည်းဖြည်း အားနည်းလာခဲ့လေ၏။ တစ်ခုသောအချိန်သို့ အရောက်၌ ဆန်းတဲ့သည် ပန်းပဲမီးဖိုကို ရုတ်တရက် ကောက်ပုတ်လိုက်လေသည်။
ချက်ချင်းဆိုသလို ပန်းပဲမီးဖို၏အဖုံး ပွင့်ထွက်သွားခဲ့ပြီး အစောပိုင်းက သူပစ်ထည့်လိုက်သော အစီအရင်အလံတိုင်များ ပြန်ထွက်လာခဲ့လေသည်။ လှမ်းကြည့်လိုက်ရာ အစောပိုင်းက ပျက်စီးနေခဲ့သော အစီအရင်အလံတိုင်များမှာ အကောင်းအတိုင်း ပြန်ဖြစ်နေကြောင်းကို ရန်ကိုင် တွေ့ရှိလိုက်ရသည်။ ထို့အပြင် အစီအရင်အလံတိုင်များမှာ လင်းယင်ချင်းမှ သူ့အား ပထမဆုံး ငှားလိုက်စဉ်ကထက်ပင် ပို၍ အဆင့်မြင့်နေခဲ့လေ၏။ လက်ရှိ သန့်စင်ရေးအစီအရင်သည် ယခင်ကထက်ပင် ပို၍ ကောင်းမွန်နေခဲ့လေသည်။
ဆန်းတဲ့ကပြုံးလျက် “ညီလေး… မင်းအခုပေးခဲ့တဲ့ သန့်စင်ရေးအစီအရင်က လွန်ခဲ့တဲ့ နှစ်ငါးဆယ်တုန်းက ငါဖန်တီးခဲ့တဲ့ အရာပဲ… ဒီနှစ်ငါးဆယ်အတွင်းမှာ ငါ့ပန်းပဲစွမ်းရည်က သိသိသာသာကို တိုးတက်လာခဲ့တာ… ဒီတော့ ဒီသန့်စင်ရေးအစီအရင်ကို ငါနည်းနည်းပါးပါး ပြင်ဆင်ပေးထားလိုက်တယ်… ဒါပေမဲ့ စိတ်မပူနဲ့… ဒီသန့်စင်ရေးအစီအရင်က အရင်တစ်ခုထက် အများကြီးပိုကောင်းတယ်…” ထိုသို့ပြောပြီးသည့်နောက်တွင် ဆန်းတဲ့သည် သန့်စင်ရေးအလံတိုင်များကို ရန်ကိုင့်လက်ထဲသို့ ပြန်ထည့်ပေးလိုက်လေသည်။
ရန်ကိုင်သည် သန့်စင်ရေးအလံတိုင်များကို လက်ခံယူလိုက်ပြီး တစ်ခဏမျှ စစ်ဆေးကြည့်လိုက်ပြီးသည့်နောက် သိုလှောင်လက်စွပ်ထဲသို့ ထည့်သိမ်းလိုက်လေသည်။ ထို့နောက် လက်သီးဆုပ်၍ ပြောလိုက်လေ၏။ “ကျေးဇူးအများကြီးတင်ပါတယ် ပန်းပဲပညာရှင်…”
ဆန်းတဲ့က ပြန်ပြောလိုက်လေသည်။ “အခု မင်း ဆုံးဖြတ်ပြီးသွားပြီလား…”
“ဆုံးဖြတ်ပြီးသွားပြီ…” ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။ “ခင်ဗျားအစီအစဉ်ထဲ ကျုပ်ကိုပါထည့်လိုက်…”
ဆန်းတဲ့က ရယ်မောလျက် “ညီငယ်လေးက တကယ်ကို အမျှော်အမြင်ရှိတာပဲ… ဒီလူအိုကြီး မင်းကို အထင်မှားမသွားဘူး…”
ရန်ကိုင်က အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လိုက်လေသည်။ “ကျုပ် ဒီက ထွက်သွားချင်ရုံပဲ… ပန်းပဲပညာရှင် ကျုပ်ကို လာမမေးရင်တောင် ကျုပ်က ပူးပေါင်းဦးမှာ…”
“ဘာပဲဖြစ်ဖြစ်ပေါ့… သုံးရက်ကြာလို့ရှိရင် ငါတို့ မြို့ဂိတ်ပေါက်မှာ တွေ့ကြမယ်…” ဆန်းတဲ့က ပြုံးကာ ပြောလိုက်လေသည်။ “ပြင်ဆင်စရာတွေလည်း ရှိသေးတယ်… လူတွေစုဖို့လည်း ကျန်သေးတယ်… ဒီတော့ ခဏလောက်တော့စောင့်ပေါ့… ဒါပေမဲ့ ချိန်းထားတဲ့အချိန်ရောက်ရင် ချိန်းထားတဲ့အတိုင်း ရောက်အောင်လာနော်…”
“လာမှာ… ဒါဆိုရင် ကျုပ်သွားတော့မယ်…” ရန်ကိုင်က ထ၍ လက်သီးဆုပ်လိုက်လေ၏။
“အဲ… ငါ အခုထိ မမေးရသေးဘူး… ဒီက ညီငယ်လေးကို ဘယ်လိုခေါ်ရမှာလဲ…” ဆန်းတဲ့က ရုတ်တရက်မေးလိုက်လေသည်။
“ရန်ကိုင်…”
ဤနေရာတွင် သူ့နာမည်အား ဖုံးကွယ်ထားစရာ အကြောင်းမရှိချေ။ ထို့ကြောင့် ရန်ကိုင်သည် သူ့နာမည်အစစ်ကိုသာ ထုတ်သုံးလိုက်လေ၏။
ဆန်းတဲ့နေရာမှ ထွက်လာပြီးသည့်နောက်တွင် ရန်ကိုင်သည် ကျောင်းရီပေးထားခဲ့သည့် ဆက်သွယ်ရေးဓာတ်လုံးကို ထုတ်၍ ကျောင်းရီကို ဆက်သွယ်လိုက်လေသည်။ ထိုအခါမှသာ ကျောင်းရီတို့သည်လည်း အတွင်းမြို့တော်ဆီသို့ ပြောင်းသွားကြောင်းကို သိလိုက်ရလေ၏။ ကျောင်းရီတို့ နေနေသည့်နေရာမှာ သူနှင့် လျို့ရှန်းယွင်တို့ နေနေသည့်နေရာနှင့် သိပ်မကွာချေ။ ထို့အတွက်ကြောင့် လင်းယင်ချင်း၏ သန့်စင်ရေးအစီအရင်ကို ပြန်ပေးနိုင်ရန် သူလာခဲ့မည်ဟု ပြောလိုက်လေ၏။
လမ်းအချို့ကို ဖြတ်ကျော်လာပြီးသည့်နောက်တွင် ရန်ကိုင်သည် ရုတ်တရက် ရပ်၍ တစ်ခုသောအဆောက်အဦးဆီသို့ လှမ်းကြည့်လိုက်လေသည်။
ထိုအဆောက်အဦးမှာ ခြောက်လွှာစံအိမ်တစ်ခုဖြစ်ပြီး အရွယ်အစားမှာလည်း သိပ်၍ မကြီးလှပေ။ သို့သော်ငြား မြေနေရာအတော်များများကို အပိုင်ယူထားခဲ့ပြီး ဤမြို့ထဲရှိ လူအစည်ကားဆုံး နေရာတစ်ခုလည်း ဖြစ်ပေ၏။ ထို့ကြောင့် စံအိမ်ပိုင်ရှင်မှာ ပေါ့သေးသေး မဟုတ်လောက်ချေ။
တကယ်တော့ စံအိမ်ပိုင်ရှင်သည် တကယ်ကို ပေါ့သေးသေးလူတစ်ယောက် မဟုတ်ပေ။ အကြောင်းမှာ ဤစံအိမ်သည် ရေခဲနှလုံးသားစံအိမ်ပင် ဖြစ်သည့် အတွက်ကြောင့်ပင်။
ရေခဲနှလုံးသားစံအိမ်၏ စံအိမ်ပိုင်ရှင်မှာ ကောင်းကင်ကျွန်း၏ ကျွန်းသခင်နှင့်ပင်လျှင် တန်းတူ ရပ်တည်နိုင်သော ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦးမှန်း ရန်ကိုင်သိထားခဲ့သည်။ သူတို့နှစ်ဦး မတူသည့် အချက်ဆို၍ တစ်ချက်သာ ရှိပေသည်။ ရေခဲနှလုံးသားစံအိမ်သခင်သည် စံအိမ်တစ်ခုကိုသာ ထိန်းချုပ်ထားပြီး ကောင်းကင်ကျွန်း၏ ကျွန်းသခင်ကတော့ ကျွန်းတစ်ခုလုံးကို ထိန်းချုပ်ထားခဲ့ပေသည်။
ကောင်းကင်ကျွန်းသို့ စရောက်ရောက်စဉ်က လင်းယင်ချင်းသည် ရန်ကိုင်ပိုင်ဆိုင်သည်ဟု ပြောထားသော ပစ္စည်းများကို ဖန်ရှင်းဟုခေါ်သည့် အမျိုးသမီးဆီသို့ ရောင်းချခဲ့ပေသည်။ ထိုအမျိုးသမီးသည် ရေခဲနှလုံးသားစံအိမ်၏ တပည့်များအနက် တစ်ဦးဖြစ်ပေသည်။
ရေခဲနှလုံးသားစံအိမ်ဟူသော စကားလုံးများကို ကြားပြီးသည့်နောက် အတိတ်ကအကြောင်းအရာ တော်တော်များများကို ရန်ကိုင် ပြန်သတိရသွားခဲ့လေသည်။
ထို့အပြင် ရေခဲနှလုံးသားစံအိမ်နှင့် စံအိမ်သခင်နှင့် ကောင်းကင်ကျွန်း၏ ကျွန်းသခင်တို့သည်လည်း ထွက်ပေါက်နေရာကို သိထားကြောင်း ဆန်းတဲ့မှ ပြောပြခဲ့လေသည်။ သို့သော်ငြား ထိုနှစ်ဦးကို သွားမေးဖို့ရာ သိပ်မဖြစ်နိုင်လှပေ။ နှစ်ဦးစလုံးမှာ ဧကရာဇ်တတိယအဆင့် ပညာရှင်များ ဖြစ်ကြပြီး ရန်ကိုင် တွေ့ချင်တိုင်း တွေ့လို့ရသည့် လူများ မဟုတ်ကြပေ။ ထို့အပြင် ရန်ကိုင့်အနေဖြင့် ထိုပညာရှင်နှစ်ဦးနှင့် တွေ့နိုင်မည်ဆိုလျှင်ပင် သူတို့အား ထွက်ပေါက်အကြောင်း သွားမေးလို့ရလိမ့်မည် မဟုတ်ပေ။
ဆန်းတဲ့သည် တကယ်ကို မယုံရသည့် လူစားမျိုး ဖြစ်ကာ သူသည် နောက်ကွယ်တွင် တစ်ခုခု ကြံစည်နေသည်ဟု ရန်ကိုင့်စိတ်ထဲ ခံစားနေခဲ့ရလေသည်။ ကြက်ဥအားလုံးကို ခြင်းတစ်ခြင်းထဲတွင် မထည့်နှင့်ဟူသည့် စကားပုံပင် ရှိသေးသည် မဟုတ်ပေလော။ ဤဟင်းလင်းပြင်ကမ္ဘာထဲမှ ထွက်လိုပါက ရေခဲနှလုံးသားစံအိမ်နှင့် အနှေးနှင့်အမြန်ဆိုသလို အဆက်အသွယ်လုပ်ရမည်မှန်း ရန်ကိုင်သိပေသည်။ ထိုသို့လုပ်ရမည့်အတူတူ စောစော စထားလိုက်သည်မှာ ပို၍ မကောင်းပေလော။
ရေခဲနှလုံးသားစံအိမ်၏ အပြင်ဘက်တွင် ဆိုင်းဘုတ်တစ်ခု ထောင်ထားခဲ့လေသည်။ ရန်ကိုင်လည်း ဆိုင်းဘုတ်နား သွားကပ်ကြည့်လိုက်ရာ ရေခဲနှလုံးသားစံအိမ်မှ ဆေးပညာရှင်တစ်ဦးကို ငှားယမ်းနေသည် ဆိုသည့်အကြောင်း ဖြစ်နေခဲ့လေသည်။
“စီနီယာဆေးပညာရှင်တစ်ဦး အလိုရှိသည်… လစာကောင်းကောင်းပေးမည်…”
ဆိုင်းဘုတ်ပေါ်တွင် ထိုစကားလုံးများကိုသာ ရေးသားထားခဲ့လေသည်။ ထိုအရာကိုမြင်ပြီးသည့်နောက် ရန်ကိုင့်၏မျက်လုံးများ တောက်ပသွားခဲ့လေသည်။ ရန်ကိုင်မှ ထိုဆိုင်းဘုတ်ကို ကြည့်နေစဉ် ရေခဲနှလုံးသားစံအိမ်ထဲမှ အမျိုးသမီးထွက်လာပြီး ပြုံးကာ မေးလိုက်လေသည်။ “မောင်လေးက ဆေးပညာရှင်လား…”
ရန်ကိုင်သည် ဆိုင်းဘုတ်ရှေ့တွင် မလှုပ်မလှက် ရပ်နေသည့် အတွက်ကြောင့် အခြားသူများသည် ရန်ကိုင်ကို ဆေးပညာရှင်တစ်ဦးဟု ထင်သွားသည်မှာ အထူးအဆန်းတော့မဟုတ်ချေ။
ရန်ကိုင်လည်း ထိုစကားကိုကြားသည့်အခါ ခေါင်းမော့ကြည့်လိုက်လေ၏။ အကြည့်ချင်းဆုံသွားသည့်အခိုက်တွင် အမျိုးသမီး အံ့အားသင့်သွားခဲ့လေသည်။ “ရှင်ပါလား…”
“စီနီယာအစ်မဖန်ပဲ…” ရန်ကိုင်က လက်သီးဆုပ်၍ ပြုံးကာ ပြောလိုက်လေသည်။
လက်ရှိ သူ့ရှေ့တွင် ရှိနေသည့်လူသည် လင်းယင်ချင်း၏ ကုန်ပစ္စည်းများကို ဝယ်သွားခဲ့သည့် ဖန်ရှင်းမှလွဲ၍ အခြားမဟုတ်ချေ။
“ဘာလို့ ငါ့ကို စီနီယာအစ်မလို့ ခေါ်နေရတာလဲ…” ဖန်ရှင်းသည် ရန်ကိုင့်အား စူးရဲစွာ စိုက်ကြည့်လိုက်လေသည်။ “မသိရင် ငါကပဲ အသက်ပိုကြီးသလိုလိုနဲ့… နင့်ကျင့်ကြံခြင်းက ငါ့ထက်တောင် ပိုမြင့်နေတာ… ဂျူနီယာညီမလို့ပဲ ခေါ်…”
“ဂျူနီယာညီမဖန်ပေါ့…” ရန်ကိုင်က ချက်ချင်း ပြောလိုက်လေ၏။
“ဒါဆို စီနီယာအစ်ကိုကို ဘယ်လိုခေါ်ရမလဲဟင်…” ဖန်ရှင်းက ပြန်မေးလိုက်လေသည်။
ရန်ကိုင်က သူ့ကိုယ်သူ ချက်ချင်းမိတ်ဆက်ပေးလိုက်လေ၏။ ထိုအခါ ဖန်ရှင်းက ပြုံး၍ “ဒီတော့ စီနီယာအစ်ကိုရန်ပေါ့… ဆိုတော့ စီနီယာအစ်ကိုရန် ရှင်က ဆေးပညာရှင်တစ်ယောက်လား…”
“အင်း… ဆေးပညာတွေနဲ့ ပတ်သက်ပြီး ကျုပ် နည်းနည်းပါးပါးတော့ သိတယ်…” ရန်ကိုင်က သူ့ကိုယ်သူနှိမ့်ချလျက် ပြန်ပြောလိုက်လေသည်။
ဖန်ရှင်း၏မျက်လုံးများ တောက်ပသွားခဲ့ပြီး ပြန်၍ မေးလိုက်လေသည်။ “ဒါဆိုရင် စီနီယာအစ်ကိုက ဘယ်အဆင့် ဆေးပညာရှင်လည်း မသိဘူး..”
“တာအိုအဆင့်ပေါ့…” ရန်ကိုင်သည် သူ့အကြောင်းကို သူသိပေသည်။ ဧကရာဇ်အဆင့် ပညာရှင်များသည် ကြယ်တာရာအစုအဝေးထဲတွင် ပေါ်လာခဲလှသည့် ပညာရှင်များ ဖြစ်ကြသည်။ ဆန်းတဲ့သည်ပင်လျှင် တာအိုသခင်အဆင့် ပန်းပဲပညာရှင်တစ်ဦးသာ ဖြစ်သော်ငြား ဤကောင်းကင်ကျွန်းပေါ်တွင် အလွန်ကိုမှ လေးစားခံရပေသည်။ ဆန်းတဲ့သည်သာ ဧကရာဇ်အဆင့် ပန်းပဲပညာရှင်တစ်ဦးဖြစ်ပါက ကောင်းကင်ကျွန်း၏ ကျွန်းသခင်သည်ပင်လျှင် ဆန်းတဲ့အပေါ် လေးစားရပေတော့မည်။
“စီနီယာအစ်ကိုရန် အမြင့်ဆုံး ဖော်စပ်ဖူးတဲ့ဆေးလုံးက ဘယ်အဆင့်လဲ…” ရန်ကိုင်သည် တာအိုသခင်အဆင့် ဆေးပညာရှင်တစ်ဦးမှန်း သိလိုက်သော် ဖန်ရှင်းမှာ ပို၍ စိတ်အားတက်ကြွလာခဲ့လေသည်။ သူမ၏ခန္ဓာကိုယ်ပင်လျှင် ရန်ကိုင့်နားသို့ ပူးကပ်လာသဖြင့် သူမဆီမှ ကိုယ်သင်းနံ့ သင်းသင်းလေးကို ရန်ကိုင် ရလိုက်လေ၏။
“တာအိုသခင် အလယ်အလတ်အဆင့်… တစ်ခါတစ်လေတော့ တာအိုအဆင့်မြင့်ဆေးလုံးတွေကိုပါ ဖော်စပ်လို့ရဖူးတယ်… ဒါပေမဲ့ ဖော်စပ်နိုင်ချေက သိပ်မရှိဘူး…”
“ဒါဆိုရင် စီနီယာအစ်ကိုရန် တစ်ချက်လောက် လာစမ်းသပ်ခံပေးလို့ရမလား… စီနီယာအစ်ကိုရန်သာ တာအိုသခင် အလယ်အလတ်အဆင့် ဆေးလုံးကို တကယ်ဖော်စပ်နိုင်မယ်ဆိုရင် ကျွန်မတို့ရေခဲနှလုံးသားစံအိမ်က စီနီယာအစ်ကိုရန်ကို တကယ်ကောင်းမွန်တဲ့ ရာထူးတစ်ခုနဲ့ ကမ်းလှမ်းမှာပါ…”
“ရတယ်လေ…” ရန်ကိုင်က ပြုံးလိုက်လေ၏။ ရန်ကိုင်သည် အားကောင်းသည့်နောက်ခံ လိုချင်သည့်အတွက်ကြောင့် ဤနေရာသို့ ရောက်လာခြင်းဖြစ်ပေသည်။ တကယ်တော့ သူသည် လူသစ်တစ်ဦးဖြစ်လေရာ နောက်နောင်တွင် အခက်အခဲများနှင့်လည်း ကြုံရနိုင်၏။ သူ့တွင် အားကောင်းသည့် နောက်ခံတစ်ခုခုသာ ရှိနေမည်ဆိုပါက သူ့ဘဝကြီးမှာ ပို၍ လွယ်ကူသွားပေလိမ့်မည်။ ဒုတိယအနေဖြင့် ရန်ကိုင်သည် ရေခဲနှလုံးသားစံအိမ်၏ စံအိမ်သခင်နှင့် တွေ့ချင်ကာ ရင်းနှီးအောင် လုပ်ချင်ပေသည်။
ရန်ကိုင် သဘောတူလိုက်သည်ကို မြင်သော် ဖန်ရှင်း ဝမ်းသာသွားခဲ့ပြီး ချက်ချင်းပဲ သူ့အား စံအိမ်ထဲသို့ ဖိတ်ခေါ်လိုက်လေ၏။
စံအိမ်ထဲသို့ ရောက်ပြီး ဝေ့ကြည့်လိုက်ရာ ရေခဲနှလုံးသားစံအိမ်သည် အမျိုးမျိုးသော ပစ္စည်းများကို ရောင်းချသည့် နေရာတစ်ခုဖြစ်ကြောင်း သဘောပေါက်သွားခဲ့လေသည်။ စံအိမ်ထဲတွင် ဆေးပညာ၊ ပန်းပဲပညာ၊ ကျင့်ကြံခြင်းနှင့် သက်ဆိုင်သော ပစ္စည်းများစွာကို တင်ထားသည့် စင်အမျိုးမျိုး ရှိနေခဲ့လေသည်။
သို့သော်ငြား ရေခဲနှလုံးသားစံအိမ်၏ စီးပွားရေးမှာ သိပ်မကောင်းသည့်ပုံပင်။ စံအိမ်ထဲ၌ ဈေးဝယ်သူ အနည်းငယ်သာ ရှိလေသည်။
လက်ရှိအချိန်တွင် ဖန်ရှင်းကဲ့သို့သော အဝတ်အစားအား ဝတ်ဆင်ထားသည့် အမျိုးသမီးအချို့သည် လာရောက်ဈေးဝယ်နေသူများကို ဆိုင်ထဲရှိ ပစ္စည်းများနှင့် မိတ်ဆက်ပေးနေခဲ့လေသည်။
“ခင်ဗျားတို့ရေခဲနှလုံးသားစံအိမ်က အမျိုးသမီးတွေကိုပဲ လက်ခံတာလား…” ရန်ကိုင်က အံ့အားသင့်တကြီး မေးလိုက်လေသည်။
ဖန်ရှင်းက နှုတ်ခမ်းလေးကို ကွေးလျက် ပြုံးကာ ပြန်ပြောလိုက်လေ၏။ “ဟုတ်တယ်… အဲ့ဒါ စံအိမ်သခင် ချမှတ်ထားတဲ့ စည်းမျဉ်းပဲ…”
“ဒါဆိုရင် ကျုပ်က စည်းမျဉ်းတွေကို ဖောက်ဖျက်နေသလို ဖြစ်မနေဘူးလား…” ရန်ကိုင်က မျက်ခုံးပင့်သွားခဲ့လေသည်။ (အမျိုးသမီးတွေကိုပဲလက်ခံတာဆိုတော့ ဒီစံအိမ်သခင်က မိန်းမပွေတဲ့သူမဟုတ်ရင် အမျိုးသမီးတစ်ယောက် ဖြစ်နေလို့ပဲ ဖြစ်ရလိမ့်မယ်…)
ဖန်ရှင်းက ပြန်ပြောလိုက်လေသည်။ “အဲ့ဒါကတော့ မတူဘူးလေ… ကျွန်မတို့က စံအိမ်သခင်ရဲ့ အဆင့်နိမ့်တပည့်တွေလေ… စီနီယာအစ်ကိုရန်သာ ရေခဲနှလုံးသားစံအိမ်ထဲ ဝင်လိုက်မယ်ဆိုရင် အလုပ်သဘောအရ ဝင်တာပဲဖြစ်မှာ…”
“အင်း… ကျုပ်နားလည်ပြီ…” ရန်ကိုင် ခေါင်းညိတ်လိုက်လေသည်။ ထိုကိစ္စနှင့် ပတ်သက်၍ ရန်ကိုင် အရမ်းကြီး ဂရုမစိုက်နေခဲ့ပေ။ ရေခဲနှလုံးသားစံအိမ်သာ အမျိုးသမီးတပည့်များကိုသာ ရန်ကိုင့်အနေဖြင့် ဤစံအိမ်ထဲသို့ မည်သို့မျှ ဝင်လို့ရလိမ့်မည် မဟုတ်ချေ။ ထို့အပြင် ရန်ကိုင်ကိုယ်တိုင်ကလည်း ရေခဲနှလုံးသားစံအိမ်ထဲသို့ ဝင်ရန် စိတ်ကူးမထားခဲ့ပေ။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၃၈၃)
ဖန်ရှင်းမှ ရန်ကိုင့်အား အထဲသို့ ခေါ်လာသည်ကိုမြင်သော် ရေခဲနှလုံးသားစံအိမ်၏ အမျိုးသမီးတပည့်များ အံ့အားသင့်သွားကုန်ကြလေသည်။ အကုန်လုံး၏ မျက်လုံးလှလှလေးများသည် ရန်ကိုင့်ဆီသို့ စုပြုံ ရောက်ရှိလာခဲ့လေသည်။ ထိုအမျိုးသမီးများမှာ အတော်လေးကိုမှ ချောမောလှပကြပေသည်။ ထို့အပြင် သူတို့ကို ကြည့်ရသည်မှာ ကျင့်စဉ်တစ်ခုတည်းအား အတူကျင့်ကြံထားကြသည့်ပုံပင်။ သို့သော်ငြား ကျင့်ကြံခြင်းမှာတော့ တစ်ယောက်နှင့်တစ်ယောက် မတူညီကြချေ။ တာအိုသခင်ဒုတိယအဆင့်သို့ ရောက်နေသူဆို၍ ဖန်ရှင်းတစ်ဦးသာရှိပြီး ကျန်မိန်းကလေးအားလုံးမှာ တာအိုသခင်အဆင့်သို့ပင် မရောက်ကြသေးချေ။ ထိုမိန်းကလေးများအနက် အားအကောင်းဆုံးသည် တန်ခိုးရှင်ဘုရင် ပထမအဆင့်ဖြစ်ပြီး အချို့ဆိုလျှင် သူတော်စင်ဘုရင်နှင့် သူတော်စင်အဆင့်တွင်သာ ရှိကြပေသည်။ ရေခဲနှလုံးသားစံအိမ်သခင်၏ တပည့်ရွေးသည့်ပုံစံမှာ အတော်လေးကိုမှ ထူးဆန်းလှပေသည်။
“ဂျူနီယာညီမဖန်… ရေခဲနှလုံးသားစံအိမ်မှာ ဆေးပညာရှင်ဘယ်နှစ်ယောက်ရှိလဲ…” ရန်ကိုင်သည် ထိုမိန်းကလေးများ သူ့အား စိုက်ကြည့်နေသည်ကို ဂရုမစိုက်ဘဲ မေးလိုက်လေသည်။
“တစ်ယောက်တော့ ရှိဖူးတယ်… ဒါပေမဲ့ လွန်ခဲ့တဲ့ ရက်အနည်းငယ်တန်းက အဲ့ဆေးပညာရှင်ကို အလုပ်ထုတ်လိုက်တယ်…” ဖန်ရှင်းက ပြောလိုက်လေသည်။
“အလုပ်ထုတ်လိုက်တယ်…” ရန်ကိုင် အံ့အားသင့်သွားခဲ့လေသည်။ “ဘာလို့ထုတ်လိုက်တာလဲ…”
(ခင်ဗျားတို့ ဆေးပညာရှင်လိုနေတယ်ဆိုရင် ဘာလို့သူ့ကို အလုပ်ထုတ်လိုက်ရတာလဲ…) ရန်ကိုင် နားမလည်နိုင်ချေ။
ဖန်ရှင်းသည် ပြုံးသာပြုံးလိုက်ပြီး ပြန်မဖြေခဲ့ပေ။ သူမအတွက် ပြောရအဆင်မပြေလှသည့် ကိစ္စတစ်ခု ဖြစ်ဟန်တူ၏။ သို့သော်ငြား ထိုသို့ စကားပြောနေရင်းမှ ရေခဲနှလုံးသားစံအိမ်၏ တတိယအလွှာဆီသို့ ရောက်လာလေ၏။
လမ်းလျှောက်လာစဉ်အတောအတွင်း ရေခဲနှလုံးသားစံအိမ်သည် အမျိုးမျိုးသောပစ္စည်းများဖြင့် ပြည့်နေကြောင်း တွေ့လိုက်ရလေသည်။ အမြင့်သို့ တက်လာလေ တက်လာလေ ပစ္စည်းများ၏ အရည်အသွေးမှာ ပိုမိုမြင့်မားလာလေပင်။
တတိယအလွှာတွင် သီးသန့်ခန်းနှင့် ဆင်တူသည့် အခန်းတစ်ခန်း ရှိနေခဲ့လေသည်။ ဖန်ရှင်းသည် ရန်ကိုင့်အား ထိုအခန်းဆီသို့ ခေါ်လာပြီးနောက် ပြောလိုက်လေ၏။ “စီနီယာအစ်ကိုရန်… ရှင်ဒီမှာ စမ်းသပ်လို့ရတယ်… ကောင်းကင်ကျွန်းပေါ်မှာ မြေကမ္ဘာမီးတောက်တွေဘာတွေ မရှိဘူးဆိုတော့ အခြေအနေကတော့ နည်းနည်းလေးပိုပြီး ရိုးရှင်းလိမ့်မယ်… စီနီယာအစ်ကိုရန် စိတ်ထဲမထားဖို့ မျှော်လင့်ပါတယ်…”
“ကိစ္စမရှိပါဘူး…” ရန်ကိုင်က လက်ဝှေ့ယမ်း ပြလိုက်လေသည်။ အခန်းမှာ အတော်လေးကိုမှ ကျယ်ကာ ထိုအခန်းထဲတွင် အရွယ်အစား မတူညီသော ဆေးမီးဖိုများ ရှိနေကြလေသည်။ ထိုဆေးမီးဖိုအားလုံးမှာ တာအိုအဆင့် ဆေးမီးဖိုများဖြစ်ကြပြီး ဆေးမီးဖိုများအနက် သုံးလုံးဆိုလျှင် တာအိုအဆင့်မြင့် ဆေးမီးဖိုများပင် ဖြစ်နေကြလေသည်။
ရေခဲနှလုံးသားစံအိမ်တွင် ဆေးပညာရှင် မရှိသော်ငြား ဆေးမီးဖိုကောင်းကောင်းတော့ များစွာရှိပေသည်။ ထိုဆေးမီးဖိုများကို မြင်ပြီးသည့်နောက် ရန်ကိုင် ဇဝေဇဝါ ဖြစ်သွားခဲ့လေ၏။ တကယ်တော့ ရေခဲနှလုံးသားစံအိမ်သည် အမျိုးမျိုးသော ပစ္စည်းများကို ရောင်း၍ စီးပွားရေးလုပ်မည်ဆိုပါက ထိုပစ္စည်းများကိုသာ ရောင်းသင့်ပေသည်။ ဘာကြောင့်များ ဆေးပညာရှင်များ ထပ်ငှားရမ်း နေရလေသနည်း။ ထို့အပြင် ဤမျှ များပြားလှသော ဆေးမီးဖိုများကိုလည်း ပြင်ဆင်ပေးထားသေး၏။ ရေခဲနှလုံးသားစံအိမ်သခင်သည် ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦးဖြစ်လေရာ သူ့တွင် ကျင့်ကြံရေးအရင်းအမြစ်များ ရှားပါးနေလိမ့်မည် မဟုတ်ချေ။ ထို့အတွက်ကြောင့် သူတို့ ဘာကြောင့် ဆေးပညာရှင်တစ်ဦးအား ငှားယမ်းရသလဲ ဆိုသည့်အပေါ် ရန်ကိုင် လုံးဝကို မစဉ်းစားတတ်တော့ချေ။
“အဲ့ဆေးမီးဖိုတွေထဲက ကြိုက်တဲ့ဆေးမီးဖိုကို စီနီယာအစ်ကိုရန် ယူသုံးလို့ရတယ်… ဆေးမီးဖိုတွေကိုတော့ မထိခိုက်စေနဲ့ပေါ့…” ဖန်ရှင်းက ဆေးမီးဖိုများကို ညွှန်ပြရင်းမှ ပြောလိုက်လေသည်။
“ကျုပ်သိပြီ… ဒါပေမဲ့ ကျုပ် ဘယ်လိုဆေးလုံးမျိုးကို ဖော်စပ်ပေးရမလဲဆိုတာ ဂျူနီယာညီမဖန် ပြောပြလို့ရမလား..” ရန်ကိုင်က မေးလိုက်လေသည်။
“တာအိုသခင် အလယ်အလတ်အဆင့် ဆေးလုံးဆို အဆင်ပြေတယ်… ဘယ်ဆေးလုံးဆိုပြီး သတ်မှတ်မထားဘူး… စီနီယာအစ်ကိုရန် အဆင်သင့်ဖြစ်ပြီဆိုရင် ကျွန်မကို ဆေးညွှန်းပေးလိုက်… လိုအပ်တဲ့ ပစ္စည်းတွေကို ကျွန်မ ပြင်ဆင်ပေးမယ်…”
ရန်ကိုင်လည်း ခေါင်းညိတ်လိုက်ပြီး ခဏမျှ စဉ်းစားပြီးသည့်နောက် ပြောလိုက်လေသည်။ “ဒါဆိုရင် ကျုပ် ခုနှစ်စင်ကြယ်ကျားနဂါးဆေးလုံးကို ဖော်စပ်မယ်…”
ခုနှစ်စင်ကြယ်ကျားနဂါးဆေးလုံးသည် ကျင့်ကြံသူတစ်ဦး၏ ခွန်အားကို တစ်ဆယ်ရာခိုင်နှုန်းမှ သုံးဆယ်ရာခိုင်နှုန်းအထိ မြှင့်တင်ပေးနိုင်သော တာအိုအလယ်အလတ်အဆင့် ဆေးလုံးတစ်လုံး ဖြစ်နေခဲ့လေသည်။
ဆေးအာနိသင်ပျယ်သွားခဲ့မည်ဆိုပါက ဆေးလုံးကိုသောက်သုံးလိုက်သည့် လူ၏ ခန္ဓာကိုယ်မှာ အားနည်းသွားမည်ဖြစ်ကာ နောက်ထပ်နှစ်လတိုင်တိုင် သူတို့၏ ချီစွမ်းအင်ကို ထုတ်သုံးနိုင်တော့လိမ့်မည် မဟုတ်ချေ။ ထိုမျှသာလျှင် မဟုတ်သေးဘဲ ခုနှစ်စင်ကြယ်ကျားနဂါးဆေးလုံးသည် အသုံးပြုလိုက်သည့်လူ၏ သွေးကြောများနှင့် အုတ်မြစ်ကိုလည်း ထိခိုက်စေနိုင်ပေသည်။
ခုနှစ်စင်ကြယ်ကျားနဂါးဆေးလုံး၏ အာနိသင်မှာ အလွန်ပြင်းထန်သည့် အတွက်ကြောင့် ထိုဆေးလုံးသည် တာအိုသခင်အဆင့်သို့ မရောက်သေးခင်အချိန်အထိ မသောက်သင့်သည့် ဆေးလုံးတစ်လုံး ဖြစ်ပေသည်။ ကိုယ့်အဆင့်ကိုယ်မသိဘဲ ထိုဆေးလုံးအား သွားသောက်မည်ဆိုပါက အခန့်မသင့်လျှင် တစ်ခါတည်းပင် သေသွားနိုင်ပေသည်။ သို့သော်ငြား မည်သည့်တာအိုသခင်အဆင့် ကျင့်ကြံသူကများ သူတို့၏ခွန်အားကို ခဏမျှ တိုးတက်ရုံလေးအတွက်နှင့် ဤကဲ့သို့သောဆေးလုံးကို သောက်မည်နည်း။ သူတို့၏သွေးကြောများနှင့် အုတ်မြစ်သာ ထိခိုက်သွားမည်ဆိုပါက နောက်တစ်ဆင့်သို့ ဘယ်တော့မှ တက်နိုင်တော့လိမ့်မည် မဟုတ်ချေ။
ထို့အတွက်ကြောင့် ဤကဲ့သို့သော ဆေးလုံးမျိုးသည် ယေဘုယျအားဖြင့် လုံးဝကို အသုံးမဝင်ဟု ပြော၍ရပေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် ထိုဆေးလုံး၏ ဝယ်လိုအားမှာလည်း အလွန်ကိုမှ နည်းပါးလှပေသည်။ လူအချို့သည်သာ လိုရမယ်ရ အသုံးပြုနိုင်ရန်အတွက် ထိုဆေးလုံးများကို တစ်လုံးနှစ်လုံးလောက် ဆောင်ထားလေ့ရှိကြသည်။
ရန်ကိုင်သည် ခုနှစ်စင်ကြယ်ကျားနဂါးဆေးလုံး၏ ဆေးအမယ်များကို ပြောပြလိုက်လေသည်။ ဖန်ရှင်းသည် ဆေးအမယ်များကို မှတ်သားပြီးသည့်နောက် ချက်ချင်း သွားပြင်ဆင်လေ၏။
ခုနှစ်စင်ကြယ်ကျားနဂါးဆေးလုံးကို ရန်ကိုင် ရွေးလိုက်ရခြင်းမှာ ထိုဆေးလုံး၏ ဆေးအမယ်များသည် ရှားပါးခြင်းမရှိဘဲ ကောင်းကင်ကျွန်းပေါ်တွင် အလွယ်တကူ ရနိုင်သည့် အတွက်ကြောင့်ပင် ဖြစ်လေသည်။
သူထင်ထားသည့်အတိုင်းပင် တစ်ခဏအကြာ၌ ဖန်ရှင်းသည် ဆေးအမယ်ဆယ်စုံနှင့်အတူ ပြန်ရောက်လာခဲ့လေသည်။ ရန်ကိုင့်အား ဆေးအမယ်များကို ပေးပြီးသည့်နောက်တွင် ဖန်ရှင်းက ပြောလိုက်လေသည်။ “စီနီယာအစ်ကိုရန်… ရှင် ဆေးမီးဖိုနှစ်ဖို ဖော်စပ်နိုင်တယ်ဆိုရင် အောင်မြင်သွားပြီလို့ ပြောလို့ရတယ်… ဂျူနီယာညီမ အပြင်မှာ စောင့်နေမယ်… ပြီးသွားပြီဆိုတာနဲ့ လှမ်းခေါ်လိုက်…”
ဆေးအမယ်ဆယ်စုံအနက် နှစ်စုံအား အောင်မြင်စွာ ဖော်စပ်နိုင်လျှင် ရလေပြီ။ တာအိုသခင် အလယ်အလတ်အဆင့် ဆေးပညာရှင်တစ်ဦးအတွက်ပင် ဤသည်မှာ သိပ်မခက်ချေ။ သူတို့သာ နည်းနည်းလောက် အာရုံစိုက်လိုက်မည်ဆိုပါက ဆယ်စုံအနက် နှစ်စုံအား အောင်မြင်စွာ ဖော်စပ်နိုင်ပေလိမ့်မည်။ သာမန်ဆေးပညာရှင်များပင်လျှင် ဆယ်စုံအနက် နှစ်စုံကို အောင်မြင်စွာ ဖော်စပ်နိုင်လေရာ ရန်ကိုင့်အတွက် ဆိုလျှင်တော့ ပြောနေစရာပင်မလိုတော့။ ရန်ကိုင်သည် တာအိုအလယ်အလတ်အဆင့် ဆေးလုံးကို မဆိုထားနှင့် ဧကရာဇ်အဆင့် ဆေးလုံးများကိုပင် ဖော်စပ်နိုင်သူတစ်ဦး ဖြစ်ပေသည်။
ဆေးပညာရှင်တစ်ဦး ဆေးဖော်စပ်နေစဉ်အတောအတွင်း လာရောက်မနှောင့်ယှက်သင့်မှန်း သိထားသည့်အတွက်ကြောင့် ဖန်ရှင်းသည် သူမဘာသာသူမ အပြင်တွင် ရပ်စောင့်နေခြင်း ဖြစ်ပေသည်။
ဖန်ရှင်းထွက်သွားပြီးသည့်နောက်တွင် ရန်ကိုင်သည် သူ၏ ကိုယ်ပိုင် ကျောက်စိမ်းနက်ဆေးမီးဖိုကိုထုတ်ကာ သူ့ရှေ့တွင် ချလိုက်လေသည်။ ထို့နောက် တေဇောဓာတ်စိတ်စွမ်းအင်ကို အသက်သွင်း၍ စတင် ဆေးဖော်စပ်တော့လေ၏။
ဤသည်မှာ ရန်ကိုင့်အဖို့ ခုနှစ်စင်ကြယ်ကျားနဂါးဆေးလုံးကို ပထမဦးဆုံးအကြိမ်အဖြစ် ဖော်စပ်ဖူးခြင်း ဖြစ်သော်ငြား မည်သည့်အခက်အခဲနှင့်မှ မကြုံခဲ့ရပေ။ ရန်ကိုင့်၏လှုပ်ရှားမှုများသည် ရေအလျင်နှယ် ချောမွေ့နေခဲ့ပြီး သူ၏ မီးထိန်းချုပ်အစွမ်းနှင့် ဆေးပင်များကို ပစ်ထည့်သည့်အချိန်မှာ လုံးဝကို ပြီးပြည့်စုံပေသည်။
မကြာခင်တွင် ရန်ကိုင်သည် ဆေးဖော်စပ်ရာတွင်သာ အာရုံနစ်မြောသွားတော့လေသည်။
ဆေးဖော်စပ်ရာတွင် အာရုံစိုက်နေစဉ် အတောအတွင်း သူ့အသိစိတ်ပင်လယ်ထဲရှိ ဝိဉာဉ်ခွဲဆေဘာဓါးမှာ ရုတ်တရက် တုန်တက်သွားခဲ့လေသည်။ ထို့အတွက်ကြောင့် ရန်ကိုင်သည် အာရုံနစ်မြောနေရာမှ ချက်ချင်း အသိပြန်ဝင်လာလေ၏။
ရန်ကိုင်၏အမူအယာ ပြောင်းလဲသွားခဲ့သော်ငြား သူ့လက်မှာတော့ ရပ်တန့်သွားခဲ့ခြင်း မရှိချေ။ သို့သော်ငြား ရန်ကိုင်သည် သူ့ကိုယ်သူ သေချာ စစ်ဆေးနေခဲ့လေသည်။
ဝိဉာဉ်ခွဲဆေဘာဓါးသည် အကြောင်းအရင်းမရှိပဲ ဤကဲ့သို့ ဖြစ်စရာ အကြောင်းမရှိချေ။ ထို့ကြောင့် တစ်ခုတည်းသော ရှင်းပြချက်မှာ သူ့ခန္ဓာကိုယ် တစ်ခုခု ဖြစ်သွားသည့် အတွက်ကြောင့်သာ ဖြစ်ရပေလိမ့်မည်။
သေသေချာချာ ထပ်တလဲလဲ ရှာကြည့်ခဲ့ပါသော်ငြား မည်သည့်သဲလွန်စကိုမှ ရန်ကိုင် ရှာမတွေ့ခဲ့ချေ။ တစ်ခဏအကြာမှသာ ဘာဖြစ်လို့ ဖြစ်နေမှန်းကို ရန်ကိုင် ရုတ်တရက် နားလည်သွားခဲ့လေ၏။ တစ်ယောက်ယောက်သည် သူ့အား ချောင်းမြောင်းကြည့်ရှုနေသည့် အတွက်ကြောင့်သာ ဖြစ်ပေသည်။ ဝိဉာဉ်ခွဲဆေဘာဓါး တုန်တက်သွားရခြင်းမှာ အနီးအနားတွင် ရန်ကိုင်မဟုတ်သည့် အခြားသော လူတစ်ယောက်၏ ကောင်းကင်စိတ်အာရုံကို အာရုံခံမိလိုက်သည့် အတွက်ကြောင့်ပင်လျှင် ရန်ကိုင်မှ ထိုလူအား အာရုံမခံရသည်ကို ကြည့်လျှင် ထိုလူ၏ ကျင့်ကြံခြင်းသည် ရန်ကိုင့်ထက် အဆပေါင်းများစွာ ပိုမိုမြင့်မားနေရပေလိမ့်မည်။
(ရေခဲနှလုံးသားစံအိမ်ရဲ့ စံအိမ်သခင်…)
သူ့အားစောင့်ကြည့်နေသည့်လူမှာ မည်သူမှန်း ရန်ကိုင် ချက်ချင်း နားလည်သွားခဲ့လေသည်။ ဤရေခဲနှလုံးသားစံအိမ်ထဲတွင် စံအိမ်သခင်ကိုယ်တိုင်မှလွဲ၍ မည်သူ့တွင်မှ ထိုကဲ့သို့သော စွမ်းရည်မျိုး မရှိချေ။
ကြည့်ရသလောက် သူ့ခန့်မှန်းချက်များ မှားယွင်းနေသည့်ပုံပင်။ ရေခဲနှလုံးသားစံအိမ်သခင်ကဲ့သို့သော ပညာရှင်တစ်ဦးသည် အတွင်းမြို့တော်ထဲရှိ အကောင်းဆုံးနေရာတွင်သာ နေနေလိမ့်မည်ဟု ရန်ကိုင် ထင်နေခဲ့ခြင်း ဖြစ်ပေသည်။ သို့သော်ငြား စံအိမ်သခင်မှာ အခြားနေရာတွင်မဟုတ်ဘဲ ဤရေခဲနှလုံးသားစံအိမ်တွင်သာ နေနေခဲ့လေသည်။
ဤရေခဲနှလုံးသားစံအိမ်တွင် စုစုပေါင်း အလွှာခြောက်ထပ်ရှိပေသည်။ လက်ရှိ ရန်ကိုင်ရှိနေသည့်နေရာမှာ တတိယအလွှာဖြစ်သည့် အတွက်ကြောင့် စံအိမ်သခင်သည် ခြောက်လွှာမြောက်တွင် ရှိကောင်း ရှိနေနိုင်ပေသည်။
(စံအိမ်သခင်က ငါဆေးဖော်စပ်နေတာကို ဘာလို့ လာစောင့်ကြည့်နေတာလဲ… ပြီးတော့ ငါဖော်စပ်နေတာက တာအိုအလယ်အလတ်အဆင့် ဆေးလုံးလေးတစ်လုံးပါ… ဒီဆေးလုံးက သူ့လိုပညာရှင်တစ်ယောက်အတွက် ဘာအသုံးဝင်မှာ မို့လို့လဲ…)
(စံအိမ်သခင်က ငါ့ဆေးစွမ်းရည်ကို လာစောင့်ကြည့်နေတာလား…)
ရန်ကိုင့်စိတ်ထဲ အတွေးပေါင်းစုံ ဖြတ်ပြေးသွားခဲ့လေသည်။ သို့သော်ငြား သူ့လက်ကွက်များမှာတော့ တစ်ချက်ကလေးမှ နှေးသွားခဲ့ခြင်း မရှိချေ။
အစကတော့ ရန်ကိုင်သည် ဆေးမီးဖိုနှစ်ဖိုကိုဖော်စပ်၍ အချိန်ပြည့်လောက်မည့်အထိ ထိုင်စောင့်နေရန် စဉ်းစားထားခဲ့လေသည်။ ထို့နောက်မှသာ ဖန်ရှင်းကိုခေါ်၍ ဆေးလုံးများကို ပေးလိုက်ပေမည်။ သို့သော်ငြား ယခုမူ စံအိမ်သခင်ကိုယ်တိုင်က သူ့အား စောင့်ကြည့်နေသည့်အတွက်ကြောင့် ရန်ကိုင့်အနေဖြင့် ထိုကဲ့သို့ မလုပ်ရဲတော့ချေ။
ဆေးဖော်စပ်နေရင်းမှ ဆေးမီးဖိုထဲရှိ အစီအရင်ကို မသိမသာလေး ပြောင်းလဲလိုက်လေသည်။ မကြာမီ ဇဝေဇဝါအသံတစ်သံနှင့်အတူ ဆေးမီးဖိုဆီမှ ညှော်နံ့တို့ ထွက်ပေါ်လာခဲ့လေ၏။
ခဏအကြာတွင် ရန်ကိုင်သည် စိတ်ဓာတ်ကျသွားသည့် အမူအယာဖြင့် သက်ပြင်းအမောကြီး ချလိုက်လေသည်။ ထို့နောက် ဆေးမီးဖိုထဲမှ မီးတူးသွားသည့် ပစ္စည်းများကို ဖယ်ထုတ်၍ တစ်ခဏမျှ အနားယူလိုက်ပြီးသည့်နောက်တွင် နောက်တစ်ကြိမ် ထပ်မံဖော်စပ်ပြန်လေ၏။
ရန်ကိုင် ဆန်းတဲ့အိမ်မှ ထွက်လာသည်မှာ ညသန်းခေါင် ရှိနေခဲ့လေပြီ။ ထို့အတွက်ကြောင့် ဆက်၍ ဆေးဖော်စပ်လိုက်ရသော် နောက်တစ်နေ့အထိ မိုးလင်းသွားတော့လေ၏။
ရန်ကိုင်သည် တံခါးဖွင့်လိုက်ချိန် အပြင်ဘက်တွင် စောင့်နေသော ဖန်ရှင်း သူ့ဆီသို့ အမြန်ပြေးလာလေ၏။
“ကံကောင်းစွာနဲ့ ကျုပ် အောင်မြင်သွားတယ်… စုစုပေါင်း ဆေးမီးဖိုသုံးခု ဖော်စပ်လိုက်နိုင်တယ်… ကျေးဇူးပြုပြီး တစ်ချက် ကြည့်ကြည့်ပါ ဂျူနီယာညီမဖန်…” ရန်ကိုင်သည် ကျောက်စိမ်းပုလင်း သုံးပုလင်းကို ဖန်ရှင်းလက်ထဲသို့ ထည့်ပေးလိုက်လေသည်။ တစ်ပုလင်းချင်းစီတိုင်းတွင် ခုနှစ်စင်ကြယ် ကျားနဂါးဆေးလုံး လေးလုံးမှ ငါးလုံးအထိ ပါဝင်ပေ၏။
ဤသည်မှာ တာအိုသခင် အလယ်အလတ်အဆင့် ဆေးပညာရှင်တိုင်း၌ ရှိသော သာမန်စွမ်းရည်တစ်ခုသာ ဖြစ်ပေသည်။
ဖန်ရှင်းမှာ ယခုကဲ့သို့ဖြစ်မည်မှန်း ကြိုတင်မျှော်လင့်ထားသည့်အလား ကျောက်စိမ်းပုလင်းများကို ကြည့်ပင်မကြည့်ချေ။ ပြုံး၍သာ ပြောလိုက်လေ၏။ “ရှင်အောင်သွားပြီ စီနီယာအစ်ကိုရန်… ရှင် သဘောတူတယ်ဆိုရင် ကျွန်မတို့ ရေခဲနှလုံးသားစံအိမ်ရဲ့ ဆေးပညာရှင် ဖြစ်လာလို့ ရပြီ…”
“ဒါပေါ့… သဘောတူတာပေါ့…” ရန်ကိုင်က အံကြိတ်၍ ပြန်ပြောလိုက်လေသည်။ ရန်ကိုင်သည် ရေခဲနှလုံးသားစံအိမ်၏ စံအိမ်သခင်နှင့် သိကျွမ်းလိုသည့် အတွက်ကြောင့် ဤနေရာတွင် ဆေးပညာရှင်အလုပ်ကို လာလျှောက်ခြင်း ဖြစ်ပေသည်။ သို့သော်ငြား ရေခဲနှလုံးသားစံအိမ်သခင်၌ အကြံအစည်တစ်ခုခု ရှိနေမှန်း သိလိုက်ပြီးသည့်နောက်တွင် ဤနေရာသို့လာ၍ ဆေးပညာရှင်အလုပ်ကို လာလျှောက်သည်မှာ မှန်လားမှားလား ဆိုသည်ကိုပင် ရန်ကိုင်မသိတော့ချေ။
သို့ရာတွင် လာလျှောက်ပြီးသွားပြီ ဖြစ်သည့်အတွက်ကြောင့် သဘောတူလိုက်ရုံသာ ရှိတော့ပေသည်။
“ဝမ်းသာစရာပါပဲ…” ဖန်ရှင်းက ဝမ်းသာအားရဖြင့် ပြောလိုက်လေသည်။ “စီနီယာအစ်ကိုရန်… ဒီကောင်းကင်ကျွန်းပေါ်မှာ တာအိုသခင်အဆင့် ဆေးပညာရှင်တစ်ယောက်ကို ရှာဖို့ဆိုတာ ဘယ်လောက်ခက်ခဲ ရှင်မသိဘူး… တာအိုသခင်အဆင့် ဆေးပညာရှင်ဆိုလို့ နည်းနည်းလောက်ပဲရှိတာ… ရှိတဲ့လူတွေကလည်း ကျွန်မတို့ရဲ့ စံနှုန်းနဲ့ မပြည့်မီဘူး… ဒါပေမဲ့ စီနီယာအစ်ကိုရန်နဲ့ လာတွေ့တာ တကယ်ကံကောင်းသွားတယ်…”
အစကတော့ ရန်ကိုင်သည် မည်ကဲ့သို့သော စံနှုန်းကို မပြည့်သလဲဟု မေးရန် စဉ်းစားထားခဲ့ပါသော်ငြား အဆုံးတွင်တော့ ပြောခါနီးတွင် သူ့စကားလုံးများကို ပြန်မျိုသိပ်ထားလိုက်လေသည်။
သူ့ဘက်ကမေးလျှင်ပင် ဖန်ရှင်းက ပြန်ဖြေလိမ့်မည်မဟုတ်မှန်း ရန်ကိုင် သိနေလေသည်။
“အမြတ်ကတော့ ဒီလိုခွဲမယ် စီနီယာအစ်ကိုရန်ရယ်… ရှင်သာ ကျွန်မတို့ ရေခဲနှလုံးသားစံအိမ်ထဲကို ဆေးပညာရှင်တစ်ဦးအဖြစ် ဝင်လာမယ်ဆိုရင် ရှင်ဖော်စပ်လိုက်တဲ့ ဆေးလုံးတိုင်းရဲ့ ရောင်းရငွေရဲ့ တစ်ဝက်ကို ရှင်ရမယ်…”
“တစ်ဝက်လား…” ရန်ကိုင် အံ့အားသင့်သွားခဲ့လေသည်။ ဤတစ်ဝက်ကို နည်းသည်ဟု ထင်နေခြင်းမဟုတ်။ အတော်လေးများသည်ဟု ထင်နေခြင်းသာ ဖြစ်လေသည်။
ရန်ကိုင့်အနေဖြင့် မည်သည့်ဆေးအမယ်ကိုမှ ပြင်ဆင်စရာမလိုပေ။ ဆေးလုံးများကို ဖော်စပ်ပေးရုံသာ။ ထိုကဲ့သို့ ဖော်စပ်ပေးရုံဖြင့်ပင်လျှင် ရောင်းချ၍ရသော ဆေးလုံးအားလုံး၏ အမြတ်တစ်ဝက်တိတိကို သူရပေလိမ့်မည်။
“ခြောက်ဆယ်ရာခိုင်နှုန်းဆိုလည်း အဆင်ပြေပါတယ်…” ရန်ကိုင့်၏အမူအယာကိုမြင်သော် ရန်ကိုင်သည် သူမပေးသည့် ရာခိုင်နှုန်းအပေါ် မကျေမနပ်ဖြစ်သွားသည်ဟု အထင်ရောက်လျက် ချက်ချင်း ပြန်ပြောလိုက်လေသည်။ “ပြီးတော့ စီနီယာအစ်ကိုရန် မြင်တဲ့အတိုင်းပဲ ကျွန်မတို့ ရေခဲနှလုံးသားစံအိမ်မှာ ဆေးအမယ်တွေဆိုတာ ရှားတာမဟုတ်ဘူး… စီနီယာအစ်ကိုသာ ဒီမှာ အလုပ်လုပ်မယ်ဆိုရင် အနှေးနဲ့အမြန်ဆိုသလို စီနီယာအစ်ကိုရန်ရဲ့ ဆေးစွမ်းအင်ကို မြှင့်တင်နိုင်မှာ… အဲ့လိုသာဆိုရင် ဧကရာဇ်အဆင့် ဆေးပညာရှင်တစ်ယောက် ဖြစ်လာဖို့ရာ စီနီယာအစ်ကိုရန်အတွက် အိပ်မက်သက်သက်တစ်ခု မဟုတ်တော့ဘူး…”
သူမပြောသည်မှာ တကယ်မှန်ပေသည်။ ရေခဲနှလုံးသားစံအိမ်တွင် ပစ္စည်းမျိုးစုံဖြင့် ပြည့်နေလေသည်။ မိမိ၏ဆေးစွမ်းရည်ကို တိုးတက်အောင်လုပ်ချင်သော ဆေးပညာရှင်များအတွက် ရေခဲနှလုံးသားစံအိမ်တွင် ဆေးပညာရှင်တစ်ဦးအဖြစ် လာအလုပ်လုပ်ခြင်းမှာ တကယ်ကို ကောင်းမွန်သည့် ရွေးချယ်မှုတစ်ခု ဖြစ်ပေသည်။
“မလိုပါဘူး… တစ်ဝက်ဆို အဆင်ပြေပါတယ်…” ရန်ကိုင်က လက်ဝှေ့ယမ်းပြလိုက်လေသည်။
ဖန်ရှင်း ကြောင်သွားခဲ့လေ၏။ သို့သော်ငြား ပြုံးလျက် ပြန်ပြောလိုက်လေသည်။ “စီနီယာအစ်ကိုရန်က လူကောင်းတစ်ယောက်ပဲ… ဒါဆိုရင် စီနီယာအစ်ကိုရန် ဘယ်အချိန် ဆေးစဖော်စပ်လို့ရမလဲ…”
“လောလောလတ်လတ်တော့ လုပ်လို့ရဦးမှာ မဟုတ်သေးဘူး… အမ်း… အခုကနေစပြီးတော့ နှစ်ရက်ပေါ့… အခြားတစ်ယောက်နဲ့ ချိန်းထားတာရှိလို့… အဲ့ချိန်းထားတဲ့ကိစ္စ ပြီးသွားရင် ကျုပ် ပြန်လာခဲ့မယ်လေ…” ရန်ကိုင်က ပြောလိုက်လေသည်။
ဖန်ရှင်းစိတ်ထဲ အနည်းငယ် စိတ်ပျက်သွားမိသော်ငြား သွား၍ ဖိအားပေးမနေခဲ့ပေ။ ပြန်၍သာ ပြောလိုက်လေ၏။ “ဒါပေါ့… စီနီယာအစ်ကိုရန်ရဲ့ ကိစ္စက အရင်ဆုံး လာရမှာပေါ့… ဒါကြောင့် စီနီယာအစ်ကိုရန် အဆင်သင့်ဖြစ်ပြီဆိုတာနဲ့ ကျေးဇူးပြုပြီး ကျွန်မတို့ ရေခဲနှလုံးသားစံအိမ်ဆီ ချက်ချင်း လာခဲ့ပေးပါနော်…”
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၃၈၄)
ရေခဲနှလုံးသားစံအိမ်မှ ပြန်ထွက်လာပြီးသည့်နောက်၍ ငှားထားသည့် အိမ်ဆီသို့ တည့်တည့်မတ်မတ် ပြန်လာခဲ့လိုက်သည်။ သို့ရာတွင် ခဏမျှ လမ်းလျှောက်နေပြီးနောက် တစ်ယောက်ယောက် သူ့အား လိုက်ချောင်းနေမှန်းကို သတိထားမိသွားသည်။ ထို့ကြောင့် ရန်ကိုင် နိုးနိုးကြားကြား ဖြစ်သွားပြီး ချက်ချင်း နောက်ပြန်လှည့်ကြည့်၏။
ထိုနေရာတွင် လူတစ်ဦးသည် တစ္ဆေသရဲတစ်ကောင်ကို မြင်လိုက်ရသည့်အလား မျက်လုံးကြီးပြူးလျက် သူ့အား စိုက်ကြည့်နေခဲ့လေသည်။
ပန်းကွမ်...
ရန်ကိုင်သည်လည်း အံ့အားသင့်သွားသည်။ သူသည်လည်း ဤနေရာတွင် စိမ့်တောမြို့သခင်ကို လာတွေ့ရလိမ့်မည်ဟု မထင်ထားခဲ့ချေ။
ပန်းကွမ်သည် ယောင်ချန်ကျွင်းကို ကြောက်ပြီး ပင်လယ်ထဲ ထွက်ပြေးသွားခဲ့သဖြင့် သူတော့ ဒုက္ခရောက်ပြီဟု ရန်ကိုင် ထင်နေခဲ့ခြင်းဖြစ်သည်။
ဤနေရာတွင် အသက်ရှင်လျက် ပြန်တွေ့ရလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ချေ။ ပန်းကွမ်သည် တကယ်ကို ဒူပေဒဏ်ပေခံနိုင်သည့် လူတစ်ဦး ဖြစ်ပေသည်။ ကမ်းမမြင်လမ်းမမြင် ဟင်းလင်းပြင် ပင်လယ်ကြီးထဲမှပင် ဤနေရာသို့ ရောက်အောင် လာနိုင်ခဲ့သည်။ သူမည်သည့်နည်းနှင့် လာခဲ့သလဲ ဆိုသည်ကိုတော့ မသိရပေ။ စုတ်ပြတ်သတ်နေသော သူ့ပုံစံအရ ဤနေရာသို့ ရောက်ရန် ကျားကုတ်ကျားခဲ ကြိုးစားခဲ့ရသည့်ပုံပင်။
ရန်ကိုင်မှာ ပန်းကွမ် အသက်ရှင်နေသည်ကို သိပြီး အံ့အားသင့်မိသွားချိန် ပန်းကွမ်မှာတော့ ရန်ကိုင် အသက်ရှင်နေသည်ကို မြင်ပြီး ပို၍ မှင်သက်ထိတ်လန့်နေခဲ့လေသည်။
တကယ်တော့ သူထွက်သွားစဉ်က ရန်ကိုင်နှင့် ယောင်ချန်ကျွင်းတို့သည်သာ ကျွန်းပေါ်တွင် ကျန်ရစ်ခဲ့သည် မဟုတ်ပေလော။ ယောင်ချန်ကျွင်းပုံစံသည် ရန်ကိုင်ကို အလွန် သတ်ချင်နေသည့် ပုံစံမျိုးဖြစ်သည်။ ထိုသို့ဖြစ်လေရာ ရန်ကိုင်သည် မည်ကဲ့သို့များ အသက်ရှင်နေရသနည်း။
ရန်ကိုင် ထွက်ပြေးမည်ဆိုလျှင်ပင် ယောင်ချန်ကျွင်းလက်မှ လွတ်စရာ အကြောင်း မရှိချေ။ ယောင်ချန်ကျွင်း ကိုယ်တိုင်ကများ ရန်ကိုင်အား လွှတ်ပေးလိုက်သည်များ ဖြစ်နေလေမလား။
ထိုကဲ့သို့ တွေးလိုက်မိသော်ငြား ယောင်ချန်ကျွင်း ကောင်းကင်ကျွန်းပေါ်များ ရောက်နေသလားဟု တွေးလျက် ပန်းကွမ် ထိတ်လန့်သွားခဲ့လေသည်။
ထိုစဉ်က ရန်ကိုင်က ညစ်ကျယ်ကျယ်ပြုံးလျက် သူ့လက်ဖြင့် လက်ပင်းအား တိခနဲ လုပ်ပြလိုက်လေသည်။
ရန်ကိုင်၏ လုပ်ရပ်ကိုမြင်သော် ပန်းကွမ် ဒေါသပုန်ထသွားလေသည်။ နေရာသစ်တွင် ဖြစ်နေသည့် အတွက်ကြောင့်သာ မဟုတ်လျှင် ထိုကောင်လေးကို သူကောင်းကောင်း သင်ခန်းစာ ပေးပစ်လိုက်လေပြီ။
ပြန်တွေ့ကြသော်ငြား ရန်ကိုင်နှင့် ပန်းကွမ်သည် တစ်ဦးနှင့်တစ်ဦး စကားမပြောချေ။ တစ်ယောက်ကိုတစ်ယောက် ခဏမျှ စိုက်ကြည့်နေပြီးနောက် လှည့်ထွက်သွားကြလေသည်။
လက်ရှိအချိန်တွင် ဧကရာဇ်ပထမအဆင့်သာ ရှိသော ပန်းကွမ်လောက်ကို ရန်ကိုင်လုံးဝ မကြောက်ချေ။ ထို့အပြင် ဤနေရာတွင် အတွင်းမြို့တော်ဖြစ်သည်။ ဤနေရာ၌ နေနေစဉ် အတောအတွင်း တိုက်ပွဲများ ဖြစ်ပွားသည်ကို ရန်ကိုင် လုံးဝ မမြင်ရချေ။ အပြင်မြို့တော်နှင့် ယှဉ်လိုက်သော် ဤနေရာသည် လုံးဝကို သာလွန်ပေသည်။
ပန်းကွမ်သာ တိုက်ခိုက်ရန် ကြိုးစားမြည်ဆိုပါက အတွင်းမြို့တော်၏ စည်းကမ်းထိန်းသိမ်းရေးသမားများသည် သူ့အား အလွတ်ပေးလိမ့်မည် မဟုတ်ချေ။
ခဏအကြာတွင် လင်းယင်ချင်းနှင့် အခြားသူများနေသည့် အိမ်သို့ ရန်ကိုင် ရောက်လာ၏။ သူတို့ ငှားထားသည့်အိမ်ဟာလည်း သူ့အိမ်ကဲ့သို့ပင် အလယ်အလတ် အဆင့် အိမ်တစ်လုံး ဖြစ်ပေသည်။ သန့်စင်ရေးအစီအရင်ကို ပြန်ပေးလိုက်ပြီးနောက်တွင် ချက်ချင်း မပြန်သေးဘဲ သူမတို့နေရာတွင် ခဏလောက် နားနေလိုက်၏။
ခဏအကြာမှသာ ပြန်လာခဲ့လေသည်။ ရန်ကိုင် ပြန်ရောက်လာသည်ကို မြင်သော် လျို့ရှန်းယွင်က စိုးရိမ်တကြီးဖြင့် ဆီးကြိုလေသည်။
ရန်ကိုင် တစ်ခါ ထွက်သွားတိုင်း တစ်ရက်လောက်ကြာပြီးမှ ပြန်လာတတ်သည့် အတွက်ကြောင့် လျို့ရှန်းယွင်မှာ ရန်ကိုင်များ တစ်ခုခု ဖြစ်သွားလေမလားဟု တွေးရင်း အမြဲတစေ စိတ်ပူနေခဲ့ရသည်။ ဤနေရာစိမ်းကြီးထဲတွင် သူမရင်းနှီးသည့်လူဆို၍ ရန်ကိုင် တစ်ယောက်သာရှိသည်။ ရန်ကိုင်သာ ရုတ်တရက် ပျောက်သွားမည်ဆိုပါက သူမ မည်သည့်နေရာသို့ သွားလို့သွားရမှန်းမသိ ဖြစ်သွားပေလိမ့်မည်။
ဤနေရာသို့ ရောက်လာပြီးနောက်တွင် သူမကိုယ်သူမ ငှက်မွှေးပြာဂိုဏ်းသို့ ပြန်ရောက်သွားသလိုပင် ခံစားလိုက်ရလေသည်။
ထိုစဉ်က ရန်ကိုင်နှင့်သူမသည် တစ်ဦးကိုတစ်ဦး မှီခိုခဲ့ရသည်။ ယခုအခါတွင် ထိုအတို်းပင်။
“ဂျူနီယာညီမ၊ ငါနှစ်ရက်လောက် သွားရမယ်”
“မြို့ပြင်ကိုလား။ ဘယ်ကိုသွားမလို့လဲ” လျို့ရှန်းယွင် အံ့အားသင့်သွားလေသည်။
“ဘယ်လဲတော့ငါလည်း မသိဘူး။ ဒါပေမယ့် သန့်စင်ရေးအစီအရင်ကို ပြန်ပြင်ခိုင်းဖို့ ပန်းပဲဆရာဆန်းတဲ့ဆီ သွားတုန်းက သူ့မှာ ဒီဟင်းလင်းပြင်လောကကြီးထဲကနေ ထွက်သွားနိုင်မယ့် နည်းလမ်းရှိတယ်လို့ ငါကိုပြောတယ်။ ပြီးတော့ ပစ္စည်းတစ်ခုကို ယူဖို့ ငါ့အကူအညီကို လိုတယ်လို့လည်း ပြောတယ်” ရန်ကိုင်သည် လျို့ရှန်းယွင်အား အမှန်အတိုင်း ပြောလိုက်လေသည်။
ထိုစကားကိုကြားသည့်အခါ လျို့ရှန်းယွင်၏စိတ်ထဲ စိတ်ခံစားချက်မျိုးစုံ ထွက်ပေါ်လာခဲ့သည်။ ဤနေရာမှ ထွက်သွားနိုင်မည့် နည်းလမ်းရှိနေသည့်အပေါ် သူမ အတော်လေး ဝမ်းသာမိသွားသည်။ ဆန်းတဲ့ပြောပုံကို ကြည့်ရသလောက် သူ့ကိုယ်သူ ယုံကြည်ချက် အပြည့်ရှိသည့်ပုံပင်။ စိတ်ပူစရာဆို၍ ဆန်းတဲ့ ယုံရ၊မယုံရသာ ရှိတော့သည်။ ဆန်းတဲ့ ပြောသည်မှာ ယုံရမည်ဆိုလျှင်ပင် ရန်ကိုင်တို့အတွက်တော့ အတော်လေး အန္တရာယ်များမည်မှာ သေချာသလောက် ရှိပေသည်။
“စီနီယာအစ်ကို၊ ရှင်သွားမှရမှာလား” လျို့ရှန်းယွင်က မေးလိုက်လေသည်။
ရန်ကိုင်က ရယ်သွမ်းသွေးလျက် “အခွင့်အရေးက ရောက်လာမှတော့ လက်လွှတ်လို့ ဘယ်ဖြစ်ပါ့မလဲ။ စိတ်ပူမနေနဲ့၊ ဆန်းတဲ့လောက်ကိုတော့ ငါမကြောက်ဘူး။ သူလိမ်နေတာ ဆိုရင်တော့ လိမ်တာပဲပေါ့။ မလိမ်ဘူး ဆိုရင်တော့လည်း ငါတို့အတွက် အမြတ်ပေါ့။ ... နင်ကောလိုက်မှာလား။ ဒါမှမဟုတ် ဒီမှာပဲ နေခဲ့မှာလား”
လျို့ရှန်းယွင်အား ဤအကြောင်းကို မေးရခြင်းမှာ သူမ လိုက်မလား၊ မလိုက်ဘူးလား မေးချင်သည့် အတွက်ကြောင့်ပင်။
ထိုစကားကိုကြားသည့်အခါ ရန်ကိုင်၏ ဆိုလိုရင်းကို လျို့ရှန်းယွင် ချက်ချင်း နားလည်သွားခဲ့သည်။ လျို့ရှန်းယွင်သာ လိုက်မည်ဆိုလျှင် ရန်ကိုင်သည် သူမအား ကမ္ဘာငယ်လေးထဲသို့ ထည့်၍ ခေါ်သွားပေလိမ့်မည်။
သူမ ကိုယ်တိုင်သည်လည်း ကမ္ဘာငယ်လေးထဲ ရောက်ဖူးသည့်အတွက်ကြောင့် ကမ္ဘာငယ်လေးသည် ခြောက်ကပ်ပြီး အထီးကျန်စရာကောင်းလှသည် ဆိုလျှင်ပင် ကမ္ဘာငယ်လေးထဲရှိ မိုးမြေစွမ်းအင်မှာ အလွန်ကိုမှ သိပ်သည်းမှန်းတော့ သိသည်။ သေချာ စဉ်းစားပြီးနောက် လျို့ရှန်းယွင်က ပြန်ပြောလိုက်၏ “ဒီမှာပဲ နေခဲ့လိုက်တော့မယ်”
ရန်ကိုင် အံ့အားသင့်သွား၏။ လျို့ရှန်းယွင်၏ အဖြေသည် သူမျှော်လင့်ထားသည်နှင့် ဆန့်ကျင်ဘက် ဖြစ်နေခဲ့သည်။
လျို့ရှန်းယွင်က ပြုံးလျက် “ဒါက အတွင်းမြို့တော်လေ... ဘာပြဿနာမှ မရှိလောက်ပါဘူး။ ပြီးတော့ ဆန်းတဲ့ရဲ့ အစီအစဉ်သာ အလုပ်မဖြစ်ဘူရင် ကျွန်မ ဒီမှာနေပြီး ဒီနေရာနဲ့ ရင်းနှီးအောင် လုပ်ထားလိုက်တာ ပိုကောင်းတယ်။ ကျွန်မတို့ ဒီမှာ ဘယ်လောက်ကြာအောင် နေရမလဲ ဘယ်သူမှ ပြောနိုင်တာ မဟုတ်ဘူး”
လျို့ရှန်းယွင်သည် ဤနေရာမှပင် ထွက်မသွားချင်ဘဲ ဤနေရာတွင် အတော်လေး ပျော်နေသည့်ပုံ ပေါက်နေသည်ကိုမြင်သော် ရန်ကိုင် ဆွံအသွားခဲ့လေသည်။ ထို့ကြောင့် ခေါင်းညိတ်၍သာ ပြန်ပြောလိုက်၏ “အဲ့ဒါဆို သတိထားပြီးနော်။ လင်းယင်ချင်တို့ နေတဲ့နေရာက ဒီနေရာနဲ့ သိပ်မဝေးတော့ နင်သူတို့နဲ့ သွားတွေ့လို့ရတယ်။ သူတို့က ဒီမှာနေရာကြာပြီဆိုတော့ ဒီနေရာအကြောင်း ကောင်းကောင်းသိတယ်”
လျို့ရှန်းယွင်က ပြုံလျက် "ကျွန်မသိတယ် စီနီယာအစ်ကို။ ရှင်လည်း မြန်မြန် ပြန်လာခဲ့နော်။ ကျွန်မ... ရှင်ပြန်လာတာကို စောင့်နေမယ်”
ထိုသို့ ပြောပြီးနောက်တွင် လျို့ရှန်းယွင် ရှက်ရှက်ဖြင့် ခေါင်းငုံ့သွားလေသည်။
အခြေအနေမှာ သိပ်မဟန်ချေ။ လျို့ရှန်းယွင် လိုက်မလိုက်ကို လာမေးခြင်း ဖြစ်သော်ငြား မည်သို့များ လက်ထပ်ပြီးသားစုံတွဲ နှုတ်ဆက်သလို ဖြစ်သွားရလေသနည်း။ ရန်ကိုင်လည်း ချက်ချင်း ပြန်ပြောလိုက်ပြီးနောက် သူ့အခန်းထဲသို့သွားကာ တင်ပလင်ခွေ ထိုင်ချလိုက်လေ၏။
နှစ်ရက်သည် မျက်တောင်တစ်ခတ်အတွင်း ကုန်သွားခဲ့လေသည်။
တတိယမြောက်နေ့ မနက်တွင် ရန်ကိုင် မျက်လုံးပွင့်လာပြီး ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်ချလိုက်သည်။ လျို့ရှန်းယွင် သူမ အခန်းထဲ၌ တင်ပလင်ခွေထိုင် ကျင့်ကြံနေသည်ကို မြင်သော် သူမအား သွားမနှောင့်ယှတ်ဘဲ သူ့ဘာသာ အိမ်ထဲမှ ထွက်လာခဲ့လိုက်လေသည်။
နှစ်ရက်ကြာတွင် သွားစရာကိစ္စတစ်ခုရှိသည်ဟု ကြိုပြောထားပြီးသွားပြီ ဖြစ်သည့်အတွက် ဘာမှထပ်ပြောနေစရာ မလိုတော့ချေ။
သို့သော်ငြား အတွင်းမြို့တော်မှ ထွက်လာလာချင်းမှာ တစ်ယောက်ယောက် သူ့အား နောက်ယောင်ခံလိုက်နေကြောင်း သတိထားမိလိုက်လေသည်။
ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်ကြည့်လိုက်ရာ ထိုလူသည် တာအိုသခင်ပထမအဆင့်သာ ရှိသေးကြောင်း တွေ့လိုက်ရသည်။ ထိုလူ၏ ကိုယ်ပျောက်ပညာရပ်မှာ မဆိုးလှသော်ငြား ရန်ကိုင်၏ ကောင်းကင်စိတ်အာရုံမှတော့ မလွတ်မြောက်နိုင်ခဲ့ပေ။
ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။ သူဤနေရာတွင် နေနေစဉ်အတွင်း မည်သို့ကမှ ရန်မစခဲ့ဖူးချေ။ ယွီလဲ့ပင်ဆိုသည့် လူတစ်ယောက်ကိုသာ ရိုက်နှက်ခဲ့ခြင်းဖြစ်သည်။
ထို့နောက် ဆန်းတဲ့အိမ်တွင် တွေ့ခဲ့သည့် အမျိုးသမီးပြောသည်ကို ပြန်သတိရသွား၏။ ယွီလဲ့ပင်သည် မြို့သခင်စံအိမ်မှလူ ဖြစ်သည့်အတွက်ကြောင့် သတိထားရန်ပင်။
ကြည့်ရသလောက် ယွီလဲ့ပင်သည် သူ့အား လက်စားချေရန် ကြိုးစားနေသည့်ပုံပင်။ အတွင်းမြို့တော်မှ ထွက်လာလာချင်း နောက်ယောင်ခံလိုက်ခံရသည်ကို ကြည့်လျှင် ယွီလဲ့ပင်သည် သူ့အား စောင့်ကြည့်ရန် တစ်ယောက်ယောက်ကို စေလွှတ်ထားသည့်ပုံပင်။
အတွင်းမြို့တော်သည် တကယ်ကို ငြိမ်းချမ်းပေသည်။ ယွီလဲ့ပင်သည် မြို့သခင်စံအိမ်မှ လူတစ်ယောက် ဖြစ်သော်ငြား အတွင်းမြို့တော်ထဲတွင် ပြဿနာ မရှာရဲချေ။ သူ့အနေဖြင့် ရန်ကိုင်အား လက်စားချေလိုပါက ရန်ကိုင် အတွင်းမြို့တော်မှ ထွက်သွားသည့် အချိန်ထိကို စောင့်ရန်သာ ရှိပေသည်။
သို့သော်ငြား ရန်ကိုင်ကတော့ ဂရုစိုက်မနေခဲ့ချေ။ လက်ရှိအချိန်တွင် ကောင်းကင်ကျွန်း၏ အကြမ်းဖျင် အခြေအနေကို သူသိသွားခဲ့လေပြီ။ ကောင်းကင်ကျွန်းသခင်နှင့် ရေခဲနှလုံးသားစံအိမ်သခင်မှ လွဲ၍ သူကြောက်ရသည့်လူ မည်သူမှ မရှိချေ။
ထို့ကြောင့်ပင် နောက်ယောင်ခံလိုက်ခံနေရသော်ငြား မသိချင်ယောင်သာ ဆောင်ပြီး မြို့ဂိတ်ပေါက်ဆီသို့ တည့်တည့် တန်းသွားလိုက်လေ၏။
ထိုအချိန်အတွင်း ယွီလဲ့ပင်သည် ကောင်းကင်မြို့ထဲရှိ ရေးနွေးကြမ်းဆိုင်တစ်တွင် မှုန်ကုတ်ကုတ် အမူအရာဖြင့် ထိုင်နေခဲ့သည်။ ရန်ကိုင်ကြောင့် ကျိုးသွားသော သူ့လက်မှာတော့ အများစု ပြန်ကောင်းနေခဲ့လေပြီ။ ရုတ်တရက် ထိုင်နေရာမှ ဆက်သွယ်ရေးဓါတ်လုံးကို ထုတ်ယူလိုက်လေသည်။ ပို့လာသည့် အကြောင်းအရာကို မြင်ပြီးနောက် ဝမ်းသာအားရဖြစ်ကာ လှောင်ပြုံးပြုံးလိုက်လေ၏ “မြို့ထဲက ထွက်သွားဖို့ လုပ်နေတယ်ပေါ့။ ကြည့်ကြတာပေါ့ကွာ ဟားဟားဟား။ အသက်ရှင်မယ့် အခွင့်အရေး ရှိပေမယ့် သေမင်းတံခါးကို လာခေါက်မှတော့ ငါကလည်း မင်းကို တမလွန် ပို့ပေးရတော့မှာပေါ့”
ထိုသို့ ပြောပြီးနောက်တွင် ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ သတင်းပို့လိုက်လေသည်။
မြို့ထဲမှ ထွက်လာပြီးသည့်တိုင် ယွီလဲ့ပင် မလှုပ်ရှားသေးသည်ကို မြင်သော် သူပင်လယ်ထဲ ရောက်မှသာ ယွီလဲ့ပင် သူ့အား လတ်စဖျောက်ရန် ကြိုးစားလိမ့်မည်မှန်း ရန်ကိုင် နားလည်သွားခဲ့သည်။
ရန်ကိုင်သည် သင်္ဘောဆိပ်ဆီသို့သွားပြီး သစ်ပင်တစ်ပင်အောက်တွင် ရပ်စောင့်နေလိုက်လေသည်။ ထိုအချိန်အတွင် ဘေးပတ်ဝန်းကျင်အား သေသေချာချာ လိုက်ပတ်ကြည့်နေခဲ့လေသည်။ ဆန်းတဲ့သည် သူ့အပြင် မည်သူ့ကိုများ ဖိတ်ခေါ်ထားသလဲ ဆိုသည်ကို သိချင်နေမိသည်။
သင်္ဘောဆိပ်မှာတော့ အလွန်ကိုမှ စည်းကားနေခဲ့လေသည်။ သင်္ဘောများ တစ်စီးပြီး ဝင်ချေထွက်ချေ လုပ်နေခဲ့သည်။
မကြာမီတွင် သားနားစွာ ဝတ်စားထားသော အမျိုးသမီးတစ်ဦးသည် တစ်ကိုယ်တည်း ရပ်နေကြောင်း တွေ့လိုက်ရလေသည်။ သူမသည် သင်္ဘောဆိပ်နားတွင် ရပ်နေခြင်း ဖြစ်ပေသည်။ ထိုအမျိုးသမီး၏ အသားအရေမှာ ပုလဲလုံးလေးနှယ် ချောမွတ်တောက်ပနေ၏။ ခန္ဓာကိုယ်မှာလည်း စွဲမက်ဖွယ် ကောင်းလှသည်။ သို့သော်ငြား အပေါ်သို့ ကွေးတက်နေသော သူမ၏ ညစ်ကျယ်ကျယ်အပြုံးနှင့် အေးစက်စက် အကြည့်ကြောင့် သူမပုံစံမှာ စကားပေါက်ဆိုးသည့် ဈေးဝယ်သူတစ်ဦးနှင့် တူနေလေ၏။ သူမဆီမှ ဖြာထွက်နေသည့် အရှိန်အဝါကြောင့် ကျင့်ကြံသူ တော်တော်များများမှာ သူမနားသို့ ကပ်မသွားရဲကြချေ။
ရန်ကိုင် သူမအား ကြည့်နေသည်ကို သတိထားမိသော် အမျိုးသမီးသည် သူ့ဘက်သို့ လှည့်ကြည့်လာခဲ့လေသည်။
ရန်ကိုင် ချက်ချင်း အကြည့်လွှဲလိုက်လေ၏။ သူတို့သည် ဆန်းတဲ့ခေါ်ထားသည့် လူများမှန်း နှစ်ယောက်စလုံး သိလိုက်ကြသည်။
ထိုအမျိုးသမီးအပြင် အခြားမည်သူ့ကိုမှ ရန်ကိုင် ထပ်မတွေ့ရတော့ချေ။ သို့သော် ဆန်းတဲ့ ဖိတ်ခေါ်ထားသည့်လူမှာ ဤအမျိုးသမီးတစ်ဦးတည်းတော့ ဖြစ်စရာအကြောင်းမရှိ။ အခြား ထပ်ရှိရပေဦးမည်။ ကျန်သူလူများက လုံခြုံစွာ ပုန်းကွယ်နေသည့် အတွက်ကြောင့်သာ ရန်ကိုင် ရှာမတွေ့ခြင်း ဖြစ်ရပေလိမ့်မည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၃၈၅)
တစ်နာရီခန့်ကြာအောင် စောင့်နေပြီးသည့်တိုင် ဆန်းတဲ့ ပေါ်မလာသေးသည်ကို မြင်သော် ရန်ကိုင် စတင်၍ စိတ်မရှည် ဖြစ်လာသည်။ ဆန်းတဲ့များ သူ့အား လိမ်သွားလေသလားဟုပင် တွေးမိသွားသည်။ ထိုစဉ် အခြားတစ်ဖက်တွင် ရပ်နေသော အမျိုးသမီးသည် ဆက်သွယ်ရေးဓါတ်လုံးကို ရုတ်တရက် ထုတ်ယူကြည့်လိုက်လေသည်။ ထို့နောက် မျက်မှောင်ကြုတ်သွား၏။
ထိုအခြင်းအရာကို ရန်ကိုင် မြင်သွားလေသည်။ ထိုအမျိုးသမီးသည် ဆန်းတဲ့ ခေါ်ထားသည့်လူ ဖြစ်သည့်အတွက်ကြောင့် သူမဆီမှ သဲလွန်စအချို့ သူရလောက်၏။
အမျိုးသမီးသည် ဆက်သွယ်ရေးဓါတ်လုံးကို အမြန်သိမ်းလိုက်ပြီး ပင်လယ်ပြင်ဆီသို့ ချက်ချင်း ပျံသန်းသွားလေသည်။
(ငါအထင်မှားသွားတာလား) ရန်ကိုင် ကြောင်နေခဲ့သည်။ ထိုအမျိုးသမီးသည် မပြောမဆိုဘဲ သင်္ဘောဆိပ်မှ ထွက်သွားခဲ့လေသည်။ သူမသည် ဆန်းတဲ့ ခေါ်ထားသည့်လူ မဟုတ်လေသလော။
ရန်ကိုင်စိတ်ထဲ မယုံသင်္ကာ ဖြစ်နေစဉ်မှာပင် သူ့နားထဲ အသံတစ်သံကို ကြားလိုက်ရလေ၏ “လက်ဖက်ရည်တစ်ခွက်စာကြာရင် စလှုပ်ရှားပေတော့။ ကျွန်မတို့ ရှင့်ကို ပင်လယ်ထဲမှာ စောင့်နေမယ်”
အသံပိုင်ရှင်သည် မိန်းကလေးဖြစ်သည်။ အမျိုးသမီး ဆက်သွယ်ရေးဓါတ်လုံးအား ထုတ်လိုက်သည့်မြင်ကွင်းကို ပြန်စဉ်းစားကြည့်မိသော် ဆန်းတဲ့သည် ထိုအမျိုးသမီးကို လှမ်းအကြောင်းကြားပြီး ထိုအမျိုးသမီးမှတစ်ဆင့် သူ့အား ပြန်ပြောခိုင်းခြင်း ဖြစ်ရမည်မှန်း ရန်ကိုင် သဘောပေါက်သွားခဲ့သည်။
ထိုသို့ စဉ်းစားမိသည့်နောက် ရန်ကိုင် ပြုံးမိသွားလေသည်။ ဆန်းတဲ့သည် တကယ်ကို သတိကြီးသည့်လူပင်။ သတိကြီးသည်မှာလည်း သူ့အပြစ်တော့ မဟုတ်ချေ။ ဆန်းတဲ့သည် ကောင်းကင်မြို့ထဲတွင် အလွန်ကိုမှ နာမည်ကြီးသည် မဟုတ်ပေလော။ ထို့ကြောင့် သူမည်သည့်နေရာသို့ သွားသွား လူတိုင်း သူ့အား မှတ်မိကြပေလိမ့်မည်။ သူသာ လူအချို့ ခေါ်ပြီး ပင်လယ်ထဲသို့ ထွက်သွားမည်ဆိုပါက လူများစွာကို လှုပ်လှုပ်ရှားရှား ဖြစ်သွားစေနိုင်ကာ ကောင်းကင်ကျွန်းသခင်နှင့် ရေခဲနှလုံးသားစံအိမ်သခင်ကဲ့သို့သော လူများပင်လျှင် သူ့အား အာရုံစိုက်လာနိုင်ပေသည်။
လက်ရှိ ပုံစံကို ကြည့်ရသလောက် ဆန်းတဲ့သည် မည်သူမှမသိအောင် ပင်လယ်ထဲသို့ တိုးတိုးတိတ်တိတ် အရင်ခိုးထွက်သွားပြီးမှ အခြားလူများကို အကြောင်းကြားလိုက်သည့်ပုံပင်။
ရန်ကိုင်သည် အမျိုးသမီးပြောသည့်အတိုင်း လက်ဖက်ရည် တစ်ခွက်စာခန့်ကြာအောင် ရပ်စောင့်နေပြီးနောက်တွင် ရုတ်တရက် တည်နေရာခုန်ကူးသွားခဲ့လေသည်။
အရိပ်ထဲတွင် ပုန်းအောင်းနေသည့် ကျင့်ကြံသူမှာတော့ ဘာဖြစ်လို့ ဖြစ်သွားမှန်း မသိလိုက်ချေ။ ရန်ကိုင်၏ ခန္ဓာကိုယ် ဝေဝါးလာပြီး ပျောက်ကွယ်သွားသည်ကိုသာ သတိထားမိလိုက်သည်။ ထို့ကြောင့် ထိတ်လန့်သွားပြီး ချက်ချင်းပဲ ယွီလဲ့ပင်ကို လှမ်းအကြောင်းကြားလိုက်လေတော့၏။
အကြောင်းကြာပြီး မကြာခင်မှာပင် ယွီလဲ့ပင်သည် အမောတကောဖြင့် သင်္ဘောဆိပ်သို့ ပြေးလာခဲ့လေသည်။ လှည့်ပတ်ကြည့်လိုက်သော်ငြား ရန်ကိုင်ကို မတွေ့ရသည့်အခါ မှုန်ကုတ်ကုတ် အမူအရာဖြင့်သာ ပင်လယ်ထဲသို့ လှမ်းကြည့်လိုက်လေ၏။
ရန်ကိုင်အား မြို့ထဲတွင် မတွေ့ရသလို သင်္ဘောဆိပ်တွင်လည်း မတွေ့ရချေ။ ထို့ကြောင့် ရန်ကိုင် ပင်လယ်ထဲ ထွက်သွားခြင်းသာ ဖြစ်ရမည်ဟု ကောက်ချက်ချလိုက်သည်။
ဤအခွင့်အရေးကြီးကို ယွီလဲ့ပင် မည်သို့များ လက်လွှတ်ခံနိုင်ပါမည်နည်း။ ချက်ချင်းပဲ သူ့သင်္ဘောကိုထုတ်ကာ လူတစ်အုပ်နှင့်အတူ ပင်လယ်ထဲသို့ ထွက်တော့လေသည်။
...
ပင်လယ်ပြင်ထဲ နာရီဝက်ခန့်ကြာအောင် ပျံသန်းလာပြီးသည့်နောက်တွင် ကျောက်ချထားသည့် သင်္ဘောတစ်စင်းကို ရန်ကိုင် တွေ့သွားလေသည်။ သင်္ဘောပေါ်တွင် လူအချို့ရှိနေခဲ့သည်။ ရန်ကိုင် ပျံသန်းလာနေသည်ကို မြင်သော် သင်္ဘောပေါ်မှ လူတစ်ဦးက သူ့အား လှမ်း၍ လက်ဝှေ့ရမ်းပြလေသည်။
ထိုအခြင်းအရာကိုမြင်သော် ရန်ကိုင်လည်း ထိုသင်္ဘောဆီသို့ တန်းပျံသန်းသွားလေ၏။
ခဏအကြာတွင် ရန်ကိုင် သင်္ဘောကုန်းပတ်ပေါ်သို့ ရောက်လာခဲ့သည်။ သင်္ဘောပေါ်တွင် စုစုပေါင်း လူလေးဦးရှိနေပေသည်။ အစောပိုင်းက သင်္ဘောဆိပ်တွင် သူတွေ့ခဲ့သည့် အမျိုးသမီးသည်လည်း သင်္ဘောပေါ်တွင် ရှိနေခဲ့သည်။ လက်ရှိတွင် ထိုအမျိုးသမီးသည် ပြုံးပြုံးလေးဖြင့် ရန်ကိုင်အား ခေါင်းအစခြေအဆုံး စစ်ဆေးကြည့်နေခဲ့သည်။
ကျန်နှစ်ယောက်ကိုတော့ ရန်ကိုင် မသိချေ။ တစ်ယောက်သည် ခန္ဓာကိုယ် တုတ်ခိုင်ထွားကြိုင်းသည့်လူဖြစ်ပြီး ရန်ကိုင်ထက် ခေါင်းတစ်လုံးစာခန့် ပိုမြင့်သည်။
အခြားတစ်ယောက်မှတော့ ဘာမှထူးခြားခြင်းမရှိဘဲ သာမန်လူတစ်ဦးကဲ့သို့သော ဖြစ်သည်။ ထိုလူသာ လူအုပ်ကြီးထဲ ရောဝင်သွားလိုက်ပါက သူ့အား သာမန် လူတစ်ဦးနှင့် ခွဲ၍ ရလိမ့်မည် မဟုတ်ချေ။ သို့သော်ငြား ထိုလူဆီမှ အေးစက်စက် အငွေ့အသက်ကို ခံစားနေခဲ့ရသည်။ ထိုအချက်နှင့်ပင် ထိုလူသည် အလွန်ကိုမှ မာနကြီးမောက်မာသည့်လူမှန်း ရန်ကိုင် သိလိုက်လေသည်။
ရန်ကိုင် သင်္ဘောပေါ် ရောက်လာသည့်အခါ ထိုလူသည် ရန်ကိုင်အား တစ်ချက်သာ ကြည့်လိုက်ပြီး အကြည့် ပြန်လွှဲသွားလေသည်။
လေးယောက်မြောက်လူကတော့ ဆန်းတဲ့သာ ဖြစ်လေသည်။
လက်ရှိတွင် ဆန်းတဲ့သည် မှော်ရတနာတစ်ခုခုကို သုံး၍ သူ့ရုပ်ရည်နှင့် အရှိန်အဝါကို ပြောင်းလဲထား၏။ ဆန်းတဲ့ပုံစံသည် သက်လတ်ပိုင်းလူကြီးတစ်ဦးပုံစံ ဖြစ်နေပေသည်။
ဆန်းတဲ့ ကောင်းကင်မြို့ထဲမှ မည်သူမှ သတိမထားမိအောင် ထွက်လာနိုင်သည်မှာ အထူးအဆန်း မဟုတ်တော့ချေ။ ဤကဲ့သို့ ရုပ်ကော အရှိန်အဝါကိုပါ ပြောင်းထားရာ မည်သူကများ သူ့ကို မှတ်မိပါမည်နည်း။
“လူစုံပြီဆိုတော့ သွားကြတာပေါ့” သက်လတ်ပိုင်းလူကြီးအသွင် ပြောင်းထားသော ဆန်းတဲ့က ထိုကဲ့သို့ ပြောလိုက်ပြီး သင်္ဘောကို စတင် မောင်းနှင်တော့လေသည်။
“လူစုံပြီဆိုပေမယ့် ပန်းပဲပညာရှင် ကျွန်မတို့ကို မိတ်ဆက်ပေးသင့်တယ်လို့ မထင်ဘူးလား။ အကုန်လုံးက အတူပူးပေါင်းရမှာဆိုတော့ အချင်းချင်း သိထားရင် ပိုအဆင်ပြေလိမ့်မယ်ထင်တယ်” အမျိုးသမီးက တခစ်ခစ် ရယ်မောရင်းမှ ရုတ်တရက် ပြောလိုက်လေသည်။ သူမ၏ အသံသည် ဆည်းလည်းသံလေးကဲ့သို့ ချိုသာရုံမက ထိုအသံထဲ စွဲမက်နှစ်လိုဖွယ်ကောင်းသည့် အငွေ့အသက်တို့လည်း ပါဝင်နေခဲ့၏။
အမျိုးသမီးသည် စကားပြောနေရင်း ညို့ဓါတ်ပညာရပ်တစ်ခုကို ထုတ်သုံးလိုက်လေသည်။ မှိန်ဖျော့ဖျော့ သင်းရနံ့တစ်ခုသည် သင်္ဘောကုန်းပတ်အနှံ့ ပျံ့သွားခဲ့လေသည်။ ထိုအနံ့ကို ရှူမိလိုက်သည့်လူတိုင်း၏ ခန္ဓာကိုယ်မှာ စတင်၍ ပူလောင်လာခဲံလေ၏။
“ရှဲ့လန်၊ နင်သေချင်နေတာလား” ပိန်ပိန်နှင့်လူက အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လျက် အမျိုးသမီးကို စိုက်ကြည့်ရင်း အော်ပြောလိုက်လေသည် “နင့်ညို့ဓါတ်ပညာရပ်ကို ပြန်မရုတ်သိမ်းရင် ငါနင့်ကို ပင်လယ်ထဲ လွှင့်ပစ်မှာနော်”
ရှဲ့လန်ဟူသော အမျိုးသမီးမှာတော့ ကြောက်ရွံ့သွားခြင်းမရှိဘဲ ပြုံး၍ပင် ပြန်ပြောလိုက်သေး၏ “အို၊ ကြောက်လိုက်တာရှင်... ဒီလောက်လေးစတာကို ဘာတွေ ဒီလောက်တောင် ဒေါသထွက်နေရတာလဲ”
သူမပြောနေစဉ် သင်္ဘောဆီမှ အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
ရန်ကိုင် ငုံ့ကြည့်လိုက်ရာ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ဦးရေပြားတစ်ခုလုံး ထုံထိုင်းသွားခဲ့လေသည်။ ဘယ်အချိန်ကတည်းကမှန်းမသိ သင်္ဘောပေါ်သို့ အရွယ်အစား မျိုးစုံရှိသော ထူးဆန်းသည့်မြွေများ ရောက်နေကြလေသည်။ ထို့အပြင် ထိုမြွေများသည် လူငယ်လေး၏ ခန္ဓာကိုယ်ကို ရစ်ပတ်ထားပြီး တရှူးရှူး တရှဲရှဲဖြင့် နှာမှုတ်နေကြလေ၏။
“အပေါစားလှည့်ကွက်” လူငယ်လေးမှာတော့ ထိုမြွေများကို ဂရုမစိုက်သည့်အလား တစ်ချက်ကလေးပင် မျက်နှာပျက်သွားခြင်းမရှိ။ ရှဲ့လန်ကိုသာ စူးရဲစွာ စိုက်ကြည့်နေ၏။
သူတို့နှစ်ယောက်ကြောင့် လှေပေါ်ရှိ အခြေအနေမှာ စတင် တင်းမာလာခဲ့လေသည်။
“ပြဿနာရှာမယ်ဆိုရင် ငါ့သင်္ဘောပေါ်ကနေ ထွက်သွားလိုက်တော့” ဆန်းတဲ့သည် လူငယ်လေးနှင့် ရှဲ့လန်ကိုကြည့်ရင်း အော်ပြောလိုက်လေသည်။
ဆန်းတဲ့ကိုယ်တိုင်က ပန်းပဲပညာရှင်တစ်ဦး ဖြစ်ရုံသာဆိုလျှင် ဟင်းလင်းပြင်ကမ္ဘာထဲ ယခုကဲ့သို့ ဟိတ်ဟန်တကြီဂဖြင့် နေနိုင်မည်မဟုတ်၊ အဓိကအချက်မှာ ဆန်းတဲ့သည် ပန်းပဲပညာရှင် ပညာရှင်တစ်ဦးဖြစ်သလို အတော်လေးကိုမှ အားကောင်းသည့် သိုင်းပညာရှင် တစ်ဦးလည်း ဖြစ်နေသည့် အတွက်ကြောင့်ပင် ဖြစ်သည်။
“နင့်အကောင်တွေကို ပြန်ခေါ်ထားလိုက်စမ်း။ ဒီလူအိုကြီး မြင်ရတာ ရှုပ်တယ်” ဆန်းတဲ့က ရှဲ့လန်ကိုကြည့်ရင်း ပြောလိုက်လေသည်။
ရှဲ့လန်က ပြုံးလျက် ချိုသာစွာ ပြန်ပြောလိုက်လေသည် “ပန်းပဲပညာရှင်က ပြောမှတော့ ပြန်သိမ်းပေးရမှာပေါ့”
ထို့နောက်တွင် ရှဲ့လန်သည် သူမလက်ကို နှုတ်ခမ်းနားတွင်တေ့၍ လေချွန်လိုက်လေသည်။ ချက်ချင်းဆိုသလို သင်္ဘော ကုန်းပတ်ပေါ်တွင် ရှိနေသော မြွေအားလုံး ပြန်ထွက်သွားကုန်ကြလေ၏။ သူတို့ မည်သည့်နေရာတွင် သွားပုန်းနေကြသလဲ ဆိုသည်ကိုတော့ မည်သူမှ မသိကြချေ။
ဆန်းတဲ့က ဆက်ပြောလိုက်လေသည် “မင်းတို့ တစ်ယောက်အကြောင်းတစ်ယောက် ကြားဖူးမယ်လို့ ငါထင်တယ်။ မတွေ့ဖူးရုံသာရှိမှာ။ ဒီတော့ ငါမိတ်ဆက်မပေးတော့ဘူး။ ကိုယ့်နာမည်သာ ပြောလိုက်”
ရှဲ့လန်က ခေါင်းညိတ်လိုက်လေ၏ “ဒါပေါ့။ ရောင်းရင်းတို့သုံးယောက် မင်္ဂလာပါနော်။ ခရီးမှာလည်း ကျွန်မကို ဂရုစိုက်ပေးဖို့ မျှော်လင့်ပါတယ်"
လူငယ်လေးက အေးစက်စက် လေသံဖြင့် ပြောလိုက်၏ “ချန်ဖေး”
ထိုသို့ ပြောပြီးနောက် မည်သည့် စကားတစ်ခွန်းမှ ထပ်မပြောတော့ချေ။
လူထွားကြီးကမူ အဓိပ္ပါယ်ပါပါပြုံးရင်း ခေါင်းကိုကုတ်လျက် ပြောလိုက်၏ “ငါနာမည်က မန်ခွိုက်ပဲ”
လူထွားကြီးကို ကြည့်ရသည်မှာ လူရိုးသားတစ်ယောက်နှင့် ဆင်တူပေသည်။ သို့သော်ငြား သူ့ပုံစံကို သွားယုံမိလျှင် အမှားကြီးမှားသွားလိမ့်မည်ဟု အကုန် သိနေကြသည်။ ကောင်းကင်ကျွန်းတွင် နာမည်ကျော်ကြသည့် လူတိုင်းသည် ရိုးသားသည့်လူများ မဟုတ်ကြ။ ရိုးသားသည့်လူအားလုံးမှာ သေကုန်ကြလြေီ။
“ဒီတော့ အစ်ကိုမန်ပေါ့” ရှဲ့လန်၏ မျက်လုံးများ တောက်ပသွားခဲ့သည်။ သူမ ကြည့်ရသည်မှာ မန်ခွိုက်နာမည်ကို ကြားဖူးနေသည့်ပုံပင်။ ထိုသို့ ပြောနေရင်းမှ ရှဲ့လျန်သည် မန်ခွိုက်နားသို့ တိုးကပ်သွားပြီး ချစ်စဖွယ်ကောင်းသည့် ပုံစံဖြင့် ပြောလိုက်လေ၏ “ညီမလေး အစ်ကိုမန်ကို လေးစားနေခဲ့တာကြာပြီ။ အခုမှပဲ တွေ့ခွင့်ရတော့တယ်။ ကြည့်ရတာ သူများပြောနေကြတာ တကယ် မှန်နေတယ်နဲ့တူတယ်”
ရှဲ့လန်သည် သူမ၏ လက်ချောင်းလေးများဖြင့် မန်ခွိုက်၏ ကြွက်သားများတစ်လျှောက် ပွတ်သပ်ရင်းမှ ပြောလိုက်သည်။ ထိုသို့ လုပ်နေရင်း သူမ၏ အသက်ရှူနှုန်း တဖြည်းဖြည်း မြန်ဆန်လာပြီး သူမ၏ မျက်လုံးများမှာလည်း တောက်ပလာခဲ့လေသည်။
မန်ခွိုက်သည် သူ့ကြွက်သားများကို ကျုံ့လိုက်ဆန့်လိုက် လုပ်ပြရင်း အဓိပ္ပါယ်ပါပါ ပြုံးလျက် “ညီမလေး ကြိုက်တယ်ဆိုရင် ကြိုက်သလောက် ခံစားလို့ရတယ်နော်။ ဒါက ဒီမွန်ခွိုက်မှာရှိတဲ့ တစ်ခုတည်းသော ဝတ်ရုံရှည်ပဲ”
ရှဲ့လန်က နှုတ်ခမ်းကိုလျှာဖြင့်သပ်လျက် "မဟုတ်သေးပါဘူး။ အစ်ကိုမန်မှာ အခြား ဝတ်ရုံရှည်လေးတွေ မရှိတော့တာလား”
မန်ခွိုက်က ပြုံးဖြီးလျက် “ရှိတာပေါ့”
“ဘယ်လောက်ရှည်လဲ”
“ညီမလေးက တစ်ကိုယ်လုံးကို နှံ့စပ်သွားအောင် စူးစမ်းနိုင်တဲ့အထိကို ရှည်တယ်”
“အဲ့ဒါဆို ကျွန်မတို့ အချင်းချင်း သိထားဖို့ လိုလာပြီ”
ထိုနှစ်ယောက် တစ်ဦးနှင့်တစ်ဦး ပွတ်သပ်ကျီစယ်နေကြသည်ကိုကြည့်ရင်း ရန်ကိုင်နှင့် အခြားသူများအားလုံး မျက်နှာကြီး မှုန်ကုတ်လာခဲ့ကြလေသည်။
“ရောင်းရင်းနာမည် ဘယ်လိုခေါ်လဲ။ ရောင်းရင်းကို တစ်ခါမှ မမြင်ဖူးပါလား” ထိုနှစ်ယောက်ကို ဆက်မကြည့်နိုင်တော့သည့်အဆုံး ချန်ဖေးသည် ရန်ကိုင်ဘက်သို့ လှည့်မေးလာခဲ့လေသည်။
ထိုလူ ပြောလိုက်သည်နှင့် တစ်ပြိုင်နက် မန်ခွိုက်နှင့် ရှဲ့လန်တို့သည်လည်း ရန်ကိုင်ဘက်သို့ လှည့်ကြည့်လိုက်ကြလေသည်။
ရန်ကိုင်က ပြုံးလျက် လက်သီးဆုပ်ကာ ပြန်ပြောလိုက်၏ “ရန်ကိုင်”
“ရန်ကိုင်” ချန်ဖေး မျက်မှောင်ကြုတ်သွားခဲ့သည်။ သူနှင့် မန်ခွိုက်တို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ နှစ်ယောက်စလုံး၏ မျက်လုံးထဲ ဇဝေဇဝါ ဖြစ်နေသည့် အရိပ်အယောင်တို့ကို တွေ့နေရသည်။ နှစ်ဦးစလုံး ရန်ကိုင်နာမည်ကို တစ်ခါမှ မကြားဖူးကြချေ။
“ဒီတော့ မောင်လေးရန်ပေါ့။ ရိုင်းသွားသလို ဖြစ်သွားခဲ့ရင် တောင်းပန်ပါတယ်နော်” ရှဲ့လန်သည် မန်ခွိုက်ကို ပစ်၍ ရန်ကိုင်နားသို့ လျှောက်လာပြီး ရန်ကိုင်၏ ခန္ဓာကိုယ်ကို သူမခန္ဓာကိုယ်နှင့် ပွတ်သပ်ရင်းမှ ရန်ကိုင်အား စိုက်ကြည့်လျက် ပြောလိုက်လေသည် “မောင်လေးမှာတော့ ဝတ်ရုံရှည်ရှည်လေးရှိလား”
ရန်ကိုင်မျက်နှာ မည်းမှောင်သွားလေ၏ “မရှိဘူး။ ကျုပ်တစ်ကိုယ်လုံး အားနည်းချက်တွေနဲ့ချည်း ပြည့်နေတာ။ ကျုပ်မှာ ဘာဝတ်ရုံရှည်မှ မရှိဘူး”
“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ” ရှဲ့လန်က တခစ်ခစ် ရယ်မောလျက် “ယောကျာ်းတိုင်းမှာ ဝတ်ရုံရှည်တွေ ရှိပြီသား၊ ရှက်နေစရာ မလိုပါဘူး မောင်လေးရယ်”
ရန်ကိုင်မျက်နှာ အေးစက်သွားခဲ့လေသည် “ဒေါ်လေး... ခင်ဗျား အသက်ဘယ်လောက်လဲ။ ဘယ်လိုလုပ်ပြီး ကျုပ်ကို မောင်လေးလို့ လာခေါ်နေရတာလဲ။ နည်းနည်းပါးပါးလောက် ရှက်တတ်စမ်းပါ”
ရှဲ့လန်မျက်နှာထက်ရှိ အပြုံး တစ်မုဟုတ်ချည်း ပျောက်ကွယ်သွားခဲ့ပြီး သူမဆီမှ အေးစက်စက် အငွေ့အသက်တို့ ဖြာထွက်လာခဲ့သည်။ ထို့နောက်တွင် ဆန်းတဲ့ဘက်သို့ လှည့်၍ မေးလိုက်၏ “ပန်းပဲပညာရှင်၊ ရှင်သူ့ကို ဘယ်ကနေ ရှာလာတာလဲ။ ကျွန်မ သူ့ပါးစပ်ကို ဆွဲဖြဲပစ်လို့ရလား”
ဆန်းတဲ့က မှုန်ကုတ်ကုတ် အမူအရာဖြင့် “ကြည့်ရတာ ဒီလူအိုကြီးပြောနေတာကို နင်တို့က နားမထောင်ချင်ဘူးနဲ့တယ်”
ရှန်းလန်က အံကြိတ်၍ ပြန်ပြောလိုက်လေသည် “ပန်းပဲပညာရှင်၊ အစ်ကိုမန်နဲ့ ချန်ဖေးတို့ နှစ်ယောက်စလုံးကို ကျွန်မ ကြားဖူးတယ်။ သူတို့ ဒီကျွန်းပေါ်မှာ တစ်ကိုယ်တည်း လှုပ်ရှားနေကြတာကြာပြီ။ ဒါပေမယ့် ဒီကောင်လေးက ဘယ်သူမို့လို့ ကျွန်မတို့ကို သူနဲ့အတူ ပူးပေါင်းခိုင်းရတာလဲ”