← Chapters

အခန်း (၂၃၈၆-၂၃၉၀)

Vol. 96 Ch. 2386-2390

အခန်း (၂၃၈၆-၂၃၉၀)

Vol. 96 Ch. 2386-2390

အပိုင်း (၂၃၈၆)

ထိုအမျိုးသမီး ပြောသည်ကို ကြားလိုက်သည့်အခါမှသာ ဆန်းတဲ့ ရွေးထားသည့် လူသုံးဦးသည် မည်သည့်နောက်ခံကိုမှ အားကိုးခြင်းမရှိဘဲ တစ်ကိုယ်တော် အားကောင်းနေသည့် ကျင့်ကြံသူများ ဖြစ်ကြောင်း ရန်ကိုင် နားလည်သွားတော့သည်။ သူ့အနေဖြင့် ယနေ့အတွက် ပြင်ဆင်ရန် အချိန် ငါးနှစ် ယူလိုက်ရသည်မှာလည်း အထူးအဆန်းတော့ မဟုတ်‌ချေ။ ကောင်းကင်ကျွန်းတွင် ဆန်းတဲ့၏ လိုအပ်ချက်နှင့် ပြည့်မီသည့်သူ များများစားစားမှ မရှိလေပဲ။

“သူ့မှာ အရည်အချင်း ရှိလား မရှိလား ဆိုတာကို ဒီလူအိုကြီး ကိုယ်တိုင် စမ်းသပ်ပြီးသွားပြီ။ မင်းတို့ မကျေနပ်ဘူးဆိုရင် ငါ့သင်္ဘောပေါ်ကနေ ဆင်းသွားလို့ရတယ်…” ဆန်းတဲ့က ပြန်ပြောလိုက်လေသည်။

ဆန်းတဲ့ပြောသည်ကို ကြားပြီးသည့်နောက် ရှဲ့လန်မှာ အံတင်းတင်းကြိတ်လိုက်ရာ တဂျွိဂျွိမြည်သံများပင် ထွက်ပေါ်လာခဲ့လေသည်။ ဆန်းတဲ့နှင့် အချင်းများခဲ့လျှင် ဒုက္ခရောက်မည့်သူမှာ သူမသာဖြစ်လိမ့်မည်မှန်း ရှဲ့လန် သိနေခဲ့လေသည်။ တစ်ချက်မျှ စဉ်းစားပြီးသည့်နောက်တွင် ရုတ်တရက် အေးစက်စက်အမူအယာဖြင့် ပြုံးကာ ပြောလိုက်လေသည်။ “ဒီကိစ္စပြီးသွားရင်ရော…”

ဆန်းတဲ့က ထူးမခြားနားဟန်ဖြင့် ပြန်ပြောလိုက်လေသည်။ “ဒီကိစ္စပြီးသွားရင်တော့ နင်တို့ဘာသာ လုပ်ချင်ရာလုပ် ငါဂရုမစိုက်ဘူး… ဒါပေမဲ့ အဲ့မတိုင်ခင်‌တော့ ကြည့်ကျက်ပြီးနေတာ အကောင်းဆုံးဖြစ်လိမ့်မယ်…”

ရှဲ့လန်က ခေါင်းညိတ်လိုက်လေသည်။ “ကောင်းပြီလေ… အဲ့အချိန်အထိ စောင့်ရတော့မှာပေါ့…”

ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင့်အား စူးရဲစွာ စိုက်ကြည့်လျက် “ကောင်လေး… နင် တောင်းပန်လို့ရတုန်း ငါ့ကို တောင်းပန်လိုက်တာ ကောင်းလိမ့်မယ်နော်… မဟုတ်ရင် ငါ ဘာလုပ်နိုင်လဲဆိုတာကို နင်သိသွားအောင် လုပ်ပြပေးမယ်…”

ရန်ကိုင်ကမူ ရှဲ့လန်အား ကျောပေး၍သာ ရပ်နေခဲ့လေသည်။

ရန်ကိုင့်အပြုအမူကို မြင်ပြီးသည့်နောက် ရှဲ့လန်မှာ အလွန်ကိုမှ ဒေါသူပုန်ထသွားလေ၏။

ဤအမျိုးသမီးသာ နည်းနည်းပါးပါး ထိန်းထိန်းသိမ်းသိမ်း နေခဲ့လျှင် ရန်ကိုင်လည်း ယခုကဲ့သို့ ရိုင်းခဲ့ရလိမ့်မည် မဟုတ်ချေ။ တကယ်တော့ သူတို့သည် အတူတကွ ပူးပေါင်း အလုပ်လုပ်ရတော့မည် မဟုတ်ပေလော။ သို့သော်ငြား ထိုအမျိုးသမီးသည် တစ်ဖက်လူပေါ် အနည်းငယ်လေးပင် လေးစားမှုမရှိ။ ထို့အတွက်ကြောင့် ရန်ကိုင်လည်း ယဉ်ကျေးမနေတော့ချေ။ သူ့ဘက်က ယဉ်ကျေးနေလိုက်လျှင် ထိုအမျိုးသမီးမှာ ပိုပို၍ ရောင့်တက်လာပေလိမ့်မည်။

“ဟမ်… အဲ့သင်္ဘောက ဘာလုပ်နေတာလဲ…” ချန်ဖေးသည် ရုတ်တရက် မျက်မှောင်ကျုံ့၍ ကောင်းကင်မြို့တော်ဘက်သို့ လှမ်းကြည့်လိုက်လေသည်။ ထို့နောက် အလျင်အမြန် ပြောလိုက်လေ၏။ “သူတို့ ငါတို့ဘက်ဆီ လာနေတာတော့ မဟုတ်ပါဘူးနော်…”

“အဲ့တာ မြို့သခင်စံအိမ်က သင်္ဘောပဲ…” သင်္ဘောပေါ်ရှိ အလံကို မြင်လိုက်သည်နှင့် မန်ခွိုက်၏ အမူအယာမှာလည်း လေးနက်တည်ကြည်သွားခဲ့လေသည်။

“သူတို့လာနေတဲ့လမ်းကြောင်းကို ကြည့်ရတာတော့ ငါတို့ဆီလာနေတာ လုံးဝ သေချာတယ်…” ရှဲ့လန်မှာ ရန်ကိုင်နှင့် ဆက်၍ အချင်းများမနေချင်တော့ပေ။ ထို့နောက် လူအုပ်ကြီးဘက်သို့ လှည့်၍ အော်ပြောလိုက်လေသည်။ “ရှင်တို့ထဲမှာ ဒီနေ့ကိစ္စကို အခြားသူတွေဆီ လိုက်ပြောတဲ့လူ ရှိလား…”

ထိုစကားထွက်လာသည်နှင့် ဆန်းတဲ့၏အမူအယာ ပြောင်းလဲသွားခဲ့ပြီး သူ့မျက်လုံးထဲ ဒေါသရိပ်တို့ ထွက်ပေါ်လာခဲ့လေသည်။ ထို့နောက် လူအုပ်ကြီးအား တစ်ယောက်ချင်းစီ ဝေ့ကြည့်လိုက်လေ၏။

“ငါမဟုတ်ဘူး…” ချန်ဖေးက ပထမဆုံး ပြောလိုက်လေသည်။ “ငါ့ဘာသာငါ တစ်ယောက်တည်းနေတာ… သတင်းဖြန့်တတ်တာ ငါ့အကျင့်မဟုတ်ဘူး…”

“ငါလည်း မဟုတ်ဘူး…” မန်ခွိုက်က ပြောလိုက်လေသည်။

ရှဲ့လန်က လှောင်ပြုံးပြုံးလျက် “ရှင်တို့နှစ်ယောက်လည်း မဟုတ်ဘူး.. ကျွန်မလည်း မဟုတ်ဘူး… ပန်းပဲပညာရှင်ဆိုရင် ပိုတောင် မဟုတ်နိုင်သေးဘူး… ဒီတော့ တစ်ယောက်ပဲ ရှိတော့တယ်…”

ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင့်ဘက်သို့ လှမ်းကြည့်လိုက်လေသည်။

ရန်ကိုင်က ပုခုံးတွန့်လျက် “ကျုပ်ပဲ…”

ရန်ကိုင် ဝန်ခံနေသည်ကိုမြင်သော် ရှဲ့လန်နှင့် အခြားသူအားလုံး အံ့အားသင့်သွားခဲ့ကြလေသည်။ ထို့နောက် ချက်ချင်းဆိုသလို အကုန်လုံးသည် ရန်ကိုင့်အား ဝိုင်းလိုက်ကြလေသည်။

ရှဲ့လန်က ပြောလိုက်လေသည်။ “နင် ငါတို့ကို အကြောင်းပြချက် ကောင်းကောင်းတစ်ခု ပေးရင်ပေး မပေးရင် ဒီပင်လယ်က နင့်ရဲ့ သင်္ချိုင်း ဖြစ်သွားပြီသာမှတ်…”

ဆန်းတဲ့သည်လည်း မှုန်ကုပ်ကုပ်အမူအယာဖြင့် ရန်ကိုင့်အား အေးစက်စွာ စိုက်ကြည့်နေခဲ့လေသည်။ သူ ရန်ကိုင့်ဆီမှ အကူအညီတောင်းခဲ့သည်မှာ သုံးရက်သာ ရှိပေသေးသည်။ သို့သော်ငြား ထိုသုံးရက်အတွင်း ရန်ကိုင်သည် ဤအကြောင်းကို သတင်းဖြန့်လိုက်လိမ့်မည်ဟု မထင်ထားခဲ့ချေ။ ထို့အတွက်ကြောင့် ဆန်းတဲ့ဒေါသထွက်နေသည်မှာလည်း အထူးအဆန်းတော့မဟုတ်။

ရန်ကိုင်သည် ဆန်းတဲ့အား စောင်းကြည့်လျက် “အဲ့သင်္ဘောကို ဦးဆောင်လာနေတဲ့လူက ယွီလဲ့ပင်ပဲ… ကျုပ် ဘာမှ ဆက်ပြောစရာ မလိုတော့ဘူးလို့ ထင်တယ်နော် ပန်းပဲပညာရှင်…”

ထိုစကားကိုကြားသည့်အခါ ဆန်းတဲ့၏မျက်နှာ အတော်လေး ပြေလျော့သွားခဲ့ပြီး ပြန်ပြောလိုက်လေ၏။ “ဒီတော့ မင်း ဘာမှ လျှောက်မပြောလိုက်ဘူးပေါ့… သူက လက်စားချေဖို့အတွက် ရောက်လာတာပေါ့…”

ရန်ကိုင်သည် ဆန်းတဲ့၏အိမ်ရှေ့တွင် ယွီလဲ့ပင်နှင့် အချင်းများခဲ့ပေသည်။ ထိုအချက်ကို ဆန်းတဲ့ကိုယ်တိုင်လည်း သိထားသည်။ ယခု မြို့သခင်စံအိမ်၏ သင်္ဘောအား မောင်းလာသည့်လူမှာ ယွီလဲ့ပင်မှန်း သိလိုက်သော် အကြောင်းစုံကို ဆန်းတဲ့ နားလည်သွားခဲ့လေပြီ။ သင်္ဘောပေါ်ရှိ လူများ သတင်းဖြန့်လိုက်ခြင်းမဟုတ်။ ထို့အစား ယွီလဲ့ပင်ကသာ ရန်ကိုင့်အား လက်စားချေရန်အတွက် သူ့နောက်သို့ လိုက်လာခဲ့ခြင်း ဖြစ်သည်။

“မင်းက ယွီလဲ့ပင်နဲ့ ရန်ငြိုးရန်စ ရှိတာလား…” ချန်ဖေးသည်လည်း ရန်ကိုင့်အပေါ် ရန်လိုနေခြင်း မရှိတော့ဘဲ မယုံသင်္ကာဖြင့် မေးလိုက်လေသည်။

ယွီလဲ့ပင်ကို သူလည်း သိပေသည်။ ယွီလဲ့ပင်သည် မြို့သခင်စံအိမ်မှ ပညာရှင်တစ်ဦးဖြစ်ပြီး တာအိုသခင် တတိယအဆင့်သို့ ရောက်ထားသူတစ်ဦး ဖြစ်ပေသည်။

“ဘာမှမဟုတ်ပါဘူး…” ရန်ကိုင်က အဓိပ္ပာယ်ပါပါ ပြုံးလျက် “လွန်ခဲ့တဲ့ရက်ပိုင်းလောက်တုန်းက ပန်းပဲပညာရှင်ရဲ့ အိမ်ရှေ့မှာ သူ့လက်မောင်းကို ချိုးပစ်လိုက်တယ်လေ… သူ ဒီလောက်ထိ အငြိုးကြီးမယ်လို့ မထင်ထားဘူး…”

“သူ့လက်မောင်းကို ချိုးလိုက်တယ်…” ထိုစကားကိုကြားသော် ရှဲ့လန်နှင့် အခြားသူများ၏ အမူအယာ ပြောင်းလဲသွားခဲ့လေသည်။

ယွီလဲ့ပင်သည် တာအိုသခင် တတိယအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သည်။ ကျင့်ကြံခြင်းအရ သူသည် ဤသင်္ဘောပေါ်တွင်ရှိနေသည့် လူအားလုံးနှင့် အတူတူပင် ဖြစ်လေသည်။ သို့သော်ငြား ရန်ကိုင်ကမူ သူ့လက်မောင်းတစ်ဖက်ကို ချိုးပစ်လိုက်နိုင်၏။ ထိုအချက်ကို ကြည့်ရုံဖြင့်ပင်လျှင် ရန်ကိုင်မှာ ယွီလဲ့ပင်ထက် အများကြီး ပိုအားကောင်းကြောင်း မြင်နိုင်ပေသည်။

တစ်နည်းဆိုရသော် သူတို့အနေဖြင့် ဤအမည်မသိ ရန်ကိုင်ဆိုသည့် လူအား အထင်မသေးသင့်တော့ချေ။

ချက်ချင်းဆိုသလို ရှဲ့လန်နှင့် အခြားသူများ ရန်ကိုင့်အပေါ် ကြည့်သည့်ပုံစံမှာ ပြောင်းလဲလာခဲ့လေသည်။ အထူးသဖြင့် ရှဲ့လန်ပင်။ မူလကတော့ ရှဲ့လန်သည် ရန်ကိုင့်အား ပေါ့သေးသေးသာ မှတ်ယူခဲ့လေသည်။ ယခုမူ ရန်ကိုင့်အပေါ် ယခင်ကကဲ့သို့ အထင်မသေးရဲတော့ချေ။

“ပန်းပဲပညာရှင်… ကျုပ်တို့ ဘာလုပ်သင့်လဲ…” မန်ခွိုက်သည် ဆန်းတဲ့အား မျက်မှောင်ကြုတ်ကာ ကြည့်၍ မေးလိုက်လေသည်။ “ရောင်းရင်းရန်ကို ဒီတိုင်းပေးလိုက်လို့တော့ မဖြစ်ဘူးနော် ဟုတ်တယ်မလား…”

ဆန်းတဲ့သည် ခဏမျှ စဉ်းစားနေပြီးသည့်နောက် ဆုံးဖြတ်လိုက်လေ၏။ “သူတို့ကို မမြင်ချင်ယောင်သာ ဆောင်နေလိုက်… ဆက်ပြီးတော့သာသွား…”

ထိုသို့ပြောပြီးသည့်နောက်တွင် လက်ကွက်တစ်ခု ဖန်တီး၍ အရင်းအမြစ်ချီကို လှည့်ပတ်ကာ သင်္ဘောကို အရှိန်တင်လိုက်လေသည်။

ထိုအချင်းအရာကိုမြင်သော် ဆန်းတဲ့ ဘာကြံနေသလဲဆိုသည်ကို အကုန်လုံး သိလိုက်လေသည်။ ဆန်းတဲ့သည် ယွီလဲ့ပင်တို့အဖွဲ့အား ပင်လယ်ထဲသို့ မျှားခေါ်ကာ သတ်ပစ်ရန် ကြံနေခြင်း ဖြစ်လေသည်။

ဤလှေပေါ်တွင် ရှိနေသည့် လူအားလုံးမှာ တာအိုသခင် တတိယအဆင့် ပညာရှင်များ ဖြစ်ကြသည်။ သူတို့အရေအတွက်မှာ နည်းပါးသော်ငြား အကုန်လုံးမှာ တာအိုသခင်အဆင့်တွင် ထိပ်တန်းအဆင့် ပညာရှင်များဖြစ်ကြသည်။ ထို့အတွက်ကြောင့် ယွီလဲ့ပင်သာ သူတို့နောက်သို့ လိုက်လာရဲပါက ကောင်းကင်ကျွန်းသို့ ပြန်နိုင်တော့လိမ့်မည် မဟုတ်ပေ။

ဆန်းတဲ့မှ သင်္ဘောအား အရှိန်တင်လိုက်သည်နှင့် တစ်ပြိုင်နက် ယွီလဲ့ပင်သည်လည်း ထိုအချက်ကို သတိပြုမိသွားသည့်အလား သူ့သင်္ဘောအား စတင် အရှိန်တင်လေသည်။

တစ်ရက်ကြာပြီးသည့်နောက်တွင် သင်္ဘောနှစ်စင်းသည် ကောင်းကင်ကျွန်းမှ မိုင်ပေါင်း သောင်းပေါင်းများစွာ ဝေးကွာသော နေရာဆီသို့ ရောက်လာခဲ့လေသည်။

နေ့ဝက်ခန့်ကတည်းက ယွီလဲ့ပင်သည် အလံတိုင်ကို ဝေ့ယမ်းပြရင်း ဆန်းတဲ့နှင့် အခြားသူများကို ရပ်တန့်ရန် အဆက်မပြတ် အချက်ပြနေခဲ့သည်။ သို့သော်ငြား ဆန်းတဲ့ကမူ အာရုံစိုက်မနေခဲ့ပဲ မမြင်ချင်ယောင်သာဆောင်ကာ အရှိန်ကုန်တင်၍ မောင်းနေခဲ့လေသည်။

ကောင်းကင်ကျွန်းမှ ခပ်လှမ်းလှမ်းသို့ ရောက်လာသည့် အခါမှသာ ဆန်းတဲ့သည် သင်္ဘောအရှိန်ကိုလျှော့ကာ ရပ်လိုက်လေ၏။

တစ်နာရီခန့် ကြာပြီးသည့်နောက်တွင် မြို့သခင်စံအိမ်၏ သင်္ဘောသည် ဆန်းတဲ့တို့အား လိုက်မီသွားခဲ့လေသည်။ ယွီလဲ့ပင်သည် သင်္ဘောကုန်းပတ်ပေါ်တွင် မှုန်ကုပ်ကုပ်အမူအယာကြီးဖြင့် ရပ်နေခဲ့လေ၏။

သင်္ဘောနှစ်ခု ကပ်သွားသည်နှင့် တစ်ပြိုင်နက် ယွီလဲ့ပင်သည် မြို့သခင်စံအိမ်မှ ကျင့်ကြံသူများနှင့်အတူ ဆန်းတဲ့၏သင်္ဘောပေါ်သို့ ပျံသန်းသွားလေသည်။ ယွီလဲ့ပင်၏အဖွဲ့တွင် စုစုပေါင်း ဆယ့်ငါးယောက်ခန့် ရှိပေ၏။ လူအချို့မှာတော့ သင်္ဘောကုန်းပတ်ပေါ်တွင်သာ ကျန်ရစ်ခဲ့ပေသည်။

“မင်းတို့ ကန်းနေကြတာလား… ငါမင်းတို့ကို ရပ်ဖို့ အမိန့်ပေးနေတာကို မမြင်ဘူးလား…” ယွီလဲ့ပင်သည် သင်္ဘောပေါ်သို့ ရောက်ရောက်ချင်း ဒေါသတကြီး ထအော်လေသည်။

“အိုး… လူကြီးမင်းယွီပါလား…” ရှဲ့လန်သည် သူမ၏ခါးလေးကို ဘယ်ညာယမ်းရင်း ယွီလဲ့ပင်ဆီသို့ လျှောက်သွားလေ၏။ ထို့နောက် ချိုသာစွာ ပြုံးလျက် ပြောလိုက်လေသည်။ “လူကြီးမင်းယွီ ပင်လယ်ထဲကို ဘာလာလုပ်တာလဲမသိဘူး… လူကြီးမင်းယွီ ကျွန်မတို့နောက် လိုက်နေမှန်းသာ သိခဲ့မယ်ဆိုရင် ကျွန်မ ဘယ်ဆက်သွားပါ့မလဲ၊ အစောကြီးကတည်းက ရပ်လိုက်တာပေါ့”

“ရှဲ့လန်လား…” ယွီလဲ့ပင်သည်လည်း ရှဲ့လန်အကြောင်း သိထားသည့် ပုံပင်။ သူမအား မြင်လိုက်သည်နှင့်တစ်ပြိုင်နက် မျက်မှောင်ကြုတ်ကာ သူမဆီမှ ခပ်လှမ်းလှမ်းသို့ ခွာသွားလေ၏။ ရှဲ့လန်သည် သွားရှုပ်လို့ကောင်းသည့် အမျိုးသမီးတစ်ဦးမဟုတ်မှန်း သိထားသည့်ပုံပင်။ ရှဲ့လန်မှာ အဆိပ်ပြင်းသည့် မြွေဟောက်တစ်ကောင် ဖြစ်ပေသည်။ သူမနှင့် ပတ်သက်မိသူတိုင်း အဆုံးသတ်ကောင်းလေ့မရှိချေ။

“လူကြီးမင်းက ကျွန်မအတွက် ရောက်လာတာလား…” ရှဲ့လန်သည် ကလူတူတူ ငြူတူတူ ပြုံးရင်းမှ တခစ်ခစ်ရယ်သွမ်းသွေးလျက် “လူကြီးမင်းကလည်း ကျွန်မကိုလိုချင်တယ်ဆိုရင် ပြောလိုက်ရုံပေါ့… ဘာဖြစ်လို့ ဒီလောက်တောင် ကြိုးစားရတာလဲ…”

ယွီလဲ့ပင်က သုန်သုန်မှုန်မှုန်ဖြင့် ပြန်ပြောလိုက်လေသည်။ “နင်နဲ့ ဘာမှမဆိုင်ဘူး…”

ထိုသို့ပြောပြီးသည့်နောက် ရန်ကိုင့်ဆီသို့ လှမ်းကြည့်လျက် ကြမ်းကြုတ်စွာ ပြုံးလိုက်လေသည်။ သို့သော်ငြား ရန်ကိုင့်ဘေးတွင် ရပ်နေသော လူနှစ်ဦးကို မြင်ပြီးသည့်နောက် သူ့မျက်နှာထက်ရှိအပြုံး ပျောက်ကွယ်သွားခဲ့လေ၏။ ထို့နောက်တွင် မယုံသင်္ကာလေသံဖြင့် မေးလိုက်လေသည်။ “ချန်ဖေးနဲ့ မန်ခွိုက်လား…”

ဆန်းတဲ့မှာ မှော်ရတနာကိုသုံး၍ သူ့ရုပ်ရည်ကို ပြောင်းလဲထားသည့် အတွက်ကြောင့် ယွီလဲ့သည်ပင် ဆန်းတဲ့အား မမှတ်မိချေ။

“မင်းတို့တွေ ဘယ်လိုလုပ်ပြီး အတူတူရှိနေကြတာလဲ…” ယွီလဲ့ပင် နားမလည်နိုင် ဖြစ်သွားခဲ့လေသည်။

ရှဲ့လန်ဖြစ်စေ ချန်ဖေးဖြစ်စေ မန်ခွိုက်ဖြစ်စေ အကုန်လုံးမှာ ကောင်းကင်ကျွန်းတွင် သူတို့၏ခွန်အားကြောင့် နာမည်ကျော်ကြားကြသည့် ပညာရှင်များ ဖြစ်ကြပေသည်။ ထို့အပြင် သူတို့သုံးဦးစလုံးသည် တစ်ကိုယ်တည်းသာ လှုပ်ရှားတတ်ကြသည့် ပညာရှင်များ ဖြစ်ကြသည်။ မည်သည့်အင်အားစုနှင့်မှ အတူပူးပေါင်းခြင်းမရှိချေ။ သူတို့ဘာသာလည်း ပူးပေါင်းခြင်းမရှိ။

သို့ရာတွင် ယနေ့၌ ထိုတစ်ကိုယ်တော် လေလွင့်ကျင့်ကြံသူများသည် ဤသင်္ဘောပေါ်တွင် အတူတူ ရှိနေခဲ့ကြလေသည်။ သူတို့ တစ်ခုခု ကြံနေသည်မှာ လုံးဝကို သေချာ၏။

မကြာခင်တွင် ယွီလဲ့ပင်သည် တစ်ခုခုအား နားလည်သွားသည့်အလား တောက်ပနေသည့် အမူအယာဖြင့် မေးလိုက်လေသည်။ “မင်းတို့ ပင်လယ်ထဲမှာ အတူတူ ဘာလုပ်နေကြတာလဲ…”

ရှဲ့လန်နှင့် ထိုနှစ်ယောက်သည် အကျိုးအမြတ်သာမရလျှင် ဘာဆိုဘာမျှ မလုပ်မည့်လူစားမျိုး ဖြစ်ကြသည်။ သူတို့သည် ယခုကဲ့သို့ အတူတူပူးပေါင်းရခြင်း၏ နောက်ကွယ်တွင် အကြောင်းအရင်းတစ်ခု ကျိန်းသေ ရှိနေရပေလိမ့်မည်။ ဖြစ်နိုင်သည်မှာ ပင်လယ်ထဲတွင် အဖိုးတန်ရတနာ တစ်ခုခုအား ရှာတွေ့လိုက်သည့်အတွက်ကြောင့် အတူတကွ လာယူကြခြင်း ဖြစ်လောက်သည်။

ထိုကဲ့သို့ စဉ်းစားမိလိုက်သော် ယွီလဲ့ပင် ရင်တဒုန်းဒုန်း ခုန်လာခဲ့လေသည်။ ရန်ကိုင့်အား လက်စားချေချင်သည့် အတွက်ကြောင့် သူ့နောက်သို့ လိုက်လာခဲ့ပါသော်ငြား ဤကဲ့သို့သော လျို့ဝှက်အစီအစဉ်တစ်ခုနှင့် လာတိုးလိမ့်မည်ဟု မထင်ထားခဲ့ချေ။ သူကကော ရှဲ့လန်တို့ ယူရန်ကြိုးစားနေသည့် ရတနာကို ရနိုင်မည်လား။ ရှဲ့လန်၊ မန်ခွိုက်၊ ချန်ဖေးတို့ကဲ့သို့သော ပညာရှင်များကိုပင်လျှင် အတူပူးပေါင်းနိုင်အောင် လုပ်နိုင်သည်ကို ကြည့်လျှင် ထိုရတနာသည် သူ့အတွက်လည်း ကျိန်းသေကို အဖိုးတန်ရပေလိမ့်မည်။

“ကျွန်မတို့က ကျွန်းပေါ်မှာ နေရတာကြာတော့ ပင်လယ်ထဲကိုထွက်ပြီး ဒီတိုင်းပဲ အပျင်းလာဖြေကြတာလေ… အဲ့ဒါ ဘာဖြစ်လို့လဲမသိဘူး…” ရှဲ့လန်က ရယ်သွမ်းသွေးလျက် ပြောလိုက်လေသည်။

ယွီလဲ့ပင်က မှုန်ကုပ်ကုပ်အမူအယာဖြင့် “နင် ငါ့ကို အရူးမှတ်နေတာလား…”

မြို့သခင်စံအိမ်မှ ကျင့်ကြံသူများ၏ အမူအယာများမှာလည်း ပြောင်းလဲသွားခဲ့ကြလေသည်။ အကုန်လုံးမှာ ရှဲ့လန်နှင့်အခြားသူများအား ကြမ်းကြုတ်စွာ စိုက်ကြည့်လိုက်ကြလေ၏။ သူတို့သည် မြို့သခင်စံအိမ်၏ လက်အောက်တွင် အထက်စီးမှ နေရပါများလာသည့် အတွက်ကြောင့် အခြားသူများနှင့် ဆက်ဆံရာတွင် အထက်စီးမှ ဆက်ဆံလေ့ ရှိကြပေသည်။ ထို့အတွက်ကြောင့် ရှဲ့လန်တို့အဖွဲ့အား အရမ်းကြီး အရေးမစိုက်ခဲ့ပေ။

“မင်းတို့ အခုလို ပင်လယ်ထဲ အတူတူ ထွက်လာတာ ကောင်းကင်ကျွန်းရဲ့ အရေးကိစ္စတစ်ခုခုနဲ့ ပတ်သက်နေတယ်လို့ ငါသံသယရှိတယ်… မင်းတို့အားလုံး ငါနဲ့အတူ ကောင်းကင်ကျွန်းကို ပြန်လိုက်ခဲ့ပြီး စစ်ဆေးခံရမယ်… မနာခံရင်တော့ အကုန်အသတ်ခံရမယ်သာမှတ်…” ယွီလဲ့ပင်သည် သူ့လက်အား ဝှေ့ယမ်း၍ အမိန့်ပေးလိုက်လေသည်။

“ကြည့်ရတာ ဆရာယွီက ရူးနေတယ်နဲ့ တူတယ်နော်…” ရှဲ့လန်သည် သူမ၏နှုတ်ခမ်းကိုကွေးလျက် တခစ်ခစ် ရယ်မောလိုက်လေသည်။

ယွီလဲ့ပင် မျက်နှာပျက်သွားခဲ့ပြီး ပြန်အော်ပြောလိုက်လေ၏။ “နင် ငါ့ကို လာရန်စနေတာလား…”

ရှဲ့လန်က ပြောလိုက်လေသည်။ “ကျွန်မက အမှန်ကို ပြောနေတာပါ… ဆရာယွီသာ အရူးမဟုတ်လို့ရှိရင် ဘာဖြစ်လို့ သူများ သင်္ဘောပေါ် တက်လာမှာလဲ…”

မန်ခွိုက်ကလည်း အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လျက် ဝင်ပြောလိုက်လေသည်။ “မင်းက ဒါကို ကောင်းကင်ကျွန်းလို့ ထင်နေတာလား…”

ထိုစကားကိုကြားမှသာ သူ့အခြေအနေမကောင်းမှန်း နားလည်သွားခဲ့ပြီး ယွီလဲ့ပင် မျက်နှာပျက်သွားခဲ့လေသည်။ ယွီလဲ့ပင်ကိုယ်တိုင်သည် ကောင်းကင်ကျွန်းတွင် ထိုကဲ့သို့ လုပ်နေကြဖြစ်ပြီး ကောင်းကင်ကျွန်းမှ ကျင့်ကြံသူများမှာလည်း သူ့အား ကြောက်ရွံ့ကြပေသည်။ ထို့အတွက်ကြောင့် ပင်လယ်ထဲသို့ ရောက်လာသည့်အခါတွင်လည်း ထိုကဲ့သို့သာ ထပ်လုပ်လေ၏။ သို့သော်ငြား အကုန်လုံး သူ့အား ကလန်ကဆန် လုပ်လာလိမ့်မည်ဟု မထင်ထားခဲ့ချေ။

မြို့သခင်စံအိမ်၏ ကာကွယ်မှုကို မရရှိလိုက်တော့သည့်နောက်တွင် ယွီလဲ့ပင်သည် အခြားသော ကျင့်ကြံသူများကဲ့သို့ သာမန် တာအိုသခင် တတိယအဆင့် ကျင့်ကြံသူတစ်ဦးသာ ဖြစ်သွားတော့လေသည်။

ဤပင်လယ်ပြင်ထဲတွင်သာ တစ်ခုခု ဖြစ်သွားမည်ဆိုပါက မည်သူမျှ သိလိမ့်မည် မဟုတ်ချေ။

မန်ခွိုက်မျက်လုံးထဲရှိ ကြမ်းကြုတ်သည့် အရိပ်အယောင်ကို သတိပြုမိလိုက်သော် ယွီလဲ့ပင် ထိတ်လန့်သွားခဲ့ပြီး အလျင်အမြန် ပြန်ပြောလိုက်လေသည်။ “နေပါဦး… ငါ အဲ့ကောင်လေးအတွက်ပဲ ရောက်လာခဲ့တာ…” ယွီလဲ့ပင်သည် ရန်ကိုင့်ကို လက်ညှိုးထိုးရင်း “ငါ့မှာ သူနဲ့ ရန်ငြိုးရန်စရှိတယ်… မင်းတို့ သူ့ကို ငါ့လက်ထဲ အပ်မယ်ဆိုရင် ငါ ကောင်းကင်ကျွန်းဆီ ချက်ချင်းပြန်သွားမယ်…”

ရှဲ့လန်က သက်ပြင်းချလျက် ခေါင်းခါရင်း “ဆရာယွီ… ရှင်က အရမ်းကို တုံးတာပဲနော်… ရှင့်ကို ကျွန်မ ထိခိုက်အောင်တောင် မလုပ်ရက်တော့ဘူး”

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၃၈၇)

သူမစကား ဆုံးသွားသည်နှင့် အော်ဟစ်သံပေါင်းများစွာ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ယွီလဲ့ပင်နှင့် အခြားသူများ၏ အမူအယာ ပြောင်းလဲသွားခဲ့ပြီး လှည့်ကြည့်လိုက်ရာ ကျင့်ကြံသူအချို့၏ မျက်နှာများ ပြာနှမ်းတက်လာပြီး ပါးစပ်ထဲမှ အမြှုပ်တလူလူထွက်ကာ ကြမ်းပြင်ပေါ်သို့ လဲကျသွားကြောင်း တွေ့လိုက်ရလေသည်။ တစ်ခဏအကြာတွင် ထိုလူအားလုံး အသက်ရှူ ရပ်သွားကြလေသည်။

“မြွေတွေ… မြွေတွေ…” တစ်ယောက်ယောက်က ကြောက်လန့်တကြား ထအော်လေသည်။

သင်္ဘောကုန်းပတ်ပေါ်သို့ အရွယ်အစား ပုံစံအမျိုးမျိုးရှိသော မြွေပေါင်းများစွာ တက်လာခဲ့ကြလေ၏။ ထိုမြွေများဆီမှ ထွက်လာသည့် အဆိပ်များကြောင့် သင်္ဘောတစ်ခုလုံးလည်း စူးရှရှအနံ့အသက်များဖြင့် ပြည့်နှက်သွားတော့လေသည်။ ထိုအနံ့များကို ရှူလိုက်မိသူတိုင်း ခေါင်းများ မူးဝေလာကုန်ကြလေ၏။

ထို့နောက်တွင် ရှဲ့လန်သည် သူမလက်ကို နှုတ်ခမ်းပေါ်တင်လျက် လေချွန်လိုက်လေသည်။ အမိန့်ရလိုက်သည့်အလား သင်္ဘောပေါ်တွင် ရှိနေသော မြွေအားလုံးသည် အနားတွင်ရှိနေသော ယွီလဲ့ပင်နှင့် အခြားသူများအား ခုန်ပေါက်ကြကုန်လေ၏။

အားနည်းသည့် ကျင့်ကြံသူများမှာ မြွေဆိပ်ကြောင့် ခေါင်းမူးနေကြလေရာ မြွေများတိုက်ခိုက်လာသည့်အခါတွင် အချိန်မီ မရှောင်တိမ်းနိုင်ကြတော့ချေ။ မြွေကိုက်ခံလိုက်ရပြီးသည့်နောက် အသက်ဆယ်ရှိုက်စာအတွင်း ထိုလူအားလုံး သေသွားကုန်ကြလေ၏။

ရှဲ့လန်ပင် စတင်လှုပ်ရှားနေသည်ကို မြင်သော် မန်ခွိုက်လည်း ငြိမ်မနေတော့ချေ။ မာန်သွင်းအော်ဟစ်လျက် ဧရာမတူကြီးတစ်ချောင်းကို ထုတ်ယူလိုက်လေ၏။

မြို့သခင်စံအိမ်မှ ကျင့်ကြံသူများမှာတော့ ပျာယာကို ခတ်နေခဲ့ကြလေပြီ။ အကုန်လုံးမှာ မြွေဆိပ်ကို ရှောင်နိုင်ရန်အတွက် ကောင်းကင်ပေါ်သို့ ပျံသန်းရန် ကြိုးစားလိုက်ပါသော်ငြား ထိုအခိုက်အတန့်တွင် မန်ခွိုက်၏တူ သူတို့အပေါ်သို့ ကျဆင်းလာခဲ့လေသည်။ အလွန်ပြင်းထန်သည့် အရှိန်အဝါနှင့်တကွ အားကောင်းလှသည့် ချီစွမ်းအင်တို့လည်း ဖြာထွက်လာခဲ့ကြလေ၏။ မန်ခွိုက်၏တူဆီမှ ဖြာထွက်နေသည့် ဝဲကတော့စွမ်းအားထဲတွင် အကန့်အသတ်မဲ့ စွမ်းအားတို့ ပါဝင်နေသည့်အလား ကျင့်ကြံသူများကို သူ့အနီးသို့ ဆွဲယူနေလေ၏။

“ဘုန်း…”

ပေါက်ကွဲသံကြီးနှင့်အတူ မြို့သခင်စံအိမ်မှ ကျင့်ကြံသူပေါင်းများစွာ အရိုးတခြား အသားတခြား ဖြစ်ကုန်ကြရလေသည်။

ကံကောင်းသွားသည့် လူများမှာတော့ အသက်ရှင်ခဲ့ကြလေ၏။ သို့သော်ငြား ထိုလူများ အသက်ကောင်းကောင်း မရှူရသေးခင်မှာပင် တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သော ဆန်းတဲ့သည် အစီအရင်အလံတိုင်တစ်ခုကို ထုတ်ယူလိုက်လေသည်။ ထို့နောက် အလံတိုင်ကို ကောင်းကင်ပေါ်သို့ ပစ်တင်လိုက်ရာ တလက်လက်တောက်ပနေသည့် အစီအရင်တစ်ခု သင်္ဘောပေါ်တွင် ရုတ်တရက် ထွက်ပေါ်လာခဲ့လေ၏။ ထိုအစီအရင်သည် ပတ်ဝန်းကျင်တစ်ခုလုံးကို ဟာပေါက်မကျန် ပိတ်ဆို့သွားခဲ့လေသည်။

ကောင်းကင်ပေါ်သို့ ပျံတက်ရန် ကြိုးစားနေကြသော ကျင့်ကြံသူများမှာ ကြောက်လန့်တကြား အော်ဟစ်ရင်း သင်္ဘောပေါ်သို့ ပြန်ပြုတ်ကျလာကြလေ၏။

“ရွှစ် ရွှစ် ရွှစ်…”

ချန်ဖေးသည် သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် သူ့လက်ထဲရှိ ဓါးကို ဝှေ့ယမ်းရင်းမှ မြို့သခင်စံအိမ်မှ ကျင့်ကြံသူများ၏ အသက်များကို တစ်သက်ပြီးတစ်သက် ချွေယူပစ်နေတော့၏။

“မင်းတို့တွေ ဘယ်လိုတောင် ငါ့ကို တိုက်ခိုက်ရဲတာလဲ…” ယွီလဲ့ပင်မှာ ယခင်ကကဲ့သို့ ဆက်၍ မတည်ငြိမ်နေတော့ချေ။ ဆံပင်များ ဖရိုဖရဲ ဖြစ်နေပြီး သူ့တစ်ကိုယ်လုံးမှာလည်း သွေးချင်းနီနေလေ၏။ ရှဲ့လန်တို့၏ ချောင်းမြောင်းတိုက်ခိုက်မှုကြောင့် အသက်မသေခဲ့ရသော်ငြား ဒဏ်ရာကတော့ ရသွားခဲ့ပေသည်။

သူခေါ်လာသည့် မြို့သခင်စံအိမ်မှ ကျင့်ကြံသူ ဆယ့်ငါးယောက်အနက်တွင် နှစ်ယောက်သာ ကျန်တော့ပေသည်။ ထိုနှစ်ယောက်စလုံးမှာ တာအိုသခင် တတိယအဆင့် ပညာရှင်များ ဖြစ်ကြပေ၏။ သူတို့သည် ယွီလဲ့ပင်နှင့် ကျင့်ကြံခြင်းအဆင့် အတူတူသာ ဖြစ်ကြသော်ငြား ယွီလဲ့ပင်သည် သူတို့အားလုံးထက် ပိုအားကောင်းပေသည်။

သူတို့သုံးယောက်မှာ ရှဲ့လန်တို့၏ ပူးပေါင်းတိုက်ခိုက်မှုကြောင့် အတော်လေးကို ဒုက္ခရောက်နေသည့်တိုင် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ကျောချင်းကပ် ပူးပေါင်းလျက် တိုးဝင်လာသမျှ တိုက်ခိုက်မှုများကို ပြန်လည် တွန်းလှန်နေနိုင်ခဲ့လေသည်။ ထိုသို့ဆိုလျှင်ပင် သူတို့အခြေအနေမှာ သိပ်မကောင်းတော့ချေ။

တစ်ဖက်လူအား အလျင်စလို ရှင်းမပစ်နိုင်သည်ကိုမြင်သော် ရှဲ့လန်တို့အဖွဲ့သည် သူတို့၏ တိုက်ခိုက်ရေးစွမ်းအားများကို တိုးမြှင့်လိုက်ကြလေသည်။ ထို့အတွက်ကြောင့် ယွီလဲ့ပင်မှာ တဖြည်းဖြည်းနှင့် ချောင်ကပ်သွားရလေတော့၏။

အခြားတစ်ဖက်တွင် မြို့သခင်စံအိမ်သင်္ဘောပေါ်ရှိ ကျင့်ကြံသူများမှာ သူတို့၏အဖွဲ့သားများ ရုတ်တရက် အသတ်ခံလိုက်ရသည်ကိုမြင်သော် အကုန်လုံးမှာ သွေးပျက်လုမတတ် ကြောက်လန့်သွားကာ ထိတ်လန့်တုန်လှုပ်သွားခဲ့ပြီး ထွက်ပင်မပြေးနိုင်တော့အောင် ဖြစ်သွားကြလေသည်။

“ကောင်စုတ်လေး… နင် ဘယ်လိုလုပ်ပြီး ရပ်ကြည့်နေတာလဲ…” ရှဲ့လန်မှာ ရုတ်တရက် ရန်ကိုင့်အား သွေးရူးသွေးတမ်းဖြင့် ထအော်လေသည်။

သင်္ဘောပေါ်ရှိ အကုန်လုံးမှာ တိုက်ခိုက်နေကြသော်ငြား ရန်ကိုင်ကမူ အေးအေးဆေးဆေးသာ ရပ်ကြည့်နေခဲ့လေသည်။

ယနေ့ သူတို့ ပြဿနာတက်ရသည်မှာ ရန်ကိုင့်ကြောင့်သာ ဖြစ်လေသည်။ ရန်ကိုင်နှင့် ယွီလဲ့ပင်ကြားရှိ ရန်ငြိုးရန်စကြောင့်သာ မဟုတ်ပါက သူတို့အနေဖြင့် ယွီလဲ့ပင်တို့နှင့် တိုက်ခိုက်ရလိမ့်မည် မဟုတ်ချေ။

သို့သော်ငြား သင်္ဘောပေါ်ရှိ အကုန်လုံးမှာ တိုက်ခိုက်နေရချိန် တကယ့်လက်သည်တရားခံဖြစ်သော ရန်ကိုင်မှာမူ အေးအေးဆေးဆေးသာ ရပ်ကြည့်နေလေ၏။ ထို့အတွက်ကြောင့် ရှဲ့လန်အနေဖြင့် ဒေါသမထွက်ပဲ ဘယ်နေနိုင်ပါတော့မည်နည်း။

ချန်ဖေးနှင့် မန်ခွိုက်တို့မှာ ဘာမှမပြောသော်ငြား သူတို့နှစ်ဦးစလုံးမှာလည်း မကျေမနပ် ဖြစ်နေကြလေသည်။

“ကျုပ် ဘယ်လိုလုပ် ဘာမှမလုပ်ရမှာလဲ…” ရန်ကိုင်က ပြန်ပြောလိုက်လေသည်။ “ခင်ဗျားတို့ ခွေးမျက်လုံးတွေ ကန်းနေတာလား… သူတို့တွေ ထွက်ပြေးလို့မရအောင် ကျုပ် နောက်ဘက်ကနေ ပိတ်ထားပေးတယ်လေ…”

ရှဲ့လန် ဒေါသူပုန်ထသွားလေ၏။ ရန်ကိုင်ဆိုသည့် ကောင်လေးသည် သင်္ဘောပေါ်သို့ ရောက်သည့်အချိန်မှစ၍ သူမအား အနည်းငယ်မျှပင်လျှင် မျက်နှာသာမပေးခဲ့ကြောင်းကို ရှဲ့လန် ရုတ်တရက် သတိထားမိသွားသည်။ မသိလျှင် ရန်ကိုင်နှင့် သူမကြား ကြီးကြီးမားမား ရန်ငြိုးရန်စများ ရှိနေသည့်အလား။ ယခုဆိုလျှင် အားလုံးရှေ့တည့်တည့်တွင် ဗြောင်လိမ်ရဲနေခဲ့လေပြီ။ ရန်ကိုင်သည် အခြားသူများ ထွက်မပြေးနိုင်အောင် နောက်ဘက်မှ တားထားပေးနေသည်ဟု ပြောသော်ငြား တကယ့်တကယ်တွင် သူသည် ဘာမှမလုပ်ပဲ ရပ်ကြည့်နေခြင်းသာ ဖြစ်ပေသည်။

ရှဲ့လန်မှာ အလွန်ကိုမှ ဒေါသထွက်လွန်းသဖြင့် အံကိုသာ တင်းတင်းကြိတ်နေရလေသည်။ တစ်ချိန်တည်းတွင်လည်း ယနေ့ကိစ္စသာ ပြီးသွားပါက ရန်ကိုင့်အား ကောင်းကောင်း သင်ခန်းစာ ပေးပစ်ရမည်ဟု ကြုံးဝါးလိုက်လေ၏။

“မင်း အဲ့လိုလုပ်နေစရာမလိုဘူး… ငါတို့မင်းကို အခု လိုအပ်နေတယ်… ဒီသုံးယောက်ကို မင်းတာဝန်ယူလိုက်…” ဆန်းတဲ့သည်လည်း ရန်ကိုင့်၏လုပ်ရပ်နှင့် ပတ်သက်၍ မကျေမနပ်ဖြစ်နေသည့်အလား အေးစက်စက်လေသံဖြင့် ပြောလိုက်လေ၏။

“ဟိုကလူတွေရော…” ရန်ကိုင်သည် မြို့သခင်စံအိမ်သင်္ဘောပေါ်ရှိ ကျင့်ကြံသူများကို ညွှန်ပြလိုက်လေ၏။ ကျင့်ကြံသူများမှာ အလွန်ကိုမှ သွေးပျက်ကြောက်ရွံ့သွားသည့် အတွက်ကြောင့်လားမသိ ရန်ကိုင် သူတို့ကို ညွှန်ပြနေချိန်အထိ ထွက်မပြေးကြသေးချေ။ ရန်ကိုင်မှ ညွှန်ပြလာသည့်အခါမှသာ အသိပြန်ဝင်လာကြပြီး ကြောက်ကြောက်လန့်လန့်ဖြင့် ထွက်ပြေးကြလေ၏။

“အဲ့ကောင်တွေကို ငါ့တာဝန်ထားလိုက်… ယွီလဲ့ပင်နှင့် အခြားသူတွေကိုသာ မင်းတာဝန်ယူလိုက်…” ထိုသို့ပြောပြီးသည့်နောက်တွင် ဆန်းတဲ့သည် သင်္ဘောပေါ်မှ ခုန်ထွက်သွားပြီး ထွက်ပြေးသွားသည့် ကျင့်ကြံသူများနောက်သို့ လိုက်သွားလေသည်။

ထွက်ပြေးသွားသည့်လူများမှာ အားကောင်းလှသည့် ကျင့်ကြံသူများမဟုတ်။ ထို့အတွက်‌ကြောင့် သူတို့အား သင်္ဘောစောင့်ရန် ချန်ထားရစ်ခဲ့ခြင်း ဖြစ်လေသည်။ ယခု သူတို့အနေဖြင့် လူခွဲကာ ထွက်ပြေးမည်ဆိုလျှင်ပင် ဆန်းတဲ့လက်မှ မလွတ်မြောက်နိုင်ပေ။ အကုန်လုံးမှာ အနှေးနှင့်အမြန်ဆိုသလို သေကြရပေလိမ့်မည်။

“ကောင်စုတ်လေး… နင် အခုထိ မလှုပ်ရှားသေးဘူးလား…” ရန်ကိုင်လှုပ်ရှားမည့် အရိပ်အယောင်မပြဘဲ ရပ်ကြည့်နေသေးသည်ကို မြင်သော် ရှဲ့လန်မှာ သည်းမခံနိုင်တော့ဘဲ ထအော်လေသည်။ သူမသည် ချန်ဖေးနှင့် မန်ခွိုက်တို့နှင့်အတူ ပူးပေါင်းလျက် ယွီလဲ့ပင်တို့အား ချောင်ပိတ်ထားနိုင်သော်ငြား ယွီလဲ့ပင်တို့အဖွဲ့မှာလည်း အားနည်းခြင်းမရှိကြချေ။

“ရောင်းရင်းရန်… မြန်မြန်လာတော့…” ချန်ဖေးကလည်း စိတ်မရှည်ဟန်ဖြင့် လှမ်းအော်တော့လေသည်။

“ရောင်းရင်းရန်လား… လွန်ခဲ့တဲ့ရက်ပိုင်းလောက်တုန်းက ဒီယွီ မမြင်တတ်လို့ ရောင်းရင်းရန်ကို ရန်စမိလိုက်သလို ဖြစ်သွားတာပါ… ရောင်းရင်းရန် ကျုပ်ကို ဒီတစ်ကြိမ်လောက်တော့ ချမ်းသာပေးဖို့ မျှော်လင့်ပါတယ်… ရောင်းရင်းရန်သာ ကျုပ်ကို ချမ်းသာပေးမယ်ဆိုရင် ကျုပ် ယွီလဲ့ပင် ရောင်းရင်းရန်ကို ကောင်းကောင်း အလျော ပြန်ပေးမှာပါ…” ရန်ကိုင် သူ့ဘက်သို့ လှည့်ကြည့်လာသည်ကိုမြင်သော် ယွီလဲ့ပင်၏မျက်နှာ ဖြူလျော်သွားပြီး အလျင်စလို တောင်းပန်လိုက်လေသည်။

ယခုကဲ့သို့ ဖြစ်မည်မှန်းသာ သိခဲ့လျှင် သူ့အနေဖြင့် ရန်ကိုင့်နောက်သို့လိုက်၍ လက်စားမချေခဲ့ချေ။ သူ့ဘာသာ ကောင်းကင်ကျွန်းတွင်သာ နေခဲ့ပေလိမ့်မည်။ ထိုသို့ဆိုလျှင် လက်စားမချေရသည့်တိုင် သူ့ဘဝကြီးကို ကောင်းကောင်းကြီး ဖြတ်သန်းနိုင်ပေသေး၏။

သို့သော်ငြား ကောင်းကင်ကျွန်းတွင် အလွန်ကိုမှ ဩဇာအာဏာကြီးသော ယွီလဲ့ပင်၏စကားလုံးများမှာ ပင်လယ်ထဲတွင် ဘာဆိုဘာမှ အရာမရောက်တော့ချေ။ ရှဲ့လန်နှင့် အခြားသူနှစ်ဦးမှာ ပြောရဆိုရ လွယ်ကူသည့် လူများ မဟုတ်ကြ။ ထို့အတွက်ကြောင့် သူတို့အား သွားတောင်းပန်နေ၍လည်း ရလိမ့်မည်မဟုတ်မှန်း ယွီလဲ့ပင်သိနေခဲ့လေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် ရန်ကိုင့်အား လှမ်းအကူအညီတောင်းလိုက်ခြင်း ဖြစ်ပေသည်။

“ငါ့မှာ အရင်းအမြစ်ကျောက်တစ်သန်းရှိတယ်ကွာ… မင်းလိုချင်ရင် ငါမင်းကို အကုန်ပေးလို့ရတယ်… ကျေးဇူးပြုပြီး ငါ့ကိုတော့ ချမ်းသာပေးပါနော် ရောင်းရင်းရန်…” ယွီလဲ့ပင်မှာ ထပ်မံ၍ တောင်းပန်လိုက်လေသည်။

“အရင်းအမြစ်ကျောက်တစ်သန်း…” ထိုစကားကို ကြားသည့်အခါ ရှဲ့လန်နှင့် အခြားသူများ၏ မျက်လုံးများ နီရဲသွားကုန်ကြလေသည်။

သူတို့သည် ကောင်းကင်ကျွန်းတွင် နာမည်ကျော်ကြားကြသည့် ပုဂ္ဂိုလ်များဖြစ်ကြသော်ငြား သူတို့ရှာရသည့် အရင်းအမြစ်ကျောက်များသည် သူတို့အတွက် သုံးရုံလောက်သာ လောက်ပေသည်။ သူတို့တွင် မည်သည့် အပိုအရင်းအမြစ်ကျောက်မှ ရှိမနေခဲ့ချေ။ ထို့ကြောင့် ယွီလဲ့ပင်မှ သူ့တွင် အရင်းအမြစ်ကျောက်တစ်သန်း ရှိနေသည်ဆိုသည့် အကြောင်းကို ပြောလာသော် အကုန်လုံးမှာ လတ်လတ်ဆတ်ဆတ်အသားကို မြင်တွေ့လိုက်ရသည့် ဆာလောင်နေသော ဝံပုလွေများနှယ် ဖြစ်ကုန်ကြလေသည်။

သူတို့သာ ထိုအရင်းအမြစ်ကျောက်တစ်သန်းကို ရနိုင်မည်ဆိုပါက သူတို့၏ဘဝကြီးမှာ သာယာသွားပေလိမ့်မည်။

ထိုအချက်ကို သတိထားမိလိုက်သော ရှဲ့လန်သည် ရန်ကိုင့်ဘက်သို့ လှည့်ကြည့်လာခဲ့လေသည်။ ရန်ကိုင့်အား သဘောတူကာ အရင်းအမြစ်ကျောက်တစ်သန်းကို ယူရန် ပြောနေသည့် ပုံပင်။

ရန်ကိုင်ကမူ ရှဲ့လန်၏အကြည့်ကို လျစ်လျူရှုထားလိုက်ပြီး ယွီလဲ့ပင်ကိုသာ အထင်အမြင်တသေးဖြင့် စိုက်ကြည့်လျက် “အရင်းအမြစ်ကျောက်တစ်သန်းလောက်နဲ့ မင်းအသက်ကို ဝယ်လို့ရမယ်လို့ ထင်နေတယ်ပေါ့…”

“တစ်သန်းလောက်နဲ့…” ထိုစကားကိုကြားသည့်အခါ ရှဲ့လန်နှင့် အခြားသူအားလုံး၏မျက်နှာ သုန်မှုန်သွားခဲ့ကြလေသည်။ အရင်းအမြစ်ကျောက်တစ်သန်း မည်မျှအဖိုးတန်သလဲ ဆိုသည်ကို ထိုအကောင် မသိလေသလော။

ယွီလဲ့ပင်က အော်ပြောလိုက်လေ၏။ “ရောင်းရင်းရန်… ငါ့အသက်က ဈေးပေါပါတယ်ကွာ…”

“ငါသိသားပဲ… မင်းက တကယ်ကို ဈေးပေါတဲ့ ခွေးသူတောင်းစားဆိုတာ…” ရန်ကိုင်က ပြန်ပြောလိုက်လေသည်။

ယွီလဲ့ပင်က ပြန်ပြောလေ၏။ “ရောင်းရင်းရန် ကျေးဇူးပြုပြီး ငါ့အသက်ကို ချမ်းသာပေးပါကွာ…”

လူဆိုသည်မှာ အခြေအနေအချိန်အခါကို သိရပေသည်။ သူ့တွင် ရန်ကိုင့်အားသွားတောင်းပန်နေ၍ မျှော်လင့်ချက်ရေးတေးတေးလေးသာ ရှိမှန်း သိထားသော်ငြား ယွီလဲ့ပင်အနေဖြင့် ထိုမျှော်လင့်ချက်ကို လုံးဝ မစွန့်ပစ်နိုင်ပေ။

ရန်ကိုင်သည် အေးစက်စက်အမူအယာဖြင့် ရယ်မောလိုက်ပြီး ယွီလဲ့ပင်အနားတွင် ရှိနေသော ကျင့်ကြံသူနှစ်ဦးကို ကြည့်လျက် “မင်းတို့ အသက်ရှင်ချင်လား သေချင်လား…”

ကျင့်ကြံသူများမှာ မည်သည့်အချိန်တွင် သေရမလဲ ဆိုသည်ကို တွေးရင်း ကြောက်ကြောက်လန့်လန့် ဖြစ်နေခဲ့ကြလေ၏။ ထို့ကြောင့် ရန်ကိုင့်စကားကို ကြားသော် အလျင်အမြန် ခေါင်းညိတ်လိုက်လေသည်။ “အသက်ရှင်ချင်ပါတယ်… ကျုပ်တို့ အသက်ရှင်ချင်ပါတယ်…”

“ခင်ဗျားတို့ အသက်ရှင်ချင်တယ်ဆိုရင် အဲ့ကောင်ကို ကူသတ်ပေး…” ရန်ကိုင်သည် ယွီလဲ့ပင်ကို ညွှန်ပြလျက် “ကျုပ်မှာ ဒီကောင်နဲ့ပဲ ရန်ငြိုးရှိတာ… ခင်ဗျားတို့နဲ့ ရှိတာမဟုတ်ဘူး… ဒီတော့ ခင်ဗျားတို့သာ ကျုပ်ကိုကူပြီး အဲ့ကောင်ကိုသတ်ပေးမယ်ဆိုရင် ကျုပ် ခင်ဗျားတို့ကို မသတ်တော့ဘူး…”

ထိုစကားကိုကြားသော် ယွီလဲ့ပင်၏အမူအယာ ပြောင်းလဲသွားခဲ့လေသည်။ အခြားတစ်ဖက်တွင်မူ မြို့သခင်စံအိမ်မှ ကျင့်ကြံသူနှစ်ဦး၏ အမူအယာမှာတော့ စတင်၍ မရေမရာ ဖြစ်လာတော့သည်။

ယွီလဲ့ပင်ကအော်ပြောလိုက်လေသည်။ “သူပြောတာကို နားထောင်မနေနဲ့… သူငါတို့ကို သွေးခွဲနေတာ… ဒီယွီသေသွားတာနဲ့ သူ မင်းတို့ကို လုံးဝ အလွတ်ပေးမှာမဟုတ်ဘူး…” ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင့်အား စိုက်ကြည့်၍ အော်ပြောလိုက်လေသည်။ “မင်းက တကယ်ကို ကောက်ကျစ်တာပဲ…”

ရန်ကိုင့် သူ့အား အလွတ်ပေးမည်မဟုတ်မှန်း သိလိုက်သော် ယွီလဲ့ပင်သည် ဆက်၍ တောင်းပန်မနေတော့ချေ။

မြို့သခင်စံအိမ်မှ ကျင့်ကြံသူနှစ်ဦးမှာ‌တော့ မျက်မှောင်ကြုတ်နေကြလေသည်။ ရန်ကိုင် သူတို့အား သွေးခွဲနေသည်ကို သိနေသည့်တိုင် သူတို့စိတ်ထဲ လုံးဝ မပြတ်သားနိုင်ခဲ့ပေ။

“မင်းတို့နှစ်ယောက်…” ထိုနှစ်ဦး၏ အမူအယာကိုမြင်သော် ယွီလဲ့ပင်မင်သက်သွားခဲ့လေသည်။ ရန်ကိုင်၏သွေးခွဲစကားသည် ထိုနှစ်ဦးအပေါ် အမှန်တကယ်ကို အလုပ်ဖြစ်နေခဲ့သည်။ သူတို့သာ သူ့အား တကယ်ကြီး တိုက်ခိုက်လာမည်ဆိုပါက ယွီလဲ့ပင်အနေဖြင့် မည်သို့များ အသက်ရှင်နိုင်ပါဦးမည်နည်း။

ထိုကဲ့သို့ စဉ်းစားမိလိုက်သည့်နောက်တွင် ယွီလဲ့ပင်သည် သူ့ကိုယ်ထဲရှိ စွမ်းအားများကို စုဝေးလိုက်လေသည်။ ထို့နောက် မြှားတစ်စင်းနှယ် ကောင်းကင်ပေါ်သို့ ခုန်တက်ကာ ထွက်ပြေးရန် ကြိုးစားတော့လေ၏။

“ယွီလဲ့ပင် မင်း…” ကျန်ရစ်ခဲ့သည့် မြို့သခင်စံအိမ်မှ ကျင့်ကြံသူနှစ်ဦး၏အမူအယာ ပြောင်းလဲသွားခဲ့လေသည်။

သူတို့ ယခုအချိန်အထိ အသက်ရှင်နေနိုင်ခြင်းမှာ သုံးယောက် အတူပူး‌ပေါင်း၍ ခုခံနေသည့် အတွက်ကြောင့်သာ ဖြစ်ပေသည်။ ဒုတိယအချက်မှာ ရှဲ့လန်နှင့် အခြားသူများသည် သူတို့အား အရမ်းတွန်းအားပေး၍ တိုက်ခိုက်မလာသေးသည့် အတွက်ကြောင့်လည်း ဖြစ်၏။

သို့သော်ငြား ယခုမူ ယွီလဲ့ပင်သည် သူတို့အား ထား၍ တစ်ကိုယ်တည်း ထွက်ပြေးသွားလေပြီ။ သူတို့နှစ်ဦးတည်းဖြင့် ထိုလူစုကို မည်ကဲ့သို့များ ဆက်၍ ခုခံရမည်နည်း။

မန်ခွိုက်၏တူနှင့် အဆိပ်ပြင်းသည့်မြွေများသည် ကျန်ရစ်ခဲ့သည့် ကျင့်ကြံသူနှစ်ဦးဆီသို့ စုပြုံတိုးဝင်လာကြလေသည်။

ယွီလဲ့ပင်သည် ငါးမီတာအမြင့်သို့ ရောက်အောင်ပင် မပျံသန်းနိုင်သေးခင်မှာပင် ကောင်းကင်ပေါ်မှ ပြန်ပြုတ်ကျလာလေ၏။ သင်္ဘောတစ်စင်းလုံးကို အလွန်အားကြောင်းသည့် အကာအရံတစ်ခုမှ လွှမ်းခြုံထားခဲ့လေသည်။ ထိုအကာအရံသည် သူချိုးဖြတ်နိုင်သည့် အရာမျိုးမဟုတ်ချေ။

အစောကြီးတည်းက ပြင်ဆင်ထားပြီး ဖြစ်သော ချန်ဖေးသည် သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ကောင်းကင်ပေါ်မှ ပြုတ်ကျလာသည့် ယွီလဲ့ပင်အား ခုတ်ချလိုက်လေ၏။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၃၈၈)

အော်သံနှစ်သံနှင့်အတူ မြို့သခင်စံအိမ်မှ ကျင့်ကြံသူနှစ်ဦး တစ်မုဟုတ်ချည်း အသတ်ခံလိုက်ရသည်။ ယွီလဲ့ပင်မှာလည်း အခြေအနေမဟန်ချေ။ ချန်ဖေး၏ ဓါးချီလှိုင်းများမှ မည်သို့မှ ရုန်းမထွက်နိုင်ဖြစ်ကာ ဒဏ်ရာများ တစ်စပြီးတစ်စ ရလာနေ၏။

ထိုစဉ် ရန်ကိုင်သည် ယွီလဲ့ပင်နောက်တွင် ရုတ်တရက် ပေါ်လာပြီး သူ့လက်သီးဖြင့် ထိုးချလိုက်သည်။

ချန်ဖေး၏ ဓါးချီလှိုင်းများကိုပင် အသည်းအသန် ခုခံနေရသည့် ယွီလဲ့ပင်မှာ ရန်ကိုင်၏ လက်သီးချက်ကို မည်သို့မှ မတားဆီးလိုက်နိုင်ပေ။ လက်သီးချက်ကြောင့် ရှေ့သို့ လန်သွားသည့်အခိုက်တွင် ချန်ဖေးသည် သူ့ဓါးဖြင့် ချိန်ကိုက်သား ပိုင်းချလိုက်၏။ ယွီလဲ့ပင်၏ခေါင်း လေထဲမြောက်တက်သွားပြီး သွေးများ ရေတံခွန်နှယ် ပန်းထွက်လာခဲ့လေသည်။

ထို့နောက်တွင် ချန်ဖေးသည် ယွီလဲ့ပင်၏ သိုလှောင်လက်စွပ်ကို ဆတ်ခနဲ လှမ်းယူလေ၏။

သူ့အသက်ကိုသာ ချမ်းသာပေးပါက ရန်ကိုင်အား အရင်းအမြစ်ကျောက်တစ်းသန်း ပေးမည်ဟု ယွီလဲ့ပင် ပြောခဲ့ပေသည်။ ထို့ကြောင့် သူ့သိုလှောင်လက်စွပ်ထဲတွင် အရင်းအမြစ်ကျောက်တစ်သန်းမက ရှိနေပေလိမ့်မည်။

သို့သော် ချန်ဖေး သိုလှောင်လက်စွပ်အား မယူနိုင်သေးခင်မှာပင် ရန်ကိုင်က ရုတ်တရက် လှမ်းအော်လေသည် “ရောင်းရင်းချန် မင်းဘာလုပ်နေတာလဲ”

ထိုသို့ ပြောရင်း ချန်ဖေးအား သူ့လက်သီးဖြင့် ထိုးချလိုက်လေသည်။ ရန်ကိုင်၏ လက်သီးချက်ကို မြင်ပြီး ချန်ဖေး မျက်နှာတစ်ချက် ပျက်သွားခဲ့သော်ငြား ပြန်တော့ မတိုက်ခဲ့ချေ။ ဘေးသို့ တိမ်းရှောင်၍သာ သိုလှောင်လက်စွပ်ကို လှမ်းယူလေ၏။

ထိုစဉ် အစိမ်းရောင်အရိပ်တစ်ခုသည် တရွှီရွှီမြည်သံပြုလျက် ချန်ဖေး၏ လက်ဆီသို့ ခုန်ဝင်လာခဲ့လေသည်။ ငုံ့ကြည့်လိုက်ရာ ဝါးပုံစံ အစိမ်းရောင်မြွေတစ်ကောင် ဖြစ်နေကြောင်း သိလိုက်ရပြီးနောက် ချန်ဖေးသည် အထိတ်ထိတ်အလန့်လန့်ဖြင့် သူ့လက်ကို အမြန် ပြန်ဆွဲယူလိုက်လေသည်။

ချန်ဖေး သူ့လက်အား ပြန်ရုတ်လိုက်သည်ကို မြင်သော် အစိမ်းရောင်မြွေသည် ချန်ဖေးနောက်သို့ ဆက်မလိုက်ဘဲ ယွီလဲ့ပင်လက်ကောက်ကို ရစ်ပတ်၍ သူ့လက်ထဲရှိ သိုလှောင်လက်စွပ်ကို ချွတ်ယူကာ ရှဲ့လန်ဆီသို့ ခုန်ဝင်သွားလေသည်။

ချန်ဖေးနှင့် ရှဲ့လန်တို့ နှစ်ဦးစလုံး ကြမ်းပြင်ပေါ်သို့ ပြန်ကျလာ၏။ ထို့နောက် ရှဲ့လန်အား စူးရဲစွာ စိုက်ကြည့်လိုက်ကြလေသည်။ မန်ခွိုက်မှာတော့ အနှေးဆုံးပင်။ သူအသိဝင်လာချိန်၌ သိုလှောင်လက်စွပ်မှာ ရှဲ့လန်လက်ထဲသို့ ရောက်နေခဲ့လေပြီ။

“ရောင်းရင်းတို့... ရှင်တို့ဘာလို့ ကျွန်မကို အဲ့လိုမျိုးကြီး ကြည့်နေရတာလဲ။ ရှင်တို့ ပုံစံကြီးတွေက ကျွန်မကို အစိမ်းလိုက်ဝါးတော့မယ့်ပုံပဲ” ပြောနေရင်း ရှဲ့လန်သည် သိုလှောင်လက်စွပ်ကို သူမ ရင်အုပ်နေရာဆီသို့ ပစ်ထည့်လိုက်လေ၏။

ချန်ဖေးသည် ရှဲ့လန်အား ဓါးဖြင့် ချိန်ရွယ်ရင်း ပြန်ပြောလိုက်သည် “မလှိမ့်တပတ် ဆက်လုပ်နေဦးမယ်ဆိုရင် ငါ့ကို ရိုင်းတယ်ဆိုပြီး အပြစ်မတင်နဲ့နော်”

“ရှင်ဘာပြောချင်နေတာလဲ” ရှဲ့လန်သည် သိုလှောင်လက်စွပ်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ရင်း ပြန်ပြောလိုက်သည်။

“ငါဘာပြောချင်လဲ နင်သိပါတယ်” ထို့နောက်တွင် ချန်ဖေးသည် မန်ခွိုက်ဘက်သို့လှည့်၍ “ရောင်းရင်းမန် အဲ့သိုလှောင်လက်စွပ်ထဲမှာ အရင်းအမြစ်ကျောက် တစ်သန်းလောက် ပါလောက်တယ်။ မင်းကော ဘယ်လိုလုပ်ချင်လဲ”

မန်ခွိုက်က အဓိပ္ပါယ်ပါပါပြုံးလျက် “ဝေစုဆိုရင်တော့ ခွဲယူရမှာပေါ့”

ရန်ကိုင်သည် ချန်ဖေးအား အံ့အားသင့်တကြီးကြည့်၍ မကျေမနပ်ဖြင့် ပြောလိုက်၏ “မင်းဘာလို့ ငါ့ကိုကျ မမေးတာလဲ”

ချန်ဖေးက ပြန်ပြောလေ၏ “အရင်းအမြစ်ကျောက် တစ်သန်းလောက်ကို ရောင်းရင်းရန်က ဘယ်လိုလုပ်ပြီး စိတ်ဝင်စားမှာလဲ”

“ဘာလို့ စိတ်မဝင်စားရမှာလဲ။ စိတ်ဝင်စားတာပေါ့။ အရင်းအမြစ်ကျောက် တစ်သန်းကို စိတ်မဝင်စားတဲ့လူ ဘယ်သူရှိလို့လဲ” ရန်ကိုင်က မျက်နှာတည်ဖြင့် ပြန်ပြောလိုက်သည်။ တကယ့်တကယ်တွင် အရင်းအမြစ်ကျောက် တစ်သန်းလောက်ကို ရန်ကိုင် စိတ်မဝင်စားသော်ငြား သူစိတ်မဝင်စားကြောင်း သွားပြ၍တော့ မဖြစ်ချေ။ မဟုတ်လျှင် သူ့အား သံသယ ဝင်လာနိုင်ပေသည်။

အရင်းအမြစ်ကျောက်တစ်သန်းကို စိတ်မဝင်စားသည့်လူသည် သူ့တွင် အရင်းအမြစ်ကျောက်များစွာ ရှိနေသည့် အတွက်ကြောင့်သာ ဖြစ်ရပေလိမ့်မည်။

ရန်ကိုင်က ပြောလိုက်၏ “မင်းတို့ သုံးယောက်တည်းတော့ မရဘူး။ ငါ့ပါ ခွဲ‌ပေးရမယ်”

ချန်ဖေး မျက်မှောင်ကြုတ်သွားခဲ့သည်။ ရန်ကိုင်ကိုယ်တိုင်သည်လည်း သူ့ကဲ့သို့ အားကောင်းသည့်လူတစ်ဦး ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်အား ဘေးဖယ်ထား၍ ရတော့မည် မဟုတ်မှန်း သိနေခဲ့သည်။ ထိုကြောင့် ပြန်၍သာ ပြောလိုက်လေ၏ “ရှဲ့လန်၊ နင်တစ်ယောက်တည်းနဲ့ ငါတို့ သုံးယောက်ကို တားနိုင်မယ်လို့ ထင်နေတာတော့ မဟုတ်ပါဘူးနော်။ ဟုတ်တယ်မလား...”

ရှဲ့လန်သည် ဒေါသတကြီးဖြင့် အံကြိတ်လိုက်လေသည်။ သို့သော်ငြား မန်ခွိုက်နှင့် ကျန်နှစ်ယောက် သူ့မအား အမဲလိုက်မုဆိုးများနှယ် စိုက်ကြည့်နေသည်ကို မြင်သော် ယွီလဲ့ပင်၏ သိုလှောင်လက်စွပ်ကို သူမတစ်ယောက်တည်း မောင်ပိုင်စီးနိုင်တော့မည် မဟုတ်မှန်း သိလိုက်လေသည်။ သူမ တစ်ယောက်တည်းဖြင့် မန်ခွိုက်နှင့် ချန်ဖေးတို့အား အနိုင်မယူနိုင်ချေ။ ထို့အပြင် ရန်ကိုင်ဆိုသည့် ကောင်စုတ်လေး မည်မျှ အားကောင်းသလဲ ဆိုသည်ကိုလည်း သူမမသိ။

ထို့ကြောင့် ဒေါသတကြီးဖြင့်သာ သိုလှောင်လက်စွပ်ကို ပစ်ပေးလိုက်တော့လေ၏ “ရော့၊ အဲ့မှာယူကြ”

ထို့နောက် မကျေမနပ်ဖြင့် ပြောလိုက်လေသည် “နင်တို့အကုန်လုံး အားနည်းတဲ့ မိန်းမသားတစ်ယောက်ကို ဘယ်လို အကျင့်ရမလဲဆိုတာပဲ သိတယ်”

အကြောင်းစုံကို မသိသည့်လူသာဆိုလျှင် သူမအား ကျိန်းသေ သနားမိပေလိမ့်မည်။ ယခု တစ်ကြိမ်တွင်တော့ ရန်ကိုင်လည်း ဝင်မရှုပ်တော့ဘဲ ချန်ဖေးကိုသာ သိုလှောင်လက်စွပ် ယူခွင့် ပြုလိုက်လေသည်။

ထို့နောက်တွင် ချန်ဖေးသည် သိုလှောင်လက်စွပ်ထဲသို့ ကောင်းကင်စိတ်အာရုံ ထည့်သွင်းလိုက်သည်။ ခဏအကြာတွင် ချန်ဖေး၏ အမူအရာ ဝင်းပသွားခဲ့သည်။ ထိုအခြင်းအရာကိုမြင်သော် သိုလှောင်လက်စွပ်ထဲရှိ ချိတ်စည်း ပျက်စီးသွားပြီမှန်း အကုန်လုံး သိလိုက်ကြလေည်။

“အထဲမှာ ဘယ်လောက်ပါလဲ” မန်ခွိုက်က စိတ်မရှည်ဟန်ဖြင့် မေးလိုက်သည်။

ချန်ဖေးသည်လည်း စိတ်လှုပ်ရှားနေ၏။ မန်ခွိုက်၏ အမေးကိုကြားသော် ပြန်၍သာ ပြောလိုက်၏ “မင်းတို့ဘာသာ ကြည့်ကြည့်”

ထို့နောက် အလယ်အလတ်အဆင့် သန့်စင်ရေးအစီအရင်တစ်ခုကို ခင်းကျင်းကာ သိုလှောင်လက်စွပ်ထဲရှိ ပစ္စည်းများကို သွန်ချပြလိုက်လေသည်။

ချက်ချင်းဆိုသလို အားလုံးရှေ့ အရင်းအမြစ်ကျောက်များ တောင်နှယ် ပုံထပ်လာခဲ့သည်။ အရင်းအမြစ်ကျောက်များမှ ထွက်နေသည့် အလင်းရောင်ကြောင့် သူတို့ မျက်လုံးများပင် စူးသွားခဲ့ရလေသည်။ အရင်းအမြစ်ကျောက်ပမာဏကို အသေးစိတ် မရေနိုင်သော်ငြား ထိုအရင်းအမြစ်ကျောက်များမှာ အနည်းဆုံး တစ်သန်းခန့် ရှိလိမ့်မည်မှန်းတော့ အကုန်လုံး သိနေကြ၏။

သူ့တွင် အရင်းအမြစ်ကျောက်တစ်သန်း ရှိသည်ဟု ပြောခြင်းမှာ ယွီလဲ့ပင် လိမ်နေခြင်း မဟုတ်ချေ။

ယွီလဲ့ပင်သည် ရှဲ့လန်တို့နှင့် ကျင့်ကြံခြင်း အတူတူလောက်သာ ဖြစ်သော်ငြား သူ့ဘဝကြီးမှာ အဆင်ပြေချောမွေ့၍ သုံးမကုန်နိုင်လောက်အောင် များပြားသော အရင်းအမြစ်ကျောက်များ ရနေချိန် ရှဲ့လန်နှင့် အခြားသူများမှာတော့ တစ်ကိုယ်ရေစာ လောက်ငှရုံသာရှိသော အရင်းအမြစ်ကျောက်လေး ရရန်အတွက်နှင့် ပင်လယ်ထဲသို့ ထွက်ကာ အန္တရာယ်များနှင့် ရင်ဆိုင်ခဲ့ရသည်။ ဘဝကြီးနှစ်ခုမှာ တကယ်ကို ကွာခြားလှပေသည်။

“တကယ် စိတ်ဓါတ်ကျစရာပဲ။ မြို့သခင်စံအိမ်က ဘာမဟုတ်တဲ့ကောင်လေးမှာ ဒီလောက်များတဲ့ အရင်းအမြစ်ကျောက်တွေ ရှိနေတဲ့အချိန် ငါတို့မှာကျတော့ ဘာလို့ ဘာမှမရှိရတာလဲ။ လောကကြီးက တကယ်ကို မမျှတဘူးပဲ” ရန်ကိုင်က အံကြိတ်၍ ပြောလိုက်သည်။

အခြားသူများလည်း ထိုကဲ့သို့ တွေးနေကြခြင်းဖြစ်သည်။ ယွီလဲ့ပင်ကဲ့သို့သော လူတစ်ဦးတွင်ပင် ဤမျှ များပြားသည့် အရင်းအမြစ်ကျောက်များ ရှိနေလျှင် သူ့ထက် ပိုအဆင့်မြင့်သည့် လူများတွင်သာ ဆိုပါက...

“အရင် ဝေစုခွဲကြတာပေါ့” မန်ခွိုက်က နှုတ်ခမ်းကိုလျှာဖြင့်သပ်ရင်း စိတ်လှုပ်ရှားတကြီး ပြောလိုက်လေသည်။

“ဘယ်နှစ်ယောက်ခွဲမှာလဲ” ရှဲ့လန်က မေးလိုက်၏။

“လူလေးယောက်ပဲရှိတာကို နင်က ဘယ်နှစ်ယောက် ခွဲချင်နေတာလဲ” မန်ခွိုက်က ပြန်ပြောလေ၏။

ချန်ဖေးနှင့် ရန်ကိုင်သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်သော်ငြား ဘာမှတော့ မပြောခဲ့ကြပေ။

“အဲ့ဒါဆို အဲ့အတိုင်းပဲ ခွဲကြတာပေါ့” ရှဲ့လန်က သူ့လက်ကို ဝှေ့ရမ်း၍ ပြောလိုက်၏။ ထို့နောက်တွင် ရန်ကိုင်တို့ လေးဦးသည် တစ်ယောက်လျှင် လေးပုံတစ်ပုံကျစီ အညီအမျှ ခွဲယူလိုက်ကြလေသည်။

ယခုတစ်ကြိမ်တွင် မြို့သခင်စံအိမ်မှ ကျင့်ကြံသူ အယောက်နှစ်ဆယ်နီးပါး သေသွားခဲ့ကြသည်။ ထို့ကြောင့် ယွီလဲ့ပင် သိုလှောင်လက်စွပ်အပြင် ထိုလူများ၏ သိုလှောင်လက်စွပ်များလည်း ကျန်နေပေသေးသည်။ သို့သော် မည်သူ့ဆီကမှ ပစ္စည်းကောင်းကောင်းကန်းကန်း မရခဲ့ချေ။ နောက်ဆုံးအချိန်ထိ ခုခံပြီးမှ သေသွားခဲ့သော တာအိုသခင်တတိယအဆင့် လူအိုကြီးနှစ်ဦးမှလွဲ၍ ကျန်လူအားလုံး၏ သိုလှောင်လက်စွပ်များဆီမှ အရင်းအမြစ်ကျောက် ရာဂဏန်းလောက်သာ ရခဲ့ကြသည်။ အချို့ဆိုလျှင် အရင်းအမြစ်ကျောက် တစ်ရာလောက်ကိုပင်လျှင် ပိုင်ဆိုင်ထားခြင်း မရှိကြချေ။

လူအိုကြီးနှစ်ဦးပေါင်း၏ ပိုင်ဆိုင်မှုမှာတော့ ယွီလဲ့ပင်ပိုင်ဆိုင်မှု၏ ဆယ်ပုံတစ်ပုံခန့်လောက် ရှိသဖြင့် အကုန်လုံး အညီအမျှ ခွဲယူလိုက်ကြသည်။

လက်ဖက်ရည်တစ်ခွက်စာခန့် ကြာပြီးနောက်တွင် ဆန်းတဲ့ ပြန်ရောက်လာခဲ့လေသည်။

ရှဲ့လန်က ယွီလဲ့ပင် ဆီးလာသည့် သင်္ဘောကို ညွှန်ပြရင်း ဆီးကြို၍ မေးလိုက်၏ “ပန်းပဲဆရာ၊ ကျွန်မတို့ကို ဒီသင်္ဘောကို ဘယ်လိုလုပ်ကြမလဲ”

“နင်လိုချင်ရင် သွားသန့်စင်လိုက်လေ” ဆန်းတဲ့က ထူးမခြားနားဟန်ဖြင့် ပြန်ပြောလိုက်၏။

ထိုစကားကိုကြားသော် ရှဲ့လန် ဝမ်းသာသွားပြီး သင်္ဘောအား သွားသန့်စင်တော့မည်အပြု ဆန်းတဲ့ ထပ်ပြောလိုက်သည့် စကားကြောင့် သူမ၏ ခြေလှမ်းများ ရပ်တန့်သွားခဲ့ရသည် “ငါတို့ ဆက်သွားကြမယ်”

ရှဲ့လန် မျက်နှာကြီး မှုန်ကုတ်သွားခဲ့လေသည်။ သို့သော် ဆန်းတဲ့အား ပြန်မပြောရဲသဖြင့် ကြိတ်၍သာ ငြိမ်ခံနေလိုက်လေသည်။

ခဏအကြာတွင် သင်္ဘော စတင် ထွက်ခွာလေ၏။

ရှဲ့လန်နှင့် အခြားသူများ အံ့အားသင့်နေရသည့် တစ်ချက် ရှိပေသည်။ ထိုအရာမှ ဆန်းတဲ့မှ သူ့ဝေစုကို လာမတောင်းခြင်းပင်။ ဆန်းတဲ့သာ လာတောင်းမည်ဆိုပါက သူတို့ မည်သို့မှ ငြင်းဆန်နိုင်လိမ့်မည် မဟုတ်ချေ။

တကယ့် တကယ်တွင်တော့ ဆန်းတဲ့ သူ့ဝေစုအား မေ့သွားခြင်းမဟုတ်ဘဲ ဂရုမစိုက်ခြင်းသာ ဖြစ်မှန်း ရန်ကိုင် သိနေခဲ့သည်။

ဆန်းတဲ့သည် ကောင်းကင်ကျွန်းတွင် မှော်ရတနာများကို နှစ်ပေါင်းများစွာကြာအောင် ပြုလုပ်ပေးလာခဲ့သူ တစ်ဦး ဖြစ်သည့်အတွက်ကြောင့် သူ့တွင် အရင်းအမြစ်ကျောက်များ သုံးမကုန်အောင် ရှိနေပေလိမ့်မည်။ ယွီလဲ့ပင်သည်ပင်လျှင် ဆန်းတဲ့လောက် ချမ်းသာလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့်ပင်လျှင် ဆန်းတဲ့သည် မပြောပလောက်သော အရင်းအမြစ်ကျောက်များကို အလုပ်ရှုပ်ခံ သွားမတောင်းနေဘဲ မသိချင်ယောင် ဆောင်နေလိုက်ခြင်းသာ ဖြစ်ပေသည်။

ယွီလဲ့ပင် တိုက်ခိုက်ပြီးသည့်နောက် ပင်ပန်းသွားသည့်အလား ရှဲ့လန်နှင့် အခြားသူများအားလုံး အသီးသီး သွားအနားယူကြလေသည်။

ရန်ကိုင်မှာမူ ပင်ပန်းနေခြင်းမရှိသော်ငြား အခြားသူများ၏ အာရုံစိုက်ခြင်းမခံရစေရန် ပင်ပန်းနေချင်ယောင် ဆောင်ပြလိုက်လေသည်။

ဤသို့ဖြင့် တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားခဲ့သည်။ ဆန်းတဲ့ ပြောနေသည့်နေရာမှာ အလွန်ဝေးသည့်ပုံပင်။ သင်္ဘော ထွက်လာသည်မှာ လဝက်ခန့် ရှိနေပြီဖြစ်သော်ငြား ပန်းတိုင်သို့ မရောက်သေးချေ။ ထိုရက်အတောအတွင်း အကုန်လုံး သင်္ဘောအား အလှည့်ကျဖြင့် မောင်းနှင်ကျလေသည်။

သွားနေစဉ်အတွင်း ပင်လယ်သားရဲများ၏ တိုက်ခိုက်ခြင်းလည်း ခံခဲ့ရသေးသည်။

ဆန်းတဲ့ သင်္ဘောမှာ အတော်လေးကိုမှ အဆင့်မြင့်လှပေသည်။ ပင်လယ်သားရဲများ၏ တိုက်ခိုက်ခြင်း ခံရသည့်တိုင် သင်္ဘောပေါ်၌ ခြစ်ရာလေးပင် မထင်ခဲ့ချေ။ ထိုသို့ ဖြစ်သည်မှာ အထူးအဆန်းတော့ မဟုတ်ချေ။ ဆန်းတဲ့ကိုယ်တိုင်သည် တာအိုအထွဋ်အထိပ်အဆင့် ပန်းပဲပညာရှင်တစ်ဦး ဖြစ်လေရာ သူ့သင်္ဘောသည်လည်း အလွန်ကိုမှ အဆင့်မြင့်နေသည်မှာ သဘာဝသာ ဖြစ်သည်။

သင်္ဘောသည် အားကောင်းခြင်းသာမဟုတ်၊ မရေမတွက်နိုင်‌သော အစီအရင်များလည်း သင်္ဘောပေါ်တွင် ရှိနေကြ၏။ ဥပမာပြရသော် ယွီလဲ့ပင်တို့အား လေပေါ် မပျံနိုင်အောင် လုပ်ခဲ့သည့် အစီအရင်ပင်။

ထိုမျှသာလျှင် မဟုတ်သေးဘဲ ဆန်းတဲ့ ကိုယ်တိုင်သည်လည်း ဤသင်္ဘောအား အပြည့်အဝ ထိန်းချုပ်နိုင်လောက်သည်။ သူသာ ရှဲ့လန်နှင့် အခြားသူများကို ရှင်းထုတ်ချင်ပါက အလွယ်တကူ ရှင်းပစ်နိုင်ပေလိမ့်မည်။ သို့သော်ငြား သူသာ အရူးမဟုတ်သရွေ့ ခက်ခက်ခဲခဲ ရှားထားသည့် လူများကို ထိုသို့ လုပ်လိမ့်မည် မဟုတ်ချေ။

တစ်နေ့၌... ရန်ကိုင် သင်္ဘောထဲ တင်ပလင်ခွေထိုင်နေစဉ် သင်္ဘောတစ်စင်းလုံး ပြင်းပြင်းထန်ထန် လှုပ်ခါလာခဲ့သည်။ ပန်းတိုင်သို့ ရောက်ပြီမှန်း ရန်ကိုင် သိလိုက်သည်။ ထို့ကြောင့် သင်္ဘောဝမ်းတွင်းပိုင်းထဲမှ အမြန် ထွက်လာခဲ့လိုက်၏။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၃၈၉)

သင်္ဘောကုန်းပတ်ပေါ်သို့ ရန်ကိုင် ပထမဦးဆုံး ရောက်လာသည်။ သူရောက်သည့် အချိန်တွင် ဆန်းတဲ့ သင်္ဘောပေါ်၌ ရပ်နေသည်ကို မြင်လိုက်ရ၏။ မကြာမီတွင် မန်ခွိုက်နှင့် အခြားသူများ ရောက်လာကြ၏။

လှည့်ပတ်ကြည့်လိုက်ရာ ကမ်းမမြင်လမ်းမမြင်နိုင်အောင် ကျယ်ပြောလှသော ပင်လယ်ကြီးကိုသာ အကုန်လုံး တွေ့လိုက်ရလေသည်။

“ပန်းပဲဆရာ ဘာလို့ရပ်လိုက်တာလဲ” ရှဲ့လျန်သည် ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရင်း နားမလည်နိုင်ဟန်ဖြင့် မေးလိုက်လေသည်။

“ငါတို့ရောက်ပြီ” ဆန်းတဲ့က ပြန်ပြောလိုက်၏။ သူ့လေသံမှာ တည်ငြိမ်သော်ငြား မည်သူမဆို သူ့လေသံထဲ စိတ်လှုပ်ရှားမှုတို့ ရောယှတ်နေသည်ကို သတိပြုမိနိုင်၏။

ဆန်းတဲ့ ပြောသည်ကိုကြားသည့်အခါ အကုန်လုံး အံ့အားသင့်သွားကြ၏။ အကြောင်းမှာ သူတို့ ပတ်လည်တွင် ပင်လယ်ပြင်ကြီးသာ ရှိနေပြီး အခြား မည်သည့် အရာကိုမှ မတွေ့ရသည့် အတွက်ကြောင့်ပင် ဖြစ်လေသည်။

“အဲ့သက်ကြားအိုကြီးရဲ့ အစီအရင်က အရမ်းအဆင့်မြင့်တယ်။ သူ့ကို ဧကရာဇ်အဆင့် အစီအရင်ပညာရှင်လို့ခေါ်တာ မလွန်ဘူး။ မင်းတို့ ဘာကိုမှမတွေ့ရတာ သူရဲ့ တံလျှပ်ရောင်ပြန်အစီအရင်ကြောင့်ပဲ” ဆန်းတဲ့က ရှင်းပြလိုက်သည် “မင်းတို့သာ မြင်နေရမှ တကယ့် ပြဿနာ ဖြစ်မှာ”

“ဧကရာဇ်အဆင့် အစီအရင်ပညာရှင်” ချန်ဖေး၏ အမူအရာ ပြောင်းလဲသွားပြီး မျက်မှောင်ကြုတ်၍ ပြန်မေးလိုက်သည် “ဒါက ဧကရာဇ်အဆင့် အစီအရင် ပညာရှင် တစ်ယောက် နေတဲ့နေရာလို့ ပန်းပဲပညာရှင်တစ်ခါမှ မပြောဖူးဘူးနော်”

နောက်စရာလား... ဤနေရာသည် ဧကရာဇ်အဆင့် အစီအရင်ပညာရှင်တစ်ဦး နေသည့်နေရာ ဖြစ်နေသည်။ သူတို့သာ ဝင်သွားပါက ကိုယ့်သေတွင်း ကိုယ်တူသလို ဖြစ်မနေဘူးလော။ ဧကရာဇ်အဆင့် ပညာရှင်ကိုယ်တိုင်က သေသွားပြီဆိုလျှင်ပင် သူခင်းကျင်းထားသည့် အစီအရင်ပေါင်းများစွာ ဤနေရာ၌ ရှိနေပေဦးမည်။ သူတို့သာ မဆင်မခြင် စွတ်ဝင်သွားမည်ဆိုပါက မရဏမင်းအား အပြေးသွားတွေ့သလိုသာ ဖြစ်နေပေလိမ့်မည်။

ရှဲ့လန်နှင့် မန်ခွိုက်တို့မှာ ဘာမှမပြောသော်ငြား သူတို့၏ မျက်နှာအမူအရာကို ကြည့်ရုံဖြင့် သူတို့၏ သဘောထားကို အတိုင်းသား မြင်နေရ၏။

“မင်းတို့ ကြောက်နေရင် အခု ထွက်သွားလို့ရတယ်” ဆန်းတဲ့က အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လိုက်သည်။

ချန်ဖေး၏ မျက်နှာ အေးစက်သွားခဲ့သည်။ သူ့ကိုယ်သူ ကျားခေါ်ခွစီးမိလျက်သား ဖြစ်နေသည်ဟု ခံစားလိုက်ရသည်။ ဆန်းတဲ့မှ ထွက်သွားချင်လျှင် ထွက်သွားနိုင်သည်ဟု ပြောနေသော်ငြား သူသာ တကယ် ထွက်သွားချင်ပါက ဆန်းတဲ့ သူ့အား ထွက်သွားခွင့် ပေးမည်လား။

“ပန်းပဲဆရာက ငါတို့ကို ဒီခေါ်လာမှတော့ သူ့မှာ သူ့အကြောင်းနဲ့သူ ရှိလို့နေမှာပေါ့။ မင်းတို့ဘာတွေ ဒီလောက် စိတ်ပူနေတာလဲ” ရန်ကိုင်အား ချန်ဖေးအားကြည့်၍ ပြောလိုက်သည်။

ရှဲ့လန်ကလည်း ပြုံးလျက် ဝင်ပြောလိုက်လေသည် “ဟုတ်တယ်။ ပန်းပဲဆရာက ဒီကို မပြင်ဆင်ဘဲနဲ့ လာမလား။ သူ့မှာ အစီအစဉ် ရှိပြီးသား ဖြစ်မှာပေါ့။ ငါတို့က သူ့အစီအစဉ်အတိုင်း လိုက်ရုံပဲ”

ဆန်းတဲ့က ထိုလူများဘက်သို့လှည့်၍ “မင်းတို့ အဲ့လိုတွေးတတ်ရင် အကောင်းဆုံးပဲ။ အခုကနေစပြီး မေးခွန်းပြန်ထုတ်တာတွေကို ငါမကြားချင်တော့ဘူး။ ငါပြောရင် ပြောတဲ့အတိုင်းသာလုပ်။ မလုပ်နိုင်ဘူးဆိုရင် အခုကတည်းက ထွက်သွားလိုက်တာ အကောင်းဆုံးပဲ”

မည်သူမှ ဘာမှပြန်မပြောကြချေ။

ထိုအခြင်းအရာကိုမြင်သော် ဆန်းတဲ့က ကျေနပ်သွားဟန်ဖြင့် “အဲ့လိုမှပေါ့။ ဒီတံလျှပ်ရောင်ပြန်အစီအရင်က အားကောင်းတယ်ဆိုပေမယ့် အစီအရင်က ပိုင်ရှင်မဲ့နေပြီ။ ဟိုသက်ကြားအိုကြီးသာ အသက်ရှင်နေဦးမယ်ဆိုရင်တော့ သူ့အစီအရင်ကို ငါချိုးဖျက်နိုင်မှာ မဟုတ်ဘူး။ ဒါပေမယ့် သူသေသွားပြီဆိုမှတော့... ဟဲဟဲ...”

ပြောပြီးသည့်နောက်တွင် သင်္ဘောပေါ်မှ ပျံထွက်သွားလေသည်။ တစ်ချိန်တည်းတွင်လည်း အခြားသူများကို အချက်ပြလိုက်၏ “ငါ့နောက်လိုက်ခဲ့”

ရန်ကိုင်နှင့် အခြားသူများသည် စကားတစ်ခွန်းပင် မဆိုဘဲ သူ့နောက်မှ လိုက်သွားကြ၏။

ထို့နောက်တွင် ဆန်းတဲ့သည် စက်ဝိုင်းပုံစံ လှည့်ပတ်ပျံသန်းတော့လေသည်။ ထိုသို့ ပျံသန်းနေရင်း လမ်း၌ အစီအရင် အလံတိုင်းများကို တစ်တိုင်းပြီးတစ်တိုင် ပစ်ချသွား၏။

တစ်ခုသော နေရာသို့ရောက်သော် အကုန်လုံးကို ရပ်ရန် အချက်ပြလိုက်ပြီး တစ်ယောက်ချင်းစီအား အစီအရင်အလံတိုင်တစ်ခုစီ ပေးလိုက်လေသည်။ ထို့နောက် သူ့အမိန့်ကို စောင့်နေရန် ပြောလေ၏။

ဆန်းတဲ့၏ ယုံကြည်ရှိသည့်ပုံစံကိုမြင်သော် အကုန်လုံး ယုံကြည်ချက်မှာ မြင့်တက်လာ၏။ ထို့ကြောင့် မည်သူမှ ကန့်ကွက်မနေကြတော့ဘဲ ဆန်းတဲ့ ပြောသည့်အတိုင်းသာ လိုက်လုပ်ကြလေသည်။

နာရီဝက်ကြာပြီးနောက်တွင် အကုန်လုံး အဆင်သင့် ဖြစ်သွား၏။

လူငါးဦးသည် အစီအရင်အလံတိုင်တစ်ခုစီကို ကိုင်၍ နေရာငါးနေရာတွင် ရပ်နေခဲ့ကြသည်။

ရုတ်တရက် ဆန်းတဲ့ဘက်မှ အသံအကျယ်ကြီးတစ်သံ ထွက်ပေါ်လာ၏။ ထိုအသံနှင့်အတူ အားကောင်းသည့် စွမ်းအင်လှိုင်းများ ဖြာထွက်လာခဲ့လေသည်။ ထိုအခြင်းအရာကို မြင်သည့်အခါ အကုန်လုံးသည် ဆန်းတဲ့ ညွှန်ကြားထားသည့်အတိုင်း အစီအရင် အလံတိုင်ထဲသို့ အရင်းအမြစ်ချီများကို ထည့်သွင်းလိုက်ကြလေသည်။ ထို့နောက် ဟင်းလင်းပြင်ထဲသို့ ညွှန်လိုက်ကြ၏။

ချက်ချင်းဆိုသလို မြောက်ဘက်၊ တောင်ဘက်၊ အရှေ့ဘက်နှင့် အနောက်ဘက်ဆိမှ အလင်းတန်းငါးခု ထွက်ပေါ်လာပြီး တစ်ခုနှင့်တစ်ခု ပေါင်းစုံသွားခဲ့ကြလေသည်။

ထိုအလင်းတန်းငါးခု ထွက်ပေါ်လာသည်နှင့် အစောပိုင်း ဆန်းတဲ့ ပစ်ချထားခဲ့သော အစီအရင် အလံတိုင်များဆီမှလည်း စွမ်းအင်လှိုင်းများ ဖြာထွက်လာခဲ့လေသည်။

ထို့နောက်တွင် ဗလာကျင်းနေသည့် ဟင်းလင်းပြင်ထဲ မှောက်ခုံလှန်ထားသည့် ပန်းကန်လုံးတစ်လုံးနှင့် ဆင်တူသည် အလင်းစက်ကွင်းတစ်ခု ပေါ်လာလေ၏။ ထိုအလင်းစက်ကွင်းအတွင်းပိုင်းထဲရှိ ရှူခင်းသည် သူတို့ မြင်နေရသည့် ရှူခင်းနှင့် ကွဲပြားနေကြောင်းကို အကုန်လုံး သတိပြုမိလိုက်ကြလေသည်။

ထိုအခြင်းအရာကို မြင်သည့်အခါ ဆန်းတဲ့ ပြောသည်မှာ အမှန်မှန်း အကုန်လုံး သိလိုက်ကြသည်။

ဤနေရာတစ်ခုလုံးကို အစီအရင်တစ်ခုဖြင့် ဖုံးကွယ်ထားခြင်း ဖြစ်သည်။

ယခု ဆန်းတဲ့လုပ်စရာဆို၍ အစီအရင်အား ဖျက်စီးရန်သာ ရှိတော့ပေသည်။ အစီအရင် အလံတိုင်းများထဲသို့ အရင်းအမြစ်ချီများ စီးဝင်လာနေသည်နှင့်အမျှ အလင်းစက်ကွင်းထဲရှိ ရှူခင်းများမှာ ပို၍ ကြည်လင်ပြတ်သားလာခဲ့လေသည်။

မကြာခင်တွင် အကုန်လုံးရှေ့ ကျွန်းတစ်ကျွန်း ပေါ်လာခဲ့လေသည်။

ဆန်းတဲ့ဆရာသည် ဤကဲ့သို့သော နေရာကောင်းတစ်ခုကို မည်သို့များ ရှာတွေ့ခဲ့သလဲ မည်သူမှ မသိကြချေ။ ဤနေရာသည် လူ့အသိုင်းအဝိုင်းမှ ခွဲထွက်၍ တစ်ကိုယ်တည်း နေရန်အတွက် အကောင်းဆုံးနေရာတစ်ခု ဖြစ်ပေသည်။ ကျွန်းပေါ်ရှိ ရှူခင်းများမှာ တကယ်ကို နေချင်စဖွယ် ကောင်းလှပေသည်။

ကံမကောင်းစွာဖြင့် ဆန်းတဲ့၏ဆရာတွင် ဆန်းတဲ့ကဲ့သို့ တပည့်မိုက်တစ်ယောက် ရှိနေခဲ့သည်။ သေသွားသည့်တိုင် ဆန်းတဲ့သည် လူတစ်အုပ်ခေါ်၍ သူ့ဆရာအား အေးအေးချမ်းချမ်း အနားမယူရအောင် လာရောက် နှောင့်ယှတ်နေခဲ့လေသည်။

တစ်နာရီခန့် ကြာပြီးနောက်၊ အကုန်လုံး အားကုန်ခါနီး ဖြစ်လာသည့်နောက်တွင် အားလုံးရှေ့ရှိ ကျွန်းလေးမှာ အပြည့်အဝ ရုပ်လုံးပေါ်လာခဲ့လေသည်။

ထိုစဉ် ဆန်းတဲ့ စတင် လှုပ်ရှားလိုက်၏။ ဆန်းတဲ့၏ လှုပ်ရှားမှုနှင့်အတူ တဝီဝီ မြည်သံကြီး ထွက်ပေါ်လာခဲ့ပြီး သူချန်ထားရစ်ခဲ့သည့် အစီအရင် အလံတိုင်များဆီမှ အလွန်ပြင်းထန်သည့် အားတစ်ရပ် ဖြာထွက်လာကာ အလင်းစက်ကွင်းအား သွားရောက် ထိမှန်လေသည်။ အလင်းစက်ကွင်းမှာလည်း တစ်မုဟုတ်ချည်းဆိုသလို ပျက်စီးသွားခဲ့လေသည်။

ရန်ကိုင်နှင့် အခြားသူများမှာ မပြင်ဆင်ထားမိလိုက်သည့်အတွက် ထိုစွမ်းအားကြောင့် လွင့်ထွက်သွားခါနီး ဖြစ်သွားခဲ့ရလေသည်။ အကုန်လုံး ဟန်ချက် ပြန်ထိန်းလိုက်နိုင်ချိန် ဆန်းတဲ့မှာ ကျွန်းပေါ်သို့ ပျံသန်းသွားနှင့်နေလေပြီ။

ထိုအခြင်းအရာကိုမြင်သော် အကုန်လုံးသည် လှုပ်ရှားမှုပညာရပ် အသီးသီးကိုသုံး၍ ဆန်းတဲ့နောက်သို့ ပြေးလိုက်သွားကြလေသည်။ မကြာမီ ရန်ကိုင်တို့ငါးဦး ကျွန်းပေါ်သို့ ခြေချလိုက်၏ကြ၏။

ဆန်းတဲ့ ရပ်နေသည့်အတွက်ကြောင့် ကျန်သည့်လူများလည်း မလှုပ်ရှားရဲကြချေ။ ဤနေရာသည် ဧကရာဇ်အဆင့် အစီအရင်ပညာရှင်တစ်ဦး နေရာဖြစ်သည်။ နေရာတိုင်းသည် သေကွင်းသေကွက် ထောင်ချောက်များနှင့် ပြည့်နေရာ ခြေတစ်လှမ်း မှားသွားရုံဖြင့် အသက်ပျောက်သွားနိုင်ပေသည်။

တစ်ခဏမျှ ရပ်နေပြီးနောက်တွင် ဆန်းတဲ့က ပြောလိုက်လေသည် “ကျွန်းပေါ်မှာ အစီအရင်တွေ အများကြီးပဲ ရှိနေတယ်။ အဲ့အစီအရင်တွေကို ငါသွားရှင်းလိုက်မယ်။ မင်းတို့ ငါ့နောက်လိုက်မှာလား၊ ဒီမှာ စောင့်နေမှာလား” ထိုသို့ ပြောပြီးနောက်တွင် တစ်ချက်ရပ်၍ ထပ်ပြောလိုက်လေသည် “ငါကတော့ မင်းတို့ကို ဒီနေရာမှာပဲ စောင့်ခိုင်းချင်တယ်”

မည်သူမှ ဘာမှ ပြန်မပြောကြသော်ငြား ရှဲ့လန်ကမူ အလျင်စလို ပြန်ပြောလိုက်လေသည် “ဒီကျွန်းက အရမ်း အန္တရာယ်များလွန်းတယ်။ ကျွန်မကတော့ ပန်းပဲဆရာနောက်လိုက်တာ ပိုကောင်းမယ်လို့ ထင်တာပဲ”

“နင်သေချာလား” ဆန်းတဲ့သည် ရှဲ့လန်အား လှမ်းကြည့်လိုက်လေသည်။

ရှဲ့လန်သည် နှုတ်ခမ်းလေးကွေးလျက် ပြုံးကာ ပြန်ပြောလိုက်သည် “ပန်းပဲဆရာပဲ ကျွန်မကို ဒီခေါ်တာလေ။ ဒီတော့ ပန်းပဲဆရာကပဲ ကျွန်မကို တာဝန်ယူရမှာပေါ့”

“မင်းတို့ သုံးယောက်ကော” ဆန်းတဲ့သည် ကျန်သုံးယောက်ဘက်သို့ လှည့်မေးလိုက်၏။

မန်ခွိုက်က ခေါင်းတကုတ်ကုတ်ဖြင့် ပြုံးဖြီးလျက် ပြန်ပြောလိုက်သည် “ကျုပ်လည်း ပန်းပဲဆရာနောက်လိုက်မယ်”

ချန်ဖေးသည် မျက်မှောင်ကြုတ်၍ ရန်ကိုင်အား ကြည့်လိုက်၏။

“ကျုပ်တော့ ပန်းပင်းနေလို့ ဒီမှာပဲ ထိုင်စောင့်နေတော့မယ်။ ပြီးရင် လှမ်းပြီးတော့သာခေါ်လိုက်” ထို့နောက် ရန်ကိုင်သည် တင်ပလင်ခွေ ထိုင်ချလိုက်၏။

ချန်ဖေးကလည်း ပြောလိုက်၏ “ကျုပ်လည်း ဒီမှာပဲ စောင့်နေမယ်”

ရန်ကိုင်သည် အဓိပ္ပါယ်ပါပါ ပြုံးရင်း ချန်ဖေးအား လှမ်းကြည့်လိုက်သည်။ ချန်းဖေးကတော့ မျက်နှာတည်တည်နှင့်ပင်။

“အဲ့ဒါဆို မင်းတို့နှစ်ယောက် ငါ့နောက်လိုက်ခဲ့ကြ” ထို့နောက် ဆန်းတဲ့သည် ရှေ့မှ ဦးဆောင်ထွက်သွားလေသည်။

ရှဲ့လန်နှင့် မန်ခွိုက်သည် အကြည့်ချင်းဖလှယ်လျက် အံကြိတ်ကာ ဆန်းတဲ့နောက်မှ လိုက်သွားကြလေသည်။

ထိုလူအုပ်ကြီး သူတို့၏ မြင်ကွင်းမှ ပျောက်ကွယ်သွားသည့်နောက်တွင် ချန်ဖေးသည် ရန်ကိုင်ဘက်သို့လှည့်၍ “ရောင်းရင်းရန်၊ သူတို့ ငါ့တို့ကို ဒီအတိုင်းထားပြီး ထွက်သွားမှာကို မင်းမစိုးရိမ်ဘူးလား”

ရန်ကိုင်က ထူးမခြားနားဟန်ဖြင့် ပြန်ပြောလိုက်လေသည် “ရောင်းရင်းချန် ကြောက်ရင် လိုက်သွားလေ။ ဘာလို့ ကျုပ်ကို လာမေးနေတာလဲ”

ချန်ဖေးက ပြုံးလျက် “ရောင်းရင်းရန်ကို ကြည့်ရတာ ကျုပ်ကို အတော်လေး ရန်လိုနေသလိုပဲနော်။ ဒီချန် ရောင်းရင်းရန်ကို ဘယ်တုန်းကများ ရန်စမိလိုက်လို့လဲ သိလို့ရမလား”

ရန်ကိုင်က ပြန်ပြောလေ၏ “ကျုပ်ပုံစံက အမြဲဒီလိုပဲ။ ရောင်းရင်းချန် မကြိုက်ဘူးဆိုရင် ကျုပ်နဲ့ စကားလာမပြောနဲ့လေ”

ချန်ဖေး၏ မျက်နှာကြီး မဲ့သွားခဲ့လေသည်။ ထို့နောက် အားတင်းပြုံးလျက် “ရောင်းရင်းရန်လို ဂုဏ်ဝံ့ကြွားတဲ့လူမျိုးကို ဒီချန် လေးစားတယ်။ ရောင်းရန်းရန်ကို ကြည့်ရတာ တကယ် အရည်အချင်းရှိမယ့်ပုံပဲ၊ ရောင်းရင်းရန် ဒီချန်နဲ့ ပူးပေါင်းချင်လား မသိဘူး”

“ပူးပေါင်းဖို့၊ ဘာပူးပေါင်းရမှာလဲ” ရန်ကိုင်က ယဲ့ယဲ့လေးပြုံးကာ ပြန်မေးလိုက်သည်။

ချန်ဖေးက မျက်နှာတည်ဖြင့် ပြောလိုက်လေသည် “ဝေ့လည်ကြောင်ပတ် လုပ်မနေစမ်းပါနဲ့ ရောင်းရင်းရန်ရာ။ ဒီနေရာကို ရောက်လာကတည်းက ရောင်းရင်းရန်လည်း ဒီကနေ ထွက်သွားချင်နေတယ်ဆိုတာ သေချာပြီးသား။ ပန်းပဲဆရာ ပြောတာသာ မှန်မယ်ဆို ဒီနေရာမှာ ဒီလောကကြီးထဲကနေ ထွက်သွားနိုင်တဲ့ ပစ္စည်းတစ်ခု ရှိလိမ့်မယ်။ ရောင်းရင်းရန် အဲ့ပစ္စည်းကို မလိုချင်ဘူးလား”

ရန်ကိုင်က အဓိပ္ပါယ်ပါပါပြုံးလျက် “ရောင်းရင်းရန်က တကယ်ကို ရဲတာပဲ”

ချန်ဖေးက ပြန်ပြောလိုက်လေသည် “ဝင်ပေါက်တည်နေရာကို ဆန်းတဲ့ပဲသိတယ်။ သူသာ အဲ့ပစ္စည်းကိုရသွားရင် ဒီနေရာက ထွက်သွားတဲ့အခါကျ ကျုပ်တို့ကိုပါ ခေါ်သွားမလား မခေါ်သွားဘူးဆိုတာ သူ့ဆုံးဖြတ်ချက်ပဲ ဖြစ်သွားလိမ့်မယ်။ ဆန်းတဲ့က ယုံရလား မယုံရဘူးလား ဆိုတာကို ကျုပ်မသိပေမယ့် ဒီချန်ကတော့ သူ့ကိုမယုံဘူး။ အဲ့ပစ္စည်းကိုသာ ကျုပ်တို့ ရလိုက်မယ်ဆို ဆန်းတဲ့ ဒီနေရာကနေ ထွက်သွားချင်တယ်ဆိုရင်တောင် ကျုပ်တို့ရဲ့ သဘောထားကို မေးမြန်းဖို့ လိုသွားလိမ့်မယ်”

ရန်ကိုင်က ခေါင်းညိတ်လိုက်လေသည် “ရောင်းရင်းချန် ပြောတာ ယုတ္တိရှိတယ်။ ကျုပ် အဲ့အချက်ကို မတွေးလိုက်မိဘူး”

ချန်ဖေးက ပြုံးလျက် “ဒီတော့ ရောင်းရင်းရန် ဘယ်လိုလုပ်ချင်လဲ”

ရန်ကိုင်က ပြန်၍ ပြောလိုက်လေသည် “အဲ့ဒါဆို ရောင်းရင်းချန် ဘယ်လိုလုပ်ဖို့ စဉ်းစားထားလဲ”

ချန်ဖေးက ပြောလိုက်၏ “ဆန်းတဲ့ အဲ့ပစ္စည်းကို တွေ့တာနဲ့ ကျုပ်တို့...”

“ရောင်းရင်းချန်က အရင်ပြေးထွက်ပြီး သူ့အာရုံကို လွှဲထားမယ်။ ကျုပ်ကတော့ အဲ့အချိန်ကို အခွင့်ကောင်းယူပြီး ပစ္စည်းကို လုရမယ်ပေါ့” ချန်ဖေး ဆုံးအောင် မပြောရသေးခင်မှာပင် ရန်ကိုင်က ဖြတ်ပြောလိုက်လေသည်။

ချန်ဖေး မျက်နှာ မည်းမှောင်သွားပြီး ပါးစပ်အဟောင်းသား ဖြစ်သွားကာ အချိန် အတော်ကြာသည်ထိတိုင်အောင် စကားတစ်ခွန်းပင် ပြောမထွက်တော့ချေ။

ရန်ကိုင်က မေးလိုက်လေသည် “အဲ့အကြံကောင်းတယ်လို့ ရောင်းရင်းချန် မထင်ဘူးလား”

ချန်ဖေးက မှုန်ကုတ်ကုတ် အမူအရာဖြင့် ပြန်ပြောလိုက်လေသည် “အဲ့ဟာက... ဒီချန် သေချာ စဉ်းစားကြည့်လိုက်ဦးမယ်။ သူတို့တွေက ရင်ဆိုင်ဖို့ လွယ်တာ မဟုတ်ဘူး။ ဒီချန်သာ တစ်ချက်လောက် မှားသွားရင် ကျုပ်တို့ နှစ်ယောက်လုံး ငါးပါးမှောက်သွားနိုင်တယ်”

“အဲ့ဒါကြောင့် ပူးပေါင်းဖို့ လိုတာလေ။ ကဲထားပါ... ရောင်းရင်းချန် စဉ်းစားပြီးရင် ကျုပ်ကိုပြန်ပြောလေ၊ အဲ့ဒါဆို ကျုပ်တို့ ဘယ်အချိန်လှုပ်ရှားမလဲ သိရတာပေါ့” ရန်ကိုင်က မျက်နှာတည်ဖြင့် ပြောလိုက်လေသည်။

“ဒါပေါ့၊ ‌ဒါပေါ့” ချန်ဖေးက မသက်မသာဖြင့် ခေါင်းညိတ်လိုက်၏။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၃၉၀)

ချန်ဖေးတိတ်ဆိတ်သွားသည်ကို မြင်သော် ရန်ကိုင့်စိတ်ထဲ ကြိတ်၍ လှောင်ပြုံးပြုံးလိုက်ပြီး ဘာမှထပ်ပြောမနေတော့ချေ။

ချန်ဖေး သူနှင့်အတူ ပူးပေါင်းရန် ပြောလာခြင်းမှာ သူ့တွင် အခြားသော အကြံအစည်တစ်ခုခု ရှိမနေပါဟု မည်သူကများ ပြောနိုင်ပါမည်နည်း။ ချန်ဖေးသည် သိပ်၍ ယုံကြည်ရသည်မဟုတ်။ ထို့ကြောင့်သာမဟုတ်လျှင် ရန်ကိုင်လည်း ယခုကဲ့သို့ မချေမငံ ပြန်ပြောခဲ့လိမ့်မည် မဟုတ်ချေ။ ချန်ဖေးကဲ့သို့သော လူများသည် အခြားသူများကိုသာ အသုံးချချင်ကြသည့် လူများ ဖြစ်ကြသည်။ သူတို့အပေါ် သွားယုံစား၍ မရပေ။

ထို့အပြင် သူတို့နှစ်ဦး အတူပူးပေါင်း၍ ထိုပစ္စည်းကို ရခဲ့မည်ဆိုပါလျှင် ထိုပစ္စည်းကို မည်ကဲ့သို့ ဝေစုခွဲရမည်နည်း။

သို့သော်ငြား ချန်ဖေးပြောသွားသည့် အထဲ၌ တစ်ချက်တော့ မှန်ပေသည်။ ထွက်ပေါက်၏ တည်နေရာမှာ ဆန်းတဲ့၏လက်ထဲတွင်သာ ရှိနေပေသည်။ ဆန်းတဲ့သည် ထွက်ပေါက်သို့ ရောက်ရန်အတွက် ထိုပစ္စည်းအား ရယူရန် လိုလျှင်ပင် ထိုပစ္စည်းကို ရပြီးသည့်နောက်၌ သူတို့အား ခေါ်သွားမည်လား မခေါ်သွားဘူးလား ဆိုသည်မှာ မသိရသေးချေ။

ချန်ဖေးပင်လျှင် ထိုအချက်ကို တွေးနိုင်မည်ဆိုပါက ရန်ကိုင်ကရော ဘာကြောင့် မတွေးနိုင်ရမည်နည်း။ ရှဲ့လန်နှင့် မန်ခွိုက်တို့သည်လည်း အရူးများမဟုတ်ကြပေ။ သူတို့သည်လည်း ဤအချက်ကို ကျိန်းသေ စဉ်းစားထားပြီးသွားလောက်ပေပြီ။ ထို့ကြောင့်ပင်လျှင် ဆန်းတဲ့ တစ်ခုခုလုပ်ပြီး ထွက်ပြေးမသွားနိုင်စေရန်အတွက် သူ့နောက်သို့ လိုက်သွားကြခြင်း ဖြစ်ပေသည်။

သို့သော်ငြား ဆန်းတဲ့နောက်သို့ လိုက်သွားစရာ မလိုဘူးဟု ရန်ကိုင် ထင်ပေသည်။ ဆန်းတဲ့အနေဖြင့် ငါးနှစ်ကြာအောင် လူလေးယောက်ကို လိုက်ရှာခဲ့ရခြင်းမှာ ဤတံလျှပ်ရောင်ပြန်အစီအရင်ကို ဖျက်ဆီးရုံသက်သက် အတွက်‌ကြောင့်တော့ မဟုတ်လောက်ပေ။ သူတို့တွင် အခြားအသုံးဝင်သည့် နေရာများ ရှိနေလောက်ပေသေးသည်။ ထို့အတွက်ကြောင့် ဆန်းတဲ့ သူတို့အား ထားသွားမည် ဆိုလျှင်ပင် ယခုအချိန်တော့ ထားမသွားလောက်သေးချေ။

ရန်ကိုင်သည် ဘာကိုမှ ကြောက်မနေခဲ့ပေ။ သူ့လက်ရှိခွန်အားအရ သူသာ တိုက်ခိုက်မည်ဆိုလျှင် ဆန်းတဲ့အနေဖြင့် မည်သို့မျှ ခုခံနိုင်လိမ့်မည် မဟုတ်ချေ။ ထိုပစ္စည်းကို ရှာတွေ့ပြီးသည့်နောက်တွင် ဆန်းတဲ့သာ စဉ်းစားတတ်မည်ဆိုပါက ရန်ကိုင်နှင့်အတူ ပူးပေါင်း၍ ကမ္ဘာငယ်လေးထဲမှ ထွက်သွားရန် ကြိုးစားပေလိမ့်မည်။ ထိုသို့မဟုတ်ပါက ရန်ကိုင့်အနေဖြင့် အကြမ်းနည်းကို သုံးရန် ဝန်လေးနေလိမ့်မည် မဟုတ်ချေ။

ဆန်းတဲ့မှ အစီအရင်အား ဖျက်ဆီးနေသည့် အတွက်ကြောင့်လားမသိ ကျွန်းအတွင်းပိုင်းဆီမှ ထူးဆန်းသည့်လှုပ်ရှားမှုများ မကြာခဏ ထွက်ပေါ်လာနေခဲ့လေသည်။

ထိုအချက်ကို ကြည့်ရုံဖြင့်ပင်လျှင် ဆန်းတဲ့သည် ပန်းပဲပညာရှင်သာမဟုတ်ဘဲ အစီအရင်ပညာတွင်လည်း ကျွမ်းကျင်ကြောင်း မြင်တွေ့နိုင်ပေသည်။ ထိုအစီအရင်ပညာများကို သေဆုံးသွားသော သူ့ဆရာဆီမှ သင်ထားခြင်း ဖြစ်လောက်ပေသည်။

တစ်နာရီခန့် ကြာပြီးသည့်နောက်တွင် ရှဲ့လန်နှင့် မန်ခွိုက်တို့သည် ဖိုသီဖတ်သီအမူအယာများဖြင့် ပြန်ရောက်လာခဲ့ကြလေသည်။

အသံဗလံကြားသဖြင့် မျက်လုံးဖွင့်ကြည့်လိုက်ရာ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ချန်ဖေးက အံ့အားသင့်တကြီး အမူအယာဖြင့် မေးလိုက်လေသည်။ “ပန်းပဲဆရာရော…”

ဆန်းတဲ့ သူတို့အား ထားသွားပြီး ထွက်ပြေးသွားပြီဟု ချန်ဖေး ထင်နေခြင်း ဖြစ်ပေသည်။

ရှဲ့လန်က ပြန်မဖြေခဲ့ပေ။ မန်ခွိုက်ကမူ ကသိကအောက် အမူအယာဖြင့် ပြန်ပြောလိုက်လေ၏။ “အစီအရင်ကို ဖျက်ဆီးနေတုန်းပဲ ရှိသေးတယ်…”

“အဲ့ဒါဆို မင်းတို့ဘာလို့…” မေးခွန်းအား ဆုံးအောင် မမေးရသေးခင်မှာပင် အဖြေကို ချန်ဖေး သိလိုက်လေသည်။ ရှဲ့လန်နှင့် မန်ခွိုက်တို့သည် ဆန်းတဲ့အား မည်သည့် အကူအညီမှ မပေးနိုင်ရုံမက သူတို့သာလျှင် အစီအရင်ကြောင့် ပြန်ဒုက္ခရောက်ခဲ့ရသေးသည်။ ထို့အတွက်ကြောင့်သာလျှင် ပြန်ဆုတ်လာကြခြင်း ဖြစ်ပေသည်။

ထိုအချက်ကို စဉ်းစားမိလိုက်သော် ထိုနှစ်ဦး ဒုက္ခရောက်သည့်အပေါ် ချန်ဖေး ဝမ်းသာပီတိ ဖြစ်မိသွားလေသည်။ ဤနေရာတွင် ကျန်နေခဲ့လိုက်သည်မှာ ကံကောင်းသွားသည်ဟု သူ့ဘာသာသူလည်း တွေးလိုက်လေသည်။ ထို့ကြောင့်သာမဟုတ်လျှင် သူသည်လည်း မန်ခွိုက်နှင့် ရှဲ့လန်တို့ကဲ့သို့ ဖြစ်နေရပေလိမ့်မည်။

ပြန်ရောက်လာပြီးသည့်နောက်တွင် ရှဲ့လန်နှင့် မန်ခွိုက်သည် နေရာတစ်ခုရှာကာ တင်ပလင်ခွေထိုင်၍ အားဖြည့်လိုက်ကြလေသည်။

ဤသို့ဖြင့် တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားခဲ့လေသည်။

ထိုရက်များအတွင်း မည်သူမျှ မလှုပ်ရှားကြချေ။ ကျွန်းအတွင်းပိုင်းဆီမှသာ ထူးဆန်းသည့် လှုပ်ရှားမှုများကို ရံဖန်ရံခါ ခံစားနေခဲ့ရသည်။ ရက်အနည်းငယ်ခန့်ကြာအောင် အနားယူပြီးသည့်နောက်တွင် အကုန်လုံးမှာ အားပြန်ပြည့်သွားခဲ့ကြလေသည်။

တစ်ခုသောအချိန်သို့ အရောက်တွင် မန်ခွိုက်က ရုတ်တရက် မျက်မှောင်ကျုံ့၍ ပြောလိုက်လေသည်။ “ဟျောင့်တွေ… ငါတို့ အသံဗလံတွေမကြားတာ နည်းနည်း ကြာနေသလိုပဲနော်…”

လွန်ခဲ့သော ရက်များအတွင်း မကြာခဏဆိုသလို ကျွန်းအတွင်းပိုင်းဆီမှ အသံဗလံများကို ကြားရလေ့ရှိပေသည်။ သို့သော်ငြား ယနေ့တွင်မူ နေ့တစ်ဝက်ကြာသွားပြီဖြစ်သည့်တိုင် မည်သည့်အသံကိုမှ မကြားရတော့ချေ။ ထို့အတွက်ကြောင့် သူတို့စိတ်ထဲ မယုံသင်္ကာ ဖြစ်လာလေ၏။

“ပန်းပဲဆရာ…” တစ်ခုခုအား စဉ်းစားမိသွားသည့်အလား ချန်ဖေး၏အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့လေသည်။

ချန်ဖေး၏စကားကိုကြားသော် အကုန်လုံး၏အမူအယာ လေးနက်တည်ကြည်သွားခဲ့ကြလေသည်။ ဆန်းတဲ့သာ အစီအရင်ထဲတွင် သေသွားခဲ့မည်ဆိုပါက လုံးဝကို ပြဿနာတက်ရလေပြီ။

ထိုအခိုက်အတန့်တွင် ရှဲ့လန်သည် သူမ၏ ဆက်သွယ်ရေးဓာတ်လုံးကို ထုတ်လျက် အံ့အားသင့်နေဟန်ဖြင့် ပြောလိုက်လေသည်။ “ပန်းပဲဆရာက ငါတို့ကို သူ့ဆီလာဖို့ ပြောနေပြီ… သူ အစီအရင်ကို ဖျက်ဆီးပြီးသွားပြီတဲ့….”

ထိုစကားကိုကြားသည့်အခါ အကုန်လုံး တုန်လှုပ်သွားခဲ့ကြပြီး ချက်ချင်းပဲ ကျွန်းအတွင်းပိုင်းဆီသို့ ပြေးထွက်သွားကြလေသည်။

လမ်းတစ်လျှောက်တွင် အပျက်အစီးများကို မြင်တွေ့ခဲ့ရပေသည်။ ထိုအပျက်အစီးများမှာ ဆန်းတဲ့မှ အစီအရင်များကို ဖျက်ဆီးရာမှ ဖြစ်ပေါ်လာခြင်း ဖြစ်လောက်သည်။ ထို့အပြင် ထိုအပျက်အစီးများဆီမှ ထွက်ပေါ်နေသည့် စွမ်းအားများကို အာရုံခံမိရသလောက် ဆန်းတဲ့သည် အမှန်တကယ်ကိုပင်လျှင် တာအိုသခင် အထွဋ်အထိပ်အဆင့် ပညာရှင်တစ်ဦး ဖြစ်ပေသည်။

တစ်နာရီခန့် ကြာအောင် လမ်းလျှောက်လာပြီးမှသာလျှင် ရန်ကိုင်တို့လေးဦး ဆန်းတဲ့အား လိုက်မီသွားခဲ့လေသည်။ လက်ရှိတွင် ဆန်းတဲ့သည် ကျောက်တုံးနံရံတစ်ခုရှေ့၌ တင်ပလင်ခွေ ထိုင်နေခဲ့လေသည်။ အစီအရင်ကို ဖျက်ဆီးရသည်မှာလည်း သူ့အတွက် အတော်လေးကိုမှ ပင်ပန်းနွမ်းနယ်ရသည့် ပုံပင်။ လက်ရှိဆန်းတဲ့မှာ အတော်လေးကိုမှ ဖိုသီဖတ်သီ ဖြစ်နေခဲ့လေသည်။ သို့သော်ငြား ရန်ကိုင်တို့လေးဦး ရောက်မလာခင်တည်းက ဆေးလုံးများကိုသောက်သုံး၍ အားပြန်ဖြည့်ထားသည့်အတွက်ကြောင့် သူ့အခြေအနေမှာ အတော်လေးကို ကောင်းမွန်နေခဲ့သည်။

ဆန်းတဲ့အားပြန်ဖြည့်နေသည်ကို မြင်‌သော် ရန်ကိုင်တို့လည်း သူ့အား သွားမနှောင့်ယှက်ခဲ့ကြပေ။ နေရာအသီးသီးရှာ၍သာ ရပ်စောင့်နေလိုက်ကြသည်။ မကြာမီတွင် သူတို့၏အကြည့်သည် ကျောက်နံရံပေါ်ရှိ ကျောက်ပြားတစ်ချပ်ဆီသို့ ရောက်သွားခဲ့လေသည်။ ကျောက်ပြားမှာ ချောမွတ်ကာ ပြားချပ်နေခဲ့လေသည်။ ထိုကျောက်ပြားသည် ကျောက်နံရံ၏ နောက်ဘက်ဆီသို့ ဦးတည်နေသော တံခါးတစ်ချပ် ဖြစ်သည့်ပုံပင်။

ဆန်းတဲ့သည် ထိုကျောက်တံခါးကြောင့် ဤနေရာတွင် ရပ်စောင့်နေရခြင်း ဖြစ်ပေသည်။

ထိုအချင်းအရာကိုမြင်သော် အကုန်လုံး၏စိတ်ထဲ သံသယတို့ ထွက်ပေါ်လာခဲ့လေသည်။ ဤကျောက်တံခါးပေါ်တွင် မည်သည့်အစီအရင်၏ အရိပ်အယောင်ကိုမှ မတွေ့ရချေ။ ကျောက်တံခါးအား ထူးဆန်းသည့် ပစ္စည်းတစ်မျိုးမျိုးဖြင့် လုပ်ထားသည်ဆိုလျှင်ပင် ဆန်းတဲ့အဖို့ ထိုကျောက်တံခါးကိုဖွင့်၍ အထဲသို့ ဝင်သွားဖို့ရာ ပြဿနာမရှိလောက်ချေ။

အကုန်လုံးမှာ အတွေ့အကြုံရှိသည့် ကျင့်ကြံသူများ ဖြစ်ကြသည့် အတွက်ကြောင့် သူတို့စိတ်ထဲ မယုံသင်္ကာ ဖြစ်နေသည့်တိုင် ကျောက်တံခါးကို မည်သူမျှ သွားမထိကြချေ။ ဆန်းတဲ့ နိုးလာမည့်အချိန်ကိုသာ ငြိမ်သက်စွာ ရပ်စောင့်နေကြလေ၏။

တစ်နာရီခန့်ကြာပြီးသည့်နောက်တွင် ဆန်းတဲ့၏ ဖြူဖတ်ဖြူလျော်ဖြစ်နေသော မျက်နှာမှာ သွေးနီရောင် ပြန်သမ်းလာခဲ့လေသည်။ ထို့နောက် ဖြည်းဖြည်းချင်း မျက်လုံးဖွင့်လာပြီး မတ်တပ်ရပ်လိုက်လေ၏။

“ပန်းပဲပညာရှင်…” ဆန်းတဲ့နိုးလာသည်ကိုမြင်သော် ချန်ဖေးက အလျင်အမြန် အော်ပြောလိုက်လေသည်။ “ကျုပ်တို့ အခု ဘာလုပ်ရမလဲ…”

ဆန်းတဲ့သည် ကျောက်တံခါးအား မှုန်ကုပ်ကုပ်အမူအယာဖြင့် ကြည့်ရင်း “ဒီတံခါးက ကောင်းကင်ရွှေနဲ့ လုပ်ထားတဲ့တံခါးပဲ… အနည်းဆုံး ကီလိုဂရမ်တစ်သိန်းလောက်လေးတယ်… ဝင်ချင်လို့ရှိရင် ငါတို့ အကြမ်းနည်းသုံးပြီးတော့ ဝင်မှပဲ ရလိမ့်မယ်… ငါတို့လိုချင်နေတဲ့ပစ္စည်းက ဒီတံခါးနောက်မှာ ရှိနေတာ…”

“ကောင်းကင်ရွှေ…”

ရန်ကိုင်တို့လေးဦးစလုံးမှာ ထိုနာမည်ကို ကြားဖူးနေသည့်အလား ဆန်းတဲ့ပြောသည်ကို ကြားသော် သူတို့၏မျက်လုံးများ တဖျတ်ဖျတ် တောက်ပလာခဲ့ကြပြီး ကျောက်တုံးတံခါးအား မီးတောက်မတတ် အမူအယာများဖြင့် ကြည့်လိုက်ကြလေသည်။

ရန်ကိုင်သည်လည်း အလွန်ကိုမှ အံ့အားသင့်နေခဲ့သည်။ ကျောက်တံခါးမှာ တစ်ခုခု ထူးခြားနေရလိမ့်မည်ဟု ထင်ထားခဲ့ပါသော်ငြား ဤမျှအဖိုးတန်သည့် ပစ္စည်းတစ်မျိုး ဖြစ်နေလိမ့်မည်ဟုတော့ မထင်ထားခဲ့ပေ။ ကောင်းကင်ရွှေသည် ဧကရာဇ်အဆင့် ကုန်ကြမ်းပစ္စည်းတစ်ခု ဖြစ်ပေသည်။ ထိုပစ္စည်းသည် ဧကရာဇ်အဆင့် ပညာရှင်ပေါင်းများစွာမှ လိုချင်နေသည့် ပစ္စည်းတစ်ခု ဖြစ်လေရာ ထိုကဲ့သို့သော အဖိုးတန်သည့် ပစ္စည်းတစ်ခုအား ဤကျွန်းပေါ်တွင် လာတွေ့ရလိမ့်မည်ဟု ရန်ကိုင် မထင်ထားခဲ့ပေ။

ထို့အပြင် ထိုပစ္စည်းကို ဤကျောက်နံရံထဲသို့ ဝင်ရန် လုပ်ထားသည့် တံခါးတစ်ခုအဖြစ် အသုံးပြုထားခဲ့လေသည်။

ဆန်းတဲ့၏ဆရာသည် တကယ်ကိုမှ အသုံးအဖြုန်းကြီးလွန်းလှသည်။ ဤကဲ့သို့သော ကောင်းကင်ရွှေကိုသာ အပြင်တွင် သွားထုတ်ရောင်းမည်ဆိုပါက မိုးထိမတတ် ဈေးဖြင့် ရောင်းချနိုင်ပေလိမ့်မည်။ ကောင်းကင်ရွှေသည် မရေမတွက်နိုင်သော ဧကရာဇ်အဆင့် ပညာရှင်များကိုပင်လျှင် အရူးအမူးဖြစ်စေနိုင်သည့် အရာမျိုးဖြစ်သည်။

လူအုပ်ကြီး၏ တုံ့ပြန်မှုကိုမြင်သော် ဆန်းတဲ့က မျက်မှောင်ကြုတ်လျက် ပြောလိုက်လေသည်။ “မန်ခွိုက်… ဒီတစ်ကြိမ် ငါမင်းကို အားကိုးလိုက်မယ်…”

ထိုစကားကိုကြားသော် မန်ခွိုက်က ခေါင်းညိတ်လျက် ပြန်ပြောလိုက်လေသည်။ “စိတ်မပူနဲ့ ပန်းပဲပညာရှင်… အခြားနေရာတွေမှတော့ ကျုပ် ဘာမှမပြောရဲပေမဲ့ ကာယခွန်အားပိုင်းမှာတော့ ကျုပ်ကိုယ်ကျုပ် ယုံကြည်ချက် အပြည့်ရှိပြီးသား…”

ဆန်းတဲ့ ရှင်းရှင်းလင်းလင်း ပြောပြီးသွားလေပြီ။ ဤကျောက်တုံးကို ကောင်းကင်ရွှေဖြင့် ပြုလုပ်ထားသည့် အတွက်ကြောင့် သာမန်တိုက်ခိုက်မှုများဖြင့် ဖျက်ဆီး၍မရ။ အကြမ်းနည်းသုံး၍ တွန်းဖွင့်မှသာလျှင် ရနိုင်ပေလိမ့်မည်။ လက်ရှိ လူငါးယောက်ထဲတွင် မန်ခွိုက်သည် ထိုတာဝန်ကို လုပ်ရန်အတွက် အသင့်တော်ဆုံး လူတစ်ဦးဖြစ်ပေသည်။

ထို့ကြောင့်ပင်လျှင် ဆန်းတဲ့သည် ယခုခရီးအတွက် မန်ခွိုက်ကို ရွေးခဲ့ခြင်း ဖြစ်လောက်ပေသည်။

မန်ခွိုက်သည် ကျောက်တုံးတံခါးရှေ့သို့ လမ်းလျှောက်သွားလိုက်လေသည်။ ထို့နောက် အလေးအနက် အမူအယာဖြင့် သူ့ခွန်အားကို စတင် လှည့်ပတ်လိုက်လေ၏။ မန်ခွိုက် မည်ကဲ့သို့သော ကျင့်စဉ်ကို အသုံးပြုလိုက်လဲမသိရ သူ၏ တုတ်ခိုင်ထွားကျိုင်းသော ခန္ဓာကိုယ်ကြီးမှာ ပို၍ပင် ကြီးမားလာခဲ့လေသည်။ ကြွတက်နေသော ကြွက်သားများမှာလည်း ယခင်ကထက်ပင် ပို၍ ဖောင်းကားတက်လာလေ၏။ ထိုမြင်ကွင်းကိုကြည့်ရင်း ရှဲ့လန်၏မျက်ဝန်းလေးများ ထူးဆန်းသည့် အလင်းရောင်တို့ဖြင့် တဖျတ်ဖျတ် တောက်ပသွားခဲ့လေသည်။

ထို့နောက်တွင် မန်ခွိုက်သည် မာန်သွင်းအော်ဟစ်၍ ကျောက်တံခါးကို စတင် တွန်းတော့လေသည်။ မန်ခွိုက်၏လက် ကျောက်တံခါးနှင့် သွားထိသည်နှင့် တစ်ပြိုင်နက် တောင်နှစ်လုံး အချင်းချင်း ဝင်ဆောင့်နေသည့်နှယ် ဝုန်းခနဲဟူသော အသံတစ်သံ ထွက်ပေါ်လာခဲ့လေသည်။

မန်ခွိုက်၏ ကာယခွန်အားကိုကြည့်ရင်း အကုန်လုံး အံ့အားသင့်နေကြလေသည်။

ရန်ကိုင်ပင်လျှင် အံ့အားသင့်နေခဲ့သည်။ ရန်ကိုင်ကိုယ်တိုင်သည် သူ့ကာယခွန်အားအပေါ် အလွန်ယုံကြည်ချက်ရှိသည့် လူတစ်ဦးဖြစ်ပေသည်။ သို့သော်ငြား မန်ခွိုက်နှင့် ယှဉ်ကြည့်လိုက်သော် သူတို့ကြားတွင် ကွာခြားချက်တစ်ခု ရှိနေသေးမှန်း သိလိုက်၏။ ကာယခွန်အားခြင်းသီးသန့်သာ ယှဉ်မည်ဆိုပါက ရန်ကိုင်ကိုယ်တိုင်သည်ပင်လျှင် မန်ခွိုက်၏ပြိုင်ဘက် ဖြစ်နိုင်လိမ့်မည် မဟုတ်ချေ။

“ကောင်းတယ် ကောင်းတယ် မန်ခွိုက်… ဆက်လုပ်ထား…” ထိုအချင်းအရာကိုမြင်သော် တွင်းဟောင်းရေပြင်တစ်ခုနှယ် အမြဲလိုလိုတည်ငြိမ်နေသော ဆန်းတဲ့၏မျက်နှာထက် အပြုံးတစ်ပွင့် ထွက်ပေါ်လာခဲ့လေသည်။ “ဒါပြီးသွားတာနဲ့ ကျန်တာတွေက အများကြီး လွယ်သွားပြီ…”

ဆန်းတဲ့၏စကားအရ ဤတံခါးကို တွန်းဖွင့်ရန်မှာ ယခုခရီး၏ အခက်ခဲဆုံး အစိတ်အပိုင်း ဖြစ်သည့်ပုံပင်။

သို့သော်ငြား ထိုကဲ့သို့ ဖြစ်သည်မှာ အံ့အားသင့်စရာတော့မဟုတ်ပေ‌။ ကီလိုဂရမ် တစ်သိန်းခန့်လေးသော ကျောက်တံခါးကို ဤအတိုင်း လက်ဖြင့် တွန်းဖွင့်ရန်မှာ ဤလောကကြီးထဲရှိ လူတော်တော်များ လုပ်နိုင်သည့် အရာမျိုး မဟုတ်ချေ။ မန်ခွိုက်ကို ဘေးဖယ်ထားမည်ဆိုပါက ကောင်းကင်ကျွန်းတွင် ထိုကဲ့သို့လုပ်နိုင်မည့်လူ နောက်ထပ်တစ်ယောက် ရှိတော့လိမ့်မည်မဟုတ်ဟု ရန်ကိုင် တွေးမိသည်။ ထို့အတွက်ကြောင့်ပင်လျှင် ဆန်းတဲ့သည် မန်ခွိုက်ကဲ့သို့သော လူမျိုးကို ရှာရန်အတွက် ငါးနှစ်ခန့်လောက် အချိန်ဖြုန်းလိုက်ရခြင်း ဖြစ်လောက်သည်။

“ပန်းပဲပညာရှင်… ခင်ဗျား ဒီကို ရောက်ဖူးလား…” ရန်ကိုင်က စဉ်းစဉ်းစားစားဖြင့် မေးလိုက်လေသည်။

ဆန်းတဲ့သာ ဤနေရာသို့ မရောက်ဖူးပါက အထဲရှိ အခြေအနေကို မည်ကဲ့သို့များ သိပါမည်နည်း။ ထို့အပြင် ဤနေရာအကြောင်းကို ဘာကြောင့် ဤမျှ သိထားရပါမည်နည်း။ ဆန်းတဲ့မှာ လမ်းတွင် ကြုံတွေ့ရသော အစီအရင်များကို အေးအေးဆေးဆေးသာ‌ ဖြေရှင်းသွားခဲ့သည်။ ထိုအစီအရင်များကို ဖျက်ဆီးရန်အတွက် အတော်လေး အားကုန်ခဲ့ရသော်ငြား သူ့တွင် မည်သည့်ဖိအားမှ မရှိပေ။

“ဟိုးအရင်တုန်းကတော့ တစ်ခါရောက်ဖူးတယ်…” ဆန်းတဲ့က မရေမရာပြန်ပြောလိုက်လေသည်။

“ကျွီ….”

မန်ခွိုက်၏ အားကောင်းလှသော တွန်းအားတွင် ကျောက်တံခါးမှာ တဖြည်းဖြည်း ပွင့်လာခဲ့လေသည်။

ထိုအချင်းအရာကိုမြင်သော် မန်ခွိုက်သည် နောက်တစ်ကြိမ် မာန်သွင်းအော်ဟစ်၍ ဆက်တွန်းလိုက်လေ၏။

တံခါးမှာ တဖြည်းဖြည်းနှင့် ပွင့်လာခဲ့လေသည်။ ဆန်းတဲ့သည် အလွန်ကိုမှ စိတ်ဂနာမငြိမ် ဖြစ်နေသည့်အလား ထိုမြင်ကွင်းကို မျက်လုံးအပြူးသားဖြင့် ကြည့်နေခဲ့လေသည်။

ရုတ်တရက် မန်ခွိုက်သည် မျက်မှောင်ကြုတ်၍ အံ့အားသင့်နေဟန်ဖြင့် အော်ပြောလိုက်လေသည်။ “ပန်းပဲဆရာ… တစ်ခုခုမှားနေသလိုပဲ…”

“ဘာမှားနေလို့လဲ…” ဆန်းတဲ့က မျက်မှောင်ကြုတ်၍ အလျင်အမြန် ပြန်မေးလိုက်လေသည်။

မန်ခွိုက်က ပြန်ပြောလိုက်လေ၏။ “ဒီကျောက်တံခါးဆီကနေ ဆွဲအားတစ်ခုကို ကျုပ်ခံစားနေရတယ်… ဒီတိုင်း တွန်းဖွင့်လိုက်တာ အဆင်ပြေပါ့မလား ပန်းပဲဆရာ…”

ဆန်းတဲ့က အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လိုက်လေ၏။ “ဘာလို့ အဆင်မပြေရမှာလဲ… မြန်မြန်သာ တွန်းဖွင့်လိုက်စမ်းပါကွာ…”

မန်ခွိုက်သည် တစ်ခုခုမှားယွင်းနေသည်ဟု ခံစားနေခဲ့ရသော်ငြား ဆန်းတဲ့ကို ယုံကြည်ရန်သာ ဆုံးဖြတ်လိုက်လေသည်။ ထို့နောက် အားထပ်ထည့်၍ တံခါးကို ထပ်မံ တွန်းဖွင့်လေ၏။ ဤသို့ဖြင့် တံခါးပေါက်မှာ တဖြည်းဖြည်း ကျယ်လာခဲ့လေသည်။

နောက်ဆုံး တံခါးပေါက်သည် လူတစ်ယောက်ဝင်နိုင်စာခန့်အထိ ကျယ်သွားပြီးသည့်အခါ ဆန်းတဲ့က အော်ပြောလိုက်လေ၏။ “အထဲဝင်ကြတော့…”

ရန်ကိုင်နှင့် အခြားသူများမှာလည်း အစောကြီးတည်းက ပြင်ဆင်ပြီးသွားကြလေပြီ။ ထို့ကြောင့် အလျင်အမြန် တစ်ယောက်ချင်း ဝင်သွားကြလေ၏။

သူတို့အထဲသို့ ဝင်လာပြီးပြီးချင်းမှာပင် မန်ခွိုက်၏ ကြောက်လန့်တကြား အော်ဟစ်သံကို ကြားလိုက်ရလေသည်။ ထိုအော်သံနှင့်အတူ မန်ခွိုက်ကလှမ်းအော်လေ၏။ “ပန်းပဲဆရာ… ကျုပ်ကိုကယ်ပါဦး…”

“ဘာဖြစ်တာလဲ…” ရှဲ့လန်မှာ ထိတ်လန့်သွားခဲ့ပြီး ဖြူဖတ်ဖြူလျော်မျက်နှာဖြင့် ဘေးပတ်ဝန်းကျင်အား လှည့်ပတ်စစ်ဆေးရင်း ပြန်အော်မေးလိုက်လေသည်။

တံခါးကို တွန်းဖွင့်နေစဉ်က မန်ခွိုက်မှာ အကောင်းကြီးသာ ရှိပေသေးသည်။ ယခု သူမတို့ ဤကျောက်တံခါးထဲသို့ ဝင်လာသည့်အခါမှသာ ဘာကြောင့်များ ဤကဲ့သို့ ဖြစ်သွားကုန်ရလေသနည်း။

All Chapters