← Chapters

အခန်း (၂၃၉၁-၂၃၉၅)

Vol. 96 Ch. 2391-2395

အခန်း (၂၃၉၁-၂၃၉၅)

Vol. 96 Ch. 2391-2395

အပိုင်း (၂၃၉၁)

မန်ခွိုက်၏အော်သံကြောင့် ရန်ကိုင်နှင့် အခြားသူများ၏မျက်နှာ ဖြူလျော်သွားခဲ့ကြပြီး သူတို့၏ ကောင်းကင်စိတ်အာရုံများကို ကမန်းကတန်း ဖြန့်ကျက်၍ ပတ်ဝန်းကျင်အား စစ်ဆေးကြည့်လိုက်ကြလေသည်။

မန်ခွိုက်၏ အခြေအနေကိုမြင်သော် အကုန်လုံး သက်ပြင်းအသီးသီး ရှိုက်မိလိုက်ကြသည်။

ဘာကြောင့်မှန်းမသိ မန်ခွိုက်၏လက်များသည် ကောင်းကင်ရွှေနှင့်လုပ်ထားသော ကျောက်တံခါးနှင့် ကပ်နေခဲ့လေသည်။ သူ့အနေဖြင့် သူ့လက်ကို မည်ကဲ့သို့ ပြန်ဆွဲရုန်းနေပါစေ လုံးဝ မလွတ်မြောက်နိုင်ခဲ့ပေ။ ကျောက်တံခါးနှင့် မန်ခွိုက်၏လက် ကပ်နေရုံသက်သက်ဆိုလျှင်တော့ ပြဿနာမရှိသေးချေ။ သို့သော်ငြား လက်ရှိတွင် ကျောက်တံခါးသည် မန်ခွိုက်၏ အသက်စွမ်းအင်ကိုပါ အရူးအမူး ဝါးမျိုနေခဲ့လေသည်။ တကယ်ခံစားနေရသော ကာယကံရှင်ဖြစ်သည့် မန်ခွိုက်မဆိုထားနှင့် ဘေးမှရပ်ကြည့်နေသော လူများပင်လျှင် ထိုအချင်းအရာကို အတိုင်းသား မြင်နေရသည်။ မူလက ဘာမှမထူးခြားသော ကျောက်တံခါးကြီးမှာ မန်ခွိုက်၏အသက်စွမ်းအင်ကို စုပ်ယူပြီးသည့်နောက်တွင် တဖြည်းဖြည်း နီရဲလာခဲ့လေသည်။

“ပန်းပဲဆရာ… ကျုပ်ကိုကယ်ပါဦး…” မန်ခွိုက်သည် အာခေါင်ခြစ်၍ ထအော်လေ၏။ ကျောက်တံခါးသာ ဤမျှ ထူးဆန်းမှန်း ကြိုသိခဲ့မည်ဆိုပါက ကျောက်တံခါးကို လုံးဝ လာထိခဲ့လိမ့်မည် မဟုတ်ချေ။ သို့သော်ငြား ယခုမူ နောက်ကျသွားခဲ့လေပြီ။

ခဏလေးအတွင်းမှာပင် သူ့ခွန်အား တစ်ဝက်တိတိ လျော့ကျသွားကြောင်းကို မန်ခွိုက် ခံစားနေခဲ့ရသည်။ ဆက်၍သာ ကြာနေဦးမည်ဆိုပါက မန်ခွိုက် အလောင်းကောင် ဖြစ်သွားရပေတော့မည်။

ရန်ကိုင်နှင့် အခြားသူများမှာ ဆန်းတဲ့အား လှမ်းကြည့်လိုက်ကြလေသည်။

ဆန်းတဲ့က အလျင်စလို ပြောလိုက်၏။ “တောင့်ထား… ငါလာနေပြီ…”

ထိုကဲ့သို့ ပြောပြီးသည့်နောက်တွင် ဆန်းတဲ့သည် မန်ခွိုက်ဆီသို့ ပြေးသွားလေသည်။ ခဏအကြာတွင် အားကောင်းသည့် စွမ်းအင်လှိုင်းတို့ ဖြာထွက်လာခဲ့လေ၏။ ဆန်းတဲ့ မန်ခွိုက်အား ကယ်တင်ရန် ကြိုးစားနေသည့်ပုံပင်။ သို့သော်ငြား ဘာတွေဖြစ်နေသလဲ ဆိုသည်ကိုတော့ သေသေချာချာ မမြင်ရချေ။ ထိုသို့မမြင်ရခြင်းမှာ ဆန်းတဲ့ဆီမှ ဖြာထွက်နေသည့် စွမ်းအင်များကြောင့် ဖြစ်ပေသည်။ သူ့ဆီမှ ဖြာထွက်နေသည့် စွမ်းအင်လှိုင်းများသည် ရန်ကိုင်နှင့် အခြားသူများ၏ ကောင်းကင်စိတ်အာရုံအား လာရောက်နှောင့်ယှက်နေခဲ့လေ၏။

မကြာခင်တွင် မန်ခွိုက်၏အော်သံ ပျောက်ကွယ်သွားခဲ့လေသည်။ ဆန်းတဲ့ မှုန်ကုပ်ကုပ်အမူအယာဖြင့် ပြန်ရောက်လာ၏။ ရန်ကိုင်တို့နားသို့ ရောက်သော် ဝမ်းနည်းသွားသည့် အမူအယာဖြင့် “ရောင်းရန်မန် ကံမကောင်းသွားခဲ့ဘူး…”

ရှဲ့လန်နှင့် ချန်ဖေးတို့၏ အမူအယာ ပြောင်းလဲသွားခဲ့လေသည်။ သူတို့နှစ်ဦးမှာ ဆန်းတဲ့အား မယုံကြည်နိုင်ဟန်ဖြင့် စိုက်ကြည့်နေကြသော်ငြား ရန်ကိုင်ကမူ တည်တည်ငြိမ်ငြိမ်ဖြင့်သာ ရှိနေလေသည်။

မန်ခွိုက် မည်မျှအားကောင်းကြောင်းကို သူတို့သိကြသည်။ သို့သော်ငြား ထိုကဲ့သို့သော လူတစ်ဦးသည် အချိန်တိုလေးအတွင်း အသက်ပျောက်သွားခဲ့ရလေသည်။ မန်ခွိုက် ထောင်ချောက်တစ်ခုခုထဲသို့ ကျသွားခြင်းသာ ဖြစ်ရပေလိမ့်မည်။ မန်ခွိုက်နေရာတွင် ရှဲ့လန်နှင့် ချန်ဖေးတို့ဆိုပါကလည်း ထူးခြားလိမ့်မည် မဟုတ်ချေ။

“ငါ့လခွမ်းကွာ… အဲ့ကျောက်တုံးထဲမှာ စိတ်ဝိဉာဉ်ဝါးမျိုခြင်း အစီအရင်တစ်ခု ရှိနေလိမ့်မယ်လို့ မထင်ထားမိခဲ့လိုက်ဘူး… အဲ့လိုရှိနေမှန်းသာ ကြိုသိခဲ့ရင် ရောင်းရင်းမန် အခုလိုမျိုး ဖြစ်သွားမှာမဟုတ်ဘူး… ကံဆိုးလိုက်တာ…” ဆန်းတဲ့သည် တစ်ခဏတာမျှ ငြီးတွားနေခဲ့လေသည်။

ခဏအကြာ၌ ခေါင်းမော့၍ “ရောင်းရင်းမန်သေသွားတာနဲ့ ပတ်သက်ပြီး မင်းတို့ အရမ်းကြီးဝမ်းနည်းမနေဖို့ ငါမျှော်လင့်ပါတယ်…”

မည်သူမျှ စကားတစ်ခွန်းမှ မပြောကြချေ။

မန်ခွိုက် သေသွားရခြင်းမှာ ဆန်းတဲ့မှ စိတ်ဝိဉာဉ်ဝါးမျိုခြင်း အစီအရင်အား တကယ်မတွေ့လိုက်သည့် အတွက်ကြောင့်လား ထိုသို့မဟုတ်ဘဲ သိလျက်သားနှင့် မပြောဘဲနေလိုက်သည့် အတွက်ကြောင့်လား ဆိုသည်ကိုတော့ မည်သူမျှ မသိကြချေ။ မည်သို့ပင်ဖြစ်စေကာမူ ဤအခြေအနေထိ ရောက်လာပြီးသွားပြီ ဖြစ်သလို သေသွားသည့်လူမှာလည်း အပြင်လူတစ်ဦးသာ ဖြစ်သည့်အတွက်ကြောင့် သူတို့အနေဖြင့် မန်ခွိုက်အတွက် ဝမ်းနည်းပူဆွေးနေလိမ့်မည် မဟုတ်သလို နောက်သို့လည်း ပြန်ဆုတ်ကြလိမ့်မည် မဟုတ်ချေ။

သို့သော်ငြား ယခုအဖြစ်အပျက် ပြီးသည့်နောက်တွင် မည်သူမျှ သူတို့ကြုံတွေ့ရသမျှ အရာအားလုံးကို ပေါ့ပေါ့ဆဆ မမှတ်ရဲတော့ပေ။ ဤနေရာသည် ဧကရာဇ်အဆင့် အစီအရင်ပညာရှင်တစ်ဦး နေသည့် နေရာတစ်ခု ဖြစ်ပေသည်။ ထို့ကြောင့် သူတို့လှမ်းလိုက်သည့် ခြေလှမ်းတိုင်းတွင် ထောင်ချောက်များ ရှိနေနိုင်၏။

“အားလုံး အဆင်ပြေတယ်ဆိုရင် ဆက်သွားကြတာပေါ့…” ဆန်းတဲ့က လူအုပ်ကြီးအား တစ်ချက်ဝေ့ကြည့်လိုက်ပြီးသည့်နောက်တွင် ပြောလိုက်လေသည်။

ရန်ကိုင်က မေးလိုက်လေ၏။ “ပန်းပဲပညာရှင်… ခင်ဗျားက လူငါးယောက်ရအောင် စုထားတာဆိုတော့… အခု လူတစ်ယောက်လျော့သွားတော့ ပြဿနာမတက်နိုင်ဘူးလား…”

ဆန်းတဲ့က ပြန်ပြောလိုက်သည်။ “ဘာပြဿနာမှ ရှိမှာမဟုတ်ဘူး… ဒီလူအိုကြီး မန်ခွိုက်ကို ခေါ်လာခဲ့တာ အဲ့ကျောက်တံခါးကို ဖွင့်ခိုင်းချင်လို့ပဲ။ အခု သူ့တာဝန်ပြီးသွားပြီဆိုတော့ နောက်ပိုင်း သူ့ကို လိုတော့မှာ မဟုတ်ဘူး…”

“အဲ့လိုကိုး… ကျုပ်သိပြီ…” ရန်ကိုင်က ပြုံးဖြီးလျက် ပြောလိုက်၏ “ဒါဆို ဆက်သွားကြတာပေါ့…”

ဆန်းတဲ့သည် ခေါင်းညိတ်၍ ရှေ့မှ ဦးဆောင်သွားလေသည်။

ရန်ကိုင်တို့ သုံးယောက်သည် အကြည့်ချင်းတစ်ချက် ဖလှယ်လိုက်ကြပြီးသည့်နောက် ဆန်းတဲ့နောက်မှ လိုက်သွားကြလေ၏။ ရန်ကိုင်မေးလိုက်သည့် မေးခွန်းမှတစ်ဆင့် ဆန်းတဲ့သည် ကျောက်တံခါးထဲရှိ စိတ်ဝိဉာဉ်ဝါးမျိုခြင်းအစီအရင်အား သိထားရလိမ့်မည်မှန်း အကုန်လုံး ခန့်မှန်းမိသွားကြလေသည်။ မန်ခွိုက်သာ ကျောက်တံခါးကို တွန်းဖွင့်မည်ဆိုပါက မည်ကဲ့သို့ ဖြစ်သွားမလဲဆိုသည်ကို ဆန်းတဲ့ သိထားပြီး ဖြစ်လောက်၏။ သို့သော်ငြား မသိချင်ယောင်ဆောင်၍သာ တိတ်တိတ်လေး နေခဲ့ပေသည်။

ဤလူအိုကြီးသည် သဘောကောင်းချင်ယောင် ဆောင်နေသော်ငြား အလွန်ကိုမှ ကောက်ကျစ်သည့် လူတစ်ဦး ဖြစ်ပေသည်။ ထို့အတွက်ကြောင့် သူတို့သတိချပ်ထားရမည်မှန်း ရှဲ့လန်နှင့် ချန်ဖေးတို့နှစ်ဦးလုံး သိလိုက်ကြသည်။

လမ်းတစ်လျှောက်တွင် ရန်ကိုင်တို့လေးဦးလုံးသည် မည်သည့်အတားအဆီးနှင့်မှ မကြုံခဲ့ရပေ။ ဤနေရာသည် ပညာရှင်တစ်ဦးမှ ချန်ထားရစ်ခဲ့သည့် နေရာတစ်ခု ဆိုသည်မှာ လုံးဝကို မှန်ပေသည်။ ကျောက်နံရံအတွင်းပိုင်းသည် အတော်လေးကိုမှ ကျယ်ဝန်းလှပြီး လိုဏ်ဂူနံရံများမှာလည်း ညလင်းကျောက်များဖြင့် တန်ဆာဆင်ထားခဲ့လေသည်။ ထို့အတွက်ကြောင့် အလင်းရောင် သိပ်မမြင်ရလျှင်ပင် နည်းနည်းပါးပါးတော့ စူးစမ်း၍ သွားလာနိုင်ပေ၏။

တစ်နာရီခန့် ကြာပြီးသည့်နောက်တွင် ရန်ကိုင်တို့လေးဦးသည် မီတာတစ်ထောင်ခန့်နက်သည့် မြေအောက်လိုဏ်ဂူတစ်ခုထဲသို့‌ ရောက်လာခဲ့ကြလေသည်။

ကျောက်စက်ပန်းဆွဲများမှာ ကျောက်နံရံများထက်မှ တွဲလောင်းကျနေခဲ့ပြီး ထိုကျောက်စက်ပန်းဆွဲများဆီမှ ရေစက်များမှာလည်း ကြမ်းပြင်ပေါ်သို့ တစ်စက်ချင်း ကျနေခဲ့လေသည်။

ထိုနေရာသို့ ရောက်လာပြီးသည့်နောက်တွင် အကုန်လုံး၏အကြည့်သည် လိုဏ်ဂူ၏ အလယ်ဗဟိုတွင် ရှိနေသော ပစ္စည်းဆီသို့ ရောက်သွားခဲ့လေ၏။

ထိုပစ္စည်းသည် မီတာနှစ်ဆယ်မှ သုံးဆယ်ခန့် အလျားရှိပြီး ချောမွေ့သော အနားသတ်များရှိသည့် လွန်းပျံပုံစံ မှော်ရတနာတစ်ခု ဖြစ်ပေသည်။ လွန်းပျံဆီမှ ဖြာထွက်နေသည့် အရှိန်အဝါဖြင့်ပင်လျှင် ထိုမှော်ရတနာသည် သာမန်မှော်ရတနာတစ်ခု မဟုတ်မှန်း မည်သူမဆို ပြောနိုင်၏။

ထိုနေရာသို့ ရောက်လာပြီးသည့်နောက်တွင် ဆန်းတဲ့၏မျက်လုံးများ ရုတ်ချည်း တောက်ပသွားခဲ့ပြီး တောင့်တောင့်ကြီး မတ်တပ်ရပ်လျက် လွန်းပျံအား မမှိတ်မသုန် စိုက်ကြည့်နေခဲ့လေသည်။

ရန်ကိုင်နှင့် အခြားသူများသည်လည်း ထိုလွန်းပျံအား အံ့ဩတကြီး ကြည့်နေကြလေသည်။ ဆန်းတဲ့သည် ဟင်းလင်းပြင်ကမ္ဘာထဲမှ ထွက်သွားရန်အတွက် လိုအပ်သည့် ပစ္စည်းတစ်ခုကို ဤနေရာတွင် လာယူကြောင်း သူတို့အား ပြောပြထားပြီးသွားခဲ့လေပြီ။ ထို့အတွက်ကြောင့် ထိုလွန်းပျံယာဉ်ကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် ထိုအရာသည် ဟင်းလင်းပြင်ကမ္ဘာထဲမှ ထွက်သွားရန် လိုအပ်သည့် ပစ္စည်းတစ်ခုမှန်း အကုန်လုံး သိသွားခဲ့ကြလေသည်။

“ပန်းပဲပညာရှင် ဒါက…” ရှဲ့လန်သည် ပထမဦးဆုံး စ၍ မေးလိုက်လေသည်။

ချန်ဖေးကိုယ်တိုင်မှာလည်း မမေးဘဲ ရပ်နေသော်ငြား သူ၏ စိတ်အားထက်သန်နေသည့် မျက်လုံးများမှာတော့ သူမည်ကဲ့သို့ ခံစားနေရကြောင်းကို အထင်းသား ဖော်ပြနေခဲ့သည်။

“ဟုတ်တယ်…” ဆန်းတဲ့က လေးလေးပင်ပင်နှင့် ခေါင်းညိတ်လျက် “ဒါက အဲ့တစ္ဆေအိုကြီး ဖန်တီးခဲ့တဲ့ ပင်လယ်ဘုရင်လွန်းပျံပဲ… ဒီပင်လယ်ဘုရင်လွန်းပျံကိုယ်တိုင်က ဧကရာဇ်အဆင့် မှော်ရတနာတစ်ခု မဟုတ်သေးပေမဲ့ သူ့မှာ လိုအပ်နေတာဆိုလို့ ဧကရာဇ်အရှိန်အဝါပဲ ရှိတော့တာ… ဒီလွန်းပျံယာဉ်နဲ့ဆိုရင် ငါတို့တွေ ဒီဟင်းလင်းပြင်ကမ္ဘာထဲကနေ ထွက်သွားလို့ရပြီ…”

ဆန်းတဲ့ အလွန်ကိုမှ စိတ်လှုပ်ရှားနေခဲ့လေသည်။

ဆန်းတဲ့ပြောသည်ကို ကြားပြီးသည့်နောက် ချန်ဖေးနှင့် ရှဲ့လန်တို့မှာလည်း ဝမ်းသာသွားခဲ့ကြလေ၏။ ဤခရီးသည် ဤမျှ လွယ်ကူလိမ့်မည်ဟု မထင်ထားခဲ့ချေ။

ဆန်းတဲ့နောက်သို့ လိုက်လာပြီးချိန်မှစ၍ တံလျှပ်ရောင်ပြန်အစီအရင်တစ်ခုကိုသာ သူတို့ငါးဦး ခက်ခက်ခဲခဲဖြင့် ကျော်ဖြတ်ခဲ့ရသည်။ ထို့နောက် အခြားမည်သည့် အခက်အခဲနှင့်မှ မကြုံရတော့ချေ။ မန်ခွိုက်တစ်ဦးသည်သာ ဒုက္ခလှလှနှင့် တွေ့သွားခဲ့ခြင်း ဖြစ်လေသည်။ ကျောက်တံခါးအား ဖြတ်ကျော်လာပြီးသည့်နောက်တွင် ဆန်းတဲ့နောက်မှ လိုက်လာခဲ့ရာ နောက်ဆုံးတွင် သူတို့လိုချင်နေသည့် ပစ္စည်းရှေ့သို့ ရောက်လာခဲ့လေသည်။

“ပန်းပဲပညာရှင်… ခင်ဗျား ဒီကထွက်သွားမယ်ဆိုရင် ကျုပ်တို့ ကူညီပေးထားတာကိုလည်း မမေ့နဲ့ဦးနော်…” ချန်ဖေးသည် ဆန်းတဲ့အား လှမ်းကြည့်၍ ပြောလိုက်လေသည်။

ဆန်းတဲ့က အဓိပ္ပာယ်ပါပါ ပြုံးလျက် “အာ… ဘယ်လိုလုပ်ပြီး မေ့ရမှာလဲ…” တစ်ချက်မျှ ရပ်ပြီးသည့်နောက်တွင် ဆန်းတဲ့က ဆက်၍ ပြောလိုက်လေသည်။ “ငါ ဒီမတိုင်ခင်က မင်းတို့ကို ပေးထားတဲ့ အစီအရင်အလံတိုင်တွေ ရှိသေးတယ်မလား…”

ဆန်းတဲ့ ဘာကြောင့် ထိုမေးခွန်းကို မေးလာသလဲ ဆိုသည်ကို မသိကြသော်ငြား အကုန်လုံးသည် သူတို့ရထားသည့် အစီအရင်အလံတိုင်များကို ထုတ်ယူလိုက်ကြလေသည်။ ထိုအစီအရင်အလံတိုင်များမှာ တံလျှပ်ရောင်ပြန်အစီအရင်ကို ချိုးဖြတ်ရန်အတွက် သူတို့အသုံးပြုခဲ့ကြသော အစီအရင်အလံတိုင်များ ဖြစ်ကြသည်။ သို့သော်ငြား တံလျှပ်ရောင်ပြန်အစီအရင် ပျက်စီးသွားသည့်နောက်တွင် ဆန်းတဲ့သည် ထိုအစီအရင်အလံတိုင်များကို ပြန်မတောင်းခဲ့ပေ။ ထို့အတွက်ကြောင့် အကုန်လုံးမှာလည်း သူတို့ဘာသာ သိမ်းထားလိုက်ကြသည်။

“ကောင်းတယ်…” ဆန်းတဲ့က ပြုံးလျက် “အဲ့ပင်လယ်ဘုရင်လွန်းပျံကို ယူဖို့ ငါတို့ အစီအရင်တစ်ခုကို ဖျက်ဆီးရဦးမယ်… ဒီအစီအရင်အတွက်တော့ ငါ မင်းတို့ရဲ့ အကူအညီကိုလိုတယ်…”

ရှဲ့လန်က အလျင်အမြန် ပြောလိုက်လေသည်။ “ကျွန်မတို့ ဘာလုပ်ရမလဲသာပြော ပန်းပဲဆရာ…”

ပင်လယ်ဘုရင်လွန်းပျံကို မြင်ပြီးသည့်နောက်တွင် ရှဲ့လန်မှာ တက်တက်ကြွကြွကို ပူးပေါင်းလာခဲ့လေသည်။ မန်ခွိုက်သေသွားသည်ကိုပင် သတိမရတော့ချေ။

“ငါ့နောက်လိုက်ခဲ့…” ဆန်းတဲ့က သူ့လက်ကိုဝှေ့ယမ်းလျက် ပင်လယ်ဘုရင်လွန်းပျံဆီသို့ ပျံသန်းသွားလေသည်။ ကျန်သည့်လူသုံးဦးမှာလည်း ဆန်းတဲ့နောက်သို့ အလျင်စလို လိုက်သွားကြလေ၏။

သို့ရာတွင် ပင်လယ်ဘုရင်လွန်းပျံဆီသို့ မရောက်သေးခင်မှာပင် ဆန်းတဲ့သည် လေထဲ၌ပင် လက်ကွက်တစ်ခုကို ရုတ်တရက် ကောက်ဖန်တီးလိုက်လေ၏။ ထို့နောက် စကားတစ်ခွန်းကို ရေရွတ်လိုက်လေသည်။ ထိုသို့လုပ်ပြီးသည့်နောက်တွင် အလွန်မြန်သည့်နှုန်းဖြင့် ပြေးထွက်သွားလေသည်။

ဆန်းတဲ့ရွတ်လိုက်သည့် စကားကို ကြားလိုက်သည်နှင့် ရန်ကိုင်နှင့် အခြားသူများ၏ အမူအယာ ပြောင်းလဲသွားခဲ့ကြလေသည်။ တစ်ခုခုမှားယွင်းနေသည်ဟု သူတို့စိတ်ထဲ ခံစားလိုက်ရသည်။ ဆန်းတဲ့ကပါ အလျင်အမြန် ထွက်ပြေးသွားသည်ကို မြင်သော် ထိုလူအိုကြီး တစ်ခုခုကြံနေပြီမှန်း သူတို့မသိဘဲ ဘယ်နေကြပါတော့မည်နည်း။

အထိတ်ထိတ်အလန့်လန့်ဖြင့် အကုန်လုံး ဆန်းတဲ့နောက်သို့ ပြေးလိုက်ရန် ကြံနေစဉ်မှာပင် ချန်ဖေးလက်ထဲမှ ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာခဲ့လေသည်။

ချန်ဖေးကိုင်ထားသည့် အစီအရင်အလံတိုင် ပေါက်ကွဲသွားခဲ့ခြင်း ဖြစ်သည်။

ထိုပေါက်ကွဲမှုကြောင့် ချန်ဖေးတစ်ကိုယ်လုံး ဖရိုဖရဲ ဖြစ်သွားခဲ့ပြီး သူ့ခန္ဓာကိုယ်အား ကာကွယ်ထားသော အရင်းအမြစ်ချီမှာလည်း ပျက်စီးသွားခဲ့လေသည်။

ထိုသို့ပျက်စီးသွားသည့်နောက် သူ အသိပြန်မဝင်လာနိုင်သေးခင်မှာပင် နောက်ထပ်ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာခဲ့လေသည်။ ယခုတစ်ကြိမ်တွင်တော့ ပေါက်ကွဲသံသည် ရှဲ့လန်ဆီမှ လာခြင်းဖြစ်လေသည်။

ထို့နောက်တွင် ရန်ကိုင့်ဆီမှ ထပ်မံထွက်ပေါ်လာပြန်လေ၏။ အစီအရင်အလံတိုင်သုံးခုစလုံးမှာ တစ်ဆက်တည်း ပေါက်ကွဲသွားခဲ့ကြလေသည်။

ချန်ဖေးနှင့် အခြားသူများမှာ အားနည်းခြင်း မရှိကြချေ။ ထို့အတွက်ကြောင့် အလစ်အငိုက် မိသွားကြသည့်တိုင် သူတို့၏ အကာအကွယ် မှော်ရတနာများကို အလျင်စလို ထုတ်ယူ၍ သေဘေးမှ ကပ်သီလေး လွတ်မြောက်သွားအောင် လုပ်နိုင်ခဲ့သည်။

ဆန်းတဲ့၏ အလစ်အငိုက် ချောင်းတိုက်ခိုက်ခြင်း ခံရပြီးသည့်နောက်တွင် ချန်ဖေးနှင့် ရှဲ့လန်တို့မှာ အလွန်ကိုမှ ဒေါသထွက်သွားကြလေသည်။ ထို့အတွက်ကြောင့် ပေါက်ကွဲမှုမှ သူတို့သူတို့ ဟန်ချက်ထိန်းလိုက်ပြီးသည့်နောက်တွင် ဆန်းတဲ့နောက်သို့ လိုက်ရန် ကြိုးစားတော့လေသည်။

သို့သော်ငြား အကုန်လုံး၏ အမူအရာ ရုတ်ချည်း ပြောင်းလဲသွားကြ၏။ သူတို့၏ခန္ဓာကိုယ်မှာ ရုတ်တရက်ဆိုသလို အားနည်းလာပြီး အလွန်ကိုမှ နာကျင်လာကြောင်း တွေ့ရှိလိုက်ရလေသည်။ ချန်ဖေးနှင့် ရှဲ့လန်တို့မှာ မည်သည့်ခွန်အားကိုမှ ထုတ်မသုံးနိုင်ကြတော့ဘဲ မြေပြင်ပေါ်သို့ တောင့်တောင့်ကြီး လဲကျသွားကြလေသည်။

ရန်ကိုင်သည်လည်း အခြေအနေဟန်သည့် ပုံမပေါ်။ ရှဲ့လန်နှင့် ချန်ဖေးတို့ဘေးနားသို့ မလှုပ်မယှက် လဲကျသွားခဲ့လေ၏။

“အဆိပ်…” ချန်ဖေး၏မျက်နှာကြီး ရှုံ့မဲ့သွားခဲ့လေသည်။ ယခုမှတော့ အစီအရင်အလံတိုင်ပေါ်တွင် ဖျက်ဆီးရေးစည်းတစ်ခု ဆန်းတဲ့ ထည့်ထားသည်ကို သူတို့မသိဘဲ ဘယ်နေပါတော့မည်နည်း။ ထို့အပြင် အစီအရင်အလံတိုင်အား ပြုလုပ်ထားသည့် ပစ္စည်းများနှင့် ပတ်သက်၍ တစ်ခုခု မှားယွင်းနေပေသည်။ ဆန်းတဲ့သည် အစီအရင်အလံတိုင်များကို သူတို့ဆီသို့ ပေးလာစဉ်တည်းက ယခုကဲ့သို့ ကြံနေခြင်း ဖြစ်ပေသည်။

တစ်ခဏအကြာတွင် ထောင့်တစ်ထောင့်ဆီမှ ဆန်းတဲ့ ပြန်ထွက်လာခဲ့လေသည်။ ဆန်းတဲ့သည် မြေပြင်ပေါ်တွင် လဲကျနေသည့် ရန်ကိုင်တို့သုံးဦးအား အေးစက်စက်အမူအယာဖြင့် စိုက်ကြည့်ရင်း မနှေးမမြန် လမ်းလျှောက်လာနေခဲ့သည်။

“ပန်းပဲဆရာ… ရှင် ဘာလို့ အခုလိုလုပ်တာလဲ…” ရှဲ့လန်မှာ ယခုအချိန်ထိ နားမလည်နိုင်သေးချေ။ သူမတို့သည် ဆန်းတဲ့အား သစ္စာဖောက်ရန် တစ်ခါမှပင် မကြိုးစားခဲ့ဖူးချေ။ ထို့အပြင် ပင်လယ်ဘုရင်လွန်းပျံကို ကြည့်ရသလောက် ၎င်း၏အတွင်းပိုင်းသည် လူဆယ်ယောက်ကျော်မက နေနိုင်လောက်သည်အထိ ကျယ်ပြောပေသည်။ ဆန်းတဲ့သည် ထိုအရာကို မရသေးသော်ငြား ဘာကြောင့်များ သူတို့အား အလစ်အငိုက် လုပ်ကြံတိုက်ခိုက်ရလေသနည်း။

သူတို့ကြားတွင် မည်သည့် ရန်ငြိုးရန်စမှ မရှိချေ။ ထို့အတွက်ကြောင့် ဆန်းတဲ့၏လုပ်ရပ်အပေါ် ရှဲ့လန် နားမလည်နိုင်အောင် ဖြစ်နေခဲ့လေသည်။

ချန်ဖေးသည်လည်း ဆန်းတဲ့အား မုန်းမုန်းတီးတီးဖြင့် စိုက်ကြည့်နေခဲ့လေသည်။ အစောကြီးတည်းက ဆန်းတဲ့သည် ယုံကြည်ရသည့် လူစားမျိုးမဟုတ်မှန်း သိထားခဲ့သည်။ သို့သော်ငြား ထိုလူအိုကြီးသည် သူတို့အပေါ် ဤမျှ မြန်မြန် အကောက်ကြံလိမ့်မည်ဟု မထင်ထားခဲ့ချေ။ သူထင်ထားခဲ့သည်မှာတော့ ပင်လယ်ဘုရင်လွန်းပျံကို ရပြီးသည့်အခါမှသာ ဆန်းတဲ့ သူတို့အား အကောက်ကြံလာလိမ့်မည် ဟူ၍ပင်။

“ကျေးဇူးပြုပြီး ဒီလူအိုကြီးကို အပြစ်မတင်ပါနဲ့… ငါလည်း ရွေးချယ်စရာမရှိလို့ အခုလိုမျိုး လုပ်လိုက်ရတာ…” ဆန်းတဲ့က ထူးမခြားနားဟန်ဖြင့် ပြောလိုက်လေသည်။ ထို့နောက် ဆက်ရှင်းပြရန် ကြိုးစားမနေတော့ဘဲ လက်ကွက်များကို စတင် ဖန်တီးတော့လေ၏။

ထိုလက်ကွက်များနှင့်အတူ ထူးဆန်းသည့် အသံတစ်သံ ထွက်ပေါ်လာခဲ့လေသည်။

ရန်ကိုင်တို့သုံးဦးသား အသံကြားရာဆီသို့ လှမ်းကြည့်လိုက်ရာ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ဦးရေပြားများ ထုံတက်သွားခဲ့လေ၏။

မြေပြင်ပေါ်တွင် မည်သည့်အချိန်တည်းကမှန်းမသိ တွင်းပေါက်များစွာ ထွက်ပေါ်လာကြောင်းကို တွေ့ရှိလိုက်ရသည်။ ထိုတွင်းပေါက်များဆီမှ သွေးများ ထွက်ပေါ်လာပြီး ထိုသွေးများသည် ကြမ်းပြင်ပေါ်တွင် သတ်မှတ်ထားသည့် ပုံစံအတိုင်း စတင် စီးဆင်းကြလေသည်။ မကြာမီတွင် ကြမ်းပြင်ပေါ်၌ သွေးများဖြင့် ရေးဆွဲထားသော အစီအရင်ကွက်တစ်ခု ပေါ်လာလေသည်။

ထိုသွေးများမှာ လတ်လတ်ဆတ်ဆတ်သာ ရှိပေသေးသည်။ ထို့အပြင် သွေးများဆီမှ ဖြာထွက်နေသည့် အရှိန်အဝါကို သူတို့အားလုံး ရင်းနှီးနေကြပေသည်။

“မန်ခွိုက်ရဲ့ သွေးတွေ…” တစ်ခုခုအား တွေးမိသွားသည့်အလား ချန်ဖေး၏ မျက်နှာကြီး ဖြူလျော်သွားခဲ့လေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၃၉၂)

ထိုသွေးမှာ လတ်လတ်ဆတ်ဆတ်သာ ရှိပေသေးသည်။ ထို့အပြင် အစောပိုင်းက မန်ခွိုက် သေသွားခဲ့သည်ကို ပြန်စဉ်းစားမိလိုက်သော် ထိုသွေးမှာ မန်ခွိုက်၏သွေးသာ ဖြစ်မည်မှန်း ချန်ဖေး သိလိုက်လေသည်။

မန်ခွိုက်သည် လွန်ခဲ့သော တစ်နာရီခန့်ကမှ သေသွားခဲ့ခြင်း ဖြစ်ပေသည်။ ယခု တစ်နာရီခန့် ကြာပြီးသည့်နောက်တွင် သူ့သွေးမှာ ဤနေရာသို့ ရောက်လာလေ၏။ ထို့နောက် အစီအရင်ကွက်တစ်ခုပုံစံအတိုင်း စီးဆင်းသွားခဲ့လေသည်။ ဤသည်မှာ လုံးဝကို ကြိုတင်ကြံစည်ထားခြင်းသာ ဖြစ်လေသည်။

လက်ဖက်ရည်တစ်ခွက်စာခန့် ကြာပြီးသည့်နောက်တွင် သွေးများ ရပ်တန့်သွားခဲ့လေသည်။ ဆက်၍ စီးဆင်းမနေတော့ချေ။ မြေပြင်ပေါ်ရှိ အစီအရင်မှာလည်း လုံးဝကို အသက်ဝင်နေခဲ့လေပြီ။ အစီအရင်ဆီမှ ဖြာထွက်နေသည့် အရှိန်အဝါကို ခံစားမိလိုက်သည့်နောက် အကုန်လုံး ကျောရိုးတစ်လျှောက် စိမ့်တက်သွားခဲ့လေ၏။

ခေတ္တခဏအကြာတွင် မှိန်ဖျဖျအော်ဟစ်သံတစ်သံ ထွက်ပေါ်လာခဲ့လေသည်။

ချန်ဖေးနှင့် အခြားသူများမှာ မြေပြင်ပေါ်တွင် ငြိမ်သက်စွာ လှဲလျောင်းနေရင်း အရင်းအမြစ်ချီကို သူတို့ကိုယ်ထဲရှိ အဆိပ်ကို ဖယ်ရှားရန် ကြိုးစားနေခဲ့ကြလေသည်။ သို့သော်ငြား ဘာကြောင့်မှန်းမသိ သူတို့ပို၍ ကြိုးစားလေ ကြိုးစားလေ သူတို့ခန္ဓာကိုယ်မှာ ပို၍ အားနည်းလာလေပင်။

ရုတ်တရက် ရှဲ့လန်၏မျက်နှာ ဖြူလျော်သွားခဲ့ပြီး အလန့်တကြား ထအော်လေ၏။ “မန်ခွိုက်…”

သူမအော်ဟစ်သံကို ကြားသော် ချန်ဖေးလည်း အလျင်စလို လှမ်းကြည့်လိုက်လေသည်။ ထို့နောက် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် မျက်လုံးကြီးပြူးသွားခဲ့လေသည်။ အကြောင်းမှာ အစီအရင်၏ အလယ်ဗဟိုတည့်တည့်တွင် ပုံရိပ်ယောင်ဝိဉာဉ်တစ်ခုကို မြင်လိုက်ရသည့် အတွက်ကြောင့်ပင် ဖြစ်လေသည်။ ထိုဝိဉာဉ်မှာ မန်ခွိုက်နှင့် တထေရာတည်းပင်။ မတူသည့် အချက်ဆို၍ ထိုဝိဉာဉ်တွင် မည်သည့်အသိစိတ်မှ ရှိမနေခြင်းသာ ရှိသည်။

ထိုအရာသည် မန်ခွိုက်၏ နာမ်ဝိဉာဉ်သာဖြစ်လေသည်။

ကျောက်တံခါးသည် မန်ခွိုက်၏ အသက်စွမ်းအင်ကိုသာ စုပ်ယူသွားခြင်းမဟုတ်။ သူ၏ နာမ်ဝိဉာဉ်ကိုပါက စုပ်ယူသွားခဲ့လေသည်။ လက်ရှိ မန်ခွိုက်၏ ဝိဉာဉ်ကို ကြည့်ရသလောက် ကျောက်တံခါးထဲ စုပ်ယူခံလိုက်ရပြီးသည့်နောက်တွင် ဆိုးဆိုးရွားရွား ထိခိုက်သွားခဲ့သည့်ပုံပင်။ ထို့ကြောင့်သာမဟုတ်ပါက ယခုကဲ့သို့ အသိစိတ်မရှိသည့် ပုံစံမျိုး ပေါက်နေလိမ့်မည် မဟုတ်ချေ။ ရုပ်ခန္ဓာကို ဆုံးရှုံးလိုက်ရသည့်တိုင် တာအိုသခင် တတိယအဆင့် ကျင့်ကြံသူတစ်ဦး၏ ဝိဉာဉ်သည် အတိုင်းအတာတစ်ခုအထိ သူတို့၏ အသိစိတ်ကို ထိန်းသိမ်းထားနိုင်ကြပေသေးသည်။

“ဆန်းတဲ့… မင်း ဘာလုပ်နေတာလဲ…” ချန်ဖေးသည် အံကြိတ်၍ လှမ်းအော်ဟစ်လိုက်လေသည်။ ဘာကြောင့်မှန်းမသိ သူ့စိတ်ထဲ ကြောက်လန့်မိလာခဲ့လေသည်။

ဆန်းတဲ့သည် ချန်ဖေး၏အမေးကို ပြန်ဖြေမနေဘဲ အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လျက် မြေပြင်ပေါ်သို့ ခြေဆောင့်ချလိုက်လေသည်။ “တစ္ဆေအိုကြီး မင်းနိုးဖို့ အချိန်ရောက်ပြီ…”

(ဒီမှာ အခြားတစ်ယောက် ရှိနေသေးတာလား…)

ချန်ဖေး၏မျက်နှာ ဖြူလျော်သွားခဲ့ပြီး ဘေးပတ်ဝန်းကျင်အား ကြောက်ကြောက်လန့်လန့်ဖြင့် လှည့်ကြည့်လိုက်လေသည်။ ရှဲ့လန်သည်လည်း ဘေးပတ်ဝန်းကျင်အား မယုံကြည်နိုင်ဟန်ဖြင့် လှည့်ပတ်ကြည့်နေခဲ့သည်။ ဆန်းတဲ့ပြောလိုက်သည့် တစ္ဆေအိုကြီးမှာ မည်သူမှန်း သူမလည်း မသိချေ။

ချက်ချင်းဆိုသလို သူတို့နှစ်ဦးစလုံး တစ်ခုသောဘက်ဆီသို့ ပြိုင်တူ လှည့်ကြည့်လိုက်ကြလေသည်။

သူတို့လှည့်ကြည့်လိုက်သည့်ဘက်တွင် ပုံရိပ်ယောင်ဝိဉာဉ်တစ်ခု ရှိနေခဲ့လေသည်။ ထိုပုံရိပ်ယောင်ဝိဉာဉ်မှာ နာမ်ဝိဉာဉ်တစ်ခုသာ ဖြစ်နေခဲ့လေ၏။ သို့သော်ငြား မန်ခွိုက်၏ နာမ်ဝိဉာဉ်နှင့် မတူသည်မှာ ထိုနာမ်ဝိဉာဉ်သည် အချိန်မရွေး ပျောက်ကွယ်သွားနိုင်သည့်အလား အလွန်ကိုမှ အားနည်းနေခဲ့လေသည်။

ထိုနာမ်ဝိဉာဉ်ပေါ်လာသည်နှင့် တစ်ပြိုင်နက် မကောင်းဆိုးဝါးအရှိန်အဝါတစ်ရပ်သည်လည်း အဘက်ဘက်သို့ ပြန့်နှံ့လာခဲ့လေသည်။

ဆန်းတဲ့သည် အရူးတစ်ယောက်နှယ် အော်ရယ်မောရင်း “တစ္ဆေအိုကြီး… ငါမင်းအတွက် စားကောင်းသောက်ဖွယ်ရာလေး‌တွေ ယူလာပေးတယ်နော်… မင်းဘာတွေ ရပ်စောင့်နေတာလဲ… မြန်မြန် ငါ့ကို ကျေးဇူးတင်တော့လေ… မင်းရဲ့ တပည့်လေးက မင်းကို ကောင်းကောင်းဆက်ဆံပေးတယ်မလား…”

“ဘယ်လို…” ထိုစကားကိုကြားသော် ချန်ဖေး ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့လေသည်။

ရှဲ့လန်၏မျက်နှာမှာလည်း သွေးမရှိတော့သည့်နှယ် ဖြူလျော်သွားခဲ့ပြီး အလန့်တကြား ထအော်လေ၏။ “ဒါက ရှင့်ရဲ့ဆရာလား…”

ဆန်းတဲ့က နှာခေါင်းရှုံ့လျက် “မင်းတို့သိစရာမလိုဘူး… အဲ့မှာသာ အေးအေးဆေးဆေးလေး လှဲနေ…”

ထိုသို့ပြောပြီးသည့်နောက်တွင် ဆန်းတဲ့သည် မျက်မှောင်ကြုတ်လျက် ရန်ကိုင့်အား လှမ်းကြည့်လိုက်လေသည်။ ဘာကြောင့်မှန်းမသိ ရန်ကိုင်သည် ဤကဲ့သို့သော အခြေအနေမျိုးကို ရင်ဆိုင်နေရသည့်တိုင် အလွန်ကိုမှ တည်ငြိမ်လွန်းနေသည်ဟု သူခံစားနေခဲ့ရသည်။ ရန်ကိုင်သည် ချန်ဖေးနှင့် ရှဲ့လန်တို့ကဲ့သို့ပင် ထိုနေရာ၌ မလှုပ်မယှက် လှဲလျောင်းနေခဲ့သော်ငြား မည်သည့်စကားတစ်ခွန်းကိုမှ မပြောခဲ့ပေ။ လက်ရှိအခြေအနေနှင့် ပတ်သက်၍ ရန်ကိုင်သည် လုံးဝကို စိတ်လျှော့လိုက်သည့်အလား။

သို့သော်ငြား ရန်ကိုင်မည်သို့ပင် ဖြစ်နေစေကာမူ ဆန်းတဲ့ကတော့ ဂရုမစိုက်ချေ။ ယနေ့ကိစ္စကို မြန်မြန်သာ အပြီးဖြတ်ချင်နေမိသည်။

“ခင်ဗျား ဘာစားကောင်းသောက်ဖွယ်ရာတွေကို ပြောနေတာလဲ…” ချန်ဖေးက မယုံကြည်နိုင်ဟန်ဖြင့် မေးလိုက်လေသည်။ သို့သော်ငြား ထိုမေးခွန်းကို မေးပြီးပြီးချင်းမှာပင် အဖြေကို ချန်ဖေး တန်းသိသွားလေ၏။ ဆန်းတဲ့၏ ဆရာသခင်သည် စူးစူးဝါးဝါးအော်ဟစ်ရင်း ဆာလောင်နေသည့် မြေခွေးတစ်ကောင်နှယ် မန်ခွိုက်၏ နာမ်ဝိဉာဉ်ပေါ်သို့ ခုန်အုပ်လာခဲ့လေသည်။ ထို့နောက် ပါးစပ်ကြီးကိုဟလျက် မန်ခွိုက်၏ ခန္ဓာကိုယ်တစ်ဝက်လောက်ကို တစ်ကိုက်တည်း ကိုက်ချလိုက်လေသည်။

ဤတစ္ဆေကောင်ကြီးသည် နာမ်ဝိဉာဉ်များကိုပင် စားသုံးနိုင်သည်။ ဤအကြောင်းကို သူတို့ တစ်ခါမှ မကြားဖူးကြပေ။ ထိုမြင်ကွင်းကိုကြည့်ရင်း ချန်ဖေးနှင့် ရှဲ့လန်တို့မှာ ကြက်သီးမွေးညှင်း ထသွားကုန်ကြလေ၏။

သူတို့၏ ထိတ်လန့်နေသည့် အကြည့်အောက်တွင်ပင် ထိုတစ္ဆေကောင်ကြီးသည် မန်ခွိုက်၏ နာမ်ဝိဉာဉ်အား အသက်ဆယ်ရှိုက်စာအတွင်း အကုန်အစင် စားပစ်လိုက်လေ၏။

သို့သော်ငြား မကျေနပ်သေးသည့်အလား ၎င်း၏အမူအယာမှာ ပို၍ ခက်ထန်လာခဲ့လေသည်။ မူလက အချိန်မရွေး ပျောက်ကွယ်သွားနိုင်သည့် ၎င်း၏ပုံစံမှာလည်း ပိုပို၍ တည်ငြိမ်လာခဲ့လေသည်။ မန်ခွိုက်၏နာမ်ဝိဉာဉ်ကို စားပြီးသည့်နောက်တွင် ချန်ဖေးအား စူးရဲစွာ စိုက်ကြည့်လာခဲ့လေသည်။ ထို့နောက် တစ်ချက်အော်ဟစ်လျက် ချန်ဖေးဆီသို့ ပြေးဝင်လာလေ၏။

“မလာနဲ့… ငါ့ဆီမလာနဲ့…” ချန်ဖေးမှာ ကြောက်လန့်သွားခဲ့ပြီး အလန့်တကြား ထအော်လေ၏။

သို့သော်ငြား လက်ရှိအချိန်တွင် သူ့ခွန်အားကို အနည်းငယ်လေးမျှပင် ထုတ်မသုံးနိုင်လေရာ မည်ကဲ့သို့များ ခုခံနိုင်ပါမည်နည်း။ တစ္ဆေကောင်ကြီးသည် ချန်ဖေး၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင် ပျောက်ကွယ်သွားခဲ့လေသည်။ ထို့နောက်တွင်မူ ချန်ဖေး၏တစ်ကိုယ်လုံး စတင်၍ တုန်ရီလာတော့လေ၏။ မျက်လုံးများမှာ အလွန်ကိုမှ ပြင်းထန်သည့် နာကျင်မှုကို ခံစားနေရသည့်အလား တွန့်လိမ်လာခဲ့သည်။ မျက်နှာမှာလည်း ကြောက်မက်ဖွယ်ကောင်းစွာ ရှုံ့မဲ့လာခဲ့လေ၏။

ထိုမြင်ကွင်းကိုကြည့်ရင်း ရှဲ့လန်၏မျက်နှာ ကြောက်ရွံ့မှုကြောင့် ဖြူလျော်သွားခဲ့လေသည်။ ချန်ဖေးပြီးလျှင် သူမအလှည့်သို့ ရောက်မည်မှန်း သိလိုက်သော် ဆန်းတဲ့အား အလျင်စလို တောင်းပန်တော့လေ၏။ “ပန်းပဲပညာရှင်… ကျေးဇူးပြုပြီး ကျွန်မကို ချမ်းသာပေးပါနော်… ပန်းပဲပညာရှင်သာ ဆန္ဒရှိမယ်ဆိုရင် ပန်းပဲပညာရှင်ရဲ့ အစေခံလည်း လုပ်ပေးပါမယ်… ကျေးဇူးပြုပြီးတော့ ကျွန်မကိုတော့ မသတ်ပါနဲ့နော်…”

ဆန်းတဲ့ကမူ မသိချင်ယောင်သာ ဆောင်လျက် အေးစက်စက်အမူအယာဖြင့် ပြန်ပြောလိုက်လေသည်။ “ခွေးရိုင်းတွေတောင် မထိချင်တဲ့ ပုပ်သိုးလောက်တက်နေတဲ့ နင့်ခန္ဓာကိုယ်ကို ငါ့ကို လာထိခိုင်းနေတာလား… ရွံဖို့ကောင်းလိုက်တာ…”

ရှဲ့လန်၏မျက်လုံးများ မှေးကျသွားခဲ့လေသည်။ သူမအနေဖြင့် ယနေ့အဖြစ်အပျက်မှ လွတ်နိုင်တော့မည်မဟုတ်မှန်း သိလိုက်သည်။ ထိုအခိုက်အတန့်တွင် ချန်ဖေး၏ ခန္ဓာကိုယ် ရုတ်တရက် တောင့်တောင့်ကြီး ဖြစ်သွားခဲ့ပြီး တစ္ဆေကောင်ကြီးသည်လည်း သူ၏ခန္ဓာကိုယ်ထဲမှ ပြန်ထွက်လာခဲ့လေသည်။ ချန်ဖေး၏နာမ်ဝိဉာဉ်ကိုပါ စားသုံးပြီးသည့်နောက်တွင် တစ္ဆေကောင်ကြီးမှာ အရင်ကကဲ့သို့ မဟုတ်တော့ဘဲ ပို၍ ကျစ်လျစ်လာခဲ့လေ၏။ ယခုဆိုလျှင် ၎င်း၏မျက်လုံးများထဲ အသိစိတ်ရှိနေသည့် အရိပ်အယောင်များကိုပါ မြင်တွေ့လာခဲ့ရလေသည်။

သို့သော်ငြား တစ္ဆေကောင်မှာ ထိုမျှနှင့်ပင် မရပ်တန့်သေးချေ။ ရှဲ့လန်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ကာ ချန်ဖေးကဲ့သို့ပင် ရှဲ့လန်၏နာမ်ဝိဉာဉ်ကိုပါ စားသောက်တော့လေ၏။

ရှဲ့လန် ဆိုးရွားစွာ ထအော်လေသည်။ သူမ ယနေ့ သေရတော့မည်မှန်း သိထားသည်။ ထို့အတွက်ကြောင့် မသေခင် ဆန်းတဲ့အား အဆက်မပြတ် အော်ဟစ်ကျိန်ဆဲသွားခဲ့လေသည်။

ဆန်းတဲ့ကမူ အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လျက် ရှဲ့လန်အား စိတ်ထဲထားမနေဘဲ ရန်ကိုင့်ဘက်သို့သာ လှည့်၍ ပြောလိုက်လေသည်။ “မင်းကြည့်ရတာ လုံးဝကို စိတ်မပူသလိုပဲနော်…”

ရန်ကိုင်က ပြုံးဖြီးလျက် ပြန်ပြောလိုက်လေသည်။ “ကျုပ်က သေရတော့မယ့်လူ ဖြစ်နေပြီလေ… ဘာတွေကို စိတ်ပူနေရဦးမှာလဲ…”

ဆန်းတဲ့က လှောင်ပြုံးပြုံးလျက် “အိုး.. ပွင့်လင်းလိုက်တာပါလား… အဲ့ဒါနဲ့ ပတ်သက်ပြီး ငါမင်းကို တကယ် ချီးကျူးမိသွားပြီ…”

“ပန်းပဲပညာရှင် ချီးကျူးချင်တယ်ဆိုရင် ကျုပ်ကို လွှတ်ပေးလိုက်လေ… အဲ့လိုသာဆိုရင် ကျုပ်တို့ မိတ်ဆွေကောင်းတွေ ဖြစ်လာနိုင်သေးတယ်…” ရန်ကိုင်က ပြုံးလျက် ပြောလိုက်လေသည်။

ဆန်းတဲ့၏မျက်နှာ မှုန်ကုပ်သွားခဲ့လေသည်။ “အဲ့လိုမျိုးတော့မရဘူး… ဒီ တစ္ဆေအိုကြီးနဲ့ လုပ်ထားတဲ့အလဲအလှယ်ထဲမှာ မင်းက အဓိကသော့ချက်ပဲ… အခြားသူတွေကို လွှတ်ပေးလို့ရပေမဲ့ မင်းကိုတော့ လုံးဝ လွှတ်ပေးလို့မရဘူး…”

“အလဲအလှယ်…” ထိုစကားကိုကြားသည့်အခါ ရန်ကိုင်က အံ့အားသင့်သွားဟန်ဖြင့် ပြန်မေးလိုက်လေသည်။ “ဘယ်လိုအလဲအလှယ်လဲ…”

“မင်းသိစရာမလိုဘူး…”

ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် “တော်တော်ရယ်စရာကောင်းတာပဲနော် ပန်းပဲပညာရှင်.. .ကျုပ်က အလဲအလှယ်ရဲ့ သော့ချက်ဆိုမှတော့ ဘယ်လိုလုပ်ပြီး ကျုပ်နဲ့ မဆိုင်ပဲနေရမှာလဲ… ကျုပ်က သေရတော့မှာပဲလေ… ဒီတော့ နည်းနည်းပါးပါးလောက်တော့ ပြောပြပေးလို့မရဘူးလား…”

ဆန်းတဲ့က ပြန်ပြောလိုက်လေသည်။ “အဲ့မှာ အေးအေးဆေးဆေးလေး ငြိမ်နေလိုက်တာ ပိုကောင်းလိမ့်မယ်… အဲ့ဒါဆိုရင် မင်း သိပ်ပြီး ခံစားရမှာမဟုတ်ဘူး…”

ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင့်အား ဆက်၍ အာရုံမစိုက်တော့ချေ။

ရန်ကိုင်ကမူ နှာခေါင်းတစ်ချက်သာ ရှုံ့ပြလိုက်လေ၏။ ထို့နောက် ပင်လယ်ဘုရင်လွန်းပျံဘက်သို့ လှည့်၍ “ပန်းပဲပညာရှင်… ဒီဟင်းလင်းပြင်လောကထဲကနေ ထွက်သွားဖို့အတွက် အဲ့ပစ္စည်းကိုလိုတယ်လို့ ခင်ဗျားပြောခဲ့တာ လိမ်တာတော့ မဟုတ်ပါဘူးနော်…”

ယခုတစ်ကြိမ်တွင်တော့ ဆန်းတဲ့သည် ခေါင်းစဉ်ပြောင်းမသွားခဲ့ပေ။ ခေါင်းညိတ်၍ ပြန်ပြောလိုက်လေ၏။ “ဒီပင်လယ်ဘုရင်လွန်းပျံက အဲ့တစ္ဆေအိုကြီး ဒီနေရာကနေ ထွက်သွားဖို့ သူ့တစ်ဘဝလုံး ထိုင်ပြီးပြင်ဆင်ထားခဲ့တဲ့အရာပဲ… ဘယ်လိုလုပ်ပြီး အလိမ်အညာတစ်ခု ဖြစ်ရမှာလဲ… ဒီဟင်းလင်းပြင်လောကထဲကနေ ထွက်သွားနိုင်ဖို့ ဒီလွန်းပျံရှိရုံနဲ့တင် ရပြီ…”

“ကောင်းလှချည်လား…” ရန်ကိုင်က ချီးကျူးလိုက်ရလေသည်။ သို့သော်ငြား သူဘာကိုချီးကျူးနေမှန်းတော့ မည်သူမှ မသိကြပေ။

ထိုအချိန်သို့ အရောက်တွင် ရှဲ့လန်လည်း သေသွားခဲ့လေ၏။ ရှဲ့လန်၏ နာမ်ဝိဉာဉ်ကို ဝါးမျိုပြီးသည့်နောက်တွင် ယင်ဝိဉာဉ်မှာ လုံးဝကို အကောင်းအတိုင်း ပြန်ဖြစ်သွားခဲ့လေပြီ။ ၎င်း၏မျက်လုံးများမှာလည်း သာမန်လူတစ်ဦး၏ မျက်လုံးများနှယ် အသက်ဝင်လာခဲ့လေ၏။

“တော်တော်လေး ပြန်ကောင်းသွားပြီပဲ…” ဆန်းတဲ့က ယင်ဝိဉာဉ်ကို ကြည့်ရင်း ပြောလိုက်လေ၏။

ယင်ဝိဉာဉ်က ပြန်ပြောလိုက်လေသည်။ “မင်းလို တပည့်ကောင်းတစ်ယောက် ရှိထားတာရဲ့ ကျေးဇူးကြောင့်ပေါ့…”

“ဆရာအတွက်ဆိုမှတော့ တပည့်ကလည်း လုပ်ပေးရမှာပေါ့…” ဆန်းတဲ့က နှာခေါင်းရှုံ့လိုက်လေသည်။

ထို့နောက်တွင် ယင်ဝိဉာဉ်သည် ရန်ကိုင့်ဘက်သို့ လှည့်၍ “ဒါ မင်းငါ့အတွက် ရှာပေးထားတဲ့ ခန္ဓာကိုယ်လား…”

ဆန်းတဲ့က ပြန်ပြောလိုက်သည်။ “သူ့ကိုရှာဖို့ တော်တော်လေး အချိန်ကုန်ခဲ့ရတာ…”

ယင်ဝိဉာဉ်က မျက်မှောင်ကြုတ်လျက် “သူ့ဝိဉာဉ်ဘယ်လောက်အားကောင်းလဲ… ငါ့ခန္ဓာကိုယ်ကို ထိန်းနိုင်လို့လား…”

“ကျုပ်ကိုယ်တိုင် သူ့ကို စစ်ဆေးကြည့်ပြီးသွားပြီ… သူ့ဝိဉာဉ်က ကျုပ်ထက် နည်းနည်းလေး အားနည်းတယ်ဆိုပေမဲ့ အရမ်းကြီးတော့ မဆိုးဘူး… ခင်ဗျား ခန္ဓာကိုယ်ကိုတော့ အသာလေး သယ်ပေးနိုင်တယ်…”

ယင်ဝိဉာဉ်က ခေါင်းငြိမ့်လိုက်လေသည်။ “အဲ့လိုဆိုရင်တော့ အကောင်းဆုံးပဲ…”

ရန်ကိုင်က ယင်ဝိဉာဉ်က စိတ်ဝင်တစားဖြင့် ကြည့်ရင်း နားလည်သွားဟန်ဖြင့် “ခင်ဗျားက ကျုပ်ခန္ဓာကိုယ်ကို ဝင်စီးချင်တာလား…”

ယင်ဝိဉာဉ်က ပြန်ပြောလိုက်လေသည်။ “အဖြေကို သိနေရင် ဘာလို့ မေးနေသေးတာလဲ… ဟမ်.. မင်းက စိတ်ဝင်စားစရာပဲ… မင်းငါ့ကို မကြောက်ဘူးလား…”

ရန်ကိုင်က အဓိပ္ပာယ်ပါပါပြုံးလျက် “ကြောက်ရမဲ့လူက ကျုပ်မဟုတ်ဘူးလေ… ကျုပ်ခင်ဗျားကို သတိပေးလိုက်မယ်နော်… ခင်ဗျား ကျုပ်ခန္ဓာကိုယ်ကို ဝင်မစီးရင် ကောင်းလိမ့်မယ်… မဟုတ်ရင် ခင်ဗျား ဆိုးဆိုးရွားရွား သေသွားရလိမ့်မယ်…”

ရန်ကိုင့်၏စကားကို ကြားပြီးသည့်နောက် ယင်ဝိဉာဉ်ကြောင်သွားခဲ့လေသည်။ ထို့နောက် ဆန်းတဲ့ဘက်သို့ လှည့်၍ “ဒီလိုအရူးကောင်ကို ငါ့ဆီခေါ်လာပြီး မင်း ဘာလုပ်ချင်နေတာလဲ…”

ဆန်းတဲ့က ဒေါသတကြီး ပြန်ပြောလိုက်လေသည်။ “ဒီကောင် မဟုတ်တရုတ်တွေ လျှောက်ပြောနေတာ ခင်ဗျား မမြင်ဘူးလား… ခင်ဗျား သူငယ်ပြန်သွားတာတော့ မဟုတ်ပါဘူးနော်… ကျုပ်ကို ဆက်ပြီး ရစ်မနေတော့နဲ့... မြန်မြန်သာ လုပ်လိုက်တော့”

ယင်ဝိဉာဉ်သည် ခဏမျှ စဉ်းစားနေလိုက်လေသည်။ ဆန်းတဲ့ပြောသည်မှာ အဓိပ္ပာယ်ရှိသည်ဟု တွေးလိုက်မိသည်။ ထို့ကြောင့် ရန်ကိုင့်ဘက်သို့ လှည့်၍ ရန်ကိုင့်၏ခန္ဓာကိုယ်ထဲသို့ ခုန်ဝင်သွားလေ၏။

ရန်ကိုင်ကမူ ပြုံးမြဲ ပြုံးဆဲ အမူအယာဖြင့် ပြောလိုက်လေသည်။ “ခင်ဗျားက တကယ်ကို အသေဆိုးနဲ့ သေချင်နေတာပဲ…”

ယင်ဝိဉာဉ်ကမူ ရန်ကိုင့်၏စကားကို လျစ်လျူရှုလျက် သူ့အသိစိတ်ပင်လယ်ထဲသို့သာ ပြေးဝင်သွားလေသည်။

ရန်ကိုင့်၏အသိစိတ်ပင်လယ်ထဲသို့ ရောက်ပြီးသည့်နောက်တွင် ယင်ဝိဉာဉ် ရှဲ့လန်နှင့် ချန်ဖေးတို့အား လုပ်ခဲ့သလိုမျိုး ရန်ကိုင့်၏နာမ်ဝိဉာဉ်အား ရှာကာ ဝါးမျိုပစ်တော့မည်အပြု သူ့မျက်လုံးထဲ တစ်ခုခု ပေါ်လာလေ၏။ သူ့ဘက်မှ မရှာရသေးခင်မှာပင် ရန်ကိုင့်၏နာမ်ဝိဉာဉ်သည် သူ့ဘာသာသူ ပေါ်လာခဲ့လေသည်။

“ဒါက…” ယင်ဝိဉာဉ် ထိတ်လန့်တုန်လှုပ်သွားခဲ့လေသည်။ ရန်ကိုင် သူ့ရှေ့တွင် သူ့ဘာသာသူ ပေါ်လာသည့် အတွက်ကြောင့်တော့မဟုတ်။ သူလက်ရှိမြင်နေသည့် အရာကြောင့်သာ ဖြစ်လေသည်။

ဤမျှ ကြီးကျယ်ခမ်းနားလှသည့် အသိစိတ်ပင်လယ်မျိုးကို သူ့တစ်ဘဝလုံးတွင် တစ်ခါမျှ မမြင်ခဲ့ဖူးချေ။ ဤနေရာတွင် ရှိနေသည့် ပင်လယ်ရေမှာ အလွန်ကိုမှ သန့်စင်သိပ်သည်းကာ နက်ရှိုင်းလှသည်။ တကယ့်သမုဒ္ဒရာတစ်စင်းအလားပင်။ ထို့အတွက်ကြောင့် သူ့မျက်လုံးပင်သူ မယုံချင်ဖြစ်သွားခဲ့လေသည်။ ထို့အပြင် ပင်လယ်ထဲရှိ ရေများမှာလည်း သာမန်ရေများ မဟုတ်ဘဲ လောင်ကျွမ်းနေသည့် မီးတောက်များ ဖြစ်နေခဲ့လေသည်။

ဤအသိစိတ်ပင်လယ်သည် တာအိုသခင်အဆင့် ပညာရှင်တစ်ဦး ပိုင်ဆိုင်ထားနိုင်သည့် အသိစိတ်ပင်လယ်မျိုး မဟုတ်ချေ။ အစောပိုင်းက သူဝါးမျိုခဲ့သည့် လူနှစ်ဦး၏ အသိစိတ်ပင်လယ်နှင့် ယှဉ်လိုက်သော် အသိစိတ်ပင်လယ်နှစ်မျိုးမှာ စမ်းချောင်းနှင့် သမုဒ္ဒရာအလား ကွာခြားပေသည်။

(ကျေးဇူးမသိတတ်တဲ့ တပည့်…) ယင်ဝိဉာဉ်သည် ဆန်းတဲ့အား စတင်၍ ကျိန်ဆဲတော့လေ၏။ (ဒါကြီးက ဘယ်လိုလုပ်ပြီး ဒီကောင့်စွမ်းအားကို သူကိုယ်တိုင် စမ်းသပ်ထားတာ ဖြစ်ရမှာလဲ… ပြောတော့ သူ့စွမ်းအားအောက် မကျဘူးတဲ့… အခု ဘာဖြစ်လို့ ဒီကောင့်အသိစိတ်ပင်လယ်က ဒါမျိုးတွေ ဖြစ်နေရတာလဲ…)

ရန်ကိုင့်၏ဝိဉာဉ်သည် သူ့တပည့်မိုက်၏ ဝိဉာဉ်ထက် အဆပေါင်းများစွာ ပိုအားကောင်းလေသည်။

(ဒါက ဧကရာဇ်အဆင့် ပညာရှင်တစ်ယောက်ရဲ့ အသိစိတ်ပင်လယ်ပဲ)

သူမည်သို့ပင် ကြိုးစားစေကာမူ ရန်ကိုင့်အား နိုင်လိမ့်မည်မဟုတ်မှန်း ယင်ဝိဉာဉ်သိလိုက်လေသည်။

ထိုသို့တွေးလိုက်မိသည့်နောက် ပြန်ဆုတ်ရန် အလျင်အမြန် ကြိုးစားတော့လေ၏။ သူသာ ဆက်၍ နှောင့်နှေးနေမည်ဆိုပါက လုံးဝ ထွက်သွားနိုင်လိမ့်မည် မဟုတ်မှန်း သိနေခဲ့လေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၃၉၃)

“လာပြီးမှတော့ ဘာလို့ ပြန်ထွက်သွားချင်နေသေးတာလဲ” ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် ပြောလိုက်၏။ သို့သော်ငြား သူ့မျက်လုံးထဲ ဝမ်သားပျော်ရွှင်နေသည့် အရိပ်အယောင်များမရှိ၊ ရေခဲတမျှ အေးစက်မှုတို့သာ ရှိနေသည်။

သူ့ခန္ဓာကိုယ်ကို ဝင်စီးရဲသည့် လူတစ်ဦးကို မတွေ့ရသည်မှာ နှစ်ပေါင်းများစွာ ကြားသွားခဲ့လေပြီ။ နောက်ဆုံးတစ်ကြိမ် သူ့ခန္ဓာကိုယ်ကို ဝင်စီးရန် ကြိုးစားခဲ့သောလူသည် သူ၏ တစ်စစီ ဖျက်စီးပစ်ခြင်းကို ခံခဲ့ရသည်။

ထိုစဉ် ကြောက်မက်ဖွယ်ရာ သတ်ဖြတ်လိုစိတ်ကို သယ်ဆောင်ထားသော အလင်းတန်းတစ်ခုသည် ကောင်းကင်ထက်ဆီမှနေ၍ ယင်ဝိဥာဉ်ဆီသို့ တိုးဝင်လာ၏။

“ဧကရာဇ်အဆင့် ဝိဥာဉ်မှော်ရတနာ” ဝိဥာဉ်ခွဲဆေးဘားဓါး၏ ကြောက်မက်ဖွယ်ရာ အဖျက်စွမ်းအားကို ခံစားမိလိုက်သော် ယင်ဝိဥာဉ် ကြောက်လန့်တကြား ထအော်လေသည်။ ထို့နောက် အနည်းငယ်မျှပင် တုန့်ဆိုင်းနေခြင်းမရှိဘဲ ၎င်း၏ ပါးစပ်ကိုဟလျက် အနက်ရောင်အလင်းတန်းတစ်ခုကို မှုတ်ထုတ်လိုက်၏။

အနက်ရောင်အလင်းတန်းနှင့် ဝိဥာဉ်ခွဲဆေးဘားဓါး ထိပ်တိုက်တွေ့သွားခဲ့လေသည်။ သို့ရာတွင် ဝိဥာဉ်ခွဲဆေးဘားမှာတော့ ရပ်တန့်မရသော အရှိန်အဝါဖြင့် ယင်ဝိဥာဉ်ဆီသို့ ဆက်လက်တိုးဝင်သွားခဲ့လေသည်။ ဓါးချက်ကြောင့် ယင်ဝိဥာဉ် စူးစူးဝါးဝါး ထအော်လေသည်။ ထိုတိုက်ကွက်ကြောင့် ယင်ဝိဥာဉ်မှာ ဆိုးဆိုးရွားရွား ဒဏ်ရာရသွားသည့်တိုင် အနည်းဆုံးတော့ အသက်မသေခဲ့ချေ။ ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူ၍ ရန်ကိုင်၏ အသိစိတ်ပင်လယ်အတားအဆီးကို ဖျက်စီးကာ ထွက်ပြေးရန် ကြိုးစားတော့လေသည်။

ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။ ယင်ဝိဥာဉ် ဤမျှ အားကောင်းလိမ့်မည်ဟု မထင်ထားခဲ့ချေ။ သို့သော်ငြား ဝိဥာဉ်ခွဲဆေးဘားဓါး၏ ဓါးချက်စာ မိသွားသည့် အတွက်ကြောင့် အသက်မသေလျှင်ပင် ယင်ဝိဥာဉ်အနေဖြင့် ကြာကြာ အသက်ရှင်နိုင်တော့လိမ့်မည် မဟုတ်ချေ။

ရန်ကိုင် မျက်လုံး ပြန်ဖွင့်လာသည့်အခိုက် နာကျင်စွာ အော်ဟစ်နေသော ယင်ဝိဥာဉ်၏ အော်သံများကို ကြားလိုက်ရလေသည်။ လှမ်းကြည့်လိုက်ရာ ယင်ဝိဥာဉ်သည် ချောင်တစ်ချောင်တွင် ပုန်းနေကြောင်း တွေ့လိုက်ရလေသည်။ မူလက တဖြည်းဖြည်း ပြန်လည် ကျစ်လစ်လာခဲ့သည် ယင်ဝိဥာဉ်၏ ခန္ဓာကိုယ်သည် လက်ရှိအချိန်တွင် အချိန်မရွေး ပျောက်ကွယ်သွားတော့မည့် မုန်တိုင်းအလယ်သို့ ရောက်နေသော ဆီမီးတိုင်လေးကဲသို့ ဖြစ်နေခဲ့လေသည်။

ဆန်းတဲ့မှာမူ ထိုမြင်ကွင်းအား ပါးစပ်အဟောင်းသားဖြင့် ကြည့်နေလေ၏။

အချိန်အတော်ကြာသွားသည့်အခါမှသာ အော်မေးလိုက်နိုင်လေသည် “တစ္ဆေအိုကြီး၊ ဘာတွေ ဖြစ်သွားတာလဲ”

ယင်ဝိဥာဉ်မှာ ဆိုးဆိုးရွားရွား ဒဏ်ရာရထားရာ ဆန်းတဲ့ ပြောသည်ကိုပင် မကြားတော့ချေ။ ပြန်ဖြေဖို့ဆိုလျှင်တော့ ဝေလာဝေးစွ။

“အိုက်ယား၊ ကျုပ်သတိပေးခဲ့သားပဲ။ ကျုပ်အသိစိတ်ပင်လယ်ထဲ ဝင်မလာပါနဲ့လို့။ ခင်ဗျားမှ ကျုပ်စကားမှ နားမထောင်တာ။ အခုတော့ ခံရပြီပေ့ါ” ရန်ကိုင်က ခနဲ့လိုက်ရင်းမှ မတ်တပ်ရပ်လိုက်လေသည်။

ရန်ကိုင် မတ်တပ်ရပ်လာသည်ကို မြင်သော် ဆန်းတဲ့ ဒယီးဒယိုင် ဖြစ်သွားခဲ့လေသည်။ ထို့နောက် တစ္ဆေသရဲတစ်ကောင်ကို မြင်လိုက်ရသည့် ပုံစံဖြင့် “မင်း... မင်း ဘယ်လိုလုပ်ပြီး...”

ရန်ကိုင် အဆိပ်မိထားသည်မှာ သေချာပေသည်။ ထိုသို့ဖြစ်လေရာ မည်သို့များ မျက်တောင်တစ်ခတ်အတွင်း အကောင်းပကတိ ပြန်ဖြစ်သွားရလေသနည်း။ အချိန် တစ်ခဏလေးအတွင်း ဖြစ်ပျက်သွားသည့် ကိစ္စရပ်အားလုံးသည် ဆန်းတဲ့အား ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားစေခဲ့လေသည်။

ရန်ကိုင်က အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လျက် “ခင်ဗျားရဲ့ ဆရာ ကျုပ်တို့ရဲ့ ဝိဥာဉ်တွေကို ဝါးမြိုပြီး ကျုပ်ခန္ဓာကိုယ်ကို ဝင်စီးနိုင်အောင် ခင်ဗျား အသေးစိတ် အစီအစဉ် ဆွဲခဲ့တယ်။ တကယ်ကို ချီးကျူးစရာပဲ... ခင်ဗျားလိုမျိုး အရမ်းကို သိတတ်လွန်းတဲ့ တပည့်တစ်ယောက် ရဖို့ဆိုတာ တကယ်ကို မလွယ်ကူဘူး”

ဆန်းတဲ့မျက်နှာ မှုန်ကုတ်သွားခဲ့လေသည် “အခုလိုဖြစ်မယ်မှန်း မင်းသိတယ်ပေါ့”

ရန်ကိုင်က အလျင်အမြန် ပြောလိုက်လေသည် “ကျုပ်တင်မဟုတ်ဘူး။ ချန်ဖေးနဲ့ ရှဲ့လန်တို့ နှစ်ယောက်လုံးသိတယ်။ ဒါပေမယ့် ဘာဖြစ်လဲ... သူတို့ နှစ်ယောက်စလုံး ခင်ဗျား လှည့်ကွက်ထဲ ရောက်သွားတာပဲ မဟုတ်ဘူးလား ပန်းပဲဆရာ”

“အဲ့ဒါဆို မင်းကျ ဘာလို့ ဘာမှမဖြစ်တာလဲ”

“ဒီသခင်လေးကို အဲ့လူတွေနဲ့ လာမနှိုင်းနဲ့။ ဒီသခင်လေးရဲ့ စွမ်းရည်က ခင်ဗျား နားလည်နိုင်တဲ့အရာမျိုး မဟုတ်ဘူး” ရန်ကိုင်က အထင်အမြင်တသေးဖြင့် ပြောလိုက်လေသည် “ခင်ဗျားရဲ့ မဟုတ်တရုတ် လှည့်ကွက်လေးတွေနဲ့ ကျုပ်ကို လှည့်စားလို့ရမယ် ထင်နေတာလား”

ထိုစကားကိုကြားသော် ဆန်းတဲ့မျက်နှာ ပြာနှမ်းသွားခဲ့လေသည်။ ထို့နောက် နီမြန်းလာလေ၏။ သူ့ခဗျာ ဒေါသပဲထွက်ရမလား၊ ရှက်ပဲရှက်ရမလား မသိတော့ချေ။ သို့သော်ငြား ဒေါသပဲထွက်ထွက်၊ ရှက်ပဲရှက်ရှက် အသုံးမဝင်တော့ချေ။ ရန်ကိုင်သည် အကောင်းအတိုင်း ရှိနေပေသေးသည်။ ထို့အပြင် သူ့အသိစိတ်ပင်လယ်ထဲသို့ ဝင်သွားသော တစ္ဆေအိုကြီးမှာလည်း ဆိုးဆိုးရွားရွား ဒဏ်ရာရသွားခဲ့၏။

“ငါ့ကို... ကယ်ပါဦး...” ယင်ဝိဥာဉ်သည် အထစ်ထစ် အငေါ့ငေါ့ဖြင့် အော်ဟစ်လိုက်၏။ သူ့ခန္ဓာကိုယ်မှာ အချိန်မရွေး ပျောက်ကွယ်တော့မည်နှယ် မှိတ်တုတ်မှိတ်တုတ် ဖြစ်နေခဲ့လေသည်။

ဝိဥာဉ်ခွဲဆေးဘားဓါးသည် ဧကရာဇ်အဆင့် ဝိဥာဉ်မှော်ရတနာတစ်ခု ဖြစ်သည်။ ယင်ဝိဥာဉ်သည် နာမ်ဝိဥာဉ်တစ်ခုသာ ဖြစ်လေရာ ဝိဥာဉ်ခွဲဆေးဘားဓါးကြောင့် တစ်ချက်တည်း အသက်‌ပျောက်မသွားသည်ကပင် ကံကောင်းနေခဲ့လေပြီ။

ယင်ဝိဥာဉ်၏ တောင်းဆိုသံကိုကြားသော် ဆန်းတဲ့၏ အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ပြီး ယင်ဝိဥာဉ်ဆီသို့ လှမ်းကြည့်လိုက်လေသည်။ သို့သော်ငြား လက်ရှိ အချိန်၌ သူလုပ်နိုင်သည့်အရာ ဘာမှရှိမနေခဲ့ချေ။

“မင်းရဲ့... အသိစိတ်ပင်လယ် အတားအဆီးတွေကို ဖယ်လိုက်” ယင်ဝိဥာဉ်က ဆက်၍ အော်ဟစ်နေခဲ့လေသည်။ သူ့ကြည့်ရသည်မှာ ဆန်းတဲ့ အသိစိတ်ပင်လယ်ထဲတွင် ဝင်ပုန်းချင်နေသည့်ပုံပင်။

သို့သော်ငြား ဆန်းတဲ့ အနေဖြင့် မည်သို့များ ထိုကဲ့သို့ လုပ်ပေးနိုင်ပါမည်နည်း။ ထို့ကြောင့် ယင်ဝိဥာဉ် ပြောနေသည်ကို မကြားချင်ယောင်သာ ဆောင်နေလိုက်လေသည်။

“တပည့်မိုက်” ယင်ဝိဥာဉ်သည် နောက်ဆုံးအကြိမ်အဖြစ် စိတ်ပျက်ပျက်ဖြင့် အော်ဟစ်လိုက်ပြီးနောက် ၎င်း၏ ခန္ဓာကိုယ်မှာ အလင်းစက်လေးများ အဖြစ်သို့ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့လေသည်။

“အို... သံယောဇဉ် ကြီးလိုက်ကြပါလား... ကျွတ်ကျွတ်...” ထိုမြင်ကွင်းကိုကြည့်ရင်း ရန်ကိုင်က လှောင်ပြောင်ထေ့ငေါ့လိုက်၏။

“မင်းသူ့ကိုသတ်လိုက်တယ်ပေါ့” ဆန်းတဲ့သည် ရန်ကိုင်အား စူးရဲစွာ စိုက်ကြည့်လာ၏။

“အဲ့တော့ ဘာဖြစ်လဲ” ရန်ကိုင်က အေးစက်စက် အမူအရာဖြင့် ပြုံးလျက် “အခု ခင်ဗျားနဲ့ ကျုပ်ပဲ ကျန်တော့တယ်။ ကျုပ်ဝေ့လည်ကြောင်ပတ် လုပ်မနေချင်ဘူး ဆန်းတဲ့၊ ခင်ဗျား အသက်ရှင်ချင်တယ်ဆိုရင် ထွက်ပေါက်ဘယ်မှာရှိလဲ ပြောလိုက်၊ အဲ့ဒါဆို ခင်ဗျားကို အသက်ရှင်ခွင့်ပေးမယ်။ မဟုတ်ရင်တော့... ခင်ဗျားဘဝက သေတာထက်ကို ဆိုးရွားသွားရလိမ့်မယ်နော်”

“ထွက်ပေါက်ဘယ်မျာလဲ ငါ့ကို ပြောစေချင်တာလား” ဆန်းတဲ့မျက်နှာကြီး ထူးထူးဆန်းဆန်း ဖြစ်သွားလေသည်။

ဆန်းတဲ့၏ အမူအရာကို မြင်ပြီးနောက် ရုတ်တရက် ရန်ကိုင်စိတ်ထဲ မကောင်းသည့် ခံစားချက်တို့ ရလာခဲ့လေသည်။

ဆန်းတဲ့သည် ရူးသွားသည့်အလား ဝါးလုံးကွဲ အော်ရယ်မောလျက် ပြန်ပြောလိုက်၏ “တစ္ဆေအိုကြီးကို သတ်လိုက်ပြီးတော့ ဝင်ပေါက်ဘယ်မှာလဲ ငါ့ကို လာမေးနေတာလား”

ရန်ကိုင်က ပြန်ပြောလိုက်လေသည် “ခင်ဗျားတို့နှစ်ယောက် ဒီလောက် ရင်းနှီးတယ်လို့ ကျုပ်မထင်ဘူး၊ ဟုတ်တယ်မလား။ ခင်ဗျားတို့နှစ်ယောက်က အစကတည်းက မတည့်ကြတာ ကျုပ်သူ့ကို သတ်လိုက်တော့ကော ဘာအရေးလေ၊ ခေါင်းမာမနေစမ်းနဲ့ ဆန်းတဲ့၊ ကျုပ်ပြောတဲ့အတိုင်းလုပ်တာ အကောင်းဆုံး ဖြစ်လိမ့်မယ်နော်”

“ထွက်ပေါက်နေရာကို တစ္ဆေအိုကြီးပဲသိတာ။ သူက သေသွားပြီကို ထွက်ပေါက်နေရာကို မင်းက ဘယ်လိုသိချင်နေရသေးတာလဲ” ဆန်းတဲ့က ရုတ်တရက် သွေးရူးသွေးတန်းဖြင့် အော်ပြောလိုက်လေသည်။

ရန်ကိုင် မှင်သက်သွားခဲ့လေသည်။ အချိန်အတော်ကြာသွားသည့် အခါမှသာ ပြန်၍ မေးလိုက်လေ၏ “ခင်ဗျား ဘာပြောချင်နေတာလဲ”

ဆန်းတဲ့က ပြန်ပြောလိုက်လေသည် “ဒီမှာ ရှိနေတဲ့ ပင်လယ်ဘုရင်လွန်းပျံကို လိုချင်ရင် ငါ့ဘာသာတစ်ယောက်တည်း အချိန်မရွေး လာယူလို့ရတယ်။ ဘာလို့ ခက်ခက်ခဲခဲ အလုပ်ရှုပ်ခံပြီး မင်းတို့ကို ခေါ်လာရမှာလဲ။ ပြီးတော့ တစ္ဆေအိုကြီးရဲ့ ခန္ဓာကိုယ်ကို ဖျက်စီးခဲ့တာ ငါပဲ။ အခု သူ့ကို ပြန်ကယ်နေတာလည်း ငါပဲ။ ဘာလို့ ဒီလောက် သောက်လုပ်ရှုပ်ခံပြီး သူ့ကို ပြန်ကယ်နေလည်း မင်းသိလား”

ဆန်းတဲ့ ပြောခဲ့သည့် အလဲအလှယ်ကို ပြန်သတိရလိုက်သော် ရန်ကိုင် အမူအရာ ပြောင်းလဲသွားပြီး ပြန်မေးလိုက်လေသည် “ဒီတော့ ခင်ဗျား...”

ဆန်းတဲ့က နှာခေါင်းရှုံ့လျက် “ဟုတ်တယ်။ ငါ့သူ့အတွက် ခန္ဓာကိုယ်အသစ် ရှာပေးမယ်။ သူ့က ငါ့ကို ထွက်ပေါက်နေရာ ပြောပြရမယ်ဆိုပြီး အလဲအလှယ် လုပ်ထားတာ”

ထိုစကားကို ကြားသည့်အခါ ရန်ကိုင် အလွန် စိတ်ဓါတ်ကျသွားပြီး အချိန်အတော်ကြာအောင် တိတ်ဆိတ်သွားခဲ့လေသည်။ ထို့နောက် ထအော်ဆဲတော့လေ၏ “ခွေးအိုကြီး၊ ဒီလောက် အရေးကြီးတဲ့ဟာကို ဘာလို့ အစောကြီးကတည်းက မပြောခဲ့တာလဲ”

ဤသို့ ဖြစ်မည်မှန်းသာသိခဲ့လျှင် ယင်ဝိဥာဉ်ကို ဝိဥာဉ်ခွဲဆေးဘားဓါးသုံးပြီး မတိုက်ခဲ့ပါချေ။ ယခုမူ ယင်ဝိဥာဉ်မှာ သေဆုံးသွားပြီ ဖြစ်သည့်အတွက်ကြောင့် ထွက်ပေါက် တည်နေရာမှာလည်း ပျောက်ချင်းမလှ ပျောက်ကွယ်သွားခဲ့လေပြီ။ ပင်လယ်ဘုရင်လွန်းပျံ ရှိနေလျှင်လည်း အသုံးမဝင်တော့ချေ။ သူ့ရဲ့ အစီအစဉ်ကြီး တစ်ခုလုံး လုံးဝ ပျက်စီးသွားခဲ့လေပြီ။

“မင်းက ဘယ်သူမို့လို့ ဒီလူအိုကြီးက မင်းကို ပြောပြရမှာလဲ” ဆန်းတဲ့သည် အေးစက်စက် အမူအရာဖြင့် အော်ရယ်မောရင် ရန်ကိုင်အား ထီမထင်ဟန်ဖြင့် ကြည့်လိုက်လေသည်။

ရန်ကိုင်က ပြန်ပြောလိုက်လေသည် “ထွက်ပေါက်နေရာကို သိတဲ့လူ သုံးယောက် ရှိတယ်လို့ ခင်ဗျား ပြောခဲ့ဖူးတယ်နော်။ အဲ့ဒါကကော... ခင်ဗျား ဖန်တီးထားတဲ့ အလိမ်အညာတစ်ခုပဲလား”

“အဲ့ဒါ ဘာအရေးကြီးတော့လို့လဲ။ ရေခဲနှလုံးသားစံအိမ်နဲ့ ကောင်းကင်ကျွန်းသခင်ကို မင်းဘာမှတ်နေတာလဲ။ သူတို့နဲ့ သွားပူးပေါင်းဖို့လား... မင်းကိုယ်တိုင်တောင် အသက်ရှင်လျက် ကျန်ခဲ့ရင်ကံကောင်း” ဆန်းတဲ့က ပြောလိုက်လေသည်။ ထိုသို့ ပြောပြီးနောက်တွင် သူ့အင်္ကျီလက်စကို ဝှေ့ရမ်းလျက် “ဒီကိစ္စက ဒီမှာတင်ပြီးရင်။ အခုစကပြီး မင်းလမ်းမင်းသွား၊ ငါလည်း ငါ့လမ်းငါသွားမယ်”

ထိုသို့ ပြောပြီးနောက်တွင် ထွက်သွားတော့မည်ဟန်ဖြင့် ခြေတစ်လှမ်း လှမ်းလိုက်လေသည်။

ရန်ကိုင်က အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လိုက်ပြီး ဖိအားတစ်ရပ်ကို ထုတ်လွှတ်လိုက်၏။ ဆန်းတဲ့ခန္ဓာကိုယ် တစ်ချက် ရပ်သွားခဲ့ပြီး ရန်ကိုင်ကို ကြည့်၍ “ဘာလဲ. မင်းက ဒီလူအိုကြီးကို ရက်ရက်စက်စက် သတ်ပစ်ချင်နေတာလား”

“ခင်ဗျားကတောင် ကျုပ်ကို သတ်ဖို့ကြိုးစားခဲ့တာက ကျုပ်က ဘာလို့ ခင်ဗျားကို လွှတ်ပေးရမှာလဲ။ မျှမျှတတပဲ လုပ်ကြမယ်လေ”

“ဒီနေ့ခေတ် လူငယ်တွေကို တကယ်ကို လေကြီးကြတာပဲ။ မင်းငါ့ကို တကယ်ကြီး သတ်နိုင်မယ်လို့ ထင်နေတာလား” ဆန်းတဲ့မှာ အစောကြီးကတည်းက ဒေါသထွက်နေခဲ့ရာ ရန်ကိုင်မှ သူ့ရှေ့တွင် လေကြီးလေကျယ် လာပြောနေသည်ကို မြင်သော် ပို၍ပင် ‌ဒေါသထွက်သွားခဲ့လေသည်။

သူသည် တာအိုသခင်အထွဋ်အထိပ်အဆင့် ပညာရှင်တစ်ဦး ဖြစ်သည်။ ဤကျင့်ကြံခြင်းဖြင့် မည်သူ့ကို ကြောက်နေစရာမလိုချေ။ ရန်ကိုင်သာ သူ့အား တွန်းအားပေးလာမည်ဆိုပါက သူလည်း ရန်ကိုင်အား သင်ခန်းစာပြန်ပေးရန် ဝန်လေးနေလိမ့်မည် မဟုတ်ချေ။

“အရင်ခေတ် လူကြီးတွေ တကယ်ကို ခေါင်းမကောင်းကြတာပဲ။ အမြဲတမ်း သူတို့အသက်ကြီးတာက အားသာချက်လို့ ထင်နေကြတယ်။ တကယ်ကို အရူးချီးပန်းတွေ” ရန်ကိုင်က ပြန်ပြောလေသည်။

“ကောင်စုတ်လေး၊ သက်တမ်းရင့်တဲ့ဂျင်းက ပိုစပ်တယ်ဆိုတာ မကြားဖူးဘူးလား။ မင်းတကယ်ကြီး ငါ့ရန်သူ လုပ်ချင်နေတာ သေချာလား” ဆန်းတဲ့မျက်နှာ မှုန်ကုတ်သွားခဲ့လေသည်။

ရန်ကိုင်က လှောင်ပြုံးပြုံးလျက် သူ့လက်ကို ဝှေ့ရမ်းကာ လျို့ယန်နှင့် ဟွာချင်းစီကို ထုတ်လိုက်လေသည်။ လျို့ယန်သည် ကောင်းကင်အဆင့် ရုပ်သေးရုပ်ဖြစ်သော ရှောင်ပိုင်ကို စီးထားခဲ့လေသည်။

“နင်တို့ လူငယ်လေးတွေ ဘယ်လောက်တောင် အားကောင်းလဲဆိုတာ ဒီလူအိုကြီး သိအောင် ပြလိုက်ကြစမ်း” ရန်ကိုင်သည် ဆန်းတဲ့ကို လက်ညိုးထိုးရင်း ပြောလိုက်၏။

ဟွားချင်းစီသည် ရန်ကိုင်အားကြည့်ကာ တွေးလိုက်လေ၏ (ငါကိုယ်တိုင်က တော်တော်လေး အသက်ကြီးနေတာကို ဘာလို့ လူငယ်တွေဆိုပြီး လာပြောနေတာလဲ)

“ဘာကြီးလဲ” ဆန်းတဲ့မှာမူ သူ့ရှေ့ရှိမြင်ကွင်းကို ကြည့်ရင်း မျက်လုံးအပြူးသား ဖြစ်နေခဲ့သည်။ လျို့ယန်နှင့် ဟွားချင်းစီတို့ မည်ကဲ့သို့ ပေါ်လာသလဲဆိုသည်ကို သူလုံးဝ မမြင်လိုက်ရချေ။

ထိုနှစ်ဦးသည် သူမသိအောင် တပုန်းပုန်းနဲ့ သူ့နောက်မှ နောက်ယောင်ခံလိုက်လာခြင်းလား...

သူ့ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်ကြည့်လိုက်သည့်အခိုက် ဆန်းတဲ့ အသည်းနှလုံးတစ်ခုလုံး အေးစက်သွားခဲ့ရလေသည်။ ကျားပေါ်တွင် ထိုင်နေသည့် မိန်းမငယ်လေးဖြစ်စေ၊ အမျိုးသမီးကြီးဖြစ်စေ၊ နှစ်ဦးစလုံးမှာ တာအိုသခင်တတိယအဆင့် ကျင့်ကြံသူများ ဖြစ်နေကြောင်း တွေ့ရှိလိုက်ရလေသည်။ ထို့အပြင် မိန်းမငယ်လေး စီးထားသည့် ကျားဖြူဆီမှလည်း အန္တရာယ်များသည့် အငွေ့အသက်တို့ကို ခံစားနေခဲ့ရလေသည်။

“သခင်၊ ကျွန်မတို့က သူ့ကို သတ်ပစ်လိုက်ရမလား၊ ဒါမှမဟုတ် မရှင်တရှင် ထားလိုက်ရမလား” လျို့ယန်က မေးလိုက်လေသည်။

“သတ်သာသတ်လိုက်” ရန်ကိုင်က နှာခေါင်းရှုံ့လိုက်လေသည်။ ဆန်းတဲ့သည် ထွက်ပေါက်နေရာကို မသိလေရာ သူ့အား အသက်ရှင်လျက်ထားလို့လည်း ဘာအသုံးဝင်ဦးမည်နည်း။

“နေပါဦး” ဆန်းတဲ့က အလန့်တကြား ထအော်လေသည်။

သူပြောလို့မပြောသေးခင်မှာပင် လျို့ယန်နှင့် ဟွာချင်းစီသည် သူ့အား ဘယ်ညာ နှစ်ဖက်နှစ်ချက်မှ ညှပ်တိုက်လာခဲ့လေသည်။ ထိုအခြင်းအရာကို မြင်သော် ဆန်းတဲ့ အမူအရာ ပြောင်းလဲသွားပြီး တစ်မုဟုတ်ချည်း ထွက်ပြေးတော့လေသည်။

ထိုစဉ် ရှောင်ပိုင်သည် ၎င်း၏ ပါးစပ်ကိုဟလျက် အဖြူရောင်အလင်းတန်းတစ်ခုကို ဆန်းတဲ့ ဆီသို့ ပစ်လွှတ်လိုက်လေသည်။

ဆန်းတဲ့ အံ့အားသင့်သွားလေ၏။ ကျားဖြူ၏ တိုက်ကွက်သည် သူ့အား ထိခိုက်သွားစေခြင်း မရှိသော်ငြား ကျားဖြူ၏ တိုက်ကွက်ထဲ ဧကရာဇ်စိတ်ဆန္ဒ အရိပ်အယောင်တို့ကို ခံစားမိလိုက်ရသည်။ ထိုကျားဖြူသည် အဆင့်တစ်ဆယ့်နှစ် မွန်းစတားသားရဲတစ်ကောင်လေလော။ ထိုအချက်ကို စဉ်းစားမိလိုက်သော် ဆန်းတဲ့မှာ ဤနေရာတွင် တစ်ချက်ကလေးပင် ဆက်မနေရဲတော့ဘဲ အစွမ်းကုန်ထုတ်သုံး၍သာ ထွက်ပြေးတော့လေ၏။

လျို့ယန်တို့ သုံးယောက်သည် ဆန်းတဲ့နောက်လိုက်ရင်း ရန်ကိုင်၏ မြင်ကွင်းမှ မျက်တောင်တစ်ခတ်အတွင်း ပျောက်ကွယ်သွားခဲ့လေသည်။

ထိုအခါမှသာ ရန်ကိုင်သည် အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လျက် ပင်လယ်ဘုရင်လွန်းပျံဘက်သို့ လှည့်လိုက်လေသည်။

အကြောင်းစုံကိုမသိဘဲ ယင်ဝိဥာဉ်အား သတ်ပစ်မိခဲ့သော်ငြား ပင်လယ်ဘုရင်လွန်းပျံသည် ဟင်းလင်းပြင်လောကကြီးထဲမှ ထွက်သွားနိုင်မည့် သော့ချက်တစ်ခုအဖြစ် ရှိနေဆဲ။ ထိုအရာသည် သူ့ရှေ့တွင် ရှိနေသည်ဖြစ်လေရာ ရန်ကိုင်အနေဖြင့် ထိုအရာကို ဤအတိုင်း မထားခဲ့နိုင်ချေ။

ထို့ကြောင့် ပင်လယ်ဘုရင်လွန်းပျံပေါ်သို့ ပျံသန်းသွားကာ တင်ပလင်ခွေထိုင်ချလိုက်၏။

ရန်ကိုင်သည် ပင်လယ်ကူးသင်္ဘောတစ်စီးကို သန့်စင်ရန်အတွက် တစ်ရက်သာ အချိန်ယူခဲ့သော်ငြား ပင်လယ်ဘုရင်လွန်းပျံကို သန့်စင်ရန်အတွက်မူ တစ်ပတ်ခန့် အချိန်ယူခဲ့ရပေသည်။ ပင်လယ်ဘုရင်လွန်းပျံကို သန့်စင်လိုက်သည့်အခါမှသာ ၎င်း၏ အတွင်းပိုင်း ဖွဲ့စည်းပုံ မည်မျှရှုပ်ထွေးကြောင်းကို နားလည်သွားခဲ့သည်။

တစ္ဆေအိုကြီးသည် ဤအရာကို ဖန်တီးရန်အတွက် သူ့တစ်ဘဝလုံး အချိန်ယူခဲ့သည်ဟု ဆန်းတဲ့ပြောခဲ့ခြင်းမှာ အလိပ်အညာတစ်ခု မဟုတ်သည့်ပုံပင်။ ပန်းပဲပညာရှင်တစ်ဦးအဖို့ တစ်ဘဝလုံးစာ အချိန်လိုအပ်သည့် မှော်ရတနာတစ်ခုကို ဤအစုတ်အပြတ် နေရာကြီးတွင် ဖန်တီးနိုင်သည်မှာ တကယ်ကို အထင်ကြီးဖွယ် ကောင်းနေခဲ့လေပြီ။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၃၉၄)

ပင်လယ်ဘုရင်လွန်းပျံကို သန့်စင်ပြီးသည့်အခါမှသာ ရန်ကိုင် ပြန်ထလာခဲ့သည်။

လျို့ယန်နှင့် ဟွာချင်းစီတို့မှာတော့ ပြန်ရောက်လို့ပင် ရန်ကိုင်အား စောင့်နေခဲ့၏။ ဆန်းတဲ့ ဘာဖြစ်သွားလဲဆိုသည်ကို ရန်ကိုင် သွားမမေးခဲ့ချေ။ သူတို့နှစ်ဦးသာလျှင် မဟုတ်ဘဲ ကောင်းကင်အဆင့် ရုပ်သေးရုပ်ပင်လျှင် ဆန်းတဲ့နောက်သို့ လိုက်သွားလေရာ ဆန်းတဲ့ အနေဖြင့် လွတ်စရာအကြောင်း လုံးဝ မရှိချေ။

တကယ်တော့ လျို့ယန်နှင့် ဟွာချင်းတို့သည် ဆန်းတဲ့အား ရှင်းထုတ်ပစ်ရန်အတွက် လက်ဖက်ခွက်တစ်ဝက်စာခန့်သာ အချိန်ယူခဲ့ပေသည်။ ကျန်သည့်အချိန်များကို ဤကျွန်းအား လိုက်ပတ်စူးစမ်းခြင်းဖြင့် အချိန်ဖြုန်းနေခဲ့ခြင်း ဖြစ်သည်။

လျို့ယန်နှင့် ဟွာချင်းစီတို့ကို ကမ္ဘာငယ်လေးထဲသို့ ပြန်ထည့်ပြီးနောက် သူ့လှေပျံကို ထုတ်၍ ကောင်းကင်ကျွန်းဆီသို့ ပြန်လာခဲ့လေသည်။

အခြားမည်သူမှ ရန်ကိုင်ကဲသို့ လုပ်ရဲလိမ့်မည် မဟုတ်ချေ။ အကြောင်းမှာ ဤကဲ့သို့ လှေပျံကိုသုံး၍ ကောင်းကင်ကျွန်းဆီသို့ ပျံသန်းသွားရန်အတွက် အရင်းအမြစ်ချီများစွာ လိုအပ်သည့်အတွက်ကြောင့်ပင်။ ထို့ကြောင့် မည်သည့်ကျင့်ကြံသူမဆို ပင်လယ်ထဲ သွားလာသည့်အခါ ပင်လယ်ကူသင်္ဘောများကိုသာ အသုံးပြုကြသည်။ ပင်လယ်ကူး သင်္ဘောများမှာ အတော်လေးကို နှေးကွေးသည့်တိုင် အနည်းဆုံးတော့ သူတို့၏ အရင်းအမြစ်ချီကို အသုံးပြုစရာမလိုချေ။

ရန်ကိုင်ကမူ ထိုကိစ္စကို စိတ်ပူမနေခဲ့ချေ။ သူ့အရင်းအမြစ်ချီ ကုန်သွားမည်ဆိုလျှင်ပင် သူ့တွင် အရင်းအမြစ်ကျောက်များစွာနှင့် ကမ္ဘာငယ်လေး ရှိနေခဲ့လေသည်။

ယခု ပင်လယ်ဘုရင်လွန်းပျံ ရသွားပြီ ဖြစ်သည့်အတွက်ကြောင့် ရေခဲနှလုံးသားစံအိမ်သခင် သို့မဟုတ် ကောင်းကင်ကျွန်းသခင်ဆီမှ ထွက်ပေါက်နေရာကို သိရအောင် လုပ်ရန်သာ ရှိတော့ပေသည်။

ရန်ကိုင်သည် ကောင်းကင်ကျွန်းသခင်နှင့် အဆက်အသွယ် မလုပ်ချင်ချေ။ ရေခဲနှလုံးသားစံအိမ်သခင် ကျပြန်သည့်အခါတွင် သူ့တွင် စံအိမ်သခင်နှင့် တွေ့နိုင်မည့် အခွင့်အရေး ယခုထိ မရှိသေးချေ။ ယခု ပြန်စဉ်းစားကြည့်လိုက်သည့်အခါမှ ဤနေရာသို့ မလာခင် ‌ရေခဲနှလုံးသားစံအိမ်တွင် ဆေးပညာရှင်တစ်ဦးအဖြစ် အလုပ် သွားလျှောက်ခဲ့သည်မှာ အတော်လေး ကံကောင်းသည်ဟု စဉ်းစားမိသွားလေသည်။

သူသည် ရေခဲနှလုံးသားစံအိမ်၏ ဆေးပညာရှင် ဖြစ်သော်ငြား ရေခဲနှလုံးသားစံအိမ်၏ စံအိမ်သခင်မှာ ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦး ဖြစ်သည့်အတွက်ကြောင့် သူတွေ့ချင်တိုင်း တွေ့နိုင်သည့်လူတစ်ဦး မဟုတ်ချေ။ တွေ့နိုင်ခဲ့မည်ဆိုလျှင်ပင် ထိုကဲ့သို့သော ပညာရှင်တစ်ဦးနှင့် အတူ ပူးပေါင်းသည့်အခါ ရန်ကိုင် အနေဖြင့် သတိကြပ်ကြပ်ထားရန် လိုအပ်ပေသေးသည်။

အပြန်လမ်းခရီးမှာ ငြိမ်းချမ်းလှ၏။ သုံးရက်ကြာပြီးနောက်တွင် ကောင်းကင်ကျွန်း၏ သင်္ဘောဆိပ်ဆီသို့ ရန်ကိုင် ပြန်ရောက်လာခဲ့သည်။

ရန်ကိုင် သင်္ဘောဆိပ်ဆီသို့ ပျံသန်းလာနေသည်ကို မြင်သော် ကျင့်ကြံသူပေါင်းများစွာ သူ့အား လှမ်းကြည့်လိုက်ကြလေသည်။ ဘာတွေဖြစ်သွား၍များ ရန်ကိုင်သည် သင်္ဘောတစ်စီးလုံးနှင့် သူ့အဖွဲ့သားများကိုပါ ဆုံးရှုံးလိုက်ရလေသနည်း။

ရန်ကိုင်ကမူ ထိုလူများ၏ အကြည့်များကို မသိချင်ယောင်သာ ဆောင်နေခဲ့လေသည်။

သူငှားထာသည့်အိမ်သို့ ပြန်ရောက်လာသည့်အခါ သက်သေခံတံဆိပ်ပြားကို ထုတ်၍ အိမ်ထဲသို့ ဝင်လိုက်လေ၏။ သို့ရာတွင် အိမ်ထဲသို့ ဝင်လိုက်စဉ်မှာပင် သူ့ရင်ထဲ မကောင်းသည့် ခံစားချက်တို့ကို ရလိုက်လေသည်။ ထို့ကြောင့် သူ့လက်ကို အလျင်စလို မြှောက်၍ သူ့ရှေ့ရှိ ဟင်းလင်းပြင်အား ရိုက်ချလိုက်လေသည်။

ဘုန်း...

ပေါက်ကွဲသံကြီးနှင့်အတူ အိမ်တစ်လုံးလုံး အကြီးအကျယ် လှုပ်ခါသွားခဲ့သည်။ အိမ်ပတ်လည်တွင် ခင်းကျင်းထားသော အကာအရံများမှာလည်း ထိုတိုက်ကွက်ကြောင့် မတည်မငြိမ် ဖြစ်လာခဲ့လေသည်။

ရန်ကိုင်သည်လည်း အားတစ်ခု၏ ထိမှန်ခြင်း ခံရကာ ကြိုးပြတ်သွားသည့် စွန်တစ်စင်းနှယ် လွင့်စင်ထွက်သွားခဲ့ပြီး သွေးအပွက်ပွက် အန်ထုတ်လိုက်ရလေသည်။

ဧကရာဇ်အဆင့်...

ရန်ကိုင် ထိတ်လန့်သွားခဲ့လေသည်။ ဧကရာဇ်အဆင့်ပညာရှင်တစ်ဦး သူ့အိမ်ထဲတွင်ပုန်းကား သူ့အား အလစ်ချောင်းတိုက်ခိုက်လိမ့်မည်ဟု တစ်ခါမှ မထင်ထားခဲ့ချေ။ တစ်ဖက်လူသည် ဧကရာဇ်ပထမအဆင့် ပညာရှင်တစ်ဦးသာ ဖြစ်သလို အားကုန်သုံး၍ တိုက်ခိုက်ခဲ့ခြင်းလည်း မရှိသော်ငြား ရန်ကိုင်မှာ အလျင်အမြန် တုန့်ပြန်လိုက်နိုင်သည့်တိုင် ဒဏ်ရာတော့ ရသွားခဲ့ရပေသည်။

လဲနေရာမှ အမြန်ကောက်ထ၍ ပါးစပ်ထောင့်ရှိ သွေးများကိုသုတ်ကာ ဘေးဘက်သို့ ဒေါသတကြီး လှမ်းကြည့်လိုက်လေသည်။

တိုက်ခိုက်လိုက်သည့်လူမှာလည်း ရန်ကိုင်အား အလစ်အငိုက်ချောင်းကာ တိုက်ခိုက်ခဲ့သည့်တိုင် မသတ်လိုက်နိုင်သဖြင့် ထိတ်လန့်တုန်လှုပ်နေခဲ့လေသည်။ ဘာကြောင့်မှန်းမသိ၊ သူ့အား တိုက်ခိုက်ခဲ့သည့်လူသည် ဒဏ်ရာရထားသည့်အလား မျက်နှာတစ်ပြင်လုံး ဖြူဖတ်ဖြူလျော် ဖြစ်နေသည်ကို ရန်ကိုင် သတိပြုမိလိုက်၏။

“ပန်းကွမ်” ထိုလူ၏ မျက်နှာကိုမြင်ပြီးနောက် ရန်ကိုင် အံကြိတ်လိုက်လေသည်။

သူ့အား အလစ်ချောင်းတိုက်ခိုက်လိုက်သည့်လူမှာ စိမ့်တော၏ မြို့သခင် ပန်းကွမ်မှလွဲ၍ အခြားမဟုတ်ချေ။

လွန်ခဲ့သော ရက်အနည်းငယ်ခန့်က ကောင်းကင်မြို့ထဲမှ မထွက်ခွာမီ ပန်းကွမ်နှင့် သွားတိုးခဲ့ပေသည်။ သို့သော်ငြား ထိုစဉ်က အမှတ်မထင် တွေ့ဆုံခဲ့ခြင်းသာ ဖြစ်သည်။ ယနေ့ ဤနေရာတွင် ပန်းကွမ်နှင့် နောက်တစ်ကြိမ် လာတိုးလိမ့်မည်ဟု ရန်ကိုင် မထင်ထားခဲ့ချေ။

ရှေ့သို့ လှမ်းကြည့်လိုက်သည့်အခိုက် ရန်ကိုင်မျက်နှာ မှုန်ကုတ်သွားခဲ့ပြီး သတ်ဖြတ်လိုစိတ်တို့ သူ့ရင်ထဲ လှိုက်တက်လာခဲ့လေသည်။

အကြောင်းမှာ ပန်းကွမ်သည် လျို့ရှန်းယွင်ခေါင်းပေါ်တွင် သူ့လက်ကို တင်ထားသည့် အတွက်ကြောင့်ပင် ဖြစ်လေသည်။

ရန်ကိုင်ကမူ ပန်းကွမ် ဘာကြောင့် ဤနေရာသို့ ရောက်နေသလဲ၊ လျို့ရှန်းယွင်အား ဘာကြောင့် ဓါးစာခံလုပ်ထားလဲဆိုသည်ကိုမသိ၊ သူသိသည်မှာတော့ လျို့ရှန်းယွင် မထိခိုက်သွားစေရန်အလို့ငှာ သတိထားရမည် ဟူသောအချက်ပင်။

လက်ရှိတွင် လျို့ရှန်းယွင်၏ ခန္ဓာကိုယ်မှာ တုန်ရီနေပြီး သူ့မျက်နှာမှာ ဖြူဖတ်ဖြူလျော် ဖြစ်နေသည်။ ရန်ကိုင် ထိခိုက်သွားသည်ကိုမြင်သော် အလန့်တကြား ထအော်လေ၏ “စီနီယာအစ်ကို” သူမမျက်လုံးထဲ အပြစ်မကင်းသည့် အရိပ်အယောင်တို့ဖြင့် ပြည့်နေ၏။

ယနေ့မတိုင်ခင်က ရန်ကိုင်သည် သူမအား သူနှင့်အတူလိုက်မလားဟု မေးခဲ့သည်။ လျို့ရှန်းယွင်ကတော့ ကျန်နေခဲ့ရန်သာ ဆုံးဖြတ်ခဲ့လေသည်။ ယခု ကြည့်ရသည်မှာ သူမ၏ ဆုံးဖြတ်ချက် မှားသွားခဲ့သည့်ပုံပင်။ ရန်ကိုင်နောက်သို့သာ လိုက်သွားခဲ့မည် ဆိုပါက ပန်းကွမ်၏ ဓါးစာခံလုပ်ခြင်း ခံရလိမ့်မည် မဟုတ်ချေ။

ယမန်နေ့က သူမ အပြင်သို့ တစ်ချက် ထွက်ခဲ့သည်။ ဝေးဝေးလံလံ သွားခြင်းမဟုတ်၊ အနီးအနားတွင် ရှိနေသော လင်းယင်ချင်းအိမ်သို့ သွားလည်ပြီး ပတ်ဝန်းကျင်နှင့် ရင်းနှီးအောင် လုပ်ခြင်းသာ။ သို့သော်ငြား အိမ်ပြန်လမ်းတွင် ပန်းကွမ်၏ ပစ်မှတ်ထားခြင်း ခံလိုက်ရလေသည်။ အိမ်ထဲသို့ ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် ပန်းကွမ်၏ ဖမ်းဆီးခြင်း ခံလိုက်ရလေ၏။

“ငါအဆင်ပြေတယ်” ရန်ကိုင်သည် သွေးတစ်ပွကက်ို ထွေးထုတ်ရင်းမှ လျို့ရှန်းယွင်ကို ကြည့်ကာ ပြန်ပြောလိုက်လေသည် “သူနင့်ကို ဘာမှမလုပ်ဘူးလား”

လျို့ရှန်းယွင်က ဖြည်းဖြည်းချင်း ခေါင်းခါလျက် “ဘာမှမလုပ်ဘူး။ သူစီနီယာအစ်ကို ပြန်လာမှာကို စောင့်နေတာ”

ထိုအခါမှသာ ရန်ကိုင် စိတ်သက်သာရာ ရသွားခဲ့ပြီး ပန်းကွမ်အား စူးရဲစွာ စိုက်ကြည့်လျက် မှုန်ကုတ်ကုတ် အမူအရာဖြင့် ပြောလိုက်လေသည် “မြို့သခင်ပန်း၊ ခင်ဗျားအဆင့်နဲ့ အခုလိုလုပ်တာ မရှက်ဘူးလား”

ပန်ကွမ်းကမူ အေးစက်စက် အမူအရာဖြင့်သာ နှာခေါင်းရှုံ့လိုက်လေသည်။ တကယ်တကယ်တွင်တော့ သူလည်း ရှက်နေမိလေသည်။ ဧကရာဇ်အဆင့် ပညာရှင်ကြီး တစ်ဦး ဖြစ်လျက်နှင့် အခြားသူတစ်ဦး၏ အိမ်ထဲသို့ ခိုးဝင်ပြီး သူ့ထက် ကျင့်ကြံခြင်းအဆင့် အများကြီးနိမ့်သည့် မိန်းကလေးတစ်ဦးကို ဓါးစာခံလုပ်သည်မှာ တကယ်ကို ရှက်ဖွယ် ကောင်းပေသည်။

“ကောင်လေး၊ ငါတည့်တိုးပဲ ပြောလိုက်မယ်” ပန်းကွမ်သည် ရန်ကိုင်အား စိုက်ကြည့်ရင်း အသံဩဩနှင့် ပြောလိုက်လေသည် “ငါ့ကို မဟာကောင်းကင်ဝိဥာဉ်ကြာပန်းပေးလိုက်။ အဲ့ဒါဆို ငါ့သူ့ကို ချက်ချင်း လွှတ်ပေးလိုက်မယ်”

ရန်ကိုင်တွင် မဟာကောင်းကင်ဝိဥာဉ်ကြာပန်း ရှိနေသည်ကို ပန်းကွမ် အစောကြီးကတည်းက သိပြီးသားပင်။ ထိုကြာပန်း မည်မျှ အဖိုးတန်သလဲ ဆိုသည်ကိုလည်း သူသိပေသည်။ ထို့ကြောင့်သာမဟုတ်လျှင် ရန်ကိုင်နှင့် ယောင်ချန်ကျွင်းနောက်သို့ ခိုးကြောင်ခိုးဝှက်နှင့် လိုက်လာခဲ့လိမ့်မည် မဟုတ်ချေ။ အစကတော့ ရန်ကိုင်နှင့်ယောင်ချန်ကျွင်းတို့ ပြဿနာတက်နေသည်ကို အခွင့်ကောင်းယူ၍ မဟာကောင်းကင်ဝိဥာဉ်ကြာပန်းကို ခိုးရန် စဉ်းစားခဲ့ပါသော်ငြား ဟင်းလင်းပြင်ဝဲကတော့ထဲမိပြီး ဤနေရာသို့ ရောက်လာရလိမ့်မည်ဟု မထင်ထားခဲ့ချေ။

“မဟာကောင်းကင်ဝိဥာဉ်ကြာပန်းကို လိုချင်တယ်ပေါ့” ရန်ကိုင် မျက်ခုံးပင့်သွားပြီး ပန်းကွမ်အား ဝေ့ကြည့်လိုက်လေသည်။ ထို့နောက် တစ်ခုခုအား နားလည်သွားသည့် အလား ညစ်ကျယ်ကျယ်ပြုံးလျက် “မြို့သခင် ခင်ဗျားရဲ့ ဒန်တန် ထိခိုက်ထားတာလား၊ ဝိဥာဉ် ထိခိုက်ထားတာလား”

မဟာကောင်းကင်ဝိဥာဉ်ကြာပန်းကို လိုချင်သည့်လူဆို၍ နှစ်မျိုးနှစ်စားသာရှိသည်။ ဒန်တန် သို့မဟုတ် ဝိဥာဉ်ကို ပြန်လည် ကုသချင်သည့်လူများသာ။ ယောင်ချန်ကျွင်း မဟာကောင်းကင်ဝိဥာဉ်ကြာပန်းကို လိုချင်ရခြင်းမှာ သူ့ဝိဥာဉ်ကို ပြန်လည် ကုသချင်သည့် အတွက်ကြောင့် ဖြစ်ပေသည်။ ပန်ကွမ်းသည်လည်း ထိုအကြောင်းအရင်း နှစ်ခုထဲမှ တစ်ခုကြောင့်သာ မဟာကောင်းကင်ဝိဥာဉ်ကြာပန်းကို လိုချင်နေခြင်း ဖြစ်ရပေမည်။

ပန်းကွမ်၏ အသက်ရှူနှုန်း မူမမှန်သည်မှာ အထူးအဆန်းတော့ မဟုတ်ချေ။ သူဆိုးဆိုးရွားရွား ထိခိုက်ထာသည့်အတွက်ကြောင့်ပေးကိုး။ ပန်းကွမ်သည် ပညာရှင် တစ်ဦးဦးနှင့် တိုက်ခိုက်ရင်း ဒဏ်ရာရခဲ့ခြင်း ဖြစ်ရပေမည်။ ပန်းကွမ်သည် ဧကရာဇ်အဆင့် ပညာရှင်တစ်ဦး ဖြစ်သော်ငြား ကောင်းကင်မြို့ထဲတွင် သူ့စွမ်းအားကို ပြန်ဖြည့်ရန် မလွယ်ကူချေ။ ဤနေရာတွင် မိုးမြေစွမ်းအင်ကို စုပ်ယူ၍မရသလို သူ့အတွက် လိုအပ်သည့် ဆေးလုံးများကို ဖော်စပ်ပေးမည့် အဆင့်မြင့် ဆေးပညာရှင်များလည်း ရှိမနေခဲ့ချေ။

ကံမကောင်းစွာဖြင့် ရန်ကိုင်တွင် မဟာကောင်းကင်ဝိဥာဉ်ကြာပန်း ရှိနေမှန်း သိထားသည်။ ထို့ကြောင့်သာ ရန်ကိုင်အား ပစ်မှတ်ထားလာခြင်း ဖြစ်သည်။

အစကတော့ သူဒဏ်ရာရထားသည့်တိုင် ရန်ကိုင်အား အလစ်ချောင်းတိုက်ခိုက်ရန် မခက်လောက်ဟု ထင်ထားခဲ့သည်။ ယခုမူ ရန်ကိုင်၏ လျင်မြန်သည့် တုန့်ပြန်မှုကြောင့် သူ၏ အလစ်ချောင်းတိုက်ခိုက်သည့် အစီအစဉ် ကျရှုံးသွားခဲ့ရာ လျို့ရှန်းယွင်ကိုသာ ဓါးစာခံလုပ်ရတော့လေသည်။

“အဲ့ဒါ မင်းကိစ္စမဟုတ်ဘူး။ မဟာကောင်းကင်ဝိဥာဉ်ကြာပန်းသာပေး၊ အဲ့ဒါဆို ငါမင်းကို မနှောင့်ယှတ်တော့ဘူး” ပန်းကွမ်က စိတ်မရှည်ဟန်ဖြင့် အော်ပြောလိုက်လေသည်။

ရန်ကိုင်က အဓိပ္ပါယ်ပါပါပြုံးလျက် “ကြည့်ရတာ မြို့သခင်ပန်းအတွက် ခက်ခဲခဲ့မှာပဲနော်၊ ဟုတ်တော့လည်း ဟုတ်တာပဲလေ... ဒီကျွန်းပေါ်မှာ ဧကရာဇ်အဆင့် လူသစ်တစ်ယောက် ပေါ်လာတာ မြို့ထဲကလူတွေ ဘယ်လိုလုပ်ပြီး အငြိမ်နေကြမှာလဲ။ ခင်ဗျားမှာ ပစ္စည်းကောင်းတွေ အများကြီး ပါလာမှန်းသိမှတော့ ခင်ဗျားကို ပစ်မှတ်ထားတာ အထူးအဆန်းတော့ မဟုတ်ပါဘူးလေ”

ရန်ကိုင်နှင့် လျို့ရှန်းယွင်သည် သက်သေခံတံဆိပ်ပြားများ၏ အကူအညီကြောင့် မြို့ထဲသို့ အလွယ်တကူ ဝင်နိုင်ခဲ့ခြင်း ဖြစ်သည်။ မြို့ထဲရှိ လူတော်တော်များများမှာ တာအိုသခင် အဆင့်တွင် ရှိနေသည့်အတွက်ကြောင့် ရန်ကိုင်တို့အား မည်သူမှ သံသယ မဝင်ကြချေ။ သို့သော်ငြား ပန်းကွမ်ကတော့ ထိုကဲ့သို့မဟုတ်။ မြို့ထဲတွင် ဧကရာဇ်အဆင့်ဆို၍ အနည်းငယ်သာ ရှိလေရာ ဧကရာဇ်အဆင့်အသစ်တစ်ယောက်ကို မြင်လိုက်သည်နှင့် ထိုလူသည် လူသစ်မှန်း အခြားသူများ ချက်ချင်း တန်းသိလိုက်ကြလေသည်။

“အပိုတွေ ပြောနေတာရပ်လိုက်တာ။ မဟာကောင်းကင်ဝိဥာဉ်ကြာပန်းကို ငါ့ဆီပေးလိုက်” ပန်းကွမ်က အံကြိတ်၍ အော်ပြောလိုက်လေသည်။ ထို့နောက်တွင် စိတ်မရှည် ဖြစ်လာသည့်အလား လျို့ရှန်းယွင်ကို ကိုင်ထားသည့် သူ့လက်ဆီမှ စွမ်းအင်လှိုင်းများ စတင် ထွက်ပေါ်လာခဲ့လေသည်။

လျို့ရှန်းယွင်သည် နာကျင်သွားသည့်အလား ရုတ်တရက် ထအော်လေသည်။

“ခင်ဗျား ကျုပ်ဂျူနီယာညီမကို ထိခိုက်အောင်လုပ်ရဲရင် ခင်ဗျား ဘယ်ကိုမှ ပြေးလို့မလွတ်ဘူးသာမှတ်” ရန်ကိုင်က ဒေါသတကြီး လှမ်းအော်လေသည်။

“အဲ့ဒါဆို ငါပြောတဲ့အတိုင်းလုပ်လိုက်” ပန်းကွမ်၏ နဖူးထက်မှ ချွေးသီးချွေးပေါက်များ စတင် စီးကျလာခဲ့လေသည်။ သူဆိုးဆိုးရွားရွား ထိခိုက်ထားသည်မှာ သိသာလှပေသည်။

“မဟာကောင်းကင်ဝိဥာဉ်ကြာပန်းကို လိုချင်နေတယ်ပေါ့” ရန်ကိုင်က မှုန်ကုတ်ကုတ် အမူအရာဖြင့် တစ်ခုခုကိုထုတ်ပြလိုက်လေသည် “ကြည့်ကြည့်လိုက်စမ်း၊ ကျုပ်လက်ထဲမှာ ဘာရှိလဲလို့”

ရန်ကိုင်၏ လက်ထဲရှိအရာကိုမြင်သော် ပန်းကွမ်၏ မျက်လုံးများ လောဘမီးတောက်တို့ဖြင့် လောင်မြိုက်လာခဲ့၏။ ရန်ကိုင်၏ လက်ထဲတွင် နှင်းသားနှယ် ဖြူဖွေးချောမွတ်နေသည့် အဖြူရောင်ကြာပန်းတစ်ပွင့် ရှိနေခဲ့သည်။ ရန်ကိုင်မှ ထိုကြာပန်းကို ထုတ်ယူလိုက်သည်နှင့် အိမ်ခန်းတစ်ခုလုံး သင်းပျံ့မွှေးထုံသည့် ရနံ့တို့ဖြင့် ပြည့်သွားခဲ့လေသည်။ ထိုအနံ့ကို ရှူမိလိုက်သည့်အခိုက် သူ့ဒဏ်ရာများပင် အတော်လေး သက်သာသလို ပန်းကွမ် ခံစားလိုက်ရလေသည်။

“ငါ့ကိုပေး” ပန်းကွမ် ထအော်လေသည်။ ထိုကြာပန်းကိုသာရပါက သူအုတ်မြစ် ထိခိုက်သွားမည်ကို စိတ်ပူစရာမလိုတော့ဘဲ သူ့ဒဏ်ရာများကို မြန်မြန် ပြန်ကုနိုင်ပေလိမ့်မည်။

ရန်ကိုင်က လှောင်ပြုံးပြုံးလျက် ပန်းကွမ်၏ မှင်သက်နေသည့် အကြည့်အောက်မှာပင် မဟာကောင်းကင်ကြာပန်းကို သူ့ပါးစပ်ထဲသို့ ထိုးထည့်၍ အားရပါးရ ဝါးစားပစ်လိုက်လေသည်။ ထို့နောက် အလွန်ကိုမှ အရသာရှိသည့် စားကောင်းသောက်ဖွယ် စားသောက်နေရသည့်အလား မြိန်ရေရှက်ရေ ဝါးပြနေလိုက်၏။

ထိုမြင်ကွင်းကိုကြည့်ရင်း ပန်းကွမ် လုံးဝကို မှင်သက်သွားခဲ့လေသည်။ စိတ်နှင့်ကိုယ် မကပ်တော့သည့်အလား သူ့ခန္ဓာကိုယ်မှာလည်း တောင့်တောင့်ကြီး ဖြစ်သွားလေ၏။

ဝါးစားနေစဉ်အတောအတွင်း ရန်ကိုင်သည် အရူးတစ်ယောက်နှယ် အော်ရယ်မောလိုက်၏ “လိုချင်တာလား၊ လာယူလေ။ ခင်ဗျားလာယူရင် ကျုပ်ပြန်ထွေးထုတ်ပေးမယ်လေ”

“မင်း...” ပန်းကွမ်မှာ ထိုမြင်ကွင်းကိုကြည့်ရင်း ဒေါသထွက်လွန်းသဖြင့် သွေးပင် အန်ချင်မိသွားခဲ့သည်။

သူသည် လျို့ရှန်းယွင်ကို ဓါးစာခံလုပ်ထားသော်ငြား ရန်ကိုင်ကမူ သူ့ရှေ့တွင် ပမာမခန့် လုပ်ပြရဲသည်။

(ဒီကောင် ရူးနေတာလား။ သူ့ဂျူနီယာညီမကို ငါဓါးစာခံလုပ်ထားတားကို သူမမြင်တာလား)

ထိုအကြောင်းကိုတွေးနေစဉ် ပန်းကွမ် ရင်တုန်သွားခဲ့လေသည်။ ရန်ကိုင်သည် မျက်လုံးကို ပိတ်၍ သူ့ဘယ်ဘက်မျက်လုံးကို ပြန်ဖွင့်လိုက်လေသည်။ ရုတ်တရက် သူ့ဘယ်ဘက်မျက်ဆံသည် ရွှေရောင်ဒေါင်လိုက်မျက်ဆံတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့လေသည်။ ထိုရွှေရောင်မျက်ဆံဆီမှ ထူးဆန်းသည့် စွမ်းအားတစ်ရပ် ဖြာထွက်လာခဲ့လေ၏။

ပန်းကွမ် ထိတ်လန့်သွားခဲ့ပြီး သူ့ဝိဥာဉ်မှာ မတည်မငြိမ် ဖြစ်လာခဲ့လေသည်။

ထိုစဉ် ရန်ကိုင်သည် အနန္တဓါးကိုထုတ်၍ ပန်းကွမ်ကို ခုတ်ချလိုက်လေသည်။

ဓါးချီမှာ အလွန်ကိုမှ အားကောင်းလှသဖြင့် ဓါးချက်မှာ သူ့ဆီသို့ မရောက်သေးသည့်တိုင် မရဏအငွေ့အသက်တို့ကို ပန်းကွမ် ခံစားလိုက်ရလေသည်။

ထို့အတွက်ကြောင့် ပန်းကွမ်မှာ အလိုလို နောက်သို့ ဆုတ်မိလိုက်၏။

သို့သော်ငြား ထိုသို့ လုပ်မိမိချင်းမှာပင် ပန်းကွမ် ရင်ထိတ်သွားခဲ့၏။ ရန်ကိုင် ဘာလုပ်ချင်နေသလဲ ဆိုသည်ကို သူနားလည်သွားခဲ့သည်။ ထို့ကြောင့် အံကြိတ်၍ လျို့ရှန်းယွင်ကို သတ်ပစ်ရန် အလို့ငှာ သူ့လက်ထဲတွင် ဧကရာဇ်ချီများကို စုဝေးလိုက်လေသည်။

သို့ရာတွင် သူ့လက်ထဲ ဘာဆိုဘာမှ ရှိမနေခဲ့ချေ။

ယခုလေးတင် သူ့လက်ထဲ ရှိနေခဲ့သော လျို့ရှန်းယွင်သည် လျို့ဝှက်ဆန်းကြယ်စွာ ပျောက်ဆုံးသွားခဲ့သည်။ ထူးဆန်းသည့် စွမ်းအင်တစ်ရပ်သည်သာ သူမ ရှိနေခဲ့သည့် နေရာတွင် ကျန်ရစ်နေခဲ့၏။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၃၉၅)

“လေဟာနယ်နိယာမစွမ်းအား…” ပန်းကွမ် မျက်လုံးပြူးကျယ် သွားခဲ့လေသည်။

သူအစောပိုင်းက ခံစားလိုက်ရသည့် စွမ်းအင်အရှိန်အဝါမှာ လေဟာနယ်နိယာမစွမ်းအားများကို အသုံးပြုရာမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ ထို့အပြင် ရန်ကိုင်သည် ထိုလေဟာနယ်နိယာမစွမ်းအားများကို အလွန်ကိုမှ ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုပြသွားခဲ့လေသည်။

(ဒီကောင် လေဟာနယ်တာအိုကို ကျင့်ကြံထားတာလား… ပြီးတော့ လေဟာနယ်နိယာမစွမ်းအားကို သုံးပြီး အခြားသူတွေကိုတောင် တည်နေရာကူးပြောင်းပေးလို့ရတယ်ပေါ့… ဒါ တာအိုသခင်အဆင့် ကျင့်ကြံသူတစ်ဦးရဲ့ ခွန်အားလား…)

ပန်းကွမ် ဆက်မတွေးနိုင်တော့ချေ။ ရန်ကိုင်သည် အနန္တဓါးဖြင့် သူ့အား ခုတ်ချလာနေခဲ့လေပြီ။

ထိုဓါးတိုက်ကွက်ထဲ ရန်ကိုင့်၏ခွန်အား အကုန်အစင် ပါဝင်နေခဲ့သည်။ ထို့အတွက်ကြောင့် ဧကရာဇ်အဆင့်သို့ ရောက်နေသော ပန်းကွမ်ကဲ့သို့သော လူမျိုးပင်လျှင် ထိုတိုက်ကွက်နှင့် ရင်ဆိုင်ရသည့်အခါ ထိတ်လန့်တုန်လှုပ်သွားခဲ့ရလေသည်။ ချက်ချင်းပဲ သူ၏ လိပ်ပြာပုံစံအကာအကွယ် မှော်ရတနာကို ကောက်ယူ၍ ကာထားလိုက်လေ၏။

“ဘုန်း…”

ပေါက်ကွဲသံအကျယ်ကြီးနှင့်အတူ အိမ်ပတ်လည်တွင် ရှိနေသော အကာအရံအားလုံး ပျက်စီးသွားကုန်ကြလေသည်။ အကာအရံများမရှိတော့သည့် အတွက်ကြောင့် မှော်ရတနာနှစ်ခု ထိပ်တိုက်တွေ့ဆုံရာမှ ဖြာထွက်လာသည့် စွမ်းအင်လှိုင်းများသည် ရန်ကိုင့်၏ အိမ်တစ်ခုလုံးကို ဖျက်ဆီးပစ်သွားခဲ့လေ၏။

“ရွှစ် ရွှစ်…”

ချက်ချင်းဆိုသလို ပုံရိပ်နှစ်ခု အိမ်ထဲမှ ပြေးထွက်လာကြပြီး တစ်ဦးကိုတစ်ဦး ခပ်လှမ်းလှမ်းဆီမှ စိုက်ကြည့်နေကြလေသည်။

ပန်းကွမ်၏မျက်နှာ ဒေါသကြောင့် ရှုံ့မဲ့နေခဲ့လေသည်။ “ကောင်လေး… မင်း ငါ့ကို ရန်စရဲတယ်ပေါ့…”

ရန်ကိုင်သည် မဟာကောင်းကင်ဝိဉာဉ်ကြာပန်းကို သူ့အား ပေးမည့်အစား သူ့ဘာသာသူ ပြန်စားပစ်လိုက်လေသည်။ ထို့အတွက်ကြောင့် ပန်းကွမ်စိတ်ထဲ အလွန်ကိုမှ နာကျင်နေရလေသည်။

ရန်ကိုင်က လှောင်ပြုံးပြုံးလျက် “အဲ့တော့ဘာဖြစ်လဲ… ခင်ဗျားသတ္တိရှိရင် ကျုပ်ကို လာတိုက်ခိုက်လေ…”

“ဒီဘုရင် မင်းကို သတ်ပစ်မယ်…” ပန်းကွမ်က အော်ဟစ်လိုက်လေသည်။

ရန်ကိုင်သည် ပန်းကွမ်စကားကို မကြားသည့်အလား မလှုပ်မယှက်သာ ရပ်နေလျက် ပြန်ပြောလိုက်လေသည်။ “မြို့သခင်ပန်း… ခင်ဗျားကိုယ်ခင်ဗျား အရင်ဂရုစိုက်ဖို့ ကျုပ် အကြံပေးချင်တယ်…”

ထိုစကားကိုကြားသည့်အခါ ပန်းကွမ်၏အမူအယာ ပြောင်းလဲသွားပြီး ဘေးပတ်ဝန်းကျင်အား အလျင်စလို လှည့်ပတ်ကြည့်လိုက်လေသည်။

ရန်ကိုင့်၏အိမ်ထဲတွင် ရှိနေစဉ်က မည်သူမှ သူတို့အား သတိပြုမိလိမ့်မည် မဟုတ်သော်ငြား ယခု အပြင်ရောက်လာပြီးသည့်နောက်တွင် သူတို့၏တိုက်ပွဲသည် ကောင်းကင်မြို့ထဲတွင် ရှိနေသော ကျင့်ကြံသူအားလုံးကို လှုပ်လှုပ်ရွရွ ဖြစ်သွားစေခဲ့လေသည်။

အနီးအနားတွင် နေနေကြသော ကျင့်ကြံသူများမှာ ဘာတွေများဖြစ်နေသလဲဟု တွေးလျက် သူတို့၏အိမ်အသီးသီးမှ ပြေးထွက်လာကြလေသည်။ တချို့သော ကျင့်ကြံသူများဆိုလျှင် ခပ်ဝေးဝေးမှပင်လျှင် ပျံသန်းလာနေကြလေ၏။

ထိုလူများအနက် သိသာထူးခြားလှသည့် အရှိန်အဝါနှစ်ခုကို ပန်းကွမ် ခံစားမိလိုက်လေသည်။ တကယ်‌တော့ ထိုနှစ်ဦးသည် ပန်းကွမ်အား ထိခိုက်ဒဏ်ရာရအောင် လုပ်ခဲ့ကြသူများပင် မဟုတ်လေလော။ ထိုနှစ်ယောက်ပင် လာနေသည်ကို သတိပြုမိလိုက်သော် ပန်းကွမ်လည်း ဤနေရာတွင် ဆက်မနေရဲတော့ချေ။ ရန်ကိုင့်အား စူးရဲစွာ တစ်ချက် စိုက်ကြည့်လိုက်ပြီးသည့်နောက် မြို့ပြင်ဘက်ဆီသို့ အလျင်စလို ထွက်ပြေးလေ၏။

ပန်းကွမ်ထွက်သွားပြီးမကြာခင် ကျင့်ကြံသူပေါင်းများစွာ ရန်ကိုင်နေသည့် အိမ်ဆီသို့ ရောက်လာကြလေသည်။ ထိုကျင့်ကြံသူများသည် ရန်ကိုင့်၏အိမ်ကို လက်ညှိုးတထိုးထိုးဖြင့် လုပ်နေရင်းမှ တီးတိုးပြောဆိုနေကြလေသည်။

ထိုတီးတိုးပြောဆိုသံများကြားဝယ် ပုံရိပ်နှစ်ခု ကောင်းကင်ပေါ်မှ ဆင်းသက်လာခဲ့လေသည်။ ထိုနှစ်ဦး၏ လေးနက်တည်ကြည်သည့် အမူအယာကို မြင်ပြီးသည့်နောက် အနီးအနားတွင်ရှိနေသော ကျင့်ကြံသူများ ခပ်လှမ်းလှမ်းသို့ ဆုတ်သွားကြလေ၏။ သူတို့နှစ်ဦးမှာ ဧကရာဇ်ပထမအဆင့် ကျင့်ကြံသူများဖြစ်ကြောင်း သူတို့ခန္ဓာကိုယ်ဆီမှ ဖြာထွက်နေသည့် အရှိန်အဝါက အတိုင်းသားဖော်ပြနေလေ၏။

ရန်ကိုင်သည် ထိုနှစ်ဦးကိုကြည့်ရင်း သတိချပ်လိုက်လေသည်။

အခြားသူများ၏ တီးတိုးပြောဆိုသံများမှတစ်ဆင့် ထိုနှစ်ဦးမှာ တိမ်တိုက်စံအိမ်၏ စံအိမ်သခင်နှင့် လွတ်လပ်ခြင်းအစည်းအရုံး၏ အစည်းအရုံးသခင်တို့ ဖြစ်ကြောင်း ရန်ကိုင် သိရှိသွားရသည်။ ထိုအဖွဲ့အစည်းနှစ်ခုလုံးမှာ ကောင်းကင်ကျွန်းတွင် အတော်လေးကို ဩဇာအာဏာကြီးမားသည့် အဖွဲ့အစည်းများ ဖြစ်ကြပေသည်။

ထိုနှစ်ဦးပုံစံကို ကြည့်ရသလောက် ပန်းကွမ်၏အရှိန်အဝါကို အာရုံခံမိလိုက်သည့် အတွက်ကြောင့် ဤနေရာသို့ အပြေးလာခြင်း ဖြစ်လောက်သည်။ ထိုနှစ်ဦးလုံးမှာလည်း ဒဏ်ရာအသီးသီး ရထားကြလေသည်။ ပန်းကွမ်နှင့် တိုက်ခိုက်ရာတွင် သူတို့နှစ်ဦးအတွက်လည်း မသက်သာခဲ့သည့် ပုံပင်။

“ဟိုလူဘယ်မှာလဲ…” တိမ်တိုက်စံအိမ်၏သခင်သည် လူအုပ်ကြီးအား ဝေ့ကြည့်လိုက်ပြီးသည့်နောက် အဆုံးတွင် သူ့အကြည့်သည် ရန်ကိုင်ဆီတွင် ရပ်တန့်သွားခဲ့လေသည်။

ရန်ကိုင်သည် ပန်းကွမ်ထွက်ပြေးသွားသည့် ဘက်သို့ အလျင်စလို ညွှန်ပြရင်းမှ ပြောလိုက်လေသည်။ “သူ အဲ့ဘက်ကို ထွက်ပြေးသွားတယ်… ဆရာတို့ ကျုပ်တို့အတွက် ပြန်ပြီး လက်စားချေပေးပါ… အဲ့ခွေးကောင်က ကျုပ်အိမ်ထဲမှာ ပုန်းပြီးတော့ ကျုပ်…”

ရန်ကိုင်မှာ သူ့စကားကို ဆုံးအောင် မပြောနိုင်သေးခင်မှာပင် ဧကရာဇ်ပထမအဆင့် ကျင့်ကြံသူနှစ်ဦးမှာ သူ့မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့လေသည်။ သူတို့နှစ်ဦးမှာ ရန်ကိုင့်ကိစ္စကို စိတ်မဝင်စားချေ။ သူတို့စိတ်ဝင်စားသည်မှာ ပန်းကွမ်၏ သိုလှောင်လက်စွပ်ထဲတွင် ရှိနေမည့် အဖိုးတန်ရတနာများပင် ဖြစ်လေသည်။ ထို့ကြောင့်သာ မဟုတ်ပါက ဧကရာဇ်ပထမအဆင့်တွင် ရှိနေသော ကျင့်ကြံသူတစ်ဦးအား သွားရောက်တိုက်ခိုက်ခဲ့လိမ့်မည် မဟုတ်ပေ။

သူတို့နှစ်ဦး ထွက်သွားပြီးသည့်နောက်တွင် ရန်ကိုင်သည် မြေပြင်ပေါ်တွင် လဲနေသော လျို့ရှန်းယွင်ကို ခေါ်၍ ပြောလိုက်လေသည်။ “နေရာပြောင်းကြရအောင်…”

ဤပေါက်ကွဲမှုကြောင့် လူအုပ်ကြီးတစ်ခုလုံး အုန်းအုန်းကျက်ကျက် ဖြစ်သွားခဲ့သလို သူငှားထားသည့် အိမ်လည်း ပျက်စီးသွားခဲ့ရလေသည်။ မြို့သခင်စံအိမ်သည် လူလွှတ်၍ ဤကိစ္စကို ကျိန်းသေ စုံစမ်းပေလိမ့်မည်။ သူတို့သာ ရန်ကိုင့်အား စစ်မေးမည်ဆိုပါက ရန်ကိုင့်အနေဖြင့် အကြောင်းစုံကို ရေရေလည်လည် ရှင်းပြနိုင်လိမ့်မည် မဟုတ်ချေ။

‘ဧကရာဇ်အဆင့် ကျင့်ကြံသူတစ်ဦး မင်းအိမ်မှာ ဘာလို့ လာပုန်းနေတာလဲ… သူအလစ်ချောင်းတိုက်တာကို မင်းလိုလူတစ်ယောက်က ဘယ်လိုလုပ်ပြီး ခုခံနိုင်ခဲ့တာလဲ…’ ဟူသော မေးခွန်းများကို ရန်ကိုင် အလွယ်တကူ ဖြေနိုင်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် ဤနေရာမှ ထွက်သွားရန်သာ ဆုံးဖြတ်လိုက်လေ၏။

ရန်ကိုင်ထင်ထားသည့်အတိုင်းပင် သူထွက်သွားပြီး အသက်သုံးဆယ်ရှိုက်စာခန့် ကြာပြီးသည့်နောက် မြို့သခင်စံအိမ်မှ လူများ ရောက်လာကြလေသည်။ ရောက်လာပြီးသည့်နောက်တွင် မြေပိုင်ရှင်ဘယ်သူလဲ လိုက်မေးကြလေ၏။ မြေပိုင်ရှင်အား မတွေ့ရသည့် အဆုံး၌ အသီးသီး ပြန်ဆုတ်သွားကြလေ၏။

ရန်ကိုင်သည် လျို့ရှန်းယွင်ကိုခေါ်ကာ ရေခဲနှလုံးသားစံအိမ်သို့ လာခဲ့လေသည်။

“ဟမ်… ဆေးပညာရှင်ရန်လား…” ရန်ကိုင်ရောက်လာသည်ကို မြင်သော် ဖန်ရှင်းက ပြုံးလျက် နှုတ်ဆက်လိုက်လေသည်။ “ဆေးပညာရှင်ရန်ရဲ့ ကိစ္စ ပြီးသွားပြီလား…”

“အင်း… စိုးရိမ်အောင်လုပ်မိလို့ တောင်းပန်ပါတယ်…” ရန်ကိုင်က ပြုံးကာ ပြန်ပြောလိုက်လေ၏။

ဖန်ရှင်း ဆက်ပြောတော့မည်အပြု သူမ၏အမူအယာ ရုတ်တရက် ပြောင်းလဲသွားပြီး ပြောလိုက်လေ၏။ “ဆေးပညာရှင်ရန်… ရှင်ဘယ်လိုလုပ်ပြီး ဒဏ်ရာရလာတာလဲ…”

ရန်ကိုင်သည် ပန်းကွမ်၏ အလစ်ချောင်းတိုက်ခိုက်မှုမှ အသက်ရှင်နိုင်ခဲ့သော်ငြား ဒဏ်ရာလည်း ရသွားခဲ့ရပေသည်။ လက်ရှိအချိန်တွင် ရန်ကိုင့်ပုံစံမှာ အတော်လေးကို ဆိုးဆိုးရွားရွား ဖြစ်နေလေ၏။

“မတော်တဆလေးတစ်ခု ဖြစ်သွားတာ…” ရန်ကိုင်က ရှက်ရှက်ဖြင့် ပြောလိုက်လေသည်။ “ဒါကြောင့်ပဲ ကျုပ် ဒီမှာ နေလို့ရမလားဆိုပြီး လာခဲ့တာ…”

ဖန်ရှင်းသည် ရန်ကိုင့်အား ခက်ထန်စွာ စိုက်ကြည့်လိုက်ပြီးသည့်နောက် “ဆေးပညာရှင်ရန်… ခုနတုန်းက မြို့ထဲမှာဖြစ်သွားတဲ့ ပေါက်ကွဲသံက ရှင်နဲ့ပတ်သက်နေတာလား…”

ရန်ကိုင်က အားတင်းပြုံးလျက် “အဲ့လိုပဲဆိုရမှာပေါ့…”

ဖန်ရှင်းအံ့အားသင့်သွားခဲ့လေသည်။ သူမ၏ ခန့်မှန်းချက် မှန်ကန်နေမှန်း သိလိုက်ပြီးသည့်နောက် ဖန်ရှင်းမှာ လုံးဝကို ဆွံ့အသွားတော့လေသည်။ အတွင်းမြို့တော်ထဲတွင် ပြဿနာရှာရဲသည့် လူဆို၍ များများစားစား မရှိချေ။ လူနေအိမ်များအနီးတွင် ပြဿနာရှာရဲဖို့ရာဆိုလျှင်တော့ ဝေလာဝေးစွပင်။ ဘာတွေများ လုပ်ခဲ့၍ ရန်ကိုင် ဤကဲ့သို့ ဖြစ်နေရသလဲ ဆိုသည်ကို ကောင်းကင်သာ သိပေလိမ့်မည်။

“ဂျူနီယာညီမဖန်ရှင်း… ကျုပ်တို့ နေလို့ အဆင်မပြေဘူးဆိုရင်လည်း ရပါတယ်…” ဖန်ရှင်းမှ သူ့အား ဝင်ခွင့်မပြုသေးသည်ကိုမြင်သော် ရန်ကိုင်က ပြောလိုက်လေသည်။

ဖန်ရှင်းက ယဲ့ယဲ့လေးပြုံးလျက် ပြန်ပြောလိုက်လေ၏။ “ကျွန်မတို့ ရေခဲနှလုံးသားစံအိမ်ထဲကို ရောက်ပြီဆိုတာနဲ့ ပြဿနာတွေက ပြဿနာတွေမဟုတ်တော့ဘူး… ရှင်က ကျွန်မတို့ရေခဲနှလုံးသားစံအိမ်ရဲ့ ဆေးပညာရှင်ဆိုမှတော့ ရှင့်ကို ဒီမှာ မနေခိုင်းရင် ရှင်က ဘယ်ကို သွားနေမှာလဲ… ကျေးဇူးပြုပြီး အထဲကို ဝင်လာခဲ့ပေးပါ…”

ထိုစကားကိုကြားသော် ရန်ကိုင့်၏မျက်နှာ ဝင်းပသွားခဲ့ပြီး အလျင်စလို လက်သီးဆုပ်၍ ပြောလိုက်လေသည်။ “ကျေးဇူးအများကြီးတင်ပါတယ် ဂျူနီယာညီမဖန်ရှင်း…”

ရေခဲနှလုံးသားစံအိမ်ထဲသို့ ဝင်လာပြီးသည့်နောက် ရန်ကိုင် စိတ်သက်သာရာ ရသွားခဲ့လေသည်။ ဤနေရာသည် အတော်လေးကို သေးသလို ဤနေရာကို ကြီးကြပ်နေသည့် ကျင့်ကြံသူများမှာလည်း အတော်လေးကိုမှ အားနည်းလှသော်ငြား ဤနေရာ၏ပိုင်ရှင်မှာ အစစ်အမှန် ပညာရှင်တစ်ဦးဖြစ်ပေသည်။ ထို့အတွက်ကြောင့် ဤနေရာသည် မြို့ထဲရှိ သူငှားနေသည့် အိမ်များထက်ပင် ပို၍ လုံခြုံပေသေးသည်။ ရန်ကိုင်သာ ဤနေရာတွင် နေမည်ဆိုပါက မည်သူမှ သူ့အား ပြဿနာလာရှာရဲလိမ့်မည် မဟုတ်ချေ။

ဖန်ရှင်းသည် ရန်ကိုင်တို့အား အထဲသို့ ခေါ်သွားပြီး သူတို့အတွက် နေစရာ ပြင်ဆင်ပေးလိုက်လေသည်။

ရန်ကိုင့်၏ဒဏ်ရာမှာ အတော်လေးကိုမှ ပြင်းထန်သော်ငြား သူ့ခန္ဓာကိုယ်မှာ အခြားသူများနှင့်မတူချေ။ အချိန်တိုအတွင်း အလွန်မြန်ဆန်သည့်နှုန်းဖြင့် ပြန်လည်ကောင်းမွန်လာခဲ့လေသည်။

သို့ရာတွင် လက်ရှိအချိန်၌ ရန်ကိုင်သည် သူ့ဒဏ်ရာများကို ပြန်လည်ကုစားရန် စိတ်မပါသေးချေ။ ထို့အစား ကမ္ဘာငယ်လေးထဲမှ အနက်ရောင် မဟာကောင်းကင်ဝိဉာဉ်ကြာပန်းကိုသာ ထုတ်ယူလိုက်လေသည်။

အစောပိုင်းက ပန်းကွမ်ကြောင့် ရန်ကိုင်သည် အဖြူရောင်မဟာကောင်းကင်ဝိဉာဉ်ကြာပန်းကို ဝါးစားပစ်လိုက်ရလေသည်။ ထို့အတွက်ကြောင့် သူ့အနေဖြင့် မဟာဝိဉာဉ်ဆေးလုံးကို ဆက်လက်ဖော်စပ်နိုင်တော့လိမ့်မည် မဟုတ်ချေ။

ဆေးလုံးမဖော်စပ်နိုင်တော့မှဖြင့် ဤအနက်ရောင် မဟာကောင်းကင်ဝိဉာဉ်ကြာပန်းအား ဘာဆက်လုပ်ရတော့မည်နည်း။ ထို့အတွက်ကြောင့် ရန်ကိုင်သည် အနက်ရောင် မဟာကောင်းကင်ဝိဉာဉ်ကြာပန်းအား တစ်ခါတည်း ဝါးစားပစ်လိုက်တော့လေသည်။

ထို့နောက် သိုလှောင်လက်စွပ်ထဲမှ ဆေးပင်အချို့ကို ထုတ်ကာ ထပ်မံဝါးစားပစ်လိုက်ပြန်သည်။ ထိုဆေးပင်အားလုံးသည် မဟာဝိဉာဉ်ဆေးလုံးကို ဖော်စပ်ရန်အတွက် လိုအပ်သော ဆေးအမယ်များ ဖြစ်ကြပေသည်။

ဆေးလုံးကို မဖော်စပ်နိုင်တော့သည့် အတွက်ကြောင့် ရန်ကိုင်လည်း ဤနည်းလမ်းဖြင့်သာ မဟာကောင်းကင်ဝိဉာဉ်ကြာပန်းများ၏ ဆေးအာနိသင်ကို ထုတ်ယူရတော့လေသည်။ ဆေးပင်များကို ဝါးစားပစ်လိုက်ပြီးသည့်နောက် ရန်ကိုင်သည် သူ့ခန္ဓာကိုယ်အား ဆေးမီးဖိုသဖွယ် အသုံးချလျက် အရင်းအမြစ်ချီကို မီးတောက်သဖွယ် အသုံးပြုကာ ဆေးအာနိသင်များကို စတင် ပေါင်းစပ်တော့လေ၏။

ဤနည်းလမ်းသည် ဆေးအာနိသင်များစွာကို ဆုံးရှုံးသွားစေနိုင်သော်ငြား ရန်ကိုင့်တွင် အခြားနည်းလမ်း ရှိမနေခဲ့ပေ။

သန့်စင်လှသည့် ဆေးအာနိသင်တို့ ပေါက်ကွဲထွက်လာခဲ့ပြီး သူ့ဝမ်းဗိုက်နေရာမှတစ်ဆင့် ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားခဲ့လေသည်။ ရန်ကိုင်သည် အခြားမည်သည့်ကိစ္စကိုမှ အာရုံမစိုက်သေးပဲ ကြာပန်းများ၏ ဆေးအာနိသင်ကို အတတ်နိုင်ဆုံး သန့်စင်နေခဲ့လေသည်။

သူ့ဒန်တျန်နှင့် အသိစိတ်ပင်လယ် တဖြည်းဖြည်း ကျယ်ပြန့်လာနေသည်ကို ရန်ကိုင် ခံစားမိနေခဲ့သည်။ သုံးရက်ကြာပြီးသည့်နောက်တွင် ရန်ကိုင် မျက်လုံး ပြန်ပွင့်လာခဲ့လေသည်။ လက်ရှိတွင် ရန်ကိုင်သည် လုံးဝကို အားပြည့်အင်ပြည့် ဖြစ်နေခဲ့လေသည်။ သူ့ခန္ဓာကိုယ်အခြေအနေကို စစ်ဆေးကြည့်လိုက်ပြီးသည့်နောက် ရထားသည့် ဒဏ်ရာအားလုံး ပျောက်ကင်းသွားပြီးဖြစ်ကြောင်း တွေ့လိုက်ရလေသည်။ ထို့အပြင် သူ့ဒန်တျန်သည် လွန်ခဲ့သည့် သုံးရက်ကနှင့် ယှဉ်လိုက်သော် တစ်ဆယ်ရာခိုင်နှုန်းခန့် ပိုမိုကြီးမားလာခဲ့သည်။ သူ့အသိစိတ်ပင်လယ်သည်လည်း အလားတူပင်။

ဤအဆင့်သို့ ရောက်လာပြီးသည့်နောက်တွင် ရန်ကိုင့်အဖို့ နောက်တစ်ဆင့်သို့ ထပ်တက်ရန်မှာ အတော်လေးကိုမှ ခဲယဉ်းသွားခဲ့သည်။ သူ့ခွန်အား အနည်းငယ်မျှ တိုးတက်ရန်အတွက်ပင်လျှင် ခက်ခက်ခဲခဲ ကြိုးစားရသလို ကံပေါ်လည်း မှီခိုရပေသည်။ ယခုမူ မဟာကောင်းကင်ဝိဉာဉ်ကြာပန်းနှစ်ခုကြောင့် သူ့ခွန်အားမှာ သိသိသာသာကို တိုးတက်ခဲ့ရသည်။ ကြာပန်းနှစ်ခု၏ အစွမ်းအာနိသင်မှာ တကယ်ကို အံ့အားသင့်စရာပင်။

ထို့နောက်တွင် အံကြိတ်၍ အော်ဆဲလိုက်ပြန်သည်။ “အဲ့ခွေးကောင် ပန်းကွမ်ကြောင့်သာ မဟုတ်ရင်ကွာ…”

ပန်းကွမ်ကြောင့်သာမဟုတ်လျှင် ရန်ကိုင်သည် မဟာဝိဉာဉ်ဆေးလုံးကို ဖော်စပ်နိုင်ပေလိမ့်မည်။ ထိုအချက်ကို ပြန်စဉ်းစားမိလိုက်တိုင်း ရန်ကိုင့်စိတ်ထဲ အလွန်ကိုမှ နာကျင်မိရလေသည်။ ကောင်းကင်ဝိဉာဉ်ကြာပန်းအား တွေ့ရန်ဆိုသည်မှာ အလွန်တရာကိုမှ ခက်ခဲလွန်းလှသည်။ ယခုမူ ရှားရှားပါးပါး ရရှိထားသည့် ကြာပွင့်လေးနှစ်ပွင့်အား ကောင်းမွန်စွာ အသုံးမချလိုက်နိုင်ပေ။

ထို့အတွက်ကြောင့် ရန်ကိုင့်မှာ ပန်းကွမ်အား ခါးခါးသီးသီး မုန်းတီးနေမိလေသည်။

ရန်ကိုင်မှ ထိုကိစ္စအား စဉ်းစားနေစဉ် အတောအတွင်း တံခါးခေါက်သံကို ကြားလိုက်ရလေသည်။

ရန်ကိုင် အံ့အားသင့်သွားခဲ့ပြီး အခန်းတံခါးကို အမြန် သွားဖွင့်ပေးလိုက်လေ၏။

ဖန်ရှင်းသည် တံခါးရှေ့တွင် ထူးထူးဆန်းဆန်းအမူအယာဖြင့် ရပ်နေခဲ့လေသည်။

“ဂျူနီယာညီမဖန်ရှင်း ကိစ္စတစ်ခုခုရှိလို့လား…” ရန်ကိုင်က မေးလိုက်လေသည်။

“ဆရာက ဆေးပညာရှင်ရန်ကို တွေ့ချင်နေတယ်…”

“ဆရာ…” ရန်ကိုင် မျက်မှောင်ကျုံ့သွားခဲ့သည်။ ထို့နောက် တစ်ခုခုအား စဉ်းစားမိသွားသည့်အလား မျက်လုံးအပြူးသားဖြင့် ပြန်မေးလိုက်လေ၏။ “စံအိမ်သခင်ကို ပြောတာလား…”

ဖန်ရှင်းက ခေါင်းညိတ်လိုက်လေသည်။ “ဟုတ်တယ်… ဆရာ့အမိန့်ကြောင့် ကျွန်မ ဒီကို ရောက်လာတာ…”

ရန်ကိုင့်စိတ်ထဲ ဂနာမငြိမ် ဖြစ်သွား၏။ ရေခဲနှလုံးသားစံအိမ်၏ စံအိမ်သခင်သည် သူ့အား ရုတ်တရက်ကြီး တွေ့ချင်လာလိမ့်မည်ဟု မထင်ထားခဲ့ချေ။ ထိုပညာရှင်သည် ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦးဖြစ်သည်။ ရန်ကိုင်သည် စံအိမ်သခင်ဆီသို့ သွားကာ ထွက်ပေါက်နေရာကို သွားမေးချင်မိသော်ငြား စံအိမ်သခင်မှ သူ့အား တွေ့ချင်နေသည်ဟု ပြောသည်ကို ကြားပြီးသည့်နောက် ရန်ကိုင့်စိတ်ထဲ ဂနာမငြိမ် ဖြစ်လာခဲ့ရသည်။ စံအိမ်သခင်သည် ဘာကြောင့်များ သူ့အား ရုတ်တရက်ကြီး တွေ့ချင်ရလေသနည်း။

All Chapters