အခန်း (၅၂၄)
Vol. 36 Ch. 524
နတ်ဘုရား ရွက်သင်္ဘောကြီး အတွင်းမှ ပေါ်ပေါက်လာခဲ့သော အလင်းတန်းများသည် ရှုပ်ထွေးသည့် တည်နေရာ လမ်းကြောင်းထဲသို့ ဖောက်ထွင်း ဝင်ရောက်သွားခဲ့၏။ ရောရုဝပြည်၏ သံတမန်အားလုံးသည် မြေအင်မော်တယ် လောကဆီသို့ မရောက်ရှိသေးသော်လည်း ထိုအလင်းတန်းများသည် ကြိုတင်ကာ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။ ထိုစွမ်းအင်အလင်းတန်းများသည် လောက၏ အနှံ့သို့ ရောက်ရှိသွားခဲ့ပြီနောက် ပျံ့နှံ့ ပျောက်ကွယ်သွားခဲ့၏။
...............
မြေအင်မော်တယ်လောကကြီး၏ အပြင်ဘက် ရှုပ်ထွေးလှသော တည်နေရာလမ်းကြောင်းထက်တွင်တော့ တိုင်ချူး သည် ငြိမ်ငြိမ်သက်သက်ဖြင့် ရပ်လျက် ရှိနေလေ၏။ ၎င်းသည် ရောရုဝပြည်၏ သံတမန်များ ရောက်ရှိလာမည်ကို စောင့်မျှော်နေခြင်း ဖြစ်၏။ သို့ပေမဲ့ သူသည် ကြာရှည်စွာဖြင့် တန်ခိုးကျင့်ခြင်း မပြုရပေ။ မျက်လုံးကို ရုတ်တရက် ဖွင့်လိုက်သည်။ သူ၏ မျက်နှာပေါ်တွင် အံ့အားသင့်သည့် အရိပ်အယောင်များ ပေါ်ပေါက်လာခဲ့သည်။
လက်ကို အသာဝှေ့ယမ်းပြီးသည့်နောက် သူသည် ရှုပ်ထွေးလှသည့် တည်နေရာလမ်းကြောင်းကြီးကို အသာ ခွဲကာဖြင့် ကြည့်ရှုလိုက်၏။ ချက်ချင်းဆိုသလိုပဲ သူ၏ အမြင်အာရုံသည် တည်နေရာတစ်ခုဆီသို့ ရောက်ရှိသွား၏။ ထိုအချိန်မှာတော့ သူသည် ဦးခေါင်းကို ငုံ့ကာဖြင့် သူ့လက်ထဲတွင် ရှိနေသည့် အစိမ်းရောင် အမျှင်စတစ်ခုကို ဖမ်းဆုပ်လိုက်၏။
“ဒါ ရောရုဝပြည်ရဲ့ လက်ပါးစေတွေလား”
တိုင်ချူးသည် မြူများထဲတွင် ရှိနေသည့် စွမ်းအင်လှိုင်းများကို လှမ်းကာ ကြည့်ရှုနေ၏။ သူသည် ထိုအရာများကို ရင်းနှီးနေသလို ခံစားနေမိသည်။
ရောရုဝပြည်သည် နက်နဲအလင်းလောကကြီး တစ်ခုလုံးကိုပင် စိန်ခေါ်နိုင်သည့် အကြောင်းအရင်းမှာ ၎င်းတို့၏ အားအင်အဆင့်သည် လောကကြီးတစ်ခုလုံးထက် ပိုမိုအားကောင်းသောကြောင့် မဟုတ်ပေ။ ထို့အပြင် ရောရုဝပြည် ၏ စွမ်းအားမြင့် ကျင့်ကြံသူများသည် အန္တိမလမ်းစဉ် အဆင့်ဆီမှ မတက်ရောက်နိုင်သေးချေ။ အများဆုံး အနေဖြင့် အန္တိမလမ်းစဉ်၏ ထိပ်ဆုံးအဆင့်သို့သာ ရောက်ရှိနိုင်သည့် ကျင့်ကြံသူများ ဖြစ်၏။
များပြားလှသည့် စွမ်းအားမြင့်ကျင့်ကြံသူများနှင့် ယှဉ်ပြိုင်တိုက်ခိုက်ရမည် ဆိုပါက ကျိန်းသေပေါက် ရှုံးနိမ့်သွား ပေလိမ့်မည်။ သို့ပေမဲ့ ဤနေရာတွင် ပြဿနာတစ်ခုက တည်ရှိနေ၏။ ရောရုဝပြည်၏ အရှင်သည် ကြောက်မက်ဖွယ်ရာကောင်းသည့် နည်းစနစ်များကို ပိုင်ဆိုင်နေ၏။ ၎င်းအနေနှင့် အချိန်၏ မြစ်ရေစီးကြောင်း ထဲတွင် သေဆုံးသွားခဲ့ပြီဖြစ်သော စွမ်းအားမြင့် ကျင့်ကြံသူများကို ပြန်လည် အသက်ဝင်နိုးထအောင် ပြုလုပ်နိုင်စွမ်း ရှိနေခြင်းပင်။
ထိုအရာများကို ၎င်းတို့၏ ရည်ရွယ်ချက်အတွက် အသုံးချနိုင်စွမ်းလည်း ရှိ၏။ ထိုကဲ့သို့သော နည်းစနစ်နှင့် လုပ်ကိုင်နိုင်စွမ်းသည် များပြားလှသော လူများကို ကြက်သီးမွေးညှင်းများပင် ထစေမှာ သေချာ၏။ နက်နဲအလင်း လောက၏ သမိုင်းကြောင်းသည် အလွန်တရာ ရှည်လျားလှသည်တော့ မဟုတ်ချေ။ သို့ပေမဲ့ ၎င်းတို့၏ မူရင်း အရင်းအမြစ်သည် နက်နဲမီးတောက်လောကကြီးဆီမှ ရောက်ရှိလာခဲ့ခြင်းဖြစ်၏။ ရှေးခေတ်တုန်းက နက်နဲမီးတောက် လောကကြီးဆိုသည်မှာ အင်မော်တယ်ဘုရင်တစ်ပါးပင်လျှင် တည်ရှိသော လောကကြီးဖြစ်သည်။
ရောရုဝပြည်၏ အရှင်သည် သေဆုံးသွားခဲ့ပြီဖြစ်သည့် ထိုကဲ့သို့သော စွမ်းအားမြင့်ကျင့်ကြံသူအားလုံးကို အသက်ရှင်ပြန်အောင် ပြုလုပ်နိုင်စွမ်း ရှိသည်ဆိုပါက ကျိန်းသေပေါက် ကြောက်မက်ဖွယ်ရာ အခြေအနေမျိုး ဖြစ်လာပေလိမ့်မည်။ အင်မော်တယ်ဘုရင်၏ အောက်တွင်ရှိနေသည့် အန္တိမလမ်းစဉ် ကျင့်ကြံသူ အများအပြားကို အသက်ပြန်သွင်းဖို့ ဆိုသည်မှာတော့ မဖြစ်နိုင်သည့် အရာ မဟုတ်တော့ချေ။
နက်နဲမီးတောက်လောကကြီး၏ သမိုင်းကြောင်းသည် အမှန်ပင် ရှည်လျားလွန်းခဲ့သည်။ ထို့ကြောင့် အန္တိမ ကျင့်ကြံသူ အရေအတွက်သည် မည်မျှရှိမည်ကို မည်သူမှ တိတိကျကျ သေသေချာချာ မပြောနိုင်ချေ။ ထိုကဲ့သို့သော လူများကို ပြန်လည်ကာ အသက်သွင်းနိုင်ခဲ့သည် ဆိုပါက ကျိန်းသေပေါက် နက်နဲအလင်းလောကဆီမှ လူပေါင်း များစွာတို့ ဝိုင်းဝန်းကာ ခုခံတိုက်ခိုက်မည် ဆိုလျှင်တောင်မှ အောင်မြင်နိုင်လိမ့်မည် မဟုတ်ချေ။
ထိပ်ဆုံးအခြေအနေ၌ တည်ရှိနေသော နက်နဲမီးတောက်လောကကြီးနှင့် ရင်ဆိုင်ရသည့် အခြေအနေမျိုးကို သူတို့ ကြုံတွေ့ရမှာ သေချာ၏။ လစ်ဟင်းနေသည်မှာ အင်မော်တယ်ဘုရင် တစ်ယောက်သာလျှင် ဖြစ်သည်။
ယနေ့ အချိန်မှာတော့ တိုင်ချူးသည် မြေအင်မော်တယ်လောကအတွင်းသို့ ရောက်ရှိလာနိုင်သည့် ရောရုဝပြည်၏ နည်းစနစ်များ အားလုံးကို သိရှိပြီးဖြစ်၏။ ၎င်း၏ နှလုံးသား တစ်ခုလုံးသည် တကယ်ပင် ဆို့နင့်လျက် ရှိနေ၏။
မြေအင်မော်တယ်လောကတွင် ရှိနေသည့် သက်ရှိသတ္တဝါများကို တစ်ချက်ငုံ့ကာ ကြည့်ရှုပြီးသည့်နောက် ထိုသူတို့ အားလုံးသည် ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များ အားလုံးကို လုံးဝ သတိမပြုမိကြပေ။ မြေအင်မော်တယ်လောက ကြီးသည် တကယ့်ကို ကြီးမားလှသည့် အရှိန်အဝါဖြင့် ဆက်လက်ကာ ဖွံ့ဖြိုးတိုးတက်နိုင်မည်ဟု အားလုံးက ထင်မှတ်ထားနေကြ၏။ ၎င်းတို့သည် ၎င်းတို့၏ လောကကြီးတွင် အလုံးစုံသော အထက်စီးမှ နေထိုင်နေကြသူ များဟု တည်ရှိ ယုံကြည်နေကြ၏။ ၎င်းတို့နှင့် ယှဉ်ပြိုင်တိုက်ခိုက်နေသည့် လောကကြီးနှစ်ခုကတည်း ၎င်းတို့ကို ယှဉ်ပြိုင်တိုက်ခိုက်နိုင်စွမ်း မရှိကြချေ။ သို့ပေမဲ့ ကြောက်မက်ဖွယ်ရာ ကောင်းသည့် အင်အားစု တစ်ခုသည် သူတို့ဆီသို့ ဆင်းသက်လာမည်ကို လုံးဝ မသိရှိခဲ့ကြပေ။
“အင်း... ရောရုဝပြည်က ရောက်မလာသေးဘူး။ ဒါပေမဲ့ မြေအင်မော်တယ်လောကကို ဝင်ရောက်လှုပ်ရှားဖို့အတွက် အစောကြီးကတည်းက ကြိုတင်ပြင်ဆင်ပြီးသား ဖြစ်နေပုံပဲ။ ကြည့်ရတာ မကြာခင် သူတို့က လောကကို ဖြတ်သန်းပြီး ရောက်ရှိလာတော့မယ်”
တိုင်ချူးသည် လက်ထဲတွင်ရှိနေသည့် စွမ်းအင်အမြစ်တစ်ခုကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ကာဖြင့် ပြောဆို လိုက်၏။ ပြီးနောက် ထိုအရာကို ဖိနှိပ်ကာ ဖျက်ဆီးပစ်လိုက်သည်။
သူ၏ အမြင်အရဆိုလျှင် သူ၏ အဓိကတာဝန်သည် လောကကို ဖြတ်သန်းကာ ရောက်ရှိလာမည့် လူများကို တားဆီးရန်သာ ဖြစ်၏။ မြေအင်မော်တယ်လောကထဲတွင် အသက်ပြန်လည်ရှင်လာမည့် အလောင်းကောင်များ အတွက်တော့ သူက စိတ်မပူချေ။ ထို့အပြင် မြေအင်မော်တယ်လောကကြီးသည် လက်ရှိ အခြေအနေ၌ ထိပ်ဆုံးတွင် တည်ရှိနေသေး၏။ ဆက်လက်တိုးတက်ရန် အခြေအနေလည်း တည်ရှိနေ၏။ ပြန်လည်ရှင်သန်လာခဲ့သော အလောင်းကောင်များနှင့် ရင်ဆိုင်ရသည့် အချိန်တွင် လုံလောက်သည့် ခုခံမှုမျိုးတော့ ပြုလုပ်နိုင်၏။ အနည်းဆုံး တော်တော်ကြာသည်အထိတော့ ခုခံနိုင်စွမ်း ရှိနေ၏။
“စီနီယာနန်းဆောင်သခင်က မြေအင်မော်တယ်လောကကြီး ကပ်ဘေးနဲ့ ကြုံတဲ့အချိန်မှာ ဝင်ပြီး ကူပြီးပေးဖို့ မျှော်လင့်မိတယ်” တိုင်ချူးက တွေးတောလိုက်မိသည်။
လက်ရှိအခြေအနေတွင် ရောရုဝပြည်သည် အန္တိမ ကျင့်ကြံသူ ငါးယောက်ကို စဦးအဆင့် စေလွှတ်လိုက်၏။ သူတို့ဘက်ခြမ်းတွင်တော့ သူတစ်ယောက်တည်းသည်သာ အန္တိမ ကျင့်ကြံသူအဆင့်အဖြစ် တည်ရှိနေ၏။ တကယ်တမ်းသာ တိုက်ခိုက်မည်ဆိုပါက သူ့အနေနှင့် အနိုင်ရရန် မျှော်လင့်ချက် မရှိလှချေ။
တစ်ယောက်၊ တစ်ယောက် တိုက်ခိုက်မည်ဆိုပါက သူသည် လုံးဝ စိုးရွံ့လိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ ပြဿနာသည် တစ်ယောက်၊ တစ်ယောက် တိုက်ခိုက်မှုမျိုးကို တစ်ဖက်လူများက ပြုလုပ်လိမ့်မည် မဟုတ်ချေ။ အရေအတွက်အရ အသာယူပြီး တိုက်ခိုက်မည် ဖြစ်သောကြောင့် ကျိန်းသေပေါက် သူပါ သေဆုံးနိုင်၏။
အားအင်အဆင့် ကွာခြားချက် ရှိနေသည် ဆိုလျှင်တောင်မှ သူသည် လက်မလျော့သော ဇွဲသတ္တိကို ကိုင်ဆွဲထားရမှာ ဖြစ်၏။ စီနီယာနန်းဆောင်သခင်၏ ဝင်ရောက် လှုပ်ရှားမှုသာ မရှိပါက ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်ဖို့ ဆိုသည်မှာ လွယ်လိမ့်မည်ဟု သူက မထင်ချေ။
.............
လက်ရှိအခြေအနေ ချင်ကလန်အတွင်းမှာတော့ ကလန်ခေါင်းဆောင်သည် နောက်ဆုံး၌ ပြန်လည်ရောက်ရှိလာ ခဲ့၏။ ကလန်ထဲသို့ ဝင်ဝင်ချင်းမှာပဲ များပြားလှသော အကြီးအကဲများသည် အပြေးတစ်ပိုင်းနှင့် ရောက်ရှိလာခဲ့ပြီး သူ့ဆီ ချဉ်းကပ်လာခဲ့သည်။
“ကလန်ခေါင်းဆောင်... ဘယ်လိုလုပ်မလဲ” ချင်ကလန်၏ တော်ဝင်အကြီးအကဲက စိုးရိမ်ပူပန်စွာဖြင့် မေးမြန်း လိုက်၏။ ချင်ရွှမ်လန် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ သွားသည့် ခရီးစဉ်သည် တစ်လနီးပါးခန့်သာ ကြာသည် ဆိုသော်လည်း ထိုအချိန်ကာလသည် သူတို့အတွက် အလွန်အမင်း ကြာရှည်လွန်းလှသည့် အချိန်ကာလ ဖြစ်ခဲ့၏။
သာမန်အခြေအနေတွင် ထိုအရာသည် မျက်စိတမှိတ်အတွင်း ကုန်ဆုံးသွားခဲ့မည့် အချိန်မျိုး ဖြစ်သည်ဆိုသော်လည်း ဤတစ်ကြိမ်မှာတော့ ခြားနားလို့ နေခဲ့၏။ နှစ်ပေါင်းများစွာ ကြာမြင့်သလိုပင် အားလုံးက ခံစားနေမိကြ၏။ တစ်ရက်ကို တစ်နှစ်ဟုပင် ခံစားနေမိကြပြီး အားလုံးသည် ကလန်ခေါင်းဆောင် ပြန်မလာမချင်း စိတ်သက်သာမှုကို မရရှိခဲ့ချေ။
“အရာအားလုံး အဆင်ပြေတယ်” ချင်ရွှမ်လန်သည် ပြန်လည်ကာ ဖြေဆိုလိုက်၏။ ပြောနေတုန်းမှာပဲ သူသည် အကြီးအကဲများ၏ မျက်နှာကို တစ်ယောက်ချင်းစီ လှမ်းကာ ကြည့်ရှုလိုက်၏။ သူ့ထက် ပိုမိုကာ အဆင့်အတန်း မြင့်မားသည့် တည်နေရာတွင် တည်ရှိနေသောလူ ဘယ်လောက်များများ ရှိနေကြောင်း ကြည့်ရှုလိုက်ခြင်းပင်။
မူလအားဖြင့် ဤလူများ အားလုံးသည် ပြဿနာတစ်ခု မဟုတ်ချေ။ သို့ပေမဲ့ သူမထွက်ခွာခင် စီနီယာ နန်းဆောင်သခင် ပြောဆိုလိုက်သည့် စကားလုံးများကို သုံးသပ်ရမည်ဆိုလျှင် သူ့အနေနှင့် သတိပြုထားရန် လိုအပ်နေခဲ့၏။ ဤအကြီးအကဲများထဲမှ တစ်ယောက်သည် ကျိန်းသေပေါက် ကလန်ကို သစ္စာဖောက်ပေလိမ့်မည်။ ချင်ကလန် ပျက်စီးအောင် ပြုလုပ်မည့် လူတစ်ယောက်ပင် ဖြစ်လေ၏။
“စီနီယာနန်းဆောင်သခင်က တကယ့်ကို သနားကြင်နာတတ်တယ်။ ပဉ္စမ အကြီးအကဲရဲ့ လုပ်ရပ်တွေကို ခွင့်လွှတ်ပေးခဲ့တယ်။ သူက ကျုပ်တို့ ချင်ကလန်ကို ခွင့်လွှတ်ပေးတယ်။ ဒါပေမဲ့” ချင်ရွှမ်လန်သည် ခဏလောက် အသာရပ်တန့်လိုက်သည်။
အနီးအနားတွင် ရှိနေသော အကြီးအကဲများ၏ ခန္ဓာကိုယ်မှာ တင်းကျပ်သွားခဲ့၏။ ၎င်းတို့ထဲမှ တစ်ယောက်က အလောတကြီးဖြင့် မေးမြန်းလိုက်၏။ “ဒါပေမဲ့ ဘာဖြစ်လဲ”
“ဒါပေမဲ့ အခုကစပြီး ချင်ကလန်က စီနီယာနန်းဆောင်သခင်ရဲ့ အမိန့်ပေးမှုကို လိုက်နာရမယ်” ချင်ရွှမ်လန်သည် လိုရင်းကိုသာ တည့်တည့် ပြောလိုက်သည်။
“စီနီယာနန်းဆောင်သခင်ရဲ့ အမိန့်ကို လိုက်နာရမယ် ဟုတ်လား” အနားတဝိုက်တွင် ရှိနေသည့် စွမ်းအားမြင့် ကျင့်ကြံသူများ၏ မျက်နှာက တုန်ယင်သွားခဲ့၏။ မကြာခင်မှာပဲ သူတို့သည် တစ်စုံတစ်ခုသော အတွေးကို တွေးမိ ခဲ့ကြ၏။ စီနီယာနန်းဆောင်သခင်၏ အမိန့်ကို လိုက်နာရခြင်း ဆိုသည်မှာ မကောင်းမွန်သည့်အရာ မဟုတ်ချေ။ လက်ရှိလောကကြီးထဲတွင် များပြားလှသည့် ဂိုဏ်းဂဏ အသီးသီးတို့သည် ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ ရင်ခွင်အောက်သို့ ရောက်ရှိနိုင်ရန်အတွက် ကြိုးစားလျက် ရှိနေကြ၏။ ယခု သူတို့၏ ဘိုးဘေးကြီးက သေဆုံးသွားခဲ့ပြီ ဖြစ်သည်။ ထိုအရာသည် သူတို့အတွက် ကောင်းချီးပင်ဖြစ်နေသည် မဟုတ်ပါလား။
“ချင်ကလန် အနေနဲ့ ဒီလိုကောင်းတဲ့ ကံကောင်းမှုမျိုးကို ရလိမ့်မယ်လို့ ကျုပ် မထင်ခဲ့မိဘူး”
တော်ဝင်အကြီးအကဲ ကြီးသည် သက်ပြင်းကို ချလိုက်၏။ သူသည် ချင်ရွှမ်လန်ကို လှမ်းကြည့်ကာဖြင့် ဖြည်းညှင်းစွာ ပြောလိုက်၏။ “ကလန်ခေါင်းဆောင်... ဒီခရီးစဉ်မှာ စိန်ခေါ်မှုတွေ အများကြီးကို ရင်ဆိုင်ခဲ့ရမှာပဲ။ အရင်ဆုံး နားပါအုံး။ ဒီရက်ပိုင်း အတွင်းမှာ ကလန်က မယုံကြည်နိုင်စရာကောင်းအောင် တည်ငြိမ်နေပါတယ်။ စိုးရိမ်စရာ မလိုပါဘူး”
“မဟုတ်ဘူး”
ချင်ရွှမ်လန်က ခေါင်းကို ခါယမ်းလိုက်၏။ သူသည် အဝေးတစ်နေရာရှိ တောင်များပေါ်မှ လူများကို လှမ်းကာ ကြည့်ရှုပြီး အသာပြောလိုက်သည်။ “ဒီနေရာမှာ ဘိုးဘေးကြီးတွေနဲ့ ကျုပ် ဆွေးနွေးချင်စရာ ကိစ္စရှိသေးတယ်”
“ဘိုးဘေးကြီးတွေ ဟုတ်လား” တော်ဝင်အကြီးအကဲကြီးသည် မျက်မှောင်ကုတ်လိုက်မိ၏။ လက်ရှိအချိန်တွင် ချင်ကလန်၌ အစစ်အမှန် အင်မော်တယ်တစ်ယောက်ဟူ၍ မရှိတော့ချေ။ စောဏက ပြောဆိုခဲ့သည့် ဘိုးဘေးကြီးများ သည် တော်ဝင်အင်ပါယာ ထိပ်ဆုံးအဆင့်တွင် တည်ရှိနေသည့် စွမ်းအားမြင့် ကျင့်ကြံသူများဖြစ်ပြီး လက်ရှိအကြီးအကဲများနှင့် တူညီလှသည့် လူများပင် ဖြစ်သည်။
ထိုကဲ့သို့သော လူများကို လက်ရှိအခြေအနေ၌ မည်ကဲ့သို့ ဆွေးနွေးရမည်နည်း။ အဘယ်ကြောင့် ထိုဘိုးဘေးကြီး များနှင့် သွားရောက်တွေ့ဆုံရန် အရေးတကြီး လိုအပ်နေရသနည်း။ တချို့သော ဘိုးဘေးကြီးများ၏ သက်တမ်းသည် သိပ်ပြီး မကျန်လှချေ။ တံခါးပိတ် ကျင့်ကြံရာမှထွက်ပြီး အပြင်ဘက်သို့ ရောက်သည်နှင့် တပြိုင်နက် ကျိန်းသေပေါက် သေဆုံးသွားရမည့် အခြေအနေမျိုး၌ပင် တည်ရှိနေကြသည် မဟုတ်ပါလား။