← Chapters

အခန်း (၅၂၅)

Vol. 36 Ch. 525

အခန်း (၅၂၅)

Vol. 36 Ch. 525

“ကလန်ခေါင်းဆောင်”

ကျိုင်းတုတ်ကို ကိုင်ဆောင်ထားသည့် တော်ဝင်အကြီးအကဲသည် အသာပြောလိုက်၏။ “မကြာသေးခင်က မြေအင်မော်တယ်လောကကြီးက တခြားလောကတွေနဲ့ ပေါင်းစပ်ခဲ့တယ်လေ။ ဒါကြောင့် လောကရဲ့ နိယာမတွေက ပြောင်းလဲသွားခဲ့တယ်။ ဒါပေမဲ့ တချို့ ဘိုးဘေးကြီးတွေရဲ့ လက်ကျန်သက်တမ်းက အရမ်းကို နည်းလွန်းတယ်။ သိပ်မကျန်တော့ဘူး”

ယခင်တုန်းက ချင်ကလန်သည် နက်နဲလွန်းသည့် နောက်ခံကို ပိုင်ဆိုင်ခဲ့၏။ ထူးခြားသည့် ဆေးလုံးများကို အသုံးပြု ပြီး ဘိုးဘေးကြီးများကို နောက်ဆုံးအသက်တရှိုက် ကျန်သည်အထိ ဆွဲဆန့်ထားနိုင်စွမ်း ရှိနေကြ၏။ ဤအရာသည် ကလန်အတွင်းတွင် ဖြစ်တည်လာခဲ့သည့် မမြင်ရသည့် ကိစ္စရပ်များကို ဖြေရှင်းနိုင်ရန်အတွက် ထားရှိခဲ့ခြင်းသာ ဖြစ်၏။ အခက်အခဲကြုံရသည့်အချိန်မျိုးတွင် ထိုဘိုးဘေးအကြီးအကဲအားလုံးသည် ထွက်ပေါ်လာပြီး ၎င်းတို့၏ အင်ပြည့်အားပြည့် ထည့်ကာ အစွမ်းကုန် တိုက်ခိုက်ရပေမည်။ ကလန်အတွက် အသက်ကို စတေးရပေမည်။

ကံဆိုးစွာဖြင့် ၎င်းတို့၏ သက်တမ်းသည် ကုန်နေပြီဖြစ်၏။ လောက၏ အဆင့်အတန်းက တိုးတက်လာသည် ဆိုလျှင်တောင်မှ ၎င်းတို့အနေဖြင့် ကြီးကြီးမားမား တိုးတက်လာလိမ့်မည် မဟုတ်ချေ။ ယခု ကလန်ခေါင်းဆောင် သည် ထိုသူများထံသို့ သွားရောက်ပြီး စကားပြောဆိုရန် စဉ်းစားလျက် ရှိနေ၏။ ထိုအရာသည် တော်ဝင် အကြီးအကဲ မြင်ချင်သည့်အရာမျိုး မဟုတ်ချေ။ ထို့အပြင် ဘိုးဘေးကြီး တစ်ယောက်ကို ဆုံးရှုံးခဲ့ပြီး တခြားသော အကြီးအကဲ တစ်ယောက်သည်လည်း သေဆုံးသွားခဲ့ပြီ မဟုတ်ပါလား။

“တော်ဝင်အကြီးအကဲ စိတ်ချထားပါ”

ချင်ရွှမ်လန်သည် သက်ပြင်းကို ရှိုက်ကာဖြင့် တီးတိုးပြောလိုက်၏။ “ကျုပ်ဆီမှာ အကြံအစည် ရှိပါတယ်”

ဤဘိုးဘေးအကြီးအကဲများထဲတွင် ပြဿနာ ရှိနေမည်လား ဆိုသည်ကို သူက စမ်းသပ် စစ်ဆေးခြင်းပင် ဖြစ်သည်။ ပြဿနာ တစ်စုံတစ်ခု မရှိသည်ဆိုပါက ကျိန်းသေပေါက် အကောင်းဆုံး ရလဒ်ကို ရပေလိမ့်မည်။ ပြဿနာရှိနေသည် ဆိုပါက ဖြစ်နိုင်သမျှ အမြန်ဆုံး ဖြေရှင်းရန် လိုအပ်နေပေလိမ့်မည်။ ပြဿနာကို အချိန်ကြာကြာ ထားရှိသည်ဆိုပါက ချင်ကလန်အား ကြီးမားသည့် အန္တရာယ်တွင်းသို့ ကျရောက်သွားနိုင်ပေလိမ့်မည်။

ပြောပြောပြီးချင်းမှာပဲ ချင်ရွှမ်လန်သည် ခန္ဓာကိုယ်ကို အသာလှည့်ကာဖြင့် နောက်ဘက်တောင်ဆီသို့ ဦးတည်သွား ခဲ့၏။ သို့ပေမဲ့ သူ၏ ခြေထောက် မြေပြင်ပေါ်သို့ မချခင်မှာပဲ....

ဘုန်း

နားကွဲလောက်စရာ ကျယ်လောင်သည့် အသံကြီး ထွက်ပေါ်လာခဲ့ပြီး မိုင်သောင်းနှင့်ချီသည့် အကွာအဝေး တစ်ခုလုံးအား လှုပ်ခါသွားခဲ့၏။ ကောင်းကင်ယံအထက်၌ ကြောက်မက်ဖွယ်ရာကောင်းသည့် အော်ရာများ စုဝေးကာ ဖြစ်တည်လာခဲ့ပြီး တိမ်၏ အတားအဆီးများကိုပင် ဖောက်ထွက်သွားခဲ့၏။ များပြားလွန်းလှသည့် မီးတောင်ကြီးများသည် အဆက်မပြတ် ပေါက်ကွဲသွားသကဲ့သို့ပင် .... စွမ်းအင်လှိုင်းများသည် ကြီးမားလှသည့် ဒီရေလှိုင်းများကဲ့သို့ပင် တည်နေရာတစ်ခုလုံးကို တိုက်စားလေ၏။

ချင်ကလန်သည် တုံ့ပြန်မှုကိုပင် မပြုလုပ်လိုက်ရဘဲ ကလန်အဖွဲ့သား တော်တော်များများတို့သည် သွေးမြူအဖြစ်သို့ ပြောင်းလဲကာ သေဆုံးသွားခဲ့ကြသည်။၊

“တော်ဝင်အကြီးအကဲကြီး”

ချင်ကလန်၏ အကြီးအကဲ တော်တော်များများတို့က တုန်လှုပ်သွားခဲ့ကြ၏။ တော်ဝင် အင်ပါယာတစ်ယောက်သည် ၎င်း၏ အော်ရာများကို မထိန်းချုပ်နိုင်ဘဲ စေလွှတ်ခဲ့သည် ဖြစ်သောကြောင့် သူတော်စင်များပင်လျှင် မခုခံနိုင်တော့ချေ။ အဆင့်နိမ့်သည့် ကျင့်ကြံခြင်းကိုသာ ပိုင်ဆိုင်ကြသည့် ဂိုဏ်းသားများ ဆိုလျှင် ပိုမိုကာ ဆိုးရွားလွန်း၏။

ဤစွမ်းအား၏ အရှိန်အဟုန်သည် ကြောက်မက်ဖွယ်ရာကောင်းလွန်းလှပြီး ချင်ကလန်၏ အဆင့်နိမ့် ဂိုဏ်းသားများ အားလုံးကို တစ်ခါတည်း သေဆုံးခဲ့၏။ ကံကောင်းစွာဖြင့် ဤကဲ့သို့သော အခြေအနေမျိုးတွင် ချင်ကလန်၏ တောင်ကာကွယ်ခြင်း အစီအရင်က အသက်ဝင်သွားခဲ့ပြီး ထိုစွမ်းအင်လှိုင်းအားလုံးကို ပြန်လည်ကာ ထိန်းချုပ်ခဲ့သည်။ ထိုသို့ဆိုလျှင်တောင်မှ ချင်ကလန်သည် ကြီးမားသည့် ဆုံးရှုံးမှုမျိုးကို ခံစားခဲ့ရတုန်းပင်။

“ဘာတွေဖြစ်နေတာလဲ”

“ဘာဖြစ်သွားတာလဲ”

“တော်ဝင်အင်ပါယာ တစ်ယောက်ရဲ့ အော်ရာတွေက ဘာလို့ ရှိနေတာလဲ” ချင်ကလန်ရှိ များပြားလှသည့် အကြီးအကဲများ၏ မျက်နှာများက ဖြူလျော်သွားခဲ့လေ၏။

၎င်းတို့သည် အော်ရာများ ပျံ့နှံ့ရောက်ရှိလာရာ နေရာဆီသို့ လှမ်းကာ ကြည့်ရှုလိုက်၏။ အရင်းအမြစ် တည်နေရာကို တွေ့ရသည့် အချိန်မှာတော့ သူတို့ အားလုံးသည် တုန်လှုပ်စွာဖြင့် ကြက်သေ သေသွားကြသည်။

“အနောက်ဘက်တောင်”

ဤတည်နေရာသည် ချင်ကလန်၏ တားမြစ်တည်နေရာ တစ်ခုဖြစ်ပြီး များပြားလှသည့် ဘိုးဘေးများသည် ဤနေရာတွင် တံခါးပိတ် ကျင့်ကြံလျက် ရှိနေ၏။ ဘိုးဘေးများထဲမှ တစ်ယောက်သည် ရူးသွပ် သွားသောကြောင့် ၎င်းတို့၏ မျိုးဆက်များကိုပင် ပြန်လည်ကာ တိုက်ခိုက်နေခဲ့သည်လား။

အား ...။

လူသားမဟုတ်သည့် အော်သံတစ်ခုက ထွက်ပေါ်လာခဲ့၏။ ထိုအရာကို ကြားရသည့် အချိန်မှာတော့ အားလုံး၏ နှလုံးသားများသည် တုန်ယင်သွားကြ၏။ ရှေးမွန်းစတားတစ်ကောင် ရုတ်တရက် ပေါ်ပေါက်လာသကဲ့သို့ပင် ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အော်ရာများသည် အနောက်ဘက်တောင်မှ ထွက်ပေါ်လာခဲ့၏။

ချင်ကလန်၏ ဘိုးဘေးတည်နေရာကြီး တစ်ခုလုံးကို ကြည့်ရသည်မှာ မြေပြင်အဖြစ်မှ ငရဲအဖြစ်သို့ ပြောင်းလဲသွားခဲ့သည့်ပုံပင်။ တောက်ပသည့် အလင်းတန်းများနှင့် အခိုးအငွေ့များ လွှမ်းခြုံလျက် ရှိနေပြီး တည်နေရာ တစ်ခုလုံးတွင် ခြောက်ခြားဖွယ်ရာ ကောင်းလှသည့် အစိမ်းရောင်အလင်းတန်း နှစ်ခုက ကောင်းကင်ယံသို့ ထိုးတက်လာခဲ့၏။ ထိုအရာသည် ကောင်းကင်ကြီးနှင့် ထိတွေ့ပြီးသည့်နောက် လောကကြီးတစ်ခုလုံး ကို လွှမ်းခြုံတော့မည့် သကဲ့သို့ပင် လွှမ်းမိုးလာသည်။

ဘန်း

နောက်ထပ် ကျယ်လောင်သော အသံကြီးက ထွက်ပေါ်လာခဲ့၏။ တောင်၏ အနောက်ဘက်တွင် ရှိနေသော များပြားလှသည့် တောင်များသည် ကွဲကြေသွားခဲ့၏။ ကျောက်တုံး၊ ကျောက်မှုန်များ လွင့်စင်သွားခဲ့ ပြီးသည့်နောက် စွမ်းအားမြင့် ကျင့်ကြံသူများသည် တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာခဲ့၏။ ၎င်းတို့၏ ဝတ်စုံများသည် စုတ်ပြတ်သတ်လျက် ရှိနေပြီး ခန္ဓာကိုယ်များကလည်း အစစ်အမှန်လိုလို၊ ပုံရိပ်ယောင်လိုလို ဖြစ်တည်နေ၏။ သို့ပေမဲ့ ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အော်ရာများကို ထုတ်ဖော်လျက် ရှိနေပြီး ခန္ဓာကိုယ် တစ်ခုလုံးတွင်လည်း နက်မှောင်လျက် ရှိနေသည့် မြူများက ရစ်သိုင်းထားခဲ့၏။

ကြည့်ရှုနေသူအားလုံးသည် အံ့အားသင့်သွားခဲ့၏။ ဤဖိအားသည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။ ချင်ကလန်၏ အဖွဲ့ဝင်များ အားလုံးတို့သည် ရင်းနှီးနေသည့် အော်ရာများကို ခံစားမိကြသည်။

“ဒါ.. ဒါက”

ချင်ကလန်၏ အကြီးအကဲများ အားလုံးက ကြောင်အသွား၏။ ထိုသူများထဲမှ တစ်ယောက်ကို သူတို့ မြင်ရသည့်အချိန်မှာတော့ ချက်ချင်းပဲ နားလည်သွားခဲ့မိ၏။ သူတို့သည် ထကာ အော်ဟစ်လိုက်မိ၏။ “ဆဋ္ဌမ ဘိုးဘေး”

နှစ်ပေါင်းများစွာ ကြာမြင့်ပြီးသည့်နောက် ချင်ကလန်သည် တော်ဝင်အင်ပါယာများကို မွေးထုတ်ပေးနိုင်စွမ်း ရှိခဲ့၏။ ထိုလူများထဲတွင် ဆဋ္ဌမဘိုးဘေးသည် ပါရမီရှင် တစ်ယောက်ပင် ဖြစ်လေ၏။ တည်ထောင်ခဲ့သည့် ဘိုးဘေးကြီး ပြီးနောက် ၎င်းသည် အစစ်အမှန် အင်မော်တယ်တစ်ယောက် ဖြစ်လာနိုင်စွမ်းရှိသည့် အနီးကပ်ဆုံး စွမ်းအားမြင့် ကျင့်ကြံသူပင် ဖြစ်၏။ သို့ပေမဲ့ ကံဆိုးစွာဖြင့် ၎င်း၏ ကံကောင်းခြင်းသည် ကုန်ခမ်းသွားခဲ့ပုံပေါ်၏။ သက်တမ်းကုန်ဆုံးခါနီး အခြေအနေထိ အဆင့်ချိုးဖြတ်နိုင်ခြင်း မရှိခဲ့ချေ။ ဤအရာသည် ချင်ကလန်အတွက် နောင်တတရားပင် ဖြစ်လာနိုင်၏။ မဟုတ်ပါက ချင်ကလန်သည် အစစ်အမှန် အင်မော်တယ် တစ်ယောက်ကို ထပ်မံရရှိမှာ ဖြစ်၏။

“ဆဋ္ဌမဘိုးဘေးက နှစ်သန်းပေါင်းများစွာ ကတည်းက သေဆုံးခဲ့တာ မဟုတ်ဘူးလား။ ဘယ်လိုဖြစ်ပြီး ပြန်ပြီး ရှင်သန်လာရတာလဲ” ချင်ကလန်၏ အကြီးအကဲ တော်တော်များများတို့က တုန်လှုပ်သွားခဲ့လေသည်။

အဝေးတစ်နေရာမှာတော့ ဆန်းကြယ်လွန်းလှသည့် စွမ်းအားမြင့် ကျင့်ကြံသူသည် မြေပေါ်တွင် မတ်မတ်ရပ်လျက် ရှိနေပြီး ၎င်းတို့၏ မျက်လုံးများသည် တောက်ပလွန်းသော အသက်ဓာတ်များနှင့် ဆူဝေလျက်ရှိ၏။ ဆဋ္ဌမဘိုးဘေးသည် အသက်ရှင်လျက်ရှိနေသေးသည် ဆိုလျှင်တောင်မှ တစ်စုံတစ်ခုသော စွမ်းအင်များ၏ လွှမ်းမိုးမှုကို ခံနေရသလိုပင်။

မူလအားဖြင့် အားလုံးသည် တော်ဝင်အင်ပါယာများသာလျှင်ဖြစ်၏။ ကွာခြားချက်သည် ကြီးကြီးမားမား မရှိလှချေ။ သို့ပေမဲ့ ဆဋ္ဌမဘိုးဘေး၏ အားအင်အဆင့်သည် ကြောက်မက်ဖွယ်ရာ ကောင်းလှသည်။ ၎င်းသည် ထိပ်ဆုံး အခြေအနေတွင် ရှိခဲ့စဉ်က အဆင့်တူခြင်း ပြိုင်ဘက်ကင်းခဲ့သူ တစ်ယောက်ဖြစ်၏။ ယခု ပြန်လည်ကာ ရှင်သန်လာခဲ့ပြီးသည့်နောက် ၎င်း၏ ထိပ်ဆုံးအဆင့်တွင် ရှိနေသည့် အားအင်အဆင့်ကို ပြန်လည် ပိုင်ဆိုင်ခဲ့ပုံ ပေါ်၏။

ပိုမိုကာ အရေးကြီးမားသည်မှာ ရုတ်တရက် ပြန်လည်ရှင်သန်လာခဲ့သည့် တော်ဝင်ဘိုးဘေး တစ်ယောက်သည် ချင်ကလန်အတွင်းတွင် ရှိနေသည့် မိမိ၏ လူများကို ထိခိုက်နာကျင်အောင် ပြုလုပ်မည်ဟု မည်သူက ထင်မှတ်မည်နည်း။ ရည်ရွယ်ချက် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ တော်ဝင်ဘိုးဘေးတစ်ယောက်သည် လှုပ်ရှားမှု တစ်ခုကို ပြုလုပ်လိုက်သည် ဆိုသည်နှင့် အားလုံးသော သူများမှာ ကျိန်းသေပေါက် ဒုက္ခရောက်ပေမည်။

“ဘယ်လို ဖြစ်နိုင်မှာလဲ”

ချင်ရွှမ်လန်သည် ဦးခေါင်းကြီး တစ်ခုလုံး ချာချာလည်သွားသလိုပင် ခံစားနေမိ၏။ အစစ်အမှန်ပင် ဖြစ်သည်။ စီနီယာနန်းဆောင်သခင်သည် ချင်ကလန်ထဲရှိ ဘိုးဘေး တစ်ယောက်ကို ဂရုစိုက်ရမည်ဟု သတိပေးခဲ့၏။ သို့ပေမဲ့ အစောကြီးတည်းက သေဆုံးသွားခဲ့ပြီဖြစ်သော ဤဘိုးဘေးကို ရည်ညွှန်းလိမ့်မည်ဟုတော့ သူ မထင်မှတ်ခဲ့ချေ။ အခြေအနေတစ်ခုလုံးသည် ရုတ်တရက် ဆန်လွန်းလှ၏။ သူ့အနေနှင့် အလစ်အငိုက်ပင် ခံစားခဲ့ရ၏။

“အားလုံးပဲ.. အတူတူ တိုက်ခိုက်ရအောင်။ ဆဋ္ဌမဘိုးဘေးကို ဝိုင်းပြီး ဖိနှိပ်ကြ။ ဆယ့်ခုနှစ်ယောက်မြောက် အကြီးအကဲကို ကယ်တင်ကြ”

သူတို့အနေနှင့် ရှည်ရှည်ဝေးဝေး တွေးတောနေရန် အချိန်မရှိချေ။ ချင်ရွှမ်လန်က မြန်မြန်ဆန်ဆန်‌ အမိန့်ပေးလိုက်သည်။

သူပြော၍ မပြီးသေးခင်မှာပဲ ပိုမိုကြီးမားလှသည့် အတားအဆီး၊ အဟန့်အတားကြီး တစ်ခုသည် တောင်အနောက်ဘက် တည်နေရာဆီမှ ထွက်ပေါ်လာခဲ့၏။ အုတ်ဂူအားလုံး ပေါက်ကွဲထွက်သွားပြီး ရှေးစွမ်းအားမြင့် ကျင့်ကြံသူများသည် လှမ်းလျှောက်ကာ ထွက်လာခဲ့၏။ ထိုသူများထဲတွင် တော်ဝင် အင်ပါယာ၊ ကွာစီအင်ပါယာ၊ တော်ဝင်သူတော်စင်၊ ထို့အပြင် သူတော်စင်ဘုရင်အဆင့်တွင် ရှိနေသည့် စွမ်းအားမြင့် ကျင့်ကြံသူများလည်း ပါဝင်နေ၏။

ထိုလူများသည် များပြားလွန်းလှ၏။ နှစ်ပေါင်းများစွာအတွင်း ချင်ကလန်သည် များပြားလှသည့် ပါရမီရှင် ကျင့်ကြံသူများကို မွေးထုတ်နိုင်ခဲ့ပြီးသည့်နောက် ကလန်၏ နက်နဲလှသော အခြေခံအဖြစ် ဖန်တီးနိုင်ခဲ့သည်။

သို့ပေမဲ့ မည်သူ ထင်မှတ်မည်နည်း။ ယနေ့ အခြေအနေမျိုးတွင် ထိုသူအားလုံးသည် ပြန်လည် ရှင်သန်လာပြီးနောက် ချင်ကလန်တစ်ခုလုံးကို ဖျက်ဆီးရန် ကြံစည်နေလေ၏။

အတိတ်တုန်းက ချင်ကလန် သို့မဟုတ် စွမ်းအားမြင့် ဂိုဏ်းဂဏ အသီးသီးတို့သည် ၎င်းတို့၏ စီနီယာ တစ်ယောက်ယောက် သေဆုံးသွားခဲ့ပါက ကလန် သို့မဟုတ် ဂိုဏ်းထဲ၌သာ မြှုပ်နှံလေ့ ရှိကြ၏။ ထို့ကြောင့် တခြားသော သူများသည် ၎င်းတို့၏ အမွေအနှစ် အကြွင်းအကျန်များကို ယူဆောင်၍ ရလိမ့်မည် မဟုတ်ချေ။

သူတော်စင်တစ်ယောက်၏ အလောင်းဆိုသည်မှာ ရတနာတစ်ခုဟု သတ်မှတ်၍ရသည့်အရာဖြစ်သည်။ တော်ဝင် သူတော်စင်တစ်ယောက်၏ ခန္ဓာကိုယ်ဆိုလျှင် ပြောနေစရာပင် မလိုအောင် တန်ဖိုးကြီးမားလှ၏။ ထို့အပြင် ၎င်းတို့နှင့်အတူ များပြားလှသည့် ပစ္စည်းများကလည်း တည်ရှိနေသေး၏။ တူးထုတ်လိုက်သည်ဆိုပါက ကျိန်းသေပေါက် ထီပေါက်လိုက်သလိုပင် ဖြစ်ပေလိမ့်မည်။

ထိုအရာများကို ရှောင်ရှားနိုင်ရန်အတွက် များပြားလှသည့် ဂိုဏ်းဂဏ အသီးသီးတို့သည် ၎င်းတို့၏ အကြီးအကဲများကို အပြင်ဘက်တွင် ဘယ်တော့မှ မမြှုပ်နှံခဲ့ကြချေ။ သို့ပေမဲ့ ထိုကဲ့သို့ ပြုလုပ်ခဲ့ခြင်းကပင်လျှင် များပြားလှသည့် လူများကို အလစ်အငိုက် ဖြစ်စေခဲ့သည့်အရာအဖြစ် ယနေ့ ဖြစ်လာခဲ့သည်။

All Chapters