← Chapters

အခန်း (၅၂၇)

Vol. 36 Ch. 527

အခန်း (၅၂၇)

Vol. 36 Ch. 527

မြေအင်မော်တယ်လောက - လောကကြီး တစ်ခုလုံးသည် ရှုပ်ထွေးလျက် ရှိနေ၏။ ကောင်းကင်မူလ လောကကြီးအတွင်းမှာတော့ အပြင်ပိုင်း၌ တည်ငြိမ်လျက် ရှိနေသော်လည်း အတွင်းတွင်တော့ တချို့သော အရာများသည် လှိုက်စားလျက် ရှိနေ၏။

တော်ဝင်သဲကန္တာမြို့မှာတော့ ထုံးစံအတိုင်းပင် တည်ငြိမ်အေးဆေးလျက် ရှိနေ၏။ ကောင်းကင်မူလလောကကြီး၏ အလယ်ဗဟို တည်နေရာတစ်ခုအဖြစ် ဖြစ်တည်လာခဲ့ပြီးသည့်နောက် သန်းနှင့်ချီသည့် အကွာအဝေးအတွင်း လူဦးရေသည် ပိုမိုကာ များပြားလာခဲ့၏။ ထို့အပြင် ဤတည်နေရာသည် ခြွင်းချက် မရှိအောင် လုံခြုံသည့် တည်နေရာပင်ဖြစ်သည်။

ကျင့်ကြံသူများ သို့မဟုတ် သာမန်လူများ မည်သူပင်မဆို တော်ဝင်သဲကန္တာရမြို့ အနီးတွင် နေထိုင်ခြင်းကို ပိုမို ရွေးချယ်လာခဲ့ကြ၏။ သာမန်လူများ၏ ပါးစပ်ထဲတွင်တော့ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ပါး ဖြစ်တည်လာခြင်းပင် ဖြစ်၏။ ရေတွက်၍မရအောင် များပြားသည့် လောကများထဲတွင် အင်မော်တယ်များ နေထိုင်ရာ အင်မော်တယ်ကျွန်းကြီးတစ်ခု တည်ရှိနေသကဲ့သို့ပင်။ ထိုကျွန်းကြီး၏ နာမည်အား တောဝင်သဲကန္တာရမြို့ဟု ခေါ်ဆို၏။

ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ အပြင်ဘက်တွင်တော့ လူပေါင်းများစွာတို့သည် အထဲသို့ ဝင်ရောက်ကာ သတင်းအချက်အလက်များကို ဝယ်ယူချင်သောကြောင့် စီတန်းရပ်နေကြသည်။ ၎င်းတို့သည် စောင့်စားရင်း စိတ်မရှည်သလို ဖြစ်နေချိန်မှာပဲ ကျယ်လောင်လှသည့် အသံကြီး ထွက်ပေါ်လာခဲ့၏။ မြူများရစ်သိုင်းလာခဲ့ပြီး အရာအားလုံးကို ဖုံးလွှမ်းသွားသည်။

ခါးကုန်းကုန်းနှင့် အမဲရောင်ဝတ်စုံကို ဝတ်ဆင်ထားခဲ့သည့် စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်သည် စိမ်းရွှေရောင် မျက်လုံးများနှင့်အတူ ကောင်းကင်ယံထက်တွင် ပေါ်ပေါက်လာခဲ့၏။ ၎င်း၏ အနောက်ဘက်တွင် ဝိညာဉ်ဘုရင်ကဲ့သို့ပင် ထင်မှတ်မှားရလောက်သည့် စွမ်းအားမြင့် ကျင့်ကြံသူ တစ်ယောက်ကလည်း ရပ်တန့်နေခဲ့၏။ ဤကျင့်ကြံသူ နှစ်ယောက်တို့သည် မည်သူမှ သတိမပြုမိဘဲ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပြီး များပြားလှသည့် သက်ရှိသတ္တဝါများကို ငုံ့ကာ ကြည့်ရှုနေ၏။

တော်ဝင်သဲကန္တာရမြို့ကြီး တစ်ခုလုံးသည် ရုတ်တရက် ပွက်လောရိုက်သွားခဲ့၏။ ဤစွမ်းအားမြင့် ကျင့်ကြံသူ နှစ်ယောက်တို့သည် နတ်ဆိုးနတ်ဘုရားများ ကဲ့သို့ပင် ကြောက်မက်ဖွယ်ရာကောင်းသည့် အော်ရာများကို ထုတ်ဖော်နေခဲ့ပြီး အားလုံးသော သူတို့သည့် ရှောင်ပြေးရန်ပင် အချိန်မရှိဘဲ အော်ဟစ်နေမိကြသည်။

“ဒီလူတွေက ဘယ်သူတွေလဲ။ ဒါ တော်ဝင်သဲကန္တာရမြို့ဆိုတာ မသိဘူးလား” တော်ဝင်သူတော်စင် တစ်ယောက် သည် ခေါင်းကိုမော့ကာဖြင့် မျက်မှောင်ကုတ်လိုက်မိ၏။

ဤနှစ်ယောက်သည် အားကောင်းလှသည် ဆိုလျှင်တောင်မှ တော်ဝင်သဲကန္တာရမြို့ရှိ လူများသည် စိုးရိမ် ပူပန်ခြင်း မရှိကြချေ။ ထို့အပြင် အတိတ်တုန်းမှ ယခုအချိန်အထိ တော်ဝင်သဲကန္တာရမြို့အား မည်သူမှလာရောက် ပြဿနာ မရှာရဲကြချေ။ ပြဿနာရှာရဲသည့် လူများသည်လည်း ခြွင်းချက်မရှိ သေဆုံးသွားခဲ့ပြီ ဖြစ်သည်။

“တခြားလောကက လူတွေပဲ နေမှာပေါ့။ ဒီလူတွေရဲ့ အော်ရာတွေကို မရင်းနှီးဘူး။ ကြည့်ရတာ မြေအင်မော်တယ် လောကရဲ့ နိရယလောကရဲ့လူတွေပဲ ဖြစ်လိမ့်မယ်။ နိရယအင်ပါယာ ပြန်ပြီး အသက်ရှင်လာတာလား မသိဘူး” တစ်စုံတစ်ယောက် က တီးတိုးရေရွတ်လိုက်၏။

“ဟမ့်”

မွန်းစတားကလန်၏ မွန်းစတား တစ်ကောင်သည် နှာခေါင်းကို ရှုံ့ကာဖြင့် အေးစက်စက် ပြောလိုက်သည်။ “နိရယအင်ပါယာ ပြန်ပြီးတော့ အသက်ရှင်လာတယ် ဆိုရင်တောင်မှ သူမက အရမ်းကြီး မောက်မောက်မာမာ ပြုလုပ်ရဲမှာ မဟုတ်ဘူး။ ဒါပေမဲ့ ဒီနှစ်ယောက်က အရမ်းကြီး ရဲတင်းလွန်းနေတယ်လေ။ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင် အမျက်သင့်လိမ့်မယ်။”

ကောင်းကင်ယံထက်တွင်တော့ ချင်ကလန်၏ဘိုးဘေးသည် ဆံပင်များ ပွစာကျဲလျက် ရှိနေပြီး မယုံကြည်နိုင်သည့် ဟန်ပန်အမူအရာမျိုးဖြင့် တည်နေရာတစ်ခုလုံးကို ကြည့်ရှုလျက် ရှိနေ၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင် သခင်သည် သူ့ကို ဖိနှိပ်ကာ သတ်ဖြတ်ခဲ့ကြောင်း သူ ရှင်းရှင်းလင်းလင်း သိရှိနေ၏။ သို့ပေမဲ့ မထင်မှတ်ထားလောက်အောင် သူ အသက်ပြန်ရှင်လာခဲ့၏။ သူ၏ အနောက်ဘက်တွင် ရပ်တန့်နေသည့် လူမှာတော့ ချင်ကလန်၏ ပဉ္စမ အကြီးအကဲပင် ဖြစ်လေ၏။

“ရောရုဝအရှင်လား” ချင်ကလန်၏ ဘိုးဘေးသည် အကျိုးအကြောင်း အခြေအနေ တစ်ခုလုံးကို မြန်မြန်ဆန်ဆန်ပဲ နားလည်သွားခဲ့၏။ သူ၏ စိတ်ထဲတွင် သူ့ကို မည်သူက ပိုင်ဆိုင်သည်ဆိုခြင်းမှာ အရေးမကြီးပေ။ အဓိက သော့ချက်သည် သူ ပြန်လည်ရှင်သန်လာခြင်းပင် ဖြစ်၏။ သူသည်သာ မသေဆုံးသည် ဆိုပါက ကျိန်းသေပေါက် ထာဝရအသက်ရှင်ခြင်းကို ပိုင်ဆိုင်မှာဖြစ်ပြီး အချိန်၏ နိယာမများကို ခုခံနိုင်ပေလိမ့်မည်။

ပြောရမည်ဆိုလျှင် သူသည် သူ၏သက်တမ်းတလျှောက်လုံး အိမ်မက်မက်ခွင့်ပင် မရရှိသည့် အရာကို ရရှိနေခြင်းပင် ဖြစ်သည်။ သူသည် အင်မော်တယ် ဖြစ်ခဲ့သည် ဆိုလျှင်တောင်မှ ကျိန်းသေပေါက် သေဆုံးနိုင်၏။ သို့ပေမဲ့ ရောရုဝအရှင်ဆီမှ ထိုကဲ့သို့သော နည်းစနစ်ကို ရရှိလက်ခံခဲ့ပြီ ဖြစ်သောကြောင့် သူသည် အားအင် အဆင့်တချို့ကိုသာ ဆက်လက်၍ ကြိုးစားသင်ယူနိုင်ခဲ့သည်ဆိုပါက ကျိန်းသေပေါက် အသင်္ချေ များပြားလှသည့် လောကအသီးသီးတွင် ထိပ်တန်း စွမ်းအားမြင့် ကျင့်ကြံသူအဖြစ် ရပ်တည်နေနိုင်မှာ သေချာသည်။

ရောရုဝအရှင်သည် သံသယရှိစရာ မလိုအောင်ဘဲ ထူးချွန်သူ တစ်ယောက်ဖြစ်၏။ ၎င်းနှင့် မည်သူမှ မယှဉ်ပြိုင်နိုင်ခဲ့ချေ။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည်ပင်လျှင် ထိုကဲ့သို့ လုပ်နိုင်လိမ့်မည် မဟုတ်ချေ။

အတိတ်တုန်းကသာဆိုလျှင် ပြန်လည်ရှင်သန်လာပြီး ကောင်းကင်လျှို့ဝှက်နန်းဆောင်ကြီးကိုသာ မြင်ရသည် ဆိုလျှင် ကျိန်းသေပေါက် သူသည် ဖြစ်နိုင်သမျှ အမြန်ဆုံး ထွက်ပြေးပေလိမ့်မည်။ ကောင်းကင်လျှို့ဝှက်နန်းဆောင် သခင်၏ ထပ်မံရိုက်နှက်ခြင်းကို ခံရမှာကြောက်သောကြောင့်ပင်။ သို့ပေမဲ့ လက်ရှိအချိန်၌ အခြေအနေက ခြားနားသွားခဲ့၏။ သူသည် မသေဆုံးနိုင်သော အင်မော်တယ်တစ်ယောက် ဖြစ်သွားခဲ့ပြီဖြစ်၏။ မည်သည့်အရာကို ကြောက်လန့်ရမည်နည်း။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်က သူ့ကို သတ်ဖြတ်ပစ်နိုင်မည်လား။

လက်ရှိအခြေအနေမှာတော့ ချင်ကလန်၏ ဘိုးဘေးအနောက်တွင် ရှိနေသည့် ပဉ္စမအကြီးအကဲသည် သူ၏ လက်ဝါးကို သူ ငုံ့ကာ ကြည့်ရှုနေ၏။ အချိန်အတော်ကြာပြီးသည့်နောက် သူသည် စိတ်လှုပ်ရှားနေသည့် ခံစားချက်များကို ဖိနှိပ်နိုင်ခဲ့၏။ သူ အသက်ရှင်လျက် ရှိနေ၏။ သူ တကယ်ပဲ အသက်ရှင်နေ၏။ ပြန်လည် ရှင်သန်လာပြီးသည့်နောက် သူ၏ အားအင်အဆင့်သည် ယခင်အတိုင်း တည်ရှိနေသည်သာမက ပိုမိုကာ အားကောင်းသည့် အခြေအနေကိုပင် ရောက်ရှိသွားခဲ့၏။

နှုတ်ခမ်းပါးထက်တွင် အေးစက်သည့် အပြုံးတစ်ခုက ဖြစ်တည်လာခဲ့၏။ သူသည် အောက်တွင် ရှိနေသည့် ကောင်းကင်လျှို့ဝှက်နန်းဆောင်ကြီးကို လှမ်းကြည့်ပြီးသည့်နောက် မြေအင်မော်တယ်လောကကြီး တစ်ခုလုံးကို လှမ်းကာ ကြည့်ရှုလိုက်၏။ ပြီးနောက် တီးတိုး ရေရွတ်လိုက်သည်။ “ကျုပ် ပြန်လည် ရှင်သန်လာခဲ့ပြီ။ ချင်ကလန် အနေနဲ့ ကြီးမားတဲ့ ပေးဆပ်မှုတွေ ပြန်ပြီး ပေးဆပ်ရမယ်”

အသက်ပြန်လည် ရှင်သန်လာခဲ့ပြီးသည့်နောက် ချင်ရွှမ်လန်သည် ကျိန်းသေပေါက် သူ့ကဲ့သို့ပင် သေဆုံးရမည် ဖြစ်၏။ ထို့အပြင် သူ့အနေနှင့် ဘိုးဘေးနှင့်အတူ ကောင်းကင်လျှို့ဝှက်နန်းဆောင် တစ်ခုလုံးကို ပြောင်းပြန်လှန် ပစ်ရန်လည်း တွေးတောထားခဲ့၏။ ထိုအရာများကို ပြုလုပ်ပြီးမှသာလျှင် မြေအင်မော်တယ်လောကကို ပြန်ရန် စဉ်းစားထားခဲ့၏။

မြေအင်မော်တယ်လောကတွင် ရှိနေသည့် သက်ရှိသတ္တဝါအားလုံး၏ တုန်လှုပ်နေသောအကြည့်၊ အထူးသဖြင့် ချင်ကလန် အဖွဲ့သားများ၏ ကြောက်လန့်နေသောအကြည့်များသည် သူ့ကို တကယ်ပင် ဂုဏ်ယူရလောက်သည့် အရာမျိုး ဖြစ်လာပေလိမ့်မည်။ သူနှင့် ဘိုးဘေးကြီးသာ ပြန်လည်ရှင်သန်လာသည်ကို မြင်ရပါက ချင်ကလန်သည် မည်ကဲ့သို့ ခံစားရမည်နည်း။

“ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်... ခင်ဗျားရဲ့ ပြဿနာက ရောက်လာပြီ” ချင်ကလန်ဘိုးဘေးသည် အချိန် ဖြုန်းမနေတော့ချေ။ အရှေ့ဆီသို့ လှမ်းတက်ပြီးသည့်နောက် ကြောက်မက်ဖွယ်ရာ ကောင်းသည့် ဖိအားကို ထုတ်ဖော်ကာ မိုင်သန်းနှင့်ချီသည့် အကွာအဝေး တစ်ခုလုံးကို ဖိနှိပ်လိုက်သည်။

ရေတွက်လို့ မရအောင် များပြားလှသည့် လောက၏ သင်္ကေတများသည် တော်ဝင်သဲကန္တာရမြို့ တစ်ခုလုံးကို လွှမ်းခြုံလာခဲ့လေ၏။ လေဟာနယ်တစ်ခုလုံးသည် တဖျတ်ဖျတ်နှင့် အလင်းတန်းများ လင်းလက်နေခဲ့ပြီး အချိန်မရွေး မြို့ကြီးတစ်မြို့လုံး ပျက်စီးတော့မည့် သကဲ့သို့ပင်။

“ဒီအော်ရာတွေ”

ချင်ကလန်၏ ဘိုးဘေး လှုပ်ရှားရန် ပြင်ဆင်လိုက်သည့် အချိန်တွင် လူပေါင်းများစွာတို့၏ အမူအရာသည် ရုတ်တရက် ပြောင်းလဲသွား၏။ အတိတ်တုန်းက မြေအင်မော်တယ်လောကနှင့် ကောင်းကင်မူလ လောကကြီးကြား ကြီးမားလှသည့် တိုက်ပွဲကြီးတွင် စွမ်းအားမြင့် ကျင့်ကြံသူများ ကိုယ်တိုင်ကိုယ်ကျ ဝင်ရောက် တိုက်ခိုက်ခဲ့ကြ၏။ ထို့ကြောင့် သူတို့သည် ထိုအော်ရာများကို ရင်းနှီးပြီးသား ဖြစ်လို့နေခဲ့ကြ၏။ ချင်ကလန်ဘိုးဘေး ပိုင်ဆိုင်သည့် အော်ရာများသည် အစစ်အမှန် အင်မော်တယ်အဆင့် အော်ရာပင် ဖြစ်၏။

“သူက သေဆုံးသွားခဲ့ပြီ မဟုတ်ဘူးလား။ ဘယ်လိုဖြစ်ပြီး ပြန်ရှင်လာတာလဲ” အချို့က ထကာ အော်ဟစ်လိုက်၏။ ဤအရာသည် မယုံကြည်နိုင်ဖွယ်ရာပင်။ ၎င်းသေဆုံးခဲ့ပြီဖြစ်ကြောင်း အားလုံးက သိရှိပြီးဖြစ်သည်။ သို့ပေမဲ့ ယနေ့အချိန်တွင် ပြန်လည်ရှင်သန်လာခဲ့၏။ အားလုံးသောသူတို့သည် တကယ်ပင် အံ့အားသင့်ပြီး မယုံကြည်နိုင်သလို ဖြစ်မိနေသည်။

“ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်က သူ့ကို သတ်ခဲ့ပြီးသား မဟုတ်လား” ထိုအတွေးသည် အားလုံးသော သူတို့၏ စိတ်ထဲတွင် ပေါ်ပေါက်လာခဲ့၏။ ချင်ကလန်ဘိုးဘေး၏ ဝိညာဉ်ကျောက်ပြားသည် ပျက်စီးသွားခဲ့ပြီ ဖြစ်ပြီး ချင်ကလန်မှ လူများသည်လည်း ထိုအရာကို သိရှိပြီး ဖြစ်၏။ သေဆုံးသွားခဲ့သော ချင်ကလန်မှ ဘိုးဘေးကြီးသည် လက်ရှိအခြေအနေတွင် ပြန်လည်ကာ ရှင်သန်လာခဲ့ပြီ ဖြစ်သောကြောင့် ဤနေရာတွင် မကောင်းသည့်အရာမျိုး ဖြစ်ပေါ်လာမှာ သေချာ၏။

“အတွက်အချက် မှားသွားပြီပဲ”

ကောင်းကင်လျှို့ဝှက်နန်းဆောင်အတွင်းဘက်မှာတော့ လီယွင်သည် ရုတ်တရက် ငုတ်တုပ်ထထိုင်လိုက်၏။ ပြီးသည့်နောက် ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ အရှေ့ဆီသို့ အသာလှမ်းလျှောက် လိုက်၏။ သူသည် ကောင်းကင်လျှို့ဝှက်နန်းဆောင်ကို တိုက်ခိုက်ရန်ပြင်ဆင်လျက် ရှိနေသည့် လူနှစ်ယောက်ကို မျက်မှောင်ကုတ်ကာ ကြည့်ရှုလိုက်သည်။

ချင်ကလန်ဘိုးဘေးကို သတ်ဖြတ်စဉ်က လောကကို ဖြတ်သန်းပြီး ရောက်ရှိလာမည့် ပြင်ပမှ ရောရုဝပြည်အကြောင်းကို သူသည် ဂရုမပြုခဲ့ချေ။ ထို့ကြောင့် အဲအချိန်တုန်းက ချင်ကလန်၏ ဘိုးဘေးကြီး၏ ဝိညာဉ်ကို တစ်စစီဖြစ်အောင် မပြုလုပ်ခဲ့ခြင်းပင်။ ဂရုစိုက်မှုကင်းမဲ့စွာဖြင့် သတ်ဖြတ်ရုံသာ သတ်ဖြတ်ခဲ့သည်။ သို့ပေမဲ့ ဤကဲ့သို့ ပြုလုပ်ခဲ့ခြင်းသည် သူ့အား အနည်းငယ် ပြဿနာ ပေါ်ပေါက်လာစေ၏။

“ထားလိုက်ပါတော့။ နောက်တစ်ကြိမ် ထပ်ပြီးသတ်ရတော့မှာပေါ့” လီယွင်က အသာပြောလိုက်၏။ သူ၏ အသံသည် မကျယ်ခဲ့ချေ။ သို့ပေမဲ့ တော်ဝင်သဲကန္တာရမြို့ တစ်ခုလုံးကို ပျံ့နှံ့သွားခဲ့၏။

အားလုံးတို့သည် ထိုစကားကို ကြားသည့်အချိန်မှာတော့ နှလုံးသားများ တစ်ခုလုံး တင်းကျပ်သွားခဲ့၏။ ကြောက်မက်ဖွယ်ရာကောင်းသည့် သတ်ဖြတ်လိုခြင်း ဆန္ဒများကို အာရုံခံမိကြ၏။ ထိုအရာကြီးသည် ကောင်းကင်၏ လှိုင်းများကဲ့သို့ပင် ၎င်းတို့အား တိုက်စားသွားခဲ့သည်။

သို့ပေမဲ့ ချင်ကလန်ဘိုးဘေးနှင့် ပဉ္စမအကြီးအကဲတို့မှာတော့ တည်ငြိမ်လျက် ရှိနေတုန်းပင်။ မသေဆုံးနိုင်သော အင်မော်တယ် ဖြစ်လာခဲ့ပြီးသည့်နောက် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည် သူတို့ကို မည်ကဲ့သို့ သတ်ဖြတ်မည်နည်း။ တစ်ဖက်လူ မည်မျှအားကောင်းသည်ဆိုဆို ထိပ်ဆုံးအဆင့်တွင် တည်ရှိနေသည့် ရောရုဝပြည်နှင့် မည်ကဲ့သို့ နှိုင်းယှဉ်နိုင်မည်နည်း။ ဟုတ်ပေသည်မလား။

All Chapters