အခန်း (၅၃၂)
Vol. 36 Ch. 532
“ခင်ဗျား စမ်းကြည့်လိုက်လေ”
တိုင်ချူး၏ အနောက်ဘက်တွင်တော့ သက်တန့်ရောင်စဉ်ကဲ့သို့သော ဓားရောင်စဉ်များ ဖြစ်တည်လာခဲ့၏။ ၎င်းဓား၏ ရောင်စဉ်များသည် တည်နေရာတစ်ခုလုံးကို ပျံ့နှံ့သွားခဲ့ပြီး လေဟာနယ်ကို ထိုးခွင်းလေ၏။
“မောက်မာလိုက်တာ” အမဲရောင်ဖီးနစ်က နှာခေါင်းရှုံ့လိုက်၏။ လေဟာနယ်ထဲသို့ လက်ကို အသာဖြန့်ကျက် လိုက်သည့်အချိန်မှာတော့ မဲနက်လျက် ရှိနေသည့် မိုးကောင်းကင် ပုဆိန်ကြီးသည် ၎င်း၏လက်ထဲသို့ ရောက်ရှိလာခဲ့၏။ ၎င်းပုဆိန်ကြီးဆီမှ သေခြင်းတရား၏ အားကောင်းသော အော်ရာများ ထွက်ပေါ်လာခဲ့သည်။
သက်ရှိသတ္တဝါပေါင်းများစွာတို့သည် ထိုမိုးကောင်းကင်ပုဆိန်ကြီးနှင့် တွေ့ဆုံပြီးနောက် လောက၏ အဆုံးသတ်ကို ရောက်ရှိသွားခဲ့သည်ဟု ကောလဟလ သတင်းစကားများရှိ၏။ ယခု ထိုမိုးကောင်းကင်ပုဆိန်ကြီးသည် အဝေးတစ်နေရာတွင် ရှိနေသည့် တိုင်ချူးဆီသို့ ချိန်တွယ်ကာဖြင့် ၎င်းသည် ထူးမခြားနားသလို ပြောလိုက်၏။
“ခင်ဗျားရဲ့ ဓားပညာက ပြိုင်ဘက်ကင်းတယ်လို့ ကျုပ် ကြားခဲ့ရတာ ကြာပြီ။ ဒီနေ့အချိန်မှာ ဒါကို မျက်မြင်တွေ့ရဖို့ အတွက် အခွင့်အရေး ရှိလာပြီပဲ”
“အင်း... ခင်ဗျား စိတ်တိုင်းကျပါပဲ” တိုင်ချူးသည် အေးစက်စွာဖြင့် ပြန်လည် ပြောဆိုလိုက်၏။ စကားပြောလို့ မပြီးသေးခင်မှာပဲ သူက တိုက်ရိုက်ဆိုသလိုပဲ လှုပ်ရှားလိုက်သည်။
ဘာတွေ ဖြစ်ပျက်နေသည် ဆိုသည်ကို မည်သူမှ ရှင်းရှင်းလင်းလင်း မမြင်ခဲ့ရချေ။ သို့ပေမဲ့ မြေအင်မော်တယ် လောကကြီးသည် ကြောက်မက်ဖွယ်ရာကောင်းသည့် အတွေ့အကြုံမျိုးကို ခံစားနေရပြီး ကောင်းကင်နှင့်မြေပြင် တစ်ခုလုံးသည် ကွဲအက်လာခဲ့၏။ လေဟာနယ်တစ်ခုလုံးသည် တဝုန်းဝုန်းနှင့် တုန်ခါလျက် ရှိနေပြီး မုန်တိုင်းကြီးတစ်ခု ဖြစ်တည်နေသကဲ့သို့ပင်။
အော်ဟစ်သံ တစ်ခုသည် စူးရှစွာ ထွက်ပေါ်လာခဲ့ပြီး ရောင်စဉ်တန်းများအားလုံး ပျောက်ကွယ်သွားစေ၏။ ကောင်းကင်ယံထက်တွင်တော့ အဖြူရောင်ဝတ်စုံနှင့် လူတစ်ယောက်သည်သာ ကျန်ရှိခဲ့ပြီး ၎င်း၏ လက်ထဲတွင်တော့ ဓားတစ်စင်းကို ကိုင်ဆောင်ထား၏။ ၎င်း၏ အနောက်ဘက်တွင် အမဲရောင်တောင်ပံ တစ်ဝက်က ပိုင်းပြတ်လျက် ရှိနေ၏။
တောင်ပံကြီးသည် ပေတစ်ထောင်နီးပါးခန့် ကြီးမားလှပြီး လေဟာနယ်ထဲတွင် ချာချာလည်လျက် ရှိနေ၏။ သွေးမြူများသည် အောက်ဆီသို့ ကျဆင်းလျက် ရှိနေပြီး လေဟာနယ်နှင့် ပေါင်းစပ်ပြီးချိန်မှာတော့ တဖြည်းဖြည်းနှင့် ပျောက်ကွယ်သွားခဲ့သည်။
ထိုမြင်ကွင်းကို မြင်ရသည့်အချိန်မှာတော့ လူပေါင်းများစွာတို့သည် အသက်မရှူနိုင်သလို ဖြစ်မိနေကြ၏။ ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှချေ၏။ အတောင်ပံတစ်ခု ပြတ်ကျခဲ့ခြင်းသည် မိုင်သောင်းနှင့်ချီသည့် တည်နေရာ တစ်ခုလုံးကို ပျက်စီးသွားစေခဲ့၏။ ခန္ဓာကိုယ်တစ်ခုလုံးသည်သာ သုတ်သင်ရှင်လင်းခြင်းကို ခံရသည် ဆိုပါက ကျိန်းသေပေါက် မြေအင်မော်တယ်လောကကြီးတစ်ခုလုံး ပျက်စီးခြင်းအဖြစ်သို့ ရောက်ရှိမှာ သေချာ၏။
“တိုင်ချူး”
ခြောက်ကပ်ကပ် အသံတစ်ခုက လေဟာနယ်ထဲတွင် ပေါ်ပေါက်လာခဲ့၏။ အမဲရောင်ဖီးနစ်သည် လေဟာနယ်ထဲတွင် မတ်မတ်ရပ်လျက် ရှိနေပြီး ၎င်း၏ မြစိမ်းရောင်ကဲ့သို့သော မျက်လုံးများသည် တိုင်ချူးဆီသို့ ရောက်ရှိနေခဲ့၏။ ထိုမျက်လုံးများကြားထဲမှ ကြောက်မက်ဖွယ်ရာကောင်းသော သတ်ဖြတ်လိုခြင်းဆန္ဒများသည် မဖုံးနိုင်၊ မဖိနိုင်ဆိုသလိုပဲ ထွက်ပေါ်နေသည်။
တိုက်ခိုက်ချက် တစ်ခုတည်းမှာပဲ သူက ရှုံးနိမ့်ခဲ့၏။ ဤအရာသည် တကယ့်ကို အရှက်ကွဲခဲ့ခြင်းပင်။ သူ့အနေနှင့် မသေဆုံးနိုင်သည့် လူတစ်ယောက်ဖြစ်ပြီး အတောင်ပံတစ်ခု ခုတ်ပိုင်းခံရခြင်းသည် သူ့အတွက် ဘာမှ ကြီးကြီးမားမား ဆုံးရှုံးခဲ့ခြင်း မဟုတ်ချေ။ သို့ပေမဲ့ အားလုံးသောသူတို့၏ အရှေ့တွင် တိုက်ခိုက်ချက် တစ်ခုတည်းနှင့် ရှုံးနိမ့်ခဲ့ခြင်း ဆိုသည်မှာ သူ၏မျက်နှာကို အားပြင်းပြင်းနှင့် ပိတ်ရိုက်လိုက်သကဲ့သို့ပင်။ သူသည်သာ ရောရုဝသားတစ်ယောက် မဟုတ်ပါက ကျိန်းသေပေါက် လက်ရှိအခြေအနေတွင် အပြင်းအထန် ဒဏ်ရာရရှိနေမှာ သေချာ၏။
“အင်း... ဒါ ကျုပ်တို့ဘက်က အားအကောင်းဆုံး ကျင့်ကြံသူလား”
“အရမ်းကောင်းတယ်”
မြေအင်မော်တယ်လောကကြီးဘက်တွင်တော့ လူပေါင်းများစွာတို့သည် ထိုမြင်ကွင်းကို ကြည့်ရှုရင်း ပျော်ရွှင်မှုများနှင့် ပြည့်နှက်သွားခဲ့၏။ အဆင့်တူချင်းတွင် တိုက်ခိုက်ချက် တစ်ခုတည်းကို ထုတ်ဖော်ကာဖြင့် တစ်ဖက်လူကို အနိုင်ယူခြင်းဆိုသည်မှာ မည်မျှ အားကောင်းလိုက်လေသနည်း။ ခန့်မှန်း၍ မရနိုင်သည့် အားအင်အဆင့်ကို ပိုင်ဆိုင်သူ ဖြစ်သောကြောင့် မြေအင်မော်တယ်လောကသည် ထိုသူ တည်ရှိနေသည်နှင့်အမျှ ဤကပ်ဘေးကြီးမှ လွတ်ကင်းနိုင်မှာ သေချာသည်။
“အား...”
အမဲရောင်ဖီးနစ်က ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ ကောင်းကင်ယံ တစ်ခုလုံး မိုးခြိမ်းသံများနှင့် ပြည့်နှက်လာခဲ့၏။ မိုးကုတ်စက်ဝိုင်း၏ အစွန်းဘက်ဆီမှ တိမ်များ တဖြည်းဖြည်း ပေါ်ပေါက်လာခဲ့၏။ ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် မိုးကြိုးမုန်တိုင်းကြီးတစ်ခု စတင်ကာ ဖြစ်တည်လာသကဲ့သို့ပင်။ “ကျုပ်... ခင်ဗျားကို သတ်မယ်”
ဘုန်း
အမဲရောင်ဖီးနစ်ကြီးသည် ကြောက်မက်ဖွယ်ရာကောင်းသည့် စွမ်းအင်များကို ထုတ်ဖော်ကာဖြင့် တစ်ခါတည်း ဖိနှိပ် ရိုက်နှက်ခြင်းကို ပြုလုပ်၏။
လက်ရှိအချိန်မှာတော့ တိုင်ချူး၏ အကြည့်များက အေးစက်သွားခဲ့၏။ ၎င်းသည် ရှေ့ဆီသို့ အသာ လှမ်းတက်လိုက်၏။ ၎င်း၏ လှုပ်ရှားမှု တစ်ခုချင်းစီတိုင်းသည် အမှန်ပင် အားကောင်းလွန်းလှချေ၏။ ကောင်းကင်ယံဆီသို့ ရောက်ရှိရန် ခြေလှမ်းကိုးလှမ်းသာလျှင် လှမ်းခဲ့၏။ တစ်ဖက်လူသည် အလွန်ရှေးကျလှသော စွမ်းအင်များကို ထုတ်ဖော်လျက် ရှိနေသည် ဆိုလျှင်တောင်မှ လက်ရှိအခြေအနေတွင် တိုင်ချူး၏ အရှိန်အဟုန်ကို မဖိနှိပ်နိုင်တော့ချေ။
“ဒီလို စွမ်းဆောင်ရည်လေးနဲ့ ဘာလုပ်လို့ ရမှာလဲ” အမဲရောင်ဖီးနစ်က အေးစက်စက် အော်ဟစ်လိုက်၏။ ၎င်း၏ သတ်ဖြတ်လိုခြင်း ဆန္ဒများသည် လောကကြီး တစ်ခုလုံးကို ဖုံးလွှမ်းစေခဲ့၏။ အားအင်အဆင့်ကို ပြည့်ပြည့်စုံစုံ ထုတ်ဖော်ပြီးသည့်နောက် သူသည် တိုင်ချူးကို အသေသတ်ပစ်ရန် ကြံစည်လိုက်သည်။
“ခင်ဗျားက မလုံလောက်သေးပါဘူး” တိုင်ချူးက မျက်ခုံးကို ပင့်လိုက်၏။ သူသည် ထက်ရှလှသည့် အကြည့်နှင့်အတူ တစ်ဖက်လူကို ကြည့်ရှုလိုက်၏။
ချလွမ် ...။
သူသည် နောက်ဘက်တွင် ရှိနေသည့် ဓားတစ်စင်းအား အသာဆွဲထုတ်လိုက်၏။ လောကကြီး တစ်ခုလုံးသည် ပိုင်းဖြတ်ခံလိုက်ရသကဲ့သို့ပင်။
ဆွစ်
ငွေဖြူရောင် ဓားရောင်စဉ်များသည် ကောင်းကင်ယံပေါ်ရှိ တိမ်များဆီမှ ရေတံခွန်အလား ကျဆင်းလာခဲ့၏။ လက်ရှိအခြေအနေတွင်တော့ သက်ရှိ သတ္တဝါပေါင်းများစွာတို့သည် ၎င်းတို့၏ ဝိညာဉ်များ ပျောက်ကွယ် ပျက်စီး သွားလုမတတ်ပင်။ ၎င်းတို့၏ အရေပြားကို တစ်လက်မချင်းစီ ဆွဲခွာနေသကဲ့သို့ပင် ခံစားမိနေသည်။ ကြက်သီးထလောက်စရာ နှိပ်စက်မှုကို ခံစားနေရသည့် အကျဉ်းသားများ ကဲ့သို့ပင် ဖြစ်လို့နေ၏။ ခပ်ဝေးဝေး တည်နေရာတွင် တည်ရှိနေပြီး အစီအရင်၏ ကာကွယ်ပေးခြင်းကို ခံထားရသည် ဆိုလျှင်တောင်မှ ကျိန်းသေပေါက် ဤကဲ့သို့သော ခံစားချက်မျိုးကို ရရှိနေကြ၏။
“မဟုတ်ဘူး” အမဲရောင်ဖီးနစ်၏ မျက်လုံးများက ပြူးကျယ်သွားခဲ့၏။ သူ၏ မျက်လုံးများသည် မြစိမ်းရောင် မီးတောက်များနှင့် တောက်ပလျက် ရှိနေ၏။ ၎င်းသည် အော်ဟစ်လိုက်ပြီး ခပ်ဝေးဝေးသို့ ထွက်ခွာ ပျံသန်းသွားရန် ကြိုးစားလိုက်၏။ သို့ပေမဲ့ နောက်ကျသွားခဲ့ပြီဖြစ်သည်။
ဘုန်း
ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာခဲ့ပြီး အမဲနှင့် အဖြူရောင် ရောင်စဉ်များသည် လေဟာနယ် တစ်ခုလုံး၌ လိမ်ယှက်နေခဲ့၏။ ကောင်းကင်နှင့်မြေပြင်တစ်ခုလုံးသည် အမဲရောင်နှင့် အဖြူရောင် ရောင်စဉ်လှိုင်း များနှင့် ဖုံးလွှမ်းသွားခဲ့၏။
ဘယ်လောက်မှန်း မသိသည့် အချိန်တစ်ခုကို ကျော်ဖြတ်ပြီးသည့်နောက် လှိုင်းအဟုန်များသည် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် တိုင်ချူးသည် ခပ်မတ်မတ် တည်ရှိနေခဲ့ပြီး ၎င်း၏ ဆံနွယ်များသည် လေနှင့်အတူ လွင့်မျောနေခဲ့၏။ ၎င်းသည် နက်ရွှေရောင် ရှေးရွက်သင်္ဘောကြီး၏ အရှေ့တွင် မတ်မတ်ရပ်လျက် ရှိနေပြီး မည်သူမှ ဖိနှိပ်ဖြိုခွင်း၍ မရနိုင်ခဲ့သည့် စစ်နတ်ဘုရား တစ်ပါးကဲ့သို့ပင်။
“အမဲရောင်ဖီးနစ် ဘယ်ရောက်သွားလဲ။ သေသွားတာလဲ”
“အဲလိုပဲနဲ့ တူတယ်”
“တိုက်ခိုက်ချက် နှစ်ခုတည်းနဲ့ အမဲရောင်ဖီးနစ်ကို ဖိနှိပ်နိုင်ခဲ့တယ်။ ဒီစီနီယာက ဘယ်သူလဲ”
“သူသာ ဒီမှာရှိနေရင် ကျုပ်တို့ မြေအင်မော်တယ်လောကကြီး တစ်ခုလုံးက ဒီကပ်ဘေးကြီးကနေ လုံလုံခြုံခြုံနဲ့ ထွက်ခွာလာနိုင်မှာပဲ”
“အင်း... ဖြစ်နိုင်လောက်ပါတယ်” မြေအင်မော်တယ်လောကဆီမှ လောကသားများတို့သည် အချင်းချင်း တစ်ယောက်နှင့် တစ်ယောက် ဆွေးနွေးနေမိကြ၏။
သူတို့သည် ဤစီနီယာပေါ်တွင် အများကြီး မျှော်လင့်မထားမိခဲ့ကြချေ။ သို့ပေမဲ့ ကြည့်ရှုရသည်မှာ စီနီယာအား အထင်သေးမိခဲ့သည့်ပုံ၏။ အဆင့်တူချင်း ယှဉ်ပြိုင် တိုက်ခိုက်သည့်ပွဲတွင် တစ်ဖက်လူအား တိုက်ခိုက်ချက် နှစ်ခုတည်း နှင့် အနိုင်ယူ တိုက်ခိုက်ဖို့ ဆိုသည်မှာ လွယ်ကူသည့်အရာ မဟုတ်ချေ။ ထို့အပြင် တစ်ဖက်လူသည် သာမန်ကျင့်ကြံသူလေး တစ်ယောက် မဟုတ်ချေ။ အန္တိမကျင့်ကြံခြင်းအဆင့်ကို ရောက်ရှိနေသည့် စွမ်းအားမြင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်သည်။
ကောင်းကင်ယံထက်တွင်တော့ တိုင်ချူးသည် ငြိမ်ငြိမ်သက်သက်ဖြင့် မတ်တပ်ရပ်လျက် ရှိနေပြီး ၎င်းသည် မျက်မှောင် ကုတ်ထား၏။ တခြားသောသူများနှင့် မတူညီစွာပင် ရောရုဝ၏ အားအင်အဆင့်ကို သူက ကောင်းကောင်းသိထား၏။ နက်ရွှေရောင် ရှေးရွက်သင်္ဘောကြီး၌ တကယ်ပင် စွမ်အားမြင့် ကျင့်ကြံသူများ ပါဝင်လာခဲ့၏။ သူသည် လုံးဝ ကြောက်လန့်ခြင်း မရှိချေ။ သို့ပေမဲ့ အရေးအကြောင်း အခြေအနေမျိုးတွင် ထိုသူများသည် သတ်၍ မသေနိုင်သည့် လူမျိုးများ ဖြစ်နေသည် မဟုတ်ပါလား။
ထင်မှတ်ထားသည့်အတိုင်းပင်။ နောက်တစ်စက္ကန့်အတွင်း ကောင်းကင်နှင့်မြေပြင်ကြားတွင် အမဲရောင်မြူလှိုင်းများ ဖြစ်တည်လာခဲ့၏။ စောဏတုန်းက သေဆုံးသွားခဲ့ပုံပေါ်သော အမဲရောင်ဖီးနစ်သည် ရုတ်တရက် မူရင်း ခန္ဓာကိုယ် အသွင်သဏ္ဍာန်ဖြင့် ပေါ်ပေါက်လာခဲ့၏။ ၎င်း၏ ပျက်စီးသွားခဲ့သည် အတောင်ပံပင်လျှင် ပြန်လည်ကာ ကောင်းမွန် နေသည်။