← Chapters

အခန်း (၅၃၄)

Vol. 36 Ch. 534

အခန်း (၅၃၄)

Vol. 36 Ch. 534

ဘုန်း

ရှုပ်ထွေးလှသည့် လေဟာနယ်တစ်ခုလုံး ပေါက်ကွဲထွက်သွားပြီးသည့်နောက် ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် လှိုင်းနှင့်လေများသည် ဘုံကိုးပါးတစ်ခုလုံးကို ပျံ့နှံ့သွားခဲ့၏။ ကြီးမားသောလောကကြီး တစ်ခုသည် လက်ကြီး တစ်ဖက်၏ အတင်းဆွဲယူခံရပြီး တည်နေရာလမ်းကြောင်းကို ဖြတ်သန်းကာ ရောက်ရှိလာခဲ့သည်။

ဤလောကကြီးသည် ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အော်ရာများကို ထုတ်ဖော်လျက် ရှိနေ၏။ ပေါင်းစပ်မှု မပြုလုပ်ခင်မှာပဲ ကြီးမားလှသည့် စွမ်းအင်များကို ထုတ်ဖော်နေ၏။ ဤအရာသည် အသက်ရှု၍ မရနိုင်လောက် သည့် မြင်ကွင်းမျိုးပင် ဖြစ်လေ၏။ မြေအင်မော်တယ်လောကတွင် ရှိနေသည့် လူပေါင်းများစွာတို့သည် ယခင်က ဤကဲ့သို့ လောကပေါင်းစပ်မှုမျိုးကို ကြုံဆုံရသည် ဆိုလျှင်တောင်မှ လက်ရှိ အခြေအနေတွင် ယုံကြည်ရန် ခက်ခဲလို့ နေလေ၏။

“ဒီလို အရေးအကြောင်း အခြေအနေမျိုးမှာ လောကသစ်တစ်ခုက လာပြီး ပေါင်းစပ်နေတယ်။ စီနီယာ နန်းဆောင်သခင် ဝင်ပြီးလှုပ်ရှားခဲ့တာလား” အင်ပါရီယာကလန်တစ်ခုမှ ဘိုးဘေးကြီးက ပြောလိုက်သည်။ သူသည် မြန်မြန်ဆန်ဆန်နှင့် ချဉ်းကပ်လာခဲ့သော လောကကြီးကို လှမ်းကာ ကြည့်ရှုလိုက်သည်။

အရေးအကြောင်း အခြေအနေမျိုးတွင် လောကတစ်ခုနှင့် ပေါင်းစပ်ခြင်းဆိုသည်မှာ ကျိန်းသေပေါက် မြေအင်မော်တယ်လောကကြီး အတွက် ကောင်းမွန်သည့်အရာပင် ဖြစ်၏။ ယခင် အတွေ့အကြုံများကို ပြန်လည်ကာ ကြည့်ရှုရမည်ဆိုလျှင် မြေအင်မော်တယ်လောကကြီးထက် ပိုမိုကာ ဆိုးရွားသည့် လောကကြီးတစ်ခု မဖြစ်နိုင်ချေ။ ပိုမိုကာ အားကောင်းသည့် လောကကြီးတစ်ခုသာ ဖြစ်ပေလိမ့်မည်။ ထိုလောကကြီးတွင် အန္တိမအဆင့် ကျင့်ကြံသူများ ရှိကောင်းရှိနိုင်၏။

“အရမ်းအားကောင်းတဲ့ လောကကြီးတစ်ခုက ရောက်လာပြီ။ ဒီနက်ရွှေရောင် ရွက်သင်္ဘောကြီးပေါ်မှာ ရှိနေတဲ့ ရောရုဝပြည်ရဲ့ သတ္တဝါတွေက ဝိုင်းဝန်းသုတ်သင်ခြင်းကို ခံရတော့မှာပဲ” ဂိုဏ်းချုပ်တစ်ယောက်သည် ပျော်ရွှင်စွာ ဝင်ရောက်ပြောဆိုလိုက်သည်။

သူ၏စကားစု ထွက်ပေါ်လာသည့်အချိန်မှာပဲ တစ်စုံတစ်ယောက်သည် သံသယအပြည့်ဖြင့် လှမ်းကာ ပြောဆိုလိုက်၏။ “ဒါပေမဲ့ ဒီလောကကြီးက ကြောက်မက်ဖွယ်ရာကောင်းပြီးတော့ အဆင်မပြေတဲ့ ခံစားချက်တွေ ပေးနေတယ်လို့ ခင်ဗျား မခံစားမိဘူးလား။ ကျိန်းသေပေါက် အန္တရာယ်ကြီးကြီးမားမား ရှိနေတဲ့ပုံပဲ”

“ဘယ်လို အန္တရာယ် ရှိတာလဲ။ ပြောရမယ်ဆိုရင် စီနီယာနန်းဆောင်သခင်က ကျုပ်တို့ကို ကူပြီးတော့ မြေအင်မော်တယ်လောကရဲ့ ကပ်ဘေးကြီးကို ဖြေရှင်းပေးခဲ့တာပဲ မဟုတ်လား” တစ်စုံတစ်ယောက်က ခွန်းတုံ့ပြန် လိုက်သည်။

သို့ပေမဲ့ သူပြောပြောပြီးချင်းမှာပဲ ကောင်းကင်ယံတွင် ရပ်တန့်လျက် ရှိနေသည့် ရောရုဝဆီမှ သတ္တဝါ ငါးကောင်တို့သည် မြေအင်မော်တယ်လောကတွင် ရှိနေသည့် သတ္တဝါများကို ကြည့်ရှုနေရင်း ရုတ်တရက် ခေါင်းကို လှည့်ကာ တစ်ဖက်သို့ ကြည့်ရှုလိုက်၏။ ချက်ချင်းဆိုသလိုပဲ ၎င်းတို့၏ ခန္ဓာကိုယ်များသည် တုန်ယင်သွားခဲ့ကြ၏။ စိတ်ထဲတွင် မထင်မှတ်ထားသည့် အရာတစ်ခုကို မြင်လိုက်ရသကဲ့သို့ပင်။

ဘန်း ....။

၎င်းတို့ ငါးယောက်တို့သည် မြေပေါ်သို့ ဒူးထောက်ထိုင်ချကာ လေးလေးစားစားနှင့် အော်ဟစ်လိုက်၏။

“ကျုပ်တို့ အရှင့်ကို ကြိုဆိုပါတယ်”

“ကျုပ်တို့ အရှင့်ကို ကြိုဆိုပါတယ်”

သူတို့အနေနှင့် လက်ရှိအခြေအနေတွင် နားမလည်နိုင်ချေ။ မြေအင်မော်တယ်လောကကြီးသို့ အဘယ်သို့ ရောက်ရှိလာရသနည်း။ ထို့အပြင် သူတို့သည် နတ်ဘုရား ရွက်သင်္ဘောကြီးကို စီးနင်းလာခဲ့ခြင်း ဖြစ်၏။ နက်ရွှေရောင် ရွက်သင်္ဘောကြီးသည် အထူးဖန်တီးထားသည် ဖြစ်သောကြောင့် ရှုပ်ထွေးလှသည့် တည်နေရာ ပတ်လမ်းကြောင်းထဲတွင် လှည့်လည်သွားလာနိုင်စွမ်းရှိ၏။ များပြားလှသည့် နတ်ဘုရားပစ္စည်းများနှင့် ဖန်တီးထားသော ရွက်သင်္ဘောများကို အသုံးပြုထားသောကြောင့် လက်သင့်ခံနိုင်သည့်အရာပင် ဖြစ်သည်။

သို့ပေမဲ့ နက်နဲအလင်းလောကကြီးသည် အဘယ်သို့သောနည်းလမ်းဖြင့် ဤနေရာသို့ ရောက်လာသနည်း။ နက်နဲအလင်းလောကကြီးသည် အားကောင်းသည်ဆိုသော်လည်း ရှုပ်ထွေးလှသည့် တည်နေရာ ပတ်လမ်းကြောင်း ထဲ မြန်မြန်ဆန်ဆန် ရွေ့လျားလာဖို့ဆိုသည်မှာ လွယ်ကူသည့်ကိစ္စ မဟုတ်ချေ။ ထို့အပြင် နတ်ဘုရား ရွက်သင်္ဘော တစ်စင်း၏ အမြန်နှုန်းထက်ပင် ပိုမိုကာ မြန်ဆန်နေသေး၏။။

“အရှင် ဒီလိုကိစ္စကို ဘယ်လိုလုပ်လိုက်တာလဲ” အမဲရောင်ဖီးနစ်သည် ကြိတ်ကာ မေးမြန်းလိုက်သည်။

“ဖြစ်နိုင်တာ ... အရှင်က အင်မော်တယ်ဘုရင်အဆင့်ကို ချိုးဖျက်သွားနိုင်တာပဲ ဖြစ်ရမယ်” ချပ်ဝတ်နှင့်လူသည် အသာပင် ပြောဆိုလိုက်၏။

ဟုတ်ပေ၏။ သူ၏ တွက်ချက်မှုအရဆိုလျှင် အင်မော်တယ်ဘုရင်အဆင့်ကို ချိုးဖြတ်ရောက်ရှိဖို့ ဆိုသည်မှာ အလွန်ပင် ခက်ခဲလွန်းလှ၏။ အထူးသဖြင့် နက်နဲအလင်းလောကကြီး၌ ဖြစ်သည်။

ထို့အပြင် နက်နဲအလင်းလောကကြီး အောက်တွင် ကြီးမားလွန်းသည့် လက်ကြီးတစ်ဖက်သည် အရှိန်အဟုန် ပြင်းပြင်း နှင့် ဆွဲခေါ်လာခဲ့ခြင်းပင်။ ထွက်ပေါ်နေသည့် အော်ရာများကို ကြည့်ရှုရမည်ဆိုလျှင် ရောရုဝပြည်အရှင်၏ လက်ချက်ဖြစ်ပုံ မပေါ်ပေ။ ပုန်းကွယ်လျက်ရှိနေသည့် အင်မော်တယ်ဘုရင် တစ်ယောက်က ဝင်ရောက်ကာ လှုပ်ရှားခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

ထိုအခြင်းအရာကို တွေ့ရှိသည့် အချိန်မှာတော့ ရောရုဝပြည်မှ သတ္တဝါများ၏ မျက်နှာများသည် ပျက်ယွင်းသွားခဲ့၏။ အင်မော်တယ်ဘုရင်တစ်ယောက်ကို ရင်ဆိုင်ဖို့ ဆိုသည်မှာ ကြောက်မက်ဖွယ်ရာ ကောင်းလွန်းကြောင်း သူတို့က နားလည်သောကြောင့်ပင်။ ရောရုဝပြည်တစ်ခုလုံး ပေါင်းစပ်ပြီး တိုက်ခိုက်မည် ဆိုလျှင်တောင်မှ အင်မော်တယ်ဘုရင်တစ်ယောက်ကို အနိုင်ရအောင် တိုက်ခိုက်နိုင်လိမ့်မည် မဟုတ်ချေ။

“ဒီလောကကြီးထဲမှာ အင်မော်တယ်ဘုရင်တစ်ယောက်ယောက် ရှိနေတယ်လို့ ခင်ဗျားတို့ ထင်လို့လား။ သူက နက်နဲအလင်းလောကကြီး တစ်ခုလုံးကို ဒီနေရာဆီ ဆွဲခေါ်လာခဲ့ပြီး ကျုပ်တို့ကိုသုတ်သင်ပစ်မှာလား” ရောရုဝပြည်၏ သတ္တဝါငါးယောက်တို့အထဲမှ တစ်ဦးတည်းသော သက်ရှိသတ္တဝါသည် တုန်ယင်စွာဖြင့် လှမ်းကာ ပြောလိုက်၏။

“သတိထားစမ်း”

ချပ်ဝတ်နှင့်လူသည် နက်နဲအလင်းလောကကြီးဆီသို့ လှမ်းကာ ကြည့်ရှုရင်း လေးလေးနက်နက် ပြောလိုက်သည်။ “အရှင့်ဆီမှာ သူ့အကြံအစည်နဲ့သူ ရှိမှာပါ။ အင်မော်တယ်ဘုရင်တစ်ယောက် ရောက်လာတယ် ဆိုရင်တောင်မှ ဘာဖြစ်လဲ။ ရှေးတုန်းက ငရဲလောကမှာ အင်မော်တယ် အင်ပါယာ တောင် ရှိခဲ့သေးတယ်။ ကျုပ်တို့က ငရဲလောကရဲ့ မျိုးဆက်တွေပဲ။ ဒီတော့ အင်မော်တယ်ဘုရင်ဆိုတာ ဘာမှ စိတ်ပူစရာ မလိုဘူး” လက်ရှိ အခြေအနေမှာတော့ တခြားသောသူများကို စိတ်အေးသက်သာမှု ရှိစေရန် သူ အားပေးလိုက်ခြင်းသာ ဖြစ်သည်။

တခြားသောတစ်ဖက် မြေအင်မော်တယ်လောကတွင် ရှိနေသည့် သက်ရှိသတ္တဝါများမှာတော့ ၎င်းတို့၏ အမူအရာကို မထိန်းသိမ်းနိုင်ခဲ့တော့ချေ။ ကြောင်အအဖြင့် ကောင်းကင်ပေါ်တွင် ဖြစ်တည်နေသည့် မြင်ကွင်းကို ကြည့်ရှုနေမိကြ၏။ တစ်ယောက်ချင်းစီတိုင်း၏ မျက်နှာများသည် ပျက်ယွင်းလျက် ရှိနေ၏။

ဘာတွေ ဖြစ်နေသနည်း။ အစောဏတုန်းက မောက်မာလျက် ရှိနေသည့် လူငါးယောက်တို့သည် အဘယ့်ကြောင့် ရုတ်တရက် ဒူးထောက်ကာဖြင့် အော်ဟစ်နေရသနည်း။ ယခု ပေါင်းစပ်လိုက်သည့် လောကကြီးသည် မည်မျှ ကြောက်မက်ဖွယ်ရာ ကောင်းသည်ကို တစ်ဖက်လူများက သိရှိနေခြင်း ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် ခုခံရန် မကြိုးစားခြင်းသာ ဖြစ်ပေလိမ့်မည်။ ထိုလောကထဲတွင် ရှိနေသည့် လောကသားများကို သနားညှာတာရန် တောင်းပန်နေလေသည်လား။

“ဖြစ်နိုင်တာက ....”

ကျောက်စိမ်းလေဟာနယ်နန်းတော်၏ အတွင်းမှာတော့ ဟောင်ယွမ်၏ မျက်နှာက ဖြူလျော်လျက် ရှိနေ၏။ သူက တီးတိုးပြောလိုက်၏။ “အခု ပေါင်းစပ်နေတဲ့ လောကကြီးက ရောရုဝပြည် အခြေစိုက်တဲ့ လောကကြီးပဲ ဖြစ်ဖို့များတယ်။ ဟုတ်တယ်မလား”

“အင်း... လက်ရှိ အခြေအနေကို သုံးသပ်ရမယ်ဆိုရင် ဒီလိုပဲ ဖြစ်ရမယ်” တာအိုပညာရှင် ကျိရှုသည် ခေါင်းကို အသာညိတ်လိုက်၏။ သူ့ကဲ့သို့ အားကောင်းလှသည့် တစ်စုံတစ်ယောက်ပင်လျှင် ကြောက်မက်ဖွယ်ရာ ကောင်းသည့် ခံစားချက်များကို ခံစားနေရ၏။ ခန္ဓာကိုယ်တစ်ခုလုံးသည် ရေခဲချိုင့်ဝှမ်းထဲသို့ ကျဆင်းသွားသလိုပင် အေးစက်နေမိ၏။ ကြီးမားသည့် ကပ်ဘေးကြီးကို သူတို့ မည်သို့မှ ရှောင်လွဲ၍ မရနိုင်ဆိုသည့် အဓိပ္ပာယ် ပေါ်ပေါက် နေသည် မဟုတ်ပါလား။

နက်ရွှေရောင် ရှေးရွက်သင်္ဘောကြီးသည် မြေအင်မော်တယ်လောက တစ်ခုလုံးကို အစောကြီးကတည်းက လွှမ်းမိုး ထားပြီးသားဖြစ်၏။ ယခု ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည် လောကကြီး တစ်ခုကို ထပ်မံ ပေါင်းစပ်ခဲ့၏။ ထိုအရာသည် မြေအင်မော်တယ်လောက တစ်ခုလုံးကို ချောက်ထဲသို့ အဆုံးစွန်အထိ တွန်းပို့နေသည်နှင့် ဆင်တူနေသည် မဟုတ်ပါလား။ မှတ်ထားရန် လိုသည်မှာ အတိတ်တုန်းက မြေအင်မော်တယ်လောကသည် ခရမ်းရောင်နက်နဲလောကကြီးကို ဤကဲ့သို့ဖိအားမျိုး မပေးစွမ်းနိုင်ခဲ့ချေ။

“နက်နဲအလင်းလောက” တိုင်ချူးသည် နာနာကျင်ကျင် ပြုံးလိုက်၏။ သွေးများ တစ်ကိုယ်လုံး စွန်းထင်းလျက် ရှိနေသည့် သူ၏ခန္ဓာကိုယ် တစ်ခုလုံးသည် ယိမ်းယိုင်နေ၏။ သူသည် မေ့မျောလုမတတ် ဖြစ်နေ၏။ ဒဏ်ရာများ သည် တကယ့်ကို ပြင်းထန်လွန်းလှပြီး အချိန်မရွေး သေဆုံးသွားနိုင်သည့် အခြေအနေဆီသို့ ရောက်ရှိနေ၏။

ရောရုဝပြည်မှ သတ္တဝါ ငါးယောက်တို့သည် သူ့အား လျစ်လျှူရှုထားသည် ဆိုလျှင်တောင်မှ သူသည် လက်ရှိ အခြေအနေ၌ ထွက်ပြေးခြင်းကို မပြုလုပ်နိုင်ချေ။ ပြင်းထန်သည့် ဒဏ်ရာများအပြင် လက်ရှိအခြေအနေ၌ သူ၏လောကကြီးနှင့် လာရောက် ပေါင်းစပ်သည်မှာ နက်နဲအလင်းလောက ဖြစ်နေသောကြောင့်ပင်။ သူ မည်သည့် နေရာသို့ ပြေးရမည်နည်း။

မြေအင်မော်တယ်လောကမှ ထွက်ပြေးပြီး ရှုပ်ထွေးလှသည့် တည်နေရာပတ်လမ်းကြောင်းထဲတွင် ထပ်မံကာ ပြေးလွှားရမည်လား။ ထိုကဲ့သို့သော အတွေးပေါ်လာသည်နှင့်တပြိုင်နက် တိုင်ချူးသည် ထိုအတွေးကို ပယ်ချလိုက်မိ၏။ သူသည် တစ်ကြိမ်ထွက်ပြေးနိုင်၏။ သို့ပေမဲ့ ဒုတိယအကြိမ်မြောက် ထွက်ပြေး၍ မဖြစ်နိုင်တော့ချေ။ ခန္ဓာကိုယ်ပေါ်တွင် ရှိနေသည့် ဒဏ်ရာများက ဒုတိယဖြစ်၏။ အဓိက အကြောင်းအရာအဖြစ် ထိုကဲ့သို့ ထွက်ပြေးသွားရန် သူ၏ တာအိုနှလုံးသားက ခွင့်မပြုသောကြောင့်ပင်။

“ဘာကြောင့် စီနီယာ ဒီလိုလုပ်ရတာလဲ” တိုင်ချူးသည် အသာလှည့်ကာဖြင့် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ ကြည့်လိုက်၏။ သူ၏ အကြည့်အဆုံးမှာတော့ ရှေးဆန်ပြီး သပ်ရပ်ခန့်ညားလျက် ရှိနေသည့် ကောင်းကင်လျှို့ဝှက် နန်းဆောင်က တည်ရှိနေ၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည် တည်တည်ငြိမ်ငြိမ်ဖြင့် ထိုင်လျက် ရှိနေမည်ကို သူက စိတ်ကူးယဉ် ပုံဖော်မိသည်။

သူ၏အမြင်အရဆိုလျှင် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်၏ လှုပ်ရှားမှုများသည် မြေအင်မော်တယ် လောကနှင့် တခြားသော လောကနှစ်ခုအား ပြန်လမ်းမရှိသော လမ်းတစ်ခုသို့ တွန်းပို့နေခြင်းနှင့် ဆင်တူ၏။ မျှော်လင့်ချက်ဟူ၍ မည်သို့မှ မကျန်ရှိတော့ချေ။ သူတစ်ယောက်တည်းအနေနှင့် နက်နဲအလင်းလောကကြီး တစ်ခုလုံးကို မည်ကဲ့သို့ ခုခံတိုက်ခိုက်ရမည်နည်း။

ပေါင်းစပ်ပြီးသည့်နောက်တွင် နက်နဲအလင်းလောကကြီးထဲတွင် ရှိနေသည့် စွမ်းအားမြင့် ကျင့်ကြံသူတချို့သည် အင်မော်တယ်ဘုရင်အဆင့်သို့ ရောက်ရှိသွားနိုင်သည် မဟုတ်ပါလား။

“ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်က မြေအင်မော်တယ်လောကနဲ့ တခြားလောကနှစ်ခုမှာရှိတဲ့ သက်ရှိသတ္တဝါတွေ အားလုံးကို လက်လွှတ်လိုက်တာပဲဖြစ်မယ်။ ပြီးတော့ သူက ရောရုဝပြည်ကို ထောက်ပံ့ပြီး လောကအသီးသီးကို လွှမ်းမိုးဖို့ ကြံနေတာပဲ ဖြစ်မယ်” တိုင်ချူးသည် ထိုကဲ့သို့သော အတွေးမျိုးကို တွေးလိုက်မိ၏။

All Chapters