အခန်း (၅၃၆)
Vol. 36 Ch. 536
ဘုန်း ... ဘုန်း .... ဘုန်း ...။
နားကွဲလောက်စရာအသံကြီးများ ပေါ်ပေါက်လျက် ရှိနေပြီး သက်ရှိသတ္တဝါ အားလုံးကို တုန်ခါစေခဲ့၏။ မြေအင်မော်တယ်လောက၊ နက်နဲအလင်းလောက မည်သည့်နေရာတွင်ဖြစ်ဖြစ် ဤကဲ့သို့သော အရေးအကြောင်း အခြေအနေမျိုးကို ကြုံရသည့်အချိန်တွင် အားလုံးသော ကျင့်ကြံသူတို့သည် သာမန်လူများကဲ့သို့ပင် ဖြစ်လို့နေ၏။ ဘာတွေ ဖြစ်နေသည်ဆိုသည်ကို သူတို့ မသိကြချေ။ ၎င်းတို့၏ ခြေထောက်အောက်တွင် ရှိနေသည့် မြေပြင်ကြီး တစ်ခုလုံးသည် ဆက်တိုက်တုန်ခါလျက် ရှိနေပြီး ကောင်းကင်ကြီးတစ်ခုလုံးသည်လည်း တုန်ခါလျက် ရှိနေသည်ကိုသာလျှင် သိရှိကြ၏။
ရံဖန်ရံခါဆိုသလို လေဟာနယ်ဆီမှ တောက်ပသည့် ကြယ်စင်စုများသည် တစ်ခုပြီးတစ်ခု ကျဆင်းလျက် ရှိနေ၏။ မြေပြင်ထက်တွင် ကြီးမားသည့် တွင်းကြီးများပင် ပေါ်ပေါက်လာခဲ့သည်။ လောကကြီးတစ်ခုလုံး၏ အဆုံးသတ်သို့ ရောက်ရှိတော့မည့်သကဲ့သို့ပင်။
ဘုန်း ဘုန်း ဘုန်း .....။
မိုးခြိမ်းသံကဲ့သို့ အသံကြီးများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လျက်ရှိနေပြီး လောကကြီးနှစ်ခုသည် တဖြည်းဖြည်း ပိုမိုကာ နီးကပ်လာခဲ့၏။ ကြောက်မက်ဖွယ်ရာ ကောင်းသည့် လေမုန်တိုင်းများသည် တည်နေရာတစ်ခုလုံး၌ တိုက်ခိုက်လျက်ရှိပြီး ရေတွက်၍မရအောင် များပြားသည့် တောင်များပင်လျှင် မြေမှုန့်များအဖြစ်သို့ ပြောင်းလဲကုန်သည်။
လီယွင်သည် ဤကဲ့သို့ လောကကြီးနှစ်ခု ပေါင်းစပ်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် သက်ရောက်မှုများကို အနည်းဆုံးဖြစ်အောင် ကြိုးစားပြုလုပ်ခဲ့သည်ဆိုသော်လည်း တချို့သော သက်ရောက်မှုများမှာတော့ တည်ရှိနေသေး၏။ ထို့အပြင် လောကကြီးနှစ်ခု ပေါင်းစပ်သည့် ကြားထဲတွင် မည်သည့် အန္တရာယ်မှ မတွေ့ကြုံရဘူး ဆိုသည်မှာ ဖြစ်နိုင်သည့် ကိစ္စရပ်မျိုး မဟုတ်ချေ။
“လောကကြီးတွေက ပေါင်းစပ်တော့မှာပဲ” ရောရုဝပြည်အရှင်သည် အောက်ကို အသာငုံ့ကာ ကြည့်ရှု ပြီးသည့်နောက် တီးတိုးရေရွတ်လိုက်၏။
“ဟုတ်ပါတယ်”
တစ်စုံတစ်ယောက်က ပြန်လည်ကာ ပြောဆိုလိုက်၏။ သူသည် မြေအင်မော်တယ်လောကကို လှမ်းကာ ကြည့်ရှုနေသည်။ “လောကကြီးနှစ်ခု ပေါင်းစပ်တဲ့အချိန်မှာ ကျုပ်တို့ နက်နဲအလင်းလောကကြီးက ကျိန်းသေပေါက် ဘယ်သူမှ တားဆီးလို့ရတဲ့ အရာမျိုး မဟုတ်တော့ဘူး။ သက်ရှိသတ္တဝါတွေ အားလုံးကို လွှမ်းမိုးနိုင်တဲ့လူတွေ ဖြစ်လာတော့မယ်”
အချက်အလက်အားဖြင့် ဤအရာမှာ အမှန်ပင် ဖြစ်၏။ နက်နဲအလင်းလောကကြီးသည် ရောရုဝပြည်၏ လွှမ်းမိုးမှုကို ခံလိုက်ရခြင်းမှာ သေဆုံးနှင့်ပြီးသောလူများကို ထုတ်ဖော် အသုံးပြုခဲ့သောကြောင့်ပင်။ ထိုကဲ့သို့ ကြောက်မက်ဖွယ်ရာကောင်းလှသည့် သေဆုံးနှင့်ပြီးသား အလောင်းကောင်များ၏ တိုက်ခိုက်မှုကို ကြုံရသည့် အချိန်မှာတော့ နက်နဲအလင်းလောကကြီးသည် ခုခံရန် စွမ်းအင် ကင်းမဲ့သွား၏။
များပြားလှသော စွမ်းအားမြင့် ကျင့်ကြံသူများသည် စိတ်ဓာတ်တကျဖြင့် နက်နဲအလင်းလောကဆီမှ ထွက်ခွာ သွားရန် ရွေးချယ်ခဲ့ကြ၏။ ၎င်းတို့သည် တခြားသော လောကများဆီသို့ သွားရောက်ကာ အကူအညီ တောင်းခံမှုမျိုးကို ပြုလုပ်ကြ၏။ သို့ပေမဲ့ ရလဒ်အားဖြင့် ဤတည်နေရာတွင် တည်ရှိနေသော လက်ကျန် စွမ်းအားမြင့် ကျင့်ကြံသူများသည် ရောရုဝအရှင်ကို မည်သို့မှ မယှဉ်နိုင်ခဲ့တော့ချေ။ ထို့ကြောင့်ပင်လျှင် အရှုံးပေးခြင်း သို့မဟုတ် ဖိနှိပ်ခံရခြင်းဖြင့် ရောရုဝပြည်၏ လွှမ်းမိုးမှုကို ခံလိုက်ရခြင်းဖြစ်သည်။
“ဒီလိုအားနည်းတဲ့ လောကကြီးက ပြောဖို့တောင် မထိုက်တန်ဘူး” တစ်စုံတစ်ယောက်သည် ဦးခေါင်းကို ခါယမ်းလိုက်၏။ ရောရုဝပြည်ကို တစ်ဖက်လူများ ခုခံဖို့ဆိုလျှင် နှစ်တစ်သန်းလောက် ကျားကုတ်ကျားခဲ ကြိုးစားမှ ဖြစ်ပေလိမ့်မည်။ ထိုသို့ဆိုလျှင်တောင်မှ ခုခံရန် မဖြစ်နိုင်ချေ။
ဘုန်း
ကောင်းကင်နှင့်မြေပြင် တစ်ခုလုံးသည် ပြိုလဲလျက် ရှိနေ၏။ နက်နဲအလင်းလောကကြီးနှင့် မြေအင်မော်တယ် လောကကြီးသည် ဆက်တိုက်ဆိုသလိုပဲ တုန်ခါနေခဲ့၏။ လောကကြီးနှစ်ခုကြား နယ်စပ်တည်နေရာ တစ်ခုလုံးသည် တကယ့်ကို တုန်ခါလျက်ရှိနေပြီး ကျောက်မှုန်ကျောက်မွှားများ၊ မြေဆီများ အားလုံးသည် လွင့်စင်လျက် ရှိနေ၏။
ရေတွက်လို့ မရအောင် များပြားလှသည့် အက်ကွဲကြောင်းများသည် လောကကြီးနှစ်ခု ပေါင်းစပ်သည့် တည်နေရာ တွင် ဖြစ်တည်လာခဲ့၏။ လောကကြီးများတွင် ရှိနေသည့် အတားအဆီးတစ်ခုလုံးသည်လည်း ချက်ချင်းဆိုသလိုပဲ ပျောက်ကွယ်သွားခဲ့၏။ ဤအရာသည် တိုက်ရိုက်ဆန်လွန်းလှ၏။ လောကကြီးနှစ်ခုကို တစ်စုံတစ်ခုနှင့် ဆွဲပူးကာ ကပ်လိုက်သကဲ့သို့ပင်။
ဤမြင်ကွင်းကို မြင်ရသည့်အချိန်မှာတော့ ရောရုဝပြည်တွင် ရှိနေသည့် သက်ရှိများ အားလုံးသည် ဆွံ့အလျက် ရှိနေကြ၏။ ၎င်းတို့အနေနှင့် ဤကဲ့သို့ ထိခိုက်မှုမရှိဘဲ လောကကြီးနှစ်ခု ပေါင်းစပ်မှုကို တစ်ခါမှ မကြားခဲ့ဖူးချေ။ အောင်မြင်မှုပေါင်းများစွာကို ရရှိခဲ့ပြီဖြစ်သော ငရဲလောက၏ ယခင်အရှင်များပင်လျှင် ထိုကဲ့သို့သောကိစ္စမျိုးကို ပြုလုပ်နိုင်လိမ့်မည် မဟုတ်ချေ။
ယခု ပြုလုပ်ခဲ့သူမှာတော့ လက်ဖဝါးကို ဟိုဘက်၊ ဒီဘက် လှန်လိုက်သကဲ့သို့ပင် လွယ်ကူလို့ နေခဲ့၏။ အန္တရာယ် ဖြစ်နိုင်မှုသည်လည်း အနိမ့်ဆုံး အခြေအနေဆီသို့ ရောက်ရှိနေသည်။
“ဂလု ...”
ရောရုဝပြည်၏ အဖွဲ့သားများထဲမှ တစ်ယောက်သည် တံတွေးမျိုချကာဖြင့် တီးတိုးပြောဆိုလိုက်၏။ “ဒီနည်းလမ်းက အင်မော်တယ်ဘုရင်အဆင့်ကို အခုမှ ရောက်တဲ့ တစ်စုံတစ်ယောက်ရဲ့ လုပ်ဆောင်နိုင်မှု အထက်မှာ ရှိနေတယ်လေ။ အနည်းဆုံး ဒီလူက အင်မော်တယ်ဘုရင်တွေ ကြားထဲမှာမှ စွမ်းအားမြင့်ကျင့်ကြံသူ တစ်ယောက်ပဲ ဖြစ်မယ်”
သူတို့၏ မျက်လုံးထဲတွင်တော့ ဤကဲ့သို့ အခြေခံတစ်ခုလုံး ထိခိုက်မှုမရှိဘဲ လောကကြီးနှစ်ခု ပေါင်းစပ်ခြင်း ဆိုသည်မှာ မယုံကြည်နိုင်လောက်စရာ ကိစ္စရပ်မျိုးပင်ဖြစ်၏။ သူတို့ ပြုလုပ်နိုင်မည် ဆိုလျှင်တောင်မှ ဤကဲ့သို့ လောကကြီးနှစ်ခု ထိခိုက်မှု အနည်းပါးဆုံးဖြစ်အောင် ပြုလုပ်နိုင်လိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ ပြုလုပ်ခဲ့သူ၏ လက်ထဲတွင်တော့ တကယ်ပင် လွယ်ကူလို့နေ၏။ နှစ်သန်းပေါင်းများစွာ အသက်ရှင်နေထိုင်ခဲ့သည့် ရှေးမွန်းစတားကြီး တစ်ယောက်ယောက်များ ဖြစ်နေလေသည်လား။
“အင်း... အဲထက်လည်း ပိုနိုင်တယ်”
ရောရုဝပြည်အရှင်သည် ကောင်းကင်ယံဆီမှ ဆင်းသက်လာခဲ့၏။ ၎င်းသည် လောကနှစ်ခုကြား နယ်စပ်တည်နေရာ၌ အသာရပ်ပြီးသည့်နောက် အရှေ့ကို လှမ်းမျှော်ကာ ကြည့်ရှုလိုက်၏။ “နက်နဲအလင်း လောကကြီး အပြင် တခြားလောကတွေကိုပါ ပေါင်းစပ်ထားပုံပဲ။ ဖြစ်နိုင်တာ ကျုပ်တို့ နက်နဲအလင်းလောကကြီးက ဒီနေရာကို လာပြီးပေါင်းစပ်တာ ပထမဆုံးလောက မဟုတ်ဘူးပဲ။ အင်း... ဒီကိစ္စကို ကြိတ်ပြီး ပြုလုပ်နေတဲ့လူက ကြီးမားတဲ့ လောကကြီးတစ်ခုကို ဖန်တီးဖို့ ကြိုးစားနေတာပဲ ဖြစ်ရမယ်။ သူရဲ့ ရည်ရွယ်ချက်က ရောရုဝပြည်ထက် ဘယ်လိုမှ အားနည်းမှာ မဟုတ်ဘူး”
မြေအင်မော်တယ်လောကနှင့် ခရမ်းရောင်နက်နဲလောက၏ကြား နယ်စပ်တည်နေရာတွင် ကွာခြားချက်များကို အတိုင်းသား မြင်နေရ၏။ မြေအင်မော်တယ်လောကသည် တကယ့်ကို တောင့်တင်းခိုင်မာလှသည့် တည်နေရာ ဖြစ်ပြီး ခရမ်းရောင်နက်နဲလောကကြီးမှာတော့ ကြယ်စင်စုများနှင့် ဖွဲ့စည်းထားသည့် တည်နေရာတစ်ခုဖြစ်၏။
လောကကြီးနှစ်ခု၏ အခြေခံသည် တကယ့်ကို ကျိန်းသေပေါက် ကွဲပြားခြားနားလို့ နေခဲ့၏။ သာမန်အခြေအနေ မျိုးနှင့် လှမ်းကာကြည့်ရှုမည် ဆိုလျှင်တောင် တစ်စုံတစ်ခု မှားယွင်းနေကြောင်း သိရှိနိုင်၏။ တူညီသည့် လောကထဲတွင် ဤကဲ့သို့ ကွဲပြားခြားနားသည့် အရာမျိုး ရှိမနေသင့်ပေ။ ဖြစ်နိုင်သည်မှာ ဤလောကကြီးနှစ်ခုသည် သီးခြားတည်ရှိနေသည့်အရာဖြစ်သည်။ ကြောက်မက်ဖွယ်ရာကောင်းလောက်အောင် စွမ်းအင်မြင့်မားသည့် တစ်စုံတစ်ယောက်သည် အတင်းဆွဲယူကာ ပူးကပ်ထားသည့်ပုံပင်။
“အရှင်”
ထိုစကားကို ကြားရသည့်အချိန်မှာတော့ ရောရုဝပြည်၏ အဖွဲ့သားများက မျက်မှောင်ကုတ်လိုက်မိ၏။ ၎င်းက တီးတိုး ပြောဆိုလိုက်သည်။ “ဒါဆိုရင် အင်မော်တယ်ဘုရင်က ကျုပ်တို့ ရောရုဝပြည်သား တစ်ယောက်ယောက် မဟုတ်တော့ဘူးပေါ့”
“ရောရုဝပြည်ရဲ့ အင်မော်တယ်ဘုရင် တစ်ယောက်ယောက်လို့ ကျုပ် ဘယ်တုန်းက ပြောလို့တုန်း”
ရောရုဝပြည့် အရှင်က နှာခေါင်းရှုံ့လိုက်၏။ “အခု နောက်ကွယ်ကနေ ကြိတ်ပြီးတော့ ပြုလုပ်နေတဲ့ အင်မော်တယ်ဘုရင် က ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်လည်း ဖြစ်နိုင်တယ်။ မြေအင်မော်တယ် လောကမှာရှိတဲ့ သက်ရှိသတ္တဝါတွေက အဲလူရဲ့ နာမည်ကိုပဲ ရွတ်နေတာ မဟုတ်လား”
လက်ရှိအခြေအနေမှာတော့ လောကကြီးနှစ်ခု ပေါင်းစပ်ပြီးသည့်နောက် မြေအင်မော်တယ်လောက၌ လျှို့ဝှက်ချက်ဟူ၍ မရှိတော့ချေ။ တော်ဝင်သူတော်စင်များ၊ ကွာစီအင်ပါယာများ ပြောဆိုနေသည့် စကားလုံးများကို သူတို့က အတိုင်းသား ကြားနေရ၏။ ပြောရမည်ဆိုလျှင် အားလုံးသောသူတို့သည် ကောင်းကင်လျှို့ဝှက်နန်းဆောင် သခင်ဆိုသည့် စကားလုံးကို ရေရွတ်လျက် ရှိနေ၏။ ထိုနာမည်သည် လျှို့ဝှက်ချက်တစ်ခု မဟုတ်တော့ချေ။
“မလိုတာတွေ မလုပ်နဲ့တော့”
ရောရုဝပြည်၏အရှင်သည် ခေါင်းကို ခါယမ်းလိုက်၏။ သူ၏ မျက်လုံးများသည် အတွင်းတည်နေရာဆီသို့ ထွင်းဖောက်ကာ ကြည့်ရှုနေ၏။ တီးတိုးပြောဆိုလိုက်၏။ “ဒီလောကကြီးက အင်မော်တယ်ဘုရင်အဆင့်အထက်မှာ ရှိတဲ့လူတွေ တည်ရှိနေထိုင်နိုင်တဲ့ အရာမျိုး မဟုတ်ဘူး။ ကျုပ်အထင်အရဆိုရင် ဒီလူတွေ အားလုံးက ရေတွင်းထဲက ဖားသူငယ်တွေထက် မပိုလှဘူး။ အင်မော်တယ်ဘုရင်တွေက ဘယ်လိုဖြစ်ပြီး ဒီလို အားနည်းတဲ့လောကမှာ အသက်ရှင် နေထိုင်မှာလဲ။
ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ကတော့ သူက ကျိန်းသေပေါက် ကံကြမ္မာကို တွက်ချက်နိုင်စွမ်းရှိတဲ့ တစ်စုံတစ်ယောက်ပဲ ဖြစ်ရမယ်။ မင်းရဲ့ လက်ရွေးစင်အဖွဲ့သားတွေကို ခေါ်ပြီး ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီ သွားလိုက်။ ကျုပ်တို့ရောရုဝပြည်က လက်ရှိအချိန်မှာ ကံကြမ္မာဖတ် ကျွမ်းကျင်တဲ့လူ မရှိဘူးမလား။ သူ့ကို ခေါ်ရမယ်”
“ကောင်းပါပြီ” နောက်တွင်ရှိနေသည့်လူသည် လေးလေးစားစားဖြင့် သဘောတူညီလိုက်သည်။
“အရှင်... မြေအင်မော်တယ်လောကကြီးကရော ဘယ်လိုလဲ” တစ်စုံတစ်ယောက်က မေးမြန်းလိုက်၏။
“ဟမ်”
ရောရုဝပြည်၏ အရှင်သည် အသာလှည့်လိုက်၏။ သူသည် တစ်ဖက်လူကို လှမ်းကာ ကြည့်ရှုရင်း ရယ်မောလိုက်သည်။ “ဒီနေ့ကစပြီး မြေအင်မော်တယ်လောကဆိုတာ မရှိတော့ဘူး”
သူ၏ မျက်လုံးထဲတွင် မြေအင်မော်တယ်လောကဆိုသည်မှာ ဘာမှ မဟုတ်လှချေ။ သတိအပြည့်နှင့် ပြုမူဆက်ဆံ ရမည့်အရာမျိုးလည်း မဟုတ်ချေ။ ကောင်းကင်မူလလောကကြီးရှိ ကောင်းကင်လျှို့ဝှက်နန်းဆောင်သည်သာလျှင် သူ ထွင်းဖောက်ကြည့်ရှု၍မရသည့် အထူးတည်နေရာအဖြစ် ရှိ၏။ လောကကြီးထဲတွင် ထူးခြားသည့် တည်နေရာ တစ်ခုတည်းသာလျှင် ရှိ၏။ ပြောရမည်ဆိုလျှင် ဤလောကကြီးသည် ဆိုးရွားလှသည်ဟု သတ်မှတ်ရမှာဖြစ်၏။
ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည် ထူးချွန်လှသည် ဆိုသော်လည်း ရောရုဝပြည်အရှင်နှင့် မည်သို့မှ နှိုင်းယှဉ်နိုင်လိမ့်မည် မဟုတ်ချေ။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည် အခြေအနေကို ရှင်းရှင်းလင်းလင်း မြင်ရသည်ဆိုပါက ကျိန်းသေပေါက် ရောရုဝပြည်၏ အောက်သို့ လာရောက် အညံ့ခံရပေလိမ့်မည်။ မဟုတ်ပါက ကောင်းကင်လျှို့ဝှက်နန်းဆောင်အတွက် လမ်းတစ်လမ်းသာလျှင်ရှိ၏။ ထိုအရာသည် ဖျက်ဆီးခံရခြင်းသာလျှင် ဖြစ်၏။ မည်သို့ပင်ဆိုဆို သေဆုံးသွားခဲ့လျှင်တောင်မှ ရောရုဝပြည်အတွက် အလုပ်အကြွေး ပြုလုပ်ရမှာ ဖြစ်၏။
ရောရုဝပြည်အရှင်၏ စကားကို ကြားရသည့်အချိန်မှာတော့ ရောရုဝပြည်မှ သက်ရှိများ အားလုံးတို့သည် ပျော်ရွှင်သွားကြသည်။ ၎င်းတို့အရှင်သည် မြေအင်မော်တယ်လောကကြီးကို တစ်ခါတည်း လှုပ်ရှား တိုက်ခိုက်တော့မည် ဖြစ်ကြောင်း သိရှိလိုက်ကြရသည်။
အစစ်အမှန်ပင် ခဏလောက် ကြာပြီးသည့်နောက် ရောရုဝပြည်၏ အရှင်သည် အမိန့်ထုတ်ပြန်လိုက်၏။
“ရောရုဝပြည်ရဲ့ တပ်သားအားလုံးကို ခေါ်ပြီးတော့ ဒီလောကကြီးရဲ့ အညံ့မခံတဲ့လူတွေအားလုံးကို သုတ်သင်ပစ်လိုက်။ ဒီလောကကြီးရဲ ငြိမ်းချမ်းမှုအတွက် ငါက ဒီနေရာမှာ ပြန်လည်မွေးဖွားခြင်း လမ်းခြောက်သွယ်ကို တည်ထောင်မယ်။ အနာဂတ်မှာ ဒီလောကကြီးက နာမည်တစ်ခုပဲ ရှိလိမ့်မယ်။ အဲတာက ရောရုဝပြည်ပဲ။ ရောရုဝပြည်က ဝိညာဉ်အားလုံးရဲ့ အဆုံးသတ်ရာ တည်နေရာဖြစ်ပြီး လောကအသီးသီး မှာရှိတဲ့ ဝိညာဉ်အားလုံးရဲ့ လမ်းညွှန်ပြသရာလည်း ဖြစ်လိမ့်မယ်”