အခန်း (၅၃၇)
Vol. 36 Ch. 537
ဘုန်း
ကျယ်လောင်လှသည့် အသံကြီး တစ်ခုလုံးသည် ကောင်းကင်နှင့်မြေပြင် တစ်ခုလုံးတွင် ပဲ့တင်ထပ် လာခဲ့၏။ နက်နဲအလင်းလောကကြီးဆီမှ ရေတွက်၍မရအောင် များပြားလှသည့် လောကသားများသည် ကောင်းကင်ယံဆီသို့ ပျံသန်းလာခဲ့ကြ၏။ ၎င်းတို့၏ ခန္ဓာကိုယ် တစ်ခုလုံးသည် အမဲရောင်မြူများ ရစ်သိုင်းလျက် ရှိနေကြ၏။
ချက်ချင်းဆိုသလိုပဲ မိုင်သန်းနှင့်ချီသည့် တည်နေရာတစ်ခုလုံးသည် ၎င်းတို့နှင့် ပြည့်နှက်သွားခဲ့၏။ အခြေအနေသည် ရေကာတာကြီး ကျိုးပေါက်သွားခဲ့သောကြောင့် ထွက်ပေါ်လာသည့် ရေများကဲ့သို့ပင်။
အဝေးမှ လှမ်းကာ ကြည့်ရှုရမည်ဆိုလျှင် ကောင်းကင်နှင့် မြေပြင်တစ်ခုလုံး၌ ရောရုဝပြည်သားများနှင့် ပြည့်နှက်လျက် ရှိ၏။ ၎င်းတို့သည် လှံများကို ကိုင်ဆွဲထားခဲ့ကြပြီး အေးစက်သည့် ချပ်ဝတ်များကိုလည်း ဝတ်ဆင် ထားခဲ့ကြ၏။ ကြည့်ရှုလိုက်သည်နှင့် ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အသွင်သဏ္ဍာန်မျိုးပင်။ အနားသို့ ချဉ်းကပ်လိုက်သည် ဆိုပါက လုံးဝ ဖိနှိပ်နိုင်စွမ်း ရှိနေသည့် ဖိအားဒဏ်များကို ကြုံရမှာ သေချာသည်။
လက်ရှိ အခြေအနေမှာတော့ အင်ပါယာများပင်လျှင် မကောင်းသည့် ခံစားချက်များကို ရရှိနေ၏။ ၎င်းတို့၏ ခန္ဓာကိုယ် တစ်ခုလုံး၌ ကြောက်လန့်မှုများနှင့် ပြည့်နှက်သွားခဲ့ကြသည်။ မြေအင်မော်တယ်လောကကြီးမှ ထွက်ပြေးချင်စိတ်များပင် ပေါက်လို့ နေကြ၏။
ဝုန်း ဝုန်း ...။
ထိုအချိန်မှာတော့ တောင်တစ်ခုကဲ့သို့ ကြီးမားလှသည့် ကင်းခြေများကြီးတစ်ကောင်က ထွက်ပေါ်လာခဲ့လေ၏။ ၎င်း၏ ခန္ဓာကိုယ်သည် မိုင်ရာနှင့်ချီကာ ရှည်လျားပြီး ကြီးမားလှသည့် နဂါးကြီး တစ်ကောင်ကဲ့သို့ပင် တွန့်လိမ်လျက် ရှိနေ၏။ ၎င်းသည် လောကထဲရှိ တောင်များအားလုံးကို ပျက်စီးစေခဲ့၏။ ကြောက်မက်ဖွယ်ရာ ကောင်းသည့် သွေးအော်ရာများသည် ၎င်း၏ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်လျက် ရှိနေပြီး တည်နေရာတစ်ခုလုံးကို ပျံ့နှံ့စေခဲ့သည်။
ဤအရာသည် တော်ဝင်သူတော်စင်အဆင့် သားရဲရိုင်းတစ်ကောင်ဖြစ်ပြီး အသက်တမျှ အရေးကြီးလှသည့် အန္တရာယ်ကို အာရုံခံမိသောကြောင့် မြေအင်မော်တယ်လောကကြီးတွင် ဆက်လက် နေထိုင်ချင်စိတ် မရှိတော့ချေ။ ထို့ကြောင့် အသည်းအသန် ထွက်ပြေးခြင်းဖြစ်၏။
သို့ပေမဲ့ ၎င်းပေါ်ပေါက်လာသည်နှင့် တပြိုင်နက် ကောင်းကင်ယံ၌ လှံတစ်ချောင်း ပေါ်ပေါက်လာခဲ့ပြီး တိမ်များကိုပင် ထိုးခွင်းကာ ၎င်း၏ ခန္ဓာကိုယ်ထဲသို့ စိုက်ဝင်သွား၏။ ၎င်းသည် အတင်း ကြိုးစားရုန်းကန်သည် ဆိုသော်လည်း ထိုလှံကြီး၏ ဖိနှိပ်မှုအောက်ဆီမှ မလွတ်မြောက်နိုင်ခဲ့ချေ။
ဘန်း
မြေပြင်တစ်ခုလုံး တုန်ခါလျက်ရှိနေပြီး အဆုံးအစမဲ့ စွမ်းအင်များ ထွက်ပေါ်နေသည့် ကင်းခြေများကြီးသည် သွေးမြူများအဖြစ်သို့ ပြောင်းလဲကာဖြင့် မျက်စိတမှိတ်အတွင်း ပျောက်ကွယ်သွားခဲ့၏။ တော်ဝင်သူတော်စင် အဆင့် ကြမ်းတမ်းလှသည့် သားရဲရိုင်းကြီးပင်လျှင် အလုံးစုံ သုတ်သင်ရှင်းလင်းခြင်းကို ခံရ၏။ ဤကဲ့သို့သော သုတ်သင်ရှင်းလင်းလိုက်သည့် အချိန်ကာလသည် မျက်စိတမှိတ်အတွင်းပင်ဖြစ်၏။ ရောရုဝပြည်သည် ၎င်းတို့၏ လုပ်နိုင်စွမ်းအားကို အလုံးစုံ ထုတ်ဖော်ပြသလျက် ရှိနေ၏။
မြေအင်မော်တယ်လောကကြီးထဲတွင် တည်ရှိနေသည့် သတ္တဝါများသည် ထိုမြင်ကွင်းကို မြင်ရသည့် အချိန်မှာတော့ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားခဲ့ကြ၏။ ၎င်းတို့သည် ရေခဲချောက်နက်ကြီးထဲသို့ ကျဆင်းသွားသကဲ့သို့ပင်။ ထွက်ပြေးချင်သည် ဆိုသော်လည်း ရောရုဝပြည်မှ လက်ရွေးစင်တပ်ဖွဲ့များ ရောက်ရှိလာသည့် နှုန်းသည် အလွန်ပင် မြန်ဆန်လွန်းလှ၏။ ထို့ကြောင့် ၎င်းတို့သည် သတ်ဖြတ်ခံရမှုကို စောင့်မျှော်နေရသလိုပင်။
နေ့ဝက်အတွင်းမှာပဲ မြေအင်မော်တယ်လောကကြီး တစ်ခုလုံးသည် ဇောက်ထိုးမိုးမျှော် ဖြစ်လို့နေခဲ့၏။ နက်နဲအလင်းလောက ဆီမှ ရောက်ရှိလာခဲ့သော ရောရုဝပြည် တပ်ဖွဲ့သားများ၏ လက်ထဲသို့ မိုင်သောင်းနှင့်ချီသည့် အကွာအဝေး တစ်ခုလုံး ပေးအပ်လိုက်ရပြီဖြစ်၏။ ဤတိုက်ပွဲသည် တကယ်ပင် မြန်ဆန်လွန်းလှသည်။
ခရမ်းရောင်နက်နဲလောကကြီးနှင့် တိုက်ခိုက်မှုကြောင့် ဖြစ်တည်လာခဲ့သည့် လွှမ်းမိုးမှုများထက်ပင် ပိုမိုကာ မြန်ဆန်လွန်းနေခဲ့၏။ ဤနှုန်းအတိုင်းဆိုလျှင် မြေအင်မော်တယ်လောကကြီး တစ်ခုလုံး ပျက်စီးသွားဖို့ ဆိုသည်မှာ သုံးရက်ထက် မကြာနိုင်ချေ။
“သွားပြီပဲ” သူတော်စင်တစ်ယောက်က တီးတိုးရေရွတ်လိုက်၏။
နက်နဲအလင်းလောကကြီးသည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။ အန္တိမလမ်းစဉ် အဆင့်သို့ ရောက်ရှိ ခဲ့သော စီနီယာ တစ်ယောက်ပင်လျှင် ကောင်းကောင်း မခုခံနိုင်ခဲ့ချေ။ ၎င်းသည် ကောင်းကင်မူလလောကကြီး တည်ရှိရာနေရာဆီသို့ ထွက်ပြေးသွားရ၏။ ကျန်သော စွမ်းအားမြင့်ကျင့်ကြံသူများဆိုလျှင် စကားထဲ ထည့်ပြောရသည့်အရာမျိုး မဟုတ်တော့ချေ။ နက်နဲအလင်းလောကကြီး၏ တိုက်ခိုက်မှုကို မည်သူ ခုခံတော့မည်နည်း။
ခရမ်းရောင်နက်နဲလောကကြီးကို သူတို့တိုက်ခိုက်ခဲ့စဉ်က ခရမ်းရောင်နက်နဲလောကကြီးသည် ရွေးချယ်စရာ တစ်ခု ရှိခဲ့၏။ ထို့ကြောင့်ပင် ခရမ်းရောင်နက်နဲလောကကြီးသည် သူတို့အား ကောင်းကောင်းမွန်မွန် ပြန်လည်ကာ တိုက်ခိုက်နိုင်ခဲ့၏။
သို့ပေမဲ့ သူတို့ထက် အားကောင်းသည့် နက်နဲအလင်းလောကြီးနှင့် သူတို့ရင်ဆိုင်ရချိန်မှာတော့ ဘာတစ်ခုမှ ပြန်လည်ကာ တုံ့ပြန်နိုင်စွမ်း မရှိခဲ့ချေ။
“စီနီယာနန်းဆောင်သခင်... ကျုပ်တို့ မြေအင်မော်တယ်လောကကြီးကို တကယ်ပဲ စွန့်ပစ်တော့မှာလား”
အင်ပါယာ တစ်ယောက်သည် ကောင်းကင်မူလလောကကြီး ရှိရာတည်နေရာသို့ လှမ်းကာ ကြည့်ရှုလိုက်၏။ သို့ပေမဲ့ လက်ရှိ အခြေအနေမှာတော့ ကောင်းကင်မူလလောကကြီးသည်လည်း ခြောက်ချားဖွယ်ရာ တိတ်ဆိတ်လို့နေခဲ့၏။ မည်သည့် လှုပ်ရှားမှု အရိပ်အယောင်ကိုမှ မမြင်ခဲ့ရချေ။
စီနီယာနန်းဆောင်သခင်၏ အရည်အသွေးကို ကြည့်ရှုရမည်ဆိုလျှင် ၎င်းအနေနှင့် မြေအင်မော်တယ် လောကကြီးတွင် ဖြစ်တည်နေသည့် အကြောင်းအရာများကို မသိဆိုသည်မှာ မဖြစ်နိုင်ချေ။ ဤကဲ့သို့ သူတို့ ဒုက္ခရောက်နေခြင်းသည် စီနီယာနန်းဆောင်သခင် လက်သင့်ခံထားသောကြောင့်ပင် ဖြစ်ရပေမည်။
“သွားကြရအောင်။ မြေအင်မော်တယ်လောကကနေ ခွာပြီးတော့ ခရမ်းရောင်နက်နဲလောကကို သွားရမယ်” ဂိုဏ်းချုပ်အိုကြီး တစ်ယောက်သည် နှမျောတသစွာဖြင့် ပြောလိုက်၏။ သူ့အနေနှင့် အလွန် မြင့်မားလှသည့် ရာထူးရာခံအဆင့်တွင် နေထိုင်ခဲ့သည်ဆိုသော်လည်း လက်ရှိအခြေအနေတွင် မြေအင်မော်တယ်လောကကို စွန့်ခွာကာဖြင့် တခြားသို့ ထွက်ခွာရပေတော့မည်။
ခရမ်းရောင်နက်နဲလောကကြီးသည်လည်း ငြိမ်းချမ်းမှုရှိလှသည်တော့ မဟုတ်ချေ။ သက်ရှိသတ္တဝါပေါင်း များစွာတို့၏ ဝန်းရံသတ်ဖြတ်ခြင်းကို ခံနေရ၏။ သို့ပေမဲ့ မြေအင်မော်တယ်လောကကြီးနှင့် နှိုင်းယှဉ်လျှင် လုံခြုံသည်ဟူ၍တော့ ပြောဆိုနိုင်၏။
နက်နဲအလင်းလောကကြီးနှင့် ပေါင်းစပ်ချိန်တွင် မြေအင်မော်တယ်လောကကြီးသည် ပထမဦးဆုံး ပေါ်ပေါက်လာသည့် အဟန့်အတားကြီးတစ်ခုကဲ့သို့ ဖြစ်သောကြောင့် တစ်ဖက်လူများသည် သူတို့ကို မည်သို့မှ ခုခံနိုင်ခြင်းမရှိအောင် တရပ်စပ် ဖိနှိပ်တိုက်ခိုက်နေခြင်းဖြစ်၏။ အန္တိမအဆင့် စွမ်းအားမြင့်ကျင့်ကြံသူပင်လျှင် မခုခံ နိုင်ခဲ့တော့ချေ။
ဤအတောအတွင်း ခရမ်းရောင်နက်နဲလောကနှင့် ကောင်းကင်မူလလောကကြီးကြား နယ်စပ်တည်နေရာ တွင်တော့ ပုံရိပ်ယောင်တစ်ခုသည် တဖြည်းဖြည်းချင်း အကောင်အထည် ဖြစ်ပေါ်လာခဲ့၏။ ၎င်းသည် အလင်းတန်း တစ်ခုအသွင်ပြောင်းကာ အရှေ့ဆီသို့ လှမ်းတက်လိုက်၏။
ထိုသူသည် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိနေပြီဖြစ်သော တိုင်ချူးမှလွဲလျှင် တခြားမဟုတ်ချေ။ သို့ပေမဲ့ ဓားကျင့်ကြံသူ တစ်ယောက်ဖြစ်သောကြောင့် သူ၏ အမြန်နှုန်းသည် အလွန်ပင် မြန်ဆန်လွန်းလှ၏။ နက်နဲအလင်း လောကဆီမှ စွမ်းအားမြင့် ကျင့်ကြံသူများသည် သူ၏အနောက်မှ လိုက်ပါလာသည် ဆိုလျှင်တောင် ခပ်ဝေးဝေး၌ ပြတ်ကျန်ခဲ့သည်။
“တိုင်ချူး... ဒီအချိန်အထိ ဘယ်နေရာကို ပြေးအုံးမှာလဲ” တစ်စုံတစ်ယောက်က နှာခေါင်းရှုံ့လိုက်၏။
ထိုလိုက်ပါလာခဲ့သည့်လူသည် ရောရုဝပြည်၏ သက်ရှိသတ္တဝါများထဲမှ တစ်ယောက်ပင် ဖြစ်၏။ ၎င်း၏ ဟန်ပန် အမူအရာသည် ခန့်ညားထည်ဝါလွန်းလှပြီး ၎င်း၏ ခေါင်းထက်တွင် ရှေးစေတီကြီး တစ်ခုက လွင့်မျောနေခဲ့၏။ ထိုစေတီသည် နတ်ဘုရားအလင်းတန်းများကို ထုတ်လွှင့်လျက် ရှိနေ၏။ နတ်ဘုရားအလင်းတန်း တစ်မျှင် ချင်းစီတိုင်းသည် ကောင်းကင်နှင့်မြေပြင်တစ်ခုလုံး၌ ထိုးထွင်း ပေါ်ပေါက်လာခဲ့ပြီး ကြောက်မက်ဖွယ်ရာ ကောင်းသည့် ဖိအားဒဏ်ကို ပေးစွမ်းနေသည်။
သူ၏ ဘေးတစ်ဖက်တွင်တော့ အန္တိမကျင့်ကြံသူအဆင့် တခြားနှစ်ယောက်က လိုက်ပါလာခဲ့၏။ ထိုသူတို့သည် တိုင်ချူးအား လက်လွှတ်ပေးရန် ရည်ရွယ်ချက်မရှိချေ။ ဤတစ်ကြိမ် တိုင်ချူး လွတ်မြောက်သွားသည်ဆိုပါက ရောရုဝပြည်သည် ကျိန်းသေပေါက် ဂုဏ်သိက္ခာ ကျဆင်းပေလိမ့်မည်။
“နက်နဲအလင်းလောကကြီးကို ဆွဲခေါ်လာခဲ့တဲ့ စီနီယာနန်းဆောင်သခင်က ဒီလို မင်းတို့လုပ်ချင်တိုင်း လုပ်နေတဲ့ဟာကို ခွင့်လွတ်ပေးလိမ့်မယ် ထင်လို့လား။ မှတ်ထား... လူယုတ်မာတွေ အကုန်လုံးက နောက်ဆုံးမှာ ပျောက်ကွယ်သွားရမှာပဲ” တိုင်ချူးသည် အေးစက်စက်အသံနှင့် ပြန်လည်ကာ ပြောဆိုလိုက်၏။
“ဪ”
စောဏတုန်းက ပြောဆိုခဲ့သည့်လူသည် မျက်ခုံးကိုပင့်ကာဖြင့် လှောင်ပြောင်လိုက်သည်။ “ဟုတ်ရဲ့လား နက်နဲအလင်းလောကကြီးက ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ရဲ့ ဆွဲခေါ်ခြင်းကို ခံခဲ့ရတာဆိုရင် ကျုပ်တို့အနေနဲ့ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ရဲ့ နည်းလမ်းတွေကိုတောင် ကြည့်လိုက်ချင်သေးတယ်။ ဒါပေမဲ့ မဟုတ်ရင်တော့ ....”
သူသည် ခဏလောက် ရပ်တန့်ပြီးနောက် ဆက်လက်ကာ ပြောလိုက်၏။ “ကျုပ်တို့ ရောရုဝပြည်ကို ရက်စက်တယ်ဆိုပြီး အပြစ်မတင်နဲ့”
ပြောရမည်ဆိုလျှင် သူ့အနေနှင့် တိုင်ချူး၏ စကားလုံးများကို အပြည့်အဝ မယုံကြည်ချေ။ ထို့အပြင် မြေအင်မော်တယ်လောက (သို့မဟုတ်) ကောင်းကင်မူလလောက ဤလောကနှစ်ခု၏ အဆင့်အတန်းသည် တကယ်ကို ရှင်းလင်းလွန်းလှ၏။ ပေါင်းစပ်မှုကို ပြုလုပ်ပြီး ပိုမိုကာ ကြီးထွားလာသည် ဆိုလျှင်တောင်မှ နက်နဲအလင်းလောကကြီးနှင့် ယှဉ်ပြိုင်နိုင်လိမ့်မည် မဟုတ်ချေ။
ဤကဲ့သို့သော လောကရပ်မျိုးတွင် အန္တိမ ကျင့်ကြံသူအဆင့် စွမ်းအားမြင့်ကျင့်ကြံသူပင်လျှင် နေထိုင်ရန် စိန်ခေါ်မှု ဖြစ်ပေလိမ့်မည်။ အဘယ့်ကြောင့် အင်မော်တယ်ဘုရင်ကဲ့သို့သော စွမ်းအားမြင့်ကျင့်ကြံသူက နေထိုင်နိုင်မည်နည်း။
တိုင်ချူးအနေနှင့် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်အကြောင်းကို ထုတ်ဖော်ကာ ပြောဆိုခဲ့ခြင်း ဆိုသည်မှာ သူတို့အား အာရုံလွှဲပြောင်းစေရန် ပြောဆိုခဲ့ခြင်းသာ ဖြစ်ပေလိမ့်မည်။ သူတို့သာ ကြောက်လန့်သွားသည်ဆိုပါက ကျိန်းသေပေါက် တစ်ဖက်လူသည် အခွင့်အရေးကောင်းကို ရရှိပေလိမ့်မည်။
“အင်း... ခင်ဗျားတို့ ဒီနေ့လုပ်ခဲ့တဲ့ အကြောင်းအရာတွေက မနှေးနဲ့မမြန်ဆိုသလိုပဲ နောင်တရမဲ့ကိစ္စပဲ” တိုင်ချူးသည် အသက်ကို ပြင်းပြင်းရှူပြီးသည့်နောက် လေးလေးနက်နက် ပြောလိုက်၏။
“ဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့ ခင်ဗျား စိတ်ပူနေဖို့ မလိုပါဘူး” ထိုသူသည် အေးစက်စက်နှင့် ပြန်လည်ကာ ပြောဆိုလိုက်၏။ ပြီးတော့ သူသည် လက်တစ်ဖက်ကို လှုပ်ရှားလိုက်သည်။
ကောင်းကင်ယံ တစ်ခုလုံးကွဲအက်သွားခဲ့ပြီးသည့်နောက် ရိုက်ချက်တစ်ခုသည်လည်း သန်းနှင့်ချီသော အကွာအဝေး တစ်ခုလုံးသည် ပျက်စီးသွားခဲ့၏။ သူသည် လျှို့ဝှက်နည်းစနစ်တစ်ခုကို ထုတ်ဖော်ကာ အသုံးပြုခဲ့ခြင်းပင်ဖြစ်၏။ ချက်ချင်းဆိုသလိုပဲ တိုင်ချူး၏ရှေ့ဆီသို့ ရောက်ရှိလာလေသည်။
ဘုန်း
တိုင်ချူးသည် ခုခံရန် ကြိုးစားခဲ့၏။ စွမ်းအားမြင့်ကျင့်ကြံသူ နှစ်ယောက်သည် ကောင်းကင်ယံဆီသို့ ပျံသန်းလာခဲ့ပြီးသည့်နောက် ကြီးမားလှသည့် တိုက်ပွဲကြီးကို တိုက်ခိုက်ကြတော့သည်။ ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် လှိုင်းအဟုန်များသည် ကောင်းကင်မူလလောကကြီးသို့ ပျံ့နှံ့သွားခဲ့ပြီး သက်ရှိသတ္တဝါ အားလုံးတို့သည် ၎င်းတို့၏နှလုံးသားများကို တူနှင့်ထုနှက်လိုက်သလိုပင် ခံစားနေမိကြ၏။ ကြောက်မက် ဖွယ်ရာကောင်းလွန်းလှ၏။ ၎င်းတို့၏ တည်နေရာအပြင်ဘက်တွင် တိုက်ပွဲတစ်ခု ဖြစ်ပွားနေသည်ဆိုသော်လည်း ကျိန်းသေပေါက် လောကကြီးတစ်ခုလုံးကို သက်ရောက်လာခဲ့တော့၏။
“ကောင်းကင်မူလလောကကြီးထဲကို ဘယ်လိုဖြစ်ပြီး မြန်မြန်ဆန်ဆန်နဲ့ ရောက်လာကြတာလဲ” ရွှေကျီးကန်း ကလန်၏ဘိုးဘေးသည် ကောင်းကင်ယံထက်ကို မော့ကြည့်လိုက်၏။ ၎င်း၏ အတွေ့အကြုံ ရင့်ကျက်လွန်းလှသော မျက်လုံးများသည် လေးနက်တည်ကြည်လျက် ရှိနေသည်။
မကြာသေးခင်က သူသည် ကလန်၏ အစီအရင်တစ်ခုကို အသုံးပြုပြီးသည့်နောက် ၎င်းတို့၏ ဘိုးဘေးနယ်မြေဆီမှ ပြန်လည်ရှင်သန်လာခဲ့သည့် ဘိုးဘေးကြီးကို အစီအရင်ထဲ ပို့လွှတ်ကာ ထိန်းသိမ်းခဲ့ရ၏။ သို့ပေမဲ့ ရက်အနည်းငယ် ကြာမြင့်ခဲ့သည်ဆိုသော်လည်း ကောင်းကင်မူလလောကကြီးသည် မတည်ငြိမ်သေးချေ။
ယခုကြောက်မက်ဖွယ်ရာကောင်းသည့် စွမ်းအားမြင့်ကျင့်ကြံသူများ ရောက်ရှိလာခဲ့ပြီး အပြင်ဘက်တွင် တိုက်ခိုက်လျက် ရှိနေ၏။ သံသယရှိစရာမလိုပါဘဲ ကောင်းကင်မူလလောကကြီး၏ သက်ရှိသတ္တဝါများ အားလုံးကို သေတွင်းသို့ ဆွဲပို့နေခြင်းနှင့်ပင်။