အခန်း (၅၃၈)
Vol. 36 Ch. 538
ကောင်းကင်မူလလောကကြီး၏ တည်နေရာအစပ်ထဲမှာတော့ စွမ်းအားမြင့်ကျင့်ကြံသူနှစ်ယောက်သည် ဆက်တိုက် ဆိုသလိုပဲ တိုက်ခိုက်နေကြ၏။ ၎င်းတို့၏ အင်မော်တယ်အော်ရာများသည် လောကကြီးတစ်ခုလုံး ကို ပျံ့နှံ့လျက် ရှိနေပြီး လူပေါင်းများစွာတို့၏ ကျောရိုးမကြီးများကို စိမ့်တက်စေခဲ့၏။ မြေအင်မော်တယ် လောကမှ သက်ရှိသတ္တဝါများပင်လျှင် ၎င်းတို့၏ စွမ်းအင်ကို မခံနိုင်ခဲ့ကြချေ။ ကောင်းကင်မူလလောကကြီး ဆီမှ လူများဆိုလျှင် ဝေးလာဝေးပင်။
နေ့ဝက်လောက် ကြာပြီးသည်နောက်မှာတော့ ကောင်းကင်ယံထက်ဆီမှ စွမ်းအားမြင့် ကျင့်ကြံသူ တစ်ယောက်က ပြုတ်ကျလာ၏။ ၎င်းသည် တော်ဝင်သဲကန္တာရမြို့နှင့် မနီးမဝေးသို့ ပြုတ်ကျလာခြင်း ဖြစ်သည်။
ထိုသူသည် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိထားပြီး သွေးများအလိမ်းလိမ်းနှင့် ဖြစ်နေသော တိုင်ချူးပင် ဖြစ်၏။ ၎င်း၏ ဒဏ်ရာများသည် ပိုမိုကာပြင်းထန်လာခဲ့သည်။ ၎င်း၏လက်တစ်ဖက်သည် အစိတ်စိတ်အပိုင်းပိုင်း ဖြစ်လို့နေပြီး ထိုနေရာဆီမှ သွေးများတတောက်တောက်နှင့် ကျဆင်းနေ၏။ လေထုတစ်ခုလုံးတွင်လည်း ညှီစို့စို့ သွေးနံ့များနှင့် ပြည့်နှက်နေ၏။
တော်ဝင်သဲကန္တာရမြို့တွင် ရှိနေသည့် လူပေါင်းများစွာတို့သည် ထိုမြင်ကွင်းကို မြင်နေရ၏။ လူတစ်ယောက်ချင်းစီတိုင်းသည် မည်သို့မျှ မနေနိုင်ဘဲ မျက်လုံးကိုပင် စုံမှိတ်လိုက်မိကြ၏။ ဖြစ်ပေါ်လာသည့် မြင်ကွင်းကို သူတို့ ဆက်လက်ကာ မကြည့်ရှုရဲချေ။
“တိုင်ချူး... ခင်ဗျားရဲ့လမ်းက အဆုံးသတ်နေပြီ။ ရောရုဝပြည်က တစ်စုံတစ်ယောက်ကို သတ်ချင်တယ်ဆိုရင် ဘယ်သူမှ လွတ်မြောက်မှာ မဟုတ်ဘူး။ အင်မော်တယ်ဘုရင် ဒီနေ့ရောက်လာမယ်ဆိုရင်တောင်မှ သူ့အနေနဲ့ ခင်ဗျားကို ကယ်တင်နိုင်မှာ မဟုတ်ဘူး”
လေဟာနယ်ထဲတွင်တော့ များပြားလှသည့် စွမ်းအားမြင့်ကျင့်ကြံသူများသည် တစ်ယောက်ပြီးတစ်ယောက် ပေါ်ပေါက်လာခဲ့ကြ၏။ ၎င်းတို့သည် တည်ငြိမ်ပြီး ယုံကြည်ချက် ပြင်းထန်လှသည့် ဟန်ပန်အမူအယာများကို ထုတ်ဖော်နေ၏။
တိုင်ချူးသည် ဆိုးဆိုးရွားရွားအခြေအနေသို့ ရောက်ရှိနေသည်ဖြစ်ပြီး သံသယရှိစရာမလိုအောင်ပင် အောက်စည်းသို့ ရောက်ရှိနေ၏။ တကယ်တမ်း သူတို့သည်သာ လှုပ်ရှားတိုက်ခိုက်မည်ဆိုလျှင် တိုင်ချူးသည် ကျိန်းသေပေါက် သေဆုံးရပေတော့မည်။
“ဟမ့်” တိုင်ချူးသည် မနည်းဖျစ်ညှစ်ကာ ပြုံးလိုက်၏။ သူသည် မည်သည့်စကားကိုမှ မဆိုချေ။
“ဒါဆိုရင်လည်း အဆုံးသတ်လိုက်ကြတာပေါ့” ခေါင်းဆောင်သည် လက်ကိုမြှောက်လိုက်၏။ သူသည် ကောင်းကင်ယံ၌ လက်ကြီးတစ်ဖက်ကို ဖန်တီးကာဖြင့် အောက်သို့ ရိုက်ချလိုက်၏။
သို့ပေမဲ့ တိုက်ခိုက်ရန် ပြင်လိုက်ချိန်မှာပဲ ရုတ်တရက် ရွှေရောင်အလင်းတန်းများ ထွန်းတောက်လာခဲ့ပြီး ထိုအလင်းတန်းမျာသည် တော်ဝင်သဲကန္တာရမြို့ဆီမှ ပျံသန်းထွက်ခွာလာခဲ့၏။
ထိုအလင်းတန်းသည် တိုင်ချူး၏ ရှေ့တွင်မတ်မတ်ရပ်လျက်ရှိနေပြီး တိုင်ချူးကို ကူညီကာ ဆွဲမထား၏။ အသစ် ရောက်ရှိလာခဲ့သူသည် ရွှေရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် သက်လတ်ပိုင်းလူတစ်ယောက်ဖြစ်ပြီး တောက်ပသည့် အလင်းတန်းများကို ထုတ်ဖော်နေ၏။ ၎င်းသည် အားကောင်းလွန်းလှသည့် အော်ရာများကို ထုတ်ဖော်လျက်ရှိနေပြီး ပူပြင်းတောက်ပလျက်ရှိနေသော နေလုံးကြီးတစ်လုံးကဲ့သို့ပင်။
တခြားသော တည်နေရာများတွင် ၎င်းသည် ခန့်မှန်း၍ မရနိုင်အောင် အားကောင်းသည့် စွမ်းအားမြင့် ကျင့်ကြံသူအဖြစ် သတ်မှတ်ရမှာဖြစ်သော်လည်း ရောရုဝမှ အဖွဲ့သားများ၏ မျက်လုံးထဲတွင်တော့ ပုရွက်ဆိတ်တစ်ကောင်နှင့် ခြားနားခြင်း မရှိချေ။
“စိတ်ဝင်စားစရာပဲ”
ခေါင်းဆောင်က နှာခေါင်းရှုံ့ကာဖြင့် ထူးမခြားနားသလို ပြောလိုက်၏။ “သာမန် သူတော်စင်လေးတစ်ယောက်က ရောရုဝသားတွေနားကို ချဉ်းကပ်လာရဲတယ်ပေါ့”
“ဒါ တော်ဝင်သဲကန္တာရမြို့လေ။ ခင်ဗျားတို့ အဆင်အခြင်မဲ့ ပြုလုပ်လို့ရတဲ့နေရာ မဟုတ်ဘူး”
အသစ် ရောက်ရှိလာသူသည် ၎င်းတို့၏ ဘိုးဘေးအမိန့်ဖြင့် တော်ဝင်သဲကန္တာရမြို့ထဲသို့ ရောက်ရှိလာခဲ့ပြီဖြစ်သော ရွှေကျီးကန်းကလန်၏ ခေါင်းဆောင်မှလွဲလျှင် တခြားသူမဟုတ်ချေ။ ၎င်းသည် ကောင်းကင်လျှို့ဝှက် နန်းဆောင်ဆီသို့ ရောက်ရှိလာပြီးသည့်နောက် နန်းဆောင်သခင်ဆီမှ တိုင်ချူးကို ပြန်လည်ခေါ်ဆောင်လာရန် အမိန့်ကိုရရှိခဲ့သည်။
တခြားသော တစ်စုံတစ်ယောက်မှ ထိုကဲ့သို့ပြုလုပ်ရန် ခိုင်းစေသည်ဆိုပါက သူ့အနေနှင့် ပြုလုပ်ရဲလိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ နန်းဆောင်သခင် နောက်ခံရှိသောကြောင့် သူ၏ ယုံကြည်ချက်သည် မိုးကဲ့သို့ပင် မြင့်မားနေသည်။ များပြားလွန်းသည့် အန္တိမအဆင့်စွမ်းအားမြင့်ကျင့်ကြံသူများနှင့် ရင်ဆိုင်ရသည့် အချိန်မျိုးတွင်ပင် သူသည် ယုံကြည်ချက်ရှိရှိနှင့် တည်ငြိမ်လို့နေ၏။
“တော်ဝင်သဲကန္တာရမြို့ ဟုတ်လား”
ရောရုဝပြည်မှ အဖွဲ့သားများအားလုံးသည် တစ်ယောက်နှင့် တစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်မိကြ၏။ သူတို့ ဤနေရာသို့ ရောက်ရှိသည့်အချိန်တွင် ကောင်းကင်မူလလောကကြီး၏ သတင်းအချက်အလက်များကို စစ်ဆေးခဲ့၏။
ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင် အကြောင်းသည် သူတို့၏နားအောက်မှ မလွတ်မြောက်ခဲ့ချေ။ သို့ပေမဲ့ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်၏ အားအင်အဆင့်ကို သူတို့ မခန့်မှန်းနိုင်ချေ။ အနည်းဆုံး လက်ရှိ တော်ဝင်သဲကန္တာရမြို့တွင် ကြောက်စရာကောင်းသည့် အော်ရာမျိုး ထွက်ပေါ်မနေသည်ကိုသာ သူတို့သိသည်။ ၎င်းတို့ ထွင်းထောက်ကြည့်ရှု၍ မရနိုင်သည့်အရာဟူ၍ နန်းဆောင်ကြီးတစ်ခုကသာလျှင်ရှိသည်။
ဆိုလိုသည်မှာ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်၏ အားအင်အဆင့်သည် ၎င်းတို့ထက် ပိုမိုကာ သာလွန်သည်ဟု အဓိပ္ပာယ် သက်ရောက်ခြင်း မရှိသလိုပင်။ ကြီးမားလှသည့် နောက်ခံကြီးသည် ၎င်းတို့ဘက်တွင် တည်ရှိနေကြောင်း တွေးတောပြီးနောက် ရောရုဝပြည်မှ အဖွဲ့သားများသည် မြန်မြန်ဆန်ဆန်ပဲ ၎င်းတို့၏ ယုံကြည်ချက်များကို ပြန်လည် ရရှိလာခဲ့ကြ၏။
ခေါင်းဆောင်သည် ရှေ့ဆီသို့ တစ်ချက်လှမ်းတက်ကာဖြင့် ထူးမခြားနားသလို ပြောလိုက်သည်။ “ဒီတော့ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်က ကိုယ်တိုင် ဝင်ပြီးရှုပ်ရဲတယ်ပေါ့။ သေချင်နေတာလား”
“ဟမ့်”
ကြောက်မက်ဖွယ်ရာ ကောင်းသည့် အော်ရာလှိုင်းများသည် တည်နေရာတစ်ခုလုံး၌ ဖြစ်တည် လာခဲ့၏။ ထိုအရာသည် ပေါက်ကွဲလုမတတ် ဖြစ်နေသည့် မီးတောင်ကြီးကဲ့သို့ပင်။ မိုင်သန်းနှင့်ချီသည့် အကွာအဝေး တစ်ခုလုံးရှိ မြေပြင်ကြီးသည် နစ်ဝင်သွားခဲ့၏။ တောင်များသည် ပြိုလဲသွားခဲ့၏။ လေဟာနယ်တစ်ခုလုံး၌ ပြင်းထန်သည့် မုန်တိုင်းကြီး ဖြစ်တည်လာခဲ့၏။ လောကကြီးတစ်ခုလုံး ပျက်စီးတော့မည် အသွင်အပြင် သဏ္ဍာန်မျိုးပင်။
တော်ဝင်သဲကန္တာရမြို့တွင်ရှိနေသည့် အကာအကွယ်အစီအရင်ကြီးပင်လျှင် လက်ရှိအခြေအနေ၌ အလုံးစုံ အသက်ဝင်သွားခဲ့၏။ များပြားလှသည့် သင်္ကေတများသည် လေထုထဲတွင် ထွန်းတောက်လျက် ရှိနေပြီး ရေတွက်၍ မရအောင် များပြားလှသည့် ကြယ်စင်စုများကဲ့သို့ပင် ကြည့်၍ကောင်းလွန်းလှ၏။
“စမ်းကြည့်လိုက်လေ”
ရွှေကျီးကန်းကလန်၏ ကလန်ခေါင်းဆောင်သည် တည်ငြိမ်စွာဖြင့် ပြောလိုက်၏။ သူသည် တိုင်ချူးကို ပခုံးပေါ်သို့ ထမ်းတင်လိုက်သည်။
“ကောင်းပြီ” ခေါင်းဆောင်သည် တော်ဝင်သဲကန္တာရမြို့ကို လှမ်းကာ ကြည့်ရှုလိုက်၏။ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်အနေနှင့် ဝင်ရောက်လှုပ်ရှားမည့် အရိပ်သဏ္ဍာန်မျိုးကို သူမမြင်ခဲ့ရချေ။ ထို့ကြောင့် ပိုမိုကာ ယုံကြည်ချက် ရှိလာ၏။ လက်ရှိအသွင်သဏ္ဍာန်ကို ကြည့်ရှုရမည်ဆိုလျှင် ကောင်းကင်လျှို့ဝှက်နန်းဆောင် သခင်သည် ကြောက်လန့်နေသည့်ပုံ ပေါ်၏။
ရန်သူက ကြောက်လန့်နေသည်ဆိုလျှင် သူက ဘာကို စိုးရွံ့ရတော့မည်နည်း။ လက်ကိုအသာမြှောက်ကာဖြင့် သူ၏ လက်ဝါးကြီးသည် ကောင်းကင်ယံထက်ဆီမှ အောက်သို့ကျဆင်းလာ၏။ ထိုလက်ဝါးရိုက်ချက်သည် အချိန်၏ မြစ်ရေစီးကြောင်းကို ပြောင်းပြန်လှည့်လိုက်သကဲ့သို့ပင်။
နက်နဲလွန်းသည့် အော်ရာများသည် ၎င်း၏ လက်ငါးချောင်းအထက်တွင် စုဝေးဖြစ်တည်လျက်ရှိနေပြီး အားလုံးသောသူတို့၏ နှလုံးသားထဲတွင် မည်သို့မှ ခုခံနိုင်စွမ်းမရှိသော စိတ်ခံစားချက်များ ဖြစ်တည်လာ ခဲ့၏။ ဤလက်ကြီးနှင့် နှိုင်းယှဉ်ရမည်ဆိုလျှင် ရွှေကျီးကန်းကလန်၏ခေါင်းဆောင်သည် ပုရွက်ဆိတ် တစ်ကောင် ကဲ့သို့ပင် အသွင်တူလှသည်။
ထိုလက်ဝါးကြီး ကျဆင်းလာခဲ့သည့် အချိန်မှာတော့ ကောင်းကင် လျှို့ဝှက်နန်းဆောင်၏ အတွင်းဆီမှ .....
ရွှမ်..
ကုချင်းသံတစ်ခုက ထွက်ပေါ်လာခဲ့၏။ တော်ဝင်တာအို၏ကြိုးများသည် ကောင်းကင်ယံထက်သို့ ပြည့်နှက် သွားသကဲ့သို့ပင်။ လေဟာနယ်ထဲတွင် ဓားအလင်းသုံးခုက အလိုအလျောက် ပေါ်ပေါက်လာခဲ့၏။ ထိုဓား အလင်းတန်းများသည် တောက်ပလွန်းလှ၏။ ထိုဓားအလင်းသုံးခု၏ အထဲတွင် ကြောက်မက်ဖွယ်ရာကောင်း လှသည့် စကြာဝဠာ၏ ဖန်တီးခြင်းနိယာမများ ပါဝင်လျက်ရှိနေ၏။
ကုချင်းသံသည် ကြောက်မက်ဖွယ်ရာကောင်းသည့် ဓားသမားတစ်ယောက်၏ ဓားတိုက်ကွက်များကို စတင်ကာ ဖော်ဆောင်တော့၏။ ကုချင်း၏အသံအဆုံးမှာတော့ လောကကြီးနှင့် ဓားသည် တသားတည်း ပေါင်းစပ် ဖြစ်တည်သွားခဲ့သည်။
လူပေါင်းများစွာတို့သည် ကြောင်အသွားခဲ့ကြလေ၏။ ကြောက်မက်ဖွယ်ရာကောင်းလှသည့် စွမ်းအင်လှိုင်း များသည် တည်နေရာတစ်ခုလုံး၌ ပြည့်နှက်နေကြောင်း ၎င်းတို့က မြင်လိုက်ရ၏။
ဓားအလင်း တစ်ခုချင်းစီတိုင်းသည် သုံးပေနီးပါးခန့်သာလျှင်ရှိ၏။ ထိုဓားအလင်းတန်းများဆီမှ ထွက်ပေါ်လာသည့် အော်ရာများသည် အန္တိမကျင့်ကြံသူအဆင့် စွမ်းအားမြင့်ကျင့်ကြံသူများပင်လျှင် ဒူးများခွေကျ လုမတတ် ဖြစ်ခဲ့ရသည်။
“ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်လား” ခေါင်းဆောင်သည် လန့်သွားခဲ့၏။ သူသည် သုံးပေခန့်ရှိသော ဓားများကို လှမ်းကာကြည့်၏။ သူ၏ ဝိညာဉ်တစ်ခုလုံးသည် တုန်ခါနေခဲ့၏။
“သူက ကျိန်းသေပေါက် သံသယရှိစရာ မလိုဘူး။ အင်မော်တယ်ဘုရင်ပဲ။ နက်နဲအလင်းလောကကြီးက သူ့ကြောင့် ပေါင်းစပ်ခံလိုက်ရတာပဲ၊ ဒီသတင်းကို အမြန်ဆုံး အထက်ပိုင်း အကြီးအကဲတွေဆီ ပို့ရမယ်” ခေါင်းဆောင်က အော်ဟစ်လိုက်၏။ သို့ပေမဲ့ သူဆုံးအောင် မပြောလိုက်ရချေ။ ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် ဓားတိုက်ခိုက်ချက်သုံးခု၏ အသံကထွက်ပေါ်လာခဲ့ပြီး တည်နေရာတစ်ခုလုံးကို အေးခဲသွားစေသည်။
ဓားအလင်းတန်းများသည် အလွန်တရာ ကြောက်မက်ဖွယ်ရာကောင်းလှသည်။ လေထုထဲတွင် ပျံသန်းလာရင်း ရုတ်တရက် ပျောက်ကွယ်သွားခဲ့၏။ ပြီးသည့်နောက် လှုပ်ရှားမှုကင်းမဲ့စွာ အေးခဲလျက်ရှိနေသည့် လူသုံးယောက်၏ ခန္ဓာကိုယ်အစိတ်အပိုင်းများသည် လေဟာနယ်ထဲမှ တဖုတ်ဖုတ်နှင့် အောက်သို့ ပြုတ်ကျသွားခဲ့ကြ၏။
၎င်းတို့၏ မျက်စိသူငယ်အိမ်များသည် ပြူးကျယ်လျက်၏။ ခေါင်းဆောင်နည်းတူ ယင်စိတ်ဝိညာဉ်ကို ပိုင်ဆိုင်သော နောက်လိုက်နှစ်ယောက်တို့သည် ချက်ချင်းဆိုသလိုပဲ သတ်ဖြတ်ခြင်းခံလိုက်ရ၏။ ၎င်းတို့၏ ဝိညာဉ်များပင်လျှင် သတ်ဖြတ်ခြင်းကို ခံလိုက်ရ၏။ ပြန်လည်အသက်ရှင်နိုင်ဖို့ ဆိုသည်မှာ မဖြစ်နိုင်တော့ချေ။
“ဒါက”
ရွှေကျီးကန်းကလန်၏ ဂိုဏ်းချုပ်ပခုံးပေါ်တွင် မှီလျက်ရှိနေသည့် တိုင်ချူးသည် မြင်ကွင်းကို လှမ်းကြည့်ပြီး မယုံကြည်နိုင်သလို ဖြစ်နေမိ၏။ ထိုလူသုံးယောက်တို့သည် သူ့ထက် မည်သို့မျှ အားမနည်းလှချေ။ သို့ပေမဲ့ ဤကဲ့သို့ သေဆုံးသွားခဲ့လေသည်လား။ မည်ကဲ့သို့သော ခုခံမှုကိုမှ မပြုလုပ်ရဘဲ သေဆုံးသွားခဲ့ခြင်းဖြစ်၏။
ပြောရမည်ဆိုလျှင် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည်သာ သူ့ကို သတ်ဖြတ်ချင်သည်ဆိုပါက အလွန်တရာ လွယ်ကူပေလိမ့်မည်။
ဤလူများသည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။ ထို့အပြင် ရောရုဝပြည်မှ လူများဖြစ်၏။ ၎င်းတို့သည် မသေဆုံးနိုင်သည့် အလောင်းကောင်များကဲ့သို့ ပြန်လည် ရှင်သန်နိုင်စွမ်းရှိ၏။ သို့ပေမဲ့ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည် ထိုသူတို့ကို သတ်ဖြတ်ပြီးသည့်နောက် ထိုသူတို့၌ ပြန်လည် ရှင်သန်လာမည့် အရိပ်သင်္ကေတမျိုး မတွေ့တော့ချေ။
“စီနီယာနန်းဆောင်သခင်.. ဘယ်လိုများ လုပ်လိုက်တာလဲ” တိုင်ချူးသည် အချိန်အတော်ကြာသည်အထိ သူ၏ခံစားချက်များကို မထိန်းချုပ်နိုင်ခဲ့ချေ။ ထို့အပြင် အတိတ်တုန်းက နက်နဲအလင်းလောကကြီးသည် ရောရုဝပြည်၏ မဖျက်ဆီးနိုင်သည့်စွမ်းအင်များအောက်တွင် အရှုံးပေးခဲ့ရခြင်းပင်ဖြစ်၏။
ကောင်းကင်ရဲ့ လျှို့ဝှက်ချက်တွေကို တွက်ချက်တဲ့နေရာမှာ စီနီယာက ကျွမ်းကျင်ရုံတင် မကဘူး။ ရောရုဝပြည်ရဲ့ အားနည်းချက်တွေကိုလည်း တွက်ချက်နိုင်ခဲ့တာလား။ ဒီလိုဆိုရင် စီနီယာနန်းဆောင်သခင်ရဲ့ အားအင်အဆင့်က အင်မော်တယ်ဘုရင်အဆင့်လောက် မရိုးရှင်းနိုင်ဘူး။ တိုင်ချူးသည် တိတ်တဆိတ် ကြိတ်ကာ တွက်ချက်လျက် ရှိနေသည်။