← Chapters

အခန်း (၁၂၆၁-၁၂၆၃)

Vol. 85 Ch. 1261-1263

အခန်း (၁၂၆၁-၁၂၆၃)

Vol. 85 Ch. 1261-1263

အခန်း(၁၂၆၁)

"စစ်ယွင်.. တပည့်အသစ်နာမည်က မုန့်ချင်းရွှယ်လား.. သူမရဲ့အခြေအနေက ဘယ်လိုရှိလဲ"

သူ၏ ရှေ့မှ ရိုးသားဖြူစင်သော ကောင်မလေးနှင့် ပတ်သက်၍ စိုးရိမ်စရာ သိပ်မရှိသဖြင့် ကျန်းချန်သည် တဲ့တိုးပင် မေးလိုက်သည်။

"အဆင်ပြေပါတယ်.. အစ်မမုန့်က စန်းယွဲ့သူတော်စင်နယ်မြေကို ဝင်ရောက်ပြီး လအနည်းငယ် အတွင်းမှာပဲ သိုင်းသခင်နယ်ပယ် ပထမအဆင့်ကနေ နဝမအဆင့် အထွတ်အထိပ်အထိ ရောက်ရှိခဲ့ပြီး နှစ်ပေါင်း(၁၀၀)အတွင်း ကျွန်မတို့ စန်းယွဲ့သူတော်စင်နယ်မြေရဲ့ နံပါတ်တစ် ပါရမီရှင်အဖြစ် ချီးကျူးခံခဲ့ရတယ်"

ထိုစကားကို ပြောနေသည့် ယွဲ့စစ်ယွင်၏ မျက်နှာထက်တွင် ကြည်ညိုလေးစားသော အမူအရာများ ဖြစ်ပေါ်နေခဲ့သည်။

ခဏအကြာတွင် သူမက တစ်စုံတစ်ရာကို သတိရသွားပြီး ကျန်းချန်ကို တအံ့တသြ ကြည့်ကာ မေးလိုက်၏။

"ဒါနဲ့ အစ်ကိုကြီး ကျန်းချန်က အစ်မမုန့်ရဲ့ နာမည်ကို ဘယ်လိုလုပ်ပြီး သိနေတာလဲ"

"သူနဲ့ငါက နှစ်ပေါင်းများစွာ ခင်မင်လာတဲ့ မိတ်ဆွေတွေပါ"

ကျန်းချန်က ပြုံး၍ ရှင်းပြလိုက်သည်။

ထို့နောက်တွင် သူက ခဏမျှ စဥ်းစားလိုက်ပြီး ယွဲ့စစ်ယွင်ကို ပြောလိုက်သည်။

"စစ်ယွင်.. ဒီတစ်ခေါက် ဆိတ်ငြိမ်နယ်မြေမှာ မင်းရဲ့အစ်မကို ရှာဖွေဖို့အတွက် ငါကူညီပေးမယ်.. အပြန်အလှန် အနေနဲ့ မင်းက စန်းယွဲ့သူတော်စင် နယ်မြေကို ပြန်ရောက်ရင် ငါ့ကိုယ်စား ချင်းရွှယ်ကို ပိုပြီး ဂရုစိုက်ပေးရမယ်.. ဘယ်လိုလဲ"

မုန့်ချင်းရွှယ်သည် လနတ်ကြမ္မာခန္ဓာကိုယ် ပိုင်ရှင် ဖြစ်သည်။

ထိုအထူးခန္ဓာကိုယ်သည် တချို့သော ကျင့်ကြံသူများ အတွက် သေမတတ် ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ် အမျိုးအစား ဖြစ်သည်။

မုန့်ချင်းရွှယ် အနေဖြင့် စန်းယွဲ့သူတော်စင်နယ်မြေလို နေရာတွင် ရှိနေလျှင်ပင် လုံးဝ လုံခြုံမည်ဟု တပ်အပ်ပြော၍မရ‌ပေ။

ယွဲ့စစ်ယွင်က သူကိုယ်စား လျှို့ဝှက်စွာ ဂရုစိုက်ပေးနေမည် ဆိုလျှင် တစ်စုံတစ်ရာ ဖြစ်ပျက်သည်နှင့် မုန်းချင်းရွှယ်၏ သတင်းကို အလျင်အမြန် ရရှိနိုင်မည် ဖြစ်၏။

"စိတ်ချပါ အမမုန့်ကို ကျွန်မ ဂရုစိုက်ပေးပါ့မယ်"

ယွဲ့စစ်ယွင်က စဥ်းပင်မစဥ်းစားဘဲ အံ့အားသင့်သော အမူအရာဖြင့် ခေါင်းကို အလျင်အမြန်ညိတ်ကာ သဘောတူလိုက်သည်။

သူမကဲ့သို့ သိုင်းသခင်နယ်ပယ် စတုတ္ထအဆင့် ကျင့်ကြံသူသည် ဤကဲ့သို့ ကြမ်းတမ်းပြီး အန္တရာယ်များသော ဆိတ်ငြိမ်နယ်မြေတွင် လျှောက်သွားရန်မှာ မဖြစ်နိုင်သလောက်ပင်။

သို့ဖြစ်ရာ သူမအစ်မကို ကိုယ်တိုင် ရှာဖွေဖို့ ဆိုသည်မှာ သံသယဖြစ်ဖွယ်ရာမရှိ အလွန်ခက်ခဲသောကိစ္စ ဖြစ်သည်။

သူမရှေ့မှ ကျန်းချန်နှင့် ပတ်သက်ပြီး ယွဲ့စစ်ယွင်သည် ပထမဆုံး တွေ့တွေ့ချင်းမှာပင် ထူးခြားသော ခံစားချက်ကို ခံစားမိခဲ့သည်။

သူမ၏ ပင်ကို သိစိတ်ကနေ ကျန်းချန်သည် အလွန်ပင် အင်အားကြီးမားသူ တစ်ယောက် ဖြစ်ပြီး ဆိတ်ငြိမ်နယ်မြေ တစ်ခုလုံးပင် ကျန်းချန်ကြောင့် တုန်လှုပ်လိမ့်မည်ဟု ခံစားမိခဲ့သည်။

အရေးကြီးဆုံးအချက်မှာ ကျန်းချန်ကို ယုံကြည်ရသည့် လူတစ်ယောက်ဟု ခံစားမိခဲ့ခြင်း ဖြစ်သည်။

သူမသာ ကျန်းချန်၏ အကူအညီကို ရရှိခဲ့လျှင် သူမ၏ အစ်မကို အမှန်တကယ် ရှာတွေ့နိုင်မည့် မျှော်လင့်ချက် ရှိကောင်းရှိနိုင်ပေ၏။

"ဟမ့်.. ငါတို့တွေ ရှေ့မှာတိုက်ခိုက်နေတုန်း တချို့လူတွေကတော့ တော်ကီတွေ လွှတ်ကြွယ်နေပါလား"

ထိုအချိန်တွင် ကူကျန့်၏ လေသံသည် ကျန်းချန်၏ နားထဲသို့ ရုတ်တရက် ဝင်ရောက်လာခဲ့သည်။

ကျန်းချန်က အသံလာရာဆီသို့ ကြည့်လိုက်ရာ တိမ်တိုက်နက်ကျားကို သတ်ဖြတ်ပြီး ပြန်လာခဲ့သော ကူကျန့်သည် သူ့ကို လှောင်ပြောင်သော အမူအရာဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရ၏။

"ငါတို့ဘာသာ ဘာစကားကိုပဲ ပြောပြော မင်းနဲ့ ဘာဆိုင်လို့လဲ.. ငါ့ကို စစ်ယွင် အနားမှာ‌နေပြီး ကာကွယ်ခိုင်းထားတာက ခေါင်းဆောင် ချင်းမိန်ပဲ.. မင်းမကျေနပ်ရင် သူ့ကို သွားပြောလို့ရတယ်"

ကျန်းချန်က ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။

"ဒီသားရဲနှစ်ကောင်လောက်ကို ကိုင်တွယ်တာ ဘာတွေမာန်တက်နေတာလဲ.. ဒါက ဆဋ္ဌမအဆင့်နှောင်းပိုင်း သားရဲနှစ်ကောင်ပဲလေ.. ငါ့အတွက်တော့ လက်တစ်ဖက်တောင် လှုပ်ရှားစရာမလိုဘူး လက်ချောင်းတစ်ချောင်းတည်းနဲ့တင် သတ်ဖြတ်ပစ်လို့ရတယ်"

"ဟားဟား.. ကောင်လေး ဒီလောကမှာ လေလုံးထွားတဲ့သူတွေအများကြီး ငါတွေ့ဖူးတယ်.. ဒါပေမဲ့ မင်းလောက် လေလုံးထွားတဲ့သူကိုတော့ ငါပထမဆုံးအကြိမ် တွေ့ဖူးတာပဲ"

ကူကျန့်က ကမ္ဘာပေါ်တွင် အရယ်ရဆုံးဟာသကို ကြားလိုက်ရသကဲ့သို့ ခနဲ့၍ ပြောလိုက်သည်။

"မင်းအတွက် ဆဋ္ဌမအဆင့် နှောင်းပိုင်း သားရဲနှစ်ကောင်က တိုက်ခိုက်ဖို့တောင် မထိုက်တန်ဘူး ဆိုတော့ မင်းကိုယ်မင်း နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့် ကျင့်ကြံသူလို့ ထင်နေတာလား"

"တိတ်စမ်း ကူကျန့်.. ငါအရင်ကတည်းက ပြောခဲ့ပြီးပြီ.. ငါ့ရဲ့ စီစဥ်မှုတွေကို မကျေနပ်ရင် မင်းအချိန်မရွေး ထွက်သွားလိုက်လို့ရတယ်"

ထိုအခိုက်အတန့်တွင် ချင်းမိန်သည် အေးစက်သော မျက်နှာထားဖြင့် သူတို့ရှိရာသို့ လျှောက်လာခဲ့သည်။

သူမနှင့် ကူကျန့်သည် ကလေးဘဝကတည်းကပင် သိကျွမ်းခဲ့ကြသော်လည်း ချင်းမိန်သည် ကူကျန့်၏ အကျင့်စရိုက်ကို ဘယ်တုန်းကမှ နှစ်သက်ခဲ့ခြင်းမရှိပေ။

ကူကျန့်သာ သူမ ဖခင်ရှိသည့် နေရာကို မသိခဲ့လျှင် သူမအနေဖြင့် ကူကျန့်နှင့် ပူးပေါင်းပြီး ဆိတ်ငြိမ်နယ်မြေထဲကို ဝင်ရောက်မည် မဟုတ်ပေ။

ချင်းမိန်၏ ဆူပူသံကို ကြားလျှင် ကူကျန့်သည် မကျေမနပ်ဖြင့် စကားကို ရပ်တန့်လိုက်သည်။

ထိုအခိုက်တွင် သူ၏ မျက်လုံးထဲ၌ အေးစက်သောအလင်းတန်းတစ်ခု လင်းလက်သွားခဲ့၏။

[ကိုယ့်ကိုယ်ကိုယ် မြင့်မြတ်တယ်လို့ ထင်နေတဲ့မိန်းမ.. သိပ်မကြာခင် အချိန်အတွင်း ငါ့ရှေ့မှ ဒူးထောက်ပြီး အသနားခံစေရမယ်]

ကျန်းချန်တို့အဖွဲ့က ဆက်လက်၍ ခရီးဆက်ခဲ့သည်။

နောက်ထပ်နာရီဝက်ခန့်အကြာတွင် ကျန်းချန်တို့ လူစုသည် လမ်းတစ်လျှောက်တွင် ရုန့်ရင်းသော သားရဲများစွာကို တွေ့ကြုံခဲ့ရသည့် အပြင် အချို့သော ကျင့်ကြံသူများ၏ အနှောင့်အယှက်များကိုလည်း ခံခဲ့ရသည်။

သို့သော် ထိုလူများသည် သန်မာသော ကျင့်ကြံသူများ မဟုတ်၍ ချင်းမိန်နှင့် ကူကျန့်တို့၏ စွမ်းရည်ဖြင့်ပင် ဖြေရှင်းနိုင်ခဲ့သည်။

ကျန်းချန်ကမူ ထုံးစံအတိုင်းပင် ယွဲ့စစ်ယွင်နှင့် စကားစမည်ပြောဆိုရင်း အေးအေးလူလူ လိုက်ပါလာခဲ့၏။

ဖုန်းဝူယင်းကမူ ကျန်းချန်၏ နံဘေးတွင် တိတ်တဆိတ်သာ ရှိနေခဲ့ပြီး မည်သည့် လှုပ်ရှားမှုကိုမှ မပြုလုပ်ခဲ့ပေ။

မကြာမီမှာပင် ကျန်းချန်တို့ လူစုသည် အလွန် ကြီးမားသည့် ရှေးဟောင်းတောင်တန်း တစ်ခုဆီသို့ ရောက်ရှိလာခဲ့သည်။

ကျန်းချန်က အဝေးကနေ အကဲခတ်လိုက်ပြီးနောက်တွင် တောင်တန်းမှ အရှိန်အဝါများကို ခံစားမိလိုက်သည်။

"ကူကျန့် ရှေ့က တောင်တန်းက ကျိမြဲ့တောင်တန်းပဲ.. နင်ပြောတဲ့နေရာနဲ့ သိပ်မဝေးတော့ဘူးထင်တယ်"

သူမ ရှေ့ရှိ ကျိမြဲ့တောင်တန်းကို ကြည့်ရင်း ချင်းမိန်၏ အေးစက်စက် မျက်ဝန်းထဲတွင် စိတ်လှုပ်ရှားသော အရိပ်အယောင်များ တစ်စွန်းတစ ဖြစ်ပေါ်လာခဲ့သည်။

"ဟုတ်တယ် မဝေးတော့ဘူး"

ကူကျန့်က ပြုံး၍ ပြောလိုက်သည်။

"ဒီကျိမြဲ့တောင်တန်းကို ဝင်ပြီး မီတာ(၃၀၀၀) အကွာလောက်ဆိုရင် ‌ရောက်လောက်ပါပြီ"

"ငါတို့ (၁၅)မိနစ် နားကြစို့ အနားယူပြီးတာနဲ့ ကျိမြဲ့တောင်တန်းထဲကို ဝင်ကြမယ်"

ချင်းမိန်က အသက်ကိုခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး ချက်ချင်းဆိုသလို ဆုံးဖြတ်ချက်ချလိုက်သည်။

"ခေါင်းဆောင်ချင်းမိန်.. ပြဿနာမဖြစ်ချင်ဘူး ဆိုရင် ဒီကျိမြဲ့ကိုတောင်ကို မဝင်တာ အကောင်းဆုံးပဲ"

ထိုအချိန်တွင် ကျန်းချန်၏ အသံသည် လူတိုင်း၏ နားထဲသို့ ရုတ်တရက် ဝင်ရောက်လာခဲ့သည်။

"ကောင်လေး မင်းဘာသိလို့လဲ.. ဒီနေရာက ငါတို့ သွားမဲ့နေရာနဲ့ အနီးဆုံးပဲ ကျိမြဲ့တောင်ထဲကနေ မသွားဘူးဆိုရင် အနည်းဆုံး နာရီဝက် ဒါမှမဟုတ် ဒီထက်ပိုပြီး ကြာမြင့်လိမ့်မယ်"

ကူကျန့်က မထီမဲ့မြင်ပြုံးကာ ပြောလိုက်သည်။

"ဆိတ်ငြိမ်နယ်မြေဆိုတာ အချိန်ကြာကြာနေလေ ပိုပြီး အန္တရာယ်များလေလေဆိုတာ မင်းနားလည်လား"

"အစ်မမိန် ကျွန်မလည်း ဒီနေရာကနေ ဝင်တာ မသင့်တော်ဘူးလို့ ခံစားရတယ်.. ဒါမှမဟုတ် တခြားနေရာကနေ ပတ်သွားကြမလား"

ထိုအချိန်တွင် ယွဲ့စစ်ယွင်သည် သူ့စိတ်ထဲတွင် ဖြစ်ပေါ်လာသော အတွေးများကို အလျင်အမြန် ထုတ်ပြောလိုက်သည်။

ယွဲ့စစ်ယွင်၏ စကားကို ကြားသောအခါတွင် ချင်းမိန်၏ ဆွဲဆောင်မှုရှိသော မျက်နှာထက်တွင် တွေဝေသော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

ချင်းမိန်၏ ကျန်းချန်၏ စကားကို သိပ်ဂရုမစိုက်သော်လည်း ယခုအခါတွင် ယွဲ့စစ်ယွင်ပါ အလားတူ စကားမျိုး ပြောဆိုလာခဲ့သည်ဖြစ်ရာ သူမအနေဖြင့် ဂရုမစိုက်ဘဲ မနေနိုင်တော့ပေ။

"ချင်းမိန် ဒီလိုလုပ်ပါလား.. ငါအရင် ကျိမြဲ့တောင်ထဲကို ဝင်ပြီး အခြေအနေကို စုံစမ်းကြည့်မယ်.. တကယ်လို့ အန္တရာယ်ရှိရင်တော့ တခြားနေရာကနေပဲ သွားကြတာပေါ့"

ကူကျန့်က ရုတ်တရက် ပြောလိုက်သည်။

သူက ချင်းမိန်ကို ထိုနေရာသို့ ချက်ချင်းပင် ခေါ်သွားချင်နေခဲ့ပြီ ဖြစ်သည်။

ထို့ကြောင့် အချိန်ထပ်ဖြုန်းချင်စိတ် မရှိခဲ့ပေ။

ချင်းမိန်က ခဏမျှ စဥ်းစားလိုက်ပြီးမှ ကူကျန့်၏ နည်းလမ်းက သင့်တော်သည်ဟု ခံစားရ၍ ခေါင်းညိတ်ကာ သဘောတူလိုက်သည်။

"ကောင်းပြီလေ ဒီလိုပဲ လုပ်ကြတာပေါ့"

ချင်းမိန်၏ သဘောတူညီမှုကို ရသည်နှင့် ကူကျန့်သည် ကျိမြဲ့တောင်တန်းဆီသို့ အလျင်အမြန်ပင် ဝင်ရောက်သွားခဲ့သည်။

"အစ်ကိုကြီး ကျန်းချန်.. ကူကျန့် အဆင်ပြေပါ့မလား"

ယွဲ့စစ်ယွင်က ကျိမြဲ့တောင်တန်း ဆီသို့ လျှောက်ဝင်သွားသည့် ကူကျန့်ကို ကြည့်ရင်း ကျန်းချန်ကို ခပ်တိုးတိုးမေးလိုက်သည်။

"မေဘေးက စကားနားမထောင်တော့ သိပ်မကြာခင်ဒုက္ခရောက်လိမ့်မယ်"

ကျန်းချန်က ယုံကြည်မှုရှိသော အပြုံးဖြင့် ပြုံးလိုက်သည်။

"ကြည့်နေ.. အများဆုံး အသက်ဆယ်ရှိုက်စာ အချိန်အတွင်း အဲဒီကောင် ကျိမြဲ့တောင်တန်းထဲကနေ ထိတ်လန့်တကြား ထွက်ပြေးလာလိမ့်မယ်"

ကျန်းချန်၏ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့် ရှိသော အသွင်အပြင်ကို မြင်လျှင် ချင်းမိန်က မေးခွန်းထုတ်ရန် ပြင်လိုက်စဥ်မှာပင် ရုတ်တရက် ကျိမြဲ့တောင်တန်းထဲကနေ ကျားဟိန်းသံများကို ကြားလိုက်ရသည်။

တစ်ခဏမှာပင် သူတို့ရပ်နေသော မြေပြင်သည် မြေငလျင် လှုပ်သကဲ့သို့ ပြင်းထန်စွာ တုန်ခါသွားခဲ့သည်။

ချက်ချင်းဆိုသလိုပင် ကျိမြဲ့တောင်တန်းထဲကနေ အသေအလဲ အသက်လု၍ ထွက်ပြေးလာသော ပုံရိပ်တစ်ခုကို သူတို့ မြင်လိုက်ရ၏။

ထိုပုံရိပ်၏ နောက်တွင် တိမ်တိုက်နက်ကျား ရာပေါင်းများစွာသည် သတ်ဖြတ်လိုစိတ် အပြည့်ဖြင့် လိုက်လာခဲ့ကြသည်။

အထူးသဖြင့် တိမ်တိုက်နက်ကျားများ၏ ခေါင်းဆောင်သည် သာမန် တိမ်တိုက်နက်ကျားများထက် အဆပေါင်းများစွာ ပိုမိုကြီးမားပြီး အင်အားကြီးမားသော သားရဲဘုရင် တစ်ပါး၏ အရှိန်အဝါနှင့် ပြည့်စုံနေခဲ့သည်။

သူမ၏ရှေ့မှ မြင်ကွင်းကို မြင်လျှင် ချင်းမိန်၏ အမူအရာသည် အဆုံးသတ်တွင် အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။

အခန်း(၁၂၆၁)ပြီး၏။

အခန်း(၁၂၆၂)

"တိမ်တိုက်နက်ကျား အုပ်စုပါလား"

ထို့အပြင် တိမ်တိုက်နက်ကျားအုပ်စု၏ ခေါင်းဆောင်သည် သတ္တမအဆင့် သားရဲဘုရင် ဖြစ်သည်။

ထိုအခိုက်တွင် ချန်းမိန်၏ အေးစက်စက် မျက်နှာသည် ချက်ချင်းပင် ဖြူဖျော့သွားခဲ့ပြီး သူမ၏ လှပသော မျက်ဝန်းထဲတွင် စိတ်ပျက်အားငယ်သော အရိပ်အယောင်များပင် ဖြစ်ပေါ်လာခဲ့သည်။

သူမက ချက်ချင်းပင် နောင်တရသွားခဲ့သည်။

ယွဲ့စစ်ယွင်၏ အကြံဥာဏ်ကိုသာ နားထောင်ခဲ့မည်ဆိုလျှင် ဤကဲ့သို့ ကြောက်စရာကောင်းသည့် တိမ်တိုက်နက် ကျားအုပ်စုကို နှောင့်ယှက်မိမည် မဟုတ်လောက်ပေ။

တိမ်တိုက်နက်ကျား ရာပေါင်း များစွာထဲတွင် သတ္တမအဆင့်ဖြစ်သည့် ဘုရင်အဆင့် သားရဲတစ်ကောင်ပင် ပါဝင်နေခဲ့၏။

ဤသည်က သူတို့အုပ်စု အနေဖြင့် လုံးဝ ရင်မဆိုင်နိုင်သည့် သားရဲဖြစ်သည်။

ချင်းမိန်က အသက်ကို ခပ်ပြင်းပြင်းရှုလိုက်ပြီး ယွဲ့စစ်ယွင်ကို ချက်ချင်းပင် အော်ပြောလိုက်သည်။

"စစ်ယွင်.. ငါဒီတိမ်တိုက်နက် ကျားတွေကို တားဆီးပေးထားမယ်.. မင်းက ကျန်းချန်နဲ့ အတူ ထွက်ပြေးတော့"

ယွဲ့စစ်ယွင်သည်လည်း ဖြစ်ပျက်နေသည့် အခြေအနေများကြောင့် ထိတ်လန့်တကြား ဖြစ်နေခဲ့သည်။

သူမ၏ မျက်နှာက ဖြူဖျော့နေခဲ့ပြီး ကျန်းချန်ကို ကြောက်ရွံ့တုန်လှုပ်သော အမူအရာဖြင့် ကြည့်လိုက်၏။

"အစ်ကိုကြီးကျန်းချန်.. ဒီလောက်များတဲ့ တိမ်တိုက်နက်ကျားတွေနဲ့ ထိပ်တိုက်တိုးမှတော့ ကျွန်မတို့ ဘာဆက်လုပ်ရမလဲ"

ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်၏။

"စိတ်မပူပါနဲ့.. မင်းကိုငါ ကတိပေးခဲ့တာ မှတ်မိသေးလား.. ဒီဆိတ်ငြိမ်နယ်မြေထဲမှာ ဘယ်သူမှ မင်းကို မထိရဲစေရဘူးလို့ ငါအာမခံတယ်"

"ကျန်းချန် အခုအခြေအနေက ဘယ်လို အခြေအနေလဲဆိုတာ ရှင်နားမလည်ဘူးလား.. ရှင်က အရှက်မရှိဘဲ ဟိတ်ဟန်ထုတ်နေသေးတယ်.. ဒါက တိမ်တိုက်နက်ကျားအုပ်စုပဲ.. ဒီအုပ်စုထဲမှာ သတ္တမအဆင့် သားရဲဘုရင်တစ်ကောင်လည်း ပါဝင်တယ် သာမန် နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့် ကျင့်ကြံသူဆိုရင်တောင် သတ္တမအဆင့် သားရဲဘုရင်နဲ့ ရင်ဆိုင်ရရင် သေမှာမုချပဲ.. ရှင်သေချင်တယ် ဆိုရင်လည်း ကိုယ့်ဘာသာကိုယ်သေ.. စစ်ယွင်ကိုတော့ သေရွာဆီ အပါခေါ်သွားဖို့ မစဥ်းစားနဲ့"

ကျန်းချန်၏ ပေါ့ပျက်ပျက် စကားများကို ကြားလျှင် ချင်းမိန်သည် ချက်ချင်းဆိုသလို ဒေါသတကြီး အော်ဟစ်လိုက်သည်။

သူမက ဤတိမ်တိုက်နက်ကျားအုပ်စုကို အသက်ပေး၍ တားဆီးချင်ခဲ့သည်မှာ ကျန်းချန်နှင့် စစ်ယွင်တို့ အသက်ရှင်နိုင်ရန်အတွက် ဖြစ်သည်။

သို့သော်လည်း ဤကောင်လေးသည် ကျေးဇူးတင်ခြင်းမရှိသည့်အပြင် ယခုလို အချိန်မှာပင် စစ်ယွင် ရှေ့၌ ဟိတ်ဟန်ထုတ်၍ ကောင်းနေဆဲ မဟုတ်ပါလော။

"ဒါက သတ္တမအဆင့် သားရဲတစ်ကောင်ပဲလေ.. လက်ညှိုးတစ်ချောင်းတည်းနဲ့တောင် ငါအနိုင်ယူလို့ရတယ်.. ဘယ်လောက်တောင် ကြီးကျယ်တဲ့ကိစ္စ မို့လို့လဲ"

ကျန်းချန်က မဲ့ပြုံးပြုံး၍ ပြောလိုက်သည်။

သူ၏ အကြည့်သည် ချက်ချင်းဆိုသလို တိမ်တိုက်နက် ကျားအုပ်စုဆီသို့ ကျရောက်သွားခဲ့သည်။

ယေဘုယျအားဖြင့် ဆဋ္ဌမအဆင့် သားရဲအများစုသည် စကားပြောဆိုနိုင်ကြ‌သည်။

သတ္တမအဆင့်ဖြစ်သည့် သားရဲဘုရင်အဆင့်ကမူ လူသားအသွင်ပြောင်းလဲနိုင်ပြီး လူသားတစ်ယောက်ကဲ့သို့ နေထိုင်နိုင်၏။

သို့သော်လည်း သားရဲများသည် ကျိမြဲ့တောင်တန်း၏ ပြင်းထန်သော မိစ္ဆာဝိညာဥ်စွမ်းအား သက်ရောက်မှုကြောင့် သတ်ဖြတ်ရန်သာ သိသော သားရဲအဖြစ် ပြောင်းလဲသွားခဲ့သည်။

"စစ်ယွင်.. ဒီကောင့်ကို ယုံမနေနဲ့.. သူ့ကိုထားခဲ့ပြီး နင့်ဘာသာ ထွက်ပြေးတော့"

ဤအချိန်တွင် ချင်းမိန်သည် ရူးသွပ်မတတ်ပင် ဖြစ်နေခဲ့သည်။

"ကျန်းချန်.. ရှင့်ရဲ့ ဖိန့်လုံးတွေကို နည်းနည်းပါးပါး လျှော့ပေါ့လို့မရဘူးလား"

သတ္တမအဆင့် သားရဲသခင်ပင်လျှင် သတ္တမအဆင့် သားရဲကို လက်ညှိုးတစ်ချောင်းတည်းဖြင့် အနိုင်ယူနိုင်လိမ့်မည် မဟုတ်ပေ။

လက်ရှိအချိန်တွင် ရူးသွပ်မတတ် ဖြစ်နေသော ချင်းမိန်နှင့် နှိုင်းယှဥ်လျှင် ယွဲ့စစ်ယွင်သည် ပိုမို တည်ငြိမ်နေခဲ့သည်။

သူမက တည်ငြိမ်သော မျက်နှာအမူအရာဖြင့် အခိုင်အမာပင် ပြောလိုက်၏။

"အစ်မမိန် အစ်ကိုကြီး ကျန်းချန်ကို အပြစ်မတင်ပါနဲ့.. ကျွန်မတစ်ယောက်တည်း ထွက်မပြေးပါဘူး.. ကျွန်မ အစ်ကိုကြီး ကျန်းချန်ကို ယုံကြည်တယ်"

"ကူ.. ကူညီပေးပါ"

သူတို့ စကားပြောဆိုနေစဥ်မှာပင် ထိတ်လန့်တကြား ပြေးလာသော ကူကျန့်သည် သူတို့ဆီသို့ ရောက်ရှိလာခဲ့သည်။

ကူကျန့်၏ နောက်ကနေ လိုက်ပါလာသော တိမ်တိုက်နက် ကျားများသည် သူတို့ နှင့် မီတာ(၁၀၀)အကွာအဝေးကိုပင် ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

ချင်းမိန်၏ မျက်နှာက ရုတ်တရက် အလွန်အမင်း ဖြူဖျော့သွားခဲ့သည်။

"ပြီးသွားပြီ.. ငါတို့ထဲက ဘယ်သူမှထွက်ပြေးဖို့ မဖြစ်နိုင်တော့ဘူး"

ကျန်းချန်ကို ချစ်ခင်ယုံကြည်မှုရှိသည့် ယွဲ့စစ်ယွင်ပင်လျှင် ဤအချိန်တွင် တိမ်တိုက်နက်ကျား ရာပေါင်းများစွာကို ရင်ဆိုင်ရသည့်အခိုက်၌ မျက်နှာတစ်ခုလုံး ဖြူဖျော့သွားခဲ့သည်။

"မစိုးရိမ်ပါနဲ့.. ဒီကျားငယ်လေးတွေလောက်ကတော့ ငါအေးဆေး ရှင်းပစ်လို့ရပါတယ်"

ကျန်းချန်က ယွဲ့စစ်ယွင်ကို စိတ်သက်သာရာရစေမည့် အပြုံးတစ်ပွင့် ပြုံးပြလိုက်ပြီး ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်။

ကျန်းချန် ခြေလှမ်းတစ်လှမ်း လှမ်းလိုက်သည်နှင့် ကြမ်းတမ်းစွာ ပြေးဝင်လာခဲ့သော တိမ်တိုက်နက် ကျားအုပ်စုသည် တိမ်တိုက်နက် ကျားဘုရင်၏ ဦးဆောင်မှုအောက်တွင် ကျန်းချန်နှင့် မီတာ ဆယ်ဂဏန်းမျှ အကွာအဝေး၌ ရပ်တန့်သွားခဲ့သည်။

ထိုမြင်ကွင်းကိုမြင်လျှင် ချင်းမိန်နှင့် ယွဲ့စစ်ယွင်တို့ နှစ်ယောက်စလုံးသည် ချက်ချင်းပင် မှင်တက်သွားခဲ့ကြပြီး အချိန်အတော်ကြာမှသာ ပြန်လည် သတိဝင်ခဲ့ကြသည်။

အားလုံးကို ထားခဲ့ကာ တစ်ယောက်တည်း ထွက်ပြေးရန် ပြင်ဆင်နေသည့် ကူကျန့်ပင်လျှင် ချက်ချင်းဆိုသလို သူ၏ ခြေလှမ်းကို ရပ်တန့်လိုက်ပြီး မျက်ဝန်းထဲ၌ မယုံကြည်နိုင်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

သိထားရမည်မှာ ဆိတ်ငြိမ်နယ်မြေထဲရှိ သားရဲများသည် အလွန်ပင် ကြမ်းတမ်းရက်စက်ပြီး ၎င်းတို့ကို ဦးဆောင်လာသူမှာ သတ္တမအဆင့် တိမ်တိုက်နက် ကျားဘုရင် ဖြစ်သည်။

နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့် ကျင့်ကြံသူပင်လျှင် ထိုတိမ်တိုက်နက် ကျားအုပ်စုကို ကြောက်ရွံ့အောင် လုပ်ဆောင်ရန် မဖြစ်နိုင်ပေ။

သို့သော်လည်း ကျန်းချန်က ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် တိမ်တိုက်နက်ကျား ရာပေါင်းများစွာသည် ချက်ချင်းပင် ရပ်တန့်သွားခဲ့သည်။

"ဒါ.. ဒါဘယ်လိုဖြစ်နိုင်မှာလဲ"

မှန်ပါသည်၊ ကူကျန့် အနေဖြင့် ကျန်းချန်က နတ်သန္ဓေအင်ပါယာအဆင့် ကျင့်ကြံသူဖြစ်လိမ့်မည်ဟု လုံးဝ စိတ်ကူးမိမည် မဟုတ်ပေ။

ကျန်းချန်၏ ရှေ့မှ တိမ်တိုက်နက် ကျားဘုရင်သည် ကျိမြဲ့တောင်တန်း၏ ပတ်ဝန်းကျင် အနေအထားကြောင့် စိတ်နေသဘောထား ပြောင်းလဲသွားသော်လည်း ကျန်းချန်ထံကနေ အလွန်အမင်း အန္တရာယ်ရှိသော အရှိန်အဝါကို ဗီဇအရ ခံစားမိခဲ့သည်။

"ကျားငယ်လေး မင်းငါ့ကို အညံ့ခံမယ်ဆိုရင် မင်းကို မသတ်ဘဲ အသက်ချမ်းသာပေးမယ်"

ကျန်းချန်က တိမ်တိုက်နက် ကျားဘုရင်ကို တည်ငြိမ်စွာ ကြည့်၍ ပြောလိုက်သည်။

"ဝေါင်း.."

တိမ်တိုက်နက် ကျားဘုရင်က ကျန်းချန်၏စကားကို နားလည်ပုံရ၏။

၎င်းက ကောင်းကင်ကို မော့ကြည့်ကာ ကြောက်မက်ဖွယ်ကောင်းသည့် ကျားဟိန်းသံကို ထုတ်လွှတ်လိုက်သည်။

"ကျားငယ်လေး မင်းဘယ်လောက်ပဲ ရုန်းကန်ရုန်းကန် အလကားပဲ"

ကျန်းချန်က ခေါင်းခါယမ်းလိုက်ပြီး သူ၏လက်နှစ်ဖက်ကို ရင်ဘတ်နားတွင်ကပ်ကာ လျှို့ဝှက်ဆန်းကြယ်သော လက်ဟန်များကို ပြုလုပ်၍ စည်းတံဆိပ်တစ်ခုကို ချက်ချင်းပင် စုစည်းလိုက်သည်။

"ရှေးဟောင်းသားရဲ ကျွန်ပြု စည်းတံဆိပ် သက်‌ရောက်စေ"

ကျန်းချန်က ထိုစည်းတံဆိပ်ကို ထိန်းချုပ်ပြီး တိမ်တိုက်နက်ကျားဘုရင်၏ ဦးခေါင်းပေါ်သို့ ဖိချလိုက်သည်။

စည်းတံဆိပ်က လေထဲတွင် လင်းလက်သွားခဲ့ပြီး ချက်ချင်းဆိုသလို တိမ်တိုက်နက်ကျားဘုရင်၏ ဦးခေါင်းထဲသို့ နစ်ဝင်သွားခဲ့သည်။

တစ်ခဏအတွင်း တိမ်တိုက်နက် ကျားဘုရင်၏ ကြီးမားလှသော ခန္ဓာကိုယ်သည် အနည်းငယ် တုန်ယင်သွားခဲ့ပြီး ငြိမ်သက်သွားခဲ့သည်။

၎င်း၏ ကြေးနီရောင် ခေါင်းလောင်းကဲ့သို့ ကြီးမားသည့်မျက်လုံးထဲတွင် တွေဝေသော အရိပ်အယောင်များ ချက်ချင်းဆိုသလို ဖြစ်ပေါ်လာခဲ့၏။

ထို့နောက်တွင် တိမ်တိုက်နက် ကျားဘုရင်၏ ကြီးမားလှသော ခန္ဓာကိုယ်သည် သိသိသာသာပင် ကျုံ့သွားခဲ့ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ကြောင်အရွယ်အစားမျှသာ ရှိသည့် အမွေးထူထဲသော ကျားငယ်လေးအဖြစ် ပြောင်းလဲသွားခဲ့သည်။

အမွေးထူထဲသော ကျားငယ်လေးသည် ကျန်းချန်ဆီသို့ တန်းတန်းမတ်မတ် ပြေးလာခဲ့ပြီး ကျန်းချန်ကို ခေါင်းတိုးဝှေ့ကာ ကြောင်ကလေးသဖွယ် ပွတ်သပ်နေခဲ့သည်။

".............."

သူတို့ရှေ့မှ မယုံနိုင်စရာ မြင်ကွင်းကို မြင်လိုက်ရလျှင် ချင်းမိန်တို့ သုံးယောက်စလုံးသည် မှင်တက်သွားခဲ့ကြပြီး ကျောက်ရုပ်ကဲ့သို့ပင် ဖြစ်သွားခဲ့ကြသည်။

"သတ္တမအဆင့် သားရဲဘုရင်ဖြစ်တဲ့ တိမ်တိုက်နက် ကျားဘုရင်ကို ဒီလိုပဲ အနိုင်ယူလိုက်တာလား.. တကယ်ကို မယုံနိုင်စရာပဲ"

ချင်းမိန်က အလွန်အမင်း တုန်လှုပ်နေခဲ့ပြီး သူမ မျက်လုံးကိုပင် မယုံနိုင်အောင် ဖြစ်နေခဲ့သည်။

သတ္တမအဆင့် သားရဲဘုရင်ကို လက်ညှိုးတစ်ချောင်းတည်းဖြင့်ပင် အနိုင်ယူနိုင်သည် ဟူသော ကျန်းချန်၏ စကားသည် လေလုံးထွားရုံသက်သက် မဟုတ်ဘဲ အမှန်တကယ် ဖြစ်မှန်း သူမ ယခုအချိန်တွင် နားလည်သွားခဲ့သည်။

ဤအချိန်တွင် ချင်းမိန်သည် ကျန်းချန်ကို လုံးဝ အထင်မသေးရဲတော့ပေ။

ဤသည်က သတ္တမအဆင့် သားရဲဘုရင် ဖြစ်သည်။

သတ္တမအဆင့် သို့မဟုတ် အဌမအဆင့် သားရဲသခင်ပင်လျှင်ပင် ဤမျှလောက်အထိ လွယ်လွယ်ကူကူ အနိုင်ယူနိုင်လိမ့်မည် မဟုတ်ချေ။

မှန်ပါသည်။ ချင်းမိန်သည် ကျန်းချန်က သတ္တမအဆင့်သားရဲသခင် ဖြစ်ရုံသာမက နတ်သန္ဓေအင်ပါယာ တစ်ပါး ဖြစ်နေလိမ့်မည်ဟု မည်သို့မှ စိတ်ကူးမိမည် မဟုတ်ပေ။

နတ်သန္ဓေအင်ပါယာအဆင့်၏ အစွမ်းထက် စိတ်ဝိညာဥ်စွမ်းအင်ဖြင့် ဆိုလျှင် သတ္တမအဆင့် အစောပိုင်း သားရဲတစ်ကောင်ကို ကျွန်ပြုရန်မှာ ခက်ခဲသည့်ကိစ္စ မဟုတ်ချေ။

"မင်းရဲ့ ညီနောင်တွေကို ထွက်သွားခိုင်းလိုက်တော့"

ကျန်းချန်က တိမ်တိုက်နက် ကျားဘုရင်ကို တစ်ချက်ကြည့်၍ ပြောလိုက်ပြီး သူ၏ လက်ကို ဝှေ့ယမ်းလိုက်သည်။

"ဝေါင်း.."

တိမ်တိုက်နက် ကျားဘုရင်က ကျန်းချန်၏ အမိန့်ကိုရသည်နှင့် သူ၏ အုပ်စုဘက်သို့ လှည့်ကာ ဟိန်းဟောက်လိုက်သည်။

ဤတိမ်တိုက်နက် ကျားအုပ်စုသည် တိမ်တိုက်နက် ကျားဘုရင်အမိန့်ကို သိသိသာသာပင် နာခံခဲ့ကြသည်။

၎င်းတို့အားလုံးက နောက်ပြန်လှည့်လိုက်ပြီး ကျိမြဲ့တောင်တန်းဆီသို့ ပြန်လည်၍ ဦးတည်သွားခဲ့ကြသည်။

မကြာခင်မှာပင် တိမ်တိုက်နက် ကျားအုပ်စုသည် ကျန်းချန်တို့ မြင်ကွင်းကနေ လုံးဝ ပျောက်ကွယ်သွားခဲ့၏။

အခန်း(၁၂၆၂)ပြီး၏

အခန်း(၁၂၆၃)

တိမ်တိုက်နက် ကျားအုပ်စု နောက်ဆုတ်သွားသည်ကို မြင်လျှင် ဤအချိန်တွင် ချင်းမိန်၏ စိတ်ခံစားချက်သည် စကားလုံးများဖြင့်ပင် ဖော်ပြ၍ မရတော့ပေ။

ဤတစ်ကြိမ် တိမ်တိုက်နက် ကျားအုပ်စုနှင့် ထိပ်တိုက်တိုးခြင်းသည် သူမတို့ အဖွဲ့အတွက် ကံဆိုးခြင်းနှင့် ကြုံတွေ့ရနိုင်သည်ဟု သူမ မူလက ထင်ထားခဲ့သည်။

သို့သော် သေရေးရှင်ရေး အခြေအနေတွင် ကျန်းချန်သည် တိမ်တိုက်နက် ကျားအုပ်စု၏ခေါင်းဆောင် ဖြစ်သည့် သတ္တမအဆင့် သားရဲဘုရင်ကို အလွယ်တကူပင် သိမ်းသွင်းခဲ့ပြီး အခြေအနေကို ချက်ချင်းဆိုသလို ပြောင်းပြန်လှန်ပစ်ကာ သူမတို့ ရင်ဆိုင်နေရသည့် အန္တရာယ်ကို ဖြေရှင်းပေးလိုက်သည်။

ဤအချိန်တွင် ချင်းမိန်သည် ယွဲ့စစ်ယွင်၏ အမြင်ကို မချီးကျူးဘဲ မနေနိုင်တော့ပေ။

ထိုကောင်မလေးသည် အမှန်တကယ်ပင် သူတို့အဖွဲ့ထဲသို့ ပါရမီရှင် တစ်ယောက်ကို ခေါ်သွင်းခဲ့သည် မဟုတ်ပါလော။

"ဒီကောင်က ဒီလောက်ထိ အစွမ်းထက်တဲ့ သားရဲယဥ်ပါးခြင်းအတတ်ကိုတောင် တတ်မြောက်နေတယ်လား"

ကူကျန့်၏ အမူအရာက သုန်မှုန်နေခဲ့ပြီး စိတ်နှလုံးထဲတွင် အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။

ကျန်းချန်အပေါ် သူ၏ အကြည့်များသည် မနာလိုသောအရိပ်အယောင်များ ဖြစ်ပေါ်နေခဲ့၏။

သတ္တမအဆင့် တိမ်တိုက်နက်ကျားဘုရင်ကို ဤကဲ့သို့အလွယ်တကူ အနိုင်ယူနိုင်သော ခွန်အားသည် နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့် ကျင့်ကြံသူများထက် လုံးဝမနိမ့်ပေ။

ထိုသို့ တွေးမိလိုက်လျှင် ကူကျန့်၏ အမူအရာသည် ချက်ချင်းပင် အလွန်အမင်း သုန်မှုန်သွားခဲ့သည်။

ဤအတိုင်းသာဆိုလျှင် ထိုကောင်လေးသည် သူ၏ အစီအစဥ်တွင် အကြီးမားဆုံး အနှောင့်အယှက် ဖြစ်လာနိုင်ပေ၏။

"အစ်ကိုကြီးကျန်းချန်က အရမ်းအံ့သြဖို့ကောင်းတာပဲ.. တိမ်တိုက်နက် ကျားဘုရင်ကိုတောင် လွယ်လွယ်ကူကူ ယဥ်ပါးအောင် လုပ်နိုင်တယ်"

ကျန်းချန်က သူမတို့၏ အခက်အခဲကို ချက်ချင်းဆိုသလို ဖြေရှင်းပေးလိုက်သည်ကို မြင်လျှင် ယွဲ့စစ်ယွင်၏ လှပသောမျက်လုံးထဲတွင် ကျန်းချန်အပေါ်ကြည်ညိုစိတ်များ တဖွားဖွား ဖြစ်ပေါ်လာခဲ့သည်။

ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံး၍ ပြန်ဖြေလိုက်၏။

"အဲဒီလောက်လည်းမဟုတ်ပါဘူး.. ငါက သားရဲယဥ်ပါးခြင်းအတတ်ကို နည်းနည်းပါးပါးလောက်ပဲ လေ့လာထားရုံပါ"

"............."

ကျန်းချန်၏ စကားကိုကြားလျှင် ချင်းမိန်သည် မည်သို့ပြန်ပြောရမှန်းပင် မသိတော့ပေ။

သတ္တမအဆင့် သားရဲဘုရင်တစ်ကောင်ကို ဤမျှလောက်အထိ အလွယ်တကူ အနိုင်ယူဖို့ ဆိုသည်မှာ သတ္တမအဆင့်အထွတ်အထိပ် သားရဲသခင် တစ်ယောက် အတွက်ပင် လွယ်ကူသော အလုပ် မဟုတ်ပေ။

ကျန်းချန်၏ စကားကိုသာကြားလျှင် သတ္တမအဆင့် သားရဲသခင်သည် ကိုယ့်ကိုယ်ကိုယ် သတ်သေသွားမလား မပြောနိုင်ပေ။

"ခေါင်းဆောင်ချင်းမိန်.. ကျိမြဲ့တောင်တန်းထဲကို ဝင်ဖို့ဆန္ဒရှိသေးလား.. ဝင်မယ်ဆိုရင်လည်း စိတ်ချလက်ချဝင်ပါ.. ဖြစ်ပေါ်လာတဲ့ ပြဿနာတွေကို ငါဖြေရှင်းပေးပါ့မယ်"

ချင်းမိန် စကားမပြောနိုင် ဖြစ်နေစဥ်မှာပင် ကျန်းချန်၏ အသံသည် သူမ၏ နားထဲသို့ ရုတ်တရက် ဝင်ရောက်လာခဲ့သည်။

"ကောင်းပြီ ကူကျန့်.. ရှင်ရှေ့ကနေ ဦးဆောင်ပြီးတော့ လမ်းပြပေးပါ"

ချင်းမိန်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး သူမနံဘေးရှိ ကူကျန့်ကို ကြည့်ကာ‌ ပြောလိုက်သည်။

သူတို့အဖွဲ့ထဲတွင် ကျန်းချန် ရှိနေခြင်းသည် နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့် ကျင့်ကြံသူ တစ်ယောက် ရှိနေသည်နှင့် ညီမျှသည်။

ထိုအတွက်ကြောင့် သူမ ဖခင်ကို ကယ်တင်ရာတွင် များစွာ ပို၍ လွယ်ကူသွားမည်မှာ သေချာသလောက် ဖြစ်၏။

ချင်းမိန်၏ စကားကို ကြားလျှင် ကူကျန့်၏ မျက်လုံးများက အနည်းငယ် လင်းလက်သွားခဲ့ပြီး သူတို့လူစုကို ဦးဆောင်ကာ ကျိမြဲ့တောင်ထဲကို ဝင်ရောက်သွားခဲ့သည်။

ကျန်းချန်၏ စွမ်းဆောင်ရည်က အံ့သြဖွယ်ကောင်းသော်လည်း အခြေအနေက ဤအဆင့်ထိ ရောက်လာခဲ့ပြီဖြစ်သည်။

မြားက ကြိုးပေါ်သို့ ရောက်နေပြီ ဖြစ်၍ သူ့အနေဖြင့် မဖြစ်မနေ ပစ်ရတော့မည် မဟုတ်ပါလော။

ထို့အပြင် သူတို့ဘက်မှ အင်အားသည် အလွန်ပင် ကြီးမားပြီး နတ်ဝိညာဥ်ဘုရင် နယ်ပယ်တစ်ပါးမက ရှိ၏။

၎င်းတို့က သတ္တမအဆင့် သားရဲဘုရင်ကို ထိန်းချုပ်နိုင်သော သားရဲသခင် တစ်ဦးကို ကိုင်တွယ်ရန် လုံလောက်သည်ထက်ပင် ပိုနေသေးသည်။

ကူကျန့်၏ လမ်းပြမှုဖြင့် ကျန်းချန်တို့ အုပ်စုသည် ကျိမြဲ့တောင်တန်းထဲကို ဝင်ရောက်လာခဲ့ကြသည်။

ကျန်းချန်က တိမ်တိုက်နက် ကျားဘုရင်ကို အနိုင်ယူခဲ့သောကြောင့် ဤတစ်ခေါက်တွင်မူ ကျန်းချန်တို့သည် ကျိမြဲ့တောင်တန်းထဲကို အလွယ်တကူ ဝင်ရောက်နိုင်ခဲ့ကြပြီး လမ်းတစ်လျှောက်လုံးတွင် မည်သည့် အခက်အခဲကိုမှ မတွေ့ရှိခဲ့ပေ။

များမကြာမီပင် ကူကျန့်သည် သူတို့လူစုကို ကျိမြဲ့တောင်တန်း၏ နက်ရှိုင်းသော နေရာရှိ မီတာသုံးထောင်အကွာအဝေးအထိ ခေါ်ဆောင်လာခဲ့သည်။

ထိုနေရာတွင် ကြီးမားသော ချိုင့်ဝှမ်းတစ်ခု ရှိနေခဲ့၏။

"ကူကျန့် ကျွန်မအဖေက ဘယ်နားမှာ ပိတ်မိနေတာလဲ"

ချင်းမိန်က အရှေ့ကနေ လမ်းပြနေသည့် ကူကျန့်ကို တစ်ချက်ကြည့်လိုက်ပြီး သူမ၏ လှပသော မျက်ဝန်းထဲတွင် စိတ်မရှည်သည့် အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

စင်စစ် ချင်းမိန်သည် ဆိတ်ငြိမ်နယ်မြေ အနီးရှိ ကြယ်နှစ်ပွင့် အထွတ်အထိပ် မိသားစုမှ မွေးဖွားလာသူ ဖြစ်သည်။

သူမတို့ ချင်းမိသားစု၏ ဘိုးဘေး ဖြစ်သည့် နတ်ဝိညာဥ်ဘုရင်နယ်ပယ် နဝမအဆင့် အထွတ်အထိပ် ကျင့်ကြံသူသည် သိပ်မကြာခင် သက်တမ်း ကုန်ဆုံးတော့မည် ဖြစ်သည်။

ချင်းမိသားစု ဘိုးဘေးသည် ချင်းမိသားစု တစ်ခုလုံး၏ အရေးပါသော မှီခိုရာ တစ်ခု ဖြစ်သည်။

ထိုဘိုးဘေးသာ သေဆုံးသွားလျှင် သူမတို့ ချင်းမိသားစုသည် အခက်အခဲထဲသို့ ကျ‌ရောက်သွားပေလိမ့်မည်။

ထို့ကြောင့် ဤကာလအတွင်း ချင်းမိသားစုသည် ကိုယ်ခံပညာ၏ စစ်မှန်သော အဓိပ္ပါယ်ကို မြှင့်တင်ပေးနိုင်မည့်ရတနာများအား ရှာဖွေနေခဲ့သည်။

သူမတို့၏ ရည်ရွယ်ချက်မှာ ချင်းမိသားစု၏ ဘိုးဘေးကို ကိုယ်ခံပညာ၏ စစ်မှန်သောအဓိပ္ပါယ်တွင် ပြီးပြည့်စုံသောမဟာအဆင့်သို့ ရောက်ရှိစေပြီး ခြေတစ်လှမ်းတည်းဖြင့် နတ်သန္ဓေအင်ပါယာအဆင့်ကို တက်လှမ်းနိုင်ရန် ဖြစ်သည်။

လွန်ခဲ့သည့် တစ်လခန့်ကစ၍ စုံစမ်းမှုများစွာ ပြုလုပ်ခဲ့ပြီးနောက်တွင် ချင်းမိသားစုသည် အဆုံးသတ်၌ ဆိတ်ငြိမ်နယ်မြေတွင် တာအိုသစ်သီး၏ သတင်းကို ရရှိခဲ့သည်။

ဤသစ်သီးသည် ကိုယ်ခံပညာ၏ စစ်မှန်သောအဓိပ္ပါယ်ကို နားလည်စေနိုင်သော နတ်သစ်သီးတစ်မျိုး ဖြစ်သည်။

နတ်ဝိညာဉ်ဘုရင် နယ်ပယ် အထွတ်အထိပ်သို့ ရောက်ရှိနေသော ကျင့်ကြံသူ များစွာအတွက် ဤတာအိုသစ်သီးသည် နောက်ဆုံးခြေလှမ်းကို လှမ်းနိုင်ရန် အကူအညီပေးနိုင်မည့် အမြင့်မြတ်ဆုံး ရတနာ ဆိုလည်းမမှားပေ။

တာအိုသစ်သီး၏ သတင်းကိုရရှိပြီးနောက်တွင် ချင်းမိသားစု၏ ခေါင်းဆောင်ဖြစ်သော ချင်းမိန်၏ ဖခင်သည် တာအိုသစ်သီးကို ရယူရန်အတွက် ဆိတ်ငြိမ်နယ်မြေထဲသို့ ဝင်ရောက်လာခဲ့သည်။

သို့သော်လည်း သူမ ဖခင် ဆိတ်ငြိမ်နယ်မြေထဲသို့ ဝင်ရောက်ခဲ့သည့် အချိန်မှစ၍ သူမ ဖခင်နှင့် ပတ်သက်သည့် မည်သည့်သတင်းကိုမှ မကြားရတော့ပေ။

လွန်ခဲ့သော ရက်အနည်းငယ်က ကူကျန့်သည် ရုတ်တရက် ချင်းမိသားစုထံသို့ ရောက်ရှိလာခဲ့ပြီး ချင်းမိန်၏ ဖခင်က ဆိတ်ငြိမ်နယ်မြေထဲတွင် ပိတ်မိနေကြောင်း ပြောပြခဲ့သည်။

ထို့ကြောင့်ပင် ချင်းမိန်သည် ကူကျန့်နှင့်အတူ ဆိတ်ငြိမ်နယ်မြေထဲသို့ ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။

ယခုအခါတွင် သူမ ဖခင် ပိတ်မိနေသော နေရာသို့ ရောက်တော့မည်ဖြစ်ရာ ချင်းမိန်သည် စိတ်အားတက်ကြွနေခဲ့သည်။

"သိပ်မကြာခင် ရောက်တော့မှာပါ.. ငါ့နောက်ကသာ လိုက်လာခဲ့"

စကားဆုံးသည်နှင့် ကူကျန့်က ရှေ့ဆက်သွားခဲ့သည်။

ချင်းမိန်က ကူကျန့်၏ နောက်မှလိုက်ရန် ပြင်နေစဉ်မှာပင် ကျန်းချန်သည် ချင်းမိန်၏လက်ကို ရုတ်တရက်ဆွဲကာ ပြောလိုက်သည်။

"ဒီကောင့်နောက်ကို လိုက်မသွားနဲ့.. ဒီချိုင့်ဝှမ်းက ထောင်ချောက်သက်သက်ပဲ"

ကျန်းချန်၏ သတိပေးစကားကို ကြားလျှင် ချင်းမိန်၏ မျက်နှာအမူအရာသည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

သူမက ကူကျန့်ကို အေးစက်စက် မျက်ဝန်းများဖြင့် စူးစိုက်ကြည့်ကာ ပြောလိုက်သည်။

"ကူကျန့်.. နင် ငါ့ကိုလှည့်စားရဲတယ်လား"

"ချင်းမိန် ဒီကောင့်စကားကို မယုံပါနဲ့.. မင်းအဖေက ဒီချိုင့်ဝှမ်းထဲမှာ မတော်တဆ ပိတ်မိနေတယ်ဆိုတာ ငါလုံးဝ အာမခံတယ်"

ကူကျန့်က အလျင်အမြန်ပင် ပြန်ပြောလိုက်သည်။

"ခေါင်းဆောင်ချင်းမိန်ရဲ့ အဖေက ဒီချိုင့်ဝှမ်းထဲမှာ မတော်တဆ ဖြစ်ခဲ့တာ ဖြစ်နိုင်ပေမဲ့ ဒီကောင်ကတော့ ဒီချိုင့်ဝှမ်းထဲက လူတွေနဲ့ တစ်ဖွဲ့တည်းဖြစ်နေမှာ ကျွန်တော်စိုးရိမ်မိတယ်"

ကျန်းချန်က ပေါ့ပေ့ါပါးပါးပင် ပြောလိုက်သည်။

"ကူကျန့် ဘာမှဟန်ဆောင်မနေနဲ့တော့. နတ်ဝိညာဉ်ဘုရင်နယ်ပယ်အဆင့် ကျင့်ကြံသူတစ်ဦး.. သိုင်းသခင်နယ်ပယ်နှောင်းပိုင်းအဆင့် ကျင့်ကြံသူငါးဦးကို ခေါ်ထုတ်လိုက်လို့ရပြီ"

"ဒီကောင်က သိသွားပြီကိုး"

ကူကျန့်၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

သူက တုံ့ဆိုင်းမနေဘဲ ချိုင့်ဝှမ်းထဲကို တိုက်ရိုက်ပင် အချက်ပြလိုက်၏။

ချက်ချင်းဆိုသလိုပင် ချိုင့်ဝှမ်းထဲကနေ အင်အားကြီးမားသော ပုဂ္ဂိုလ်အချို့သည် လေထဲတွင် ထွက်ပေါ်လာခဲ့ပြီး အောင်ပွဲခံသည့် ရယ်သံတစ်သံသည် ချက်ချင်းဆိုသလို ပဲ့တင်ထပ်သွားခဲ့သည်။

"ဟားဟား ကူကျန့်. မင်းကောင်းကောင်း လုပ်နိုင်ခဲ့တာပဲ.. နောက်ဆုံးတော့ ချင်းရှန်းမိန်ရဲ့ သမီးကို ခေါ်လာနိုင်ခဲ့ပြီ.. ဒီကိစ္စ ပြီးသွားရင် ငါတို့ မိစ္ဆာနက်အဖွဲ့က မင်းအတွက် အကျိုးအမြတ် ခွဲဝေပေးမယ်"

ချိုင့်ဝှမ်းထဲကနေ ထွက်ပေါ်လာသည့် အသံကို ကြားလိုက်ရလျှင် ချင်းမိန်သည် ချက်ချင်းဆိုသလို ဒေါသထွက်သွားခဲ့သည်။

"ကူကျန့်.. ရှင်က လူယုတ်မာပဲ.. ဆိတ်ငြိမ်နယ်မြေထဲက လူတွေနဲ့ ပူးပေါင်းပြီး ငါ့အဖေကို ဘာလုပ်ခဲ့တာလဲ"

ချင်းမိန် သိထားသလောက်ဆိုလျှင် ထူးခြားသော အထောက်အထားများ ရှိသည့် ကျင့်ကြံသူများသည် ဆိတ်ငြိမ်နယ်မြေထဲတွင် အသက်ရှင် ရပ်တည်နိုင်ရန် အတွက် အဖွဲ့အစည်းများကို ထူထောင်ခဲ့ကြသည်။

ထိုအထဲတွင် မိစ္ဆာနက်အဖွဲ့သည် ဆိတ်ငြိမ်နယ်မြေထဲရှိ နာမည်ကျော် အဖွဲ့အစည်းတစ်ခု ဖြစ်ပြီး ကြယ်နှစ်ပွင့် အင်အားစုထက်ပင် မနိမ့်ကျပေ။

ကူကျန်းက သူမ ဖခင်ကို ဒုက္ခပေးရန်အတွက် မိစ္ဆာနက်အဖွဲ့နှင့်ပူးပေါင်းရုံသာမက သူမကိုပါ လှည့်စား၍ ခေါ်ဆောင်ခဲ့မည်ဟု ချင်းမိန် လုံးဝ မမျှော်လင့်ထားခဲ့ပေ။

"ဟားဟား ငါက မိစ္ဆာနတ်အဖွဲ့နဲ့ ပူးပေါင်းရင်တောင် မင်း ဘာလုပ်နိုင်မှာမို့လဲ.. ချင်းမိန်.. ငါတို့ ကူမိသားစုက မင်းတို့ ချင်းမိသားစု တာအိုသစ်သီး ရပြီး မင်းတို့ဘိုးဘေး နတ်သ‌န္ဓေအင်ပါယာအဆင့် တက်လှမ်းတာကို ဒီအတိုင်း ထိုင်ကြည့်နေမယ်လို့များ ထင်နေလား.. ကောင်မ.. မင်းက အမြဲတစေ မာနကြီးပြီး ငါ့ကို အထင်သေးခဲ့တယ်.. မင်းရဲ့အဖေနဲ့ ချင်းမိသားစု ဘိုးဘေးသာ သေသွားရင် ငါ့ရှေ့မှာ မင်းဘယ်လိုအရည်အချင်းနဲ့ မာနထောင်လွှားနိုင်ဦးမလဲ ဆိုတာ ငါကြည့်ချင်သေးတယ်"

ကူကျန့်က ကျေနပ်အားရစွာ ရယ်‌မောလိုက်သည်။

ကူကျန့် ရယ်နေစဉ် အတောအတွင်းမှာပင် လေထဲမှ အနက်ရောင်ဝတ်စုံဝတ် လူခြောက်ယောက်သည် ကျန်းချန်တို့လူစု၏ ရှေ့တွင် ချက်ချင်းဆိုသလို ပေါ်လာခဲ့သည်။

အခန်း (၁၂၆၃) ပြီး၏။

All Chapters