← Chapters

အခန်း (၁၂၆၄-၁၂၆၆)

Vol. 85 Ch. 1264-1266

အခန်း (၁၂၆၄-၁၂၆၆)

Vol. 85 Ch. 1264-1266

အခန်း(၁၂၆၄)

ရောက်ရှိလာသော အနက်ရောင်ဝတ်စုံဝတ် လူခြောက်ယောက်သည် မိစ္ဆာနက် အဖွဲ့အစည်းမှ ဖြစ်ကြသည်။

ခေါင်းဆောင်လုပ်သူမှာ ကြမ်းတမ်းသော ရုပ်ရည်အသွင်အပြင် ရှိသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက် ဖြစ်ပြီး နတ်ဝိညာဥ်ဘုရင် နယ်ပယ် တတိယအဆင့်ကျင့်ကြံသူ တစ်ဦးလည်း ဖြစ်သည်။

ထိုလူလတ်ပိုင်းအရွယ် အမျိုးသား၏ အကြည့်သည် ချင်းမိန်ကိုယ်ပေါ်သို့ တန်းတန်းမတ်မတ်ပင် ကျရောက်သွားခဲ့သည်။

"မင်းက ချင်းရှန်းမင်ရဲ့ သမီးလား"

ချင်းမိန်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီးမှ အေးစက်စက် ပြန်ဖြေလိုက်သည်။

"ဟုတ်တယ် ကျွန်မအဖေ အခုဘယ်လိုနေလဲ.. ရှင်တို့ ကျွန်မအဖေကို ဘာလို့ ဖမ်းထားတာလဲ"

"မစိုးရိမ်ပါနဲ့ တာအိုသစ်သီးမရသရွေ့ မင်းရဲ့အဖေက သေချင်ပါတယ် ဆိုရင်တောင် ငါတို့ပေးသေမှာ မဟုတ်ဘူး"

လူလတ်ပိုင်းအရွယ် အမျိုးသားက ချင်းမိန်ကို ပြုံး၍ ပြောလိုက်သည်။

"ဒီမိန်းမကို ထားပြီး ကျန်တဲ့လူတွေ အားလုံးကို သတ်ပစ်လိုက်တော့"

"ခဏလေးနေပါဦး"

ခေါင်းဆောင်လုပ်သူ၏ စကားကိုကြားလျှင် ချင်းမိန်၏ အမူအရာသည် ပြောင်းလဲသွားခဲ့သည်။

သူမက လေထုထဲရှိ လူလတ်ပိုင်းအရွယ် အမျိုးသားကို အေးစက်စက် စိုက်ကြည့်ကာ တောင်းဆိုလိုက်၏။

"ဒီကိစ္စက သူတို့နဲ့ ဘာမှမဆိုင်ဘူး.. သူတို့ကို ထွက်သွားခွင့်ပြုမယ်ဆိုရင် ကျွန်မ ရှင်တို့နောက်ကို အေးအေးဆေးဆေး လိုက်လာခဲ့မယ်"

ကျန်းချန်က အလွန်ပင် လျှို့ဝှက်ဆန်းကြယ်ပြီး သတ္တမအဆင့်သားရဲဘုရင်ကိုပင် ထိန်းချုပ်နိုင်ကာ နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့်နှင့် ယှဥ်နိုင်သော စွမ်းရည် ရှိသည်။

သို့သော်လည်း မိစ္ဆာနက် အဖွဲ့အစည်းမှ ကျင့်ကြံသူများကို ယှဥ်နိုင်မည်ဟု ချင်းမိန် လုံးဝ မယုံကြည်ခဲ့ပေ။

ဤတစ်ကြိမ်တွင် သူမသည် ကျန်းချန်နှင့်စစ်ယွင်ကို ဒုက္ခပေးခဲ့ခြင်း ဖြစ်၍ ချင်းမိန်သည် ၎င်းတို့ အသက်ဆုံးရှုံးမည်ကို မလိုလားခဲ့ပေ။

"ဝမ်းနည်းပါတယ်.. ငါ့မှာအသက်ရှင်လျက် လွှတ်ပေးရိုး ထုံးစံမရှိဘူး"

ချိုးစန်းရှာက မဲ့ပြုံးပြုံးလိုက်ပြီး သူ၏ လက်ကိုဝှေ့ယမ်းကာ အမိန့်ပေးလိုက်သည်။

"သတ်ပစ်လိုက်တော့"

ချိုးစန်းရှာထံမှ အမိန့်ကို ရရှိသည်နှင့် သိုင်းသခင်နယ်ပယ်နှောင်းပိုင်းအဆင့် အနက်ရောင်ဝတ်စုံဝတ် ကျင့်ကြံသူများသည် သတ်ဖြတ်လိုစိတ် အပြည့်ဖြင့် ကျန်းချန်တို့ လူစုဆီသို့ ပြေးလွှား၍ ဝင်ရောက်လာကြသည်။

"ဝေါင်း..."

သို့သော် ထိုအခိုက်တွင် လေထုထဲ၌ ကျားဟိန်းသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

ကျန်းချန်၏ ရှေ့တွင် ကြောင်တစ်ကောင်လိုပုံစံ ဖြစ်နေသည့် အိမ်မွေးတိရစ္ဆာန်လေးသည် ချက်ချင်းပင် (၁၀)ပေခန့် ရှည်သည့် ဧရာမတိမ်တိုက်နက် ကျားတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ပထမဦးဆုံး ပြေးဝင်လာသည့် အနက်ရောင်ဝတ်စုံဝတ် ကျင့်ကြံသူကို တိုက်ခိုက်လိုက်သည်။

အနက်ရောင်ဝတ်စုံဝတ် ကျင့်ကြံသူက ဘာမှပင် မတုံ့ပြန်နိုင်ခဲ့ဘဲ ဧရာမ တိမ်တိုက်နက်ကျား၏ ခြေသည်းဖြင့် ကုတ်ဖဲ့ခံရကာ သေဆုံးသွားခဲ့သည်။

"သတ္တမအဆင့် သားရဲဘုရင်ပါလား"

ထိုမြင်ကွင်းကိုမြင်လျှင် ကျန်ရှိနေသည့် အနက်ရောင်ဝတ်စုံဝတ် ကျင့်ကြံသူများ၏ မျက်လုံးသူငယ်အိမ်များသည် ရုတ်တရက် ကျုံ့ဝင်သွားကြသည်။

သူတို့က ထိတ်လန့်တကြားဖြစ်ကာ (၁၀)ပေကျော်အကွာအဝေးအထိ ထိတ်လန့်တကြား ဆုတ်ခွာခဲ့ကြ၏။

"ဆရာကြီး.. ဟိုဘက်က အနက်ရောင် ဝတ်စုံဝတ် ကောင်လေးက သတ္တမအဆင့် သားရဲဘုရင်ကို ထိန်းချုပ်နိုင်တဲ့ သားရဲသခင် တစ်ယောက်ပဲ"

ကူကျန့်က လေထဲရှိ ချိုးစန်းရှာကို အလျင်အမြန် အော်ဟစ်သတိပေးကာ မျက်နှာလိုမျက်နှာရ လုပ်လိုက်သည်။

"မင်းသတိပေးစရာလိုအပ်လို့လား ငါမျက်စိမကန်းသေးဘူး"

ချိုးစန်းရှာက ကူကျန့်ကို ဒေါသတကြီး အော်ဟစ်လိုက်သည်။

ထို့နောက်တွင် သူက ကျန်းချန်ကို စူးရှသော မျက်ဝန်းများဖြင့် စိုက်ကြည့်ကာ ပြောလိုက်၏။

"ကောင်လေး.. ငါက မိစ္ဆာနက်အဖွဲ့ရဲ့ တတိယသခင်ပဲ.. ဒီနေ့ကိစ္စကို မစွက်ဖက်ဘူးဆိုရင် ငါမင်းကို သွားခွင့်ပြုနိုင်တယ်"

ဆိတ်ငြိမ်နယ်မြေတွင် အရာအားလုံးသည် ခွန်အားပေါ်တွင်သာ မူတည်သည်။

သတ္တမအဆင့် သားရဲဘုရင်သည် သူ့အနေဖြင့် အလွယ်တကူ သတ်ဖြတ်နိုင်သော အဆင့်အတန်း မဟုတ်ပေ။

သူက မဖြစ်မနေ တိုက်ခိုက်ရမည့် အခြေအနေသို့ မရောက်သရွေ့ ကျန်းချန်နှင့် မျက်နှာချင်းဆိုင် မတိုက်ခိုက်ချင်ခဲ့ပေ။

"ဟားဟား မင်းက ဘာကောင်မို့လို့လဲ.. ငါ့ဘာသာ ဒီနေရာကနေ ထွက်သွားချင်ရင် အချိန်မရွေး ထွက်သွားလိုက်လို့ရတယ်.. မင်းရဲ့ သဘောတူညီချက်ကို ဘာလို့ယူရမှာလဲ"

ကျန်းချန်က ချိုးစန်းရှာကို ထီမထင်ဟန်ဖြင့် ကြည့်လိုက်သည်။

"သူတို့တွေအားလုံး အခု ငါ့ရဲ့ စောင့်ရှောက်မှုအောက်မှာ ရှိနေတယ်.. မင်းဘာသာ ဘယ်သူပဲဖြစ်ဖြစ် ငါ့ရဲ့ လူတွေကို မထိတာ အကောင်းဆုံးပဲလို့ ငါအကြံပေးချင်တယ်"

ကျန်းချန်၏ ခြိမ်းခြောက်သော စကားကိုကြားလျှင် ချိုးစန်းရှာ၏ အမူအရာသည် အေးစက်သွားခဲ့သည်။

"ကောင်လေး မင်းက တကယ်ပဲ ငါတို့ မိစ္ဆာနက်အဖွဲ့ကို ဆန့်ကျင်မလို့လား"

"မင်းတို့နဲ့ ရန်သူဖြစ်တော့ရော ဘာဖြစ်လဲ.. မင်းတို့ မိစ္ဆာနက်အဖွဲ့‌လောက်ကို မပြောနဲ့.. နိဗ္ဗာန်မြို့တော်က ကျင့်ကြံသူ တစ်ယောက်ယောက် ငါ့ရှေ့မှာ ရပ်နေရင်တောင် ငါကျန်းချန်က လုံးဝ ကြောက်ရွံ့မှာ မဟုတ်ဘူး.. မင်းတို့လို အသေးအဖွဲ မိစ္ဆာနက် အဖွဲ့လောက်ကိုဆို ပြောမနေနဲ့တော့"

ကျန်းချန်က မထီမဲ့မြင် ပြုံး၍ ပြောလိုက်သည်။

သူ၏ အသံက အမိန့်ပေးနေသကဲ့သို့ ဖြစ်နေခဲ့၏။

"ကောင်လေး မင်းက စကားကောင်း ပြောနေတာကို နားမလည်ဘူးဆိုမှတော့ ငါ့ကို ရက်စက်တယ်ဆိုပြီး အပြစ်မတင်နဲ့တော့.. ဒီတိမ်တိုက်နက်ကျားကို ငါနဲ့လွှဲထားခဲ့.. မင်းတို့က အဲဒီကောင်ကို အမြန်ရှင်းပစ်လိုက်"

ချိုးစန်းရှာက အေးစက်စက် ရေရွတ်လိုက်ပြီး ချက်ချင်းဆိုသလိုပင် သူ၏ ပုံရိပ်သည် လင်းလက်သွားကာ တိမ်တိုက်နက်ကျားဘုရင် ဆီသို့ ပြေးဝင်သွားခဲ့သည်။

"သတ်"

အနက်‌ရောင်ဝတ်စုံဝတ် ကျင့်ကြံသူ လေးဦးသည် ချိုးစန်းရှာ တိမ်တိုက်နက် ကျားဘုရင် ဆီသို့ ပြေးဝင်သွားသည်ကို မြင်သည်နှင့် ကျန်းချန်ဆီသို့ ပြေးဝင်လာခဲ့ကြသည်။

ကျန်းချန်က အနက်ရောင် ဝတ်စုံဝတ် ကျင့်ကြံသူ လေးဦးကို လှည့်၍ပင် မကြည့်ဘဲ ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။

"ဝူယင်း ဒီပုရွက်ဆိတ်လေးတွေကို မင်းပဲ ရှင်းပစ်လိုက်တော့"

"ဟုတ်ကဲ့ပါ သခင်"

ကျန်းချန်၏ အမိန့်ကို ရရှိသည်နှင့် ကျန်းချန်၏ နောက်ကနေ တိတ်တဆိတ် လိုက်ပါလာခဲ့သည့် ဖုန်းဝူယင်းသည် အဆုံးသတ်တွင် လှုပ်ရှားလိုက်ပြီ ဖြစ်သည်။

သူက ကျန်းချန်၏ အနောက်ကနေ ရှေ့သို့ လှမ်းတက်လာခဲ့ပြီး လက်တစ်ဖက်ကို လှုပ်ရှားလိုက်သည်နှင့် အပြာရောင် လေလှိုင်း လေးခုသည် လေထုထဲသို့ ထိုးဖောက်သွားခဲ့သည်။

ထိုအပြာရောင် လေလှိုင်းလေးခုသည် လေထုကို ထိုးဖောက်သွားပြီးနောက်တွင် အနက်ရောင်ဝတ်စုံဝတ် ကျင့်ကြံသူ၏ ရှေ့တွင် ရုတ်ခြည်းဆိုသလို ပေါ်လာခဲ့၏။

အနက်ရောင်ဝတ်စုံဝတ် ကျင့်ကြံသူလေးဦးသည် အော်ဟစ်ရန်ပင် အချိန်မရလိုက်ဘဲ ထိုအပြာရောင် လေလှိုင်းကြောင့် အပိုင်းပိုင်း ပြတ်တောက်သွားခဲ့သည်။

"ဒါက.."

သူတို့ရှေ့မှ မယုံကြည်နိုင်စရာ အခြေအနေကို မြင်လိုက်ရလျှင် ချင်းမိန်နှင့်ယွဲ့စစ်ယွင်တို့နှစ်ယောက်စလုံးသည် ရုတ်တရက် ထိတ်လန့်သွားခဲ့ကြသည်။

လက်တစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် သိုင်းသခင်နယ်ပယ် နှောင်းပိုင်းအဆင့်တွင် ရှိသည့် ကျင့်ကြံသူ လေးဦးကို သတ်ဖြတ်နိုင်ခဲ့သည်။

ဤကဲ့သို့သော စွမ်းဆောင်ရည်က သိုင်းသခင် နယ်ပယ်အဆင့် ကျင့်ကြံသူ တစ်ယောက် ထုတ်ဖော်နိုင်သော စွမ်းရည်မဟုတ်ပေ။

"ဒီအဘိုးကြီးက နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့်ပဲ ဖြစ်ရမယ်"

ကျန်းချန်၏ နောက်တွင် တိတ်တဆိတ် လိုက်ပါလာသည့် အစေခံ အဘိုးကြီးသည် နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့် ကျင့်ကြံသူ ဖြစ်နေလိမ့်မည်ဟု သူတို့ လုံးဝ မထင်ထားခဲ့ပေ။

"နတ်ဝိညာဥ်ဘုရင်လား"

ဤမြင်ကွင်းကို ကြည့်ကာ ကူကျန့်၏ မျက်နှာထက်တွင် ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။

အသက်(၂၀)အရွယ် ကောင်လေး တစ်ယောက်သည် သတ္တမအဆင့် သားရဲဘုရင်ကို ထိန်းချုပ်နိုင်သည့် သားရဲသခင် ဖြစ်နေသည့်အပြင် နံဘေးရှိ အစေခံကလည်း နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့် ကျင့်ကြံသူ ဖြစ်နေခဲ့သည်။

"ဒီလို မွန်းစတားတစ်ကောင်ကို ချင်းမိန် ဘယ်ကနေ ရှာတွေ့ခဲ့သလဲ မသိဘူး"

"မင်းတို့ထဲမှာ နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူတစ်ယောက် ရှိနေသေးတာကိုး"

လေထုထဲတွင် တိမ်တိုက်နက် ကျားဘုရင်နှင့် ထိပ်တိုက်ရင်ဆိုင်နေသည့် ချိုးစန်းရှာသည် ဤအချိန်တွင် ထိတ်လန့်တကြား ဖြစ်သွားခဲ့သည်။

မျက်စိတစ်မှိတ်အတွင်း သိုင်းသခင်နယ်ပယ် နှောင်းပိုင်းအဆင့် ကျင့်ကြံသူလေးယောက်ကို သတ်ဖြတ်ရန်မှာ နတ်ဝိညာဥ်ဘုရင် နယ်ပယ် တတိယအဆင့် ဖြစ်သည့် သူ၏ ခွန်အားဖြင့်ပင် မဖြစ်နိုင်ပေ။

ဤလူက သူ့ထက် ပိုမိုသန်မာသည့် နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့် ဖြစ်သည်မှာ သေချာသလောက် ဖြစ်၏။

"ကောင်လေး မင်းငါ့ကို စောင့်နေ.. ငါတို့ မိစ္ဆာနက်အဖွဲ့က မင်းကို လုံးဝ အလွှတ်ပေးမှာ မဟုတ်ဘူး"

ချိုးစန်းရှာက ဒေါသတကြီး ကြုံးဝါးလိုက်ပြီးနောက်တွင် သူ၏ လက်ဝါးရိုက်ချက်ဖြင့် တိမ်တိုက်နက် ကျားဘုရင်ကို ဟန့်တားလိုက်သည်။

ထို့နောက်တွင် ချိုးစန်းရှာသည် အလျင်အမြန် ထွက်ပြေးသွားခဲ့၏။

လက်ရှိအချိန်တွင် ချိုးစန်းရှာသည် ဤနေရာ၌ အနည်းငယ်မျှပင် မနေရဲတော့ပေ။

သတ္တမအဆင့် သားရဲဘုရင်ဖြစ်သည့် တိမ်တိုက်နက်ကျားဘုရင်ကပင် သူ့အတွက် အတော်လေး ခက်ခဲနေခဲ့ပြီ ဖြစ်သည်။

ယခု သူ့ထက် ပိုမိုသန်မာသည့် နတ်ဝိညာဥ်ဘုရင် နယ်ပယ်တစ်ပါးပါ ထပ်ပေါင်းလိုက်လျှင် သူ့အနေဖြင့် ဤနေရာတွင် အမှန်တကယ် သေဆုံးသွားနိုင်သည့် အန္တရာယ်ရှိနေသည် မဟုတ်ပါလား။

"ဟမ့် နတ်ဝိညာဥ်ဘုရင် အစောပိုင်းအဆင့် ကျင့်ကြံသူလေး တစ်ယောက်ကများ ငါ့ရဲ့မျက်စိအောက်ကနေ ထွက်ပြေးဖို့ ကြိုးစားချင်တယ်လား"

ဖုန်းဝူယင်းက နှာခေါင်းရှုံ့လိုက်ပြီး ချိုးစန်းရှာ ထွက်ပြေးရာဘက်သို့ သူ၏လက်ကို ဆန့်ထုတ်ကာ လေထုကို ဆွဲညှစ်လိုက်သည်။

ချက်ချင်းဆိုသလိုပင် ချိုးစန်းရှာ၏ ခန္ဓာကိုယ်သည် လေထုထဲကနေ ရုတ်တရက် ပြုတ်ကျသွားခဲ့သည်။

ထိုအချိန်မှာပင် ဖျက်ဆီးခြင်း မုန်တိုင်း တစ်ခုသည် လေထုအက်ကွဲကြောင်းကနေ တိုက်ရိုက် ထွက်ပေါ်လာခဲ့ပြီး မြေပြင်ထက်သို့ ပြုတ်ကျလာသည့် ချိုးစန်းရှာ၏ တစ်ကိုယ်လုံးကို ချက်ချင်းပင် အမှုန့် ဖြစ်အောင် ချေမွပစ်လိုက်သည်။

"နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့် ကျင့်ကြံသူက ဒီလိုပဲ သေသွားတယ်လား"

ဤအချိန်တွင် ချင်းမိန်နှင့် ယွဲ့စစ်ယွင် တို့သည် မှင်တက်ကာ ကျောက်ရုပ်လို ဖြစ်နေခဲ့သည်။

အစောပိုင်းတွင် သူတို့သည် ကျန်းချန် နံဘေးမှ အဘိုးကြီးက သာမန် နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့် ကျင့်ကြံသူ ဖြစ်လောက်သည်ဟု မှန်းဆထားသော်လည်း ဤမျှ ကြောက်မက်ဖွယ်ကောင်းအောင် အစွမ်းထက်နေလိမ့်မည်ဟု ဘယ်တုန်းကမှ မထင်ထားခဲ့ကြပေ။

ဤအဘိုးကြီးသည် မီတာထောင်ချီ အကွာအဝေးကနေ နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့် ကျင့်ကြံသူ တစ်ယောက်ကို အသာအယာ သတ်ပစ်လိုက်ခြင်း ဖြစ်သည်။

ဤကဲ့သို့သော ခွန်အားသည် တကယ်ကို ကြောက်စရာကောင်းလှ၏။

အခန်း(၁၂၆၄)ပြီး၏။

အခန်း(၁၂၆၅)

ဖုန်းဝူယင်းက ချိုးစန်းရှာကို တစ်ကွက်တည်းဖြင့် သတ်ဖြတ်လိုက်ပြီးနောက်တွင် ကျန်းချန်၏ နံဘေးသို့ ပြန်လည် ဆုတ်ခွာသွားခဲ့သည်။

ဒူးများပျော့ခွေ့၍ မြေပြင်ပေါ်လဲကျကာ ဆီးများပင် ထွက်ကျနေသော ကူကျန့်ကိုမူ ဖုန်းဝူယင်းသည် ဂရုစိုက်ခြင်းမရှိခဲ့‌ပေ။

"မင်းလိုကောင်ကများ ငါ့ကို အကောက်ကြံဖို့ တခြားသူတွေနဲ့ပူး‌ပေါင်းရဲတယ်လား"

ကျန်းချန်က ကူကျန့်ကို မထီမဲ့မြင် ကြည့်ကာ ရေရွတ်လိုက်သည်။

ထို့နောက်တွင် သူက ချင်းမိန်ကို ကြည့်၍ မေးလိုက်သည်။

"ဒီလူကို ဘယ်လိုလုပ်ချင်လဲ.. သတ်ပစ်လိုက်ရမလား"

"ချင်း.. ချင်းမိန် ကျေးဇူးပြုပြီး ငါ့ကို မသတ်ပါနဲ့.. မိစ္ဆာနက်အဖွဲ့က ငါ့ကို အတင်းအကျပ်ခိုင်းလို့ ဒီလိုလုပ်ခဲ့ရတာပါ.. ငါတို့တွေ ကလေးဘဝကတည်းက သိကျွမ်းခဲ့တာကို ထောက်ထားပြီး ငါ့အသက်ကို ချမ်းသာပေးပါ"

ကူကျန့်၏ မျက်နှာထက်တွင် စိတ်ပျက်အားငယ်သော အမူအရာများ ဖြစ်ပေါ်နေခဲ့၏။

သူက အကြောက်လန့်ကြီး ကြောက်လန့်ကာ ချင်းမိန်ကို အလျင်အမြန် တောင်းပန်လိုက်သည်။

ဤအချိန်တွင် ချင်းမိန်၏ မျက်နှာသည် အလွန်ပင် အေးစက်နေခဲ့သည်။

သူက ကူကျန့်ဘက်သို့ လှည့်၍ပင် မကြည့်ဘဲ ကျန်းချန်ကို ပြောလိုက်သည်။

"သူ့ကို အရင် အသက်ရှင်ခွင့်ပေးလိုက်ပါ.. သူက မိစ္ဆာနက်အဖွဲ့ရဲ့ နေရာကိုသိတယ်ဆိုတော့ ကျွန်မအဖေကို ကယ်တင်ဖို့အတွက် လမ်းပြလုပ်ခိုင်းဖို့ သူ့ကို လိုအပ်တယ်"

"ငါက မိစ္ဆာနက်အဖွဲ့ရဲ့ ဌာနချုပ်နဲ့ မင်းအဖေကို ဘယ်နေရာမှာ ချုပ်ထားလဲဆိုတာ သိပါတယ်.. လူကယ်ဖို့အတွက် ငါမင်းတို့ကို လမ်းပြပေးပါမယ်"

ကူကျန့်က တလေးတစား အမူအရာဖြင့် ပြောလိုက်သည်။

သို့သော် ထိုအချိန်တွင် သူ၏ မျက်လုံးထဲ၌ အေးစက်သော အလင်းတန်းတစ်ခု ယှက်သန်းသွားခဲ့သည်။

လက်ရှိအချိန်တွင် သူ့အနေဖြင့် အသက်ရှင်ဖို့အရေးကို ဦးစားပေးရမည် ဖြစ်သည်။

မိစ္ဆာနက်အဖွဲ့၏ ဌာနချုပ်တွင် နတ်ဝိညာဥ်ဘုရင်နယ်ပယ်ကျင့်ကြံသူ အများအပြား ရှိ၏။

အထူးသဖြင့် မိစ္ဆာနက်ခေါင်းဆောင် ချိုးဟေးရှာသည် နတ်ဝိညာဥ်ဘုရင် နဝမအဆင့် အထွတ်အထိပ် ကျင့်ကြံသူ တစ်ယောက် ဖြစ်သည်။

မိစ္ဆာနက် ဌာနချုပ်သို့ ရောက်သည်နှင့် ချင်းမိန်နှင့် ထိုကောင်လေးကို သူ၏ အရှက်တရားအတွက် ဆယ်ဆ လက်တုံ့ပြန်မည်ဟု တေးထားလိုက်သည်။

ချင်းမိန်က ကူကျန့်ကို လျစ်လျူရှူလိုက်ပြီး ကျန်းချန်ကို တလေးတစား ဦးညွှတ်၍ ဂါဝရပြုလိုက်သည်။

သူမ၏ အေးစက်စက် မျက်နှာထက်တွင် တောင်းပန်သည့်အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

"ကျန်းချန် ဒီနေ့ကိစ္စအတွက် ရှင့်ကို အရမ်းကျေးဇူးတင်ပါတယ်.. ဒါပေမဲ့ ကျွန်မရှင့်ကို ကိစ္စတစ်ခု တောင်းဆိုချင်တယ်.. ကျွန်မရဲ့အဖေကို ကူညီပြီးတော့ ကယ်တင်ပေးပါ.. ကျွန်မရဲ့အဖေကို ကယ်တင်ပေးမယ်ဆိုရင် ရှင်ဘယ်လို အခြေအနေပဲတောင်းဆိုပါစေ.. ချင်းမိသားစုက ဖြည့်ဆည်းပေးမယ်လို့ ကတိပေးပါတယ်"

ချင်းမိန်သည် သူမ၏ သိုင်းသခင်နယ်ပယ် အဌမအဆင့် ခွန်အားဖြင့် သူမ၏ ဖခင်ကို မိစ္ဆာနက် အဖွဲ့ခေါင်းဆောင် ချိုးဟေးရှာထံမှ ကယ်တင်ရန် မဖြစ်နိုင်မှန်း ကောင်းစွာသိရှိထားသည်။

သို့သော်လည်း သူမ အဖွဲ့ထဲမှ ကျန်းချန်ဆိုသော ကောင်လေးသည် အလွန်ပင် လျှို့ဝှက်ဆန်းကြယ်ပြီး ခန့်မှန်းရခက်ခဲသည်။

ထို့အပြင် ထိုကောင်လေး၏ နံဘေးတွင် နတ်ဝိညာဥ်ဘုရင်နယ်ပယ်အဆင့် ကျင့်ကြံသူများကို လက်တစ်ချက် လှုပ်ရှားရုံဖြင့်ပင် အလွယ်တကူ သတ်ဖြတ်နိုင်သော အင်အားကြီးမားသည့် ပုဂ္ဂိုလ်တစ်ဦးလည်း ရှိနေ၏။

ဆိတ်ငြိမ်နယ်မြေနှင့် ယှဥ်လျှင် အလွန်တရာ အားနည်းသောသူမ အတွက် သူမဖခင်ကို ကယ်တင်ချင်လျှင် ကျန်းချန်ထံ အကူအညီတောင်းခြင်းသည် တစ်ခုတည်းသော အခွင့်အရေးပင် ဖြစ်သည် မဟုတ်ပါလား။

ယွဲ့စစ်ယွင်က အသည်းအသန် တောင်းပန်နေသော ချင်းမိန်ကိုမြင်လျှင် ဝမ်းနည်းသလို ခံစားလာရပြီး ကျန်းချန်၏ လက်ကို ဆွဲ၍ ကူပြောပေးလိုက်သည်။

"အစ်ကိုကြီးကျန်းချန် အစ်မမိန်ကို ကူညီပေးလိုက်ပါ"

"‌ကောင်းပြီ.. ငါလည်း မိစ္ဆာနက် ဌာနချုပ်ဆီမှာ ကိစ္စတစ်ခုကို စုံစမ်းစရာရှိနေတာနဲ့ အတော်ပဲ.. ငါတို့တွေ မိစ္ဆာနက်ဌာနချုပ်ကို သွားကြတာပေါ့"

ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံး၍ ပြောလိုက်သည်။

ဆိတ်ငြိမ်နယ်မြေသို့ လာရောက်ရသည့် သူ၏အဓိကရည်ရွယ်ချက်မှာ သူ့ဆရာ ရှောင်တုလီကို ရှာဖွေရန် ဖြစ်၏။

မိစ္ဆာနက်အဖွဲ့သည် ဆိတ်ငြိမ်နယ်မြေထဲမှ အင်အားစုတစ်ခုဖြစ်သောကြောင့် ဤနယ်မြေထဲမှ ကိစ္စရပ်များကို သူတို့ထက်ပို၍ သိရှိထားမည်မှာ သေချာ၏။

ယခု သူ့တွင် သူ့ဆရာ ရှောင်တုလီနှင့် ပတ်သက်သည့် မည်သည့် သဲလွန်စမှ မရှိပေ။

ထို့ကြောင့် မိစ္ဆာနက်အဖွဲ့၏ ဌာနချုပ်သို့ သွားပြီး သတင်းစုံစမ်းခြင်းသည် ကောင်းမွန်သော ရွေးချယ်မှုပင် မဟုတ်ပါလား။

"ကျေးဇူးတင်ပါတယ်"

ကျန်းချန်က သူမ၏ တောင်းဆိုမှုကို လိုက်လျောလိုက်သည်ကို မြင်လျှင် ချင်းမိန်၏ လှပသော မျက်ဝန်းထဲတွင် ကျေးဇူးတင်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

"အားမနာပါနဲ့ ဒါက ဘာမှ အပန်းမကြီးပါဘူး"

ကျန်းချန်က သူ၏ လက်ကို ဝှေ့ယမ်းကာ ပြောလိုက်သည်။

ထို့နောက်တွင် သူက ကူကျန့်ကို စူးစိုက်၍ ကြည့်လိုက်ပြီး ပေါ့ပါးစွာ ပြောလိုက်၏။

"မင်းမသေချင်ရင် အခုချက်ချင်းထပြီး လမ်းပြပေးတော့"

"ဟုတ်..ဟုတ်ကဲ့ ကျွန်တော်ရှေ့ကနေ လမ်းပြပေးပါ့မယ်"

ကျန်းချန်၏ စကားကိုကြားလျှင် ကူကျန့်၏ ခန္ဓာကိုယ်က တုန်ယင်သွားခဲ့ပြီး ချက်ချင်းဆိုသလိုပင် မြေပြင်ကနေ ကုန်းရုန်း၍ ထလိုက်သည်။

ထို့နောက်တွင် ကူကျန့်သည် ကျန်းချန်တို့ လူစုကို မိစ္ဆာနက်အဖွဲ့၏ ဌာနချုပ် ဆီသို့ ဦးဆောင်၍ ခေါ်သွားခဲ့သည်။

နာရီဝက်ခန့်အကြာတွင် ကူကျန့်သည် ကျန်းချန်တို့ကို ကြီးမားသော ချိုင့်ဝှမ်းတစ်ခု ဆီသို့ ခေါ်ဆောင်လာခဲ့၏။

ထိုချိုင့်ဝှမ်းသည် ကြီးမားသော ဘူးသီးခြောက်တစ်ခုနှင့် ဆင်တူပြီး လေးဘက်လေးလံကို တောင်တန်းများဖြင့် ဝိုင်းရံထားသည်။

ချိုင့်ဝှမ်းတွင် အရှည်မီတာ တစ်ရာခန့်ရှိသော အပေါက်ဝ တစ်ခုသာ ရှိသည်။

ထို့ပြင် မြေမျက်နှာသွင်ပြင်က အလွန်ပင် မတ်စောက်ပြီး ခုခံရလွယ်ကူကာ တိုက်ခိုက်ရန် ခက်ခဲ၏။

စင်စစ် ဤချိုင့်ဝှမ်းသည် မိစ္ဆာနက်အဖွဲ့၏ ဌာနချုပ်ဖြစ်သော မိစ္ဆာနက်ချိုင့်ဝှမ်းပင်။

"ကျန်းချန် မိစ္ဆာနက်အဖွဲ့က ဆိတ်ငြိမ်နယ်မြေမှာ နာမည်ကျော်ကြားတဲ့ ကြယ်နှစ်ပွင့် အင်အားစု အဖွဲ့အစည်းတစ်ခုပဲ.. သူတို့ရဲ့အင်အားက ကျွန်မတို့ ချင်းမိသားစုထက် မနိမ့်ကျဘူး.. သူတို့ရဲ့ ခေါင်းဆောင် ချိုးဟေးရှာက နတ်ဝိညာဥ်ဘုရင်နယ်ပယ် နဝမအဆင့် အထွတ်အထိပ် ကျင့်ကြံသူ တစ်ယောက်ဖြစ်တယ်လို့ ဆိုကြတယ်.. ကျွန်မတို့ ဒီလိုမျိုး ဝင်သွားတာ တကယ်ပဲ အဆင်ပြေပါ့မလား"

ချင်းမိန်က သူမ ရှေ့မှ ချိုင့်ဝှမ်းကို ကြည့်ရင်း ကျန်းချန်ကို ပြောလိုက်သည်။

သူမ၏ လှပသော မျက်ဝန်းလေးတွင် စိုးရိမ်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့၏။

"ချိုင့်ဝှမ်းက အရမ်း မတ်စောက်တာကြောင့် ခိုးဝင်ဖို့ ဆိုတာက မဖြစ်နိုင်သလောက်ပဲ"

ကျန်းချန်က ထီမထင်ဟန်ဖြင့် ပြောလိုက်သည်။

"မစိုးရိမ်ပါနဲ့ ဒါက ကြယ်နှစ်ပွင့်အင်အားစုရဲ့ ဌာနချုပ်လေးပါပဲ ဘာမှ ကြီးကြီးကျယ်ကျယ် မဟုတ်ပါဘူး"

သူက ကြယ်သုံးပွင့် အင်အားစု ဖြစ်သည့် ရွှယ်ပင်းနန်းတော်ကိုပင် တစ်ကိုယ်တော် ချေမှုန်းခဲ့သူ ဖြစ်သည်။

ထို့အပြင် ကြယ်လေးပွင့် သူတော်စင်နယ်မြေ ဖြစ်သည့် ယန်ဒီမြို့ကိုပင် တစ်ကိုယ်တော် ဝင်ရောက်ခဲ့ပြီး ယန်ဒီမြို့ရှိ ရှောင်မိသားစု၏ ဘိုးဘေးကိုပင် ခေါင်းငုံ့စေခဲ့သူ ဖြစ်သည်။

သို့ဖြစ်ရာ ကြယ်နှစ်ပွင့် အင်အားစု၏ ဌာနချုပ်လောက်ကို ကျန်းချန်သည် မျက်စိထဲပင် မထည့်ခဲ့ပေ။

ကျန်းချန်တို့လူစု ချိုင့်ဝှမ်းအဝင်ဝသို့ ရောက်ရှိချိန်တွင် အနက်ရောင်ဝတ်စုံဝတ် ကျင့်ကြံသူ အများအပြားသည် ချိုင့်ဝှမ်းထဲမှ ရုတ်တရက် ထွက်လာခဲ့ကြသည်။

ထိုကျင့်ကြံသူများထဲမှ တစ်ဦးသည် ကျန်းချန်တို့ လူစုကို စူးစိုက်၍ ကြည့်လိုက်ပြီး သတ်ဖြတ်လိုစိတ် အပြည့်ဖြင့် ပြောလိုက်သည်။

"ငါတို့ မိစ္ဆာနက်ချိုင့်ဝှမ်းကို အပြင်လူတွေ ဝင်ခွင့်မရှိဘူး"

"ဝင်ခွင့်မရှိရင်လည်း အဆင်ပြေပါတယ်.. ဒီလိုမျိုး ချိုင့်ဝှမ်းအစုတ်အပြတ်ကို ငါလည်း မဝင်ချင်ပါဘူး.. ဒါဆိုလည်း မင်းတို့ရဲ့ မိစ္ဆာနက် အဖွဲ့ခေါင်းဆောင်ကို ငါနဲ့တွေ့ဖို့ ထွက်လာခိုင်းလိုက်"

ကျန်းချန်က အနက်ရောင်ဝတ် ကျင့်ကြံသူကို ကြည့်ကာ ပေါ့ပါးစွာ ပြောလိုက်သည်။

"ကောင်လေး.. မင်းက ငါတို့မိစ္ဆာနက်အဖွဲ့ရဲ့ ဌာနချုပ်အထိ လာပြီး ရမ်းကားရဲတယ်.. မင်းသေချင်နေပြီလား"

ကျန်းချန်၏ စကားကြောင့် မိစ္ဆာနက်အဖွဲ့မှ ကျင့်ကြံသူများသည် ရုတ်တရက်‌ ဒေါသထွက်သွားကြသည်။

ထိုခဏမှာပင် ဦးဆောင်လာသော အနက်ရောင် ဝတ်စုံဝတ် ကျင့်ကြံသူသည် ခြင်္သေ့တစ်ကောင် ကဲ့သို့ ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ပြီး လေထဲသို့ ခုန်တက်လိုက်သည်။

ထို့နောက်တွင် သူ၏ လက်ချောင်းငါးချောင်းကို ဆန့်ထုတ်လိုက်ရာ လက်ချောင်းထိပ်ကနေ အနက်ရောင် အလင်းတန်း ငါးခုသည် ချက်ချင်းဆိုသလို ထွက်ပေါ်လာခဲ့ပြီး လေထဲတွင် အနက်ရောင် လင်းယုန်ခြေသည်း အဖြစ်သို့ ပြောင်းလဲကာ ကျန်းချန် ဆီသို့ ဦးတည်လာခဲ့သည်။

"ငါလူမသတ်ချင်ပါဘူးဆို ဘာလို့လာပြီး အသေလာခံနေရတာလဲ"

ကျန်းချန်က ခေါင်းခါရမ်းလိုက်ပြီး သူ၏ လက်ညှိုးကနေ ဓားစွမ်းအားကို ထုတ်ဖော်လိုက်သည်။

ဓားစွမ်းအားက လေထုကို ဖြတ်သန်းသွားခဲ့ပြီး အနက်ရောင် လင်းယုန်ခြေသည်းများကို အလွယ်တကူ ဖြတ်တောက်လိုက်ကာ အံ့အားသင့်စွာ ငေးကြောင် ကြည့်နေသော အနက်‌ရောင်ဝတ်စုံဝတ် ကျင့်ကြံသူကို နှစ်ပိုင်း ဖြတ်တောက်ပစ်လိုက်သည်။

"ဒါ.. ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

မိစ္ဆာနက်အဖွဲ့မှ ကျင့်ကြံသူများသည် ထိုမြင်ကွင်းကိုမြင်လျှင် ထိတ်လန့်တကြားဖြစ်သွားခဲ့ကြသည်။

သိထားရမည်မှာ ကျန်းချန် သတ်ပစ်လိုက်သောလူသည် သူတို့မိစ္ဆာနက် အစောင့်တပ်၏ ခေါင်းဆောင် ဖြစ်ပြီး ကျင့်ကြံခြင်းအဆင့်သည် သိုင်းသခင်နယ်ပယ် အထွတ်အထိပ်အဆင့်ကို ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

မိစ္ဆာနက်အဖွဲ့၏ ခေါင်းဆောင်သုံးယောက်နှင့် နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့် ကျင့်ကြံသူ အနည်းငယ်က လွဲလျှင် သူတို့၏ အစောင့်တပ် ခေါင်းဆောင်သည် မိစ္ဆာနက်အဖွဲ့တွင် အင်အားအကြီးဆုံး ဖြစ်၏။

သို့သော်လည်း သိုင်းသခင်နယ်ပယ် အထွတ်အထိပ်အဆင့်တွင် ရှိသည့် ကျင့်ကြံသူတစ်ဦးကို ထိုကောင်လေးသည် လက်ညိုးတစ်ချောင်းတည်းဖြင့်ပင် အလွယ်တကူ သတ်ပစ်လိုက်သည်။

သူ့ရှေ့မှ ဤကောင်လေးသည် နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့် ကျင့်ကြံသူ ဖြစ်နေပါသလော။

"မင်းတို့ ဂိုဏ်းခေါင်းဆောင်ကို ကျူးကျော်သူတွေ ဝင်ရောက်လာကြပြီလို့ ခပ်မြန်မြန် သွားအကြောင်းကြားလိုက်"

ကျန်းချန်၏ စကားကိုကြားလျှင် မိစ္ဆာနက်အဖွဲ့မှ ကျင့်ကြံသူများသည် ထိတ်လန့်တကြား ဖြစ်ကာ မိစ္ဆာနက်ချိုင့်ဝှမ်းဘက်ဆီသို့ ပြန်လှည့်၍ ခွေးပြေးဝက်ပြေး ထွက်ပြေးသွားခဲ့ကြသည်။

ကျန်းချန်က ထိတ်လန့်တကြား ထွက်ပြေးသွားသော ကျင့်ကြံသူအုပ်စုကို ဂရုမစိုက်ခဲ့ပေ။

သူက လက်နှစ်ဖက်ကို နောက်ပစ်ကာ ချိုင့်ဝှမ်းအဝတွင် ဟန်ပါပါ မတ်တပ် ရပ်နေခဲ့သည်။

သူ၏ စူးရှသော မျက်လုံးများသည် ချိုင့်ဝှမ်း၏ နက်နဲရာဆီသို့ ဦးတည်နေခဲ့သည်။

ထိုခဏတွင် သူ၏အသံသည် ပတ်ဝန်းကျင်တွင် ချက်ချင်းဆိုသလို ပဲ့တင်ထပ်သွားခဲ့၏။

"မိစ္ဆာနက်အဖွဲ့ရဲ့ခေါင်းဆောင် ချိုးဟေးရှာ.. ငါ မင်းကို အသက်ဆယ်ရှိုက်စာ အချိန်ပေးမယ်.. လိပ်လိုပုန်းမနေဘဲ ထွက်လာပြီး ငါ့ကို လာတွေ့စမ်း"

အခန်း(၁၂၆၅)ပြီး၏။

အခန်း(၁၂၆၆)

မိစ္ဆာနက်ချိုင့်ဝှမ်းအတွင်းရှိ အနက်ရောင် ကျောက်တုံးများဖြင့် တည်ဆောက်ထားသော အဆောက်အဦး အတွင်းရှိ ပင်မခန်းမတွင် အနက်ရောင်ပုံရိပ် (၇)ခုသည် တိတ်ဆိတ်စွာ ထိုင်နေခဲ့ကြ၏။

ထို(၇)ဦးစလုံး၏ အရှိန်အဝါများသည် တောင်တန်းများနှင့်ပင်လယ်များကဲ့သို့ အလွန်ပင် နက်ရှိုင်း၏။

အထူးသဖြင့် အဓိကထိုင်ခုံတွင် ထိုင်နေသော လူလတ်ပိုင်းအရွယ်အမျိုးသား၏ အရှိန်အဝါသည် အဆုံးမဲ့ ချောက်နက်ကဲ့သို့ မှောင်မိုက်ပြီး ခန့်မှန်းရ ခက်ခဲသည်။

ဤလူလတ်ပိုင်း အရွယ်အမျိုးသားသည် တခြားသူမဟုတ်ပေ။

မိစ္ဆာနက်အဖွဲ့၏ ခေါင်းဆောင် ချိုးဟေးရှာ ဖြစ်သည်။

လွန်ခဲ့သောနှစ်(၁၀၀)ခန့်က ချိုးဟေးရှာတို့ ညီအစ်ကို သုံးဦးသည် ကျုံးကျိုးကုန်းမြေမှ ကြယ်သုံးပွင့် အင်အားစု၏ ထူးချွန်သော တပည့်များ ဖြစ်ကြသည်။

သို့သော်လည်း မမှန်မကန် စိတ်ထားကြောင့် စည်းမျဥ်း တစ်ခုကို ချိုးဖောက်မိခဲ့ပြီး ထိုကြယ်သုံးပွင့် အင်အားစု၏ လိုက်လံသတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။

ရလဒ်အနေဖြင့် ညီနောင်သုံးဦးစလုံးသည် ဤဆိတ်ငြိမ်နယ်မြေအတွင်းသို့ ထွက်ပြေးလာခဲ့ကြပြီး ဤနေရာတွင် မိစ္ဆာနက်အဖွဲ့ကို တည်ထောင်ခဲ့ကြသည်။

"ဒုတိယညီလေး.. တတိယညီလေး ထွက်သွားတာ ကြာပြီထင်တယ်.. ဘာသတင်းမှ မရသေးဘူးလား"

ချိုးဟေးရှာက သူနဲ့ ရုပ်ချင်းဆင်တူသော လူလတ်ပိုင်းအရွယ် အမျိုးသား တစ်ယောက်ကို ကြည့်ကာ ခန်းမ၏ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။

"မရသေးဘူး အစ်ကိုကြီး"

ဒုတိယခေါင်းဆောင် ဖြစ်သည့် ချိုးရွှမ်းရှာက ခေါင်းခါရမ်းလိုက်သည်။

"ဒါပေမဲ့ ဒီအချိန်လောက်ဆို သတင်းတစ်ခုခုတော့ ရသင့်တယ်လို့ ထင်တယ်"

"မင်း လူတစ်ယောက်ကို လွှတ်ပြီး စုံစမ်းခိုင်းလိုက်.. ဒါမှပဲ ချင်းရှန်းမင်ရဲ့ သမီးကို အမြန်ဆုံး ဖမ်းဆီးနိုင်လိမ့်မယ်"

ဤအချိန်တွင် ချိုးဟေးရှာ၏ အမူအရာသည် သုန်မှုန်နေခဲ့သည်။

ဆိတ်ငြိမ်နယ်မြေတွင် တာအိုသစ်သီး ပေါ်ထွက်လာသောအခါ နတ်ဝိညာဥ်ဘုရင် နဝမအဆင့် အထွတ်အထိပ် ကျင့်ကြံသူဖြစ်သည့် ချိုးဟေးရှာသည် သဘာဝကျစွာပင် တာအိုသစ်သီးကို တပ်မက်ခဲ့သည်။

တာအိုသစ်သီးကို ရရှိမည်ဟု မူလက သေချာပေါက်ယုံကြည်ခဲ့သော်လည်း သူ၏ မျက်စိအောက်ကနေ ချင်းရှန်းမင်က ယူသွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ထိုကြောင့် ချိုးဟေးရှာက အမျက်ဒေါသထွက်ကာ မိစ္ဆာနက်တစ်ဖွဲ့လုံး၏ ခွန်အားကို အသုံးပြု၍ ချင်းရှန်းမင်ကို လိုက်လံဖမ်းဆီးခဲ့ပြီး နောက်ဆုံးတွင် ချင်းရှန်းမင်ကို ဖမ်းမိခဲ့သည်။

သို့သော်လည်း အလွန်ပင် လည်လွန်းလှသည့် ချင်းရှန်းမင်သည် တာအိုသစ်သီးကို ကြိုတင်၍ ဝှက်ထားခဲ့ပြီး တာအိုသစ်သီး ဝှက်ထားသည့် နေရာကို ချိုးဟေးရှာအား ပြောပြခဲ့ခြင်း မရှိပေ။

ထို့နောက်တွင် ချိုးဟေးရှာသည် ကူမိသားစု၏ တပည့်တစ်ဦးဖြစ်သူ ကူကျန့်ကို ရှာတွေ့ခဲ့ပြီး ချင်းရှန်းမင်၏ သမီးကို ဆိတ်ငြိမ်နယ်မြေ ထဲသို့ ခေါ်ဆောင်လာခိုင်းခဲ့သည်။

ယင်းမှာ တာအိုသစ်သီး နေရာကို ချင်းရှန်းမင် ထုတ်ပြောလာစေရန် အတွက် ဖိအားပေးရန် ဖြစ်၏။

ကူကျန့်တို့ ကူမိသားစုနှင့် ချင်းမိန်တို့၏ ချင်းမိသားစုသည် တစ်နယ်ထဲတွင် တည်ရှိပြီး မိသားစု နှစ်စုလုံးသည် နှစ်ရာပေါင်းများစွာကတည်းကပင် ရန်ငြိုးများ ရှိခဲ့ကြသည်။

ကူကျန့်သည် ကူမိသားစု၏ တပည့်တစ်ဦး ဖြစ်သောကြောင့် ချင်းမိသားစုဘိုးဘေးက တာအိုသစ်သီးကို ရရှိပြီး နတ်သန္ဓေအင်ပါယာအဆင့်ကို ထိုးဖောက်သွားမည်အား သဘာဝကျစွာပင် မမြင်ချင်ခဲ့ပေ။

ထိုအကြောင်းကြောင့် ကူကျန့်သည် ချိုးဟေးရှာ သူ့ကို ရှာတွေ့သောအခါတွင် ချိုးဟေးရှာနှင့် ပူးပေါင်းရန် သဘောတူညီခဲ့သည်။

ချိုးဟေးရှာအတွက် ယခု အရေးအကြီးဆုံးအရာမှာ ချင်းရှန်းမင် ဝှက်ထားသည့် တာအိုသစ်သီး၏ တည်နေရာ ဖြစ်သည်။

တာအိုသစ်သီးကို ရသည်နှင့် သူက အဆုံးစွန်ထိ ပြောင်းလဲနိုင်မည် ဖြစ်ပြီး နတ်သန္ဓေအင်ပါယာ အဆင့်ကို ခြေတစ်လှမ်းတည်းဖြင့် ထိုးဖောက် ဝင်ရောက်နိုင်ရန် မျှော်လင့်ချက် ရှိပြီ မဟုတ်ပါလား။

ထိုအချိန်သို့ရောက်လျှင် ဆိတ်ငြိမ်နယ်မြေမှထွက်၍ လွန်ခဲ့သည့် နှစ်(၁၀၀)က ရန်ငြိုးကို ပြန်လည်ဆပ်နိုင်မည် ဖြစ်၏။

"အစ်ကိုကြီး စိတ်မပူပါနဲ့.. ကူမိသားစုရဲ့ ကောင်လေးက ကျွန်တော်တို့ကို လှည့်စားရဲမှာ မဟုတ်ဘူး.. ကျွန်တော် လူလွှတ်ပြီး သွားကြည့်ခိုင်းလိုက်ပ့ါမယ်"

ချိုးရွှမ်းရှာက ခပ်ယဲ့ယဲ့ပြုံး၍ ပြောလိုက်သည်။

မကြာခင်မှာပင် သူက ရုတ်တရက် တစ်စုံတစ်ရာကို သတိရသွားပြီး လေးနက်သော လေသံဖြင့် ပြောလိုက်သည်။

"အစ်ကိုကြီး နှလုံးလောင်ကျွမ်းဓားအင်ပါယာ ရှောင်တုလီလို့ခေါ်တဲ့ နတ်သန္ဓေအင်ပါယာတစ်ပါးက စည်းမျဥ်းတွေကိုချိုးဖောက်ပြီး ဆိတ်ငြိမ်နယ်မြေထဲကို ဝင်ရောက်လာခဲ့တယ်.. အခုနိဗ္ဗာန်မြို့တော်က ရှောင်တုလီကို ဖမ်းမိန့်ထုတ်ထားတယ်"

"နတ်သန္ဓေအင်ပါယာတစ်ပါးက ဆိတ်ငြိမ်နယ်မြေထဲကို ကျူးကျော်ဝင်ရောက်လာတာလား"

ချိုးဟေးရှာက အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

ထိုအချိန်မှာပင် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော အသံတစ်သံသည် ချိုင့်ဝှမ်းတစ်ခုလုံးကို တုန်လှုပ်စေခဲ့သည်။

"မိစ္ဆာနက်အဖွဲ့ခေါင်းဆောင် ချိုးဟေးရှာ.. မင်းကို အသက်ဆယ်ရှိုက်စာ အချိန်ပေးမယ်.. ချက်ချင်းထွက်လာပြီး ငါ့ကိုလာတွေ့စမ်း"

ထိုအသံက မိုးကြိုးနတ်ဘုရား၏ မိုးကြိုးသံကဲ့သို့ ချိုင့်ဝှမ်းအထက်တွင် ကြာရှည်စွာ ပဲ့တင်ထပ်နေခဲ့ပြီး ချိုင့်ဝှမ်းအတွင်းမှ လူအများအပြားကို ခေါင်းမူးစေခဲ့သည်။

ဤအချိန်တွင် ချိုင့်ဝှမ်းတစ်ခုလုံးရှိ မိစ္ဆာနက် အဖွဲ့ဝင်အားလုံးသည် ပါးစပ်အဟောင်းသားများ ဖြစ်နေခဲ့ကြသည်။

ပင်မခန်းမထဲရှိ ချိုးဟေးရှာတို့ လူစု၏ မျက်လုံးများမှာပင် မယုံကြည်နိုင်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

"ခေါင်းဆောင် ကျွန်တော်တို့ မိစ္ဆာနက်အဖွဲ့ ဌာနချုပ်ကို ကျူးကျော်သူတွေ ရောက်လာခဲ့ပြီ"

ထိုအချိန်မှာပင် အနက်ရောင်ဝတ်စုံဝတ် ကျင့်ကြံသူတစ်ယောက်သည် ခန်းမထဲကို ပြေးဝင်လာခဲ့ပြီး ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

"တစ်ဂိုဏ်းလုံး ကြားရတဲ့အသံကို မကြားရအောင် ငါ့မှာ နားမပါဘူးများ ထင်နေလား"

ချိုးဟေးရှာက အနက်ရောင်ဝတ် ကျင့်ကြံသူကို ငေါက်လိုက်ပြီး ချက်ချင်းပင် ထိုင်နေရာမှ ထရပ်လိုက်သည်။

"ငါ့ရဲ့ မိစ္ဆာနက်အဖွဲ့ကို ဘယ်ကောင် စိန်ခေါ်ရဲသလဲဆိုတာ သွားကြည့်ကြစို့"

စကားဆုံးသည်နှင့် သူ၏ပုံရိပ်သည် ကောင်းကင်နှင့်မြေကြီးကို ထိုးဖောက်ဝင်ရောက်သွားသည့် သက်တန့်အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ခန်းမထဲကနေ အပြင်သို့ ထွက်သွားခဲ့သည်။

အသက်ရှူကြိမ် အနည်းငယ် အတွင်းမှာပင် ချိုးဟေးရှာနှင့် နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့် ကျင့်ကြံသူ ခြောက်ယောက်တို့သည် ကျန်းချန်တို့ ရှေ့သို့ တိုက်ရိုက်ပင် ရောက်ရှိလာခဲ့သည်။

"ကောင်လေး မင်းဘယ်သူလဲ ဘာလို့ ဒီနေရာအထိ လာပြီး ငါတို့ကို စိန်ခေါ်နေရတာလဲ"

ချိုးဟေးရှာက ကျန်းချန်ကို အေးစက်စက် စိုက်ကြည့်လိုက်ပြီး သူ၏ နတ်ဝိညာဥ်ဘုရင် နဝမအဆင့် အထွတ်အထိပ် အရှိန်အဝါဖြင့် ဖိအားပေးလိုက်သည်။

သို့သော်လည်း ကျန်းချန်က ချိုးဟေးရှာ၏ အရှိန်အဝါဖိအားကို အလွယ်တကူပင် ပျက်ပြယ်စေလိုက်သည်။

ကျန်းချန်က ချိုးဟေးရှာကို ခံစားချက်ကင်းမဲ့သော မျက်နှာဖြင့် ကြည့်ကာ ပေါ့ပါးစွာ ပြောလိုက်သည်။

"မင်းတို့ ဖမ်းထားတဲ့လူကို လွှတ်ပြီး ငါ့ဆီမှာ ချက်ချင်း အညံ့ခံလိုက်.. အဲဒါဆို မင်းတို့ရဲ့အသက်ကို ချမ်းသာပေးမယ်"

"ကောင်လေး မင်းစော်ကားလှချည်လား.. မင်းက သေမင်းခံတွင်းဝအထိ ခုန်ဆင်းလာတယ် ဆိုမှတော့ ငါမင်းဆန္ဒကို ဖြည့်ဆည်းပေးလိုက်မယ်"

ကျန်းချန်၏ မောက်မာသောစကားများကို ကြားလျှင် မိစ္ဆာနက်အဖွဲ့မှ နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူများသည် ဒေါသထွက်သွားခဲ့ကြသည်။

ချိုးဟေးရှာ ဘာမှမပြောရသေးခင်မှာပင် အနီရောင် ဆံပင်နှင့်ကြောက်မက်ဖွယ် မျက်နှာထားရှိသည့် အဘိုးအို တစ်ယောက်သည် ကောက်ကျစ်စွာ ပြုံးလိုက်ပြီး သူ၏ လက်တစ်ဖက်ကို ရုတ်တရက် ဆန့်ထုတ်လိုက်ရာ မီးတောက်များဖြင့် ဖွဲ့စည်းထားသော ဧရာမ လက်ဝါးတစ်ဖက်သည် လေထုထဲတွင် ဖြစ်ပေါ်လာခဲ့ပြီး ကျန်းချန်ဆီသို့ ရောက်ရှိလာခဲ့သည်။

ထိုဧရာမ မီးလျှံလက်ဝါးအတွင်းတွင် အနက်ရောင်မြူခိုးများပါဝင်နေခဲ့ပြီး မီးအဆိပ်နှင့် မိစ္ဆာအငွေ့အသက်များပင် ပါဝင်နေခဲ့၏။

ထိုလက်ဝါးရိုက်ချက်ကို ထိမှန်ခဲ့လျှင် သိုင်းသခင်နယ်ပယ်အထွတ်အထိပ် ကျင့်ကြံသူပင် ချက်ချင်းဆိုသလို ပြာဖြစ်သွားလိမ့်မည် ဖြစ်သည်။

"အတင့်ရဲတယ်"

ကျန်းချန်က နှာခေါင်းရှုံ့၍ အေးစက်စက် ရေရွတ်ကာ ခြေလှမ်းတစ်လှမ်းကို လှမ်းလိုက်သည်။

သူ၏ ခြေလှမ်းက ထူးခြားမှု မရှိသယောင် ထင်ရသော်လည်း ချိုးဟေးရှာနှင့် တခြားသူများ၏ မျက်လုံးထဲတွင် ရှေးဟောင်း မွန်းစတားကြီး တစ်ကောင် လှမ်းလိုက်သည့် ခြေလှမ်း ကဲ့သို့ အင်အားကြီးမားသော အရှိန်အဝါများ ထွက်ပေါ်နေခဲ့သည်။

ချိုးဟေးရှာနှင့် တခြားသူများ အံ့အားသင့်နေစဥ်မှာပင် ကျန်းချန်သည် ရွှေရောင်လက်သီးချက် တစ်ချက်ကို ထုတ်ဖော်လိုက်သည်။

ထိုလက်သီးချက်က အဘိုးအို၏ ဧရာမ မီးလျှံလက်ဝါးကို ချေဖျက်လိုက်သည့်အပြင် အဘိုးအိုကိုပါ ထိမှန်သွားခဲ့သည်။

"ဝုန်း.."

အဘိုးအို၏ ခန္ဓာကိုယ်က ချက်ချင်းပင် ပေါက်ကွဲထွက်သွားခဲ့ပြီး လေထုထဲတွင် သွေးမြူများသာ ကျန်ရစ်ခဲ့တော့သည်။

"နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့် ကျင့်ကြံသူကို လက်သီးတစ်ချက်တည်းနဲ့ သတ်ဖြတ်ပစ်လိုက်တာလား"

ချင်းမိန်နှင့် ယွဲ့စစ်ယွင်တို့ နှစ်ယောက်သည် ထိုမြင်ကွင်းကို မြင်လျှင် မှင်တက်သွားကြပြီး ခန္ဓာကိုယ်တစ်ခုလုံးတောင့်တင်းကာ ကျောက်ရုပ်ကဲ့သို့ ဖြစ်သွားကြသည်။

ကျန်းချန်၏ သားရဲယဥ်ပါးခြင်း စွမ်းရည်ကပင် သူတို့အတွက်အထင်ကြီးလောက်စရာ ဖြစ်နေခဲ့ပြီ ဖြစ်သည်။

သို့သော် ကျန်းချန်၏ ကိုယ်ခံပညာ စွမ်းရည်ကလည်း ကောင်းကင်ကိုပင် ဆန့်ကျင်နေလိမ့်မည်ဟု သူတို့ လုံးဝ မထင်ထားခဲ့ကြပေ။

ဤတစ်ခေါက်တွင် သူတို့သည် မည်သည့် မွန်းစတားတစ်ကောင်နှင့် ဆုံတွေ့ခဲ့ပါသနည်း။

ကျန်းချန်က နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့် ကျင့်ကြံသူတစ်ယောက်အား သတ်ဖြတ်လိုက်သည်ကိုမြင်လျှင် မိစ္ဆာနက်အဖွဲ့မှ နတ်ဝိညာဥ် ဘုရင်များသည် သူတို့၏ မျက်လုံးများကိုပင် မယုံကြည်နိုင် ဖြစ်နေခဲ့ကြသည်။

ချိုးဟေးရှာပင်လျှင် ချက်ချင်းဆိုသလို မျက်မှောင်ကြုတ်သွားခဲ့သည်။

အသက်(၂၀)အရွယ် ကောင်လေးတစ်ယောက်တွင် နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့် ကျင့်ကြံသူကို မျက်စိတစ်မှိတ်အတွင်း သတ်ဖြတ်ပစ်နိုင်သည့် ကြောက်မက်ဖွယ်ကောင်းသော စွမ်းရည်မျိုး ရှိနေပါသလော။

သူတို့ ဆိတ်ငြိမ်နယ်မြေတွင် ဤကဲ့သို့ နတ်ဆိုးဆန်သည့် ပါရမီရှင် တစ်ယောက် မည်သည့်အချိန်ကတည်းက ရှိနေပါသနည်း။

ထိုခဏတွင် ချိုးဟေးရှာသည် ကျန်းချန်ကို စူးရှစွာ စိုက်ကြည့်လိုက်သည်။

သူ၏အသံက ဓားကဲ့သို့ အေးစက် ထက်ရှနေခဲ့၏။

"မင်းဘယ်သူလဲ ဘာလို့ ငါတို့ မိစ္ဆာနက်အဖွဲ့ကို ပြဿနာလာရှာနေရတာလဲ"

အခန်း(၁၂၆၆)ပြီး၏။

All Chapters