အခန်း (၁၂၆၇-၁၂၆၉)
Vol. 85 Ch. 1267-1269
အခန်း(၁၂၆၇)
"ခေါင်းဆောင်ချိုး.. သူတို့က ချင်းရှန်းမင်ရဲ့ သမီးကို အကူအညီပေးတဲ့သူတွေပါ မိစ္ဆာနက်အဖွဲ့ ဌာနချုပ်ကို သူတို့ရောက်လာတာက ချင်းရှန်းမင်ကို ကယ်တင်ဖို့အတွက် ရောက်လာတာပါ"
ထိုအချိန်မှာပင် ကျန်းချန်၏ အနောက်တွင် ပုန်းနေခဲ့သည့် ကူကျန့်သည် ချိုးဟေးရှာ၏ ရှေ့ကို တိုက်ရိုက် ပြေးသွားခဲ့ပြီး လေထဲတွင် ချိုးဟေးရှာကို ငိုကြွေးရင်း ပြောလိုက်သည်။
သူ၏မျက်စိရှေ့တွင် ရုတ်တရက်ပေါ်လာသော ကူကျန့်ကိုမြင်လျှင် ချိုးဟေးရှာ၏ စိတ်နှလုံးထဲတွင် မကောင်းသောခံစားချက်တစ်ခုကို ခံစားမိလိုက်၏။
သူက ကူကျန့်ကို လူသတ်ငွေ့လွှမ်းသော အကြည့်ဖြင့် ကြည့်ကာ မေးလိုက်သည်။
"ကူကျန့် မင်းက ဘယ်လိုလုပ်ပြီး ဒီကိုရောက်လာတာလဲ.. ငါ့ရဲ့ တတိယညီလေးက ဘယ်မှာလဲ"
"တတိယခေါင်းဆောင် ချိုးစန်းရှာတို့ တစ်ဖွဲ့လုံးကို အဲဒီကောင် သတ်ပစ်လိုက်ပြီ"
ကူကျန့်က ကျန်းချန်ကို အလျင်အမြန်လက်ညှိုးထိုးကာ ခါးသီးသောအမူအရာဖြင့် ပြောလိုက်သည်။
"ကောင်းပြီ ငါသဘောပေါက်ပြီ. ကောင်လေး မင်းက ငါ့ရဲ့တတိယညီကို သတ်ပစ်လိုက်တဲ့အပြင် ငါ့ရဲ့မိစ္ဆာနက်အဖွဲ့ဌာနချုပ်ဆီကိုတောင် ရောက်လာပြီး ရမ်းကားရဲတယ်.. မင်းက ဘယ်သူပဲဖြစ်နေပါစေ.. ဒီနေ့ငါ ချိုးဟေးရှာက မင်းကိုမြှုပ်နှံစရာနေရာတောင်မရှိဘဲ သေစေမယ်"
ချိုးဟေးရှာက ဒေါသတကြီး ကြုံးဝါးလိုက်သည်။
သူ၏ခန္ဓာကိုယ်ကနေ ကြောက်မက်ဖွယ်ကောင်းသော လူသတ်အရှိန်အဝါများသည် ချက်ချင်းပင် ပျံ့နှံ့သွားခဲ့၏။
သူတို့ ညီအစ်ကိုသုံးယောက်သည် ဆိတ်ငြိမ်နယ်မြေသို့ ရောက်ရှိလာခဲ့ပြီးနောက်တွင် မိစ္ဆာနက်အဖွဲ့ကို တည်ထောင်ခဲ့သည်။
သူတို့က ဆိတ်ငြိမ်နယ်မြေကို ဆယ်စုနှစ်များစွာ လွှမ်းမိုးထားခဲ့ပြီး လူအနည်းငယ်လောက်သာ သူတို့ကို နှောင့်ယှက်ရဲခဲ့သည်။
ဆိတ်ငြိမ်နယ်မြေ တစ်ခုလုံးကို ကြည့်လျှင်ပင် သူတို့မိစ္ဆာနက်အဖွဲ့အစည်းသည် အင်အားအကောင်းဆုံး အဖွဲ့များထဲမှ တစ်ဖွဲ့ ဖြစ်သည်။
ယခုအခါတွင် ကျန်းချန်သည် သူ၏ တတိယညီကို သတ်ဖြတ်ခဲ့ရုံသာမက သူတို့အဖွဲ့၏ ဌာနချုပ်ကိုပင် လာရောက် ရမ်းကားနေခဲ့၏။
ဆိတ်ငြိမ်နယ်မြေကို ရောက်စဥ်ကတည်းကပင် ချိုးဟေးရှာသည် ဤမျှအထိ ဒေါသထွက်ခဲ့ခြင်းမျိုး ဘယ်တုန်းကမှ မရှိခဲ့ဖူးပေ။
သူ့ရှေ့မှ ကောင်လေးကို ယနေ့တွင် ဖျက်ဆီးမပစ်နိုင်လျှင် အနာဂတ်တွင် သူ့အနေဖြင့် ဆိတ်ငြိမ်နယ်မြေတွင် မည်ကဲ့သို့သော မျက်နှာဖြင့် ရပ်တည်ရပါမည်နည်း။
"မင်းကများ ငါ့ကို မြှုပ်နှံစရာတောင် နေရာမရှိစေရဘူး ဟုတ်လား.. မင်းမှာ အဲဒီလိုလုပ်ဖို့ လုံလောက်တဲ့ အရည်အချင်း မရှိဘူး"
ကျန်းချန်က နှုတ်ခမ်းကို တွန့်ကွေး၍ မဲ့ပြုံးပြုံးကာ ပြောလိုက်သည်။
"စိတ်ရင်းအတိုင်း ပြောရရင် မင်းကို အညံ့ခံခွင့်ပေးတာ မင်းအတွက် ကောင်းချီးတစ်ခုပဲ.. ဆိတ်ငြိမ်နယ်မြေထဲက ကိစ္စတချို့အတွက်သာ အသုံးမဝင်ခဲ့ရင် မင်းမှာ ငါ့ကို အညံ့ခံဖို့ အရည်အချင်းတောင် ရှိမှာမဟုတ်ဘူး"
ကျန်းချန်၏ လက်ရှိအင်အားနှင့် အမြင်အရ ဖုန်းဝူယင်း ကဲ့သို့ နတ်သန္ဓေအင်ပါယာများသာ ဂရုစိုက်လောက်စရာ ဖြစ်သည်။
နတ်ဝိညာဥ်ဘုရင် အနည်းငယ်လောက်ကို ကျန်းချန်သည် ဂရုစိုက်နေမည် မဟုတ်ပေ။
သို့သော်လည်း မိစ္ဆာနက်အဖွဲ့သည် ဆိတ်ငြိမ်နယ်မြေတွင် ဆယ်စုနှစ်များစွာ တည်ထောင်ခဲ့ပြီး ခွန်အားမနည်းလှသည့်အပြင် အဖွဲ့ဝင်များလည်း အလွန်တရာ များပြားသည်။
ယခု သူ့ဆရာ ရှောင်တုလီက ဆိတ်ငြိမ်နယ်မြေထဲတွင် ရှိနေသောကြောင့် သူ့ဘာသာသူ ရှာဖွေလျှင် ကောက်ရိုးပုံထဲ ကျသွားသောအပ်ကို ရှာဖွေနေသကဲ့သို့ ဖြစ်နေပေလိမ့်မည်။
မိစ္ဆာနက်အဖွဲ့ကိုသာ သိမ်းသွင်းနိုင်ခဲ့လျှင် သူ့ဆရာ ရှောင်တုလီကို ရှာဖွေရာတွင် များစွာ အထောက်အကူ ဖြစ်လိမ့်မည်မဟုတ်ပါလော။
"ဟမ့်.. ဘယ်လောက်တောင် ရူးမိုက်တဲ့ ကောင်လေးလဲ.. ဒီလို စကားမျိုး ပြောဖို့ မင်းမှာ ဘယ်လိုအရည်အချင်းတွေ ရှိနေလဲဆိုတာ ငါကြည့်ချင်သေးတယ်"
ထိုအချိန်မှာပင် နတ်ဝိညာဥ်ဘုရင် နယ်ပယ် သတ္တမအဆင့် ကျင့်ကြံသူ ဖြစ်သည့် အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုတစ်ယောက်သည် နှာခေါင်းရှုံ့၍ အေးစက်စက် ပြောလိုက်သည်။
သူက ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် အလွန်အမင်းအားကောင်းသည့် မိစ္ဆာဆန်သော အရှိန်အဝါတစ်ခုသည် သူ၏ ခန္ဓာကိုယ်ကနေ ထွက်ပေါ်လာခဲ့ပြီး ကောင်းကင်နှင့်နေကိုပင် ဖုံးကွယ်သွားလောက်သည့် ဧရာမ အနက်ရောင်လင်းယုန်အဖြစ် ပြောင်းလဲကာ ကျန်းချန်ဆီသို့ ဝင်ရောက်လာခဲ့သည်။
"ငါ့ရဲ့အရည်အချင်းကို မြင်ချင်မှတော့ ပြရသေးတာပေါ့"
ကျန်းချန်က မျက်မှောင်ကြုတ်လိုက်ပြီး လက်ဝါးရိုက်ချက်ကို ထုတ်ဖော်လိုက်သည်။
ချက်ချင်းဆိုသလိုပင် လေထုက တုန်ခါသွားခဲ့၏။
ထို့နောက်တွင် ခမ်းနားထည်ဝါပြီး နတ်ဘုရား တစ်ပါး၏ လက်ဝါးကဲ့သို့ အဆုံးမဲ့ နတ်စွမ်းအားများကို သယ်ဆောင်လာသော လက်ဝါးသည် အနက်ရောင်ဝတ်စုံဝတ် အဘိုးကြီးကို ရိုက်ချလိုက်သည်။
"အကြီးအကဲဝူ သတိထား"
ကျန်းချန်၏ လက်ဝါးရိုက်ချက်ပေါ်မှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ခံစားမိလျှင် ချိုးဟေးရှာ၏ အမူအရာသည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
သို့သော်လည်း သူ၏ သတိပေးချက်သည် သိသိသာသာပင် နောက်ကျသွားခဲ့ပြီ ဖြစ်၏။
"ဝုန်း.."
ဧရာမ အနက်ရောင်လင်းယုန်နှင့် ကျန်းချန်၏ လက်ဝါးရိုက်ချက်တို့ လေထဲတွင် ထိပ်တိုက် ဆုံမိသွားကြပြီးနောက်တွင် အကြီးအကဲဝူ၏ ညည်းညူသံကို အားလုံးက ကြားလိုက်ရသည်။
၎င်း၏ ပုံရိပ်က မီတာရာပေါင်းများစွာ အထိ လွင့်စင်သွားခဲ့ပြီး ပါးစပ်ကနေလည်း သွေးများကို အန်ထုတ်လိုက်ရသည်။
"ဒီကလေးက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် အင်အားကြီးမားနေရတာလဲ"
ဤအချိန်တွင် မိစ္ဆာနက်အဖွဲ့မှ နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့် ကျင့်ကြံသူများသည် အသက်ရှူရပ်မတတ် ဖြစ်သွားခဲ့ကြပြီး အလွန်အမင်း အံ့အားသင့်နေခဲ့ကြသည်။
အစောပိုင်းတွင် ကျန်းချန်က နတ်ဝိညာဥ်ဘုရင် အဆင့်ကျင့်ကြံသူကို လက်သီးတစ်ချက်တည်းဖြင့် အနိုင်ယူလိုက်သည်ကို သူတို့ အံ့အားသင့်ခဲ့ကြသော်လည်း အနည်းဆုံးတော့ သူတို့၏ စိတ်နှလုံးထဲတွင် လက်ခံနိုင်ခဲ့သည်။
သို့သော်လည်း အကြီးအကဲဝူကမူ နတ်ဝိညာဥ်ဘုရင် နယ်ပယ် သတ္တမအဆင့်ကို ရောက်ရှိနေပြီဖြစ်သည့် ကျင့်ကြံသူဖြစ်သည်။
ဆိုရလျှင် မိစ္ဆာနက်အဖွဲ့၏ ခေါင်းဆောင် ချိုးဟေးရှာမှ လွဲ၍ အကြီးအကဲဝူ၏ ခွန်အားသည် မိစ္ဆာနက် အဖွဲ့တစ်ခုလုံးတွင် အင်အားအကြီးဆုံးပင်။
ထိုကဲ့သို့သော နတ်ဝိညာဥ်ဘုရင် နယ်ပယ် နှောင်းပိုင်းအဆင့် ကျင့်ကြံသူ တစ်ဦးကို ကျန်းချန်သည် ပေါ့ပေါ့ပါးပါးပင် တိုက်ခိုက်ပြီး ဒဏ်ရာပြင်းထန်စွာ ရရှိစေခဲ့သည်။
"ဒီကလေးရဲ့ခွန်အားက ခန့်မှန်းရခက်တယ်.. ငါတို့တွေ အတူတူတက်ကြစိုဲ့"
ချိုးဟေးရှာက ထိတ်လန့်တကြား ဖြစ်သွားခဲ့ပြီး ကျန်ရှိနေသည့် နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူများကို လှုံ့ဆော်ကာ ချက်ချင်းဆိုသလို ကျန်းချန်ကို ဝိုင်းရံ တိုက်ခိုက်လိုက်ကြသည်။
"ချိုးဟေးရှာက အတော်လေး အရှက်မရှိတဲ့သူပဲ.. နတ်ဝိညာဥ်ဘုရင် နယ်ပယ် အထွတ်အထိပ် ကျင့်ကြံသူဖြစ်ပြီး အုပ်စုလိုက် တိုက်ခိုက်တဲ့ ဗျူဟာကို အသုံးပြုရဲတယ်"
ယွဲ့စစ်ယွင်က ဒေါသထွက်နေခဲ့သည်။
သူမက နံဘေးရှိ ဖုန်းဝူယင်းကို စိုးရိမ်တကြီးဖြင့် အလျင်အမြန် ပြောလိုက်သည်။
"အဘိုး.. အစ်ကိုကြီး ကျန်းချန်ကို သွားကူညီပေးပါဦး"
ထိုစကားကိုကြားလျှင် ဖုန်းဝူယင်းသည် ခပ်ယဲ့ယဲ့သာ ပြုံးလိုက်၏။
"မစိုးရိမ်ပါနဲ့.. သခင်ရဲ့ရှေ့မှာ သူတို့က ပုရွက်ဆိတ်လေးတွေပါပဲ.. သူတို့ သခင့်ကို ထိခိုက်အောင် မလုပ်နိုင်ပါဘူး"
ကျန်းချန် ဆိုသည်မှာ မည်သူနည်း။
၎င်းက တစ်ကိုယ်တော်အစွမ်းဖြင့် ကြယ်လေးပွင့် အဆင့် သူတော်စင်နယ်မြေကို ဖိနှိပ်ခဲ့သည့် နတ်ဆိုးတစ်ပါး ဖြစ်သည်။
ရှောင်မိသားစု၏ ဘိုးဘေးဖြစ်သူ နတ်သန္ဓေအင်ပါယာ ပဉ္စမအဆင့် ကျင့်ကြံသူပင် သူ၏ရှေ့တွင် ခေါင်းငုံ့ခဲ့ရ၏။
သို့ဖြစ်ရာ နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့်မှ ပုရွက်ဆိတ်များကို ကိုင်တွယ်ရန် သူ၏ အကူအညီကို လိုအပ်ပါမည်လော။
ထိုအချိန်တွင် လေထဲ၌ နတ်ဝိညာဥ်ဘုရင်အဆင့်ကျင့်ကြံသူများသည် ၎င်းတို့ တစ်ဦးချင်းစီ၏ အစွမ်းအထက်ဆုံး တိုက်ကွက်များကို ထုတ်ဖော်ကာ ကျန်းချန်ကို တိုက်ခိုက်ခဲ့ကြသည်။
လက်သီး၊လက်ဝါး၊ ဓား စသည်တို့ကို အခြေပြုသော တိုက်ကွက်မျိုးစုံသည် ကျန်းချန်ဆီသို့ ဆက်တိုက် ဆိုသလို ကျရောက်လာခဲ့သည်။
ချိုးဟေးရှာတို့ နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့် ကျင့်ကြံသူခြောက်ဦး၏ ပူးပေါင်း တိုက်ခိုက်မှုကို ရင်ဆိုင်ရသော်လည်း ကျန်းချန်၏ အမူအရာသည် အေးအေးဆေးဆေးပင် ရှိနေခဲ့သည်။
သူက မလှုပ်ရှားဘဲ နေရာမှာပင် ရပ်နေခဲ့၏။
သူ၏ ခန္ဓာကိုယ်နှင့် ပေ(၁၀၀)အတွင်းသို့ ရောက်ရှိလာသည့်အခါမှသာ ကျန်းချန်သည် ပြင်းထန်သော ဓားအရှိန်အဝါများဖြင့် ဖွဲ့စည်းထားသည့် ကောင်းကင်လောင်ကျွမ်း ဓားနယ်မြေကို ထုတ်ဖော်လိုက်သည်။
လေထဲတွင် ဓားနယ်မြေ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ချိုးဟေးရှာတို့ နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူခြောက်ဦး၏ တိုက်ခိုက်မှုများသည် ချက်ချင်းဆိုသလို ပျက်စီးသွားခဲ့သည်။
"ဒါ.. ဒါက နတ်သန္ဓေအင်ပါယာရဲ့ နယ်မြေပိုင်နက်စွမ်းအားလား"
ချိုးဟေးရှာတို့က လုံးဝကို အံ့အားသင့်သွားခဲ့ကြသည်။
ဤအချိန်တွင် ကျန်းချန်ကို ကြည့်နေသည့် သူတို့၏ အကြည့်တွင် ကြောက်ရွံ့သော အရိပ်အယောင်များ ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့၏။
"မင်း.. မင်းက တကယ်ပဲ နတ်သန္ဓေအင်ပါယာအဆင့် ကျင့်ကြံသူလား"
အသက်(၂၀)သာ ရှိသေးပုံရသည့် ကောင်လေးသည် အမှန်တကယ်ပင် နတ်သန္ဓေအင်ပါယာအဆင့် ကျင့်ကြံသူ ဖြစ်နေခဲ့၏။
"ဒါ.. ဒါက မယုံနိုင်စရာပဲ.. ကျန်းချန်က နတ်သန္ဓေအင်ပါယာအဆင့် ကျင့်ကြံသူလား"
ယွဲ့စစ်ယွင်နှင့် ချင်းမိန်တို့သည် သူတို့၏ မျက်လုံးကိုပင် မယုံကြည်နိုင်ခဲ့ကြပေ။
တိမ်တိုက်နက် ကျားအုပ်စုကို မောင်းထုတ်ပြီးကတည်းက စ၍ သူတို့က ကျန်းချန်ကို အထင်ကြီးခဲ့ကြသော်လည်း နတ်သန္ဓေအင်ပါယာအဆင့် ကျင့်ကြံသူ ဖြစ်နေလိမ့်မည်ဟုတော့ မထင်ထားခဲ့ကြပေ။
"နတ်သန္ဓေအင်ပါယာအဆင့်.. ဒါ..ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
ထိုအချိန်တွင် ကူကျန့်သည် မျက်နှာတစ်ခုလုံး ချက်ချင်းဆိုသလို ဖြူဖျော့သွားခဲ့သည်။
"ပြီးပြီ ဒီတစ်ခေါက်တော့ လုံးဝ ပြီးဆုံးသွားပြီ"
"ကောင်လေး.. နတ်သန္ဓေအင်ပါယာတစ်ပါး ဖြစ်ပြီး ဆိတ်ငြိမ်နယ်မြေကို ဝင်ရောက်တာက နိဗ္ဗာန်မြို့တော်ရဲ့ စည်းမျဥ်းကို ချိုးဖောက်တာပဲ"
ချိုးဟေးရှာက သူ၏ စိတ်နှလုံးထဲမှ ကြောက်ရွံ့မှုကို ထိန်းချုပ်ကာ ကျန်းချန်ကို စူးစိုက်ကြည့်၍ ပြောလိုက်သည်။
"ဒါက နိဗ္ဗာန်မြို့တော်ကို မလေးစားတဲ့လုပ်ရပ်ပဲ"
"နိဗ္ဗာန်မြို့တော်က ဘာမို့လို့လဲ.. ငါဒီကို လာရဲတယ်ဆိုမှတော့ သူတို့ကို သောက်ဂရုမစိုက်လို့ပဲပေါ့"
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးလိုက်ပြီး ချိုးဟေးရှာ တို့ကို စူးစိုက်ကြည့်ကာ ပြောလိုက်သည်။
"စကားများမနေနဲ့.. အညံ့ခံမလား သေမလား နှစ်ခုထဲက ကြိုက်တာ တစ်ခုခုကို ရွေးလိုက်"
ထိုစကားကိုကြားလျှင် ချိုးဟေးရှာသည် အချိန်အတော်ကြာ စဥ်းစားဟန် ပြုလိုက်ပြီးမှ ကျန်းချန်၏ ရှေ့တွင် ဒူးထောက်လိုက်သည်။
"ကျွန်တော် ချိုးဟေးရှာနဲ့ မိစ္ဆာနက် အဖွဲ့အစည်း တစ်ခုလုံးက သခင့်ကို အညံ့ခံပါတယ်"
အခန်း(၁၂၆၇)
အခန်း(၁၂၆၈)
နတ်သန္ဓေအင်ပါယာအဆင့်သည် သူနှင့် မိစ္ဆာနက်အဖွဲ့တို့ ရင်ဆိုင်နိုင်သည့်သူ မဟုတ်မှန်း ချိုးဟေးရှာ ကောင်းစွာသိသည်။
အသက်ရှင်ချင်သည်ဆိုလျှင် သူ၏ တစ်ခုတည်းသော ရွေးချယ်ရမည့် အရာမှာ အညံ့ခံဖို့သာ ဖြစ်၏။
မိစ္ဆာနက်အဖွဲ့၏ ခေါင်းဆောင် ချိုးဟေးရှာသည် ကျန်းချန်၏ ရှေ့တွင် ဒူးထောက် အညံ့ခံလိုက်သည်နှင့် တစ်ပြိုင်နက် ကျန်ရှိသည့် နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူများသည်လည်း ကျန်းချန်၏ ရှေ့တွင် တစ်ယောက်ပြီးတစ်ယောက် ဒူးထောက်လိုက်ကြသည်။
"အားလုံးပဲ ထကြပါ"
ကျန်းချန်က သူ၏ ကောင်းကင်လောင်ကျွမ်း ဓားနယ်မြေကို ရုတ်သိမ်းလိုက်ပြီးနောက်တွင် ပေါ့ပါးစွာ ပြောလိုက်သည်။
"ငါက ကြယ်သုံးပွင့် အင်အားစု ဖြစ်တဲ့ လူသားဧကရာဇ်နန်းတော်ရဲ့ နန်းတော်သခင်ပဲ.. အခုစပြီး ငါ့ကို နန်းတော်သခင်လို့ ခေါ်လို့ရတယ်"
"ဟုတ်ကဲ့ပါ နန်းတော်သခင်"
ချိုးဟေးရှာနှင့် တခြားသူများက မတ်တပ် ထရပ်လိုက်ကြပြီး တလေးတစား ပြန်ဖြေလိုက်ကြသည်။
"ကျန်း.. ကျန်းချန် ငါလည်း မင်းဆီမှာ အညံ့ခံဖို့ ဆန္ဒရှိပါတယ်.. မင်းငါ့အသက်ကို ချမ်းသာပေးသရွေ့ ခွေးတစ်ကောင်လို ငါ့ကို ခိုင်းနိုင်ပါတယ်.. မင်းဘာပဲခိုင်းခိုင်း လုပ်ပေးဖို့ ဆန္ဒရှိပါတယ်"
ကူကျန့်က ချက်ချင်းပင် ကျန်းချန်၏ ရှေ့သို့ ရောက်လာပြီး ဖင်ကုန်းမတတ် အသနားခံလိုက်သည်။
"မင်းလိုအမှိုက်ကတော့ ငါ့ရဲ့နံဘေးမှာ ခွေးတစ်ကောင် ဖြစ်ဖို့တောင် အရည်အချင်းမရှိဘူး"
ကျန်းချန်က မထီမဲ့မြင် ပြုံးလိုက်ပြီး သူ၏ လက်ညှိုးဖြင့် ကူကျန့်၏ရင်ဘတ်ကို ထောက်ကာ ဒန်တျန်ထဲမှ အသက်စွမ်းအင်များကို ချက်ချင်းပင် ဖျက်ဆီးပစ်လိုက်သည်။
"ကျန်းချန်.. မင်း.. မင်း ငါ့ရဲ့သိုင်းအားတွေကို တကယ်ပဲဖျက်ဆီးပစ်လိုက်တယ်လား"
ကူကျန့်က ခါးသီးသော အမူအရာဖြင့် ကျန်းချန်ကို စိုက်ကြည့်ကာ အပြင်းအထန် အော်ဟစ်လိုက်သည်။
"မင်း ငါ့အတွက် လမ်းပြ လုပ်ပေးခဲ့တာကို ထောက်ထားပြီး မင်းကို အသက်ရှင်သန်ခွင့်တော့ ပေးလိုက်မယ်.. ဒီဆိတ်ငြိမ်နယ်မြေထဲမှာ အသက်ဆက်ရှင်နိုင် မရှင်နိုင် ဆိုတာကတော့ မင်းရဲ့ ကံကြမ္မာပေါ်မှာပဲ မူတည်တယ်"
ထိုစကားကို ပြောပြီးနောက်တွင် ကျန်းချန်သည် ကူကျန့်ကို လျစ်လျူရှုလိုက်သည်။
သူက ချိုးဟေးရှာကို တိုက်ရိုက် ကြည့်လိုက်ပြီး ချင်းရှန်းမင်ကို ချက်ချင်းလွှတ်ပေးရန် အမိန့်ပေးလိုက်သည်။
ကျန်းချန်၏ စကားကို ကြားလျှင် ချိုးဟေးရှာသည် သူ၏ နံဘေးရှိ ချိုးရွှမ်းရှာကို ပြောလိုက်၏။
"ချင်းရှန်းမင်ကို ချက်ချင်း ခေါ်ထုတ်လာခဲ့"
ချိုးရွှမ်းရှာက ခေါင်းညိတ်လိုက်ပြီး မိစ္ဆာနက်အဖွဲ့၏ အဆောက်အဦးထဲသို့ ပျံသန်း၍ ဝင်ရောက်သွားခဲ့သည်။
သိပ်မကြာခင်မှာပင် ချိုးရွှမ်းရှာသည် မျက်နှာတစ်ခုလုံး ဖြူဖျော့နေသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးနှင့်အတူ ပြန်လည် ရောက်ရှိလာခဲ့သည်။
"အဖေ.."
ချင်းမိန်က သူ့ရှေ့မှ လူလတ်ပိုင်းအရွယ် အမျိုးသားကို မြင်လျှင် သူမ၏ ဆွဲဆောင်မှုရှိသော မျက်နှာထက်၌ စိတ်လှုပ်ရှားသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
"သမီးမိန် မင်းဘယ်လိုဖြစ်ပြီး ဒီကို ရောက်နေရတာလဲ"
ချင်းရှန်းမင်သည် သူ၏ မျက်စိရှေ့တွင် ရှိနေသည့် ချင်းမိန်ကိုမြင်လျှင် အမူအရာ ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
မိစ္ဆာနက်အဖွဲ့၏ ခွန်အားသည် အလွန်နက်နဲပြီး သူတို့ ချင်းမိသားစုထက် မနိမ့်ပေ။
သူကိုယ်တိုင်ပင် မိစ္ဆာနက်အဖွဲ့၏ ဝိုင်းရံတိုက်ခိုက်မှုကနေ မလွတ်မြောက်နိုင်ခဲ့ချေ။
ယခု သူ့သမီးချင်းမိန်က မိစ္ဆာနက်အဖွဲ့၏ ဌာနချုပ်ကို ရောက်လာခဲ့သည်ဖြစ်ရာ ကျားပါးစပ်ထဲသို့ ခုန်ဝင်လာသည့် သိုးတစ်ကောင်နှင့် ဘာမှမခြားပေ။
"အဖေ မစိုးရိမ်ပါနဲ့.. အခု မိစ္ဆာနက်အဖွဲ့ကို သခင်လေးကျန်းချန်က နှိမ်နင်းလိုက်ပါပြီ.. အခုအဖေ့ကိုလည်း သခင်လေးကျန်းချန်ကပဲ မိစ္ဆာနက်အဖွဲ့က လူတွေကို လွှတ်ခိုင်းလိုက်တာပါ"
ချင်းမိန်က သူမ နံဘေးမှ ကျန်းချန်ကို လက်ညှိုးထိုးပြလိုက်ပြီး ချင်းရှန်းမင်ကို ပြုံးရွှင်စွာ ရှင်းပြလိုက်သည်။
"ဒီက သခင်လေးကျန်းချန်က မိစ္ဆာနက်အဖွဲ့ကို အနိုင်ယူခဲ့တာလား"
ချင်းရှန်းမင်သည် အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်မိလိုက်သည်။
သူက ချင်းမိန်နံဘေးရှိ ကျန်းချန်ကို အကဲခတ်လိုက်ရာ သူ့မျက်လုံးကိုပင် သူမယုံနိုင်ခဲ့ပေ။
မိစ္ဆာနက်အဖွဲ့၏ခေါင်းဆောင်သည် နတ်ဝိညာဥ်ဘုရင် နယ်ပယ် နဝမအဆင့် အထွတ်အထိပ် ကျင့်ကြံသူ ဖြစ်ပြီး ကြယ်နှစ်ပွင့် အင်အားစု၏ ခေါင်းဆောင်တစ်ဦးလည်းဖြစ်သည်။
သူတို့ ချင်းမိသားစု၏ ဘိုးဘေးပင် မိစ္ဆာနက်အဖွဲ့၏ ခေါင်းဆောင်ကို ယှဥ်နိုင်ရန် မလွယ်ကူပေ။
သို့သော်လည်း သူ့သမီးနှင့် သက်တူရွယ်တူသာ ရှိပုံရသည့် အနက်ရောင် ဝတ်စုံဝတ် ကောင်လေးသည် မိစ္ဆာနက်အဖွဲ့ခေါင်းဆောင် ချိုးဟေးရှာကို အနိုင်ယူခဲ့သည်။
"ဒါက တကယ်ကို မယုံနိုင်စရာပဲ"
ကျန်းချန်းက ချင်းရှန်းမင်ကို စကားအများကြီး ပြောမနေဘဲ ချင်းရှန်းမင်၏ ခန္ဓာကိုယ်ကို တစ်ချက် အကဲခတ်လိုက်သည်။
ထို့နောက်တွင် ချက်ချင်းဆိုသလို သူ၏ လက်ကိုမြှောက်ကာ စွမ်းအားတစ်ခုကို ချင်းရှန်းမင်၏ ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်စေခဲ့သည်။
နောက်ထပ် တစ်ခဏမှာပင် ချင်းရှန်းမင်၏ ခန္ဓာကိုယ်ထဲရှိ နတ်ပင်လယ်တွင် ချိုးဟေးရှာ ချန်ထားရစ်ခဲ့သည့် တားမြစ်ချက်ကို ကျန်းချန်က သူ၏ စွမ်းအားဖြင့် ချိုးဖျက်ပစ်လိုက်သည်။
ထို့ကြောင့် ချင်းရှန်းမင်သည် ချက်ချင်းဆိုသလို သူ၏ နတ်ဝိညာဥ်ဘုရင် နယ်ပယ် စတုတ္ထအဆင့် ခွန်အားကို ပြန်လည်ရရှိသွားခဲ့သည်။
"ချိုးဟေးရှာရဲ့ တားမြစ်စည်းတံဆိပ်ကို ဒီလောက်ထိ လွယ်လွယ်ကူကူ ချိုးဖျက်နိုင်တယ်ဆိုတော့ ဒီကောင်လေးက နတ်သန္ဓေအင်ပါယာ တစ်ပါးများ ဖြစ်နေမလား"
ချင်းရှန်းမင် ထိတ်လန့်သွားခဲ့သည်။
ဤအချိန်တွင် ထိုကောင်လေးသည် မိစ္ဆာနက်အဖွဲ့ကို အညံ့ခံအောင် လုပ်နိုင်သည့်စွမ်းရည် အမှန်တကယ်ရှိမှန်း သူ၏ စိတ်နှလုံးထဲတွင် ယုံကြည်သွားခဲ့သည်။
"သခင်လေးကျန်းချန် အသက်ကယ်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်..ငါ့မှာ လုပ်စရာကိစ္စ တချို့ရှိနေလို့ အရင်သွားလိုက်ပါဦးမယ်.. အခါအခွင့်သင့်ရင် သခင်လေးကျန်းချန်အနေနဲ့ ချင်းမိသားစုကို လာခဲ့ပါ.. သခင်လေးကျန်းချန် ဘယ်လို အမိန့်မျိုးပဲပေးပါစေ.. ငါတို့ချင်းမိသားစုက အသက်နဲ့လဲပြီး ထမ်းဆောင်ပေးပါ့မယ်"
ချင်းရှန်းမင်က အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီး လက်သီးကိုဆုပ်၍ လေးနက်စွာ ဂါဝရပြုလိုက်သည်။
"ဒီလောက်က အပန်းမကြီးပါဘူး ဦးလေးချင်း.. အားမနာပါနဲ့"
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။
ထို့နောက်တွင် ချင်းရှန်းမင်သည် ကျန်းချန်ကို နှုတ်ဆက်ကာ ချင်းမိန်နှင့်အတူ ထွက်ခွာရန် ပြင်ဆင်လိုက်၏။
ယခုအခါ သူက ဒုက္ခတောထဲကနေ လွတ်မြောက်လာခဲ့ပြီ ဖြစ်ရာ သူ၏ ထိပ်တန်းဦးစားပေးသည် တာအိုသစ်သီးကို ယူပြီး ချင်းမိသားစုဆီ ပြန်ကာ သူတို့၏ဘိုးဘေးကို နတ်သန္ဓေအင်ပါယာအဆင့်သို့ ထိုးဖောက်နိုင်ရန် အကူအညီပေးဖို့ ဖြစ်သည်။
"စစ်ယွင် ငါနဲ့အတူ ပြန်လိုက်မှာလား"
ချင်းမိန်က သူမနံဘေးရှိ ယွဲ့စစ်ယွင်ကို ညင်သာစွာ မေးလိုက်သည်။
ယွဲ့စစ်ယွင်က ခေါင်းခါရမ်း၍ ပြန်ဖြေလိုက်၏။
"အစ်မမိန် ကျွန်မရဲ့အစ်မကို အစ်ကိုကြီးကျန်းချန်နဲ့ အတူ ရှာချင်သေးတယ်"
ယွဲ့စစ်ယွင်ထံမှ စကားကိုကြားလျှင် ချင်းမိန်သည် ဘာမှဆက်မပြောတော့ပေ။
ကျန်းချန်ကဲ့သို့ နတ်သန္ဓေ အင်ပါယာတစ်ပါး စောင့်ရှောက်ပေးနေသောကြောင့် ယွဲ့စစ်ယွင် အန္တရာယ်ဖြစ်မည်ကို ချင်းမိန် စိတ်မပူတော့ချေ။
"ဒါဆိုလည်း သတိထားပါ.. ညီမလေးရှာချင်နေတဲ့သူကို အမြန်ဆုံး ရှာတွေ့ပါစေလို့ အစ်မ ဆုတောင်းပေးပါတယ်"
စကားဆုံးသည်နှင့် ချင်းမိန်သည် သူမ အဖေနှင့်အတူ အလျင်အမြန် ထွက်ခွာသွားခဲ့၏။
ချင်းမိန်တို့နှစ်ဦး ထွက်သွားပြီးနောက်တွင် ကျန်းချန်၏ အကြည့်သည် ချိုးဟေးရှာဆီသို့ ထပ်မံ ရောက်ရှိသွားခဲ့သည်။
"ချိုးဟေးရှာ.. မင်းကို ခိုင်းစရာ ရှိတယ်.. မင်းရဲ့ မိစ္ဆာနက်အဖွဲ့ခွန်အားကို အစွမ်းကုန် အသုံးချပြီး ငါ့အတွက် လူနှစ်ယောက်ကို ရှာဖွေပေးပါ"
"ကျွန်တော်က ဆိတ်ငြိမ်နယ်မြေမှာ နေထိုင်တာ နှစ်(၁၀၀)ရှိပါပြီ.. ဆိတ်ငြိမ်နယ်မြေရဲ့အကြောင်းကို ကျွန်တော်အများကြီး သိပါတယ်.. နန်းတော်သခင်က ဘယ်သူ့ကို ရှာဖွေချင်လဲ ဆိုတာ သိပါရစေ"
ချိုးဟေးရှာက ကျန်းချန်ကို မေးလိုက်သည်။
ကျန်းချန်က အပိုစကားများ မပြောတော့ဘဲ တိုက်ရိုက်ပင် ပြောလိုက်၏။
"ငါရှာခိုင်းမဲ့ ပထမတစ်ယောက်က ဆိတ်ငြိမ်နယ်မြေထဲကို ဝင်ရောက်လာတဲ့ နတ်သန္ဓေအင်ပါယာ တစ်ပါးပဲ.. သူ့နာမည်ကရှောင်တုလီ"
"နန်းတော်သခင်ပြောတာက နှလုံးလောင်ကျွမ်း ဓားအင်ပါယာရှောင်တုလီလား"
ချိုးဟေးရှာက တအံ့တသြ ရေရွတ်ကာ ပြောလိုက်သည်။
ကျန်းချန်က ချိုးဟေးရှာ၏နှုတ်မှ သူ့ဆရာ၏ နာမည်အပြည့်အစုံကို ကြားလိုက်ရလျှင် အလွန်ပင် ဝမ်းမြောက်ဝမ်းသာဖြစ်ကာ မေးခွန်းထုတ်လိုက်သည်။
"ဟုတ်တယ် နှလုံးလောင်ကျွမ်းဓားအင်ပါယာ ရှောင်တုလီပဲ.. သူဘယ်မှာလဲဆိုတာ မင်းသိလား"
"ကျွန်တော် မသိပါဘူး.. ရှောင်တုလီဆိုတဲ့ နာမည်ကို နိဗ္ဗာန်မြို့တော်ရဲ့ လူတွေထံကနေ ကြားခဲ့ရတာပါ"
ချိုးဟေးရှာက ခေါင်းကို အလျင်အမြန် ခါရမ်း၍ ပြောလိုက်သည်။
"နှလုံးလောင်ကျွမ်းဓားအင်ပါယာ ရှောင်တုလီက နိဗ္ဗာန်မြို့တော်ရဲ့လက်ထဲမှာလို့ မင်း ဆိုလိုချင်တာလား"
ကျန်းချန်၏ မျက်နှာအမူအရာက ရုတ်တရက် ချက်ချင်းပင် လေးနက်သွားခဲ့သည်။
"အဲဒီလိုမဟုတ်ဘူး နန်းတော်သခင်.. နှလုံးလောင်ကျွမ်းဓားအင်ပါယာက စည်းမျဥ်းတွေကို ချိုးဖောက်ပြီး ဆိတ်ငြိမ်နယ်မြေထဲ ဝင်ရောက်လာတယ် ဆိုတာကိုပဲ နိဗ္ဗာန်မြို့တော်က သိထားကြတယ်.. ဒါကြောင့် ဖမ်းဆီးမိန့်ကို ထုတ်ပြန်ပြီး ဆိတ်ငြိမ်နယ်မြေထဲမှာ နိဗ္ဗာန်မြို့တော်က လူတွေ လိုက်လံဖမ်းဆီးနေကြတယ်"
ချိုးဟေးရှာက သူသိထားသမျှ သတင်းအားလုံးကို ပြောပြလိုက်သည်။
"မိစ္ဆာနက်အဖွဲ့ရဲ့ အင်အားအလုံးစုံကို ရှောင်တုလီကို ရှာဖွေရာမှာ အသုံးပြုပါ.. နိဗ္ဗာန်မြို့တော်ထက် သူရှိတဲ့နေရာကို ဦးအောင် ရှာဖွေနိုင်ဖို့ အရေးကြီးတယ်.. ဒါ့အပြင် ယွဲ့စစ်ချင်းလို့ခေါ်တဲ့ အမျိုးသမီးတစ်ယောက်ရဲ့ နေရာကိုလည်း စုံစမ်းပေးပါ.. ဒီကိစ္စနှစ်ခုကို ကောင်းကောင်းလုပ်ဆောင်နိုင်ရင် မင်းတို့ကို ငါဆုချမယ်"
ကျန်းချန်က တိုက်ရိုက်ပင် အမိန့်ပေးလိုက်သည်။
"နန်းတော်သခင် ကျေးဇူးပြုပြီး မိစ္ဆာနက် ချိုင့်ဝှမ်းမှာ ရက်အနည်းငယ်လောက် အနားယူပေးပါ.. ကျွန်တော့်ရဲ့ အဖွဲ့ဝင်တွေက နန်းတော်သခင် အမိန့်အတိုင်း အမြန်ဆုံး ရှာဖွေပေးပါ့မယ်"
စကားဆုံးသည်နှင့် ချိုးဟေးရှာသည် ကျန်းချန် နေထိုင်မည့်နေရာကို ချိုးရွှမ်းရှာအား စီစဥ်ခိုင်းလိုက်သည်။
သူကိုယ်တိုင်ကမူ မိစ္ဆာနက် အဖွဲ့ဝင်များကို အမိန့်ပေးကာ ကျန်းချန်၏ အမိန့်အတိုင်း ရှာပုံတော် စတင်စေခဲ့သည်။
အခန်း(၁၂၆၈)ပြီး၏။
အခန်း(၁၂၆၉)
မိစ္ဆာနက် အဖွဲ့အစည်း၏ ခန်းမတစ်ခုအတွင်းတွင် ကျန်းချန်သည် တင်ပျဥ်ခွေ၍ ထိုင်နေခဲ့သည်။
ဝိညာဥ်ကျောက်တုံးများသည် သူ၏ရှေ့တွင် တောင်ကုန်းသဖွယ် စုပုံ၍ ရှိနေခဲ့၏။
သူက ထိုဝိညာဥ်ကျောက်တုံးများမှ စွမ်းအင်ကို အဆက်မပြတ်စုပ်ယူကာ သူ၏ ကျင့်ကြံခြင်းအဆင့်ကို မြှင့်တင်နေခဲ့သည်။
သို့သော်လည်း နတ်သန္ဓေအင်ပါယာ အဆင့်ကို တက်လှမ်းပြီးနောက်တွင် အဆင့်ငယ် တစ်ဆင့်ကို တက်လှမ်းရန်အတွက် လိုအပ်သည့် အတွေ့အကြုံ ရမှတ်များသည် ယခုအခါတွင် အလွန်ကြောက်မက်ဖွယ်ရာ ကောင်းသော ပမာဏသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
ရာပေါင်းများစွာသော ဝိညာဥ်ကျောက်တုံးများကို အသုံးပြုသည့်တိုင် ကျန်းချန်၏ ကျင့်ကြံခြင်း အရှိန်အဟုန်သည် ယခင်ထက် များစွာ နှေးကွေးသွားခဲ့သည်။
ဆယ်ရက်ခန့် ကျင့်ကြံပြီးနောက်တွင် ကျန်းချန်သည် သူ၏ ကျင့်ကြံခြင်းအဆင့်ကို နတ်သန္ဓေအင်ပါယာ ပထမအဆင့်အစောပိုင်းမှ ပထမအဆင့် အလယ်အလတ်သို့သာ မြှင့်တင်နိုင်ခဲ့သည်။
ထိုအဆင့်သို့ရောက်ရန် သူ့အနေဖြင့် ဝိညာဥ်ကျောက်တုံးမည်မျှ စုပ်ယူခဲ့သည်ကိုပင် မမှတ်မိတော့ပေ။
သေချာသောအချက်မှာ သူ၏ ကျင့်ကြံခြင်းအဆင့်သည် တစ်ဆင့်ထက် တစ်ဆင့် တိုးမြှင့်ရန် ပို၍ ခက်ခဲလာတော့မည်ဖြစ်သည်။
တစ်နည်းအားဖြင့် နတ်သန္ဓေအင်ပါယာ ဒုတိယအဆင့်ထိ ထိုးဖောက်ချင်သည် ဆိုလျှင် ဤနည်းလမ်းဖြင့် အနည်းဆုံး တစ်လလောက် ကျင့်ကြံရလိမ့်မည် ဖြစ်၏။
မှန်ပါသည်။ဤအရှိန်အဟုန်သည် ရှန်းဝူတိုက်၏ နတ်သန္ဓေအင်ပါယာ အများစုနှင့်ယှဥ်လျှင်မူ အလွန်ပင် ကြောက်မက်ဖွယ်ရာ ကောင်းနေခဲ့ပြီ ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာခန့်တွင် ကျိုးယိုကို ဖိနှိပ်ရန်အတွက် မဟာအင်ပါယာ ဟောင်ထျန်းသည် ရှန်းဝူတိုက်၏ စွမ်းအင် အရင်းအမြစ်ကို ပိတ်ဆို့ခဲ့သောကြောင့်ပင်။
ထို့ကြောင့် ယနေ့ခေတ်တွင် ရှန်းဝူတိုက်ကြီးသည် နတ်သန္ဓေအင်ပါယာ အဆင့် ကျင့်ကြံသူများ၏ ကျင့်ကြံခြင်းအဆင့်ကို ပံ့ပိုးရန် အတွက် ခက်ခဲနေခဲ့ပြီ ဖြစ်၏။
နတ်သန္ဓေအင်ပါယာများ အနေဖြင့် ထူးခြားသောအခွင့်အလမ်းများကို မရရှိခဲ့လျှင် ဆယ်စုနှစ်ပေါင်း များစွာကြာသည့်တိုင် အဆင့်ငယ် တစ်ဆင့်ကိုပင် တက်လှမ်းနိုင်မည်မဟုတ်ပေ။
ဥပမာ ပြရလျှင် ယန်ဒီမြို့တော်မှ ရှောင်မိသားစုဘိုးဘေး ရှောင်ယန်ဝူကို ပြရမည် ဖြစ်သည်။
ရှောင်ယန်ဝူသည် လွန်ခဲ့သောနှစ်ပေါင်း(၅၀၀)ကတည်းကပင် ကျုံးကျိုးကုန်မြေ၌ နာမည်ကျော်ကြားသော နတ်သန္ဓေအင်ပါယာတစ်ပါးဖြစ်နေခဲ့ပြီ ဖြစ်သည်။
နှစ်ပေါင်း(၅၀၀)အချိန်ယူခဲ့သော်လည်း ရှောင်ယန်ဝူသည် နတ်သန္ဓေအင်ပါယာ ပဉ္စမအဆင့်သို့သာ တက်လှမ်းနိုင်ခဲ့သည်။
တစ်နည်းအားဖြင့် ရှောင်ယန်ဝူသည် အဆင့်တစ်ဆင့်ကို အနည်းဆုံး တက်လှမ်းရန်အတွက် နှစ်(၁၀၀)ခန့် ကြာမြင့်ခဲ့သည်။
ဤသည်ကိုကြည့်၍ ရှန်းဝူတိုက်ကြီးတွင် နတ်သန္ဓေအင်ပါယာအဆင့် ကျင့်ကြံသူများအနေဖြင့် အဆင့်ငယ် တစ်ဆင့်ကို တက်လှမ်းရန်အတွက် မည်မျှခက်ခဲမည်ကို မှန်းဆကြည့်နိုင်ပေသည်။
"ဒီဝိညာဥ်ကျောက်တုံးတွေ နေရာမှာ နတ်ခရစ်စတယ်သာ ဖြစ်ရင် အရမ်းကောင်းမှာပဲ"
ကျန်းချန်က ဝိညာဥ်ကျောက်တုံးများကို ကြည့်ရင်း ရွှေနဂါးမြို့တော်မှ နတ်ခရစ်စတယ်များကို မလွမ်းဆွတ်ဘဲ မနေနိုင်ခဲ့ပေ။
နတ်ခရစ်စတယ် တစ်ခုတွင် ပါဝင်သော အသက်စွမ်းအင်သည် ဝိညာဥ်ကျောက်တုံး ထဲတွင် ပါဝင်သည့် အသက်စွမ်းအင်ထက် ဆယ်ဆ ပိုမို များပြားသည် မဟုတ်လော။
ထို့အပြင် ဝိညာဥ်ကျောက်တုံးကို စုပ်ယူသော အချိန်ထက် အနည်းငယ်မျှသာ ပို၍ ကြာမြင့်သည်။
အကယ်၍ သူ့ထံတွင်သာ နတ်ခရစ်စတယ် အလုံအလောက်ရှိနေပါက သူ၏ ကျင့်ကြံခြင်း အရှိန်အဟုန်သည် ယခုထက်ပို၍ အဆပေါင်းများစွာ ပိုမို မြန်ဆန်လာမည်မှာ သေချာသလောက်ပင်။
သို့သော်လည်း ယနေ့ခေတ် ရှန်းဝူတိုက်ကြီးတွင် ဝိညာဥ်ကျောက်တုံးပင် အလွန်တရာ ရှားပါးနေပြီ ဖြစ်ရာ နတ်ခရစ်စတယ်ဆိုလျှင် စကားထဲ ထည့်ပြောဖို့ပင် မလိုအပ်တော့ပေ။
ကျန်းချန်၏ နတ်ခရစ်စတယ်များကို စုပ်ယူ၍ သန့်စင်သော အမြန်နှုန်းသည် အလွန်တရာပင် ကြောက်မက်ဖွယ်ရာ ကောင်း၏။
ရှန်းဝူတိုက်ကြီး၏ အင်အားကြီးမားသော ပုဂ္ဂိုလ်များပင် ထိုကဲ့သို့ စွမ်းဆောင်ရည်မျိုး ရှိမည် မဟုတ်ပေ။
"သခင်.. ချိုးဟေးရှာ ပြန်ရောက်လာပြီ.. သူက သခင့်ကို အလောတကြီး ရှာနေပုံပဲ"
ထိုအချိန်မှာပင် ဖုန်းဝူယင်း၏ အသံသည် ခန်းမ၏ အပြင်ဘက်ကနေ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
"ချိုးဟေးရှာ ပြန်ရောက်လာပြီလား"
ကျန်းချန်၏ မျက်လုံးများက လင်းလက်သွားခဲ့သည်။
"သူ ဆရာ့သတင်းကို စုံစမ်းလို့ ရသွားပြီလား မသိဘူး"
ကျန်းချန်က တုံ့ဆိုင်းမနေဘဲ ချက်ချင်းပင်ထရပ်ကာ ခန်းမအပြင်ဘက်ကို ထွက်လာခဲ့သည်။
မကြာခင်မှာပင် ဖုန်းဝူယင်းသည် ကျန်းချန်ကို ပင်မခန်းမဆီသို့ ခေါ်လာခဲ့ပြီး ခန်းမ၏ အလယ်တွင် ချိုးဟေးရှာသည် ကျန်းချန်ကို စိုးရိမ်တကြီး အမူအရာဖြင့် စောင့်ဆိုင်းနေသည်ကို တွေ့လိုက်ရသည်။
"ချိုးဟေးရှာ အခြေအနေဘယ်လိုလဲ.. ရှောင်တုလီရဲ့သတင်းကို ရပြီလား"
ခန်းမထဲတွင် ချိုးဟေးရှာကိုမြင်သည်နှင့် ကျန်းချန်က အပိုစကားများပြောမနေတော့ဘဲ တဲ့တိုးပင် မေးလိုက်သည်။
"နန်းတော်သခင်.. နှလုံးလောင်ကျွမ်း ဓားအင်ပါယာ ရှောင်တုလီနဲ့ ပတ်သက်ပြီး ကျွန်တော် သတင်းတချို့ကို စုံစမ်းလို့ရပါပြီ.. ဒီတစ်ခေါက် ကျွန်တော် ပြန်လာတာက အရေးကြီးတဲ့သတင်းတစ်ခုကို ထပ်ရခဲ့လို့ပါ"
ထိုစကားကိုကြားလျှင် ကျန်းချန်က မျက်မှောင်ကြုတ်လိုက်သည်။
"ဘာသတင်းလဲ"
"တစ်စုံတစ်ယောက်က မိစ္ဆာနက်အဖွဲ့မှာ နတ်သန္ဓေအင်ပါယာတစ်ပါး ရှိနေတယ်ဆိုတဲ့ သတင်းကို ဖြန့်လိုက်တယ် နန်းတော်သခင်.. အခုဆိုရင် နိဗ္ဗာန်မြို့တော်ရဲ့ လူတွေက နန်းတော်သခင်ကို နှလုံးလောင်ကျွမ်း ဓားအင်ပါယာအဖြစ် ထင်နေကြပြီ.. ကျွန်တော် စုံစမ်းရသလောက်ဆိုရင် နိဗ္ဗာန်မြို့တော်က လွန်ခဲ့တဲ့ သုံးရက်လောက်ကတည်းက မိစ္ဆာနက်ချိုင့်ဝှမ်းကို သူတို့လူတွေ စေလွှတ်လိုက်ပြီ.. ဒါကြောင့် သိပ်မကြာခင် ကျွန်တော်တို့ ဆီကို ရောက်လာတော့မှာ သေချာတယ်"
ထိုစကားကိုပြောနေသည့် ချိုးဟေးရှာ၏ မျက်နှာထက်တွင် လေးနက်သော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
နိဗ္ဗာန်မြို့တော်။
နိဗ္ဗာန်မြို့တော်ဆိုသည်မှာ လွန်ခဲ့သော နှစ်ပေါင်း(၁၀၀၀၀)ခန့်ကပင် တည်ရှိခဲ့သည့် အဖွဲ့အစည်း ဖြစ်သည်။
နိဗ္ဗာန်မြို့တော်၏အင်အားသည် အလွန်ပင် ခန့်မှန်းရခက်ပြီး ကျုံးကျိုးကုန်းမြေ တစ်ခုလုံးမှာပင် နိဗ္ဗာန်မြို့တော်၏ တကယ့်အင်အားကို သိရှိသူ အနည်းငယ်မျှသာ ရှိသည်။
သို့သော်လည်း မည်သူမှ လုံးဝ သံသယမဝင်သည့် အချက်တစ်ခုတော့ ရှိ၏။
ယင်းမှာ နိဗ္ဗာန်မြို့တော်၏ အင်အားသည် ကျုံးကျိုးကုန်းမြေ၏ ကြယ်လေးပွင့် သူတော်စင်နယ်မြေများ ဖြစ်သော မြို့တော်ငါးမြို့ထက် လုံးဝနိမ့်ကျခြင်းမရှိ ဟူသော အချက်ပင်။
သိပ်မကြာခင် အချိန်အတွင်း နိဗ္ဗာန်မြို့တော်နှင့် ရင်ဆိုင်ရတော့မည်ဟု စဥ်းစားမိလျှင် လောကဓံ၏ လှိုင်းဒဏ်လေဒဏ်များစွာကို ကြုံတွေ့ဖူးသည့် ချိုးဟေးရှာပင် ကြောက်ရွံ့စိတ်များ မဝင်ဘဲ မနေနိုင်ခဲ့ပေ။
ကျန်းချန်က နတ်ဆိုးကဲ့သို့ ပြုံး၍ ပြောလိုက်သည်။
"နိဗ္ဗာန်မြို့တော်ရဲ့ လူတွေက ငါ့ကို နှလုံးလောင်ကျွမ်း ဓားအင်ပါယာ ရှောင်တုလီအဖြစ် သတ်မှတ်လိမ့်မယ်လို့ ငါ တကယ် ထင်မထားမိဘူး"
"နန်းတော်သခင်.. နိဗ္ဗာန်မြို့တော်ရဲ့ အင်အားက တကယ်ကို နက်ရှိုင်းတယ်.. ကျုံးကျိုးကုန်းမြေမှာရှိတဲ့ ကြယ်လေးပွင့်သူတော်စင် နယ်မြေတွေတောင် နိဗ္ဗာန်မြို့တော်ကို မဆန့်ကျင်ရဲတဲ့ အထိပဲ.. ကျွန်တော်တို့တွေ တကယ်ပဲ နိဗ္ဗာန်မြို့ကို ထိပ်တိုက် ရင်ဆိုင်မှာလား"
ချိုးဟေးရှာက မျက်မှောင်ကြုတ်၍ ကျန်းချန်ကို မေးလိုက်သည်။
သူ၏ မျက်လုံးထဲတွင် စိုးရိမ်သော အရိပ်အယောင် တစ်ခု ဖြစ်ပေါ်လာခဲ့၏။
ကျန်းချန်သည် နတ်သန္ဓေ အင်ပါယာတစ်ပါး ဖြစ်သော်လည်း နိဗ္ဗာန်မြို့တော် တစ်မြို့လုံးနှင့် တစ်ကိုယ်တော် ရင်ဆိုင်ရန် မဖြစ်နိုင်ပေ။
"မစိုးရိမ်ပါနဲ့.. နိဗ္ဗာန်မြို့တော်ရဲ့လူတွေ ရောက်လာတော့လည်း ရင်ဆိုင်လိုက်ရုံပဲပေါ့"
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။
"နိဗ္ဗာန်မြို့တော်ရဲ့ လူတွေ လာတော့မှာဆိုတော့ ငါကိုယ်တိုင် သူတို့ကို တွေ့ဆုံမယ်"
နိဗ္ဗာန်မြို့တော်မှ လူများသည် ရှောင်တုလီအဖြစ် သူ့ကိုထင်မှတ်နေသည်ဖြစ်ရာ သူ့အနေဖြင့် နိဗ္ဗာန်မြို့တော်မှ အင်အားကြီးမားသော ကျင့်ကြံသူများ၏ အာရုံစူးစိုက်မှုကို ဆွဲဆောင်၍ သူ၏ ဆရာအပေါ် ကျရောက်လာမည့် ဖိအားများကို လျှော့ချနိုင်မည် မဟုတ်ပါလား။
ဖြစ်နိုင်လျှင် သူသည် နိဗ္ဗာန်မြို့တော်မှ လူများနှင့် အေးအေးဆေးဆေး ဆွေးနွေးချင်ခဲ့သည်။
ငြိမ်းချမ်းစွာ ဖြေရှင်းခြင်းသည် သဘာဝကျစွာပင် အကောင်းဆုံးနည်းလမ်းပင် ဖြစ်၏။
နိဗ္ဗာန်မြို့တော်က သူ့ကို အတင်းအကျပ် ဖိအားပေးမည်ဆိုလျှင် သူ့အနေဖြင့် ဆိတ်ငြိမ်နယ်မြေ တစ်ခုလုံးကို လှုပ်ခတ်စေမည် ဖြစ်သည်။
ထိုအချိန်သို့ ရောက်လျှင် သူ့ဆရာ ရှောင်တုလီသည်လည်း သူ၏ သတင်းကိုရကာ သူ့ထံသို့ ရောက်လာနိုင်မည် ဖြစ်၏။
"ချိုးဟေးရှာ.. မင်းရဲ့ မိစ္ဆာနက်အဖွဲ့ဆီမှာ နတ်သန္ဓေအင်ပါယာတစ်ပါး ရောက်နေတယ်လို့ကြားတယ် မြန်မြန်ထွက်လာပြီး ဖြေရှင်းစမ်း"
ထိုအချိန်မှာပင် နတ်သန္ဓေအင်ပါယာ အရှိန်အဝါကို သယ်ဆောင်လာသည့် အေးစက်သော ကြိမ်းမောင်းသံ တစ်သံသည် မိစ္ဆာနက်ချိုင့်ဝှမ်း အထက်ရှိ ကောင်းကင်ယံတွင် ပဲ့တင်ထပ်သွားခဲ့သည်။
လေထုထဲမှ ကြုံးဝါးသံသည် ချိုးဟေးရှာ၏ စိတ်ကို ရုတ်ခြည်းဆိုသလို လေးလံသွားစေခဲ့၏။
"နန်းတော်သခင်.. နိဗ္ဗာန်မြို့တော်ရဲ့ နတ်သန္ဓေအင်ပါယာအဆင့် ကျင့်ကြံသူ ရောက်လာပြီ"
"ဟားဟား. အတော်လေး မြန်မြန်ဆန်ဆန် ရောက်လာတာပဲ.. ငါတို့သွားကြစို့"
စကားဆုံးသည်နှင့် ကျန်းချန်၏ ပုံရိပ်သည် ခန်းမထဲကနေ နတ်ဆိုးတစ်ကောင်လို လျှပ်တစ်ပြက် ပျောက်ကွယ်သွားခဲ့သည်။
နောက်ထပ် တစ်ခဏမှာပင် သူ၏ခန္ဓာကိုယ်သည် မိစ္ဆာနက်ချိုင့်ဝှမ်း၏ အပြင်ဘက်ရှိ လေထုထဲတွင် ပေါ်လာခဲ့၏။
ထိုအခိုက်အတန့်တွင် သူ၏အကြည့်သည် မီတာ၁၀၀ အကွာတွင် ရှိသည့် ရွှေရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသာနှစ်ဦးပေါ်သို့ ကျရောက်သွားခဲ့သည်။
သူ၏ ခပ်ထေ့ထေ့ရယ်သံသည် လေထုထဲတွင် ချက်ချင်းပင် ပဲ့တင်ထပ်သွားခဲ့သည်။
"ဟားဟား မင်းတို့နှစ်ယောက်ကို နိဗ္ဗာန်မြို့တော်က လွှတ်လိုက်တာလား.. နတ်သန္ဓေအင်ပါယာ နယ်ပယ် ပထမအဆင့် နှစ်ယောက်လောက်နဲ့များ ငါ့ကို ကိုင်တွယ်ချင်သေးတယ်.. မင်းတို့ရဲ့ အရည်အချင်းက မလုံလောက်သေးဘူး"
ထိုအချိန်တွင် ရွှေရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားနှစ်ယောက်သည် သူတို့ရှေ့မှ ကျန်းချန်ကို ကြည့်ကာ မျက်မှောင်ကြုတ်သွားခဲ့ကြသည်။
"မင်းက နှလုံးလောင်ကျွမ်း ဓားအင်ပါယာရှောင်တုလီလား"
အခန်း(၁၂၆၉)ပြီး၏။