← Chapters

အခန်း (၁၂၇၀-၁၂၇၂)

Vol. 85 Ch. 1270-1272

အခန်း (၁၂၇၀-၁၂၇၂)

Vol. 85 Ch. 1270-1272

အခန်း(၁၂၇၀)

ရွှေရောင်ဝတ်ရုံဝတ် လူလတ်ပိုင်းအရွယ်အမျိုးသားနှစ်ဦးသည် သူတို့ရှေ့တွင် ပေါ်လာသောကျန်းချန်ကို တအံ့တသြကြည့်လိုက်ကြသည်။

နှလုံးလောင်ကျွမ်းဓားအင်ပါယာရှောင်တုလီက အသက်နှစ်ဆယ်အရွယ် လူငယ်တစ်ယောက်ဖြစ်နေလိမ့်မည်ဟု သူတို့မထင်ထားခဲ့ပေ။

"မင်းတို့ကို စိတ်ပျက်စေမိပြီ"

ကျန်းချန်က ခေါင်းခါရမ်းကာ ပြောလိုက်သည်။

"ငါက မင်းတို့ရှာနေတဲ့ နှလုံးလောင်ကျွမ်း ဓားအင်ပါယာ ရှောင်တုလီ မဟုတ်ဘူး"

"မင်းက နှလုံးလောင်ကျွမ်း ဓားအင်ပါယာ ရှောင်တုလီ ဟုတ်ဟုတ် မဟုတ်ဟုတ် နတ်သန္ဓေအင်ပါယာ အဆင့်နဲ့ ဆိတ်ငြိမ်နယ်မြေထဲကို ဝင်ရောက်ခဲ့တဲ့ အတွက် ငါတို့နိဗ္ဗာန်မြို့တော်က ချမှတ်ထားတဲ့ စည်းမျဥ်းတွေကို ချိုးဖောက်လိုက်ပြီ"

ရွှေရောင်ဝတ်ရုံဝတ် ကျင့်ကြံသူနှစ်ဦးထဲမှ သန်မာထွားကျိုင်းသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် ချက်ချင်း ဆိုသလိုပင် သတ်ဖြတ်လိုစိတ်များ ပြင်းပြလာခဲ့သည်။

"နိဗ္ဗာန်မြို့တော်က ချမှတ်ထားတဲ့ စည်းမျဥ်းကို ချိုးဖောက်ရဲမှတော့ ငါတို့ကို ရက်စက်တယ်ဆိုပြီး အပြစ်မတင်နဲ့"

ထိုစကားကိုကြားလျှင် ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။

"မင်းတို့နှစ်ယောက်က ငါ့ကို သတ်မလို့လား"

"ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ နတ်သန္ဓေအင်ပါယာ တစ်ပါး ဖြစ်နေပြီ ဆိုတော့ မင်းကိုကြည့်ရတာ ဆိတ်ငြိမ်နယ်မြေထဲမှာ အခွင့်အလမ်း ကြီးကြီးမားမား တစ်ခုခုကို ရရှိခဲ့တဲ့ပုံပဲ.. နတ်သန္ဓေအင်ပါယာ တစ်ပါးအဖြစ် ဆိတ်ငြိမ်နယ်မြေထဲမှာ အဆင့်တက်လာတာ ဆိုရင်တော့ မင်းမှာ ရွေးချယ်စရာ နှစ်လမ်းရှိတယ်.. တစ်လမ်းကတော့ ငါတို့ နိဗ္ဗာန်မြို့တော်ရဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်လာဖို့ပဲ.. နောက်ထပ် တစ်လမ်းက‌တော့ ဆယ်ရက်အတွင်း ဆိတ်ငြိမ်နယ်မြေထဲက ထွက်သွားဖို့ပဲ.. ဆိတ်ငြိမ်နယ်မြေထဲမှာပဲ အဆင့်တက်လှမ်းခဲ့တာ ဆိုရင်တော့ နိဗ္ဗာန်မြို့တော်ရဲ့ စည်းမျဥ်းတွေကို ချိုးဖောက်တယ်လို့ သတ်မှတ်လို့မရဘူး"

ကျန်တစ်ယောက်ဖြစ်သည့် လင်းယုန်မျက်လုံးကဲ့သို့ စူးရှသောမျက်လုံးကို ပိုင်ဆိုင်ထားသည့် အဘိုးအို တစ်ဦးက ကျန်းချန်ကို ပြုံးရွှင်စွာ ပြောလိုက်သည်။

ထိုအဘိုးအို၏ အမူအရာသည် ကျန်တစ်ယောက်ထက် သိသိသာသာပင် တည်ငြိမ်နေခဲ့သည်။

နိဗ္ဗာန်မြို့တော်သည် ဆိတ်ငြိမ်နယ်မြေထဲမှ ကိစ္စများကို ဝင်ရောက် စွက်ဖက်လေ့ မရှိပေ။

သို့သော်လည်း ဆိတ်ငြိမ်နယ်မြေကို ထိန်းချုပ်ရန်အတွက် နတ်သန္ဓေအင်ပါယာများ ဝင်ရောက်ခွင့်မရှိ ဟူသော စည်းမျဥ်းကို ထုတ်ပြန်ထားခဲ့သည်။

ဆိုရလျှင် ပြင်ပမှ နတ်သန္ဓေ အင်ပါယာများသည် ဆိတ်ငြိမ်နယ်မြေထဲသို့ နိဗ္ဗာန်မြို့တော်၏ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ခွင့် မရှိပေ။

အကယ်၍ တစ်စုံတစ်ဦးသည် ဆိတ်ငြိမ်နယ်မြေထဲသို့ ဝင်ရောက်ပြီးမှ နတ်သန္ဓေ အင်ပါယာအဆင့်ကို တက်လှမ်းခဲ့လျှင်မူ နိဗ္ဗာန်မြို့တော်၏ အဖွဲ့ဝင်အဖြစ် ပါဝင်ခြင်း သို့မဟုတ် ဆိတ်ငြိမ်နယ်မြေထဲမှ ထွက်ခွာခြင်းတို့ကို လုပ်ဆောင်ရမည် ဖြစ်သည်။

ထိုကဲ့သို့ စည်းမျဥ်များကို ကြပ်မတ်ထားသောကြောင့် နှစ်ပေါင်း ထောင်ချီကြာသည့်တိုင် ဆိတ်ငြိမ်နယ်မြေထဲတွင် နိဗ္ဗာန်မြို့တော်၏ အဆင့်အတန်းကို ခြိမ်းခြောက်နိုင်သောအင်အားစုများ မပေါ်ပေါက်လာခဲ့ပေ။

"ငါက ဒီကို မကြာသေးခင်ကမှ ရောက်လာတာပါ.. ဒါပေမဲ့ ဆိတ်ငြိမ်နယ်မြေထဲမှာ အဆင့်တက်လှမ်းခဲ့တာတော့ မဟုတ်ဘူး"

ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။

"ငါ ဆိတ်ငြိမ်နယ်မြေထဲကို ဝင်ရောက်လာတာက နိဗ္ဗာန်မြို့တော်နဲ့ ကိစ္စတချို့ကို ဆွေးနွေးချင်လို့ပဲ"

"လတ်စသတ်တော့ မင်းက ငါတို့ နိဗ္ဗာန်မြို့တော်က ချမှတ်ထားတဲ့ စည်းမျဥ်းကို ချိုးဖောက်ခဲ့တာကိုး"

လင်းယုန်မျက်လုံးပိုင်ရှင် ဖြစ်သည့် လူလတ်ပိုင်းအရွယ်အမျိုးသား၏ မျက်နှာသည် ရုတ်တရက် သုန်မှုန်သွားခဲ့သည်။

"မင်းက ငါတို့ နိဗ္ဗာန်မြို့တော်နဲ့ ဘာကိစ္စ ဆွေးနွေးချင်တာလဲ"

ကျန်းချန်က ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်သည်။

"မင်းတို့နှစ်ယောက်က ဒီကိစ္စကိုသိဖို့ အရည်အချင်း မပြည့်မီဘူး.. မင်းတို့မြို့စားကို ငါနဲ့လာတွေ့ဖို့ ဆင့်ခေါ်လိုက်"

"မင်းက ငါတို့ နိဗ္ဗာန်မြို့တော်ရဲ့ ပိုင်နက်ဖြစ်တဲ့ ဆိတ်ငြိမ်နယ်မြေထဲမှာ ရှိနေတာတောင် မောက်မာလှချည်လား"

သန်မာထွားကျိုင်းသည့် လူလတ်ပိုင်းအရွယ် အမျိုးသားသည် ချက်ချင်းပင် ဒေါသထွက်သွားခဲ့သည်။

သူက ကျန်းချန်ကို သတ်ဖြတ်လိုစိတ်ဖြင့် တစ်ချက်ကြည့်လိုက်ကာ သူ၏နံဘေးရှိ အဘိုးအိုကို ပြောလိုက်သည်။

"အကိုရှင်း.. ဒီကောင်လေးက ငါတို့ နိဗ္ဗာန်မြို့တော်ရဲ့ စည်းမျဥ်းတွေကို တမင်တကာ ချိုးဖောက်ခဲ့တယ်.. သူနဲ့ဘာလို့ အပိုစကားတွေ ပြောနေရတာလဲ.. နိဗ္ဗာန်မြို့တော်ဆီ သူ့ကိုချက်ချင်း ဖမ်းခေါ်သွားလိုက်ရအောင်"

"ကောင်လေး ငါတို့ နိဗ္ဗာန်မြို့တော် စတင်တည်ထောင်စဥ်ကတည်းကစပြီး နှစ်ပေါင်းများစွာအထိ ငါတို့နိဗ္ဗာန်မြို့တော်ရဲ့စည်းမျဥ်းတွေကို ချိုး‌ဖောက်ရဲတဲ့သူ တစ်ယောက်မှ မရှိခဲ့ဘူး.. မင်းက ဘယ်သူပဲဖြစ်ဖြစ် အခုချက်ချင်း လိမ်လိမ်မာမာနဲ့.. ငါတို့နောက်ကနေ လိုက်လာပြီး နိဗ္ဗာန်မြို့တော်ဆီမှာ အပြစ်ကို ဝန်ခံလိုက်.. မဟုတ်ရင်တော့ မင်းကို ငါတို့တွေ ဒီနေရာမှာပဲ သတ်ပစ်ရလိမ့်မယ်"

လင်းယုန်မျက်လုံးပိုင်ရှင် လူလတ်ပိုင်းအရွယ် အမျိုးသားသည်လည်း ကျန်းချန်၏ မောက်မာသော စကားများကြောင့် သိသိသာသာပင် ‌ဒေါသထွက်လာခဲ့သည်။

သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် သတ်ဖြတ်လိုစိတ်များ ချက်ချင်းဆိုသလို ပြည့်နှက်သွားခဲ့၏။

"မင်းတို့နှစ်ယောက်က ငါ့ရဲ့ အစေခံလောက်တောင် အဆင့်မရှိဘဲ နိဗ္ဗာန်မြို့တော်ဆီ င့ါကို ဖမ်းခေါ်သွားပြီး အပြစ်ဝန်ခံစေချင်တယ်လား"

ကျန်းချန်က မထီမဲ့မြင် ခနဲ့လိုက်ပြီး သူ၏ အနောက်ရှိ ဖုန်းဝူယင်းကို တိုက်ရိုက်ပင် အမိန့်ပေးလိုက်သည်။

"မင်း သူတို့ကို ဖြေရှင်းလိုက်.. အသက်သေတဲ့အထိတော့ မလုပ်နဲ့.. ငါ သူတို့ကို နိဗ္ဗာန်မြို့တော်သခင်နဲ့ တွေ့ရဖို့အတွက် အသုံးချစရာ ရှိသေးတယ်"

"ကောင်းပါပြီ"

ဖုန်းဝူယင်းက ကျန်းချန်ကို ပြန်ဖြေလိုက်ပြီးနောက်တွင် နဂါးနိုးထလာသကဲ့သို့ ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခုသည် ဖုန်းဝူယင်း၏ ခန္ဓာကိုယ်ကနေ ရုတ်တရက် ပေါက်ကွဲ၍ ထွက်လာခဲ့သည်။

ထိုခဏမှာပင် သူ၏ပုံရိပ်သည် ရွှေရောင်ဝတ်ရုံဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားနှစ်ဦး၏ ဦးခေါင်းအထက်သို့ ရောက်ရှိသွားခဲ့ပြီး လက်ဝါးရိုက်ချက် တစ်ချက်ကို ထုတ်ဖော်လိုက်သည်။

သူ၏ လက်ဖဝါးရိုက်ချက်က ကြောက်မက်ဖွယ် လေလှိုင်းများကို သယ်ဆောင်ကာ ရွှေရောင်ဝတ်စုံဝတ် လူနှစ်ယောက်ထံသို့ ‌ဦးတည်သွားခဲ့သည်။

"သတိထား.. ဒီအဘိုးကြီးက နတ်သန္ဓေအင်ပါယာ တတိယအဆင့် ကျင့်ကြံသူပဲ"

ဖုန်းဝူယင်း၏ ခန္ဓာကိုယ်မှ ရုတ်တရက် ပေါက်ကွဲထွက်လာသော ကြောက်မက်ဖွယ်ရာ ကောင်းသည့် အရှိန်အဝါကို ခံစားမိလျှင် လူလတ်ပိုင်းအရွယ် အမျိုးသား၏ မျက်နှာသည် အဆုံးသတ်တွင် သိသိသာသာပင် ပြောင်းလဲသွားခဲ့၏။

သူက ကျန်တစ်ယောက်ကို လှမ်း၍ သတိပေးလိုက်ပြီး ‌‌ရွှေရောင်တောက်ပသော လက်ဝါးရိုက်ချက် တစ်ချက်ကိုထုတ်ဖော်ကာ ဖုန်းဝူယင်း၏ လက်ဝါးရိုက်ချက်ကို ရင်ဆိုင်လိုက်သည်။

ဤအချိန်တွင် သူ၏ နံဘေးရှိ သန်မာထွားကျိုင်းသော လူလတ်ပိုင်းအရွယ် အမျိုးသားသည်လည်း ပေါ့ဆဝံ့ခြင်းမရှိတော့ပေ။

သူသည်လည်း ရွှေရောင်လက်သီးချက်ကို ချက်ချင်းဆိုသလို ထုတ်ဖော်လိုက်သည်။

"ဒီနှစ်ယောက်က ဘယ်လိုလုပ်ပြီး ဒီလို ကိုယ်ခံပညာမျိုးကို တတ်မြောက်နေရတာလဲ"

ရွှေရောင်ဝတ်ရုံဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားနှစ်ဦး ထုတ်သုံးလိုက်သော တိုက်ကွက်များကို ကြည့်ရင်း ကျန်းချန်သည် မျက်မှောင်ကြုတ်သွားခဲ့သည်။

နိဗ္ဗာန်မြို့တော်မှ ဤနတ်သန္ဓေအင်ပါယာ နယ်ပယ်အဆင့် ကျင့်ကြံသူနှစ်ဦး၏ တိုက်ကွက်များသည် သူ၏ လူသားဧကရာဇ် စည်းတံဆိပ်၏ စွမ်းအားနှင့် အနည်းငယ် ဆင်တူနေခဲ့သည်။

အထူးသဖြင့် လင်းယုန်မျက်လုံးပိုင်ရှင် လူလတ်ပိုင်းအရွယ်အမျိုးသား အသုံးပြုလိုက်သော ရွှေရောင်လက်ဝါးရိုက်ချက်သည် လူသားဧကရာဇ်စည်းတံဆိပ်၏ တစ်ဆင့်နိမ့် ဗားရှင်းဟုပင် ဆို၍ရသည်။

ကျန်းချန်က အလွန်အမင်း အံ့အားသင့်သွားခဲ့ပြီး မယုံကြည်နိုင်သော အမူအရာတစ်ခုသည် သူ၏ မျက်နှာထက်တွင် ပေါ်ပေါက်လာခဲ့သည်။

ဤကဲ့သို့ ကိုယ်ခံပညာမျိုးသည် ရှန်းဝူတိုက်ကြီးကနေ ဆင်းသက်လာခြင်း မဟုတ်ပေ။

"နိဗ္ဗာန်မြို့တော်ရဲ့ လူတွေက ဘယ်လိုလုပ်ပြီး ဒီလိုကိုယ်ခံပညာမျိုးကို တတ်ကျွမ်းနေရတာလဲ"

ထိုခဏတွင် ကျန်းချန်၏ မျက်လုံးများသည် အနည်းငယ်လင်းလက်သွားခဲ့သည်။

နိဗ္ဗာန်မြို့တော်ကို တည်ထောင်သူ ဖြစ်သည့် နိဗ္ဗာန်ဓားဧကရာဇ်သည် အလွန်ပင် လျှို့ဝှက်ဆန်းကြယ်ပြီး ရှန်းဝူတိုက်ကြီး တစ်ခုလုံးမှာပင် သူ၏ဇာစ်မြစ်ကို သိသူ မရှိသလောက်ပင်။

ထို့အပြင် နိဗ္ဗာန်ဓားဧကရာဇ်သည် ရှန်းဝူတိုက်ကြီး၏ မည်သည့်အင်အားစု တိုက်ပွဲတွင်မှ ပါဝင်ပတ်သက်ခြင်း မရှိဘဲ သွေးကျင့်ကြံသူများကိုသာ ပစ်မှတ်ထားလေ့ ရှိသည်။

ဤသည်ကို ကြည့်၍ နိဗ္ဗာန်ဓားဧကရာဇ်သည် သွေးလမ်းစဥ်ကို ကျင့်ကြံသော ကျင့်ကြံသူများနှင့် သွေးနတ်ဆိုး နန်း‌တော်ကို အလွန်တရာ မုန်းတီးနေပြီး ၎င်းတို့ကြားတွင် နက်ရှိုင်းသောရန်ငြိုးတစ်ခုခု ရှိနိုင်ခြေ အရမ်းများ၏။

ထို့ကြောင့် ကျန်းချန်သည် သူ၏ စိတ်ထဲကနေ ဖြစ်နိုင်ခြေတစ်ခုကို မှန်းဆကြည့်ခဲ့သည်။

ယင်းမှာ နိဗ္ဗာန်ဓားဧကရာဇ်သည် အခြားသော တိုက်မှ လာသူဖြစ်ပြီး သူ၏ဖခင်နှင့် တူညီသောနေရာမှ ဖြစ်နိုင်၏။

"ဝုန်း.."

ကျန်းချန်၏ စိတ်ထဲတွင် အတွေးများဖြင့် ပြည့်နှက်နေစဥ်မှာပင် လေထဲတွင် ပေါက်ကွဲသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ကျန်းချန်က လှမ်းကြည့်လိုက်ရာ ရွှေရောင်ဝတ်ရုံဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားနှစ်ဦးသည် ဖုန်းဝူယင်း၏ လက်ဝါးရိုက်ချက် အောက်တွင် ပေ၁၀၀ အကွာအထိ လွင့်စင်သွားသည်ကို တွေ့လိုက်ရသည်။

နိဗ္ဗာန်မြို့တော်၏ နတ်သန္ဓေအင်ပါယာနယ်ပယ် ပထမအဆင့် ကျင့်ကြံသူနှစ်ဦးသည် ရှန်းဖုန်းမြို့၏ အကြီးအကဲချုပ် ဖြစ်သည့် နတ်သန္ဓေအင်ပါယာ နယ်ပယ် တတိယအဆင့် အထွတ်အထိပ် ကျင့်ကြံသူ ဖြစ်သည့် ဖုန်းဝူယင်းကို ယှဥ်ပြိုင်ရန် သိသိသာသာပင် လုံလောက်မှုမရှိပေ။

"ဒီအဘိုးကြီးကလည်း နတ်သန္ဓေအင်ပါယာပဲဟ"

ဤအခိုက်အတန့်တွင် ချိုးဟေးရှာသည် ဖုန်းဝူယင်းက ရွှေရောင်ဝတ်ရုံဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားနှစ်ဦးအား တစ်ကွက်တည်းဖြင့် အနိုင်ယူလိုက်သည်ကို မြင်ပြီး အံ့အားသင့်ကာ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။

ကျန်းချန်၏နံဘေးတွင် ခပ်ရို့ရို့သာ လိုက်ပါနေသည့် အဘိုးအိုသည် နတ်သန္ဓေအင်ပါယာ တစ်ပါး ဖြစ်နေလိမ့်မည်ဟု သူဘယ်တုန်းကမှ မတွေးမိခဲ့ပေ။

ထို့အပြင် ထိုအဘိုးအိုသည် နိဗ္ဗာန်မြို့တော်မှ နတ်သန္ဓေအင်ပါယာနှစ်ပါးကို နှစ်ယောက်တစ်ယောက် တိုက်ခိုက်ခဲ့ပြီး တစ်ကွက်တည်းဖြင့် အနိုင်တိုက်ခဲ့သေးသည်။

ဖုန်းဝူယင်းက နိဗ္ဗာန်မြို့တော်မှ နတ်သန္ဓေ အင်ပါယာနှစ်ပါးကို လွင့်စင်စေခဲ့သော်လည်း ဆက်လက် တိုက်ခိုက်ရန် ရည်ရွယ်ချက်မရှိပေ။

သူက ရွှေရောင်ဝတ်ရုံဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားနှစ်ဦးကို စူးရှစွာကြည့်လိုက်ပြီး ပြောလိုက်သည်။

"ငါ့ရဲ့သခင်က မင်းတို့ကို မသတ်ခိုင်းဘူး.. နိဗ္ဗာန်မြို့တော်ကိုပြန်ပြီး မင်းတို့ နိဗ္ဗာန်မြို့တော်သခင်ကို ငါ့ရဲ့သခင်ဆီ ကိုယ်တိုင် လာတွေ့ခိုင်းလိုက်ပါ"

လင်းယုန်မျက်လုံးပိုင်ရှင် လူလတ်ပိုင်းအရွယ် အမျိုးသားသည် သူ၏ခန္ဓာကိုယ်ထဲမှ မတည်မငြိမ် ဖြစ်နေသည့် စွမ်းအင်များကို ထိန်းချုပ်လိုက်ပြီး ဖုန်းဝူယင်းကို ကြည့်လိုက်သည်။

သူ၏ရှေ့မှ နတ်သန္ဓေအင်ပါယာ နယ်ပယ် တတိယအဆင့် ဖြစ်သည့် ဤအဘိုးကြီးသည် သူတို့နှစ်ယောက် ရင်ဆိုင်နိုင်သည့်သူ လုံးဝမဟုတ်ပေ။

လူလတ်ပိုင်းအရွယ် အမျိုးသားနှစ်ဦးကို ပို၍ ထိတ်လန့်စေသည်မှာ ကျန်းချန်၏ ဇစ်မြစ် ဖြစ်သည်။

ထိုကောင်လေးသည် အသက်(၂၀)အရွယ်မျှဖြင့် နတ်သန္ဓေအင်ပါယာ တစ်ပါးအဆင့်ကို ရောက်ရှိနေခဲ့ပြီး နံဘေးတွင်လည်း နတ်သန္ဓေ အင်ပါယာနယ်ပယ် တတိယအဆင့် အစေခံတစ်ယောက် ရှိနေခဲ့၏။

ဤကဲ့သို့သောသူမျိုးသည် သာမန် ကျင့်ကြံသူတစ်ယောက် လုံးဝ မဟုတ်နိုင်ပေ။

အခန်း(၁၂၇၀)ပြီး၏။

အခန်း(၁၂၇၁)

လူလတ်ပိုင်းအရွယ်အမျိုးသားက သူ၏ရှေ့မှ ကျန်းချန်တို့နှစ်ဦးကို သုန်မှုန်စွာ ကြည့်လိုက်သည်။

နိဗ္ဗာန်မြို့တော်ကို တည်ထောင်ပြီးကတည်းပင် ရှန်းဝူတိုက်ကြီးရှိ အင်အားစုအားလုံး နီးပါးသည် နိဗ္ဗာန်မြို့တော်ကို အထူးပင် လေးစားကြောက်ရွံ့ကြ၏။

နှစ်ပေါင်းထောင်ချီ ကြာမြင့်ပြီးနောက်မှာပင် နတ်သန္ဓေအင်ပါယာအဆင့် ကျင့်ကြံသူများသည် ဆိတ်ငြိမ်နယ်မြေထဲသို့ ဝင်ရောက်ခွင့်မရှိ ဟူသောစည်းမျဥ်းကို မည်သူကမှ ချိုးဖောက်ခဲ့ခြင်း မရှိသေး‌ပေ။

သို့သော် ယခုအခါတွင် ဆိတ်ငြိမ်နယ်မြေ၌ နှလုံးလောင်ကျွမ်းဓားအင်ပါယာ ရှောင်တုလီအပြင် နတ်သန္ဓေအင်ပါယာနှစ်ပါး ထပ်မံ ပေါ်ပေါက်လာခဲ့သည်။

ဤကဲ့သို့ ပြင်ပမှ နတ်သန္ဓေအင်ပါယာများမှ စည်းမျဥ်းများကို ချိုးဖောက်ကာ ဆိတ်ငြိမ်နယ်မြေထဲ ဝင်ရောက်လာခြင်းသည် သူတို့ နိဗ္ဗာန်မြို့တော်၏ မျက်နှာကို ဖြတ်ရိုက်လိုက်သည်နှင့် မခြားပေ။

"မင်းတို့ရဲ့အင်အားက ရုန့်ရင်းပေမဲ့ ငါတို့ နိဗ္ဗာန်မြို့တော်က ချမှတ်ထားတဲ့ စည်းမျဥ်းတွေကို ဘယ်သူမှ ချိုးဖောက်ခွင့်မရှိဘူး.. ကောင်းပြီလေ.. ငါတို့ နိဗ္ဗာန် မြို့တော်သခင်ကို တွေ့ချင်တယ် ဆိုမှတော့ မင်းရဲ့ဆန္ဒ ပြည့်စေရမယ်"

လင်းယုန်မျက်လုံးပိုင်ရှင် လူလတ်ပိုင်းအရွယ် အမျိုးသားသည် ကျန်းချန်တို့နှစ်ဦးကို စူးရှစွာ စိုက်ကြည့်၍ ပြောလိုက်သည်။

ထို့နောက်တွင် သူက လက်ဟန်များကို ပြုလုပ်လိုက်ရာ လျှို့ဝှက်ဆန်းကြယ်သော ရွှေရောင်အစီအရင် သင်္ကေတများဖြင့် လင်းလက်နေသည့် တံဆိပ်ပြားတစ်ခုသည် သူ၏လက်ထဲတွင် ပေါ်လာခဲ့သည်။

လင်းယုန်မျက်လုံးပိုင်ရှင် လူလတ်ပိုင်းအရွယ်အမျိုးသား၏ လှုံ့ဆော်မှုအောက်မှာပင် ထိုလျှို့ဝှက်ဆန်းကြယ်သော တံဆိပ်ပြားသည် ချက်ချင်းဆိုသလို ရွှေရောင်အလင်းတန်းအဖြစ်သို့ ပြောင်းလဲကာ ကောင်းကင်ပေါ်သို့ ထိုးတက်သွားခဲ့ပြီး အဆုံးသတ်တွင် ကောင်းကင်ထက်ရှိ လေထု၌ ရွှေရောင်စာလုံးနှစ်လုံးအဖြစ် စုစည်းသွားခဲ့သည်။

ထိုစာလုံးမှာ"နိဗ္ဗာန်"ဟူသော စာလုံးဖြစ်သည်။

"နိဗ္ဗာန်"ဟု ရေးထားသော ရွှေရောင်စာလုံး နှစ်လုံးသည် မျက်စိကျိန်းလောက်စရာ အလင်း‌ရောင်များကို ထုတ်လွှတ်နေသည်မှာ နေနှစ်စင်း ကဲ့သို့ပင် ဖြစ်နေခဲ့၏။

ထိုစာလုံးမှ ရွှေရောင်အလင်းများသည် နိဗ္ဗာန်မြို့တော် တစ်မြို့လုံး၏ ကောင်းကင်ယံကို လင်းထိန်သွားစေခဲ့သည်။

တစ်ခဏအတွင်းမှာပင် ဆိတ်ငြိမ်နယ်မြေ တစ်ခုလုံးသည် တုန်လှုပ်သွားခဲ့သည်။

နိဗ္ဗာန်မြို့တော်အကြောင်းကို သိရှိထားသူ အချို့သည် အသက်ရှူရပ်မတက်ပင် ဖြစ်သွားခဲ့ကြ၏။

"နိဗ္ဗာန်အမိန့်တော်ပါလား"

နိဗ္ဗာန်အမိန့်တော်သည် နိဗ္ဗာန်မြို့တော်၏ ဒဏ္ဍာရီလာ သေမင်းဆင့်ခေါ်အမိန့် ဆိုလည်း မမှားပေ။

၎င်းကို နိဗ္ဗာန်မြို့သခင်အား ဆင့်ခေါ်သည့် အမိန့်တော်ဟုလည်း လူသိများသည်။

"နိဗ်.. နိဗ်.. နိဗ္ဗာန်အမိန့်တော်ပါလား"

ဤအချိန်တွင် ချိုးဟေးရှာသည် ကောင်းကင်အထက်တွင် တည်တံ့နေသည့် "နိဗ္ဗာန်"ဟူသော စာလုံးနှစ်လုံးကိုမြင်လျှင် နှုတ်ခမ်းများ တဆတ်ဆတ် တုန်ယင်ကာ စကားများပင် ထစ်ငေါ့သွားခဲ့သည်။

"သခင်.. နိဗ္ဗာန်မြို့တော်ရဲ့လူတွေက နိဗ္ဗာန်တံဆိပ်တော်ကို တိုက်ရိုက် သုံးလိမ့်မယ်လို့ ကျွန်တော် မထင်ထားမိဘူး.. ကျွန်တော်တို့ နည်းနည်း အခက်တွေ့မယ်ထင်တယ်"

လေထုထဲရှိ အခြေအနေကို မြင်လျှင် ကျန်းချန်၏ နံဘေးရှိ ဖုန်းဝူယင်း၏ မျက်နှာထက်မှာပင် အလွန်‌လေးနက်သောအမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

"နိဗ္ဗာန်မြို့တော်က အင်အား အရမ်းကြီးမားလို့လား"

ဖုန်းဝူယင်းနှင့် ချိုးဟေးရှာတို့၏ အမူအရာများကို မြင်လျှင် ကျန်းချန်သည် စူးစမ်းသော အမူအရာဖြင့် မေးလိုက်သည်။

သူက ဤနိဗ္ဗာန်အမိန့်တော်ကို နိဗ္ဗာန်မြို့တော်ရှိ အင်အားကြီးမားသော ကျင့်ကြံသူများအား အကူအညီတောင်းသည့် အချက်ပြနည်းလမ်းဟုသာ ထင်ခဲ့၏။

ချိုး‌ဟေးရှာက ဆိတ်ငြိမ်နယ်မြေတွင် နှစ်(၁၀၀)နေထိုင်ခဲ့၍ နိဗ္ဗာန်မြို့တော်မှ အင်အားကြီးမားသော ကျင့်ကြံသူများအား ကြောက်ရွံ့သည်ကို သူနားလည်နိုင်သေးသည်။

သို့သော်လည်း ဖုန်းဝူယင်းသည် မြို့တော်ငါးခု၏ နံပါတ်တစ်မြို့တော်ဖြစ်သော ရှန်းဖုန်းမြို့တော်၏ အကြီးအကဲချုပ် ဖြစ်ပြီး နတ်သန္ဓေအင်ပါယာနယ်ပယ် တတိယအဆင့် ကျင့်ကြံသူလည်း ဖြစ်သည်။

သို့ဆိုလျှင် ဖုန်းဝူယင်းသည် အဘယ်ကြောင့် ဤမျှ ကြောက်ရွံ့နေရပါသနည်း။

မည်သို့ပင်ဖြစ်စေကာမူ ကျန်းချန်သည် နိဗ္ဗာန်မြို့တော်၏ အင်အားက အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းမှန်းကိုတော့ ဝန်ခံရပေတော့မည်။

ဆိုရလျှင် မိုင်ထောင်ချီဝေးကွာသည့် နေရာမှ ကောင်းကင်ယံကို လင်းထိန်စေသည့် ဤအချက်ပြ နည်းလမ်းသည် သာမန် ကျင့်ကြံသူ တစ်ယောက် လုပ်ဆောင်နိုင်သည့် နည်းလမ်းမဟုတ်ပေ။

"ဒီနိဗ္ဗာန်အမိန့်တော်ကို နိဗ္ဗာန်မြို့သခင် ဆင့်ခေါ်မှု အမိန့်တော်လို့လည်း ခေါ်တယ်.. ကျွန်တော်သိသလောက်ဆိုရင် နိဗ္ဗာန်မြို့တော်ကို တည်ထောင်ခဲ့တဲ့ နှစ်ပေါင်း(၁၀၀၀၀)အတွင်းမှာ နိဗ္ဗာန်အမိန့်တော်ကို သုံးခါပဲ အသုံးပြုခဲ့ဖူးတယ်.. နိဗ္ဗာန်အမိန့်တော်ကိုနောက်ဆုံး အသုံးပြုခဲ့တာက လွန်ခဲ့တဲ့နှစ်ပေါင်း(၃၀၀၀)ကပဲ.. အဲဒီအချိန်က နတ်သန္ဓေအင်ပါယာနယ်ပယ်သတ္တမအဆင့် ကျင့်ကြံသူတစ်ယောက်က သူ့ရဲ့လူတွေကို ဦးဆောင်ပြီး နိဗ္ဗာန်မြို့တော်ကို ကျူးကျော်ဖို့ကြိုးစားခဲ့ပေမဲ့ နိဗ္ဗာန်မြို့တော်က အလွယ်တကူပဲ ရှင်းပစ်နိုင်ခဲ့တယ်.. နိဗ္ဗာန်မြို့တော်ရဲ့ နက်ရှိုင်းလှတဲ့ အင်အားကြောင့် ကျုံးကျိုးကုန်းမြေမှာ ဘယ်သူကမှ နိဗ္ဗာန်မြို့တော်ရဲ့ စည်းမျဥ်းတွေကို နှစ်ပေါင်း ထောင်ချီကြာတဲ့အထိ မချိုးဖောက်ရဲခဲ့ဘူး"

ဖုန်းဝူယင်းက အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။

"ဟားဟား ကောင်လေး ငါတို့ နိဗ္ဗာန်မြို့တော်သခင် ရောက်လာတာနဲ့ မင်းဘာသာ ဘယ်သူပဲဖြစ်ဖြစ် ဒီနေ့သေဆုံးမှာ အသေအချာပဲ"

နိဗ္ဗာန်အမိန့်တော်ကို ထုတ်သုံးပြီးနောက်တွင် သန်မာထွားကျိုင်းသော လူလတ်ပိုင်းအရွယ် အမျိုးသားသည် အောင်ပွဲခံသော အမူအရာဖြင့် အားပါးတရ ရယ်မောကာ ပြောလိုက်သည်။

"မင်းပါးစပ်ပိတ်ပြီး နေလို့မရဘူးလား"

ကျန်းချန်က ထိုသန်မာထွားကျိုင်းသော လူလတ်ပိုင်းအရွယ်အမျိုးသားကို စူးစိုက်၍ ကြည့်ကာ ပြောလိုက်သည်။

"မင်း ခုနက အသုံးပြုခဲ့တဲ့ ကိုယ်ခံပညာတွေသာ မတတ်မြောက်ထားခဲ့ရင် ငါမင်းကို အခုချက်ချင်းတောင် ရိုက်သတ်မိနိုင်တယ်"

"မင်း.."

ကျန်းချန်က သူ့ကို ဤမျှလောက်အထိ လုံးဝ အရေးမစိုက်သည်ကို မြင်လျှင် သန်မာထွားကျိုင်းသော လူလတ်ပိုင်းအရွယ် အမျိုးသားသည် ရုတ်တရက် ဒေါသထွက်သွားပြီး ကျန်းချန်ကို တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။

ထိုအခိုက်အတန့်တွင် လင်းယုန်မျက်လုံးပိုင်ရှင် လူလတ်ပိုင်းအရွယ် အမျိုးသားသည် သူ၏ အဖော်ကို လေးနက်စွာကြည့်၍ ပြောလိုက်၏။

"မင်း ဒီကောင်လေး လက်ထဲမှာ သေချင်နေပြီလား.. ငါတို့မြို့တော်သခင် လာတဲ့အထိ မစောင့်နိုင်တော့ဘူးလား"

ထိုကောင်လေးသည် ကိုယ်တိုင်က နတ်သန္ဓေ အင်ပါယာတစ်ပါး ဖြစ်သည့်အပြင် နံဘေးတွင်လည်း နတ်သန္ဓေအင်ပါယာနယ်ပယ် တတိယအဆင့် ကျင့်ကြံသူတစ်ဦး ရှိသည်။

ထိုကဲ့သို့သော သူမျိုးကို သူတို့နိဗ္ဗာန်မြို့တော်မှာပင် နှိမ်နင်းနိုင်သူ အနည်းငယ်မျှသာ ရှိ၏။

နတ်သန္ဓေအင်ပါယာ နယ်ပယ် တတိယအဆင့် ကျင့်ကြံသူကို ထည့်မတွက်လျှင်ပင် ထိုကောင်လေးသည် အသက်(၂၀) အရွယ်ဖြင့် နတ်သန္ဓေအင်ပါယာ အဆင့်ကို ထိုးဖောက်နိုင်ခဲ့ပြီး ပါရမီရှင် နတ်သန္ဓေအင်ပါယာများ စာရင်းရှိ ပါရမီရှင်များနှင့်ပင် ယှဥ်ပြိုင်နိုင်သော အဆင့်အတန်း ရှိသည်။

ပါရမီရှင် နတ်သန္ဓေအင်ပါယာ စာရင်းတွင် ပါဝင်သော နတ်သန္ဓေအင်ပါယာ တစ်ဦးကို သာမန် နတ်သန္ဓေအင်ပါယာတစ်ပါးက မည်ကဲ့သို့ ယှဥ်နိုင်ပါမည်နည်း။

လင်းယုန်မျက်လုံးပိုင်ရှင် လူလတ်ပိုင်းအရွယ် အမျိုးသားက ဒေါသထွက်နေသည့် သန်မာထွားကျိုင်းသော လူလတ်ပိုင်းအရွယ် အမျိုးသားကို စိတ်လိုက်မာန်ပါ မလုပ်ရန် တားမြစ်လိုက်သော အချိန်မှာပင် ကောင်းကင်ထက်၌ ရုတ်တရက်ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

မကြာခင်မှာပင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းများသည် လေထုထဲကနေ ပျံ့နှံ့လာခဲ့၏။

တစ်ချိန်တည်း​မှာပင် ပေ(၁၀၀)ခန့်အရွယ်အစားရှိ‌သော အာကာပြင်အက်ကွဲကြောင်းတစ်ခုသည် ကောင်းကင်ထက်တွင် ရုတ်တရက် ဖြစ်ပေါ်လာသည်ကို အားလုံးက မြင်လိုက်ရသည်။

ရုန့်ရင်းသော အရှိန်အဝါများသည် ထိုအာကာပြင်အက်ကြောင်းထဲကနေ ထွက်ပေါ်လာခဲ့သည်။

လေထုထဲမှ အခြေအနေကိုကြည့်ပြီး နိဗ္ဗာန်မြို့တော်မှ ရွှေရောင်ဝတ်ရုံဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားနှစ်ဦး၏ မျက်နှာထက်တွင် အဆုံးသတ်၌ ရွှင်ပျသော အမူအရာများ ဖြစ်ပေါ်လာခဲ့၏။

သူတို့၏ နိဗ္ဗာန်မြို့တော်သခင်သည် နိဗ္ဗာန်မြို့တော်မှ အင်အားကြီးမားသော ပုဂ္ဂိုလ်များနှင့်အတူ ရောက်လာခဲ့ပြီ မဟုတ်ပါလား။

"ဒီလိုမျိုး ခရီးဝေးကို တမဟုတ်ချင်း တည်နေရာ ရွှေ့ပြောင်းနိုင်တဲ့ အာကာပြင် အက်ကြောင်းကို နတ်သန္ဓေအင်ပါယာနယ်ပယ် စတုတ္ထအဆင့် ကျင့်ကြံသူ တစ်ယောက်တောင် ဖွင့်လှစ်နိုင်ဖို့ မလွယ်ဘူး"

ကောင်းကင်ထက်မှ အခြေအနေကို မော့ကြည့်ကာ ဖုန်းဝူယင်း၏ အမူအရာသည် လေးနက်သွားခဲ့သည်။

သူ၏နံဘေးရှိ ချိုးဟေးရှာ ဆိုလျှင် မျက်နှာတစ်ခုလုံး ဖြူဖျော့နေ၏။

နှစ်ပေါင်းထောင်ချီ ကြာသည့်တိုင် နိဗ္ဗာန်မြို့တော်သည် နိဗ္ဗာန်အမိန့်တော်ကို စုစုပေါင်း(၃)ကြိမ်သာ အသုံးပြုခဲ့ဖူးသည်။

ထို့အပြင် နိဗ္ဗာန်အမိန့်တော်၏ ဆင့်ခေါ်မှုအောက်တွင် မည်သည့် ကျင့်ကြံသူကမှ အသက်ရှင်နိုင်ခဲ့ခြင်း မရှိပေ။

ရှင်းလင်းစွာဆိုရလျှင် ဤတစ်ခေါက်တွင် သူတို့အနေဖြင့် သေဆုံးနိုင်ခြေ အလွန်များ၏။

ကျန်းချန်က လေထုထဲမှ ဧရာမ အာကာပြင်အက်ကွဲကြောင်းကို စူးစိုက်၍ ကြည့်နေခဲ့သည်။

သူ၏ အမူအရာက စိုးရိမ်ထိတ်လန့်ခြင်း အလျဥ်းမရှိဘဲ မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေပုံ ရ၏။

သူ၏ လက်ရှိအင်အားအရ ဆိုလျှင် နတ်သန္ဓေအင်ပါယာနယ်ပယ် သတ္တမအဆင့် သို့မဟုတ် ထိုထက်မြင့်မားသည့် နတ်သန္ဓေအင်ပါယာတစ်ပါး မဟုတ်သရွေ့ သူ့အတွက် သိပ်ပြဿနာ မရှိပေ။

ထို့ပြင် ကျန်းချန်၏ စိတ်နှလုံးထဲတွင် နိဗ္ဗာန်မြို့တော်သည် သူ၏ ဖခင်ကျန်းဝူရနှင့် ဆက်နွယ် ပတ်သက်နေလောက်သည်ဟူသော မရေရာသည့် ခံစားချက်တစ်ခု ရှိနေခဲ့သည်။

သူ မှန်းဆထားသည့် အတိုင်းသာဆိုလျှင် နိဗ္ဗာန်မြို့တော်ကို သိမ်းပိုက်ရန် အခွင့်အရေးပင် ရရှိနိုင်မည် ဖြစ်၏။

ထိုအတိုင်းသာ ဖြစ်လာလျှင် နိဗ္ဗာန်မြို့တော်သည် မြို့‌တော်ငါးခုကို ရင်ဆိုင်ရာတွင် သူ့အတွက် ကြီးမားသော အထောက်အပံ့ ဖြစ်လာနိုင်ပေသည်။

ကျန်းချန်တို့ အားလုံး၏ အကြည့်အောက်မှာပင် ရွှေရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော ကျင့်ကြံသူများသည် လေထုထဲတွင် ဖြည်းညင်းစွာ ပေါ်ထွက်လာခဲ့သည်။

ခေါင်းဆောင်လာသည့်သူမှာ ရွှေရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော လူငယ်တစ်ဦး ဖြစ်သည်။

သူ၏မျက်လုံးအကြည့်က အလွန်ပင်စူးရှပြီး အရှိန်အဝါက ကောင်းကင်ကဲ့သို့ပင် ကျယ်ပြန့်လှ၏။

သူ၏ အရှိန်အဝါကို ခံစားမိလျှင် ကိုးကွယ်ချင်စိတ်ပင် ဖြစ်ပေါ်လာမည် ဖြစ်သည်။

ရွှေရောင်ဝတ်ရုံဝတ် လူငယ်၏နောက်ကနေ နတ်သန္ဓေအင်ပါယာအဆင့် ကျင့်ကြံသူကိုးယောက်သည် အာကာပြင် အက်ကွဲကြောင်းများကနေ ဖြည်းညင်းစွာ ထွက်ပေါ်လာခဲ့ကြသည်။

နိဗ္ဗာန်အမိန့်တော်၏ ဆင့်ခေါ်မှုအောက်တွင် နိဗ္ဗာန်မြို့တော်ရှိ ထိပ်တန်း နတ်သန္ဓေ အင်ပါယာ အဆင့် ကျင့်ကြံသူ ဆယ်ယောက် ရောက်ရှိလာခဲ့ချေပြီ။

အခန်း(၁၂၇၁)ပြီး၏။

အခန်း(၁၂၇၂)

နိဗ္ဗာန်အမိန့်တော် ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် နတ်သန္ဓေအင်ပါယာအဆင့် ကျင့်ကြံသူ ဆယ်ယောက်သည် ချက်ချင်းပင် မိစ္ဆာနက်ဌာနချုပ် ဆီသို့ စုရုံး ရောက်ရှိလာကြသည်။

ရှန်းဖုန်းမြို့၏ အကြီးအကဲချုပ် ဖြစ်သည့် ဖုန်းဝူယင်းပင် မယုံကြည်နိုင်လောက်သည်အထိ အံ့အားသင့်နေခဲ့သည်။

အကြောင်းအရင်းမှာ နိဗ္ဗာန်မြို့တော်၏ နတ်သန္ဓေ အင်ပါယာအဆင့် ကျင့်ကြံသူ အရေအတွက်သည် မြို့တော်ငါးမြို့၏ နံပါတ်တစ် မြို့တော်ဖြစ်သည့် ရှန်းဖုန်းမြို့တော်ထက် နှစ်ဆနီးပါး ပိုမိုများပြားနေခြင်းကြောင့်ပင်။

နိဗ္ဗာန်မြို့တော်၏ အင်အားသည် အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလှ၏။

နိဗ္ဗာန်မြို့တော်သည် ကျုံးကျိုးကုန်းမြေရှိ ကြယ်လေးပွင့်သူတော်စင်နယ်မြေ များစွာကိုပင် ကြောက်ရွံ့စေလောက်သည့် မြို့တော်တစ်မြို့ ဖြစ်သည်။

"မြို့သခင်ကို ကြိုဆိုပါတယ်"

ရွှေရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ်အမျိုးသားနှစ်ဦးသည် နတ်သန္ဓေအင်ပါယာများကို ရှေ့ဆုံးကနေ ဦးဆောင်လာသော ရွှေရောင်ဝတ်ရုံ ဝတ်ထားသည့် လူငယ်ကို မြင်လျှင် အလျင်အမြန်ပင် အရိုအသေ ပြုလိုက်ကြသည်။

"အထွတ်အထိပ် နတ်သန္ဓေအင်ပါယာစာရင်းမှာ (၈၁)ယောက်မြောက် ဖြစ်တဲ့ နိဗ္ဗာန်မြို့တော်သခင် ယဲ့ချန်ကျွင်း ကိုယ်တိုင် ကြွလာလိမ့်မယ်လို့ တကယ် ထင်မထားမိဘူး"

ဖုန်းဝူယင်းက ဦးဆောင်လာသော ရွှေရောင်ဝတ်ရုံဝတ် လူငယ်ကိုကြည့်ကာ တအံ့တသြ ရေရွတ်လိုက်သည်။

ဤပုဂ္ဂိုလ်သည် သူတို့ ရှန်းဖုန်းမြို့၏ ဖုန်းမျိုးနွယ်စု ဘိုးဘေးနှင့်ပင် နှိုင်းယှဥ်နိုင်သော ကျင့်ကြံသူတစ်ဦး ဖြစ်သည်။

ယခုရောက်ရှိလာသော နတ်သန္ဓေအင်ပါယာ ဆယ့်နှစ်ပါးထဲတွင် အထွတ်အထိပ် နတ်သန္ဓေအင်ပါယာ စာရင်းဝင် ကျင့်ကြံသူတစ်ဦး ပါဝင်နေခဲ့သည်။

ဤမျှ ကြီးကျယ်ခမ်းနားသော အင်အားဖြင့်ဆိုလျှင် မြို့တော်ငါးမြို့ထဲမှ မည်သည့် အင်အားစုကိုမဆို အလွယ်တကူဖျက်ဆီးပစ်နိုင်မည် ဖြစ်၏။

ကျန်းချန်က ပြိုင်ဘက်ကင်း နတ်ဆိုးတစ်ပါး ဖြစ်ပြီး တိုက်ပွဲဝင်စွမ်းရည်အရလည်း ကောင်းကင်ကိုပင် ဆန့်ကျင်ကာ ရှောင်မိသားစုဘိုးဘေး ရှောင်ယန်ဝူကို ဖိနှိပ်နိုင်သော စွမ်းရည်ရှိသည်ကို သိရှိထားသည့်တိုင် ဖုန်းဝူယင်းသည် နိဗ္ဗာန်မြို့တော်ကို မစိုးရိမ်ဘဲ မနေနိုင်ခဲ့ပေ။

ကျန်းချန်သည် ဤတစ်ကြိမ်တွင် ကြီးမားလှသော အခက်အခဲနှင့် ရင်ဆိုင်ရတော့မည်ဟု သူ ယူဆမိသည်။

ဤအချိန်တွင် ဖုန်းဝူယင်း၏ အနောက်ဘက်ရှိ ချိုးဟေးရှာသည် သူ၏ရှေ့မှကျင့်ကြံသူများကို ကြည့်ကာ လဲပြိုကျတော့မတတ်ပင် ဖြစ်နေခဲ့သည်။

မူလက ချိုးဟေးရှာသည် နတ်ဝိညာဥ်ဘုရင် နယ်ပယ် နဝမအဆင့် အထွတ်အထိပ် ကျင့်ကြံသူ တစ်ဦးအနေဖြင့် သူ့ကိုယ်သူ အင်အားကြီးမားသူ တစ်ဦးဟု အမြဲတစေ ယုံကြည်ခဲ့သည်။

သို့သော် ယနေ့တွင်မူ ပထမဆုံးအကြိမ်အဖြစ် သူ့ကိုယ်သူ ပုရွက်ဆိတ် ကဲ့သို့ တည်ရှိမှုဟု ခံစားလိုက်ရ၏။။

ဤကဲ့သို့ အစွမ်းထက် ကျင့်ကြံသူများရှေ့တွင် သူကဲ့သို့ နတ်ဝိညာဥ်ဘုရင် နယ်ပယ် နဝမအဆင့် အထွတ်အထိပ် ကျင့်ကြံသူသည် မြေပြင်ပေါ်တွင် ပြေးလွှားနေသော ပုရွက်ဆိတ်များနှင့် ဘာမှမခြားပေ။

"ယဲ့ရှင်း.. နိဗ္ဗာန်အမိန့်တော်ကို ဘာကြောင့် အသုံးပြုရတာလဲ"

ဖုန်းဝူယင်းနှင့် တခြားသူများ ထိတ်လန့်တကြား ဖြစ်နေစဥ်မှာပင် နိဗ္ဗာန်မြို့တော်သခင် ယဲ့ချန်ကျွင်းသည် ရွှေရောင်ဝတ်ရုံဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားနှစ်ဦးကို စူးစိုက်၍ ကြည့်လိုက်သည်။

သူ၏ သြဇာအာဏာရှိသော အသံသည် လေထုထဲတွင် တမဟုတ်ချင်း ပျံ့နှံ့သွားခဲ့၏။

လင်းယုန်မျက်လုံးပိုင်ရှင် လူလတ်ပိုင်းအရွယ် အမျိုးသားက အလျင်အမြန်ပင် ယဲ့ချန်ကျွင်းကို လျှောက်တင်လိုက်သည်။

"မြို့သခင်ကို တင်ပြပါတယ်.. ဒီက နတ်သန္ဓေအင်ပါယာနှစ်ပါးက ကျွန်တော်တို့ ချမှတ်ထားတဲ့ စည်းမျဥ်းကို ချိုးဖောက်ပြီး ခွင့်ပြုချက်မရှိဘဲ ဆိတ်ငြိမ်နယ်မြေထဲကို ဝင်ရောက်ခဲ့တယ်.. ဒီကိစ္စကို မြို့သခင် ကိုယ်တိုင် စီရင်ဆုံးဖြတ်ပေးဖို့ တောင်းဆိုပါတယ်"

ထိုစကားကို ကြားလျှင် ယဲ့ချန်ကျွင်း၏ အကြည့်သည် ကျန်းချန်နှင့် ဖုန်းဝူယင်း ထံသို့ တိုက်ရိုက်ပင် ကျရောက်သွားခဲ့သည်။

တစ်ချိန်တည်းမှာပင် ယဲ့ချန်ကျွင်း၏ လွှမ်းမိုးနိုင်သော စွမ်းရည်အပြည့်ရှိသော အသံသည် ကျန်းချန်၏ နားထဲသို့ ဝင်ရောက်လာခဲ့သည်။

"စိတ်ဝင်စားစရာပဲ...ငါတို့ နိဗ္ဗာန်မြို့တော်ကို တည်ထောင်ခဲ့တာ နှစ်ထောင်ပေါင်းများစွာ ရှိခဲ့ပေမဲ့ ငါတို့ ချမှတ်ထားတဲ့ စည်းမျဥ်းတွေကို ချိုးဖောက်ရဲတဲ့သူ တစ်ယောက်မှ မရှိခဲ့ဖူးဘူး.. အခုတလော နိဗ္ဗာန်မြို့တော်ရဲ့ စည်းမျဥ်းကို ချိုးဖောက်တဲ့ နတ်သန္ဓေအင်ပါယာတွေ တစ်ယောက်ပြီး တစ်ယောက်ထွက်ပေါ်လာသလိုပဲ.. ဘာလဲ မင်းတို့က ငါတို့ နိဗ္ဗာန်မြို့တော်ရဲ့ စည်းမျဥ်းတွေကို အလှသက်သက် ပြထားတယ်လို့များ ထင်နေတာလား"

ယဲ့ချန်ကျွင်း၏ အသံတွင် အရှိန်အဝါ ဖိအားများ ပါဝင်နေသဖြင့် နတ်သန္ဓေအင်ပါယာနယ်ပယ် တတိယအဆင့် ကျင့်ကြံသူဖြစ်သည့် ဖုန်းဝူယင်းသည် ထိုအချိန်တွင် ခပ်တိုးတိုး ညည်းညူမိလိုက်ပြီး မျက်နှာတစ်ခုလုံး ချက်ချင်းဆိုသလို ဖြူဖျော့သွားခဲ့သည်။

ကျန်းချန်ကမူ တည်ငြိမ်စွာသာ ရှိနေခဲ့သည်။

ကျန်းချန်က လေထုထဲမှ ယဲ့ချန်ကျွင်းကို မော့ကြည့်လိုက်သည်။

ထိုခဏတွင် သူ၏ မျက်လုံးထဲ၌ ထူးဆန်းသော အလင်းရောင်တစ်ခု လင်းလက်သွားခဲ့၏။

"မင်းက နိဗ္ဗာန်မြို့တော်သခင် ယဲ့ချန်ကျွင်းလား"

"ဟုတ်တယ်.. ငါက နိဗ္ဗာန်မြို့တော်သခင်ပဲ.. မင်းက အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ နတ်သန္ဓေအင်ပါယာ အဆင့်ကို ရောက်နိုင်တာဆိုတော့ တကယ်ကို ပါရမီရှိတာပဲ.. ဒါက ငါ့ကို အံ့အားသင့်စေတာတော့ အမှန်ပဲ"

သူ့ရှေ့မှ လူငယ်ကိုကြည့်ကာ ယဲ့ချန်ကျွင်း၏ မျက်လုံးထဲတွင် အံ့အားသင့်သော အရိပ်အယောင်များ ဖြစ်ပေါ်လာသည်။

ဤလူငယ်သည် နတ်သန္ဓေအင်ပါယာနယ်ပယ် အစောပိုင်း အဆင့်မျှသာ ရှိသော်လည်း သူ၏ အရှိန်အဝါ ဖိအားပေးမှုကို ‌အေးအေးဆေးဆေးပင် ခံနိုင်ရည် ရှိနေခဲ့သည်။

ဤကဲ့သို့သော ပါရမီရှင်သည် ပါရမီရှင် နတ်သန္ဓေ အင်ပါယာစာရင်း၏ ထိပ်ဆုံးမှ ကျင့်ကြံသူနှင့် နှိုင်းယှဥ်လျှင်ပင် အနည်းငယ်မျှ နိမ့်ကျမည် မဟုတ်ပေ။

ရှန်းဝူတိုက်ကြီးတွင် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော ပြိုင်ဘက်ကင်း နတ်ဆိုးတစ်ပါး မည်သည့် အချိန်ကတည်းက ပေါ်ပေါက်လာခဲ့မှန်း ယဲ့ချန်ကျွင်း အမှန်တကယ် မသိခဲ့ပေ။

"မြို့သခင်က ချီးကျူးလွန်းနေပါပြီ"

ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။

"ကောင်လေး ငါဒီကို လာတာ မင်းနဲ့ အလာပသလာပ ပြောဖို့တော့ မဟုတ်ဘူး.. မင်းက ဘယ်လောက်ပဲ ထူးချွန်ထက်မြက်နေပါစေ.. ငါတို့ နိဗ္ဗာန်မြို့တော်ရဲ့ စည်းမျဥ်းတွေကို ချိုးဖောက်လို့တော့မရဘူး.. ဒါပေမဲ့ မင်းရဲ့ ကောင်းမွန်တဲ့ပါရမီကို ထောက်ထားပြီး ငါမင်းကို အခွင့်အရေးပေးမယ်.. မင်း ငါတို့ နိဗ္ဗာန်မြို့တော်ကို အညံ့ခံသရွေ့ မင်းရဲ့ အသက်ကို ငါ ချမ်းသာပေးနိုင်တယ်"

ယဲ့ချန်ကျွင်းက အေးစက်စက် ရေရွတ်လိုက်သည်။

သူ၏အသံတွင် တစ်ဖက်သား မငြင်းဆန်နိုင်လောက်သည့် သြဇာအာဏာပေးသံ ပါဝင်နေခဲ့၏။

"မင်းကို အညံ့ခံဖို့က မဖြစ်နိုင်တာတော့ မဟုတ်ဘူး.. မင်းငါ့ကို အနိုင်ယူနိုင်တယ် ဆိုရင်ပေါ့"

ကျန်းချန်၏ မျက်လုံးများက လင်းလက်သွားခဲ့ပြီး ခပ်ပြုံးပြုံးလေး ပြောလိုက်သည်။

"ဒါပေမဲ့ အဆုံးသတ်မှာ အညံ့ခံရမဲ့သူက မင်းပဲ ဖြစ်လာနိုင်တယ်လို့ ငါခံစားမိတယ်"

ကျန်းချန်၏ မောက်မာသော စကားများကိုကြားလျှင် ဖုန်းဝူယင်းပင်လျှင် အသက်ရှူရပ်မတတ် ဖြစ်သွားခဲ့သည်။

သူ၏ ရှေ့မှ နိဗ္ဗာန်မြို့တော်သခင်သည် ရှောင်မိသားစု ဘိုးဘေးထက်ပင် ပိုမို ကြောက်မက်ဖွယ်ကောင်း၏။

ဤမျှ အင်အားကြီးမားသော ပုဂ္ဂိုလ်ကိုပင် ကျန်းချန်သည် စိန်ခေါ်ရဲနေသေးသည်။

ဤကောင်လေးသည် အဘယ်ကြောင့် ဤမျှအထိ မိုက်ရူးရဲဆန်နေရပါသနည်း။

ယဲ့ချန့်ကျွင်း၏ အနောက်ဘက်ရှိ နိဗ္ဗာန်မြို့တော်မှ နတ်သန္ဓေ အင်ပါယာများသည်လည်း ကျန်းချန်၏ မောက်မာသောစကားကြောင့် အတော်လေး ဒေါသထွက်သွားခဲ့ကြသည်။

"ဟမ့်.. မင်းလို မလောက်လေး မလောက်စားကများ ငါတို့နိဗ္ဗာန် မြို့တော်သခင်ရဲ့ရှေ့မှာ ရမ်းကားရဲတယ်.. မင်းလို နတ်သန္ဓေ အင်ပါယာနယ်ပယ် ပထမအဆင့်လောက်ကတော့ မြို့သခင်နဲ့တောင် မတန်ဘူး.. ငါ့ရဲ့လက်ဝါးနဲ့တောင် အေးအေးဆေးဆေး သတ်ပစ်လိုက်လို့ရတယ်"

ဒေါသတကြီး ကြုံးဝါးသံနှင့်အတူ နတ်သန္ဓေအင်ပါယာနယ်ပယ် ဒုတိယအဆင့် ကျင့်ကြံသူဖြစ်သည့် ရွှေရောင်ဝတ်ရုံဝတ် အဘိုးအိုတစ်ဦးသည် အရှေ့သို့ ထွက်လာခဲ့ပြီး သူ၏ လက်ကိုမြှောက်ကာ ဧရာမ ရွှေရောင်လက်ဝါးရိုက်ချက်ဖြင့် ကျန်းချန်ကို ဖိနှိပ်ရန် ကြိုးစားလိုက်သည်။

"ငါက မင်းတို့ မြို့သခင်နဲ့စကားပြောနေတာ မင်းက ဘာလို့အလိုက်မသိဘဲ ဝင်ရှုပ်နေတာလဲ.. ထွက်သွားစမ်း"

ကျန်းချန်က အေးစက်စက် မျက်နှာထားဖြင့် ရေရွတ်လိုက်သည်။

ထို့နောက်တွင် သဘာဝလွန်သွေးမျိုးဆက် စွမ်းရည် ဖြစ်သည့် ရွှေရောင်နဂါးသည် ချက်ချင်းဆိုသလို ထွက်ပေါ်လာခဲ့ပြီး ရွှေရောင်မီးလျှံကို အဘိုးအို ဘက်သို့ မှုတ်ထုတ်လိုက်သည်။

ချက်ချင်းဆိုသလို အဘိုးအို၏ ရွှေရောင်လက်ဝါးသည် မျက်စိတစ်မှိတ်အတွင်း ပျက်စီးသွားခဲ့၏။

အဘိုးအို ကိုယ်တိုင်လည်း ပေ၁၀ဂဏန်း အကွာအထိ လွင့်စင်သွားခဲ့သည်။

ကျန်းချန်က နတ်သန္ဓေ အင်ပါယာနယ်ပယ် ဒုတိယအဆင့်ကျင့်ကြံသူကို တစ်ကွက်တည်းဖြင့် အနိုင်ယူလိုက်ခြင်း ဖြစ်၏။

ဤမြင်ကွင်းကိုမြင်လျှင် ယဲ့ချန်ကျွင်း၏ အနောက်ဘက်ရှိ နတ်သန္ဓေအင်ပါယာ အများအပြား၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

ဤအချိန်တွင် ကျန်းချန်နှင့် အစောပိုင်းက တိုက်ခိုက်ရန်ပြင်ဆင်နေသည့် သန်မာထွားကျိုင်းသော လူလတ်ပိုင်းအရွယ် အမျိုးသားသည် သူ၏နဖူးမှ စီးကျလာသော ချွေးစေးများကို သုတ်လိုက်သည်။

ကံကောင်းထောက်မစွာဖြင့် သူ၏ အဖော်ကောင်းမှုကြောင့် ကျန်းချန်နှင့် မတိုက်ခိုက်မိလိုက်ပေ။

သို့မဟုတ်လျှင် သူ့အနေဖြင့် မည်ကဲ့သို့ သေဆုံးသွားသည်ကိုပင် သိရှိနိုင်မည် မဟုတ်ချေ။

"မင်းရဲ့ခွန်အားက ဘယ်ဆိုးလို့လဲ.. မင်းက ငါ့ရဲ့ရှေ့မှာ ငါ့ရဲ့နိဗ္ဗာန်မြို့တော်က လူတွေကို တိုက်ခိုက်ရဲတဲ့ ပထမဆုံးလူပဲ"

ယဲ့ချန်ကျွင်း၏ ရွှေရောင်မျက်လုံးထဲတွင် အဆုံးသတ်၌ အေးစက်သော ဒေါသအရိပ်အ‌ငွေ့များ ထွက်ပေါ်လာခဲ့သည်။

"လာခဲ့စမ်း ကောင်လေး.. မင်းက ဘာကောင်မှမဟုတ်ဘူး ဆိုတာ ငါသက်သေပြပေးမယ်"

"ကောင်းပြီ"

ကျန်းချန်က ချက်ချင်းပင် အသက်စွမ်းအင်များကို လှုံ့ဆော်လိုက်ရာ လျှို့ဝှက်ဆန်းကြယ်သည့် အနက်ရောင်လေးထောင့်တုံး စည်းတံဆိပ်တစ်ခုသည် သူ၏ လက်ထဲတွင် ဖြည်းဖြည်းချင်းစုစည်းလာခဲ့သည်။

ကျန်းချန်၏ လက်ထဲရှိ အနက်ရောင်လေးထောင့်တုံး စည်းတံဆိပ်ကို မြင်လိုက်သည့် အခိုက်တွင် နိဗ္ဗာန်မြို့တော်သခင် ယဲ့ချန်ကျွင်းသည် မျက်မှောင်ကြုတ်သွားခဲ့သည်။

သူ၏ မျက်လုံးထဲတွင် မယုံကြည်နိုင်လောက်သည့် အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့၏။

အခန်း(၁၂၇၂)ပြီး၏။

All Chapters