အခန်း (၁၂၇၃-၁၂၇၅)
Vol. 85 Ch. 1273-1275
အခန်း(၁၂၇၃)
"ဒီကောင်လေးရဲ့ ကိုယ်ခံပညာက နိဗ္ဗာန်မြို့တော်ရဲ့ ဘိုးဘေး အမွေအနှစ် ကိုယ်ခံပညာတွေနဲ့ ဘာလို့ ဒီလောက်တောင် တူနေရတာလဲ"
ယဲ့ချန်ကျွင်းသည် စိတ်ထဲတွင် အံ့သြထိတ်လန့်သွားခဲ့ပြီး မျက်လုံးများပင် ပြူးကျယ်လာခဲ့သည်။
သိထားရမည်မှာ သူတို့ နိဗ္ဗာန်မြို့တော်မှ အမွေဆက်ခံထားသော ကိုယ်ခံပညာများသည် ရှန်းဝူတိုက်မှ မဟုတ်ဘဲ ရှန်းဝူတိုက်ပြင်ပရှိ အခြားသော တိုက်တစ်ခုမှ ဆင်းသက်လာခဲ့ခြင်းဖြစ်သည်။
ရှန်းဝူတိုက်ကြီးတွင် သူတို့ နိဗ္ဗာန်မြို့တော်အပြင် ရွှယ်လင်တိုက်မှ တခြားသော သူများလည်း နေထိုင်နေခြင်း ဖြစ်နိုင်ပါသလော။
"ဟားဟား နိဗ္ဗာန်မြို့တော်သခင်.. ငါ့ရဲ့စည်းတံဆိပ်ကို ရင်ဆိုင်လိုက်စမ်း"
ယဲ့ချန်ကျွင်း၏ စိတ်နှလုံးထဲတွင် အံ့သြထိတ်လန့်နေစဥ်မှာပင် ကျန်းချန်၏ ရယ်မောသံသည် သူ၏ နားထဲသို့ ပဲ့တင်ထပ်လာခဲ့သည်။
နောက်ထပ် တစ်ခဏမှာပင် ယဲ့ချန်ကျွင်းသည် အနက်ရောင်လေးထောင့်တုံး စည်းတံဆိပ်တစ်ခုက လေထုကို ထိုးဖောက်၍ ပျံသန်းလာသည်ကို မြင်လိုက်ရသည်။
၎င်းထံမှ စိတ်ဝိညာဥ်ကိုပင် တုန်လှုပ်စေသော ထူးဆန်းသည့်အရှိန်အဝါ တစ်ခုသည် လေထုတစ်ခုလုံးကိုပင် လွှမ်းခြုံသွားခဲ့သည်။
ယဲ့ချန်ကျွင်းသည် သူ၏စိတ်ထဲမှ အံ့သြထိတ်လန့်မှုကို ထိန်းချုပ်လိုက်ပြီး ချက်ချင်းဆိုသလိုပင် သူ၏ အသက်စွမ်းအားများကို စုစည်းလိုက်သည်။
"နိဗ္ဗာန်စည်းတံဆိပ်"
သူ၏ ရွှေရောင်အသက်ဓာတ်များက ပေတစ်ရာခန့် ကြီးမားသည့် ရွှေရောင်လက်ဝါး အဖြစ်သို့ တမဟုတ်ချင်း ပြောင်းလဲသွားခဲ့၏။
ရွှေရောင်လက်ဝါး၏ ဖိအားကြောင့် လေထုထဲတွင် မျက်စိဖြင့် မြင်နိုင်သော အက်ကွဲကြောင်းများပင် ဆက်တိုက်ဆိုသလို ဖြစ်ပေါ်လာခဲ့သည်။
ဤလက်ဝါးက ကမ္ဘာကြီးကိုပင် ပျက်စီးစေတော့မည့်အလား ထင်မှတ်ရ၏။
"ဝုန်း.."
အားလုံး၏ စောင့်ကြည့်မှုအောက်မှာပင် ရွှေရောင်လက်ဝါးနှင့် အနက်ရောင်လေးထောင့်တုံး စည်းတံဆိပ်တို့သည် ကောင်းကင်ကနေ ကျဆင်းလာသော ဥက္ကာခဲနှစ်လုံးကဲ့သို့ ပြင်းထန်စွာ ထိပ်တိုက် ဆုံမိသွားကြသည်။
ထို့နောက်တွင် တုန်လှုပ်ချောက်ချားဖွယ် စွမ်းအင်ပေါက်ကွဲသံက ထွက်ပေါ်လာခဲ့ပြီး ကောင်းကင်နှင့် မြေကြီးကြားတွင် ပဲ့တင်ထပ်သွားခဲ့သည်။
ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်မုန်တိုင်း တစ်ခုသည် ကျန်းချန်တို့ နှစ်ဦးကို ဗဟိုပြုကာ အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားခဲ့၏။
ပေ၁၀၀ကျော်ခန့် ရှည်လျားသော နက်မှောင်သော အက်ကွဲကြောင်း များစွာသည် ဧရာမသားရဲ၏ သွေးသံတရဲရဲ ပါးစပ်ကဲ့သို့ လေထုထဲတွင် ဖြစ်ပေါ်သွားခဲ့သည်။
လေထုထဲတွင် ဖျက်ဆီးခြင်း မုန်တိုင်းစွမ်းအင်သည် လုံးဝကို ပျံ့နှံ့သွားခဲ့ပြီး ထိုမုန်တိုင်း၏ ရိုက်ခတ်မှုအောက်တွင် လူတိုင်းသည် ပေဆယ်ဂဏန်း အကွာအဝေးထိ နောက်သို့ ဆုတ်လိုက်ရသည်။
မုန်တိုင်း၏ ဗဟိုချက်မှ ပုံရိပ်နှစ်ခုလုံးသည်လည်း လေထဲတွင် ခြေလှမ်းအနည်းငယ် နောက်သို့ ဆုတ်လိုက်ရ၏။
သူတို့၏ ခြေလှမ်းများ နင်းလျှောက်သွားသည့် နေရာတိုင်းတွင် အာကာပြင် အက်ကွဲကြောင်းများ ကျန်ရစ်နေခဲ့သည်။
"ဟားဟား နိဗ္ဗာန်မြို့တော်သခင်က တကယ်ကို စွမ်းအားကြီးမားတဲ့သူပဲ.. ငါ ဒီစည်းတံဆိပ်ကို တတ်မြောက်ပြီးကတည်းက မင်းက ငါ့ရဲ့စည်းတံဆိပ်ကို ဒီလောက်ထိ လွယ်လွယ်ကူကူ ရင်ဆိုင်နိုင်တဲ့ ပထမဆုံးလူပဲ"
ကျန်းချန်က လေထုထဲတွင် ခြေဆယ်လှမ်းကျော်ခန့် နောက်သို့ ဆုတ်လိုက်ရသည်။
သူက ဆန့်ကျင်ဘက်ရှိ ခြေခုနစ်လှမ်း၊ ရှစ်လှမ်းသာ နောက်ဆုတ်ခဲ့ရသော ယဲ့ချန်ကျွင်းကို ကြည့်ကာ ချီးကျူးလိုက်သည်။
လူသားဧကရာဇ် စည်းတံဆိပ်သည် သူ့ဖခင် ကျန်းဝူရ၏ အမွေအနှစ် ဖြစ်သည်။
၎င်းက အင်အားကြီးမားရုံသာမက အလွန်ပင် လျှို့ဝှက်ဆန်းကြယ်သည်။
ရှောင်မိသားစုဘိုးဘေး ရှောင်ယန်ဝူကဲ့သို့ အင်အားကြီးမားသော ပုဂ္ဂိုလ်သည်ပင် ဤစည်းတံဆိပ်ကြောင့် သူ့ကို ရှုံးနိမ့်ခဲ့ရသည်။
သို့သော် နိဗ္ဗာန်မြို့သခင် ယဲ့ချန်ကျွင်းကမူ အလွယ်တကူပင် ရင်ဆိုင်နိုင်ခဲ့၏။
ထို့အပြင် ယဲ့ချန်ကျွင်းသည် အစောပိုင်းက တိုက်ခိုက်မှုတွင် စွမ်းအားကို အကုန်အစင် မသုံးခဲ့ကြောင်း ကျန်းချန်၏ မြင်နိုင်စွမ်းအရ မြင်နိုင်ရန် မခက်ခဲပေ။
ဤသည်ကို ကြည့်ခြင်းအားဖြင့် နိဗ္ဗာန်မြို့တော်သခင် ယဲ့ချန်ကျွင်းသည် ရှောင်မိသားစုဘိုးဘေးထက် များစွာပို၍ သန်မာသည်မှာ သေချာသလောက် ဖြစ်၏။
တကယ်တမ်းသာ တိုက်ခိုက်ကြမည်ဆိုလျှင် ကျန်းချန်က သူ၏ ဝှက်ဖဲအားလုံးကို ထုတ်သုံးလျှင်ပင် ယဲ့ချန်ကျွင်းကို အနိုင်ယူနိုင်မည် မဟုတ်ပေ။
ဤအချိန်တွင် ယဲ့ချန်ကျွင်းသည် ကျန်းချန်၏ ချီးကျူးသံကို ဂရုမစိုက်အားခဲ့ပေ။
သူက ကျန်းချန်ကို စူးရှစွာ စိုက်ကြည့်နေခဲ့သည်။
သူ၏ မျက်နှာထက်တွင် မယုံကြည်နိုင်သော အမူအရာ တစ်ခု ဖြစ်ပေါ်နေခဲ့၏။
"မင်း.. မင်းဘယ်လိုလုပ်ပြီး ဒီကိုယ်ခံပညာကို တတ်မြောက်နေရတာလဲ.. ဒီကိုယ်ခံပညာကို မင်းဘယ်ကရခဲ့လဲ"
ကျန်းချန် အစောပိုင်းက အသုံးပြုခဲ့သော ကိုယ်ခံပညာသည် သူတို့ နိဗ္ဗာန်မြို့တော်မှ အမွေဆက်ခံခဲ့သော ကိုယ်ခံပညာနှင့် ဆင်တူရုံသာမက သူတို့ နိဗ္ဗာန်မြို့တော်၏ ကိုယ်ခံပညာထက်ပင် ပို၍ အင်အားကြီးမားသည်။
ဤကဲ့သို့ ကိုယ်ခံပညာမျိုးသည် ရွှယ်လင်တိုက်တွင် သာမန်ကျင့်ကြံသူများ ကျင့်ကြံနိုင်သည့် ကျင့်စဥ်မျိုး မဟုတ်ပေ။
ဤကဲ့သို့ ကိုယ်ခံပညာကို တတ်မြောက်ထားသူများသည် သူ၏ ဘိုးဘေးဖြစ်သည့် နိဗ္ဗာန်ဓားဧကရာဇ်ထက်ပင် အဆင့်မြင့်မားသောသူများ ဖြစ်သည်။
ရှန်းဝူတိုက်ကြီးတွင် ရွှယ်လင်တိုက်မှ ကိုယ်ခံပညာကို တတ်မြောက်ထားသူများ ရှိနေလိမ့်မည်ဟု ယဲ့ချန်ကျွင်း တစ်ခါမှ မစဥ်းစားမိခဲ့ပေ။
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြန်ဖြေလိုက်သည်။
"ဒီကိုယ်ခံပညာကို မြို့သခင် ကြားဖူးချင် ကြားဖူးပါလိမ့်မယ် ဒါက လူသားဧကရာဇ် စည်းတံဆိပ်ရဲ့ ပထမဆုံး စည်းတံဆိပ်တော်ဖြစ်တဲ့ ဝိညာဥ်ငြိမ်းသက်ခြင်း စည်းတံဆိပ်ပဲ"
လူသားဧကရာဇ် စည်းတံဆိပ်။
ထိုနာမည်ကို ကြားလိုက်ရပြီးနောက်တွင် ယဲ့ချန်ကျွင်းသည် အနည်းငယ် ရင်းနှီးသလို ခံစားလိုက်ရသော်လည်း စဥ်းစားမရ ဖြစ်နေခဲ့သည်။
သိပ်မကြာခင်မှာပင် သူက ရုတ်တရက် တစ်စုံတစ်ရာကို အမှတ်ရသွားပြီး ထိတ်လန့်တုန်လှုပ်ကာ ပါးစပ်ကနေ အော်ဟစ်လိုက်သည်။
"လူသားဧကရာဇ် စည်းတံဆိပ်လား.. မင်း.. မင်း ဘယ်သူလဲ.. မင်းဘယ်လိုလုပ်ပြီး လူသားဧကရာဇ် စည်းတံဆိပ်ကို ပိုင်ဆိုင်နေရတာလဲ"
လူသားဧကရာဇ် စည်းတံဆိပ်သည် ရွှယ်လင်တိုက်၏ အထွတ်အထိပ် ကိုယ်ခံပညာ ဖြစ်သည်။
ဆိုရလျှင် ထိုကိုယ်ခံပညာသည် ရွှယ်လင်တိုက်မှ ဧကရာဇ်သာလျှင် တတ်မြောက်ခွင့်ရှိသည့် ကိုယ်ခံပညာ ဖြစ်၏။
ရွှယ်လင်တိုက်မှလူများ၏ အထွတ်အထိပ်ထားရာကိုယ်ခံပညာသည် ရှန်းဝူတိုက်တွင် အမှန်တကယ် ထွက်ပေါ်လာခဲ့သည်။
ဖြစ်နိုင်သည်မှာ ရွှယ်လင်တိုက်မှ လူသားဧကရာဇ်သည် ရှန်းဝူတိုက်ဆီသို့ ယခင်က ရောက်ဖူးခြင်း ဖြစ်နိုင်ပါသလော။
"ဒီလူသားဧကရာဇ်စည်းတံဆိပ်ကို ငါ့ရဲ့အဖေ ကျန်းဝူရက ငါ့အတွက် ထားခဲ့တာပါ"
ဤအချိန်တွင် ကျန်းချန်သည် ယဲ့ချန်ကျွင်းကို ဘာမှ မဖုံးကွယ်တော့ပေ။
နိဗ္ဗာန်မြို့တော်သည် သူ၏ဖခင်နှင့် ရင်းနှီးသော ဆက်ဆံရေးရှိနေမှန်း ကျန်းချန် သေချာသလောက် ခန့်မှန်းမိခဲ့သည်။
ကျန်းချန်၏ အဖြေကိုကြားလျှင် ယဲ့ချန်ကျွင်း၏ စိတ်နှလုံးသည် ရုတ်တရက် ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။
နိဗ္ဗာန်ဓားဧကရာဇ် ထားရှိခဲ့သည့် မှတ်တမ်းများအရ ရွှယ်လင်တိုက်၏ မျိုးဆက်သစ် ဧကရာဇ် နာမည်သည် ကျန်းဝူရဖြစ်သည် မဟုတ်ပါလား။
"လူသားဧကရာဇ် ကျန်းဝူရလား"
ရွှယ်လင်တိုက်ကြီးမှ လူမျိုးများ၏ ဧကရာဇ်သည် ရှန်းဝူတိုက်သို့ အမှန်တကယ် ရောက်လာခဲ့ပြီး ရှန်းဝူတိုက်တွင် မျိုးဆက်များပင် ချန်ထားရစ်လိမ့်မည်ဟု ယဲ့ချန်ကျွင်း မည်သို့မှ မထင်ထားခဲ့ပေ။
ယဲ့ချန်ကျွင်းက အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီး သူ၏ စိတ်ထဲမှ သံသယများနှင့် ကြောက်ရွံ့မှုများကို ထိန်းချုပ်လိုက်သည်။
ထို့နောက်တွင် ပတ်ဝန်းကျင်မှ လူများ၏ အံ့အားသင့်နေသော အကြည့်များ အောက်မှာပင် ကျန်းချန်၏ ရှေ့တွင် ဒူးထောက်လိုက်သည်။
"ယဲ့မိသားစုရဲ့တပည့် ယဲ့ချန်ကျွင်းက အရှင်မင်းသားကို အရိုအသေပြုပါတယ်"
သူတို့ နိဗ္ဗာန်မြို့တော်သည် ဘိုးဘေးအမွေအနှစ်ကို ထိန်းသိမ်းပြီး သွေးဝိညာဥ် မျိုးနွယ်စု၏ လက်ကျန်များကို သတ်ဖြတ်ကာ ရွှယ်လင်တိုက်ကြီး ဆီသို့ ပြန်နိုင်မည့် အခွင့်အရေးကို အမြဲတစေ စောင့်မျှော်နေခဲ့သည်။
နှစ်ထောင်ပေါင်းများစွာ ကြာလာခဲ့သည့်တိုင် နိဗ္ဗာန်မြို့တော်သည် ရွှယ်လင်တိုက်သို့ ပြန်နိုင်မည့် နည်းလမ်းကို ရှာမတွေ့ခဲ့ပေ။
ဤတစ်ကြိမ်တွင် ယဲ့ချန်ကျွင်းသည် ရှန်းဝူတိုက်ကြီးတွင် လူသားဧကရာဇ် ကျန်းဝူရ၏ မျိုးဆက်နှင့် တွေ့ဆုံရလိမ့်မည်ဟု မထင်ထားချေ။
ယခု ကျန်းချန် ရှိနေပြီဖြစ်ရာ သူတို့အနေဖြင့် ရွှယ်လင်တိုက်သို့ ပြန်သွားနိုင်မည့် မျှော်လင့်ချက် ရှိလာပြီ ဖြစ်၏။
ကျန်းချန်၏ အရှေ့တွင် ဒူးထောက်နေသည့် ယဲ့ချန်ကျွင်းကိုမြင်လျှင် ပတ်ဝန်းကျင်တစ်ခုလုံးသည် တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
ယဲ့ချန်ကျွင်း၏ အနောက်ကနေ လိုက်ပါလာသည့် နတ်သန္ဓေအင်ပါယာများဖြစ်စေ၊ ဖုန်းဝူယင်းနှင့်ချိုးဟေးရှာတို့ နှစ်ဦးဖြစ်စေ၊ အားလုံးသည် သူတို့၏ မျက်လုံးများကိုပင် မယုံကြည်နိုင် ဖြစ်နေခဲ့ကြသည်။
နိဗ္ဗာန်မြို့တော်၏ မြို့သခင်သည် ကျန်းချန်နှင့် တစ်ချီ တိုက်ခိုက်ပြီးနောက်တွင် ကျန်းချန်၏ ရှေ့မှောက်တွင် ဒူးထောက်၍ အညံ့ခံခဲ့သည် မဟုတ်ပါလော။
"မြို့သခင် ငါ့ကို ဒီလောက်ထိ အရိုအသေ ပေးစရာမလိုပါဘူး ငါမင်းကို မေးစရာတွေ အများကြီးရှိသေးတယ်.. ငါနဲ့ မိစ္ဆာနက်ဌာနချုပ်ထဲကို လိုက်ခဲ့ပေးပါ"
"အမိန့်အတိုင်းပါ အရှင်မင်းသား"
ယဲ့ချန်ကျွင်းက ပြန်ဖြေလိုက်ပြီး နိဗ္ဗာန်မြို့တော်မှ နတ်သန္ဓေအင်ပါယာများစွာကို နိဗ္ဗာန်မြို့သို့ ပြန်သွားရန် အမိန့်ပေးလိုက်သည်။
သူကမူ ကျန်းချန်၏ နောက်သို့ လိုက်ပါလာခဲ့ပြီး မိစ္ဆာနက်ဌာနချုပ်ထဲသို့ ဝင်သွားခဲ့သည်။
"ဒီကောင်လေးက တကယ်ပဲ ကံကောင်းခြင်းတွေ ပြည့်နှက်နေတဲ့သူပဲ"
ဖုန်းဝူယင်းက မှင်တက်ရာကနေ ပြန်လည် သက်သာလာရန် အချိန်အတော်ကြာ ယူခဲ့ရသည်။
ကျန်းချန်၏ အင်အားဖြင့်ဆိုလျှင် မြို့တော်ငါးခုတွင် နှိမ်နင်းနိုင်သည့်သူ အနည်းငယ်မျှသာ ရှိသည်။
ယခုနိဗ္ဗာန်မြို့တော်က ကျန်းချန်ကို အညံ့ခံလိုက်ပြီ ဖြစ်ရာ နိဗ္ဗာန်မြို့တော်၏ နောက်ခံဖြင့်ဆိုလျှင် မြို့တော်ငါးခု ပူးပေါင်းခဲ့လျှင်ပင် ကျန်းချန်ကို အနည်းငယ်မျှ ဒုက္ခပေးနိုင်မည် မဟုတ်တော့ပေ။
သူ့အမြင်တွင် ကျန်းချန်သည် ကောင်းကင်ကံကြမ္မာနှင့် အညီ မွေးဖွားလာသည့် ဧကရာဇ်တစ်ပါး သို့မဟုတ် ရှန်းဝူတိုက်ကြီး၏ ကံကြမ္မာကို လွှမ်းမိုးနိုင်သည့် ပုဂ္ဂိုလ်တစ်ဦးလို ဖြစ်နေခဲ့သည်။
"ဒီတစ်ကြိမ်တော့ မြို့တော်ငါးခု အနေနဲ့ မနှောင့်ယှက်သင့်တဲ့လူတစ်ယောက်ကို နှောင့်ယှက်မိသွားပြီထင်တယ်"
အခန်း(၁၂၇၃)ပြီး၏။
အခန်း(၁၂၇၄)
မိစ္ဆာနက်အဖွဲ့ဌာနချုပ်ရှိ တိတ်ဆိတ်ငြိမ်သက်သော အခန်းတစ်ခန်းထဲတွင်..
"အရှင်မင်းသား ဘယ်လိုလုပ်ပြီး ဆိတ်ငြိမ်နယ်မြေကို ရောက်လာရတာလဲ အရှင်မင်းကြီး ကျန်းဝူရကရော ရှန်းဝူတိုက်မှာ ရှိနေတုန်းပဲလား"
ယဲ့ချန်ကျွင်းက တိတ်ဆိတ်မှုကို ဖြိုခွင်းကာ ကျန်းချန်ကို မေးလိုက်သည်။
သူ၏မျက်လုံးများတွင် ထူးဆန်းသော အရိပ်အယောင်တစ်ခု ဖြစ်ပေါ်နေခဲ့၏။
ကျန်းချန်က ပြုံး၍ ပြန်ဖြေလိုက်သည်။
"ငါက ငါ့ဆရာရှောင်တုလီကို ရှာဖွေအတွက် ဆိတ်ငြိမ်နယ်မြေထဲကို ဝင်လာခဲ့တာပါ.. င့ါရဲ့အဖေကတော့ ရှန်းဝူတိုက်ကနေ ထွက်ခွာသွားခဲ့ပါပြီ"
"အရှင်မင်းကြီး ကျန်းဝူရက ရွှယ်လင်တိုက်ကို ပြန်သွားခဲ့ပြီလား"
ယဲ့ချန်ကျွင်းက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
"ဒါဆို ရှန်းဝူတိုက်ကနေ ရွှယ်လင်တိုက်ကို သွားတဲ့လမ်းကြောင်းက ရှိနေတုန်းပဲပေါ့"
သူတို့က ဘိုးဘေးဖြစ်သည့် နိဗ္ဗာန်ဓားဧကရာဇ်၏ အမွေအနှစ်ကို ဆက်ခံပြီး ရွှယ်လင်တိုက်ဆီသို့ ပြန်သွားရန် နည်းလမ်းကို နှစ်ပေါင်းများစွာ ရှာဖွေခဲ့ကြသည်။
သို့သော်လည်း ဤနှစ်ပေါင်း(၁၀၀၀၀)အတွင်း နိဗ္ဗာန်မြို့တော်သည် မည်သည့် သဲလွန်စကိုမှ မတွေ့ခဲ့ရပေ။
ယခုအခါတွင် လူသားဧကရာဇ်ကျန်းဝူရ၏ သားတော်ကို တွေ့နေပြီဖြစ်ရာ မျှော်လင့်ချက်ရှိလာပြီဟု သူတွေးမိခဲ့သည်။
"လမ်းကြောင်းကတော့ ရှိနေတုန်းပဲ.. ဒါပေမဲ့ လွန်ခဲ့တဲ့နှစ်ပေါင်း(၁၀၀၀၀)က တိုက်ပွဲမှာ မဟာအင်ပါယာ ဟောင်ထျန်းက ရှန်းဝူတိုက်ကြီးရဲ့ မူလအသက်စွမ်းအင်ကို အသုံးပြုပြီး သွေးဝိညာဥ်မျိုးနွယ်စုရဲ့ တပ်မှုးချုပ်ဖြစ်တဲ့ ကျိုးယိုနဲ့ ရွှယ်လင်တိုက်ကိုသွားတဲ့လမ်းကြောင်းတွေကို ပိတ်ဆို့ခဲ့တယ်.. ဒါကြောင့် ရွှယ်လင်တိုက်ကို သွားဖို့က အခုအချိန်မှာ မဖြစ်နိုင်သေးဘူး"
"အရှင်မင်းသားပြောတာ ကျိုးယိုလား"
ကျန်းချန်၏ စကားကိုကြားလျှင် ယဲ့ချန်ကျွင်း၏ အမူအရာသည် သိသိသာသာပင် ပြောင်းလဲသွားခဲ့သည်။
"လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းက သွေးဝိညာဥ်မျိုးနွယ်စုတွေကို ဦးဆောင်ပြီး ရှန်းဝူတိုက်ကို တိုက်ခိုက်ခဲ့တဲ့ တပ်မှုးချုပ် ကျိုးယိုက အခုထိ မသေသေးဘူးလား"
"မသေသေးဘူး.. မဟာအင်ပါယာဟောင်ထျန်းတောင် သူ့ကိုဖိနှိပ်ရုံပဲ တတ်နိုင်ခဲ့တယ်.. ငါတို့က ရွှယ်လင်တိုက်ဆီသွားမဲ့လမ်းကြောင်းကို ဖွင့်ချင်တယ်ဆိုရင် ကျိုးယိုကို သတ်ဖြတ်နိုင်တဲ့စွမ်းရည်ရှိမှ ဖြစ်မယ်.. ဒီလိုမှမဟုတ်ရင် ရှန်းဝူတိုက်ကြီးကို နောက်ထပ် ကပ်ဘေးတွေ ဖြစ်ပေါ်လာစေလိမ့်မယ်"
စကားဆုံးသည်နှင့် ကျန်းချန်သည် သူ၏ ခေါင်းစဥ်ကို တိုက်ရိုက် ပြောင်း၍ မေးခွန်းထုတ်လိုက်သည်။
"ဒါနဲ့ နိဗ္ဗာန်မြို့တော်ရဲ့ဘိုးဘေးတွေက ရှန်းဝူတိုက်ကြီးကို ဘယ်လိုလုပ်ပြီး ရောက်လာခဲ့တာလဲ"
ကျန်းချန်၏ မေးခွန်းကိုကြားလျှင် ယဲ့ချန်ကျွင်းသည် အနည်းငယ်မျှပင် မဖုံးကွယ်ဘဲ နိဗ္ဗာန်မြို့တော်၏ ဇစ်မြစ်ကို ထုတ်ဖော် ပြောပြလိုက်သည်။
ရွှယ်လင်တိုက်ကြီးတွင် ကျန်း၊ ကျီနှင့် ယဲ့ ဟူ၍ မျိုးနွယ်စုကြီး သုံးစုရှိသည်။
လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းခန့်တွင် သွေးဝိညာဥ်မျိုးနွယ်စုသည် ရှန်းဝူတိုက်ကြီး ဆီသို့ ဦးတည်နေသော တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်ကို ရုတ်တရက် တိုက်ခိုက်ခဲ့သည်။
ထိုအချိန်တွင် အစီအရင်ကို စောင့်ကြပ်ရန် တာဝန်ရှိသူမှာ ယဲ့မိသားစု ဖြစ်သည်။
သွေးဝိညာဥ်မျိုးနွယ်စု၏ ထိုးစစ်သည် အလွန်တရာပြင်းထန်၍ သူတို့ အနေဖြင့် ခုခံရန် ခက်ခဲနေခဲ့၏။
အခြေအနေမကောင်းသည်ကို မြင်သောအခါတွင် ယဲ့မိသားစုမှ အင်ပါယာအဆင့် ကျင့်ကြံသူသည် တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ကို စောင့်ကြပ်နေသော ယဲ့မိသားစုဝင်များကို ခေါ်ဆောင်ကာ တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်မှ တစ်ဆင့် ရှန်းဝူတိုက်ဆီသို့ ရောက်ရှိလာခဲ့သည်။
ဤနောက်ပိုင်းတွင် သွေးဝိညာဥ် မျိုးနွယ်စုသည် ၎င်းတို့၏ စစ်တပ်များကို ခေါ်ဆောင်ကာ ရှန်းဝူတိုက်ကို ကျူးကျော် တိုက်ခိုက်ခဲ့၏။
ထိုအခါ ရှန်းဝူတိုက်ကို ရောက်ရှိနေသော ယဲ့မိသားစုမှ အင်ပါယာသည် ရှန်းဝူတိုက်မှ ကျင့်ကြံသူများနှင့် ပူးပေါင်းကာ သွေးဝိညာဥ်မျိုးနွယ်စုကို တိုက်ခိုက်ခဲ့သည်။
အဆုံးသတ်တွင် ယဲ့မိသားစုမှ အင်အားကြီးမားသော ကျင့်ကြံသူများစွာ ကျရှုံးခဲ့ပြီး ထိုအထဲတွင် အင်ပါယာယဲ့ပင် ပါဝင်သွားခဲ့သည်။
နိဗ္ဗာန်မြို့တော်၏ ဘိုးဘေး နိဗ္ဗာန်ဓားဧကရာဇ်သည် ထိုတိုက်ပွဲမှ အသက်ရှင်ကျန်ရစ်ခဲ့သည့် ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။
သူက ယဲ့မိသားစုမှ တပည့် အနည်းငယ်နှင့်အတူ နိဗ္ဗာန်မြို့တော်ကို တည်ထောင်ခဲ့သည်။
ဤနောက်ပိုင်းတွင် နိဗ္ဗာန်မြို့တော်သည် သွေးဝိညာဥ်မျိုးနွယ်စု၏ အဆက်အနွှယ်များကို အဆက်မပြတ် တိုက်ခိုက်ရှင်းလင်းခဲ့ပြီး ရွှယ်လင်တိုက်ဆီသို့ ပြန်သွားနိုင်မည့် နည်းလမ်းကို အမြဲတစေ ရှာဖွေနေခဲ့သည်။
"အရှင်မင်းသား.. ကျွန်တော်မျိုးက နှစ်ပေါင်းရာချီကြာအောင် နိဗ္ဗာန်မြို့တော်မှာ နေထိုင်ခဲ့ပြီး ကျွန်တော်တို့ ဘိုးဘေးတွေရဲ့အမွေအနှစ်ကို ထိန်းသိမ်းခဲ့တယ်. အခုအချိန်မှာ ရွှယ်လင်တိုက်ဆီကို မပြန်နိုင်သေးပေမဲ့လည်း အရှင်မင်းသားနဲ့တော့ တွေ့ခွင့်ရခဲ့ပြီ.. အရှင်မင်းသား ကျေးဇူးပြုပြီး နိဗ္ဗာန်မြို့တော်ရဲ့ သခင်အဖြစ် လက်ခံပေးပါ.. ကျွန်တော်မျိုးနဲ့ နိဗ္ဗာန်မြို့တော်တစ်မြို့လုံးက အရှင်မင်းသားရဲ့ ဦးဆောင်မှုနောက်ကို လိုက်ပါ့မယ်.. အရှင်မင်းသားရဲ့ ဦးဆောင်မှုအောက်ကနေ ကျွန်တော်တို့တွေ ကျိုးယိုကို သတ်ပြီး ရွှယ်လင်တိုက်ဆီကိုသွားမဲ့လမ်းကြောင်းကို ဖွင့်လှစ်ကြမယ်"
ယဲ့ချန်ကျွင်းက ဆိတ်ငြိမ်မြို့တော်၏ အကြောင်းကို ရှင်းပြပြီးနောက်တွင် ကျန်းချန်ကို စိတ်ရင်းထဲကအတိုင်း ထုတ်ပြောလိုက်သည်။
"ယဲ့ချန်ကျွင်း.. နိဗ္ဗာန်မြို့တော်ကို မင်းပဲ ဆက်လက် ဦးဆောင်ပါ.. ဒါပေမဲ့ နောက်သုံးလကြာရင် ကျုံးကျိုးကုန်းမြေမှာ လူသားဧကရာဇ်ခန်းမကို ငါတရားဝင် တည်ထောင်တော့မယ်.. မင်းအနေနဲ့ ဆန္ဒရှိရင် ငါ့ရဲ့ လူသားဧကရာဇ်နန်းတော်လက်အောက်ထဲကို ဝင်ရောက်လို့ရပါတယ်"
ထိုစကားကိုပြောနေရင်း ကျန်းချန်၏ မျက်လုံးများသည် တောက်ပလာခဲ့သည်။
နိဗ္ဗာန်မြို့တော်၏ အင်အားသည် အမှန်တကယ်ပင် နက်ရှိုင်းလှ၏။
နိဗ္ဗာန်မြို့တော်သာ လူသားဧကရာဇ် နန်းတော်ထဲတွင် ပါဝင်လာမည် ဆိုလျှင် လူသားဧကရာဇ် နန်းတော်သည် မြို့တော်ငါးခုနှင့် ယှဥ်ပြိုင်နိုင်သော အင်အားကို ချက်ချင်းပင် ပိုင်ဆိုင်သွားလိမ့်မည် ဖြစ်သည်။
လျှို့ဝှက်နယ်မြေ ရှစ်ခုနှင့် နှိုင်းယှဥ်လျှင်ပင် များစွာ မနိမ့်ကျနိုင်တော့ပေ။
"အရှင်မင်းသားက နန်းတော်တည်ထောင်မယ်ဆို ချန်ကျွင်းက အစွမ်းကုန် ကူညီပါမယ်"
ယဲ့ချန်ကျွင်းက လေးနက်စွာ ပြောလိုက်သည်။
"နောက်သုံးလကြာရင် ကျွန်တော်မျိုးက လူသားဧကရာဇ်နန်းတော်ဆီမှာ လာရောက် ပူးပေါင်းပါ့မယ်"
နိဗ္ဗာန်မြို့တော်သည် ရွှယ်လင်တိုက်ဆီသို့ ပြန်သွားနိုင်မည့်နည်းလမ်းကို အမြဲတစေ ရှာဖွေနေခဲ့သည်။
နှစ်ပေါင်း ထောင်ချီကြာသည်အထိ နိဗ္ဗာန်မြို့တော်သည် ဤအခွင့်အရေးတစ်ခု အတွက်သာ ဆက်လက်တည်ရှိခဲ့၏။
ယခုအခါတွင် ယဲ့ချန်ကျွင်းသည် လူသားဧကရာဇ်၏ သားတော်ကို ရှာတွေ့ခဲ့ပြီ ဖြစ်၏။
သို့ဖြစ်ရာ သူ့အနေဖြင့် ဤအခွင့်အရေးကို မည်ကဲ့သို့ လွဲချော်အောင် လုပ်နိုင်ပါမည်နည်း။
"ဒါနဲ့ ငါ့ဆရာ ရှောင်တုလီ အကြောင်းကို ဆွေးနွေးရအောင်.. မင်းတို့ နိဗ္ဗာန်မြို့တော်က ထုတ်ပြန်တဲ့ ဖမ်းဆီးမိန့်က မြို့တော်ငါးခုရဲ့ ပယောဂ မကင်းဘူးလို့ ငါထင်တယ်"
"အရှင်မင်းသား ခန့်မှန်းတာ မှန်ပါတယ်.. မကြာသေးခင်ကပဲ ရှန်းဖုန်းမြို့တော်က သံတမန်တစ်ဦးကို စေလွှတ်ပြီး နှလုံးလောင်ကျွမ်း ဓားအင်ပါယာ ရှောင်တုလီက ဆိတ်ငြိမ်နယ်မြေထဲကို တိတ်တဆိတ် ဝင်ရောက်ခဲ့တယ်လို့ ကျွန်တော့်ဆီသတင်းပို့ခိုင်းခဲ့တယ်.. ဒါ့အပြင် အရှင်မင်းသားရဲ့ ဆရာဆီမှာ အင်ပါယာနယ်ပယ်ကို ထိုးဖောက်နိုင်တဲ့ လျှို့ဝှက်ချက်ရှိနေတယ်လို့လည်း ပြောပြခဲ့တယ်.. သူတို့က အရှင်မင်းသားရဲ့ဆရာကို ဖမ်းမိရင် လျှို့ဝှက်ချက်ကို ကျွန်တော်မျိုးတို့နဲ့ မျှဝေမယ်လို့ ကတိပေးခဲ့တယ်.. အရှင်မင်းသားရဲ့ ဆရာကလည်း ကျွန်တော်မျိုးတို့ ဘိုးဘေးတွေ ချမှတ်ထားတဲ့ စည်းမျဥ်းတွေကို ချိုးဖောက်ပြီး ဆိတ်ငြိမ်နယ်မြေထဲကို ဝင်သွားခဲ့တာဆိုတော့ ကျွန်တော်လည်း သူတို့ တောင်းဆိုတာကို သဘောတူလိုက်တယ်.. အရှင်မင်းသား.. နှလုံးလောင်ကျွမ်းဓားအင်ပါယာရှောင်တုလီက အရှင်မင်းသားရဲ့ ဆရာမှန်း ဒီအစေခံ မသိခဲ့လို့ပါ.. သိခဲ့ရင် မြို့တော်ငါးခုက ဘယ်လိုပဲညှိနှိုင်းပါစေ.. ဒီအစေခံက သဘောတူမှာ မဟုတ်ပါဘူး"
ယဲ့ချန်ကျွင်းက ကျန်းချန်ကို တောင်းပန်သည့် အမူအရာဖြင့် ပြောလိုက်သည်။
"ငါနားလည်ပါတယ်"
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံး၍ ပြောလိုက်သည်။
"တကယ်တော့ ဒီလျှို့ဝှက်ချက်ကို ပိုင်ဆိုင်ထားတဲ့သူက ငါပါ.. မြို့တော်ငါးခု ငါ့ဆရာကို ဖမ်းဆီးချင်တာက ငါ့ကို အကျပ်ကိုင်ဖို့ အတွက်ပါပဲ"
"မြို့တော်ငါးခုရဲ့လူတွေက ဒီလောက်တောင် အတင့်ရဲတယ်လား.. အရှင်မင်းသားကိုတောင် အကျပ်ကိုင်ဖို့ ကြိုးစားရဲတယ်"
ယဲ့ချန်ကျွင်းက ချက်ချင်းပင် ဒေါသထွက်သွားခဲ့သည်။
"အရှင်မင်းသား ကျွန်တော်မျိုးကို ချက်ချင်းအမိန့်သာပေးလိုက်ပါ.. ကျွန်တော့်ရဲ့လူတွေကို ဦးဆောင်ပြီး မြို့တော်ငါးခုကို အမြစ်ကနေ လှန်ပစ်မယ်"
"ဒီလောက်ထိ မလိုသေးပါဘူး"
ကျန်းချန်၏ မျက်လုံးများပင် အေးစက်သော အလင်းတန်းတစ်ခု လင်းလက်သွားခဲ့သည်။
"ပြောရရင် မြို့တော်ငါးခုက ရှန်းဝူတိုက်ကြီးမှာ နှစ်ပေါင်းထောင်ချီကြာအောင် တည်တံ့ခဲ့တဲ့ ကြယ်လေးပွင့် သူတော်စင်နယ်မြေတွေပဲ.. မလိုအပ်ဘဲ ငါသူတို့နဲ့ မတိုက်ခိုက်ချင်ဘူး.. ဒါပေမဲ့ သူတို့က ငါ့ကို လာထိရဲရင်တော့ ငါသူတို့ နောင်တရသွားစေတဲ့အထိ အပြစ်ပေးမယ်.. ဒါနဲ့ ချန်ကျွင်း.. မင်းမှာ ငါ့ဆရာ ရှောင်တုလီရဲ့ သဲလွန်စရှိလား"
"သိပ်မသေချာတဲ့ သတင်းတစ်ခုတော့ ရှိတယ်"
ယဲ့ချန်ကျွင်းက ခဏမျှ စဥ်းစားဟန်ပြုပြီးမှ ပြောလိုက်သည်။
"လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဆိတ်ငြိမ်နယ်မြေရဲ့ တစ်နေရာမှာ လျှို့ဝှက်ဆန်းကြယ်တဲ့ ကျင့်ကြံသူ တစ်ဦးက သတ္တမအဆင့် သားရဲဘုရင် တစ်ကောင်ကို ဓားတစ်ချက်တည်းနဲ့ သတ်ဖြတ်ခဲ့တယ်လို့ ပြောကြတယ်.. ဒီလို ခွန်အားမျိုးက နတ်သန္ဓေအင်ပါယာမှသာ လုပ်ဆောင်နိုင်မှာ အသေအချာပဲ.. ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ ကျင့်ကြံသူက အရှင်မင်းသားရဲ့ ဆရာ နှလုံးလောင်ကျွမ်း ဓားအင်ပါယာ ရှောင်တုလီ ဟုတ်မဟုတ်တော့ တပ်အပ် မပြောနိုင်ဘူး"
ထိုစကားကို ကြားလျှင် ကျန်းချန်က အလွန်ပင် စိတ်လှုပ်ရှားသွားခဲ့သည်။
"အရှင်မင်းသား ကျွန်တော်ခန့်မှန်းချက် မမှားဘူးဆိုရင် အရှင်မင်းသားရဲ့ ဆရာက အသက်(၁၀၀)အောက်ပဲ ရှိဦးမယ်ထင်တယ်"
"မင်းပြောတာအမှန်ပါပဲ"
ကျန်းချန်က အနည်းငယ် ထိတ်လန့်သွားခဲ့သည်။
သူက ရှောင်တုလီကို ရှန်းဝူတိုက်၏ ပြိုင်ဘက်ကင်း ပါရမီရှင်များထဲမှ တစ်ဦးအဖြစ် အလွန်အမင်း လေးစားခဲ့သည်။
စတင်ကျင့်ကြံချိန်မှစ၍ ယခုအချိန်ထိ ဆိုလျှင် သူ့ဆရာ၏ အသက်သည် (၁၀၀)အောက်သာ ရှိမည်မှာ သဘာဝကျပေသည်။
"အရှင်မင်းသား. လျှို့ဝှက်ဆန်းကြယ် ကျင့်ကြံသူ ထွက်ပေါ်လာတဲ့နေရာက ဆိတ်ငြိမ်တောင်တန်းက အထူးနယ်မြေ နားမှာပဲ"
ယဲ့ချန်ကျွင်းက လေးနက်စွာ ပြောလိုက်သည်။
"သူက တကယ်ပဲ အရှင်မင်းသားရဲ့ ဆရာဆိုရင် အဲဒီနေရာကိုသွားမှာ အသေအချာပဲ"
"အဲဒါ ဘယ်နေရာလဲ"
ကျန်းချန်က အံ့အားသင့်စွာ မေးခွန်းထုတ်လိုက်သည်။
ယဲ့ချန်ကျွင်းက တစ်လုံးချင်းစီ ပြောလိုက်၏။
"အဲဒီနေရာကို ရှေးဟောင်းအင်ပါယာရဲ့ သန္ဓေပြောင်းသင်္ချိုင်းဂူလို့ ခေါ်တယ်"
အခန်း(၁၂၇၄)ပြီး၏။
အခန်း(၁၂၇၅)
ကျန်းချန်က ရုတ်တရက် တုန်လှုပ်သွားခဲ့သည်။
နာမည်ကို ကြားလိုက်ရုံဖြင့်ပင် ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူသည် သာမန်နေရာ တစ်ခုမဟုတ်မှန်း သူ သဘောပေါက်လိုက်သည်။
ယဲ့ချန်ကျွင်းက ကျန်းချန်ကို ဖြည်းဖြည်းချင်း ရှင်းပြလိုက်၏။
"ဆိတ်ငြိမ်တောင်တန်းရဲ့ အနက်ရှိုင်းဆုံးနေရာမှာ လွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာက အင်အားကြီးမားတဲ့ ကြယ်ငါးပွင့်အဆင့် အင်အားစုတစ်ခု ရှိခဲ့တယ်. နောက်ပိုင်းမှာတော့ ကြယ်ငါးပွင့်အင်အားစုရဲ့ အင်ပါယာနဲ့ နောက်လိုက်နောက်ပါတွေက ကြောက်မက်ဖွယ်ကောင်းတဲ့ ရန်သူတွေကြောင့် ကျဆုံးသွားခဲ့ကြတယ်.. နောက်ပိုင်းမှာ ကြယ်ငါးပွင့် အင်အားစုဂိုဏ်း တည်ရှိတဲ့နေရာက ပြောင်းလဲမှုများစွာ ဖြစ်ပေါ်လာခဲ့ပြီး ထူးခြားတဲ့နေရာတစ်ခု ဖြစ်လာခဲ့တယ်.. အဲဒီနေရာကို လူတွေက ရှေးဟောင်းအင်ပါယာရဲ့သန္ဓေပြောင်းသင်္ချိုင်းဂူလို့ ခေါ်ဆိုကြတယ်"
"အဲဒီနေရာမှာ ဘယ်လိုထူးခြားမှုတွေရှိလဲ"
ကျန်းချန်၏ စိတ်ထဲတွင် စူးစမ်းလိုစိတ်က ပြင်းပြလာခဲ့သည်။
ကြယ်ငါးပွင့်အဆင့်ရှိ ရှေးဟောင်းဂိုဏ်းတစ်ခု၏ အမွေအနှစ်နေရာသည် မည်ကဲ့သို့ ပြောင်းလဲသွားသည်ကို သူအလွန်သိချင်နေမိသည်။
နိဗ္ဗာန်မြို့တော်၏ သခင်ဖြစ်သည့် ယဲ့ချန်ကျွင်းပင် အလေးအနက်ထား၍ ပြောဆိုနေပုံထောက်လျှင် ထိုနေရာက အတော်လေး ထူးဆန်းနေသည်မှာ သေချာသည်။
ယဲ့ချန်ကျွင်းက ကျန်းချန်ကို ဆက်လက်ရှင်းပြလိုက်သည်။
"လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာက ကျဆုံးခဲ့ကြတဲ့ ကြယ်ငါးပွင့်အင်အားစု ရှေးဟောင်းဂိုဏ်းကြီးရဲ့ တပည့်တွေ အားလုံးက အဲဒီနေရာမှာ စွမ်းအင်ခန္ဓာကိုယ်ပုံစံနဲ့ အသက် ပြန်လည်ရှင်သန်လာကြတယ် ဒီထက်ပိုပြီး မယုံကြည်နိုင်စရာကောင်းတာက ကျင့်ကြံသူတွေ အနေနဲ့ အဲဒီနေရာကို ဝင်ရောက်ပြီး စွမ်းအင်ခန္ဓာကိုယ်တွေကို သတ်ဖြတ်လိုက်တဲ့အခါ သူတို့ဆီကနေ စွမ်းအင်အဆီအနှစ် ခရစ်စတယ်တစ်ခုကို ရရှိနိုင်တာပဲ.. အဲဒီခရစ်စတယ်တွေက ကျင့်ကြံခြင်းအဆင့်ကို တိုက်ရိုက်မြှင့်တင်ပေးနိုင်တယ်.. ကျင့်ကြံခြင်းအဆင့်ကို အလွယ်တကူတိုးတက်ချင်တယ်ဆိုရင်.. ဒီခရစ်စတယ်တွေက ဘယ်လိုဆေးဝါးထက် မဆို ပိုပြီး အသုံးဝင်တယ်"
ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်း သင်္ချိုင်းဂူ နှင့်ပတ်သက်၍ နိဗ္ဗာန်မြို့သခင် ယဲ့ချန်ကျွင်းပင် ပဟေဠိ ဖြစ်နေသည်မှာ ထင်ရှားနေသည်။
"ဒီရှေးဟောင်းအင်ပါယာရဲ့ သန္ဓေပြောင်း သင်္ချိုင်းဂူက တကယ်ကို စိတ်ဝင်စားစရာကောင်းတဲ့ နေရာပဲ"
ယဲ့ချန်ကျွင်း၏ စကားကိုကြားလျှင် ကျန်းချန်၏ မျက်လုံးထဲတွင် အံ့အားသင့်သော အရိပ်အယောင် တစ်ခု ပေါ်လာခဲ့သည်။
လွန်ခဲ့သော နှစ်ပေါင်းထောင်ချီလောက်က သေဆုံးသွားခဲ့သည့် ကြယ်ငါးပွင့်အဆင့် ရှေးဟောင်းဂိုဏ်းရှိ တပည့်များသည် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအင်ခန္ဓာကိုယ်ပုံစံဖြင့် အသက်ပြန်လည် ရှင်သန်လာကြသည် ဆိုသည်မှာ မယုံနိုင်စရာကောင်းသော ပြောင်းလဲမှု တစ်ခုပင် ဖြစ်၏။
ဤအချိန်တွင် ကျန်းချန်သည် ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်း သင်္ချိုင်းဂူအပေါ် ပို၍ စိတ်ဝင်စားလာခဲ့သည်။
ထိုနေရာသို့ သူ့ဆရာ ရှောင်တုလီ မသွားခဲ့လျှင်ပင် သူ့အနေဖြင့် ဆိတ်ငြိမ်နယ်မြေထဲကို ရောက်ရှိလာခဲ့ပြီ ဖြစ်ရာ ထိုနေရာသို့ မသွားစရာ အကြောင်း မရှိပေ။
ထိုသို့ တွေးမိလိုက်သည်နှင့် ယဲ့ချန်ကျွင်းကို ရုတ်တရက် မေးလိုက်သည်။
"ဒါနဲ့ ရှေးဟောင်းအင်ပါယာရဲ့သန္ဓေပြောင်းသင်္ချိုင်းဂူထဲကို ဝင်ဖို့ အသက် ကန့်သတ်ချက်ရှိသေးလား"
"ရှိတယ် အရှင်မင်းသား.. အဲဒီနေရာကို အင်အားကြီးမားတဲ့အစီအရင်တစ်ခုနဲ့ လွှမ်းခြုံထားပြီး အသက်(၁၀၀)အောက်မှာ ရှိတဲ့ ကျင့်ကြံသူတွေပဲ ဝင်လို့ရတယ်"
ယဲ့ချန်ကျွင်းက လေးနက်စွာ ပြောလိုက်သည်။
"မကြာသေးခင် နှစ်တွေအတွင်းမှာ ရှန်းဝူတိုက်မှာ ကျင့်ကြံသူအများအပြားက ရှေးဟောင်းအင်ပါယာရဲ့ သန္ဓေပြောင်းသင်္ချိုင်းဂူထဲကို ဝင်ရောက်ခဲ့ကြတယ်.. ရှေးဟောင်းအင်ပါယာရဲ့ သန္ဓေပြောင်းသင်္ချိုင်းဂူက အလွန်အမင်း အန္တရာယ်များပေမဲ့လည်း ကျင့်ကြံသူတွေ အတွက်တော့ ရတနာသိုက်တစ်ခုပဲ.. ရှေးဟောင်းအင်ပါယာရဲ့ သန္ဓေပြောင်း သင်္ချိုင်းဂူထဲမှာ အခွင့်အလမ်းတွေ ရရှိခဲ့ရင် ဘယ်သူမဆို ကျင့်ကြံခြင်းအဆင့် ခုန်ပေါက် တိုးတက်သွားနိုင်တယ်.. နှစ်ပေါင်းထောင်ချီသမိုင်းအတွင်းမှာ ရှေးဟောင်းအင်ပါယာရဲ့ သန္ဓေပြောင်းသင်္ချိုင်းဂူထဲကို ဝင်ရောက်ခဲ့ပြီး အထွတ်အထိပ်အဆင့်ကို ရောက်ရှိသွားတဲ့ ကျင့်ကြံသူတွေ အများအပြားရှိခဲ့တယ်.. အဖြစ်အပျက်တစ်ခုကို ပြောပြရရင် သာမန်ပါရမီလောက်ပဲရှိတဲ့ လူငယ်တစ်ဦးက သိုင်းသခင်နယ်ပယ် ပထမအဆင့် ကျင့်ကြံခြင်းနဲ့ ရှေးဟောင်းအင်ပါယာရဲ့ သန္ဓေပြောင်းသင်္ချိုင်းဂူထဲကို ဝင်ရောက်ခဲ့တယ်.. သူဝင်ရောက်သွားပြီး အဲဒီထဲမှာ သုံးနှစ်ကြာနေထိုင်ခဲ့တယ်.. သုံးနှစ်ကြာပြီးတဲ့နောက်မှာ ဒီလူငယ်လေးက ရှေးဟောင်းအင်ပါယာရဲ့ သန္ဓေပြောင်းသင်္ချိုင်းဂူထဲကနေ အသက်ရှင်လျက် ထွက်လာနိုင်ခဲ့ပြီး ရှန်းဝူတိုက်ကြီးရဲ့ နာမည်ကျော် နတ်သန္ဓေအင်ပါယာ တစ်ပါး ဖြစ်လာခဲ့တယ်.. ဒါကြောင့်ပဲ ရှေးဟောင်းအင်ပါယာရဲ့ သန္ဓေပြောင်း သင်္ချိုင်းဂူက အလွန်အမင်း အန္တရာယ်များတယ် ဆိုတာ သိပေမဲ့လည်း ကျင့်ကြံသူတွေက ဒီထဲကို ဝင်ရောက်ဖို့ စိတ်အားထက်သန်နေကြတာပဲ"
ယဲ့ချန်ကျွင်းက စကားဆုံးသည်နှင့် ကျန်းချန်ကို ကြည့်ကာမေးလိုက်သည်။
"အရှင်မင်းသားက ရှေးဟောင်းအင်ပါယာရဲ့သန္ဓေပြောင်းသင်္ချိုင်းဂူကို သွားဖို့ ဆန္ဒရှိနေတာလား"
"ဒီလို စိတ်ဝင်စားစရာကောင်းတဲ့ နေရာကို ငါသွားချင်တာသဘာဝကျပါတယ်"
ကျန်းချန်က ခေါင်းညိတ်၍ ပြုံးကာ ပြန်ဖြေလိုက်သည်။
ယခုအခါတွင် သူ့ဆရာ ရှောင်တုလီနှင့် ဆိတ်ငြိမ်နယ်မြေတွင် ပျောက်ကွယ်သွားသည့် ယွဲ့စစ်ယွင်၏ အမသည် ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူ အတွင်း ဝင်ရောက်ခဲ့ကြသည်မှာ ဖြစ်နိုင်ခြေအများဆုံး ဖြစ်သည်။
သို့ဖြစ်ရာ သူ့အနေဖြင့် ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူကို သွားရောက်ရန် မဖြစ်မနေ လိုအပ်နေပြီမဟုတ်ပါလော။
ထို့ထက်ပို၍ ပြောရလျှင် ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်း သင်္ချိုင်းဂူထဲမှ စွမ်းအင်ခန္ဓာကိုယ်များသည် ယဲ့ချန်ကျွင်း ပြောသကဲ့သို့ မှော်ဆန်စွာဖြင့် သူ၏ ခွန်အားကို မြှင့်တင်နိုင်မည်ဆိုလျှင် သူ့အနေဖြင့် ဤကဲ့သို့ အခွင့်အရေးကို မည်ကဲ့သို့ လက်လွှတ်ခံနိုင်ပါမည်နည်း။
"အရှင်မင်းသား.. အဲဒီကို သွားမယ်ဆိုရင် အတော်လေး သတိထားနိုင်မှ တော်ကာကျမယ်.. ရှေးဟောင်းအင်ပါယာရဲ့ သန္ဓေပြောင်းသင်္ချိုင်းဂူက အခုဆိုရင် အရင်ကထက် ပိုပြီး အန္တရာယ်များလာခဲ့ပြီ.. ရှင်သန်နှုန်းကလည်း ၅၀%ကနေ ၃၀%အထိ တဖြည်းဖြည်း ကျဆင်းလာခဲ့ပြီ"
ထိုစကားကို ပြောပြီးနောက်တွင် ယဲ့ချန်ကျွင်းသည် သူ၏ စကားကို ခဏမျှ ရပ်တန့်လိုက်သည်။
မကြာခင်မှာပင် သူ၏ မျက်လုံးထဲတွင် လေးနက်သောအရိပ်အယောင်တစ်ခု ဖြစ်ပေါ်လာခဲ့ပြီး အံ့သြစရာကောင်းသည့် စကားလုံးအချို့သည် ကျန်းချန်၏ နားထဲသို့ ဝင်ရောက်လာခဲ့သည်။
"နိဗ္ဗာန်မြို့တော်က ဘိုးဘေးတွေရဲ့ ယူဆချက်အရတော့ ရှေးဟောင်းအင်ပါယာရဲ့ သန္ဓေပြောင်းသင်္ချိုင်းဂူ အပြောင်းအလဲက တစ်စုံတစ်ယောက်ရဲ့ လက်ချက် ဖြစ်နိင်ချေ အရမ်းများတယ်.. တစ်ယောက်ယောက်က ရှေးဟောင်းအင်ပါယာရဲ့ သန္ဓေပြောင်းသင်္ချိုင်းဂူမှာ ထိတ်လန့်စရာကောင်းတဲ့ အခြေအနေတစ်ခုကို ဖန်တီးခဲ့တဲ့ပုံပဲ.. ဒီလူရဲ့ရည်ရွယ်ချက် အစစ်အမှန်ကို နိဗ္ဗာန်မြို့တော်ရဲ့ ဘိုးဘေးတွေလည်း မမြင်နိုင်ခဲ့ကြဘူး"
"ရှေးဟောင်းအင်ပါယာရဲ့ သန္ဓေပြောင်း သင်္ချိုင်းဂူ အပြောင်းအလဲက တစ်စုံတစ်ယောက်ရဲ့ လက်ချက် ဖြစ်နိုင်တယ်လား"
ယဲ့ချန်ကျွင်း၏ စကားကိုကြားလျှင် ကျန်းချန်၏ မျက်လုံးထဲတွင် အံ့သြထိတ်လန့်သော အရိပ်အယောင်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
တစ်ယောက်ယောက်က ပျက်စီးသွားသည့် ကြယ်ငါးပွင့်အဆင့် ရှေးဟောင်းဂိုဏ်းကို အမွေအနှစ် နယ်မြေအဖြစ် ပြောင်းလဲကာ ကျဆုံးသွားခဲ့သည့် ဂိုဏ်းဝင်များကို စွမ်းအင်ခန္ဓာကိုယ်ပုံစံ အဖြစ် အသက်ရှင်စေခဲ့သည်။
ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသည့် နည်းလမ်းကို ကျန်းချန် မည်သို့မှ စဥ်းစား၍ မရခဲ့ပေ။
ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူ အပြောင်းအလဲသည် အမှန်တကယ်ပင် တစ်စုံတစ်ယောက်၏ တိတ်တဆိတ် စီစဥ်ထားသည့်အရာ ဆိုလျှင် ၎င်း၏ ရည်ရွယ်ချက်သည် အလွန်တရာ ကြောက်မက်ဖွယ် ကောင်းမည်မှာတော့ သေချာ၏။
"အရှင်မင်းသား.. ကျွန်တော်တို့ နိဗ္ဗာန်မြို့တော်က ရှေးဟောင်းအင်ပါယာရဲ့ သန္ဓေပြောင်းသင်္ချိုင်းဂူနဲ့ ပတ်သက်ပြီး အမြဲတစေ စိုးရိမ်ခဲ့ရတယ်.. လွန်ခဲ့တဲ့ ရာစုနှစ်ပေါင်းများစွာ အတွင်း ရှေးဟောင်းအင်ပါယာရဲ့ သန္ဓေပြောင်း သင်္ချိုင်းဂူကနေ အပြောင်းအလဲ တချို့ကို ခံစားမိခဲ့တယ်.. ဒါက ဘယ်လိုအပြောင်းအလဲ ဆိုတာကိုတော့ ကျွန်တော် မပြောနိုင်ပေမဲ့ ကြီးမားတဲ့ အပြောင်းအလဲတစ်ခု ဆိုတာတော့ ကျွန်တော်ခံစားမိတယ်.. ဒါကြောင့် အရှင်မင်းသား.. အဲဒီနေရာကို ဝင်ရောက်မယ်ဆိုရင် အတော်လေး သတိထားမှ ဖြစ်မယ်"
ယဲ့ချန်ကျွင်းက လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။
ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်လိုက်၏။
သူ့ဆရာ ရှောင်တုလီက သူ့အပေါ်တွင် ကြင်နာခဲ့သူဖြစ်၍ သူ့အနေဖြင့် လက်ပိုက်ကြည့်နေရန် မဖြစ်နိုင်ပေ။
ထို့ကြောင့် ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်း သင်္ချိုင်းဂူကို မဖြစ်မနေ သွားရောက်ရန် ဆုံးဖြတ်လိုက်သည်။
ထပ်ပြီး ယဲ့ချန်ကျွင်းနှင့် ကျန်းချန်တို့သည် ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်း သင်္ချိုင်းဂူနှင့် ပတ်သက်၍ များစွာ ဆွေးနွေး ပြောဆိုခဲ့ကြသည်။
နေ့တစ်ဝက်မျှ ဆွေးနွေးပြီးနောက်တွင် ယဲ့ချန်ကျွင်းသည် နောက်သုံးလအကြာတွင် တည်ထောင်မည့် လူသားဧကရာဇ်နန်းတော်တွင် ပါဝင်မည်ဟု ကတိပေးခဲ့ပြီး နိဗ္ဗာန်မြို့တော်ဆီသို့ ပြန်သွားခဲ့သည်။
ကျန်းချန်ကမူ ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူကို သွားရောက်ရန် စီစဥ်ခဲ့သည်။
ဤတစ်ကြိမ်တွင် ကျန်းချန်သည် တစ်ယောက်တည်းသာ သွားရောက်ရန် စီစဥ်ခဲ့သည်။
ဖုန်းဝူယင်းနှင့် ယွဲ့စစ်ယွင်တို့ကိုမူ ကျန်းချန်က မိစ္ဆာနက်ဌာနချုပ်မှာပင် ထားရှိခဲ့သည်။
ဖုန်းဝူယင်းက အသက်၁၀၀ကျော်ပြီ ဖြစ်၍ သူနှင့်အတူ ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်း သင်္ချိုင်းဂူထဲသို့ ဝင်ရောက်၍ မရပေ။
ယွဲ့စစ်ယွင်က ကျန်းချန်နှင့် အတူ ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်း သင်္ချိုင်းဂူထဲသို့ ဝင်ကာ သူမ၏ အမကို ရှာချင်သော်လည်း သူမ၏ ကျင့်ကြံခြင်းအဆင့်ဖြင့် ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူထဲကို ဝင်ခြင်းသည် အလွန်ပင် အန္တရာယ်များမှန်း သိသည်။
အထူးသဖြင့် ကျန်းချန်သည် ယဲ့ချန်ကျွင်းဆီမှ ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူ လျှို့ဝှက်ချက် တချို့ကို သိရှိပြီးသည့်နောက်တွင် ယွဲ့စစ်ယွင်၏ ဘေးကင်းရေးကို အာမခံရန် မသေချာခဲ့ပေ။
ထို့ကြောင့် ယွဲ့စစ်ယွင်ကို ခေါ်မသွားဘဲ မိစ္ဆာနက်ဌာနချုပ်တွင်သာ နေရစ်ခဲ့ရန် ပြောဆိုခဲ့သည်။
နောက်တစ်နေ့ မနက်စောစောတွင် ကျန်းချန်သည် မိစ္ဆာနက်အဖွဲ့အစည်းကနေ တစ်ကိုယ်တော် ထွက်ခွာလာခဲ့ပြီး ဆိတ်ငြိမ်တောင်တန်း၏ အနက်ရှိင်းဆုံး နေရာသို့ ဦးတည်၍ ခရီးထွက်ခဲ့သည်။
အခန်း(၁၂၇၅)ပြီး၏။