← Chapters

မိစ္ဆာလိုဏ်ဂူ

Vol. 169 Ch. 2525

မိစ္ဆာလိုဏ်ဂူ

Vol. 169 Ch. 2525

ဆူဇီမိုသည် ရှဲ့ချင်းချန်ကို စိတ်ဝိညာဉ်တိမ်စိုင်ချိပ်စည်းရအောင် ကူညီပေးပြီးနောက် သူက ယန်ယန်းအင်မော်တယ်နိုင်ငံမှာ ဆက်မနေတော့ပေ။ ထိုအစား သူက ရှဲ့ချင်းချန်ကို နှုတ်ဆက်ပြီး ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်သို့ ပြန်လည်ရောက်ရှိလာ၏။

ဤတစ်ခေါက် ချိပ်စည်းအတွက်တိုက်ပွဲတွင် ရှဲ့ချင်းချန်က အကြီးမားဆုံး အနိုင်ရရှိသူ ဖြစ်ခဲ့၏။ သို့သော် သူကလည်း အကျိုးအမြတ်များစွာ ရရှိခဲ့လေသည်။

ဆိုးယုတ်ရေကန်အောက်ခြေမှ အခွင့်အလမ်းကြောင့် မဟုတ်လျှင် သူသည် အဆင့်-၇ ကောင်းကင်အင်မော်တယ်တစ်ယောက်ဖြစ်သည်အထိ ကျင့်ကြံဖို့ အနည်းဆုံး နှစ်တစ်ထောင်လောက် အချိန်ယူရပေလိမ့်မည်။

ဒါ့အပြင် သူသည် အနှိုင်းမဲ့သတ်ဖြတ်ခြင်း လျှို့ဝှက်အတတ်၊ ကျားဖြူအလောင်းသိမ်းယူခြင်းကိုလည်း နားလည်ဆင်ခြင်ဖို့ အခွင့်အရေးရခဲ့လိမ့်မည် မဟုတ်ပေ။

ဆိုးယုတ်ရေကန်အောက်မှာ တစ်လကြာကျင့်ကြံခဲ့ပြီးနောက် အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာသည် အလွန်များပြားသည့် ဆိုးယုတ်သွေးချီများကို စုပ်ယူခဲ့ပြီး ကျားဖြူအရိုးထဲရှိ သွေးချီက ကုန်ခန်းသွားခဲ့ပြီဖြစ်သည်။

ကျားဖြူအရိုးသည် ထို့နောက် အရိုးအစအနများအဖြစ် ပြောင်းလဲသွား၏။

ဆူဇီမိုသည် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်သို့ ပြန်လည်ရောက်ရှိလာပြီး နောက်တစ်ဖန် တံခါးပိတ်ကျင့်ကြံဖို့ ပြင်ဆင်လိုက်၏။

အမှားအယွင်းတစ်စုံတစ်ရာ မရှိလျှင် သူသည် ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်တွေ့ဆုံပွဲထိတိုင်အောင် တံခါးပိတ်ကျင့်ကြံပြီး အဆင့်-၈ ကောင်းကင်အင်မော်တယ်တစ်ယောက် ဖြစ်လာရန် ထပ်မံ၍ကြိုးပမ်းဖို့ ပြင်ထားလေသည်။

သူသည် အဆင့်-၈ ကောင်းကင်အင်မော်တယ်တစ်ယောက် ဖြစ်လာသည်အထိ ကျင့်ကြံနိုင်သည်နှင့် သူသည် အစိမ်းရောင်ကြာပန်းမျိုးဆက်သွေးကို အသုံးပြုခြင်း မရှိဘဲနှင့်တောင် ယွင်ထင်ကို အနိုင်ရနိုင်မည်ဟု ယုံကြည်မှုရှိလေသည်။

ဆူဇီမိုသည် သူ၏ လိုဏ်ဂူခန်းဝါသို့ ပြန်လည်ရောက်ရှိလာ၏။

သူက တံခါးပိတ်ကျင့်ကြံခြင်းသို့ ဝင်ရောက်တော့မည့်ဆဲဆဲမှာပင် သူသည် သိုင်းတာအိုပင်မခန္ဓာထံမှ ရုတ်ရုတ်သဲသဲ အခြေအနေတစ်ရပ်ကို အာရုံခံမိလိုက်၏။

မိစ္ဆာမဟာနယ်မြေမှာ….

ထျန်ဟွမ်ဂိုဏ်းသည် မိစ္ဆာမဟာနယ်မြေ၏ အစွန်အဖျားထောင့်တစ်နေရာမှာ တည်ရှိလေသည်။

သို့သော်လည်း ဤနှစ်များမှာ ထျန်ဟွမ်ဂိုဏ်းသည် မိုးကြိုးဧကရာဇ် ကောင်းကင်ဘုံအမျက်ဒေါသနှင့် မိစ္ဆာတပ်မှူးငါးဦး၏ စောင့်ကြည့်မှုအောက်မှာ လျင်မြန်စွာ ကြီးပြင်းလာခဲ့၏။ သူတို့သည် နယ်မြေဒေသများကို သိမ်းပိုက်အုပ်စိုးပြီး တဖြည်းဖြည်း အပြင်ဘက်ကို ချဲ့ထွင်လာကြ၏။

(ဤနေရာတွင် ပြောစရာရှိသည်မှာ မိုးကြိုးဧကရာဇ်ဆိုသည်မှာ အောက်ဘုံလောကမှ ဘွဲ့တစ်ခုသာဖြစ်ပြီး ဧကရာဇ်ပိုရွှင်းတို့လို အထက်ဘုံမှာ ဧကရာဇ်ဘွဲ့ခံယူထားနိုင်သူများနှင့် ခွန်အားချင်းက မိုးနှင့်မြေလို ကွာခြားပါသည်။ အထက်ဘုံမှာ ထျန်ဟွမ်ကုန်းမြေတိုက်မှလာသောလူများကလွဲလျှင် မည်သူကမှ ဖုန့်စန်းထျန်ကို မိုးကြိုးဧကရာဇ်ဟု မခေါ်ကြပါ။ မူရင်းအရေးအသားမှာ မိုးကြိုးဧကရာဇ်နေရာတွင် ဧကရာဇ်ကို အခြားဆင်တူသော စကားလုံးဖြင့် အစားထိုးပြောင်းရေးထားပါသည်။ ကျတော်ကတော့ ယခင်မိုးကြိုးဧကရာဇ်ဟူသော အမည်ကိုသာ ဆက်သုံးသွားပါမည်။)

အဲဒါက အရမ်းမမြန်ဆန်သော်လည်း ဖြည်းဖြည်းမှန်မှန် ကြီးထွားလာနေ၏။

ဒါ့အပြင် မိုးကြိုးဧကရာဇ် ကောင်းကင်ဘုံအမျက်ဒေါသနှင့် မိစ္ဆာတပ်မှူးငါးဦးသည် မိစ္ဆာမဟာနယ်မြေမှာ အတော်လေး နာမည်ရလာကြပြီဖြစ်သည်။

တကယ်တော့ ထျန်ဟွမ်ဂိုဏ်းအကြောင်း ပြောဆိုချိန်မှာ လူတိုင်းသည် ထျန်ဟွမ်ဂိုဏ်း၏ ဂိုဏ်းချုပ် အထီးကျန်သိုင်းသခင်ကို ပထမဆုံးတွေးမိကြလေသည်။

အထီးကျန်သိုင်းသခင်သည် ဤနှစ်များအားလုံးမှာ ပေါ်ထွက်မလာခဲ့သော်လည်း ဗဟိုချက်ဒေသမှ တိုက်ပွဲသည် မိစ္ဆာမဟာနယ်မြေတစ်ခုလုံးမှာ ပျံ့နှံ့သွားခဲ့ပြီး ကျောက်စိမ်းမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေမှ တိုက်ပွဲကလည်း ကောင်းကင်ဘုံကမ္ဘာတစ်ခုလုံးကို တုန်လှုပ်စေခဲ့သည်။

ထိုတိုက်ပွဲကြောင့် ကျင့်ကြံသူမြောက်များစွာက ထျန်ဟွမ်ဂိုဏ်းသို့ တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်လာကြ၏။

ဤနေ့မှာ တံခါးပိတ်ကျင့်ကြံနေသော သိုင်းတာအိုပင်မခန္ဓာသည် ရုတ်တရက် အတွေးတစ်ခု ရရှိသွားပြီး သူ၏ သိုလှောင်အိတ်ထဲကနေ တစ်ပိုင်းတစ်ပြတ် အနက်ရောင်ကားချပ်တစ်ခုကို ထုတ်ယူလိုက်၏။

တစ်ပိုင်းတစ်ပြတ် အနက်ရောင်ကားချပ်သည် အလွန်တရာ ရှေးကျသည့်ပုံပေါ်ပြီး အဲဒါကို စက္ကူတစ်ရွက်ကဲ့သို့ ပါးလွှာသော ထူးခြားသည့်ပစ္စည်းတစ်ခုဖြင့် ပြုလုပ်ထားသည်။

သိုင်းတာအိုပင်မခန္ဓာသည် အဲဒါကို အရင်က ကြိုးစားကြည့်ခဲ့ဖူး၏။ သူ၏ လက်ရှိကျင့်ကြံမှုအရ သူသည် သူ၏ ခွန်အားအပြည့်အဝကို ထုတ်ဖော်မည်ဆိုလျှင်တောင် တစ်ပိုင်းတစ်ပြတ် အနက်ရောင်ကားချပ်ကို ဆုတ်ဖြဲနိုင်ခြင်းမရှိပေ။

သိုင်းတာအိုပင်မခန္ဓာသည် မိစ္ဆာမဟာနယ်မြေသို့ တက်လှမ်းလာပြီးနောက် မကြာခင်မှာ သူသည် သွေးနီရောင်တောင်ကြားကို ဖျက်ဆီးချေမှုန်းခဲ့သည်။ ဤအရာကို သူသည် သွေးနီရောင်တောင်ကြားသခင်ထံကနေ ရရှိလာခဲ့ခြင်းဖြစ်၏။

သွေးနီရောင်တောင်ကြားသခင်၏ ကျင့်ကြံမှုနယ်ပယ်သည် အလွန်တရာ လျင်မြန်စွာဖြင့် ခုန်ပေါက်၍ မြင့်တက်လာခဲ့၏။ အရင်းခံအကြောင်းက ဤတစ်ပိုင်းတစ်ပြတ် အနက်ရောင်ကားချပ်ပင် ဖြစ်လေသည်။

သိုင်းတာအိုပင်မခန္ဓာသည် တစ်ပိုင်းတစ်ပြတ် အနက်ရောင်ကားချပ်ကို ပထမဆုံးအကြိမ် ရရှိခဲ့စဉ်က အဲဒါသည် လှံတစ်လက်နှင့် ဆင်တူသော လက်နက်တစ်ခုကို ကိုင်စွဲထားသည့် ခေါင်းပြတ်ပုံရိပ်တစ်ခုကို ပုံဖော်ရေးဆွဲထား၏။

ထိုအချိန်တုန်းက သူသည် တစ်ချက်မျှသာ ကြည့်ပြီးနောက် သူ၏ အကြည့်က ဝေဝါးသွားကာ သူ၏ စိတ်ကို တစ်ပိုင်းတစ်ပြတ် အနက်ရောင်ကားချပ်ထဲရှိ ပုံရိပ်က အထဲကို ဆွဲငင်သွင်းလိုက်သည်ဟု ခံစားခဲ့ရ၏။

တစ်ပိုင်းတစ်ပြတ် ကားချပ်ပေါ်ရှိ အရေးအကြောင်း တစ်ခုချင်းစီတိုင်းသည် မရေမတွက်နိုင်သော ရှေးဟောင်းမှော်စာလုံးများအဖြစ်​ ပြောင်းလဲသွားပုံရပြီး သူ၏ အသိစိတ်ထဲသို့ တလိပ်လိပ်တိုးဝင်လာခဲ့၏။

ထို့နောက် ချက်ချင်းပင် သတ်လိုဖြတ်လိုသော ရုန့်ရင်းကြမ်းတမ်းသည့် စိတ်ခံစားချက်များက သူ၏ ရင်ထဲမှာ လှိုက်တက်လာခဲ့၏။

တစ်ချိန်တည်းမှာပင် ကောင်းကင်နှင့်မြေကြီးအမြုတေချီ အဆုံးမဲ့စီးကြောင်းတစ်ခုက သူ၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာပြီး သူက စဉ်းစားကြည့်၍မရနိုင်သော အလျင်အဟုန်ဖြင့် အဲဒါကို စုပ်ယူသန့်စင်နိုင်ခဲ့၏။

သူ၏ အသားအရေပေါ်မှာ ထူးဆန်းသော အနက်ရောင်အင်းကွက်များက လျှို့ဝှက်ဆန်းကြယ်သည့်ပုံစံဖြင့် ပေါ်ထွက်လာခဲ့၏။

သိုင်းတာအိုပင်မခန္ဓာ၏ တာအိုနှလုံးသားသည် ဖျက်ဆီး၍မရနိုင်ဘဲ ယိမ်းယိုင်မှုမရှိပေ။

ထိုစိတ်ခံစားချက်က သူ့အပေါ် များစွာသက်ရောက်နိုင်ခဲ့ခြင်း မရှိပေ။

သူက သူ၏ စိတ်ကို အလျင်အမြန်လျှော့ချခဲ့၏။ သို့သော်လည်း သူ၏ ခန္ဓာကိုယ်ပေါ်ရှိ အနက်ရောင်အင်းကွက်များက ချက်ချင်းပျက်ပြယ်မသွားခဲ့ပေ။

ထိုစွမ်းအားသည် အမြစ်တွယ်ချင်သည့်အလား သူ၏ ခန္ဓာကိုယ်ပေါ်မှာ ကပ်ငြိနေခဲ့၏။ သို့သော်လည်း သူသည် သိုင်းတာအိုမီးဖိုကို ဆင့်ခေါ်ပြီးနောက် အဲဒါကို သူ၏ သွေးချီက သန့်စင်ကာ ပျောက်ကွယ်သွားစေခဲ့၏။

ထို့နောက် သိုင်းတာအိုပင်မခန္ဓာသည် တစ်ပိုင်းတစ်ပြတ် အနက်ရောင်ကားချပ်ကို ထပ်မံ၍ မကြည့်ရှုတော့ပေ။

သို့သော် ယခု သူသည် တစ်ပိုင်းတစ်ပြတ် အနက်ရောင်ကားချပ်ထံမှ တုံ့ပြန်မှုတစ်ခုကို ရုတ်တရက်ခံစားမိလိုက်၏။

သူက တစ်ပိုင်းတစ်ပြတ်ကားချပ်ကို ထုတ်ယူပြီး တစ်ချက်ကြည့်လိုက်သောအခါ မျက်မှောင်ကြုတ်မိသွားလေသည်။

တစ်ပိုင်းတစ်ပြတ် အနက်ရောင်ကားချပ်ပေါ်ရှိ မြင့်မားသော ပုံရိပ်က ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။

ထိုနေရာမှာ မြေပုံတစ်ချပ်နှင့် ဆင်တူသော ကွေ့ကွေ့ကောက်ကောက် လမ်းကြောင်းများက ပေါ်ထွက်လာ၏။

ထိုမျှသာမက တစ်ပိုင်းတစ်ပြတ် အနက်ရောင်ကားချပ်ထဲမှာ သတ်မှတ်ထားသော နေရာတစ်ခုကို လမ်းညွှန်ပေးချင်နေပုံရသော နောက်ထပ်စွမ်းအားတစ်ခု ရှိနေ၏။

“စိတ်ဝင်စားစရာပဲ”

သိုင်းတာအိုပင်မခန္ဓာက ညင်သာစွာ ရေရွတ်ပြီး မတ်တတ်ထရပ်လိုက်၏။

ဤနှစ်များအားလုံးမှာ တံခါးပိတ်ကျင့်ကြံပြီးနောက် သူ၏ အစစ်အမှန်သိုင်းတာအိုခန္ဓာသည် အဆင့်မြင့်ကျွမ်းကျင်မှုရသည့်အထိ ကျင့်ကြံလာနိုင်ခဲ့ပြီဖြစ်၏။

ယခု အဲဒါနှင့်ပတ်သက်၍ စဉ်းစားတွေးတောပြီးနောက် သူသည် အခွင့်အရေးရတုန်း တစ်ချက်သွားရောက်ကြည့်ရှုဖို့ ဆုံးဖြတ်ချက်ချလိုက်၏။

သိုင်းတာအိုပင်မခန္ဓာသည် သူ၏ နေရာကနေ ထွက်ခွာလာပြီး ကောင်းကင်ဘုံဝံပုလွေက မလှမ်းမကမ်းမှာ ခြေပစ်လက်ပစ်လှဲနေ၏။ သူက အသံတချို့ကို ကြားရသောအခါ သူ၏ မျက်လုံးနှစ်ဖက်ကို ဖွင့်ပြီး တုန်ယင်စွာဖြင့် မတ်တတ်ထရပ်လိုက်၏။

“ခင်ဗျား အပြင်ကို ထွက်မလို့လား”

ကောင်းကင်ဘုံဝံပုလွေက အားတက်သရောဖြစ်သွားပြီး စိတ်လှုပ်ရှားစွာ မေးလိုက်၏။

မိစ္ဆာမဟာနယ်မြေမှာ အထီးကျန်သိုင်းသခင်၏ လက်ရှိနာမည်ဂုဏ်သတင်းအရ သူသည် ထိုသူနှင့် လမ်းလျှောက်ထွက်ရမည်ကို ဂုဏ်ယူဝံ့ကြွားမိလေသည်။

“ထျန်ဟွမ်ဂိုဏ်းမှာပဲ နေ”

သိုင်းတာအိုပင်မခန္ဓာက သာမန်ကာလျှံကာပြောပြီး ဖျတ်ခနဲ ပျောက်ကွယ်ကာ ကောင်းကင်ဘုံဝံပုလွေကို ခါးသီးသော အမူအရာတစ်ခုနှင့်အတူ ချန်ထားရစ်ခဲ့၏။

သိုင်းတာအိုပင်မခန္ဓာသည် မိုးကြိုးဧကရာဇ်ကို သတင်းပေးပြီးနောက် ထျန်ဟွမ်ဂိုဏ်းကနေ ထွက်ခွာသွား၏။ တစ်ပိုင်းတစ်ပြတ် အနက်ရောင်ကားချပ်၏ လမ်းညွှန်မှုအရ သူသည် မိစ္ဆာမဟာနယ်မြေ၏ ဗဟိုချက်ဒေသရှိရာဘက်သို့ ထွက်ခွာသွားလေသည်။

ဆယ်ရက်ခန့် ကြာပြီးနောက် သိုင်းတာအိုပင်မခန္ဓာသည် တဖြည်းဖြည်း သူ၏ အရှိန်ကို လျှော့ချလိုက်၏။

ဤနှစ်များအားလုံးမှာ သူသည် လမ်းတစ်လျှောက် ကောလာဟလတချို့ကို ကြားခဲ့ရ၏။

မိစ္ဆာမဟာနယ်မြေ၏ ကောင်းကင်အဆင့်ဂိုဏ်းကြီးများနှင့် အဖွဲ့အစည်းများသည် မိစ္ဆာမဟာနယ်မြေ၏ ပေယင်တောင်ရှိရာသို့ ရွှေ့ပြောင်းဦးတည်နေကြသည်ဟု ဆိုကြလေသည်။ အဲဒါက သူလက်ရှိသွားနေရာလမ်းကြောင်းနှင့် သိပ်မကွာပေ။

ပေယင်တောင်သည် မိစ္ဆာမဟာနယ်မြေတွင် နာမည်အကြီးဆုံးတောင်ဖြစ်နေသည်မှာ ထိုနေရာတွင် ထာဝရသစ်ပင်ဟုခေါ်သော မိစ္ဆာသစ်ပင်က ကြီးထွားပေါက်ရောက်နေသောကြောင့်ဖြစ်သည်။

ထာဝရသစ်ပင်က ဖျက်ဆီး၍မရနိုင်ဘဲ နှစ်ပေါင်းမရေမတွက်နိုင်အောင် တည်ရှိလာခဲ့သည်ဟု ဆိုလေသည်။

သိုင်းတာအိုပင်မခန္ဓာသည် ကပ်ဘေးဖြတ်ကျော်ခြင်းကို ခံယူခဲ့စဉ်က သူသည် မိစ္ဆာမဟာနယ်မြေ၏ ကောင်းကင်အဆင့်အဖွဲ့အစည်းတချို့နှင့် ထိတွေ့ခွင့်ရခဲ့သည်။

ထိုဂိုဏ်းများနှင့် အဖွဲ့အစည်းများအပြင် မိစ္ဆာမဟာနယ်မြေမှာ ပကတိအရှင်သခင် အဆင့်အတန်းတစ်ခုနှင့်အတူ နောက်ထပ်ဂိုဏ်းတစ်ဂိုဏ်းရှိပြီး ထိုဂိုဏ်းကလည်း ကျင့်ကြံသူမြောက်များစွာကို စေလွှတ်ခဲ့၏။

ကောင်းကင်ဘုံတက်လှမ်းခြင်းနန်းတော်….

ထိုအဖွဲ့အစည်း၏ နာမည်ကပင် သူတို့၏ ကြီးမားသော ရည်မှန်းချက်ကို ပြသပေးဖို့ လုံလောက်နေသည်။

၎င်းသည် ကောင်းကင်ဘုံကိုးလွှာ၏ အထက်ကို တက်လှမ်းလိုလေသည်။

မိုးကောင်းကင်တက်လှမ်းခြင်းနန်းတော်သည် မိစ္ဆာမဟာနယ်မြေမှာ အုပ်စိုးနေပြီး အခြားသော အဖွဲ့အစည်းများက သူတို့ကို မယှဉ်နိုင်သည့် အကြောင်းအရင်းမှာ အဓိကအားဖြင့် ကောင်းကင်ဘုံတက်လှမ်းခြင်းနန်းတော်သည် တစ်ခါက ဧကရာဇ်တစ်ပါးကို မွေးထုတ်ပေးခဲ့သောကြောင့်ဖြစ်သည်။

“မင်းကြားပြီးပြီလား… ပေယင်တောင်ခြေမှာ ဧရာမမိစ္ဆာလိုဏ်ဂူတစ်ခု ပေါ်ထွက်လာတယ်… အထဲမှာ မကောင်းဆိုးဝါးဆန်တဲ့ လေပြင်းတွေ တိုက်ခတ်နေပြီး ပကတိမိစ္ဆာတွေတောင်မှ သူတို့ရဲ့ကျင့်ကြံမှုနယ်ပယ်နဲ့ အထဲကို ဝင်ရောက်ဖို့ မဖြစ်နိုင်သလောက်ပဲ”

“ဘာမိစ္ဆာလိုဏ်ဂူလဲ… ပေယင်တောင်ခြေမှာ မိစ္ဆာဧကရာဇ်တစ်ပါးရဲ့ ဂူသင်္ချိုင်းရှိတယ်လို့ ငါကြားဖူးတယ်”

“ဒီမိစ္ဆာဧကရာဇ်ရဲ့ ဂူသင်္ချိုင်းက ပထမဆုံးပေါ်ထွက်လာတာဆိုတော့ ဂိုဏ်းတွေနဲ့ အဖွဲ့အစည်းတွေ အများကြီးကို ဆွဲဆောင်မိသွားပြီ… အထဲမှာ ဘယ်လောက်များပြားတဲ့ အခွင့်အလမ်းတွေ၊ ဓမ္မရတနာတွေနဲ့ လျှို့ဝှက်အတတ်တွေ ရှိနေမလဲ မသိဘူး”

“မိုးကောင်းကင်တက်လှမ်းခြင်းနန်းတော်ရဲ့ မင်းသားကတောင် အင်အားတစ်ရပ်ကို စုဖွဲ့ပြီး အခြေအနေကို စစ်ဆေးဖို့ ရောက်လာတယ်လို့ ငါကြားတယ်”

“ကောင်းကင်ဘုံတက်လှမ်းခြင်းနန်းတော်မှာ သစ္စာဖောက်တစ်ယောက် ပေါ်ထွက်လာတယ်လို့လည်း ပြောကြတယ်… မိုးကောင်းကင်တက်လှမ်းခြင်းနန်းတော်က အဲဒီသစ္စာဖောက်နောက်ကို လိုက်နေရင်းနဲ့ ဒီမိစ္ဆာလိုဏ်ဂူက ပေါ်ထွက်လာတာပဲ”

လမ်းတစ်လျှောက်မှာ သိုင်းတာအိုပင်မခန္ဓာသည် ကောလာဟလများစွာကို ကြားခဲ့ရပြီး သူက ဤကိစ္စကို တဖြည်းဖြည်း အကြမ်းဖျင်း ခန့်မှန်းမိလာနိုင်၏။

သူထင်တာ မမှားဘူးဆိုလျှင် သူ၏ လက်ထဲရှိ တစ်ပိုင်းတစ်ပြတ် အနက်ရောင်ကားချပ်သည် ပေယင်တောင်ခြေမှာ ပေါ်ထွက်လာသော မိစ္ဆာလိုဏ်ဂူနှင့် ပတ်သက်ဆက်စပ်နေပေလိမ့်မည်။

သူသည် ပေယင်တောင်နှင့် ပိုမိုနီးကပ်လာလေလေ ထိုနေရာမှာရှိသော မိစ္ဆာကျင့်ကြံသူများက ပို၍များပြားလာလေဖြစ်ပြီး သူတို့အများစုက ပကတိမိစ္ဆာများဖြစ်လေသည်။

တကယ်တော့ လူအုပ်ကြားထဲကို ဝင်ရော၍ ကံစမ်းလိုသော အတင့်ရဲလွန်းသည့် ကောင်းကင်အင်မော်တယ် အရေအတွက်တချို့ပင် ရှိနေ၏။

သို့သော်လည်း ပကတိမိစ္ဆာများဖြစ်စေ… ကောင်းကင်အင်မော်တယ်များဖြစ်စေ သူတို့သည် ငွေရောင်မျက်နှာဖုံးနှင့် ခရမ်းရောင်ဝတ်အမျိုးသားကို တွေ့မြင်သောအခါ သူတို့က သတိကြီးကြီးထားနေသည့် အမူအရာများ ထွက်ပေါ်လာပြီး လမ်းဖယ်ပေးလိုက်ကြ၏။

မည်သူကမှ သူ့အနားကို မချဉ်းကပ်ရဲကြပေ။

All Chapters