← Chapters

မြေအောက်ရှေးဟောင်းမြို့တော်

Vol. 169 Ch. 2533

မြေအောက်ရှေးဟောင်းမြို့တော်

Vol. 169 Ch. 2533

ပုံမှန်အခြေအနေအောက်မှာဆိုလျှင် ကောင်းကင်လိုဏ်ဂူနယ်ပယ်မှာရှိသော ပညာရှင်များက သေဖို့ခဲယဉ်းလေသည်။

သိုင်းတာအိုပင်မခန္ဓာ၏ အစွမ်းအစအရ သူသည် သူ၏ ဝှက်ဖဲများအားလုံးနှင့် ငရဲဖိနှိမ်မီးဖိုကို အသုံးချမည်ဆိုလျှင်တောင် သူသည် အလွန်ဆုံး အနီးကပ်တိုက်ခိုက်ရည်မှာ မိစ္ဆာဘုရင်တစ်ပါးကို အနိုင်ယူနိုင်ရုံသာ ရှိပေလိမ့်မည်။ သူသည် မိစ္ဆာဘုရင်သုံးဦးကို ဆက်တိုက်သတ်ဖြတ်နိုင်စရာ အကြောင်းမရှိပေ။

သို့သော်လည်း ဤမိစ္ဆာလိုဏ်ဂူ အောက်ဘက်မှာက အတော်လေးထူးဆန်းနေ၏။

သူတို့သည် နတ်ဘုရားစွမ်းအား သို့မဟုတ် လျှို့ဝှက်အတတ်များကို မထုတ်ဖော်နိုင်ရုံသာမက မိစ္ဆာဘုရင်များ၏ ကောင်းကင်လိုဏ်ဂူများကပင် ဖိနှိပ်ခံထားရပြီး အဲဒါကို မထုတ်ဖော်နိုင်ကြပေ။ ရလဒ်အနေဖြင့် မိစ္ဆာဘုရင်သုံးဦး၏ တိုက်ခိုက်ရည်ခွန်အားက ကြီးမားစွာ လျော့ကျသွားပြီး သူတို့သည် သိုင်းတာအိုပင်မခန္ဓာ၏ သတ်ဖြတ်ခြင်းခံလိုက်ရ၏။

မိစ္ဆာဘုရင်သုံးဦးသေဆုံးမှုသည် နေရာတစ်ခုလုံးကို ယာယီအားဖြင့် တိတ်ဆိတ်ငြိမ်သက်သွားစေ၏။

မိစ္ဆာနတ်ဆိုးမဟူရာကောင်းကင်နှင့် အခြားသူများသည် ဤမိစ္ဆာဂူသင်္ချိုင်းထဲမှာ နောက်ထပ်ထူးဆန်းသောအရာများ ရှိနေဦးမလား မသိရဘဲ သူတို့က အရမ်းကာရော မပြုမူရဲကြတော့ပေ။

“ဟိုအပျက်မကို အရင်ဆုံးဖမ်းရအောင်… သူလွတ်သွားလို့ မဖြစ်ဘူး”

လင်းရှန်က လေးနက်သောအသံဖြင့် ပြောလိုက်၏။

မိစ္ဆာဘုရင် သိုဝှက်လေဟာနယ်နှင့် အခြားသော အခြားငါးဦးက လင်းရှန်ကို ကာကွယ်ပေးကာ ရှေ့သို့ဆက်တက်လိုက်ကြ၏။

သိုင်းတာအိုပင်မခန္ဓာက မိစ္ဆာဘုရင်သုံးဦး၏ သိုလှောင်အိတ်များကို ကောက်ယူကာ လိုက်ပါသွား၏။

မိစ္ဆာနတ်ဆိုး မဟူရာကောင်းကင်နှင့် အခြားသော မိစ္ဆာဘုရင်များ၏ အမူအရာများက သုန်မှုန်သွားပြီး သူတို့က အကြည့်ချင်းဖလှယ်ကာ မည်သည့်စကားမှ မဆိုကြပေ။

သို့သော်လည်း လူတိုင်းသည် ဤနေရာသို့ ရောက်ရှိလာခဲ့ပြီဖြစ်ပြီး နောက်သို့ မဆုတ်ခွာနိုင်ကြပေ။

မိစ္ဆာဘုရင် ဆယ်ယောက်ကျော်ကလည်း နောက်ကနေ လိုက်ပါသွားကြ၏။

ဂူသင်္ချိုင်းစင်္ကြံလမ်းထဲမှာ ထူးဆန်းသော အစုအဖွဲ့တစ်ခုက ပေါ်ထွက်လာ၏။

မိုးကောင်းကင်တက်လှမ်းခြင်းနန်းတော်မှ လူခုနစ်ယောက်က ရှေ့ကနေ သွားနေပြီး သိုင်းတာအိုပင်မခန္ဓာက တစ်ယောက်တည်း သူတို့၏ နောက်ကနေ လိုက်ပါသွား၏။

သူတို့၏ နောက်ဘက်မှာ မိစ္ဆာဘုရင် ဆယ်ပါးကျော် ရှိနေ၏။

အဖွဲ့အစည်းသုံးခုက ခိုက်ရန်ဖြစ်ပွားမှု ဆက်လက်၍ မရှိတော့ဘဲ ရှေ့ကိုသာ ဆက်တက်နေကြ၏။

ခဏနေပြီးနောက် သူတို့၏ ရှေ့မှာ ခပ်ဖျော့ဖျော့အလင်းတစ်ခု ပေါ်ထွက်လာပြီး သူတို့က စင်္ကြံလမ်း၏ အဆုံးသို့ ရောက်ရှိလာခဲ့ပြီဖြစ်၏။ မိစ္ဆာဘုရင် သိုဝှက်လေဟာနယ်နှင့် အခြားသူများသည် လင်းရှန်ကို ဝန်းရံကာ စင်္ကြံလမ်းထဲကနေ ထွက်လိုက်ပြီး သူတို့ရှေ့မှ အရာရာတိုင်းက ရှင်းလင်းစွာပေါ်ထွက်လာ၏။

လင်းရှန်က သူ့ရှေ့မှမြင်ကွင်းမှာ တုန်လှုပ်ချောက်ချားသွား၏။

သိုဝှက်လေဟာနယ်နှင့် အခြားမိစ္ဆာဘုရင်သုံးဦးပင်လျှင် တုန်လှုပ်သွားသော အမူအရာများဖြင့် ပင့်သက်အနည်းငယ်ရှိုက်ပြီး သူတို့၏ မျက်လုံးများထဲမှာ မယုံကြည်နိုင်မှုက အထင်းသားပေါ်လွင်နေ၏။

ရှေ့တည့်တည့်မှာ အလွန်ကြီးမားသည့် ဧရာမရှေးဟောင်းမြို့တော်တစ်မြို့ရှိနေပြီး ဝင်ရောက်လာသည့် ကျင့်စဉ်သူအုပ်စုကို ခပ်စိမ်းစိမ်းစိုက်ကြည့်နေသည့်အလားပင်။

ရှေးဟောင်းမြို့တော်သည် ခမ်းနားထည်ဝါပြီး အပြင်ဘက်မှာရှိသော အင်မော်တယ်မြို့တော်များထက်ပင် သာလွန်နေ၏။

သူတို့သည် အဲဒါကို သူတို့၏ မျက်လုံးနှင့် ကိုယ်တိုင်မတွေ့ရခြင်း မဟုတ်လျှင် ဤကဲ့သို့သော ရှေးဟောင်းမြို့တော်တစ်ခုက မြေအောက်အနက်ပိုင်းထဲမှာ တည်ရှိနေသည်ကို စဉ်းစားကြည့်ဖို့ ခက်ခဲလေသည်။

ဤရှေးဟောင်းမြို့တော်သည် မိစ္ဆာဧကရာဇ်ဂူသင်္ချိုင်း၏ ဗဟိုချက်ဖြစ်နိုင်သည်ကို လူတိုင်းက နားလည်သိရှိလိုက်ကြ၏။

အစစ်အမှန် ရတနာများ၊ အခွင့်အလမ်းများနှင့် အမွေအနှစ်များသည် ဤရှေးဟောင်းမြို့တော်ထဲမှာ ရှိနေပေလိမ့်မည်။

လူတိုင်းသည် အားတက်သရောရှိလာပြီး သူတို့၏ အကြည့်များက တောက်လောင်ပြင်းပြလာခဲ့၏။

ထိုစဉ်မှာပင် ချောမောလှပသော လူရိပ်တစ်ခုက ရှေးဟောင်းမြို့ရိုးကို ဖြတ်ကျော်သွား၏။ ထိုသူက နတ်ဆိုးမကျိ ဖြစ်လေသည်။

“သွားကြမယ်”

လင်းရှန်က ဆက်လက်၍ စောင့်ဆိုင်းမနေတော့ဘဲ ရှေးဟောင်းမြို့တော်ထဲသို့ ဝင်ရောက်လိုက်၏။

မိစ္ဆာဘုရင်သိုဝှက်လေဟာနယ်နှင့် အခြားသူများက ဘေးကနေ စောင့်ကြပ်ပေးနေပြီး သိုင်းတာအိုပင်မခန္ဓာ၊ မိစ္ဆာနတ်ဆိုး မဟူရာကောင်းကင်နှင့် အခြားသော မိစ္ဆာဘုရင်များကလည်း ထပ်ကြပ်မကွာ လိုက်ပါလာကြ၏။

တစ်ခဏချင်းမှာပင် လူတိုင်းသည် ရှေးဟောင်းမြို့တော်၏ ဝင်ပေါက်ဝသို့ ရောက်ရှိလာကြ၏။

ထူးဆန်းသောအရာမှာ မြို့ရိုးဂိတ်တံခါး၏ တစ်ဖက်တစ်ချက်စီတွင် ရွှံ့စေးလှံများကို ကိုင်စွဲထားသည့် လူပုံသဏ္ဌာန် ရွှံ့စေးအစောင့်တပ်သားများက အတန်းလိုက် နှစ်တန်းခွဲကာ မတ်တတ်ရပ်နေကြ၏။

မြို့ရိုးပေါ်မှာ မတ်တတ်ရပ်နေသော ရွှံ့စေးအစောင့်တပ်သားများစွာလည်း ရှိနေ၏။

သူတို့က သိပ်သည်းများပြားပြီး မလှုပ်မယှက် ရှိနေကြ၏။

သူတို့ထဲမှ တချို့သည် လေးများနှင့် မြားများကို ကိုင်စွဲထားပြီး မြို့ရိုးကို စောင့်ကြပ်နေကြ၏။ သူတို့ထဲမှအချို့သည် မြို့ရိုးတစ်လျှောက် ကင်းလှည့်နေပုံရသော လူတစ်သောင်းအုပ်စုများအဖြစ် စုဖွဲ့ထားကြ၏။ သူတို့က စည်းစနစ်တကျ ရှိသည့်ပုံပေါ်ပြီး ဤနေရာကို တင်းကျပ်စွာ စောင့်ကြပ်နေသည့်ပုံ ပေါ်နေစေ၏။

“လခွမ်းတဲ့မှ… အဲဒါ ဘာတွေလဲ”

လင်းရှန်သည် ရှေ့သို့တက်လှမ်း၍ ရွှံ့စေးရုပ်တစ်ရုပ်ကို ခြေမွှဖျက်ဆီးပစ်လို၏။

သို့သော်လည်း သူ့ကို မိစ္ဆာဘုရင်သိုဝှက်လေဟာနယ်က တားဆီးလိုက်၏။

“အရှင်မင်းသား အရမ်းကာရော မလုပ်ပါနဲ့… ဒီရှေးဟောင်းမြို့တော်က နည်းနည်းထူးဆန်းနေတယ်”

မိစ္ဆာဘုရင် သိုဝှက်လေဟာနယ်က သတိထားနေသော အမူအရာဖြင့် ခပ်တိုးတိုးပြောလိုက်၏။

“အားလုံးပဲ သတိထားကြ”

သိုင်းတာအိုပင်မခန္ဓာက သူတို့ကို လျစ်လျူရှုပြီး မိုးကောင်းကင်တက်လှမ်းခြင်းနန်းတော်မှ လူအုပ်စုနှင့် အခြားသူများကို ဖြတ်ကျော်ကာ ရှေးဟောင်းမြို့တော်ထဲသို့ ဝင်ရောက်လိုက်၏။

သိုင်းတာအိုပင်မခန္ဓာက မည်သည့်အန္တရာယ်နှင့်မှ ကြုံတွေ့ရခြင်းမရှိဘဲ လျှောက်လှမ်းဝင်ရောက်သွားသည်ကို တွေ့မြင်သောအခါ လင်းရှန်တို့အုပ်စုနှင့် မိစ္ဆာနတ်ဆိုး မဟူရာကောင်းကင်နှင့် အခြားသော မိစ္ဆာဘုရင်များက တစ်ယောက်ပြီးတစ်ယောက်လှုပ်ရှားကာ ရှေးဟောင်းမြို့တော်ထဲသို့ ဝင်ရောက်လိုက်ကြ၏။

ရှေးဟောင်းမြို့တော်ထဲမှာ အဆောက်အအုံအမျိုးစုံရှိနေပြီး ဤနေရာသည် အပြင်ဘက်မှ အင်မော်တယ်မြို့တော်များနှင့် ကွာခြားမှုမရှိပေ။

သို့သော်လည်း မြို့ထဲရှိ လမ်းများက အလွန်တရာ ရှင်းလင်း၍ တိတ်ဆိတ်ခြောက်ကပ်နေ၏။ ရွှံ့စေးရုပ်အစောင့်တပ်သားအဖွဲ့များကလွဲလျှင် တခြားမည်သူမှ မရှိကြပေ။

သူတို့အုပ်စုက ရှေ့သို့တက်လှမ်းလာစဉ် ရှေးဟောင်းမြို့တော်သည် စောင့်ကြပ်နေသော လူပုံသဏ္ဌာန် ရွှံ့စေးရုပ်များဖြင့် ပြည့်နှက်လာ၏။ သူတို့က အရေအတွက်သိန်းချီပင် ရှိလာခဲ့ပြီဖြစ်သည်။

“မိစ္ဆာဧကရာဇ်ကမ္ဘာဖျက်ကပ်ဘေးဆိုတဲ့အတိုင်းပဲ”

မိုးကောင်းကင်တက်လှမ်းခြင်းနန်းတော်မှ မိစ္ဆာဘုရင်တစ်ဦးက ညည်းတွားရေရွတ်လိုက်၏။

“သူသေသွားတာတောင် သူက ဂူသင်္ချိုင်းထဲမှာ ဒီလိုမျိုးရှေးဟောင်းမြို့တော်တစ်မြို့ကို တည်ဆောက်ထားခဲ့သေးတယ်…. သူသေသွားပြီးတဲ့နောက် မိစ္ဆာစစ်သားထောင်ချီကို အမိန့်ပေးစေခိုင်းနိုင်ဖို့ သူက ဒီလောက်များပြားတဲ့ ရွှံ့စေးရုပ်တပ်သားတွေကို ဖန်တီးခဲ့တာပဲ”

မိစ္ဆာဘုရင်သိုဝှက်လေဟာနယ်က တစ်စုံတစ်ရာကို အာရုံခံမိသွားသည့်အလား ရုတ်တရက်မျက်မှောင်ကြုတ်လိုက်၏။

ထိုစဉ်မှာပင် ရှေ့မှာ ကင်းလှည့်နေသော ရွှံ့စေးရုပ်တပ်သား တစ်သောင်းကျော်အုပ်စုထဲမှာ လက်ခုပ်တီးသံတစ်ချက် ထွက်ပေါ်လာ၏။

“တော်တော်ပါးရည်နပ်ရည်ရှိသားပဲ”

နတ်ဆိုးမကျိ၏ အသံက လှောင်ပြောင်သရော်သော အငွေ့အသက်တစ်ခုနှင့်အတူ ရွှံ့စေးရုပ်များကြားကနေ ထွက်ပေါ်လာ၏။

“ဒါပေမဲ့ ဒါတွေက ရွှံ့စေးရုပ်တွေပဲလို့ နင်တို့တွေထင်လို့လား”

ဖျောက်…

ထိုစဉ်မှာပင် ထိုစဉ်မှာပင် ရွှံ့စေးရုပ်တစ်သားတစ်ယောက်ထံမှ တစ်စုံတစ်ရာကြေမွသွားသည့်အလား အသံတစ်သံထွက်ပေါ်လာ၏။

ကျွိ…

ထို့နောက်ချက်ချင်းပင် အသံက ပို၍ကျယ်လောင်လာပြီး ရွှံ့စေးရုပ်အစောင့်တပ်သားအားလုံးနှင့် ရှေးဟောင်းမြို့တော်တစ်ခုလုံးကို ပျံ့နှံ့သွား၏။

လူတိုင်း၏ ရှေ့မှောက်မှာပင် ရွှံ့စေးရုပ်အစောင့်တပ်သားများပေါ်မှာ အက်ကွဲကြောင်းများ ပေါ်ထွက်လာပြီး ရွှံ့စေးများက ကွာကျကာ အသွေးအသားခန္ဓာကိုယ်နှင့် အစောင့်တပ်သားများ ပေါ်ထွက်လာ၏။

တကယ်တော့ ထိုအစောင့်တပ်သားများ၏ ခန္ဓာကိုယ်ထဲမှာ မည်သည့်အသက်ဓာတ်မှ မရှိတော့ပေ။

သို့သော်လည်း သူတို့၏ လက်ထဲရှိ လက်နက်များက ရွှံ့စေးများ ကွာကျပြီးနောက် ထက်ရှ၍ အေးစက်နေ၏။

အစောင့်တပ်သားများ၏ မျက်လုံးများက ရူးသွပ်မှုဖြင့် ပြည့်နှက်နေပြီး သတ်လိုဖြတ်လိုသော အော်ရာတစ်ခုနှင့်အတူ ရှေးဟောင်းမြို့တော်ထဲသို့ ဝင်ရောက်လာသည့်လူများကို စိုက်ကြည့်နေ၏။

“တမလွန်စစ်သားတွေက အသွေးအသားတွေတောင်မှ ရရှိလာပြီလား”

လင်းရှန်က မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။

ဒါက တမလွန်စစ်သားတွေ မဟုတ်ဘူး”

မိစ္ဆာနတ်ဆိုးသိုဝှက်လေဟာနယ်က တည်တံ့စွာ ပြောလိုက်၏။

“တမလွန်စစ်သားတွေက အသွေးအသားခန္ဓာကိုယ်တစ်ခုကို စုဖွဲ့နိုင်ခဲ့မယ်ဆိုရင်တောင် အဲဒါက သေချာပေါက် ပြီးပြည့်စုံမှုရှိမှာ မဟုတ်ဘူး… သူတို့တွေက ဒီလိုမျိုး ပြီးပြည့်စုံတဲ့ပုံစံနဲ့ အကောင်းတိုင်းကျန်ရှိနေတဲ့ ခန္ဓာကိုယ်တွေကို ထိန်းသိမ်းထားနိုင်စရာ အကြောင်းမရှိဘူး”

“ဒီလူတွေက အစတုန်းက အသက်ရှင်ခဲ့တဲ့လူတွေပဲ… သူတို့တွေကို မိစ္ဆာဧကရာဇ်ကမ္ဘာဖျက်ကပ်ဘေးက အန္တိမလျှို့ဝှက်အတတ်တစ်ခုနဲ့ နှစ်ပေါင်းသန်းဆယ်ချီကြာအောင် ဒီနေရာမှာ ချိပ်ပိတ်ထားခဲ့တာ… သူတို့တွေက ဒီနေ့မှာ နိုးထလာကြတာပဲ”

နှစ်ပေါင်းသန်းချီကြာပြီးနောက် အစောင့်တပ်သားများက အမှန်တကယ်သေဆုံးသွားကြပြီဖြစ်၏။

ထိုအခိုက်အတန့်မှာ သူတို့ကို မောင်းနှင်ပေးထားသည့် တစ်ခုတည်းသောအရာမှာ သူတို့၏ စိတ်များထဲတွင် မိစ္ဆာဧကရာဇ်ကမ္ဘာဖျက်ကပ်ဘေး ချန်ထားခဲ့သည့် နောက်ဆုံးအကြွင်းအကျန်အသိစိတ် ဖြစ်လေသည်။

ဖျက်ဆီးခြင်း၊ သိမ်းပိုက်ခြင်းနှင့် သတ်ဖြတ်ခြင်း…။

မိစ္ဆာဘုရင်သိုဝှက်လေဟာနယ်၏ စကားကို ကြားရပြီးနောက် လက်ရှိလူတိုင်းက ဆတ်ခနဲတုန်ယင်ကာ ကျောရိုးတစ်လျှောက် ချမ်းစိမ့်လာ၏။

ဤရှေးဟောင်းမြို့တော်ထဲမှာ အစောင့်တပ်သားများက အနည်းဆုံးသန်းချီ သို့မဟုတ် သန်းဆယ်ချီပင် ရှိနေ၏။

သို့သော်လည်း အရင်တုန်းက မိစ္ဆာဧကရာဇ်ကမ္ဘာဖျက်ကပ်ဘေးသည် ဤသန်းဆယ်ချီမိစ္ဆာများကို ချိပ်ပိတ်ပြီး သူတို့ကို အသက်ရှင်လျက် သတ်ဖြတ်ကာ နှစ်သန်းပေါင်းများစွာကြာအောင် မြေအောက်မှာမြှုပ်နှံထားခဲ့၏။

“သူ့ရဲ့ဘွဲ့က ကမ္ဘာဖျက်ကပ်ဘေးဖြစ်နေတာ မထူးဆန်းတော့ဘူး… သူက ဒီလိုမျိုးတုန်လှုပ်စရာကောင်းတဲ့အရာကိုတောင် ပြုလုပ်နိုင်တယ်ဆိုတော့….”

လင်းရှန်က သူ၏ လေသံတွင် မနာလိုအားကျမှု တစ်စွန်းတစ်စနှင့်အတူ တီးတိုးရေရွတ်လိုက်၏။

“သတ်… သတ်… သတ်”

နိုးထလာသော အစောင့်တပ်သားများက မရေမတွက်နိုင်အောင် များပြားလာပြီး သူတို့၏ စိတ်များကို အကြွင်းအကျန်အတွေးများက ထိန်းချုပ်ထားကာ မိုးကောင်းကင်တက်လှမ်းခြင်းနန်းတော်မှ လူတိုင်းဘက်ကို ဟိန်းဟောက်လိုက်ကြ၏။

ဘုန်း… ဘုန်း…

ဘေးပတ်လည်ရှိ လမ်းများထဲမှ ရှေးဟောင်းစစ်ရထားများက တုန်လှုပ်စရာကောင်းသော စွမ်းပကားတစ်ခုနှင့်အတူ ချီတက်လာကြ၏။

ဤနေရာမှာ စုရုံးရောက်ရှိလာသော ရှေးဟောင်းမြို့စောင့်တပ်သားများက ပို၍ပို၍များပြားလာ၏။ သူတို့က ကြည့်ရသည်မှာ အဆုံးမရှိဘဲ ပြွတ်သိပ်နေလေသည်။

ဤကဲ့သို့ အစုအဖွဲ့တစ်ခုနှင့် ရင်ဆိုင်ရချိန်မှာ လက်ရှိလူတိုင်းက သူတို့၏ စိတ်ကို လျင်မြန်စွာ တည်ငြိမ်စေလိုက်၏။

ရှေးဟောင်းမြို့တော်ထဲမှာ မြို့စောင့်တပ်သားများစွာ ရှိသော်လည်း သူတို့၏ အတိတ်ကာလတုန်းက ကျင့်ကြံမှုများသည် အလွန်ဆုံး ကမ္ဘာမြေနှင့် ကောင်းကင်အင်မော်တယ်နယ်ပယ်မှာသာ ရှိကြလေသည်။ အလွန်ဆုံး သန်မာသည့်သူများက ပကတိမိစ္ဆာနယ်ပယ်မှာသာ ရှိပေမည်။

လက်ရှိလူတိုင်းနီးပါးက မိစ္ဆာဘုရင်ပညာရှင်များ ဖြစ်ကြ၏။ သူတို့က သူတို့၏ ကောင်းကင်လိုဏ်ဂူများကို မထုတ်ဖော်နိုင်ဘူးဆိုလျှင်တောင် သူတို့သည် သူတို့၏ လမ်းကို သတ်ဖြတ်ဖောက်ထွက်ဖို့အတွက် သူတို့၏ ကိုယ်ကာယ၊ မျိုးဆက်သွေးနှင့် ကောင်းကင်လိုဏ်ဂူ စိတ်ဝိညာဉ်ရတနာများကို အသုံးချနိုင်၏။

“ဟိုအပျက်မ ဘယ်ရောက်သွားတာလဲ”

လင်းရှန်က အစောင့်တပ်သားများစွာကြားမှာ နတ်ဆိုးမကျိ၏ အရိပ်အယောင်ကို ရှာဖွေလိုပုံရပြီး သူ၏ ဘေးပတ်လည်ကို ထောက်လှမ်းကြည့်ရှုနေ၏။

သို့သော်လည်း အစောင့်တပ်သားများက အရမ်းကိုများပြားပြီး သူသည် နတ်ဆိုးမကျိ၏ အရိပ်အယောင်ကို မတွေ့မြင်ရတော့ပေ။

“အရှင်မင်းသား… အဲဒီမိန်းမက သေသွားလောက်ပြီ”

မိစ္ဆာဘုရင်သိုဝှက်လေဟာနယ်က ပြောလိုက်၏။

“အဲဒီနတ်ဆိုးမက အဆင့်-၅ ကောင်းကင်အင်မော်တယ်တစ်ယောက်ပဲ… ဒီလောက်များပြားတဲ့ အစောင့်တပ်သားတွေကြားထဲမှာ သူက အသက်ရှင်နိုင်ဖို့ဆိုတာ မဖြစ်နိုင်သလောက်နီးပါးပဲ”

All Chapters