ပို၍ပင်သန်မာသောပြိုင်ဘက်
Vol. 169 Ch. 2523
ချိပ်စည်းအတွက်တိုက်ပွဲကို အာရုံစိုက်နေသော ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေ၏ ဂိုဏ်းကြီးများနှင့် အဖွဲ့အစည်းများမှ ကျင့်ကြံသူများသည် ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်မှ အပြောင်းအလဲများကို တွေ့မြင်သွားကြ၏။
ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေက တုန်လှုပ်သွား၏။
ဤတိုက်ပွဲသည် ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေမှာ ဆူဇီမို၏ အဆင့်အတန်းကို အထွတ်အထိပ်ကောင်းကင်အင်မော်တယ်တစ်ဦးအဖြစ် တည်ဆောက်ပေးလိုက်လေသည်။
အဆင့်-၇ ကောင်းကင်အင်မော်တယ်တစ်ယောက်က ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်ပေါ်မှာ အဆင့်-၃ ဖြစ်လာသည်။
ယွင်ထင်ကို မပြောနှင့် သမိုင်းမှာပင် ဤကဲ့သို့သော အောင်မြင်ထွန်းပေါက်မှုကို ရရှိနိုင်သည့်သူ မရှိခဲ့ပေ။
ဂမ္ဘီရမိုးကောင်းကင်နန်းတော်မှ ပကတိအင်မော်တယ်ခြောက်ဦးအနေဖြင့် ဆူဇီမိုအပေါ် သူတို့၏ အကဲဖြတ်တန်ဖိုးသည် လာမည့်အချိန်တစ်ခုအတွင်း ကျင့်ကြံသူပေါင်းများစွာကြား ဆွေးနွေးပြောဆိုစရာတစ်ခု ဖြစ်လာစေ၏။
“ကျုံးဖေးယွီတောင်မှ ကြောက်လန့်ပြီးထွက်ပြေးသွားရတယ်ဆိုတော့... ဆူဇီမိုက နေ့ချင်းညချင်း နာမည်ကြီးလာပြီပဲ”
“ကျုံးဖေးယွီက အဆူရာတိုက်ပွဲမြေမှာ သူ့ရဲ့ခွန်အားအပြည့်အဝကို မထုတ်ဖော်နိုင်ခဲ့ဘူးလို့ပြောတယ်... အဲဒါကြောင့်ပဲ သူက ဆုတ်ခွာခဲ့ရတာ... ဂမ္ဘီရမိုးကောင်းကင် အင်မော်တယ်တွေ့ဆုံပွဲကျရင် သူက သူ့ရဲ့ဂုဏ်သိက္ခာကို သေချာပေါက်ပြန်အဖတ်ဆယ်လိမ့်မယ်”
“ဂမ္ဘီရမိုးကောင်းကင် အင်မော်တယ်တွေ့ဆုံပွဲက အခုချိန်ထိ မစရသေးဘူး... ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်ကတင် ဒီလောက်ထိ ကြောက်စရာကောင်းနေပြီ... နောက်ဆုံး ကောင်းကင်အဆင့်သတ်မှတ်ချက်မှာ ဘယ်လိုပြင်းထန်ကြမ်းတမ်းတဲ့ တိုက်ပွဲတစ်ခုပေါ်ထွက်လာမလဲ... ငါတကယ်ပဲ စဥ်းစားမကြည့်နိုင်တော့ဘူး”
“ယွင်ထင်.. ချင်ကူ... ဆူဇီမိုနဲ့ ကျုံးဖေးယွီ... ဟဲဟဲ သူတို့လေးယောက်ကတင် အံ့အားသင့်စရာကောင်းတဲ့ ပြပွဲတစ်ခုကို ဖြစ်လာစေလိမ့်မယ်”
ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက် ထွက်ပေါ်လာသည့်ခဏမှာပင် ဂမ္ဘီရမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေတစ်ခုလုံးက အုန်းအုန်းကျက်ကျက်ဖြစ်သွားကြသည်။
ကျိရွှမ်အင်မော်တယ်နိုင်ငံ၊ စာကြည့်တိုက်မှာ...။
ယွင်ကျူးနှင့် ယွင်ထင်ကလည်း ချိပ်စည်းအတွက်တိုက်ပွဲကို အာရုံစိုက်၍ ကြည့်နေကြ၏။
အပြင်လောကရှိ ဆူညံပွက်လောရိုက်မှုနှင့်မတူဘဲ...။
စာကြည့်တိုက်၏ အခန်းထဲမှာ တိတ်ဆိတ်ငြိမ်သက်နေ၏။
ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်ကို ဖတ်ရှုပြီးနောက် ယွင်ကျူးက ညင်သာစွာပြုံး၍ ဘေးမှာရှိသော ရှေးဟောင်းစာအုပ်တစ်အုပ်ကိုကောက်ယူကာ ဖတ်ရှုလိုက်၏။
အံ့အားသင့်ဖို့ကောင်းစွာပင် ယွင်ထင်က ရုတ်တရက်နှုတ်ဆိတ်နေပြီး အတန်ကြာသည့်အထိ မည်သည့်စကားမှမဆိုပေ။
ယွင်ကျူးက အတော်လေး အံ့အားသင့်သွား၏။
ယွင်ထင်သည် အရမ်းကို မာနကြီးလေသည်။ ဤမောင်ငယ်အပေါ် သူမနားလည်သဘောပေါက်ထားသလောက် သူသည် ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်ကို တွေ့မြင်သောအခါ အထင်အမြင်သေးမှုကို ထုတ်ဖော်ပြသပေလိမ့်မည်။ သူက ဤကဲ့သို့ဝင့်ကြွားသော ဖော်ပြချက်များကို ဖတ်ရှုပြီးနောက် ဘယ်လိုလုပ် ဤမျှအထိ တည်ငြိမ်နေနိုင်ပါ့မလဲ။
“ဘာဖြစ်လို့လဲ”
ယွင်ကျူးက ညင်သာစွာမေးလိုက်၏။
“သူက တော်တော်သန်မာတာပဲ”
ယွင်ထင်က ဖြည်းဖြည်းချင်းပြောလိုက်၏။
“အစ်မ... ခင်ဗျားပြောတာမှန်တယ်... ကျုပ်တို့ရဲ့ကျင့်ကြံမှုနယ်ပယ်တွေက တူညီနေမယ်ဆိုရင် ကျုပ်ကသူ့ကို ယှဥ်နိုင်ချင်မှ ယှဥ်နိုင်လိမ့်မယ်”
ယွင်ကျူး၏ မျက်လုံးထဲတွင် ထူးဆန်းသောအကြည့်တစ်ခုပေါ်ထွက်လာ၏။
သူ့မောင်လေး၏ ဤကျင့်ကြံမှုအဆင့်ထိ သူသည် အဆင့်တူများကြားမှာ ပြိုင်ဘက်ကင်းခဲ့၏။ သူ၏ မာန်မာနနှင့်အတူ သူသည် တစ်ခါက ဧကရာဇ်ဂူသင်္ချိုင်းထဲမှာ ရှုံးနိမ့်ခဲ့သော်လည်း သူက ဘယ်တုန်းကမှ ဦးမညွှတ်ခဲ့ပေ။ သို့သော်ယခု... ယွင်ထင်က ဤကဲ့သို့သောစကားကို ပြောဆိုလာခဲ့လေပြီ။ ချိပ်စည်းအတွက်တိုက်ပွဲမှာ ဆူဇီမိုပြသခဲ့သည့် စွမ်းအားက ယွင်ထင်အပေါ် တကယ်ပင်ကြီးမားသည့် ဖိအားတစ်ရပ်ဖြစ်လာစေခဲ့လေသည်။
ယွင်ကျူး၏ မျက်လုံးထဲတွင် စိတ်သက်သာရာရသောအကြည့်တစ်ခု ဖျတ်ခနဲပေါ်ထွက်လာ၏။
ထိုအခိုက်အတန့်မှာ ယွင်ထင်သည် အမှန်တကယ်ရင့်ကျက်၍ ကြီးပြင်းလာသည်ဟု သူမက ခံစားမိသည်။
စိတ်အခြေအနေမှာ ဤကဲ့သို့ တဒင်္ဂပြောင်းလဲမှုသည် ယွင်ထင်၏ တိုက်ခိုက်ရည်ခွန်အားကို များစွာမြင့်တက်လာစေလိမ့်မည် မဟုတ်ပေ။
သို့သော်လည်း ထိုအရာသည် သူ၏ အနာဂတ်ကျင့်ကြံမှုအတွက် ကြီးမားစွာအသုံးတည့်လာပေလိမ့်မည်။
ပြိုင်ဘက်ကောင်းတစ်ယောက်သည် ယွင်ထင်ကို ပို၍မြန်ဆန်စွာကြီးထွားစေပြီး သူကိုယ်တိုင်အဆင့်ချိုးဖျက်တက်လှမ်းဖို့အတွက် ပိုမိုသန်မာသော စိတ်ခွန်အားတစ်ရပ်ကို ဖြစ်လာစေပေလိမ့်မည်။
ယွင်ထင်က ဦးညွှတ်၍ ထွက်ခွာဖို့ပြင်လိုက်၏။
“နင်ဘယ်သွားမလို့လဲ”
ယွင်ကျူးက မေးလိုက်၏။
“နှစ်တစ်ထောင်ကျန်နေသေးတာပဲ... ကျုပ်က အဆင့်-၉ ကောင်းကင်အင်မော်တယ်နယ်ပယ်ကို ရောက်နေပြီဆိုပေမယ့် ပေါ့ပေါ့ဆဆနေလို့မရဘူး”
ယွင်ထင်က လေးနက်သောအသံဖြင့် ပြောလိုက်၏။
“ကျုပ်က ရှေ့ကိုဆက်တက်လှမ်းပြီး ကျုပ်ရဲ့ဓားတာအိုကို မီးဆေးရမယ်.. အဲဒါမှပဲ ကျုပ်က ဂမ္ဘီရမိုးကောင်းအင်မော်တယ်တွေ့ဆုံပွဲမှာ ဆူဇီမိုကို အနိုင်ရနိုင်မှာ”
“ဟုတ်ပြီ... လုပ်စရာရှိတာဆက်လုပ်တော့”
ယွင်ကျူးက ပြုံး၍ခေါင်းညိတ်ပြလိုက်၏။
ယွင်ထင်ထွက်ခွာသွားပြီးနောက် ယွင်ကျူးက အလေးအနက်စဥ်းစားတွေးတောနေပုံရ၏။ သူမမျက်နှာပေါ်ရှိအပြုံးနှင့်အတူ သူမက တီးတိုးရေရွတ်လိုက်၏။
“စိတ်ဝင်စားစရာပဲ... ဇီမို ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်ပေါ်က နင့်ရဲ့အဆင့်ရပ်တည်ချက်ကြောင့် နင်ကပိုပြီးတော့ သန်မာတဲ့ ပြိုင်ဘက်တစ်ယောက်ကို ပေါ်ထွက်စေလာတော့မယ်ဆိုတာ နင်သိချင်မှသိလိမ့်မယ်”
အင်မော်တယ်ပျံဂိုဏ်းတွင်...။
အစိမ်းရောင်တောင်တန်းများ၊ ကြည်လင်သောရေများ၊ ရေတံခွန်များ၊ စိမ်းစိုလန်းဆန်းသောရှုခင်းများနှင့် ပျံသန်းနေသောကြိုးကြာများ...။ မြင်ကွင်းက ပန်းချီကားတစ်ချပ်နှင့်တူနေ၏။
ရေကန်၏ အလယ်မှာ နားနေဆောင်တစ်ခုရှိနေပြီး အထဲမှာ ရိုးရှင်းသောအပြာရောင် နန်းတော်ဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးထိုင်နေ၏။ သူမသည် သူမ၏ ဆံပင်ကို ဆံထုံးတစ်ခုအဖြစ်ထုံးထားပြီး သူမ၏ အသားအရေက ဖြူဖွေးကာ ချောမောလှပ၍ အပြစ်ဆိုစရာမရှိပေ။
သို့သော်လည်း သူမ၏ အမူအရာက အေးစက်ခက်ထန်နေ၏။
ဘေးတစ်ဘက်ကနေ မွှေးပျံသောရနံ့တစ်ခုလွှမ်းခြုံလာပြီး စားပွဲရှေ့မှာ ရှေးဟောင်းဒုံမင်းတစ်လက်ကို တင်ထားလေသည်။
ရိုးရှင်းသောဝတ်စုံကိုဝတ်ဆင်ထားသည့် အမျိုးသမီးက ဒုံမင်းကြိုးကို သူမ၏ လက်ချောင်းများဖြင့် ညင်သာစွာတီးခတ်ပြီး ဒုံမင်းသံကို ထွက်ပေါ်လာစေ၏။
ဒုံမင်းသံမှာ အမျက်ဒေါသနှင့် သတ်ဖြတ်ခြင်းစိတ်ဆန္ဒတစ်စွန်းတစ်စပါဝင်နေ၏။
ထိုအသံက မြန်ဆန်၍ ကစဉ့်ကလျားဖြစ်နေ၏။
“ဖွီ...”
အမျိုးသမီး၏ နောက်ဘက်မှာစောင့်ကြပ်နေသော အစေခံမိန်းကလေးနှစ်ဦးသည် အဲဒါကို ခံနိုင်ရည်မရှိဘဲ ဖြူဖပ်ဖြူရော်မျက်နှာများနှင့်အတူ သွေးတစ်လုတ်စီကို ရုတ်တရက်ထွေးထုတ်လိုက်ကြ၏။
အစေခံမိန်းကလေးနှစ်ဦးသည်လည်း ကောင်းကင်အင်မော်တယ်များဖြစ်လေသည်။ သို့သော်လည်း သူတို့၏ အမူအရာများက ပျက်ယွင်းနေပြီး မြေပြင်ပေါ်မှာ ဒူးထောက်ချကာ ဦးညွှတ်လိုက်ကြ၏။
“မင်းသမီး... ကျေးဇူးပြုပြီးကျွန်မတို့ကို ခွင့်လွှတ်ပေးပါ”
နန်းတော်ဝတ်စုံကိုဝတ်ဆင်ထားသည့် ဤအမျိုးသမီးသည် မဟာကျင်းအင်မော်တယ်နိုင်ငံ၏ မင်းသမီး.. မဟာနတ်မိမယ်လေးပါးထဲမှတစ်ပါး.. ဒုံမင်းအင်မော်တယ်မုန့်ယောင် ဖြစ်လေသည်။
မုန့်ယောင်၏ လက်ချောင်းများက ရပ်တန့်သွားပြီး ဒုံမင်းသံက တဖြည်းဖြည်းစဲသွားသည်။
သူမက အတန်ကြာသည့်အထိ သူမ၏ မျက်လုံးနှစ်ဖက်ကိုမှိတ်ကာ ပြန်ဖွင့်ပြီးနောက် မှင်သေသေဖြင့် ပြောလိုက်၏။
“ထကြ... နင်တို့ရဲ့အမှားမဟုတ်ဘူး... ငါက နဲနဲစိတ်အနှောင်အယှက်ဖြစ်နေလို့ပဲ”
“ဆူဇီမိုကြောင့်လား”
အစေခံမိန်းကလေးတစ်ဦးက အကဲစမ်း၍ပြောလိုက်၏။
မုန့်ယောင်က ပြောလိုက်၏။
“ဒီကောင်လေးက အဲလောက်ထိအသက်ပြင်းပြီး ကျုံးဖေးယွီတောင်မှ ရှုံးနိမ့်သွားရတယ်ဆိုတော့…”
ထိုစဥ်မှာပင် အစေခံမိန်းကလေးတစ်ဦးက တစ်စုံတစ်ရာကို အာရုံခံမိသွားပုံရပြီး သတင်းပို့အဆောင်တစ်ခုကို ထုတ်ယူလိုက်၏။
“မင်းသမီး... အင်ပါယာလေဘုရားကျောင်းက ကောင်းကင်အက်မော်တယ်လောယန်က တွေ့ခွင့်တောင်းနေပါတယ်”
“လောယန်လား”
မုန့်ယောင်က မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။
“သူက ဒီကိုဘာလာလုပ်တာလဲ”
အခြားသော အစေခံမိန်းကလေးကပြောလိုက်၏။
“ကောင်းကင်အင်မော်တယ်လောယန်က ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်ကနေ ဖယ်ထုတ်ခံလိုက်ရတာကို မပြောနဲ့ သူက အဆင့်-၈ မှာ ရပ်တည်နေဦးမယ်ဆိုရင်တောင် ကျွန်မတို့ရဲ့မင်းသမီးကိုတွေ့ဖို့ သူက အဆင့်မမီဘူး”
ပထမအစေခံမိန်းကလေးက ပြောလိုက်၏။
“ဒီထဲမှာပါတဲ့ သတင်းအချက်အလက်အရဆို သူက ဆူဇီမိုနဲ့ပတ်သက်တဲ့ လျှို့ဝှက်ချက်တစ်ခုကို တင်ပြချင်လို့ပါတဲ့ မင်းသမီး”
“အို.. ဟုတ်လား”
မုန့်ယောင်၏ အမူအရာက ပြောင်းလဲသွားကာ ခဏမျှစဥ်းစားတွေးတောပြီးနောက် ပြောလိုက်၏။
“သူ့ကို ဝင်လာခိုင်းလိုက်”
သိပ်မကြာခင် အစေခံမိန်းကလေးတစ်ဦးက ဆံပင်များဖြူဖွေးနေသည့် လူအိုကျင့်ကြံသူတစ်ယောက်ကို နားနေဆောင်ထဲသို့ ခေါ်လာခဲ့၏။
မုန့်ယောင်က သူ့ကို တစ်ချက်ဝေ့ကြည့်လိုက်၏။
သူမသည် အဲဒါကို ကိုယ်တိုင်မြင်တွေ့ရခြင်းမဟုတ်လျှင် အစက သူ၏ အထွတ်အထိပ်အရွယ်မှာရှိနေခဲ့သော ကောင်းကင်အင်မော်တယ်လောယန်သည် ဤကဲ့သို့သောအခြေအနေမှာ ကျဆင်းသွားလိမ့်မည်ဟု စဥ်းစားကြည့်ဖို့ တကယ်ပင်ခက်ခဲလေသည်။
“မင်္ဂလာပါ နတ်မိမယ်မုန့်ယောင်”
ကောင်းကင်အင်မော်တယ်လောယန်က ဦးညွှတ်လိုက်၏။
“ပြော”
မုန့်ယောင်က မှင်သေသေဖြင့် ပြောလိုက်၏။
“နင်ပြောမယ့်လျှို့ဝှက်ချက်က ငါ့ကိုစိတ်ဝင်စားစေဖို့ မျှော်လင့်တယ်... မဟုတ်ရင်တော့...”
သူမက ဆက်မပြောသော်လည်း သူမ၏ လေသံက အေးစက်နေ၏။
သူမသည် သူ့ဘဝ၏ နှောင်းပိုင်းအရွယ်သို့ ယခုအချိန်မှာ ဝင်ရောက်နေသည့် ဤကောင်းကင်အင်မော်တယ်ကို သတ်ဖြတ်လိုက်မည်ဆိုလျှင်တောင် အင်ပါယာလေဘုရားကျောင်းက တစ်စုံတစ်ရာပြောဆိုလိမ့်မည် မဟုတ်ပေ။
ကောင်းကင်အင်မော်တယ်လောယန်က ကြောက်ရွံ့မှုဖြင့် တုန်ယင်သွားပြီး မအီမသာဖြင့်ပြောလိုက်၏။
“နဂါးအသူတရာချောက်နက်ကြယ်မှာတုန်းက ကျုပ်က ခင်ဗျားနဲ့တစ်ခါတွေ့ခဲ့ဖူးတယ်.. နတ်မိမယ်မုန့်ယောင် ခင်ဗျားအဲဒါကို မှတ်မိဦးမလားမသိဘူး”
“နဂါးအသူတရာချောက်နက်ကြယ်လား”
မုန့်ယောင်က ညင်သာစွာရေရွတ်ပြီး သေသေချာချာပြန်စဥ်းစားကြည့်လိုက်၏။
“ဟုတ်သားပဲ... ငါနင့်ကို အရင်ကတွေ့ခဲ့ဖူးတာပဲ... ဒါပေမဲ့ အဲဒါက ဆူဇီမိုနဲ့ဘာပတ်သက်လို့လဲ”
ကောင်းကင်အင်မော်တယ်လောယန်က လေးနက်သောအသံဖြင့်ပြောလိုက်၏။
“နတ်မိမယ်မုန့်ယောင်... ခင်ဗျားမေ့သွားလို့ဖြစ်မယ် တကယ်တော့ နဂါးအသူတရာချောက်နက်မှာတုန်းက ဆူဇီမိုလည်း အဲဒီနေရာမှာရှိနေခဲ့တယ်... ဒါပေမဲ့ အဲဒီအချိန်တုန်းက ဆူဇီမိုက မဟူရာအင်မော်တယ်တစ်ယောက်ပဲရှိသေးတယ်”
“အို..”
ဒုံမင်းအင်မော်တယ်မုန့်ယောင်က မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။
သူမသည် မဟူရာအင်မော်တယ်တစ်ယောက်ကိုမပြောနှင့် ကောင်းကင်အင်မော်တယ်လောယန်ကိုပင် ကောင်းကောင်းမမှတ်မိနိုင်ပေ။
“ဆက်ပြောပါဦး”
မုန့်ယောင်က ပြောလိုက်၏။
ကောင်းကင်အင်မော်တယ်လောယန်က အားတက်သရောရှိလာ၏။
“အဲဒီအချိန်တုန်းက အဲဒီနေရာမှာ အဆင့်မြင့်အင်မော်တယ်သုံးယောက်ရှိခဲ့တယ်... ခင်ဗျားရယ်.. ဓားအင်မော်တယ်ယွဲ့ဟွားရယ်.. ပကတိအင်မော်တယ် ဝူဖုန့်ရယ် ခင်ဗျားတို့သုံးယောက်က အဲဒီနေရာမှာ သန့်စင်ယန်စိတ်ဝိညာဥ်ရတနာတစ်ခုအတွက် ယှဥ်ပြိုင်တိုက်ခိုက်ခဲ့ကြတယ်”
“ဒါပေမဲ့... နောက်ပိုင်းမှာ သန့်စင်ယန် စိတ်ဝိညာဥ်ရတနာက ရုတ်တရက်ပျောက်ကွယ်သွားပြီး ဧရာမနတ်နဂါးတစ်ကောင်က ရုတ်တရက်ပေါ်ထွက်လာခဲ့တယ်”
ထိုစကားကိုကြားချိန်မှာ မုန့်ယောင်က အဲဒါကို ရှင်းရှင်းလင်းလင်းမှတ်မိသွား၏။
ထိုအချိန်တုန်းက သူတို့ပကတိအင်မော်တယ်သုံးဦးသည် ထိုနတ်နဂါးနှင့် ဆန့်ကျင်တိုက်ခိုက်ခဲ့ပြီး ရှုံးနိမ့်သွားကြရ၏။ သူမပင်လျှင် ထိခိုက်ဒဏ်ရာရရှိခဲ့လေသည်။