← Chapters

ထွက်ပြေးကြခြင်း

Vol. 169 Ch. 2522

ထွက်ပြေးကြခြင်း

Vol. 169 Ch. 2522

အတွင်းဝင်း၏ မျက်နှာပြင်မှာ ခဏမျှငြိမ်သက်သွားပြီးနောက် ကြီးမားသော ရုတ်ရုတ်သဲသဲ အသံတစ်ခု ထွက်ပေါ်လာ၏။

လူအုပ်ကြီးက အုန်းအုန်းကျက်ကျက်ဖြစ်လာကြသည်။

ဤတစ်ခေါက်မှာ ပြင်ပကျင့်ကြံသူများသာမက တက္ကသိုလ်မှ တပည့်ဂိုဏ်းသားများစွာပင် အဲဒါကို မယုံကြည်နိုင်ကြပေ။

“ကြိုတင်ခန့်မှန်းကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်က သေချာပေါက် တစ်ခုခုမှားသွားတာ ဖြစ်မယ်”

ထျန်ကျဲနှင့် အခြားသူများသည် အဆင့်သတ်မှတ်ချက်ကို တွေ့မြင်သောအခါ သူတို့က စိတ်သက်သာစွာဖြင့် ပြုံးလိုက်ကြ၏။

“အမှန်တကယ် အဆင့်သတ်မှတ်ချက်က ခဏနေလျှင် ပြန်ပေါ်လာလိမ့်မယ်”

ကျုံးဖေးယွီသည် ပြန်ဝင်စားပကတိအင်မော်တယ်တစ်ဦး ဖြစ်လေသည်။ ဆူဇီမိုက သန်မာသော်လည်း သူက အဆင့်-၇ ကောင်းကင်အင်မော်တယ်တစ်ယောက်သာဖြစ်ပြီး ကျုံးဖေးယွီ၏ အထက်မှာ ဘယ်လိုလုပ် ရပ်တည်နိုင်ပါမည်လဲ။

“အဲဒါ အမှန်ပဲ”

လင်းမူကလည်း ခေါင်းညိတ်ပြလာ၏။

“အရှင်စုန့်စဲက နံပါတ်တစ် ကောင်းကင်အာဏာပါးကွက်သားပဲ… သူက သူတို့ကို မနိုင်ဘူးဆိုရင်တောင်မှ မထိမခိုက် လွတ်မြောက်အောင် ထွက်ပြေးနိုင်တယ်… သူက တစ်ခုခု ဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ”

နတ်မိမယ်ပိုင်ဟွားက ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်ပေါ်မှ ဆူဇီမို၏ သတင်းအချက်အလက်ကို လက်ညှိုးထိုးပြပြီး လှောင်ရယ်လိုက်၏။

“သူ့မှာ တိုက်ပွဲမှတ်တမ်း နှစ်ခုပဲ ရှိတယ်… သူက ထိပ်သီးကောင်းကင်အင်မော်တယ်တွေနဲ့ တစ်ခါမှ မတိုက်ခိုက်ခဲ့ဖူးဘူး… အဲဒီတိုက်ပွဲမှတ်တမ်းက ဘယ်လိုလုပ် လက်ခံယုံကြည်နိုင်စရာ ကောင်းပါ့မလဲ”

မင်းသမီးသက်တံနီက ခပ်တိုးတိုး ပြောလိုက်၏။

“လောရှု… ဘာတွေဖြစ်ကုန်တာလဲ”

ယန်လောရှုက ခဏမျှ စဉ်းစားတွေးတောပြီး ပြောလိုက်၏။

“ဆူဇီမိုက ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်မှာ အဆင့်-၃ ဝင်ပြီး ကျုံးဖေးယွီရဲ့အထက်မှာ ရပ်တည်နိုင်တယ်ဆိုရင် ဖြစ်နိုင်ခြေတစ်ခုပဲ ရှိတယ်”

“အဆူရာတိုက်ပွဲမြေမှာ ကျုံးဖေးယွီက ဆူဇီမိုကို ရှုံးနိမ့်ခဲ့တာပဲ”

မင်းသမီးသက်တံနီက ရင်တစ်ချက်ထိတ်သွား၏။

“ပြန်ဝင်စား ပကတိအင်မော်တယ် ကျုံးဖေးယွီက ရှုံးနိမ့်ခဲ့တာလား”

ထိုစဉ်မှာပင် ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်ပေါ်မှ ဆူဇီမို၏ စာမျက်နှာက ပြောင်းလဲသွား၏။

“အမည် - ဆူဇီမို”

“အဆင့် - အဆင့် ၇ ကောင်းကင်အင်မော်တယ်”

“သရုပ်သကန် - ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်၏ အတွင်းဂိုဏ်းတပည့်၊ ကြယ်တာရာဂိုဏ်း လျှို့ဝှက်အတတ်၏ အရိုက်အရာဆက်ခံသူ၊ ရတနာသူတော်စင် ကျောက်စိမ်းကျမ်း၏ အရိုက်အရာဆက်ခံသူနှင့် ဗုဒ္ဓကျောင်းတော်များ၏ အရိုက်အရာဆက်ခံသူဖြစ်သည်ဟု ယူဆရသူ။”

အထက်မှာရှိသော သတင်းအချက်အလက်က များစွာပြောင်းလဲမသွားသော်လည်း တိုက်ပွဲမှတ်တမ်းအပိုင်းမှာ နောက်ထပ်သတင်းအချက်အလက်များ ထပ်ရှိလာခဲ့သည်။

“တိုက်ပွဲမှတ်တမ်း - အဆူရာတိုက်ပွဲမြေမှာ ဆိုးယုတ်သွေးကန်ရှေ့တွင် သူသည် ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်မှာ ထိပ်ဆုံးတစ်ဆယ်ထဲ ဝင်သော ကျုံးဖေးယွီ၊ လေ့ရွှမ်၊ စုန့်စဲ၊ ယွဲ့ဟိုင်၊ ကောင်းကင်အင်မော်တယ်လောယန်နှင့် ရှဲ့ထျန်ဟွမ်းတို့၏ ဝိုင်းပတ်ပိတ်ဆို့ခံခဲ့ရသည်။”

“ဆူဇီမိုသည် အရင်စတင်၍ တန်ပြန်တိုက်ခိုက်ခဲ့၏။ ပညာရှင်ခြောက်ဦး၏ ဝိုင်းပတ်ပိတ်ဆို့မှုအောက်မှာ သူသည် စုန့်စဲကို ဒဏ်ရာရရှိစေပြီး ကျုံးဖေးယွီ၏ ဖိအားပေးမှုဖြင့် ဆိုးယုတ်သွေးကန်ထဲသို့ ကျဆင်းသွားသည်ဟု ယူဆခဲ့ရသည်။”

ကျင့်ကြံသူများစွာက ထိုသတင်းအချက်အလက်ကို တွေ့မြင်သောအခါ တုန်လှုပ်သွားကြ၏။

ဆူဇီမိုသည် ထိပ်သီးကောင်းကင်အင်မော်တယ်ခြောက်ဦး၏ ဝိုင်းပတ်ပိတ်ဆို့ခံရစဉ် အရင်စတင် တိုက်ခိုက်ရဲရုံသာမက သူသည် စုန့်စဲကိုပင် ထိခိုက်ဒဏ်ရာ ရရှိစေခဲ့သည်။ အဲဒါက ဘယ်လောက်တောင် စိုးမိုးခြယ်လှယ်မှု ရှိလိုက်သလဲ။

လူတိုင်းက အလောတကြီး ဆက်လက်၍ ဖတ်ရှုလိုက်၏။

“ဆူဇီမိုသည် ဆိုးယုတ်သွေးကန်ထဲမှာ မသေခဲ့ပေ။ ထိုအစား သူသည် အဆင့်-၇ ကောင်းကင်အင်မော်တယ်တစ်ယောက်အဖြစ် ချိုးဖျက်တက်လှမ်းလာခဲ့၏။ အဆူရာတိုက်ပွဲမြေ၏ နောက်ဆုံးနေ့မှာ သူသည် ပါရမီတံတားကို တစ်ယောက်တည်း စောင့်ကြပ်ပြီး ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံးတစ်ဆယ်ထဲမှ ပညာရှင်ခြောက်ဦးနှင့် ကောင်းကင်အင်မော်တယ်ရာချီကို တစ်ယောက်တည်း ဆန့်ကျင်တိုက်ခိုက်ခဲ့၏။ တိုက်ပွဲပြီးဆုံးသည့်အချိန်ထိ မည်သူကမှ ပါရမီတံတားကို မဖြတ်ကျော်နိုင်ခဲ့ကြပေ။”

ထိုဖော်ပြချက်မှာ နောက်ထပ်သတင်းအချက်အလက်များ ပါဝင်နေ၏။ ဤအရာသည် ရှဲ့ချင်းချန်က ချိပ်စည်းအတွက်တိုက်ပွဲမှာ အနိုင်ရရှိသူဖြစ်လာသည်ဟု အဓိပ္ပာယ်ရလေသည်။

“တိုက်ပွဲစတင်ချိန်မှာ ဆူဇီမိုသည် မင်းသားယန်ကို ဒုက္ခိတဖြစ်စေပြီး လေ့ရွှမ်ကို အသက်ရှင်လျက် ဖမ်းဆီးပြီးနောက် ထိုသူကို ပြန်လွှတ်ပေးခဲ့၏။ ထို့နောက် သူသည် စုန့်စဲကို လျှပ်တပြက် အရန်သင့် သတ်ဖြတ်ပြီး ကောင်းကင်အင်မော်တယ် လောယန်ထံမှ ဘဝသက်တမ်း နှစ်တစ်သိန်းကို ဖြတ်တောက်ခဲ့၏။ နောက်ပိုင်း သူသည် ရှဲ့ထျန်ဟွမ်းကို ဒဏ်ရာအပြင်းအထန် ရရှိစေပြီး ယွဲ့ဟိုင်ကို သတ်ဖြတ်ကာ ကျုံးဖေးယွီကို ကြောက်ရွံ့စွာဖြင့် ထွက်ပြေးသွားစေခဲ့သည်။”

ဟာ….

အတွင်းဝင်းထဲရှိ ကျင့်ကြံသူ သိန်းချီက တုန်လှုပ်သွားကြ၏။

ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်ပေါ်မှာ ထိုအရာကို ရှင်းလင်းစွာ ဖော်ပြထားခြင်းကြောင့် မဟုတ်လျှင် လူတိုင်းက အဲဒါကို ယုံကြည်မိကြလိမ့်မည် မဟုတ်ပေ။

နောက်ဆုံးမှာတော့ ချိပ်စည်းအတွက်တိုက်ပွဲသည် ဤကဲ့သို့သော ရလဒ်ဖြင့် ထွက်ပေါ်လာခဲ့၏။

စာကြောင်းတစ်ကြောင်းချင်းစီက ရိုးရှင်းသည်ဟု ထင်ရသော်လည်း ၎င်း၏ နောက်ကွယ်မှာ သတင်းအချက်အလက်များစွာ ပါဝင်နေ၏။

တစ်ချိန်တည်းမှာပင် ထိုအရာသည် လူတိုင်း၏ ယခင်ခန့်မှန်းချက်များကို အတည်ပြုပေးလိုက်၏။

နံပါတ် ၁ ကောင်းကင်အာဏာပါးကွက်သား အစောင့်တပ်သား စုန့်စဲက တကယ်ပင် သေဆုံးသွားခဲ့လေပြီ။

ဒါ့အပြင် သူသည် ဆူဇီမို၏ လျှပ်တပြက် အရန်သင့် သတ်ဖြတ်ခြင်းပင်ခံခဲ့ရသည်။

ထိုအရာသည် လူတိုင်းအတွက် စဉ်းစားကြည့်၍ မရနိုင်အောင်ပင်။

“တိုက်ပွဲ၏ အဆုံးသတ်မှာ လေ့ရွှမ်သည် ဉာဏ်အလင်းပွင့်မှုတစ်ခုကို ရရှိပြီး သူ၏ တိုက်ခိုက်ရည်ခွန်အားက နောက်တစ်ဖန် မြင့်တက်လာခဲ့၏။ သို့သော်လည်း သူသည် လှုပ်ရှားကွက် သုံးကွက်အတွင်း ဆူဇီမို၏ အသက်ရှင်လျက် နောက်တစ်ဖန် ဖမ်းဆီးခြင်းခံခဲ့ရသည်။”

လူတိုင်းသည် စတင်၍ မူးဝေထုံထိုင်းလာပြီး ဘာပြောရမည် မသိတော့ပေ။

ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်မှာ ထိပ်ဆုံးတစ်ဆယ်ထဲ ဝင်သော ပညာရှင်ခြောက်ဦးထဲမှ နှစ်ယောက်သည် ဆူဇီမို၏ သတ်ဖြတ်ခြင်းခံရပြီး တစ်ယောက်က ဒုက္ခိတဖြစ်ကာ နောက်တစ်ယောက်က ဒဏ်ရာအပြင်းအထန် ရရှိသွား၏။ ကျုံးဖေးယွီနှင့် လေ့ရွှမ်သာလျှင် မထိမခိုက် လွတ်မြောက်လာနိုင်ခဲ့၏။

သို့သော်လည်း လေ့ရွှမ်သည် ဆူဇီမို၏ နှစ်ကြိမ်တိုင်တိုင် အသက်ရှင်လျက် ဖမ်းဆီးခြင်းပင် ခံခဲ့ရ၏။

စောစောက ဆူဇီမို၏ တိုက်ပွဲမှတ်တမ်းများသည် လွှမ်းမိုးနိုင်စွမ်း မရှိဘဲ ထိပ်သီးကောင်းကင်အင်မော်တယ်များနှင့် တိုက်ခိုက်ထားသော အတွေ့အကြုံ သူ့မှာမရှိဟု နတ်မိမယ်ပိုင်ဟွားက ယခုတင် ပြောဆိုခဲ့၏။

သို့သော် ယခု ဤတိုက်ပွဲမှာ ဆူဇီမိုသည် ထိပ်သီးကောင်းကင်အင်မော်တယ်များနှင့် ဆန့်ကျင်တိုက်ခိုက်ခဲ့ရုံသာမက သူသည် သူတို့ထဲမှ ခြောက်ယောက်ကို တစ်ယောက်တည်းဖြင့် စီးပိုးခြယ်လှယ်စွာ တိုက်ခိုက်ခဲ့လေသည်။

ယွင်ထင်အပါအဝင် ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်ပေါ်ရှိ ပြိုင်စံရှားများ၏ တိုက်ပွဲမှတ်တမ်းများကြားမှာ မည်သည့်မှတ်တမ်းကမှ ဤမှတ်တမ်းထက် တုန်လှုပ်စရာ မကောင်းတော့ပေ။

ထိုနေရာမှာ ဆူဇီမို၏ တိုက်ပွဲမှတ်တမ်းက အဆုံးသတ်သွား၏။

နောက်ပိုင်း သူ၏ အကဲဖြတ်တန်ဖိုးမှာ နောက်ထပ် စာပိုဒ်တချို့ ထပ်ရှိလာ၏။

“အကဲဖြတ်တန်ဖိုး - ယခင်က ဤကောင်လေးသည် ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်တွင် အဆင့်၂၀ ဖြစ်ခဲ့စဉ် ဝေဖန်ပြောဆိုမှုများစွာ ရှိလာခဲ့၏။ သူ့မှာ ထိုအဆင့်သတ်မှတ်ချက်နှင့် ထိုက်တန်သော လက်ခံယုံကြည်နိုင်လောက်စရာ တိုက်ပွဲမှတ်တမ်းများ နည်းလွန်းသည်ဟု လူတိုင်းက ခံစားမိခဲ့ကြသည်။ သို့သော်လည်း ချိပ်စည်းအတွက် ဤတိုက်ပွဲသည် ဤကောင်လေး၏ ခွန်အားကို သက်သေပြဖို့ ကောင်းကောင်းလုံလောက်နေပြီဖြစ်သည်။ ဝေဖန်ပြောဆိုမှုများအားလုံးကို ယခု သူက ကိုယ်တိုင်အနိုင်ယူခဲ့လေသည်။”

တက္ကသိုလ်တပည့်ဂိုဏ်းသားများစွာသည် ဆူဇီမိုကို စိန်ခေါ်ဖို့ ဤနေရာသို့ ရောက်ရှိလာသော ထျန်ကျဲနှင့် အခြားပြင်ပကျင့်ကြံသူများကို လှည့်ကြည့်ကာ လှောင်ရယ်လိုက်ကြ၏။

ထျန်ကျဲနှင့် အခြားသူများ၏ အမူအရာများက ကြောက်ရွံ့စွာဖြင့် ပျက်ယွင်းသွားကြ၏။

ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်ပေါ်မှ သတင်းအချက်အလက်သည် သူတို့ကို တုန်လှုပ်၍ ကောင်းကောင်းချွေးပြန်လာစေ၏။

ရိုးရှင်းသော သတင်းအချက်အလက်တချို့ကပင် သူတို့အပေါ် မွန်းကျပ်ဖွယ်ရာကောင်းသော ဖိအားတစ်ခုကဲ့သို့ ကျရောက်လာ၏။

“ဆူဇီမိုသည် အဆင့်-၇ ကောင်းကင်အင်မော်တယ်တစ်ယောက်၏ ကျင့်ကြံမှုဖြင့် ထိပ်သီးကောင်းကင်အင်မော်တယ် ခြောက်ဦးနှင့် ဆန့်ကျင်တိုက်ခိုက်ခဲ့ပြီး နောက်ဆုံးမှာ အနိုင်ရရှိခဲ့သည်။ ထိုအရာက တကယ့်ကို​ ထူးခြားအံ့မခန်းဖြစ်လေသည်။”

“တိုက်ခိုက်ရည်ခွန်အားမှာ သူပြသခဲ့သော တိုက်ခိုက်ရည်ပါရမီနှင့် အခြေအနေအပေါ် ထိန်းချုပ်နိုင်စွမ်းက အရမ်းကို တုန်လှုပ်စရာကောင်းလေသည်။ သူသည် ပြတ်သားစွာဖြင့် ထက်ရှစွာ တိုက်ခိုက်ခဲ့၏။ သူသည် ထိန်းမနိုင်သိမ်းမရ စွမ်းပကားတစ်ခုနှင့်အတူ ပညာရှင်ခြောက်ဦး၏ ပူးပေါင်းမှုကို ဖျက်ဆီးကာ သူတို့ကို တစ်ယောက်ပြီးတစ်ယောက် အနိုင်ယူခဲ့သည်။”

“ဖြစ်စဉ်တစ်ခုလုံးက ရင်သပ်ရှုမောဖွယ်ရာကောင်းပြီး ပြီးပြည့်စုံလုနီးပါးဖြစ်ခဲ့သည်။ ကျုပ်တို့ခြောက်ယောက်သည် ကံကောင်းစွာဖြင့် ဤတိုက်ပွဲကို မြင်တွေ့ခွင့်ရခဲ့ကာ ကျုပ်တို့၏ ခရီးစဉ်က အလဟဿမဖြစ်ခဲ့ဟု ခံစားရလေသည်။”

ဂမ္ဘီရမိုးကောင်းကင်နန်းတော်၏ ပကတိအင်မော်တယ်ခြောက်ဦးသည် ဆူဇီမို၏ အကဲဖြတ်တန်ဖိုးကို အလွန်တရာမြင့်မားစွာ သတ်မှတ်လိုက်ကြ၏။ တက္ကသိုလ်မှ တပည့်ဂိုဏ်းသားများစွာသည် သူတို့၏ သွေးများ ဆူပွက်လာသည်ဟု ခံစားရပြီး သူတို့သည် ဆူဇီမို၏ ဂုဏ်ကျက်သရေကို မျှဝေယူနေရသည်ဟု ခံစားရလေသည်။

“ဤတိုက်ပွဲမှာ ဖော်ပြဖို့ထိုက်တန်သော နောက်ထပ်အချက်အလက်တစ်ခု ရှိလေသည်။ ဆူဇီမိုသည် လေ့ရွှမ်ကို စီးပိုးခြယ်လှယ်စွာ ဖမ်းဆီးပြီးနောက် ထိုသူကို လွှတ်ပေးကာ သူက လေ့ရွှမ်ကို တစ်ခါဖိနှိမ်နိုင်လျှင် နောက်တစ်ခါဖိနှိမ်နိုင်သည်ဟု ထုတ်ဖော်ကြေညာခဲ့လေသည်။”

“နောက်ပိုင်းတွင် သူပြောထားသည့်အတိုင်း လေ့ရွှမ်သည် နောက်တစ်ဖန် ဖမ်းဆီးခံခဲ့ရ၏။ ဆူဇီမိုကလည်း သူ့ကတိကို သူတည်ပြီး လေ့ရွှမ်ကို တစ်ဖန်ပြန်လွှတ်ပေးခဲ့သည်။”

“ဤကောင်လေးသည် သတ်ဖြတ်ရာမှာ ပြတ်သားပြီး သူ၏ တိုက်ခိုက်မှုများက ထက်ရှလေသည်။ သို့သော်လည်း သူ့မှာ သဘောထားကြီး၍ စာနာထောက်ထားတတ်သော စိတ်လည်း ရှိလေသည်။ ထိုအရာက ရှားရှားပါးပါးဖြစ်ပြီး သူ၏ အနာဂတ်အောင်မြင်ပေါက်မြောက်မှုများက အကန့်အသတ်မဲ့နေပေမည်။ ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်သည် ဤလူနှင့်အတူ သေချာပေါက် ထွန်းတောက်လာပေဦးမည်။”

သူ၏ တိုက်ပွဲမှတ်တမ်းများနှင့် အကဲဖြတ်တန်ဖိုးသည် စာမျက်နှာတစ်မျက်နှာလုံးလုံး နေရာယူထား၏။ တိုက်ပွဲနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များစွာ မရှိသော်လည်း ထိုအရာသည် စဉ်းစားတွေးတောဖို့အတွက် အခန်းများစွာကို ချန်ထားခဲ့လေသည်။

ဤတိုက်ပွဲသည် သမိုင်းမှတ်တမ်းမှာ သေချာပေါက် မှတ်တမ်းတင်ခံရမည်ဟု လူတိုင်းက သေချာပြောနိုင်၏။ ဆူဇီမိုသည် ဂမ္ဘီရမိုးကောင်းကင်မှာ ကျော်ကြားလာမည့်အပြင် သူသည် ယွင်ထင်နှင့် ရင်ဘောင်တန်း ရပ်တည်နိုင်မည့် မိုးကောင်းကင်ကိုးလွှာ အင်မော်တယ်မဟာနယ်မြေမှာ ရေပန်းအစားဆုံး ကောင်းကင်အင်မော်တယ်များထဲမှာ တစ်ယောက်ဖြစ်လာပေမည်။

ထိုစဉ်မှာပင် လူအုပ်ကြားထဲမှာ အုန်းအုန်းကျက်ကျက် အသံတချို့ထွက်ပေါ်လာ၏။

ထန်ကျဲ… လင်းမူ… နတ်မိမယ်ပိုင်ဟွားနှင့် အခြားပြင်ပကျင့်ကြံသူများသည် ဤနေရာကနေ ထွက်ခွာချင်သော်လည်း တက္ကသိုလ်မှာ တပည့်ဂိုဏ်းသားများစွာက သူတို့ကို တားဆီးထား၏။

“အားလုံးပဲ… ခင်ဗျားတို့တွေက ဒီလောက်အလောတကြီး ဘယ်ကိုသွားကြမလို့လဲ”

“ဒီမှာ နောက်ထပ် ရက်နည်းနည်းလောက် နေကြပါဦး… မဟုတ်ရင် ကျုပ်တို့ ကောင်းကင်နဲ့မြေကြီးတက္ကသိုလ်က ကျုပ်တို့ရဲ့ အထူးဧည့်သည်တွေအပေါ် ရိုင်းပျတယ်လို့ တခြားလူတွေက ထင်ကုန်ကြလိမ့်မယ်”

တက္ကသိုလ်မှ တပည့်ဂိုဏ်းသား သိန်းချီက ထိုးဖောက်မရသော ပုံစံဖြင့် ဤနေရာကို ဝိုင်းပတ်ထား၏။

ထန်ကျဲနှင့် အခြားသူများသည် ဘေးပတ်လည်မှာ ရှိသော လူအုပ်ကြီးကိုကြည့်ပြီး သူတို့အပေါ် ဖိအားက ပို၍ကြီးမားလာ၏။ သူတို့က ထိတ်ထိတ်ပျာပျာ အမူအရာများနှင့်အတူ ပြောလိုက်ကြ၏။

“ကျုပ်… ကျုပ် ဒီမှာ ဆက်မနေတော့ဘူး…. ကျုပ် တစ်ခုခုလုပ်စရာ ရှိသေးတယ်… အဲဒါကြောင့် ကျုပ် အရင်ပြန်နှင့်ပါတော့မယ်”

“ဟုတ်တယ် ဟုတ်တယ်”

လင်းမူကလည်း အလောတကြီး ထပ်ပြောလိုက်၏။

“အရှင်စုန့်စဲက တစ်ခုခုဖြစ်သွားတယ်… ကျုပ် ပြန်ပြီးတော့ သူ့ရဲ့ဈာပနကို စီစဉ်ပေးရဦးမယ်”

ယန်ပင်းယင်က ညင်သာစွာ ပြုံးပြလိုက်၏။

“တာအိုရောင်းရင်းတို့…. ရှင့်တို့တွေက စီနီယာအစ်ကိုဆူကို စိန်ခေါ်ဖို့အတွက် သူပြန်လာတာကို မစောင့်ကြတော့ဘူးလား”

“ဟင့်အင်း… ဟင့်အင်း”

ထန်ကျဲနှင့် အခြားသူများက ကြောက်ရွံ့စွာဖြင့် တုန်လှုပ်သွားပြီး အလောတကြီး လက်ကာပြလိုက်၏။

ပြင်ပကျင့်ကြံသူ တစ်ထောင်ကျော်ကလည်း သူတို့၏ ခေါင်းများကို ကြောက်ရွံ့စွာဖြင့် ခါယမ်းပြလိုက်၏။

ထန်ကျဲနှင့် အခြားသူများက အမှန်တကယ်ပင် ကြောက်ရွံ့နေကြပြီဖြစ်သည်။

ဆူဇီမို ပြန်လာပြီးနောက် သူတို့က အသက်ရှင်လျက် ပြန်နိုင်ဦးမည်ဟု ဘယ်သူပြောနိုင်ပါ့မလဲ။

စုန့်စဲပင်လျှင် လှုပ်ရှားကွက်တစ်ကွက်တည်းဖြင့် သေကြေပျက်စီးရသည်ဆိုလျှင် သူတို့ထဲမှ ဘယ်သူကများ သူ့ကို ခုခံဆန့်ကျင်နိုင်မှာလဲ။

ယန်ပင်းယင်က လှောင်ပြောင်သရော်လိုသော အမူအရာနှင့်အတူ လက်ကာပြလိုက်၏။

တက္ကသိုလ်မှ လူတိုင်းက လမ်းကြောင်းတစ်ခုကို ဖွင့်လှစ်ပေးလိုက်လေသည်။

ဟားတိုက်ရယ်မောသံများကြားမှာ ထန်ကျဲနှင့် အခြားသူများသည် အိမ်မွေးတိရစ္ဆာန်များကဲ့သို့ အပြေးအလွှား ထွက်ခွာသွားကြတော့သည်။

All Chapters