အခန်း (၃၈)
Vol. 3 Ch. 38
ဖန့်ရှောင်နွမ်က ဆူညံတာတွေကြားတော့ နိုးလာခဲ့သည်။ သူမက အခုထိ သေချာမစဉ်းစားနိုင်သေးဘဲ ကျီလင်းချန် လဲကျမှာကိုပဲ စိတ်ပူနေသည်။ သူမ ထပြီး ကျီလင်းချန်ဆီကို လျှောက်သွားခဲ့သည်။ သူမက သူ့ရဲ့လက်ကို ကိုင်ပြီး “ရှင် ဘယ်ကို သွားနေတာလဲ? ကျွန်မ ကူပေးမယ်၊ လဲမကျစေနဲ့”လို့ ပြောလိုက်သည်။
ကျီလင်းချန်က သူ့လက်သူ ပြန်ဆွဲထားသည်။ “မလိုဘူး။”
ဖန့်ရှောင်နွမ်က ကျီလင်းချန်ရဲ့လက်ကို ပြန်ဆွဲထားပြန်သည်။ “ရှင် လဲကျသွားရင် ဘယ်လိုလုပ်မလဲ? ကျွန်မရှင့်ကို မသယ်နိုင်ဘူးနော်။ ရှင် ဘယ်ကို သွားနေတာလဲ?”
ဒီအချိန်တော့ ကျီလင်းချန်က သူ့လက်ကို ပြန်မဆွဲတော့ပေ။ အဲ့ဒီအစား သူက ရေချိုးခန်းကို ထိုးပြလိုက်သည်။ သူရောက်တဲ့အခါ သူက အိမ်သာရှေ့မှာ မရွေ့ဘဲနဲ့ ရပ်နေသည်။ ဖန့်ရှောင်နွမ်က အိပ်ပျော်နေပုံရသည်။ သူမက သူ့ဘေးနားရပ်လိုက်ပြီး သူ့ကို လှည့်ကြည့်လိုက်သည်။ ဒါပေမဲ့ သူကတော့ တစ်လက်မတောင် မရွေ့ပေ။
“မင်း နားမလည်လား? ဒါမှမဟုတ် နားမလည်ချင်ယောင် ဆောင်နေတာလား? မင်း ရေချိုးခန်းထဲက မထွက်သေးဘူးလား?”လို့ ကျီလင်းချန်က မေးလိုက်သည်။
ဖန်ရှောင်နွမ်က နားမလည်ဘူးဖြစ်နေသည်။ သူမက အိမ်သာကိုမြင်မှသာ အသိပြန်ဝင်လာတော့သည်။ “ကျွန်မ တောင်းပန်ပါတယ်။ ကောင်းကောင်းနေခဲ့ပါ။ ကျွန်မသွားပြီ” အဲ့လိုပြောပြီးနောက် ဖန့်ရှောင်နွမ်က ရေချိုးခန်းထဲက ရေးကြီးသုတ်ပျာထွက်သွားခဲ့သည်။ သူမက နောက်က ရေချိုးခန်းတံခါးကိုလည်း ပိတ်လိုက်သည်။
ကျီလင်းချန်က သူမထွက်သွားတာကိုကြည့်ပြီး ပြုံးနေသည်။
ဖန့်ရှောင်နွမ်က ကျီလင်းချန် လဲကျမှာကို ကြောက်ပြီး ရေချိုးခန်းတံခါးနားမှာ စောင့်နေသည်။ ခဏလောက်ကြာတော့ ရေချိုးခန်းထဲက ရေသံတွေကို ကြားလိုက်သည်။
သူမက “ကျီလင်းချန်၊ ရှင် ရေချိုးနေတာလား?” လို့ မေးလိုက်သည်။
ကျီလင်းချန်က “ဟုတ်တယ်”လို့ ပြောလိုက်သည်။
ဖန့်ရှောင်နွမ်က “ရှင် ခေါင်းမူးနေသေးလား? ကျွန်မ ရှင့်ကိုကူညီဖို့ တစ်ယောက်ယောက်ကို ခေါ်ပေးဖို့လိုသေးလား? လို့ ပြောလိုက်သည်။
ကျီလင်းချန်က “မလိုဘူး”လို့ ဖြေလိုက်သည်။
ဖန့်ရှောင်နွမ်က သူနဲ့ပတ်သတ်ပြီး တော်တော်လေးကောင်းပြနေသည်။ “အိုကေ၊ ရှင်တစ်ခုခုလိုရင် ကျွန်မကို ပြော။” ဒါပေမဲ့ အဲ့လိုပြောလိုက်လို့ သူမ တော်တော်လေး နောင်တရနေသည်။ သူသာ တစ်ခုခုလိုရင် သူမ ဘာလုပ်ပေးမှာလဲ?
“ဒါဆိုလည်း လာပြီး ငါ့ကျောကို ချေးတွန်းဖို့ ကူညီပေးဉီး” ကျီလင်းချန် သူ့ရဲ့မိန်းမကို စလိုက်သည်။
ဖန့်ရှောင်နွမ်က ကျီလင်းချန်ကို ကန်ချင်သလိုမျိုး ရေချိုးခန်းတံခါးကို ကန်လိုက်သည်။ “ကျွန်မ ရှင့် အစ်ကိုကို ပြောပြီးတော့ လာကူညီခိုင်းလိုက်မယ်။”
အဲ့လိုပြောပေမဲ့ တကယ်ကြီး မြို့တော်ဝန်ကျီကို သွားခေါ်လောက်အောင်ထိ ဖန့်ရှောင်နွမ် မတုံးအပေ။ သူမက ဆိုဖာပေါ်ထိုင်လိုက်ပြီး ကျီလင်းချန် သတိများမေ့သွားလားဆိုပြီး တွေးနေမိသည်။ သူသာ သူအရက်မူးတုန်းက လုပ်တာတွေ အကုန်မေ့သွားရင် သူနမ်းခဲ့တာကိုလည်း မမှတ်မိလောက်ပေ။ ဒါပေမဲ့ သူသာ အကုန်လုံးကို သတိရရင် နောက်တစ်ခါ သူတို့နှစ်ယောက်ပြောဆိုဆက်ဆံဖို့ နည်းနည်းထူးဆန်းလိမ့်မည်။
ဖန့်ရှောင်နွမ်က ကြည့်ပြီး သက်ပြင်းချလိုက်သည်။ သူမရဲ့ ပထမဆုံးအနမ်းက ဒီလိုနဲ့ပဲ ပြီးသွားသည်။
ခဏနေတော့ ရေချိုးခန်းထဲက လူက “ဖန့်ရှောင်နွမ်”လို့ ခေါ်လိုက်သည်။
“ဘာဖြစ်တာလဲ? ကျွန်မ ဒီမှာ။ ရှင်ကျောကုန်းကို ချေးတွန်းဖို့တော့ ခိုင်းမှာမဟုတ်ဘူးမလား?”လို့ မတုံ့မဆိုင်းဘဲ ဖန့်ရှောင်နွမ်က ပြောလိုက်သည်။
ကျီလင်းချန်က “တဘက်တွေ ဘယ်မှာလဲ”လို့ မေးလိုက်သည်။
“ကျွန်မ သိမ်းထားပြီးပြီ။ ကျွန်မတို့ တန်းအိမ်ပြောင်းမယ်လို့ ထင်မိလို့။ ခဏစောင့်ပါဉီး။ ကျွန်မ သွားယူဉီးမယ်”လို့ ဖန့်ရှောင်နွမ်က ရှက်ကြောက်သလိုလေး ပြန်ဖြေလိုက်သည်။
အဲ့လိုပြောပြီးတော့ ဖန့်ရှောင်နွမ်က အဝတ်ခန်းထဲကို ပြေးသွားခဲ့သည်။ သူမက အဖြူရောင်တဘက်ကို ယူပြီးတော့ ရေချိုးခန်းတံခါးဆီ တန်းပြေးသွားသည်။ သူမ တံခါးခေါက်လိုက်ပြီးနောက် ပြောလိုက်သည်။ “နည်းနည်းလောက် တံခါးဖွင့်ပေးလေ၊ အဲ့ဒါမှ ရှင် တဘက်ယူလို့ရမှာ”
ကျီလင်းချန် တံခါးကို အနည်းငယ် ဖွင့်လိုက်သည်။ သူက တဘက်ယူမယ့်အလုပ်မှာ သူ ဖန့်ရှောင်နွမ်ရဲ့ တင်းကျပ်စွာပိတ်ထားတဲ့ မျက်လုံးတွေကို တံခါးပွင့်နေတဲ့ကြားထဲကနေ တွေ့လိုက်သည်။ သူက တဘက်ပတ်ပြီး အပြင်ထွက်လာခဲ့သည်။ ဖန့်ရှောင်နွမ်က အဲ့ဒီမှာ မှင်သက်စွာ ရပ်နေမိသည်။
ကျီလင်းချန်က အင်္ကျီမဝတ်မထားတော့ သူ့ရဲ့ ဗိုက်ကြွက်သားတွေကို အတိုင်းသားမြင်နေရသည်။ ဖန့်ရှောင်နွမ်က သူ့ရဲ့ ခါးနဲ့ ဗိုက်ပေါ်မှာ အမွှေးတွေ တွေ့လိုက်သည်။ သူမရဲ့ မျက်နှာက ရုတ်တရက်နီလာသည်။ ကျီလင်းချန်က သူ့ဆံပင်ကို သုတ်နေသည်။ ပြီးတော့ သူက ဖန့်ရှောင်နွမ်ကို ကြည့်ပြီးတော့ “မင်းရှက်နေရင်၊ ဘာလို့ ဟိုဘက်လှည့်မနေတာလဲ?”လို့ ပြောလိုက်သည်။
ဖန့်ရှောင်နွမ်က ခေါင်းမာသည်။ “ကျွန်မ မရှက်ပါဘူး။ ကျွန်မရေကူးတုန်းကဆိုရင် ရှင့်လောက်တောင် မဝတ်ထားတဲ့ ယောကျာ်းအများကြီးပဲ တွေ့ဖူးတယ်။”
“ဒါဆို မင်းနားတွေးက ဘာလို့နီနေတာလဲ”လို့ ကျီလင်းချန်က ပြန်မေးလိုက်သည်။
“ဒီအခန်းက နည်းနည်းပိတ်လှောင်နေတယ်၊ ကျွန်မ ပူလို့။” ဖန့်ရှောင်နွမ်က မျက်တောင်ခတ်ပြီး ဆင်ခြေပေးလို့ရမယ့်ဟာတွေ့ပြီးတော့ လှည့်ကာ ထွက်သွားသည်။ သူမက ကျီလင်းချန်ကို ထပ်မကြည့်တော့ဘူး။
ကျီလင်းချန်ရဲ့ နှုတ်ခမ်းတွေ လိပ်တက်သွားသည်။ သူက ညဝတ်အင်္ကျီလဲဖို့ အဝတ်ခန်းထဲကိုသွားသည်။ သူအခန်းထဲကို ပြန်လာတဲ့အခါ ဖန့်ရှောင်နွမ်က သူစားဖို့ ချန်ထားတဲ့ညစာကို စားပွဲပေါ်မှာ ပြင်ပေးထားသည်။ “နည်းနည်းတော့ အေးနေပြီ၊ ဒါပေမဲ့ စားလို့ရပါတယ်။ ဒီအချိန် အားလုံးက အိပ်နေကြတော့ ကျွန်မ ရှင့်ညစာကို နွှေးပေးလို့မရဘူး။”
ကျီလင်းချန်က ဆိုဖာပေါ်ထိုင်လိုက်သည်။ ဖန့်ရှောင်နွမ်က သူ့ကို တူ လှမ်းပေးလိုက်သည်။ “ရှင့်ဖို့ ချန်ထားတဲ့ ညစာကို ကျွန်မ ထိတောင်မထိထားဘူး။”
“ငါဘယ်လို ပြန်ရောက်လာတာလဲ?” ကျီလင်းချန်က ဘာပြန်ဖြေမလဲဆိုတာ သိတာတောင် မေးလိုက်သည်။
“ဟမ်… ရှင်မသိဘူးလား?” ဖန့်ရှောင်နွမ်ရဲ့ မျက်လုံးတွေက ပျော်သလိုလို၊ သိချင်တဲ့ပုံလိုလို ဖြစ်နေသည်။
ကျီလင်းချန်က ခေါင်းကိုက်နေတယ်ဆိုပြီး ဟန်ဆောင်လိုက်သည်။ “ငါ အရမ်းသောက်ခဲ့လို့၊ မေ့သွားပြီ။”
ဖန့်ရှောင်နွမ်က မျက်လုံးဝေ့လိုက်သည်။ ကောင်းတာပေါ့။ သူ မေ့သွားပြီ။ သူမက မကောင်းတဲ့အကြံနဲ့ ပြောလိုက်သည်။ “ရှင် ဘယ်လိုပြန်လာတာလဲဆိုတာတော့ ကျွန်မ မသိဘူး။ ဒါပေမဲ့ ရှင်မူးတုန်းကတော့ တကယ်ပျော်စရာကောင်းခဲ့တယ်။ ရှင်က ဧည့်ခန်းထဲမှာ ကနေတာ၊ ပြီးတော့ ကျွန်မတို့ကိုတောင် ရှင့် ပရိသတ်လုပ်ခိုင်းသေးတယ်။ ရှင် ကပြီးတော့ ကျွန်မတို့က လက်ခုပ်တီး အားပေးခဲ့တယ်။”
ကျီလင်းချန်မှာ ပြောစရာပျောက်ရှနေသည်။ “ငါမူးနေရင် ဘာမှမမှတ်မိဘူးလို့ မင်း ထင်နေတာလား? မင်း ငါ့ကို လှည့်စားလို့ရမယ်လို့ မင်းထင်နေလား?”
ဖန့်ရှောင်နွမ်က ကိစ္စကိုပိုပြီးတောင် ဆိုးအောင်ပြောလိုက်သည်။ “တကယ်၊ တကယ်။ ရှင်သာ ကျွန်မကို မယုံရင် ရှင့်အစ်ကိုကို မေးလို့ရတယ်။ ရှင် ကပြီးတော့တောင် ကျွန်မတို့ကို ယဉ်ယဉ်ကျေးကျေး အရိုအသေပေးခဲ့သေးတယ်”