အခန်း (၃၉)
Vol. 3 Ch. 39
ကျီလင်းချန် မေးလိုက်သည်။ “ငါ ဘယ်အက ကခဲ့တာလဲ? သီချင်းကော ဖွင့်သေးလား?”
“ဖွင့်ခဲ့တာပေါ့။ အဲ့ဒီသီချင်းပဲ။ ရှင်က တိုင်းရင်းသားပုံစံနဲ့ ကတာ တအားမိုက်နေတာ။ ရှင် ကတာ ကောင်းလွန်းလို့ ကျွန်မတို့တောင် ထိုင်ကြည့်ရတယ်။ နောက်ပြီးတော့မှ၊ ရှင်က ကျွန်မတို့ကို လက်ခုပ်တီးအားပေးဖို့ ပြောတာ။”
ကျီလင်းချန် “အဲ့ဒီသီချင်းက ဘာလဲ?”လို့ မေးလိုက်သည်။
“အဲ့ဒါက နာမည်ကြီးသီချင်းတစ်ပုဒ်ပဲ၊ “သိမ်းငှက်တို့ရဲ့ ဒဏ္ဍာရီ” ကောင်းကင်မှာ မင်းဟာ အလှဆုံးတိမ်တိုက်လေးပါ၊ မင်းငါ့နားမှာ နေအောင် အကောင်းဆုံးကြိုးစားခွင့်ပြုပါ….” ဖန့်ရှောင်နွမ်က သီချင်းဆိုနေရင်းနဲ့ တစ်ခုခုလွဲနေပြီဆိုတာ သိလိုက်ရသည်။ သူမက နည်းနည်း အံ့ဩသွားသည်။ “ရှင် ဒီသီချင်းကို တစ်ခါမှ မကြားဖူးဘူးလား?”
ကျီလင်းချန်က “ငါ တစ်ခါမှ မကြားဖူးဘူး။ ငါ အဲ့ဒီသီချင်းဖွင့်တယ်ဆိုတာ မဖြစ်နိုင်ဘူး”လို့ ပြောလိုက်သည်။
ဖန့်ရှောင်နွမ်က သူ့ကို မယုံနိုင်ဘူး ဖြစ်နေသည်။ သူမက ကျီလင်းချန်ရဲ့ ပုခုံးလေးကိုပုတ်ပေးလိုက်သည်။ “ဟန်ဆောင်နေတာ ရပ်ပါတော့။ ဒီသီချင်းက တစ်နိုင်ငံလုံးမှာ နာမည်အကြီးဆုံးပဲ။”
“ငါတစ်ခါမှ သီချင်းနားမထောင်ဖူးဘူး။ ဘယ်လောက်ပဲ နာမည်ကြီးကြီး ငါမသိဘူး။ ငါ့ဖုန်းထဲမှာလည်း အဲ့သီချင်း မရှိဘူး။ ” ကျီလင်းချန်က စနောက်ပြီး ပြောလိုက်သည်။
အဲ့လိုပြောလိုက်လို့ ဖန့်ရှောင်နွမ်က ရှက်သွေးဖြာသွားသည်။ သူက သူမ လိမ်တာတွေကနေ သိလိုက်သည်။
“မင်းက အခွင့်ကောင်းယူပြီးတော့ ငါ့ကို လိမ်တာမလား?”လို့ ကျီလင်းချန်က မေးလိုက်သည်။
ဖန့်ရှောင်နွမ်က မျက်တောင်ခတ်လိုက်ပြီး မြန်မြန်ပဲ စကားလမ်းကြောင်း လွှဲလိုက်သည်။ “ရှင် စားနေတာ ခဏလောက်တောင်ကြာနေပြီ။ ရှင် ရေမဆာဘူးလား? ရှင့်ကို ကျွန်မ ရေခပ်ပေးရဉီးမလား” အဲ့လိုပြောပြီးတော့ ဖန့်ရှောင်နွမ်က ထွက်ပြေးသွားသည်။
သူစားနေတာ နှစ်မိနစ်တောင် မပြည့်သေးဘူး။ ကျီလင်းချန်က ဖန့်ရှောင်နွမ် ထွက်ပြေးသွားပုံကို ကြည့်ပြီး ခေါင်းခါကာ မတတ်နိုင်စွာ ပြုံးနေမိသည်။
သူမ ဧည့်ခန်းထဲရောက်တဲ့အခါ ဖန့်ရှောင့်နွမ်က ဖန်ချီကို တွေ့လိုက်ရသည်။ သူမက လျှောက်နေတာ ရပ်လိုက်သည်။ ဖန်ချီ ဖန့်ရှောင်နွမ်ကို တွေ့တဲ့အခါ မှင်သက်သွားသည်။ သူတို့နှစ်ယောက်လုံးက တစ်ယောက်နဲ့တစ်ယောက် ရန်မဖြစ်ချင်မှန်း သိကြသည်။ ဒါကြောင့် သူတို့ ဉီးတည်ရာက ရေအေးစက် ကိုသာဖြစ်သည်။ သူတို့ ရေသောက်ပြီးတဲ့အခါ ရေအေးစက်အသံပဲ ကြားရလောက်တဲ့အထိကို တိတ်ဆိတ်နေသည်။
“မနက်ဖြန် ဘယ်အချိန် အိမ်ပြောင်းမှာလဲ?” ဖန်ချီက ရေအေးစက်ကိုကြည့်ပြီးတော့ မဖြေလည်း ဘာမှမဖြစ်ဘူးဆိုတဲ့ပုံစံဟန်ဆောင်ပြီး မေးလိုက်သည်။ သူမဆီမှာ မောက်မာပြောဆိုသံမရှိတော့ပဲ နူးညံ့လာသည်။
......
ဖန့်ရှောင်နွမ် - “ကျွန်မယောကျာ်း အရက်မူးပြေမှပဲ အဲ့အကြောင်းထပ်ပြောမှာ။”
“နင်တို့ သွားရင်၊ ပြန်မလာနဲ့။ ကျီမိသားစုက လင်းချန်နဲ့ပဲသက်ဆိုင်တာ တစ်ပြားတစ်ချပ်တောင် မလျော့ဘူး။ ဒါပေမဲ့ ကျီမိသားစုရဲ့ သခင်မကတော့ ငါတစ်ယောက်ပဲ ဖြစ်ရမယ်။ နင်က ငါနဲ့ ယှဉ်ပြိုင်ဖို့ အရမ်းငယ်ပါသေးတယ်။ ငါတို့နှစ်ယောက်လုံးက တစ်ယောက်နဲ့တစ်ယောက် သဘောမကျပေမဲ့ အေးအေးချမ်းချမ်းဖြစ်အောင် ယဉ်ယဉ်ကျေးကျေးဆက်ဆံကြတာပေါ့။ နင်သာ လောဘကြီးပြီး ကျီလုပ်ငန်းစုကို အပိုင်စီးရင်တော့ နင့်ကို ငါက လွှတ်ထားမှာ မဟုတ်ဘူး။ “ ဖန်ချီက ရေဘူးအဖုံးပိတ်ရင်းနဲ့ ပြောလိုက်သည်။
ဖန့်ရှောင်နွမ်က နားမလည်နိုင်ဖြစ်သွားရသည်။ သခင်မ? အပိုင်စီးတာ? “ရှင်ပြောတာတွေ ကျွန်မနားမလည်ဘူး။ ဘာကို ပြောချင်နေတာလဲ?”
“နင်က နားမလည်ဘူး။ နင်က ငါ့ကိုကျော်ပြီး ကျီမိသားစုရဲ့ သခင်မ မဖြစ်ချင်ဘူးလား? ပြီးတော့ နင်က လင်းချန်ကို နင်လိုချင်တာလုပ်ခိုင်ပြီး ကျီလုပ်ငန်းစုကို နင်တို့နှစ်ယောက်လုံး အပိုင်စီးမှာလေ။” ဖန်ချီက အရွဲ့တိုက်သလိုနဲ့ ရယ်လိုက်သည်။ သူမက ဘာလို့ အဲ့လောက်ထိ ဘွင်းဘွင်းရှင်းရှင်း ပြောလိုက်မိမှန်းတောင် မသိလိုက်ပေ။ ဖန့်ရှောင်နွမ်က ဘာကို ဝှက်ထားတာလဲ?
ဖန့်ရှောင်နွမ်က ကျီလင်းချန်ရဲ့ ရေခွက်ကို ကိုင်ထားပြီး သူမရဲ့ အကြည့်တွေက ကြည်လင်ရိုးသားနေသည်။ သူမက ဖန်ချီကို “ကျွန်မက ရှင့်ဆီက သခင်မရာထူးကို လုဖို့လည်း တစ်ခါမှမတွေးခဲ့ဘူး။ ပြီးတော့ ကျီမိသားစုက ကျီမိသားစုနဲ့ပဲ သက်ဆိုင်တယ်၊ ကျွန်မနဲ့ မသက်ဆိုင်ဘူး။ ယောင်းမ၊ ဘာအကြောင်းနဲ့မှ ရှင်နဲ့ ရန်မဖြစ်ချင်တော့ဘူး။”
ဖန်ချီက “ဖန့်ရှောင်နွမ်၊ နင် ရိုအာကို အနိုင်ကျင့်တုန်းက ပြောခဲ့တာတွေကို မေ့သွားပြီလား?”လို့ ပြောလိုက်သည်။
“ကျွန်မက ရိုအာကို အနိုင်ကျင့်တာ?” ဖန့်ရှောင်နွမ်က သူမကိုယ်သူမ လက်ညှိုးထိုးပြပြီး အံ့ဩတကြီးနဲ့မေးလိုက်သည်။
ဖန်ချီက ပြန်ဖြေလိုက်သည်။ “လင်းချန်က တော်တယ်ဆိုတာကို ငါသိတယ်။ အဲ့ဒါကြောင့်လည်း မိန်းကလေးတိုင်က သူ့ကို ကြိုက်တာ။ နင်က ရိုအာရှေ့မှာ မောက်မာစွာပြုမူပြီး သူမကိုလည်း အနိုင်ကျင့်ခဲ့တယ်လေ။ ပြီးတော့ နင်က ကျီမိသားစုကို ဉီးဆောင်ချင်ပြီး ငါ့နေရာကိုလိုချင်တယ်လို့တောင် ပြောခဲ့တယ်လေ။ ဘာလဲ၊ နင်က ဝန်ခံရမှာကို ကြောက်နေတာလား?”
ဖန်ရှောင်နွမ်က ဒီနားမလည်မှုဖြစ်နေတာကို အမြန်ဆုံးဖြေရှင်းချင်သည်။ သူမက ဖန်ချီရဲ့ လက်မောင်းကို ချိတ်လိုက်ပြီး “ဒီကိစ္စက ရှင်းရှင်းလင်းလင်းဖြစ်သွားအောင် ရှင်းပြလို့ရတယ်။ ဒီရက်တွေမှာ ရှင်ဘာလို့ ကျွန်မကို အပြစ်ရှာနေတာလဲဆိုတာကို အခုမှပဲ နားလည်တော့တယ်။ တစ်ယောက်ယောက်က ကျွန်မတို့နှစ်ယောက်ကြားမှာ မဟုတ်တဲ့စကားတွေနဲ့ အမုန်းပွားအောင်လုပ်ထားတာကို။ ဘယ်တုန်းကမှ ကျီမိသားစုရဲ့ သခင်မဖြစ်ချင်တယ်လို့လည်း မပြောဖူးသလို ကျီလုပ်ငန်းစုနဲ့ ပတ်သတ်တာကိုလည်း ဘာမှမပြောဘူးဆိုတာကို ကျွန်မ ကျိန်ဆိုရဲတယ်။ အမှန်က ကျွန်မ ရိုအာကို စကားတစ်လုံးနှစ်လုံးထက်တောင် ပိုမပြောခဲ့ဘူး။ ကျွန်မ ပြောတာတွေထဲက မှားတာတွေပါရင်၊ ကျွန်မ အသေဆိုးနဲ့သေပါစေ။ မိန်းကလေးလင်းရိုက ရှင့်ကို ဘာတွေပြောခဲ့တာလဲဆိုတာကို ကျွန်မကို ပြောပါ၊ ယောင်းမ။”
ဖန်ချီက ဖန့်ရှောင်နွမ်ရဲ့ အတည်ပြောနေတဲ့ မျက်နှာထားကို ကြည့်လိုက်သည်။ လူတစ်ယောက်ရဲ့ မျက်လုံးက အမှန်ကို ပြောတယ်လို့ ဆိုရိုးစကားလည်း ရှိသည်။ ဖန်ချီက ဖန့်ရှောင်နွမ်ရဲ့ မျက်လုံးကနေ တကယ် အမှန်တွေပြောနေတယ်ဆိုတာ တွေ့လိုက်ရသည်။
ဖန်ချီက သူမ ဟိုတယ်မှာနေခဲ့တဲ့ညကို အမှတ်ရလိုက်သည်။ သူမယောကျာ်းက သူမကို လင်းမိသားစုက အသုံးချတာခံနေရပြီး လင်းရိုက သူမကို သစ္စာဖောက်တယ်ဆိုတာကို ပြောခဲ့ပေမယ့် သူမ သူ့ကို မယုံခဲ့ပေ။ အခုတော့၊ ဖန့်ရှောင်နွမ်ကလည်း တစ်ယောက်ယောက်က အမုန်းပွားမှုဖြစ်အောင် လုပ်ခဲ့တာလို့ ပြောနေသည်။
“အဲ့ဒီနေ့က နင် အိမ်ပြန်သွားတဲ့နေ့ပဲ။ အဲ့ဒီနေ့လည်ခင်းက ရိုအာငိုသွားအောင် နင် ဘာပြောခဲ့တာလဲ?” ဖန်ချီက ဖန့်ရှောင်နွမ်ကို မေးလိုက်သည်။
“ကျွန်တော်လည်း သူမကို အဲ့ဒီနေ့ကပဲ တွေ့ခဲ့တာပါ။” ကျီလင်းချန်က နောက်မှာ ရုတ်တရက် ရောက်လာခဲ့သည်။ သူ စားပြီးသွားတော့ ဖန့်ရှောင်နွမ် ခပ်လာမယ့် ရေကို သောက်ချင်နေသည်။ ဒါ့ကြောင့် သူမကို ရှာဖို့ သူက ထွက်လာခဲ့တာပင်။ ဒါပေမဲ့ သူ ဖန်ချီနဲ့ ဖန့်ရှောင်နွမ်တို့ ပြောနေတာကို မထင်မှတ်ဘဲ ကြားသွားခဲ့သည်။