အခန်း (၄၀)
Vol. 3 Ch. 40
“မရီး၊ နွမ်နွမ်က မိန်းကလေးလင်းနဲ့ သုံးခါလောက်ပဲ ဆုံဖူးတယ်။ အဲ့သုံးကြိမ်လုံးမှာလည်း ကျွန်တော်ရှိနေတယ်။ သူမက မိန်းကလေးလင်းနဲ့ တစ်ခါမှ ရန်မဖြစ်ဖူးဘူး။ အနိုင်ကျင့်ဖို့ဆို ဝေးသေးတယ်။ ကျွန်တော်တို့ ပြန်လာတဲ့နေ့က မိန်းကလေးလင်းနဲ့ ပြောနေတာ ကျွန်တော်ပါ။” ကျီလင်းချန်က သူတို့ ဘာကြောင့်စကားပြောနေတာလဲဆိုတာ ကြားသွားခဲ့သည်။ ဖန်ချီ ဖန့်ရှောင်နွမ်ကို မေးလိုက်တဲ့အခါ သူက ပြောပြလိုက်သည်။
“အဲ့ဒါက ကျွန်တော်ပါ။ မိန်းကလေးလင်းက ကျွန်တော့်အပေါ် ဘယ်လိုခံစားရလဲဆိုတာကို မရီးလည်း သိမှာပါ။ အခု ကျွန်တော်က လက်ထပ်ပြီးပြီ။ ကျွန်တော်က မိန်းကလေးလင်းကို မဖြစ်နိုင်တော့တဲ့ ကျွန်တော့်အပေါ်ကို အချိန်မဖြုန်းပါနဲ့လို့ ပြောလိုက်တာ။” ကျီလင်းချန်က ပါးနပ်တဲ့သူပင်။ သူက ဘာတွေဖြစ်ခဲ့တာလဲဆိုတာ သိသွားသည်။
ဖန့်ရှောင်နွမ်က “ဟုတ်တယ်။ အဖေက ကျွန်မကို သူမနဲ့ ပြောခိုင်းတာကို မှတ်မိတယ်။ ဒါပေမဲ့ ကျွန်မက ကျီလင်းချန်နဲ့ သူမ အတူတူအချိန်ကုန်လို့ရအောင် သူ့ကို လွှတ်လိုက်တာ”လို့ ပြောသည်။
ဖန်ချီက အဲ့ဒါကို မယုံရဲဖြစ်နေသည်။ ဘယ်လိုပဲပြောပြော သူမနဲ့ လင်းရိုက နှစ်ပေါင်းများစွာကြာအောင်ခင်လာတဲ့ သူငယ်ချင်းတွေဖြစ်နေသည်။ သူမရဲ့ မျက်နှာက ကျီလင်းချန်ကို ကြည့်ရင်းနဲ့ စိတ်ရှုပ်နေပုံဖြစ်နေသည်။ သူမ တစ်ခုခုပြောချင်ပေမယ့် တုံ့ဆိုင်းနေသည်။ ဘယ်လိုပဲဖြစ်ဖြစ် ကျီမိသားစုထဲက ဘယ်သူကမှ ကျီလင်းချန်ကို ပြန်မမေးရဲကြပေ။
ကျီလင်းချန်က “မရီး၊ မင်းတို့ ပြောနေတာတွေကို အခုတင် ကျွန်တော်ကြားပြီးပြီ။ နှစ်တွေအများကြီးကြာနေတဲ့အတွက် မရီးစိတ်ပူနေတာကို ကျွန်တော်သိပါတယ်။ သေချာစဉ်းစားကြည့်ပါ။ ကျွန်တော်က မရီးကို ဘာလို့လိမ်ရမှာလဲ? အခုတင်၊ ကျီမိသားစုရဲ့ သခင်မဆိုတဲ့ ရာထူးကို ကျွန်တော့်မိန်းမက လက်ခံမှာ မဟုတ်ဘူးဆိုတာကို ပြတ်သားစွာ ပြောနိုင်တယ်။ ကျွန်တော်ကလည်း ကျီလုပ်ငန်းစုနဲ့ ပတ်သတ်ပြီး ဘာမှလုပ်မှာမဟုတ်ဘူး။ အဲ့ဒါက ကျီဝမ်ပိုင်တာပဲ။”
ကျီလင်းချန်က လင်းရိုနဲ့ ဘာမှမပတ်သတ်ချင်ခဲ့ဘူးဆိုတာလည်း သိရော ဖန့်ရှောင်နွမ်နဲ့ ဖန်ချီနဲ့က အံ့ဩသွားရသည်။ ဖန့်ရှောင်နွမ်က သူမယောကျာ်းက တခြားသူအပေါ်မှာ မေတ္တာရှိနေရဲ့သားနဲ့ သူမကို လက်ထပ်ခဲ့တဲ့ လူရှုပ်လူပွေဆိုပြီး အမြဲတမ်းထင်နေခဲ့သည်။ သူမက ကျီလင်းချန်ရဲ့ ခါးကို တို့လိုက်သည်။ “ရှင်က မိန်းကလေးလင်းကို မကြိုက်ဘူးလား?”
ကျီလင်းချန်က ဖန့်ရှောင်နွမ်ကို ပြန်မေးလိုက်သည်။ “ငါ့မှာ ချစ်တဲ့သူရှိရင် တခြားတစ်ယောက်ကို လက်ထပ်လိမ့်မယ်လို့ မင်းထင်လား?”
ဖန့်ရှောင်နွမ်က ခဏစဉ်းစားလိုက်သည်။ သူမက ကျီလင်းချန်ရဲ့ မှန်တာတွေပြောနေတဲ့မျက်လုံးတွေကို ကြည့်မိပြီး ခေါင်းခါလိုက်သည်။ သူသာ သူ့ရင်ထဲမှာ ချစ်တဲ့သူရှိရင် ဖိအားပေးလို့ လက်ထပ်ခိုင်းရင်တောင် လက်ထပ်မှာ မဟုတ်ဘူး။
“တကယ်ပေါ့၊ ရှင် စောစောထဲက ပြောသင့်တယ်။ ကျွန်မက ရှင့်ကို ရင်ထဲမှာ အကြိမ်ပေါင်းများစွာ ကြိမ်းမောင်းနေတာ” စကားကို ပွင်းလင်းစွာပြောတတ်တဲ့ ဖန့်ရှောင်နွန်က သူမ တွေးနေတာကို ဘယ်လိုပြောရမလဲဆိုတာ မသိပေ။ ပြောပြီးမှ သူမ ပြောလိုက်တာကို နောင်တရနေသည်။
ကျီလင်းချန်က ပြုံးပြီး “မင်းက ငါ့ကို ဘာအတွက် ကြိမ်းမောင်းရတာလဲ?” လို့ မေးလိုက်သည်။ သူကသာ ပြုံးနေတာ ဖန့်ရှောင်နွမ်ရဲ့ ရင်ထဲမှာတော့ နားမလည်နိုင်ဖြစ်နေသည်။
ဖန့်ရှောင်နွမ်က တစ်ခါ သူနဲ့ လင်းရိုရဲ့ ဆက်ဆံရေးကို အထင်လွဲခဲ့သည်။ ဒါကြောင့် သူမရဲ့ရင်ထဲမှာ၊ ချစ်တဲ့သူရှိပါရက်နဲ့ သူမကို လက်ထပ်ခဲ့လို့ အမြဲတမ်း ကျီလင်းချန်ကို လူရှုပ်လူပွေလို့ ခေါ်မိခဲ့သည်။ သူမက ရုတ်တရက် နမ်းလိုက်တာကိုလည်း လက်ခံဖို့ ခက်ခဲနေတာ သိလိုက်ရသည်။
ကျီလင်းချန်နဲ့ ဖန်ချီမှာ ဘာအပြစ်မှ မရှိဘူးဆိုတာ အဲ့ကျမှပဲ ဖန့်ရှောင်နွမ် သိလိုက်ရသည်။ ဖြစ်ခဲ့တာတွေအားလုံးက လင်းရိုရဲ့ ဉာဏ်များတာကြောင့်နဲ့ သူမရဲ့ အတွေးတွေကြောင့် ဖြစ်ခဲ့တာတွေ ဖြစ်နေသည်။
......
ဖန့်ရှောင်နွမ်နဲ့ ကျီလင်းချန်က မထင်မှတ်ဘဲ တစ်ယောက်နဲ့ တစ်ယောက် ကြည့်နေမိသည်။ သူမက အမြန်ပဲ လန့်ပြီးတော့ မျက်နှာလှည့်လိုက်သည်။ ပြီးတော့ သူမက ဖန်ချီကို ပြောလိုက်သည်။ “ရှင် ပြန်ပြီးတော့ ဒါက ဉာဏ်နီဉာဏ်နက်တွေသုံးခဲ့တဲ့ လူတစ်ယောက်လုပ်ခဲ့တာလား၊ မလုပ်ခဲ့တာလားဆိုတာ စဉ်းစားလိုက်ပါ။”
ကျီလင်းချန်က ဖန့်ရှောင်နွမ်ရဲ့ လက်ကို ကိုင်ပြီး မေးလိုက်သည်။ “ရေ ရပြီလား?”
ဖန့်ရှောင်နွမ်ကလည်း “ရပြီ”လို့ နာခံစွာနဲ့ ပြောလိုက်သည်။ သူမက လက်ထဲက ရေခွက်ကို ကျီလင်းချန်မြင်အောင် မြှောက်ပြလိုက်သည်။
“ဒါဆိုလည်း ပြန်ပြီးတော့ နားရအောင်။” ကျီလင်းချန်က ဖန်ချီကို စဉ်းစားဖို့တစ်ယောက်ထဲ ထားခဲ့ပြီး ဖန့်ရှောင်နွမ်ကို ခေါ်သွားခဲ့သည်။ သူတို့နှစ်ယောက် အိပ်ခန်းထဲကို ရောက်တဲ့အခါ လက်မလွှတ်သေးဘဲနဲ့ စောနက မေးခွန်းကို ထပ်မေးပြန်သည်။ “မင်းက ဘာလို့ ငါ့ကို တိတ်တဆိတ်နဲ့ ကြိမ်းမောင်းခဲ့တာလဲ?”
“ရှင် သိသင့်တယ်လို့ ကျွန်မ မထင်ဘူး။ ကျွန်မက ရှင် လက်ထပ်ပြီးပြီးချင်း ရှင့်မိန်းမကို ဆုံးရှုံးရမှာကိုပဲ စိုးရိမ်တာ။” ဖန့်ရှောင်နွမ်က အဲ့ဒီအကြောင်းကို ထပ်ခါတလဲလဲ စဉ်းစားခဲ့ပေမယ့် ထုတ်မပြောရဲခဲ့ပေ။
ကျီလင်းချန်က “ မင်း ငါ့ကို အမှန်အတိုင်းမပြောရင် ငါတို့မနက်ဖြန် အိမ်မပြောင်းတော့ဘူး၊ မင်း ကျီမိသားစုအိမ်မှာ ပျော်ပျော်ကြီး နေခဲ့လို့ရတယ်။”လို့ ပြောလိုက်သည်။
ဖန့်ရှောင်နွမ်က “လူဆိုး” လို့ပြောလိုက်သည်။
ကျီလင်းချန်က “နောက်ထပ်ကော?” လို့ ပြောလိုက်သည်။
“လူရှုပ်လူပွေ။” အဲ့လိုပြောပြီးတော့ ဖန့်ရှောင်နွမ်က ခေါင်းငုံ့ပြီး တောင်းပန်လိုက်သည်။ သူမ ခေါင်းခဏလောက် မော့ကြည့်လိုက်ချိန် မျက်နှာက သံလောက်ကိုမာနေတဲ့ မျက်နှာထားနဲ့ လူကို တွေ့လိုက်ရသည်။ သူက သူမကို သေချာကို စိုက်ကြည့်နေသည်။
“ရှင် ကျွန်မကို အဲ့လိုမကြည့်နဲ့။ အဲ့ဒီအတွက် ရှင် ကျွန်မကို အပြစ်တင်လို့မရဘူးလေ။ ရှင်တို့နှစ်ယောက်က အဲ့လိုဆက်ဆံရေး မဟုတ်မှန်း ရှင်မှ ကျွန်မကို မပြောခဲ့တာ။” ဖန့်ရှောင်နွမ်က ပြောဖို့ အတော်လေး သတ္တိယူပြီးတော့မှ ပြောလိုက်သည်။
ကျီလင်းချန်က “ဆက်ပြောလေ၊ ဘာလို့ မင်းက ငါ့ကို တိတ်တိတ်လေး ရင်ထဲကနေ ကြိမ်းမောင်းနေတာလဲ?”
ဖန်ရှောင်နွမ် ခေါင်းခါပြလိုက်သည်။ သူမက ဘာကိုမှထပ်မပြောရဲတော့ပေ။ “ကျွန်မရဲ့ ဉီးနှောက်က စဉ်းစားနိုင်စွမ်း အကန့်အသတ်ရှိတယ်။ လူတွေကို ကြိမ်းမောင်းပြောရတဲ့ စကားတွေကို ကျွန်မ မသိဘူး။ အဲ့ဒါကြောင့်ပါ။”
ကျီလင်းချန် - “မင်းဉီးနှောက်က အဲ့လောက်မသေးလောက်ပါဘူး။”
ဖန့်ရှောင်နွမ်က “ရှင့်ဉီးနှောက်နဲ့ အတူတူပဲ။” လို့ပြောလိုက်သည်။ သူက ဖန့်ရှောင်နွမ်နဲ့ စကားအများကြီး ပြောလို့မရဘူး။ ကျီလင်းချန်ရဲ့ ဒေါသက တစ်ခါထပ် ကြီးလာနိုင်သည်။
တခြားအခန်းမှာတော့ ဖန်ချီက အခန်းထဲရောက်ရောက်ချင်း အိပ်နေတဲ့ သူမယောကျာ်းကို နှိုးလိုက်သည်။ “ယောကျာ်း၊ ရှင် အရင်တစ်ခေါက်က ကျွန်မက လင်းမိသားစုရဲ့ အသုံးချတာခံနေရပြီး ရိုအာက ကျွန်မကို လိမ်နေတာလို့ ပြောခဲ့တယ်လေ။ ဘာလို့ အဲ့လိုပြောတာလဲ?”
မြို့တော်ဝန်ကျီက အိပ်ရာဘေးက ခုံပေါ်မှာတင်ထားတဲ့ မျက်မှန်ကို ယူပြီးတပ်လိုက်သည်။ သူက မရှင်းမလင်းဖြစ်နေတဲ့ အသံနဲ့ “ဘယ်နှနာရီရှိပြီလဲကွာ၊ မင်းက ဘာလို့ အခုထိ မအိပ်သေးတာလဲ?”လို့ မေးလိုက်သည်။
ဖန်ချီက စိတ်ပူပန်စွာနဲ့ “ယောကျာ်း၊ ထပါဉီး။ ဘာလို့ ရိုအာက ကျွန်မကို လှည့်စားနေတယ်လို့ ပြောရတာလဲဆိုတာ ကျွန်မကို ရှင်းအောင်ပြောပြပါဉီး။”လို့ မေးလိုက်သည်။