← Chapters

အခန်း (၄၁)

Vol. 3 Ch. 41

အခန်း (၄၁)

Vol. 3 Ch. 41

မြို့တော်ဝန်ကျီက ညလယ်ခေါင်ကြီး သူ့မိန်းမကြောင့် အနှောင့်အယှက် ဖြစ်သွားရသည်။ သူ ထိုင်ပြီး သူ့ဘေးနားက လူကို ကြည့်လိုက်သည်။ သူက သက်ပြင်းချလိုက်ပြီး “ဖြစ်တာတောင် ကြာနေပြီ။ မင်းက အခုထိ ရှင်းရှင်းလင်းလင်း မသိသေးဘူး။ လင်းရိုက လင်းချန်ကို ကြိုက်လာတာကြာနေပြီ။ အခု လင်းချန်က ဖန့်ရှောင်နွမ်ကို လက်ထပ်လိုက်တဲ့အတွက် နွမ်နွမ်က လင်းရိုရဲ့ ရန်သူ မဖြစ်သွားဘူးလား? သူမ နောက်ဆုံးလာခဲ့တုန်းက အဖေက ကျီမိသားစုက သူမကို မကြိုဆိုကြောင်းကို လူရှေ့မှာ ပြောပြီးပြီလေ။”

“သူမ လာလို့မရတော့ ဖန့်ရှောင်နွမ် မနေနိုင်အောင် မင်းကို အသုံးချပြီးတော့ ငါတို့မိသားစုကို မပြေလည်အောင် လုပ်တာလေ။ မင်းက ဒီမိသားစုဝင်ဖြစ်တာ နှစ်ပေါင်းများစွာကြာနေတဲ့အတွက် အဖေက မင်းကို အပြစ်သိပ်မပြောဘူးဆိုတာ သာမန်ပဲ။ ဖန့်ရှောင်နွမ် ဆိုးတာကို လူတိုင်း သိအောင်လုပ်ပြီး အဲ့ဒီအခြေအနေမှာ လင်းရိုက အဲ့ဒါကို အသုံးချသွားမှာ။ မင်း နာလည်ပြီလား? မင်းက အတင်းအဖျင်း ပြောတာတွေ ဖတ်ရတာကို သဘောကျတယ်မလား? ဒီလည်း လှည့်စားထားတဲ့ လှည့်ကွက်လေးတွေတောင် မင်းမသိဘူးဆိုတာ အချိန်ဖြုန်းရာပဲ ကျတယ်”

ဖန်ချီက ခေါင်းငြိမ့်ပေမယ့် သေချာနားမလည်သေးပေ။ သူမ ထါ်မေးလိုက်သည်။ “နောက်ပြီး၊ ဖန့်ရှောင်နွမ်က ကျီမိသားစုရဲ့ သခင်မ မဖြစ်ချင်ဘူးလို့ ရှင် ဘာလို့ ထင်ရတာလဲ?”

“ရှောင်နွမ်က လင်းချန်ကို လက်ထပ်ဖို့ ဖိအားပေးခံခဲ့ရတာ။ ရောက်ရောက်လာချင်း၊ ဖန့်ရှောင်နွမ် အဲ့ဒီနေ့က မင်းနဲ့ ဘာလို့ ရန်ဖြစ်လဲဆိုတာသိလား? ဘာလို့လဲဆို လူတိုင်းအားလုံးမှာ အားနည်းချက်ရှိသလို ရှောင်နွမ်ရဲ့ အားနည်းချက်က မိဘဖြစ်နေလို့ပဲ။ အရင်က၊ အဖေက လင်းချန်ကို လက်ထပ်ဖို့ ရှောင်နွမ်ရဲ့ မိသားစုကို အသုံးချပြီး ဖန့်ရှောင်နွမ်ကို ဖိအားပေးခဲ့တာ။ အဲ့လိုမှမဟုတ်ရင် ငယ်ရွယ်ပြီး အရွယ်ကောင်းတဲ့ မိန်းကလေးက သူမ တစ်ခါမှ မတွေ့ဖူးတဲ့ လင်းချန်ကို ဘယ်လိုလက်ထပ်မှာလဲ? အဖေက သူမကို ခြိမ်းခြောက်ပြီး လက်ထပ်ခိုင်းခဲ့တာ၊ ဘယ်လိုလုပ် သူမက ကျီမိသားစုရဲ့ သခင်မနေရာအတွက် မင်းနဲ့ ပြိုင်ဖို့ကို စိတ်ဝင်စားမှာလဲ? ”

“ဒီရာထူးက ဘာမှမဟုတ်ဘူး ဆိုတာကို မင်းကော၊ ငါကော သိတာပဲ။ ဒါပေမဲ့ မင်းက ရာထူးဂုဏ်သိမ်အတွက် တအားအလေးထားနေလို့ပဲ။ ဒါ့ကြောင့် လင်းရို လှည့်ထားတဲ့အကွက်ထဲကို မင်းက တဖြေးဖြေးချင်း ရောက်သွားတာ။”

မြို့တော်ဝန်ကျီက ဖန်ချီအကြောင်းကို အကုန်နားလည်သည်။ သူသာ ဒီစကားတွေကို အရင်ရက်က ဟိုတယ်မှာ ပြောခဲ့ရင် ဖန်ချီက သူ့ကို ဖန့်ရှောင်နွမ်ပြောထားလို့ဆိုပြီး ထင်မယ်ဆိုတာကို ကြိုသိနေသည်။

သူက အခွင့်အရေးပဲယူတတ်ပြီး ဘာမှမသိ၊ မတုံ့ပြန်တတ်တဲ့ သူ့ရဲ့ တုံးအတဲ့ မိန်းမကို ပြောပြဖို့ အခွင့်ကောင်းကို စောင့်နေခဲ့တာပင်။ သူမ စပြီးမေးလာတဲ့အခါမှာသာ၊ သူက သေချာရှင်းပြခဲ့သည်။ အဲ့လိုမှသာ ဖန်ချီက နားလည်မည်ဖြစ်သည်။

“သူမက လက်ထပ်ဖို့ကို ဖိအားပေးခံခဲ့ရတာ?” အရာအားလုံးက ဖန်ချီအတွက် ရှင်းရှင်းလင်းလင်းဖြစ်လာသည်။ အမှန်တရားကို သိဖို့ နီးနေပြီ။

“မင်းကို ငါ တစ်ခုထပ်ပြောမယ်။ ဒါဆို မင်းနားလည်သွားလိမ့်မယ်။ ရှောင်နွမ်အတွက်၊ ဖန့်မိသားစုက ကုမ္ပဏီနဲ့ လုပ်ထားတဲ့ လုပ်ငန်းပူးပေါင်းမှုတွေအကုန်ကို ပယ်ချခဲ့တာ။ သူတို့က တခြားသူတို့ရဲ့ အရင်တည်းက လုပ်လာတဲ့သူတွေနဲ့ပဲ ပူးပေါင်းလုပ်ဆောင်ပြီး သူတို့က ဂုဏ်တက်ဖို့အတွက်နဲ့ သူတို့သမီးကို ပေးစားခဲ့တာမဟုတ်ဘူးဆိုတာကို ကျီမိသားစုကို သက်သေပြခဲ့တာ။ ဒါ့အပြင် ရှောင်နွမ်ရဲ့အသက်က ငါတို့သမီးရဲ့အသက်ထက် နည်းနည်းလောက်ပဲကြီးမှာ။ ဖန့်မိသားစု အကြီးအကဲတွေက သူတို့ရဲ့ သမီးကို အလိုလိုက်တာနဲ့ပတ်သတ်ပြီး နာမည်ကြီးတယ်။ ဖန့်ရှောင်နွမ် လက်ထပ်ဖို့ကို သူတို့ ဘယ်လိုလုပ် သဘောတူနိုင်မှာလဲ? ဖန်ချီ၊ ငါတို့က ကလေးတွေလည်း မဟုတ်တော့ဘူး။ အရာအားလုံးကို သေချာ ချင့်ချိန်စဉ်းစားရမယ်။ ငါတို့ဉီးနှောက်တွေက စဉ်းစားဖို့ပဲ။ လှည့်စားခံရဖို့မဟုတ်ဘူး။” အဲ့လိုပြောပြီးတော့ မြို့တော်ဝန်က မျက်မှန်ချွတ်လိုက်ပြီးတော့ ကုတင်ဘေး ပြန်ထားလိုက်သည်။

ဖန်ချီ အသိပြန်ဝင်သွားသည်။ သူမက လင်းရိုပြောထားတဲ့ စကားလုံးတွေကို စဉ်းစားပြီး သေချာတွေးနေလေသည်။ လင်းရို ပြောခဲ့တာတွေအကုန်လုံးက သူမကို လှည့်စားပြီး ဖန့်ရှောင်နွမ်ကို သူမ ဆိုးဆိုးရွားရွားဆက်ဆံစေဖို့ပဲ ပြောခဲ့တာတွေချည်းပင်။

အဲ့ဒီအချိန်မှာပဲ၊ ဖန့်ရှောင်နွမ်က အမြဲတမ်း အိမ်ပြောင်းချင်ခဲ့တာကိုပါ ဖန်ချီ စဉ်းစားမိသွားသည်။ ကျီမိသားစုမှာ သူမ အာဏာရအောင် လုပ်မယ်ဆိုတာလည်း မဖြစ်နိုင်ပေ။ သူမက ကျီမိသားစုနဲ့ ဘာမှမပတ်သတ်ချင်ဘူးဆိုတာ သိသာနေသည်။ ဒီတစ်ကြိမ်တော့၊ ဖန်ချီ မှားသွားသည်။

မြို့တော်ဝန်ကျီလည်း တဖြေးဖြေး အိပ်ပျော်သွားသည်။ ဖန်ချီကတော့ တစ်ညလုံး မအိပ်ပေ။ မနက်ခင်း အိမ်စေက တံခါးလာခေါက်တဲ့အထိကို မအိပ်ဘဲနေနေသည်။...

နောက်နေ့၊ ကျီမိသားစုရဲ့ မနက်စာစားတဲ့အချိန်က ထူးခြားစွာနဲ့ တိတ်ဆိတ်နေသည်။ သခင်ကြီးကျီက လက်ကို တဘက်နဲ့ သုတ်ပြီး ကျီလင်းချန်ကို မေးလိုက်သည်။ “မင်းတို့ ဒီနေ့ အိမ်ပြောင်းဖို့ လုပ်နေတာလား?”

ကျီလင်းချန်က သူ့နောက်က လိုက်လာတဲ့ ဖန့်ရှောင်နွမ်ကို ကြည့်ပြီး ဖြေလိုက်သည်။ “ဟုတ်ကဲ့၊ မနက်စာစားပြီးတာနဲ့ ရှောင်နွမ်ကို ခေါ်သွားမှာပါ။”

သခင်ကြီးကျီက “မင်းတို့ ဘယ်မှာနေမှာလဲ?”လို့ ပြောလိုက်သည်။ သခင်ကြီးကျီက အဖြေကို ကြားချင်သည်။ သူ မသိပေမဲ့လည်း ဘယ်မှာနေမယ်ဆိုတာတော့ ကျီလင်းချန်ကို ပြောပြစေချင်ခဲ့သည်။

“အိမ်အသစ်တစ်လုံး ဝယ်ထားပြီးပြီ။ အဲ့ဒီအိမ်က ကုမ္ပဏီနဲ့လည်း နီးတယ်။” ကျီလင်းချန်က အိမ်နေရာကိုတော့ အတိအကျ မပြောပေ။

သခင်ကြီးကျီ စိတ်ပျက်သွားသည်။ သူက ကျီလင်းချန်နောက် ဖန့်ရှောင်နွမ်ကို ကြည့်ပြီး သတိပေးလိုက်သည်။ “မင်းတို့ အိမ်ပြောင်းတာနဲ့ အားတော့မှာ မဟုတ်ဘူးလို့ ထင်တယ်။ တကယ်လို့ လုပ်စရာမရှိရင်တော့ လင်းချန်ကို ခေါ်ပြီး မကြာခဏ လာခဲ့”

“အဖေ၊ ကျွန်မက အဖေ့ကို စိတ်ဆိုးအောင် အတော်လုပ်ခဲ့ပြီးပြီမလား။” ဖန့်ရှောင်နွမ်က ကျီမိသားစုအိမ်ကနေ ထွက်ရတော့မယ်ဆိုတာသိလို့ အရမ်းပျော်နေသည်။ သူမရဲ့ အသံက တအားကို အေးဆေးဖြစ်နေသည်။ “မစိုးရိမ်ပါနဲ့။ ကျွန်မက လင်းချန်ကို ခေါ်လာပြီးတော့ အဖေ့ကို စိတ်ဆိုးအောင်လုပ်ဖို့ ပြန်လာပါမယ်။”

ဖန့်မိသားစုမှာ နေတာနည်းနည်းကြာပြီဖြစ်တဲ့အတွက် သခင်ကြီးကျီ ဘာကို ဆိုလိုတယ်ဆိုတာကို ဖန့်ရှောင်နွမ် နားလည်သည်။ ကျီလင်းချန်က အစကတည်းကလည်း အိမ်တော်မှာ မနေသလို သူ ပြန်လာစေချင်ပေမဲ့လည်း ကျီလင်းချန်က ပြန်မလာပေ။ သူမ ပြောလိုက်တာတွေက သခင်ကြီးကျီကို သေချာနားလည်အောင် ရှင်းပြသလိုဖြစ်သွားသည်။ သူတို့အိမ်ပြောင်းသွားပေမဲ့လည်း သူမက လင်းချန်ကို ခေါ်ပြီး အိမ်လာလည်လိမ့်မည်။

ဖန့်ရှောင်နွမ် ပြောတာတွေကို ကြားပေမဲ့လည်း သခင်ကြီးကျီက စိတ်မဆိုးသွားပေ။ သူမပြောလိုက်တဲ့စကားရဲ့ အဓိပ္ပာယ်ကို သူ သိတဲ့အတွက် ပြုံးပြီး ပြောလိုက်သည်။ “မင်း ပြောရဲတာပဲနော်”

ဖန်ချီက လက်ဆေးပြီး အေးဆေး ထိုင်လိုက်သည်။ သူမက ဇွန်းနဲ့ ဆန်ပြုတ်ကို မွှေနေသည်။ စကားတစ်လုံးမှပင် သူမ မပြောခဲ့ပေ။

All Chapters