အခန်း (၄၄)
Vol. 3 Ch. 44
သူတို့နှစ်ယောက်အကြောင်း ပြောရရင် တစ်ညတည်းနဲ့ မပြီးနိုင်ချေ။
သခင်ကြီးကျီက ကျီဝမ်ကို သူ့နားလာထိုင်ဖို့ ခေါ်လိုက်သည်။ “မင်းဉီးလေးက အဖိုးရှိနေရင် မင်းကို ဘာမှမလုပ်ရဲပါဘူး။”
ဖန်ရှောင်နွမ်ရဲ့ အကြည့်တွေက ကျီဝမ်ပေါ်မှာပဲ ရောက်နေသည်။ သူမက “ကျီဝမ်၊ နင်က ငါ့ယောကျ်းကို တအားကြောက်တာပဲနော်”လို့ ပြုံးပြီးပြောလိုက်သည်။ ဖန့်ရှောင်နွမ်က “ကြောက်တာ”လို့ ပြောလိုက်တယ်လို့ ကျီမိသားစုက ထင်ပေမယ့် ကျီဝမ်အတွက်တော့ “ကြောက်နေသေးတာလား”လို့ အဓိပ္ပာယ် သက်ရောက်နေသည်။
ကျီမိသားစု အိမ်အဝတုန်းက စိတ်အားထက်သန်ပြီး တက်ကြွနေတဲ့ လူငယ်လေးက အခုတော့ သခင်ကြီးကျီဘေးနားမှာ ကြောက်ရွံ့စွာနဲ့ ထိုင်နေသည်။ ဖန့်ရှောင်နွမ်က ကျီဝမ်ကို သိနေမယ်လို့ ကျီမိသားစုက မတွေးထားမိတာ အမှန်ပင်။ မေးတဲ့သူတောင်မှ အံ့အားသင့်ခဲ့ရသည်။ ကျီဝမ်က ကျီမိသားစုဝင်ဆိုတာလည်းသိရော သူမက စိတ်ပျော်ရွှင်နေလေသည်။
ဘာလို့လဲဆို ကျီဝမ်ပြန်လာတဲ့အခါမှာ ဖန့်ရှောင်နွမ်နဲ့ ကျီလင်းချန်တို့က ဒီနေ့နေ့လယ်မှာ အိမ်ပြောင်းဖို့ ဆုံးဖြတ်ပြီးသွားပြီ။ ထမင်းစားနေရင်း ကျီဝမ်က ဖန့်ရှောင်နွမ်ကို တစ်ချက်ကြည့်လိုက်သည်။ သူတို့နှစ်ယောက်က ဆယ်နှစ်ကျော်ကြာအောင် အတန်းဖော်တွေ ဖြစ်တဲ့အတွက် သူတို့နှစ်ယောက်ကြားမှာ တစ်ယောက်နဲ့ တစ်ယောက် နားလည်နိုင်လောက်တဲ့ အတိုင်းအတာတစ်ခုအထိရှိနေသည်။ တစ်ချက်ကြည့်လိုက်တာနဲ့၊ ဖန့်ရှောင်နွမ်က ကျီဝမ် ဘာလုပ်ဖို့ကြိုးစားနေလဲဆိုတာကို သိသည်။
ထမင်းစားပြီးတဲ့အခါ ဖန့်ရှောင်နွမ်က အပေါ်ကို ခိုးတက်ဖို့ အခွင့်အရေး ရှာတွေ့သွားသည်။ ဘယ်သူမှ အာရုံစိုက်မှုမရှိတဲ့အတွက် ကျီဝမ်က ဖန့်ရှောင်နွမ်လက်ကိုကိုင်ပြီး အနောက်ဘက်ခြံထဲကို အတူ လျှောက်သွားခဲ့သည်။ ဒါပေမဲ့ ဒုတိယထပ်က လူကတော့ အဲ့ဒါကို သေချာမြင်လိုက်ရသည်။
ကျီလင်းချန်က လက်ရန်းပေါ် လက်တင်ပြီး သူ့တူနဲ့ သူ့မိန်းမ အတူထွက်ပြေးသွားတာကို သေချာကြည့်နေသည်။ သူ့ရဲ့လည်စလုတ်က အမြန်ရွေ့နေသည်။ သူ့အကြည့်တွေကလည်း စူးရှနေသည်။ သူက ဘာမှမဖြစ်သလို ဟန်ဆောင်ပြီး အောက်ထပ်ကိုဆင်းသွားကာ အနောက်ဘက်ခြံဝင်းဆီ လျှောက်သွားလိုက်သည်။
သူတို့နှစ်ယောက်က ခြံဝင်းထောင့်လေးကို ရောက်တဲ့အခါ ဖန့်ရှောင်နွမ်က ကျီဝမ်ရဲ့ လက်ကို ဖယ်လိုက်သည်။ “တူလေး၊ ငါက နင့်ရဲ့ အဒေါ်နော်။ နင်နဲ့ နင့်ရဲ့ အဒေါ်ကြားမှာ အနေအထားတစ်ခုလောက် ဝေးဝေးလေးနေရမယ်လေ။”
“မဟုတ်ကဟုတ်က။ ဖန့်ရှောင်နွမ်၊ မင်းဘာလို့ ငါ့ဉီးလေးနဲ့ လက်ထပ်လိုက်တာလဲ?” ကျီဝမ်က ဖန့်ရှောင်နွမ်ကို မေးလိုက်သည်။
ဖန့်ရှောင်နွမ်က ပြုံးလိုက်သည်။ “ကျောင်းတုန်းက နင်အရှက်ကွဲခဲ့ရတဲ့ ကိစ္စတွေနဲ့ ပတ်သတ်ပြီး နင့်မိသားစုကို ငါပြန်မပြောအောင် ငါ့ကို နင်တောင်းဆိုရမှာမဟုတ်ဘူးလား?”
ကျီဝမ် လန့်သွားသည်။ ဖန့်ရှောင်နွမ် သူ့ဉီးလေးကို လက်ထပ်လိုက်လို့ သူ စိတ်ပျက်နေမိသည်။ “မင်း ငါ့ဉီးလေးကို လက်ထပ်သင့်တယ်လို့ ဘယ်လိုများတွေးမိရတာလဲ?”
ဖန့်ရှောင်နွမ်က “နင့်ဉီးလေးက ဘာဖြစ်နေလို့လဲ?”လို့ မေးလိုက်သည်။
ကျီဝမ်က ဖန့်ရှောင်နွမ် နားနားကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။ သူက လှည့်စားတတ်ပြီးတော့ ပြဿနာဖြစ်အောင် စလုပ်နေသည်။ တစ်မိသားစုထဲမှာ လူဆိုး၊ လူရှုပ်နှစ်ယောက် ရှိနေတာကို သူလက်မခံနိုင်လို့ပင်။
“တကယ်လား?” ဖန့်ရှောင်နွမ်ရဲ့ မျက်လုံးတွေက အံ့အားသင့်သွားတော့ ပြူးသွားသည်။ သူမ အကျယ်ကြီး အော်လိုက်မိမှာကို ကြောက်လို့ ပါးစပ်ကို လက်နှစ်ဖက်လုံးနဲ့ ပိတ်လိုက်သည်။ “နင့်ဉီးလေးက တကယ်ကြီး…..”
ကျီဝမ်က ခေါင်းငြိမ့်ပြီးတော့ ဖြူစင်ရိုးသားစွာနဲ့ ပြောလိုက်သည်။ “ငါ့အဖိုးပြောတာကို ကြားခဲ့မိတာ။ ရှူး…ဘယ်သူ့ကိုမှ မပြောနဲ့နော်။ နင်က ငါ့စီနီယာ မလို့ ပြောပြတာ။”
ဖန့်ရှောင်နွမ်က ခေါင်းငြိမ့်လိုက်သည်။ “မစိုးရိမ်ပါနဲ့။ ဒီလို ကိစ္စကြီးမျိုးကို ငါဘယ်သူ့ကိုမှ မပြောပါဘူး။” သူတို့နှစ်ယောက်လုံးက တိုးတိုးလေး ပြောနေတဲ့အတွက် တစ်ယောက်ကိုတစ်ယောက် မှီထားကြသည်။ ကျီလင်းချန်က သူတို့နှစ်ယောက်နောက်မှာ ရပ်နေပြီး သူတို့ကို ကြည့်နေသည်။
“အင်…အဲ့ဒါ..၊ ဖန့်ရှောင်နွမ်၊ နင် ငါ့ကို သုံးခါတောင် မေ့လဲအောင်လုပ်ထားတယ်ဆိုတာကို ငါ့မိသားစုကို မပြောပါနဲ့။”
သူမ သက်ပြင်းချလိုက်သည်။ “မစိုးရိမ်ပါနဲ့။ နင့် ဂုဏ်သိက္ခာကို ငါ မဖျက်ဆီးပါဘူး။ ပြီးတော့ နင့်မိသားစုကိုသာ အဲ့အကြောင်းပြောလိုက်ရင် နင့်အမေက ငါ့ကိုသတ်လိမ့်မယ်။ ဖန့်ရှောင်နွမ်က ကျီဝမ်ရဲ့ ပုခုံးကို အသာလေး ပွတ်ပေးလိုက်သည်။
“နင့်ဉီးလေးက ကျီလင်းချန်လို့ ငါတစ်ခါမှာ မတွေးဖူးခဲ့ဘူး။ နင်က ဒုတိယမျိုးဆက်ဆိုတာကိုပဲ ငါသိထားတာလေ၊ ဒါပေမဲ့ ချမ်းသာတယ်ဆိုတာကိုတော့ မသိခဲ့ဘူး။”
ကျီဝမ် ပြောလိုက်သည်။ “နင် ဘာလို့ ငါ့ဉီးလေးကို လက်ထပ်လိုက်တာလဲဆိုတာ မပြောရသေးဘူး။”
ဖန့်ရှောင်နွမ်က ပြောလိုက်သည်။ “မေးခွန်းကောင်းပဲ။ ငါလည်း ဘာလို့ နင့်ဉီးလေးကို လက်ထပ်လိုက်ရတာလဲဆိုတာကို သိချင်နေတာ။”
' သခင်ကြီးကျီပဲ ဒီအဓိပ္ပာယ်မရှိတဲ့ မင်္ဂလာပွဲရဲ့ အကြောင်းအရင်းကို သိသည်။ သူကတော့ အဲ့အကြောင်းကို ယောင်လို့တောင် စမပြောပေ။ '
“ဟေ့၊ ခဏလေး။ နင် အခန်းကျဉ်းလေးထဲကို ရောက်ဖူးလား?” ဖန့်ရှောင်နွမ်က သူမကို အပြစ်ပေးတုန်းက နေခိုင်းခဲ့တဲ့ အခန်းကျဉ်းလေးကို ညွှန်ပြပြီးတော့ ပြောလိုက်သည်။
ကျီဝမ်က “အဲ့အခန်းက ငါ့ဉီးလေး ငါ့အတွက် လုပ်ပေးထားတဲ့အခန်းပဲ။ ငါက ဘာလို့ မရောက်ဖူးရမှာလဲ?”လို့ ပြောလိုက်သည်။
ဖန့်ရှောင်နွမ်က “ဒါဆို နံရံပေါ်မှာ လိုင်းတွေဆွဲထားတာက နင်ပေါ့။”လို့ ပြောလိုက်သည်။
“နင် အဲ့ထဲကို ရောက်ဖူးတယ်လို့ ပြောချင်တာလား?” သူတို့နှစ်ယောက်လုံးကို အံ့ဩသွားကြသည်။
“ဟုတ်တယ်၊ ငါ အဲ့ဒါတွေကို ဆွဲခဲ့တာ။”
“ဟုတ်တယ်၊ ငါအဲ့ထဲကို ရောက်ဖူးတယ်။” သူတို့နှစ်ယောက်လုံးက ရဲဘော်တွေ တစ်ယောက်နဲ့ တစ်ယောက်ကြည့်နေသလို ကြည့်နေသည်။ ဖန့်ရှောင်နွမ်က ကျီဝမ်နဲ့ လက်ဆွဲနှုတ်ဆက်လိုက်သည်။ “ငါတို့က တစ်ဖက်တည်းပဲလေ။ အေးအတူပူအမျှ ခံစားကြတဲ့ ရဲဘော်တွေပဲ။”
“မဟုတ်သေးပါဘူး၊ ဖန့်ရှောင်နွမ်။ နင်က အခုမှလက်ထပ်ထားတဲ့ ဇနီးလေ။ ဘာလို့နင်က အဲ့အခန်းမှောင်ကျဉ်းလေးထဲ ဝင်ရတာလဲ?” ကျီဝမ် သိချင်နေမိသည်။ သူက အမြဲတမ်း ခွင့်လွှတ်လို့မရတဲ့ အမှားလုပ်မိတာကြောင့် အဲ့အခန်းထဲကို ရောက်ရတာပင်။ ဇနီးတစ်ယောက်အနေနဲ့ ဖန့်ရှောင်နွမ်က ဘာလို့ အပြစ်ပေးခံခဲ့ရတာလဲ?
“နင်က အိမ်မှာမနေလို့ မသိတာပါ။ နင့်အမေနဲ့ ငါက ရန်ဖြစ်တာ မနည်းဘူး၊ တစ်ခါတလေ ထပြီးတော့ကို သတ်ပုတ်ကြသေးတယ်။”
ကျီဝမ်က ပြောလိုက်သည်။ “စီနီယာ၊ ကျွန်တော့်အမေကို လေးစားသမှုလေးပြလို့ ကျေးဇူးပါ။”
“ငါ့ကို ကျေးဇူးတင်မနေနဲ့။ သူက နင့်အမေဆိုတာကို ငါဘယ်တုန်းက သိခဲ့လို့လဲ။ ငါက ဒီနေ့လယ် အိမ်ပြောင်းတော့မှာလေ။ ဆိုတော့ နင့်အမေနဲ့ထပ်ပြီး စကားများ ခိုက်ရန်မဖြစ်တော့ပါဘူး။” ဖန့်ရှောင်နွမ်က ဖန်ချီ သူမကို ဒီလိုဆက်ဆံဖို့ ပြောခဲ့တဲ့သူကို မနေ့ညကမှ သိခဲ့ရသည်။