အခန်း (၃၃)
Vol. 3 Ch. 33
ယောင်ချမ့်က ပြောလိုက်သည်။ “မင်း အေးအေးနေစမ်းပါ၊ ထပ်ပြီး အရိုက်ခံချင်နေလို့လား?”
ကျီလင်းချန် ဘယ်လောက် ကြောက်စရာကောင်းမှန်းတွေးမိတော့မှပဲ ယဲ့မုပိုင် ကြောက်သွားသည်။ သူက စကား အမြန်လွှဲလိုက်သည်။ “လင်းချန်၊ မင်းမိန်းမ အကြောင်း ငါတို့ကို ပြောပြဉီးလေ။”
ကျီလင်းချန်က သူနဲ့ ဖန့်ရှောင်နွမ်ကြား ဘာတွေဖြစ်ခဲ့လဲဆိုတာကို အကုန်လုံး မှတ်မိနေသည်။
နောက်ဆုံးကျ၊ သူက “သူမက အရမ်းထူးဆန်းတယ်။ သူမအကြောင်း ငါ မပြောချင်ဘူး”လို့ ပြောလိုက်သည်။
အဲ့ဒီအချိန်မှာပဲ လေယာဉ်ပေါ်မှာရှိရမယ့် ဝမ်ယွီပေါ်က တံခါးတွန်းဖွင့်လိုက်သည်။ သူ့ရဲ့ ညီအစ်ကိုလို သူငယ်ချင်းတွေကို တွေ့လိုက်တော့ သူမျက်ရည်တွေကျလာသည်။ သူ ပထမဆုံးလုပ်တာက ကျီလင်းချန်ဆီကို တန်းသွားတာပင်။ ကျီလင်းချန်ဆီသွားပြီး သူက “ငါ့အစ်ကိုကြီး၊ မင်းကို အဖော်လုပ်ပေးဖို့ ငါပြန်လာပြီ။ နာခံတတ်၊ အတွေးအခေါ်ကောင်းပြီး ရုပ်ချောတဲ့ မိန်းကလေးတွေ အများကြီးပါ။ မင်းကိုယ်မင်း စိတ်ညစ်ခံမနေနဲ့။ ငါ မင်းအတွက် ရှာပေးမယ်။”
ကျီလင်းချန်က သူ့ဆီကို စိုက်လာတဲ့ ခေါင်းကြီးကို ကြည့်နေသည်။ သူ မရှောင်နိုင်ဘူးဆိုတာ သိလို့ ထိုင်နေတဲ့ပုံစံပြောင်းပြီးတော့ သူ့ဘေးနားမှာ ထိုင်နေတဲ့ မုရုံကို ပဲ အဲ့ဒီလူရဲ့ လေးတဲ့ ကိုယ်အလေးချိန်ကို သည်းခံပြီး ထိန်းထားခိုင်းသည်။
“အာ” မုရုံ ဘာမှတောင်မပြောလိုက်ခင်မှာပဲ လေးလံတဲ့အလုံးကြီးတစ်လုံးနဲ့ အပစ်ခံလိုက်ရသည်။ ဒါ့ကြောင့် သူ အကျယ်ကြီး အော်လိုက်မိသည်။
မသိလိုက်တဲ့သူတွေက အပြစ်မရှိပေ။ ဒါ့ကြောင့် ကျီလင်းချန်က ဝမ်ယွီပေါ်နဲ့ ထပ်ပြီး စကားမများနေတော့ချေ။ အကုန်လုံး ရှင်းပြပြီးတဲ့အခါမှာ တစ်ယောက်ယောက်နဲ့ ထွက်ပြေးသွားတယ်ဆိုတဲ့ ကျီလင်းချန် မိန်းမအကြောင်း ဘယ်သူမှ မပြောကြတော့ဘူး။
မုရုံက သူနှစ်ပေါင်းများစွာ သိမ်းထားတဲ့ ဝိုင်ပုလင်းကို ယူလာဖို့ တစ်ယောက်ကို ပြောလိုက်သည်။ အခု သူနဲ့ ညီအစ်ကိုလို ခင်လာတဲ့ သူငယ်ချင်းတွေလည်း ရှိနေတဲ့အတွက် ကျီလင်းချန် ငြင်းဆန်လို့မရတော့ပေ။ သူတို့နောက်ဆုံးတွေ့ခဲ့တဲ့အချိန်ကလည်း ကြာနေပြီဖြစ်တဲ့အတွက် သူတို့ရဲ့ သူငယ်ချင်းဆက်ဆံရေးကို ဂုဏ်ပြုပေးဖို့ ခွက်တိုက်လိုက်ကြသည်။
ဘယ်လောက်မှ မကြာခင် ယဲ့မုပိုင်နဲ့ ဝမ်ယွီပေါ်က ကျီလင်းချန်ရဲ့ခွက်ထဲကို သူ မသိအောင် ဝိုင်တွေ ထပ်ထည့်ခဲ့သည်။ “တော်တော်တောင် အချိန်တွေကြာပြီပဲ၊ ငါ့အစ်ကို။ မင်း လက်ထပ်လိမ့်မယ်လို့တောင် ငါ မထင်ထားဘူး။ လာပါ၊ မင်းလက်ထပ်တာအတွက် ငါတို့ဂုဏ်ပြုတဲ့အနေနဲ့ သောက်မယ်။”
အဲ့ဒါနဲ့ ကျီလင်းချန်လည်း ငြင်းလို့မရတော့ဘဲ သောက်လိုက်ရသည်။ ပြီးတော့ သူ သိချင်တဲ့ အကြောင်းအတွက် အလဲအထပ်လုပ်ပြီး လက်ထပ်ခဲ့တယ်ဆိုတာကိုတော့ သူ့သူငယ်ချင်းတွေကို မပြောပြခဲ့ပေ။ လူတိုင်းက တစ်ခွက်စီသောက်နေကြသည်။
သောက်တာ ဘယ်လောက်မှမကြာသေးဘဲ ကျီလင်းချန်ရဲ့ မျက်နှာက နည်းနည်းနီရဲလာသည်။ ယဲ့မုပိုင်က ဝမ်ယွီပေါ်ကို မျက်ခုံးပင့်ပြပြီးတော့ ကျီလင်းချန်က သူ့သောက်နိုင်စွမ်းအမြင့်ဆုံးကို ရောက်နေပြီလို့ အချက်ပြလိုက်သည်။
ကျီမိသားစုရဲ့ အိမ်မှာတော့ ဖန့်ရှောင်နွမ်က အကုန်လုံးထုပ်သိမ်းထားပြီး ကျီလင်းချန် ပြန်လာတာကို စောင့်နေသည်။ သူမ ထမင်းစားချိန်မတိုင်ခင်အထိ စောင့်နေခဲ့သည်။ မကြာသေးခင်ကပဲ၊ ထမင်းစားချိန်က ကျီမိသားစုရဲ့ ရန်ဖြစ်ချိန်လိုမျိုး ဖြစ်နေခဲ့သည်။
ညစာစားချိန်ရောက်တိုင်း သခင်ကြီးကျီက စလို့ အိမ်စေတွေနဲ့ အကုန်လုံးက ရင်တထိတ်ထိတ်ဖြစ်နေကြသည်။
......
ထမင်းစားချိန်ရောက်တဲ့အခါ ဖန့်ရှောင်နွမ်က ထမင်းစားဝိုင်းမှာ ရှိမနေပေ။ သူမက အမြဲ အချိန်ကိုကြည့်ဖို့ ဖုန်းကိုပဲ ခဏခဏစစ်နေသည်။ သူမ ကျီလင်းချန်ကို စောင့်နေသည်။ ထမင်းစားဝိုင်းမှာတော့ မြို့တော်ဝန်ကျီနဲ့ ဖန်ချီတို့ ရောက်နေကြသည်။ နောက်ပြီး သခင်ကြီးကျီလည်း ရောက်လာသည်။ ဖန့်ရှောင်နွမ်တစ်ယောက်ထဲ အဲ့ဒီမှာ ရှိမနေပေ။
အိမ်တော်ထိန်းက ဖန့်ရှောင်နွမ်ကို ထမင်းစားဖို့ သွားခေါ်ရန် အိမ်စေတွေကို တန်းပြောလိုက်သည်။
တံခါးခေါက်သံကို ဖန့်ရှောင်နွမ် ကြားလိုက်ရတော့ အမြန် ဖွင့်ပေးဖို့ ထလိုက်သည်။ သူမ သွားရတော့မယ်ဆိုပြီး တွေးနေပေမယ့် တံခါးဖွင့်လိုက်တဲ့အခါ ကျီလင်းချန်မဟုတ်ဘူးဆိုတာကို သိလိုက်ရသည်။ တံခါးခေါက်သူက ကျီမိသားစုရဲ့ အိမ်စေတစ်ယောက်ပင်။
အိမ်စေက “ဒုတိယသခင်မလေး၊ စားဖို့ အချိန်ရောက်ပါပြီ။ သခင်ကြီးက ထမင်းစားဖို့ သခင်မလေးကို စောင့်နေပါတယ်။”လို့ ပြောလိုက်သည်။
ဖန့်ရှောင်နွမ်က ကြည့်လိုက်ပြီးတော့ “ကျီလင်းချန် ဘယ်မှာလဲ?” လို့မေးလိုက်သည်။
အိမ်စေက “ဒုတိယသခင်လေး မရောက်သေးပါဘူး။”လို့ ပြန်ဖြေလိုက်သည်။
ဖန့်ရှောင်နွမ်က တံခါးပေါက်ဖက်ကို ကြည့်ပြီး သူမဖုန်းကိုလည်း ကြည့်နေသည်။ သူမက အောက်ကို ဆင်းသွားရမလား၊ မသွားရဘူးလားဆိုတာ စဉ်းစားမရ ဖြစ်နေသည်။
အိမ်တော်ထိန်းပို့လိုက်တဲ့ အိမ်စေက ဖန့်ရှောင်နွမ်ကို နှစ်သက်သည်။ သူမက ဖန့်ရှောင်နွမ်ကို “ဒုတိယသခင်မလေး၊ မြို့တော်ဝန်ကျီလည်း ရောက်နေပါတယ်”လို့ သတိပေးလိုက်သည်။
ဖန့်ရှောင်နွမ်က နားလည်သွားပြီး ခေါင်းငြိမ့်ပြလိုက်သည်။ “ဒါဆိုလည်း ကောင်းပြီ၊ ဆင်းလာခဲ့မယ်။” ဖန့်ရှောင်နွမ်က အချိန်မဆွဲနေဘဲ ထမင်းစားခန်းထဲ သွားလိုက်သည်။ သူမ ဝင်ဝင်ချင်း အိမ်စေတွေအားလုံးက သတိနဲ့နေနေကြသည်။
ဖန့်ရှောင်နွမ်က ကျီမိသားစုနဲ့ ဒီလောက်အခြေအနေအထိ ရောက်လာတဲ့အတွက် သူမကိုယ်သူမ ချီးကျူးနေမိသည်။ တစ်ယောက်ယောက်သာ ကျီမိသားစုဝင်နဲ့ လက်ထပ်ရရင် အမြဲတမ်း ဂရုတစိုက်နဲ့ နေ့တိုင်း နာခံမှာပင်။ သူမကသာ ဒီမိသားစုထဲက လူတွေကို အကြောက်တရားဆိုတာ ခံစားရအောင် လုပ်နိုင်သည်။
ဒါတွေအကုန်လုံးက ဖန်ချီကြောင့်ပင်။ ဖန့်ရှောင်နွမ်က ဘယ်တော့မှ ရန်စမဖြစ်တဲ့ပေမဲ့ ဖြစ်လာပြီဆိုရင်လည်း ကြောက်နေတဲ့ထဲမှာ ပါမနေပေ။
ဖန့်ရှောင်နွမ်က ရုပ်အတည်ဖြစ်နေတဲ့ သခင်ကြီးကျီကို တစ်ချက်ကြည့်ပြီး ဘာမှမပြောဘဲ သူမခုံမှာ ဝင်ထိုင်လိုက်သည်။ ဒီညက သူမအတွက် ဒီမိသားစုထဲမှာ နေတဲ့နောက်ဆုံးညဆိုတော့ သူမ ဘာပြဿနာမှ ထပ်မဖြစ်ချင်တော့ပေ။
ဖြစ်နိုင်တာက သခင်ကြီးကျီက ဖန်ချီနဲ့ ပူးပေါင်းပြီး ဖန့်ရှောင်နွမ်ကို အခန်းကျဉ်းလေးထဲမှာ ချုပ်ထားပြီး ဖန်ချီ စိတ်ချမ်းသာအောင် လုပ်ထားတာကြောင့် ဖြစ်နိုင်သည်။ ဒါမှမဟုတ် ဖန့်ရှောင်နွမ်က ကျီလင်းချန်နဲ့ အိမ်ပြောင်းတော့မယ်ဆိုတာကို ဖန်ချီသိလို့ ဒီနေ့ညမှာ ဘာမှရန်မရှာတာလဲဖြစ်နိုင်သည်။
“အကုန်လုံးလည်း ရောက်နေပြီဆိုတော့ စပြီး စားလိုက်ရအောင်” လို့ သခင်ကြီးကျီက ပြောလိုက်သည်။ ပြီးတော့မှ အားလုံးလည်း တူ ယူပြီး စစားတော့သည်။
စားပွဲပေါ်မှာ စားစရာ ဟင်းပွဲအများကြီး ရှိနေပေမယ့် ဖန့်ရှောင်နွမ်က သူမရှေ့မှာရှိနေတဲ့ ဟင်းပွဲနှစ်မျိုးပဲ စားခဲ့သည်။ ဘာလို့လဲဆို သူမ ဗိုက်သိပ်မဆာတဲ့အပြင် သူမကိုယ်သူမ အတတ်နိုင်ဆုံး ဘယ်သူမှ သတိမထားမိအောင် နေနေသည်။ သူမက ကျီမိသားစုအိမ်က ထွက်တော့မှာဆိုတော့ ဖန်ချီ သူမကို စပြီးရန်စတာကို မလိုချင်ပေ။
ထမင်းစားနေတဲ့အချိန်မှာပဲ ဧည့်ခန်းထဲကို လူဝင်လာပြီး သူမ မကြားဖူးတဲ့ အသံတွေ ကြားလိုက်ရသည်။ “ဉီးလေးကျီ၊ အိမ်မှာရှိလား?”