အခန်း (၅၄)
Vol. 4 Ch. 54
ဖန်ချီက “လင်းချန်၊ ရှောင်နွမ်နဲ့ ထွက်မသွားပါနဲ့ဉီး။ ကျီဝမ်ကို စည်းကမ်းရှိအောင် လုပ်ပေးပါဉီး”လို့ တည့်တိုးကြီး ပြောလိုက်သည်။
အဲ့ဒါကို ကြားတော့ ဖန့်ရှောင်နွမ် ကျောမတ်လိုက်သည်။ ဘာ? သူမကို သွားခွင့်မပေးတာလား? “မဟုတ်ဘူး။ ယောင်းမ။ ကျွန်မယောကျာ်းက အိမ်တောင်ဝယ်ပြီးသွားပြီ။ ကျွန်မတို့ အခုသွားမှရမှာ။” အဲ့လိုပြောပြီးနောက် ဖန့်ရှောင်နွမ်ရဲ့ သူ့ယောကျာ်းကို ယုံပြီး လက်ကိုဆွဲလိုက်သည်။ သူမက သူ့ကို မိသားစုကိစ္စထဲမှာ ဝင်မပါစေချင်တဲ့အတွက် မြန်မြန် အိမ်ပြောင်းချင်နေသည်။
ကျီလင်းချန်ကတော့ ဆိုဖာပေါ်မှာ ထိုင်နေပြီး မလှုပ်မယှက်နေနေသည်။ သူက သူ့မိန်းမကို သူ့လက်ဖဝါးကိုတောင် ကိုင်ခွင့်ပြုထားသည်။ သူဘာတွေးနေလဲဆိုတာ ဘယ်သူမှ မသိပေ။င်္
အရမ်းကို အိမ်ပြောင်းချင်နေတဲ့သူက ဖန့်ရှောင်နွမ်ဆိုတာကို မိသားစုဝင် အကုန်လုံးသိသည်။ သူမ ထွက်သွားချင်တဲ့အကြောင်းကလည်း ဖန်ချီနဲ့ မတည့်လို့ဖြစ်သည်။ အခုတော့၊ မိသားစုဝင်အကုန်လုံးက ကျီဝမ်ကြောက်ရတဲ့ ကျီလင်းချန်ကို နေစေချင်နေသည်။ သူသာရှိရင်၊ ကျီဝမ်က ဘာမှမဟုတ်တာ ထပ်ပြီး လုပ်နိုင်မှာမဟုတ်ပေ။
အရင်တုန်းကလိုဆိုရင် သူ့ဉီးလေးက သူ့ကို ဆုံးမမယ်ဆိုတာကြားတာနဲ့ လေထဲကို သုံးပေလောက်မြောက်တတ်သွားအောင် ကျီဝမ်က ခုန်တက်မိသွားမှာပင်။ အခုတော့ ဒါက သူ့နောက်ဆုံးလက်ခံရမယ့်အရာဆိုပြီး သူက တမူထူးပြီးတော့ ငြိမ်နေသည်။
ဖန့်ရှောင်နွမ်နဲ့ ကျီလင်းချန်ကို ဆက်နေအောင်လုပ်ဖို့ ဖန်ချီက “ရှောင်နွမ်၊ ငါ မင်းနဲ့ နှစ်ယောက်တည်းပြောလို့ရမလား?”ဆိုပြီး ဖန့်ရှောင်နွမ်ကို ပြောလိုက်သည်။
ဘာမှမတွေးဘဲ ဖန့်ရှောင်နွမ်က သူမတောင်းဆိုတာကို လက်မခံခဲ့ပေ။ သူမက ကျီလင်းချန်လက်ကို ကိုင်ထားတာကိုဖြုတ်ပြီး အဲ့အစား သူ့လက်မောင်းကို ချိတ်ထားပြီး သူ့ဘေးမှာ ထိုင်နေသည်။ “မဟုတ်ဘူး။ ရှင်ပြောချင်တာပြောလေ။ နားလည်မှုလွဲနေတာရင်လည်း ကျွန်မယောကျာ်းက ကျွန်မကို ရှင်းပြလိမ့်မယ်။”
ကျီလင်းချန်က ဒီနေ့ ပြုံးနေသည်။ သူက နောက်ထပ်အခေါ်အဝေါ်တစ်မျိုးနဲ့ အခေါ်ခံရတာကို နှစ်သက်နေပုံရသည်။
ဖန့်ရှောင်နွမ် ရွဲ့ပြောနေတယ်ဆိုတာကို ဖန်ချီသိသည်။ သူမက မလုပ်သင့်တာကို တကယ်ပဲ လုပ်မိခဲ့သည်။ “ရှောင်နွမ်၊ ကျီလင်းချန်နဲ့ အိမ်မှာ ဆက်နေပါ။ ကျီဝမ်ကို ဆုံးမဖို့ ကူညီပေးပါဉီး။ ငါတို့နှစ်ယောက်ကြားမှာဖြစ်ခဲ့တာတွေက ငါ့အမှားကြောင့်ပါ။ နင့်ကို ငါတောင်းပန်ပါတယ်။ အခုကစပြီး ငါတို့ အဆင်ပြေအောင်နေကြမယ်လေ။” သူမ အဲ့ဒါကိုပြောပြီးပြီးချင်း ဧည့်ခန်းတစ်ခုလုံး ငြိမ်သက်သွားခဲ့သည်။ အားလုံးရဲ့ အသက်ရှုသံတွေတောင် နှေးသွားသည်။
ဖန့်ရှောင်နွမ်က အတော် အံ့ဩသွားရသည်။ ဖန့်ချီက အတော်မောက်မာတဲ့သူပဲ၊ အခုတော့ သူမကို တောင်းပန်နေတာလား?
ကျီလင်းချန်က ဖြစ်လာမယ့် ကောင်းတာကော၊ ဆိုးတာကော ကြိုတွက်ထားပြီးသားပင်။ သူ့ရဲ့လည်စလုတ်က ရွေ့သွားသည်။ “မရီး၊ ကျွန်တော့် ယောက္ခမတွေကိုကော?”
သူ့ယောကျာ်း သတိပေးလိုက်တာကြောင့် ဖန့်ရှောင်နွမ်ပြန်ပြီး သတိပြန်ရလာသည်။ သူမက စိတ်ဝင်စားတဲ့မျက်လုံးတွေနဲ့ ဖန်ချီ ဘာပြန်ဖြေမလဲဆိုတာကို သိချင်တော့ ဖန်ချီကို ကြည့်နေသည်။
ဖန်ချီ တံတွေးမြိုချလိုက်သည်။ ခဏလောက်စဉ်းစားပြီးတော့ သူမက “ငါ သူတို့ကို ကိုယ်တိုင်သွားတွေ့ပြီးတော့ တောင်းပန်လိုက်ပါမယ်။”
တချို့မိဘတွေက သူ့တို့သားသမီးတွေ အကျင့်ကောင်းတွေ အတုယူနိုင်ဖို့ ဘာမဆိုလုပ်နိုင်ကြသည်။ တချို့လူတွေကလည်း သူတို့သားသမီးတွေအတွက် အရာအားလုံးကို ဆန္ဒရှိရှိနဲ့ လုပ်နိုင်ကြသည်။ ဖန်ချီလည်း အမေတစ်ယောက်ပင်။ သူမရဲ့သားအတွက်၊ သူ့ရဲ့မာန်မာနတွေကို ခဝါချပြီး သူ့ယောင်းမနဲ့ မိသားစုကိုပါ တောင်းပန်နိုင်သည်။
......
ကျီဝမ်က အပြာနဲ့အဖြူစပ်ထားတဲ့ မြေပန်းအိုးကို ခွဲတာဖြစ်ဖြစ်၊ သူမရဲ့ပုလဲတွေကို ခိုးတာဖြစ်ဖြစ်၊ သူမယောကျာ်းရဲ့ဆုဖလားကို မတော်တဆခွဲမိတာပဲဖြစ်ဖြစ် အဲ့ဒါတွေက သူမအတွက် အရေးမကြီးဘူး။ အရေးကြီးတာက ကျီဝမ် ပိုက်ဆံလိုနေတာပဲ။ ကျီမိသားစုရဲ့ တစ်ဉီးတည်းသော သားအဖြစ် သူ့မှာ မိသားစုပိုင်ဆိုင်တာတွေကို ရပိုင်ခွင့်ရှိသည်။ သူလစဉ်ရတာကလည်း သောင်းဂဏန်း၊ သန်းဂဏန်းအထိရှိသည်။ ကားဝယ်တာပဲဖြစ်ဖြစ်၊ အိမ်ဝယ်တာပဲဖြစ်ဖြစ် ကုမ္ပဏီနာမည်နဲ့တင်ဝယ်လို့ရတယ်။ သူ့ပိုက်ဆံကို သုံးစရာကို မလိုတာ။
ဒါပေမဲ့ ကျီဝမ်က ပိုက်ဆံလိုနေတုန်းပဲ။ ဘာလို့လဲ? ဖန်ချီက ထိတ်လန့်စရာ အတွေးတွေရှိနေသည်။ သူမရဲ့သားက လောင်းကစားစွဲနေတာ ဒါမှမဟုတ် အတိုးအများကြီးနဲ့ ငွေချေးထားမိတာလည်း ဖြစ်နိုင်သည်။ သူ အကြွေးကို မပေးနိုင်တော့တဲ့အတွက် ဒီလိုလုပ်ပြီးတော့ပဲ လုပ်ဖို့စီစဉ်ထားတာဖြစ်မည်။ အဲ့ဒါကို တွေးမိပြီးတော့ ဖန်ချီက အတော်ကို ကြောက်ရွံ့ထိတ်လန့်နေသည်။
တစ်ယောက်ယောက်ကတော့ ကျီဝမ်ကို ဆုံးမပဲ့ပြင်ပေးမှရတော့မည်။ ကျီလင်းချန်မှလွဲပြီး ကျီဝမ်ကို ပြုပြင်နိုင်တဲ့သူတစ်ယောက်မှ မရှိပေ။
ဖန်ချီက သူမသားရဲ့အနာဂတ်အတွက် လင်မယားနှစ်ယောက်စလုံး ဒီအိမ်မှာဆက်နေအောင် သူမရဲ့ မာနတွေကို စွန့်လွှတ်ဖို့ ဆန္ဒရှိသည်။ သူမက သူ့ရဲ့မာန်မာနကို ခဝါချပြီး သူမ လုပ်ခဲ့တဲ့အမှားတွေအတွက် တောင်းပန်ခဲ့သည်။ သူမ တကယ်ကို ပြောင်းလဲသွားသည်။ ဖန့်ရှောင်နွမ်သာ ထပ်ပြီးလက်မခံဘူးဆိုရင် သူမက ကျိုးကြောင်း မစဉ်းစားတတ်ပုံ ဖြစ်တော့မည်။
ဖန့်ရှောင်နွမ် ဘာလုပ်ရမယ်မှန်းမသိတော့ပေ။ သူမယောကျာ်းက သူမကို အကြံဉာဏ်လေးပေးမလားဆိုပြီး သူမယောကျာ်းကိုပဲကြည့်နေသည်။
ကျီလင်းချန်က သူ့မိန်းမကို ဖြောင့်ဖြဖို့ အခွင့်အရေးကို အရယူလိုကသည်။ “အခု မင်းနဲ့ မင်းယောင်းမကြားက ပြဿနာလည်း ပြေလည်သွားပြီ။ မင်း ယောင်းမကလည်း မင်းအမေနဲ့ အဖေကို တောင်းပန်လိမ့်မယ်။ ဒါဆို ငါတို့ အိမ်မှာ ဆက်နေကြမလား?”
ဖန့်ရှောင်နွမ်က အနည်းငယ် မျက်နှာပျက်သွားသည်။ သူမက ကျီလင်းချန်ရဲ့ လက်မောင်းကို ဆွဲလိုက်သည်။ “ဒါပေမဲ့ ကျွန်မ အိမ်ပြောင်းပြီးနေချင်သေးတယ်။”
“အခု၊ မင်းနဲ့ အတူတူ ပျော်ပါးဖို့ မင်းနဲ့ သက်တူရွယ်တူတစ်ယောက်လည်း ရှိတယ်။ မင်းစားမယ့် တစ်နေ့ထမင်းသုံးနပ်ကိုလည်း သေချာလုပ်ပေးမယ့် အိမ်စေတွေရှိတယ်။ ကားမောင်းသမားရှိတော့ မင်းအတွက် ပိုအဆင်ပြေတာပေါ့။ ငါတို့ အိမ်ပြောင်းပြီးနေရင်၊ ငါ အလုပ်ခရီးသွားတယ့်အခါ မင်းတစ်ယောက်တည်း ဖြစ်နေလိမ့်မယ်။” ကျီလင်းချန် ခဏရပ်လိုက်သည်။ ဖန့်ရှောင်နွမ် နည်းနည်းခံစားမိတာကို သူတွေ့သည်။ ဒါ့ကြောင့် သူမ ဂရုအစိုက်ဆုံးအရာတွေကို ဆက်ပြောလိုက်သည်။
“ပြီးတော့ ငါတို့ အိမ်ပြောင်းပြီးနေရင်၊ မင်းအမေနဲ့ အဖေက မင်း ကျီမိသားစုမှနေရတာ အဆင်မပြေလို့ဆိုပြီး စိတ်ပူကြလိမ့်မယ်။ မင်းက ကောင်းတာတွေပဲ ပြောပြီး မကောင်းတာတွေ ပြောပြတတ်တဲ့သူ မဟုတ်ဘူးဆိုတာကို သူတို့က သေချာသိတယ်။ သူတို့က သေချာဂရုစိုက်ပြီးတော့ လျှောက်တွေးနေမိလိမ့်မယ်။”
သခင်ကြီးကျီကလည်း သူမကို ဆက်နေဖို့ ပြောပြန်သည်။ “မင်းက ငါတို့နဲ့ အရှေ့ခြံထဲမှာ မနေချင်ရင် အနောက်ဘက်ခြံထဲမှာ အိမ်အလွတ်တစ်လုံးရှိတယ်။ မင်းနဲ့ လင်းချန် အဲ့ကို ပြောင်းနေလို့ရတယ်။”
အခု လူတိုင်းက သူမကို ဆက်နေဖို့ ပြောနေတော့ ဖန့်ရှောင်နွမ်လည်း စိတ်လျှော့လိုက်ရတော့သည်။
ကျီလင်းချန်က သူ့မိန်းမကို ဖြောင်းဖြနိုင်ဖို့ မျှော်လင့်ပြီး အတွေးပြောင်းလိုက်သည်။ “ငါတို့ ဒီအိမ်မှာ ခဏပဲနေမယ်။ ငါတို့ နေရတာပျင်းလာရင် အိမ်ပြောင်းလို့ရတယ်လေ၊ ဟုတ်ပြီလား?”