အခန်း (၅၈)
Vol. 4 Ch. 58
ကျီလင်းချန်က ကျီဝမ်ပြောတာတွေကို ငြင်းဆန်ဖို့ အကြောင်းမရှိပေ။ သူ ကျီဝမ်ပြောနေတာက အမှန်ဆိုတာကို သေချာသိတဲ့ သာမန်ရိုးရိုးလူတစ်ယောက်ပဲဖြစ်သည်။ အစထဲက သေချာမစုံစမ်းမိခဲ့တဲ့ သူ့အမှားပင်။ သူ့မိန်းမက သူ့တူနဲ့ တကယ်ပဲ ရင်းနှီးတဲ့ဆက်ဆံရေးရှိခဲ့သည်။
ကျီလင်းချန်က “ကျီဝမ်၊ မင်းဘယ်လိုပဲ တွေးတွေး၊ ဘာပဲပြောပြော၊ အမှန်တရားက မင်းရှေ့မှာပဲရှိတယ်။ ဖန့်ရှောင်နွမ်က အခု ငါ့မိန်းမ၊ ပြီးတော့ မင်းအဒေါ်။ မင်းနဲ့ သူမရဲ့ ဆက်ဆံရေးအကြောင်းကို မင်းထပ်ပြောရင် မင်းကို ပိုက်ဆံလုံးဝမပေးတော့ဘူး။”
“ဉီးလေး။ ဉီးလေးက တကယ်ပဲ ကျွန်တော်တို့ရဲ့ အိမ်ရှင်ပါ။” ကျီဝမ်က အလိုလိုက်ခံထားရတဲ့ ကလေးတစ်ယောက်ဖြစ်သည်။ သူ့မှာ ပိုက်ဆံမရှိရင် သူက ဘာမှမလုပ်နိုင်ဘဲ ပိုက်ဆံရဖို့ပဲ ထိုင်စောင့်နိုင်တော့မည်။
ကျီလင်းချန်က သူ့တူကို စနောက်သလိုနဲ့ ကြည့်နေသည်။ “မင်းကို ငါသင်ခန်းစာကောင်းကောင်းပေးထားတာ ဘယ်လောက်ကြာပြီလဲ? မင်းက ငါ့ကိုတောင် ပြန်ခံပြီးပြောရဲနေပြီပေါ့။”
ကျီဝမ်က သူ့ကို အမြဲစောင့်ရှောက်ပေးခဲ့တဲ့ သူ့ဉီးလေးကို ကြည့်လိုက်တဲ့အခါ သူ့ဉီးလေးပြောတာကို မငြင်းဆန်နိုင်ခဲ့ပေ။ သူပြောချင်တာကိုပဲ သူဘာသာ ပြန်သိမ်းထားလိုက်တော့သည်။
ကျီလင်းချန်က အကုန်လုံးကို သေချာသိသွားတဲ့အတွက် သူ့တူကို ထွက်သွားခိုင်းလိုက်သည်။ ကျီဝမ်က ထွက်ဖို့တံခါးကို တွန်းဖွင့်တဲ့အခါ ကျီလင်းချန်က သူ့ကို အော်ပြောလိုက်တဲ့အတွက် တစ်ခုခုမှားနေသလို ခံစားလိုက်သည်။
“ခဏနေဉီး။ မင်း ဒဏ်ရာတွေအကြောင်း မေးတဲ့သူတိုင်းကို ငါက မင်းကိုရိုက်လိုက်တယ်လို့ ပြောလိုက်။”
ကျီဝမ်က သူ့ပါးစပ်ထောင့်စွန်းကို ထိမိလိုက်တဲ့အတွက် နာသွားသည်။ ဖန့်ရှောင်နွမ်က တကယ်ကို နှလုံးသားမရှိတဲ့ မိန်းမပဲ။ သူကတော့ သူမအတွက် လုပ်ခဲ့ပေမဲ့ သူမကတော့ သူ့ကို အသားကုန်ရိုက်ခဲ့သည်။
နှလုံးသားမရှိတဲ့ မိန်းကလေး ဖန့်ရှောင်နွမ်က အိပ်ခန်းထဲက အဝတ်ခန်းမှာ အလုပ်ရှုပ်နေသည်။ အစတုန်းက အကျယ်ကြီးဖြစ်နေတဲ့ အဝတ်ခန်းက သူမရဲ့ အဝတ်အစားတွေနဲ့ အပြည့်ကြီးဖြစ်သွားသည်။
ကျီလင်းချန်ရဲ့ အဝတ်အစားတွေ အများစုက အနက်ရောင်ပင်။ မိန်းကလေးတစ်ယောက်ရဲ့ အရောင်နုနုအဝတ်အစားတွေ ထည့်လိုက်တဲ့အတွက် ထူးခြားတဲ့ ဆန့်ကျင်မှုဖြစ်သွားသည်။ ဉီးလေးနဲ့ မိန်းကလေးငယ်လေးတစ်ယောက်တို့ နှစ်လွှာပေါင်းတစ်ရွက်ဖြစ်သွားသလို ဖြစ်သွားသည်။
ကျီလင်းချန်ရဲ့ အံဆွဲထဲမှာ တံဆိပ်ကောင်းတဲ့ နာရီတွေနဲ့ပဲ ပြည့်နေခဲ့သည်။ အခုတော့ ဖန့်ရှောင်နွမ်ရဲ့ တောက်ပနေတဲ့ ဆွဲကြိုးတွေ၊ လက်ပတ်ကြိုးတွေနဲ့ နားဆွဲတွေနဲ့ ပြည့်သွားသည်။
ဖန့်ရှောင်နွမ်က သူမလုပ်ထားတာကို ကြည့်လိုက်ပြီး ကျေနပ်စွာ ခေါင်းငြိမ့်မိလိုက်သည်။ အရောင်အသွေးစုံနေတဲ့ အဝတ်အစားတွေက အနက်ရောင် အဝတ်တွေနဲ့ လိုက်ဖက်ညီနေသည်။ ကျီလင်းချန်ရဲ့ အဝတ်ခန်းက အေးစက်စက် ခံစားချက်မျိုးပေးခဲ့ပေမဲ့ အခုတော့ အဝတ်ခန်းက တကယ့်ကို အရောင်အသွေးစုံနေပြီး ခံစားချက်အသစ်တစ်မျိုးကို ပေးနေသည်။
“ကောင်းပြီ။ အိပ်ဖို့အချိန်ကြပြီ။” ဖန့်ရှောင်နွမ်က စောင်ကို ဆိုဖာပေါ်ယူလိုက်သည်။ လိမ္မော်ရောင်မီးလေးတစ်လုံးပဲ ဖွင့်ထားသည်။ သူမ အတော်လေးကို အိပ်ချင်နေသည်။
ကျီလင်းချန် ပြန်လာတဲ့အခါ ဆိုဖာပေါ်က စောင်ပုံကြီးကို တွေ့လိုက်ရတော့ သူနည်းနည်း အောင့်သီးအောင့်သက်ဖြစ်သွားသည်။ သူ့တူပြောခဲ့တဲ့စကားတွေကို ပြန်ကြားနေသည်။ ဟမ့်။ သူမက တကယ်ပဲ ဘာမှမလုပ်နိုင်ခဲ့တဲ့လူကို ရွေးမှာလား? သူ့တူက ခရီးရှည်ကြီးသွားပြီးတည်းက ပြန်လာတော့ မောက်မာလာသည်။ သူက လမ်းလျှောက်သွားပြီးတော့ သူ့မိန်းမပေါ်က စောင်ကို တန်းပြီးတော့ ဆွဲချလိုက်သည်။ သူက ခါးကုန်းလိုက်ပြီး ရုတ်တရက်လန့်သွားတဲ့ မိန်းကလေးကို အိပ်ရာပေါ်ကို ခေါ်သွားခဲ့သည်။
“ကျီလင်းချန်၊ အိပ်ရာပေါ်မှာ ကျွန်မတို့နှစ်ယောက်အတူတူအိပ်ဖို့ မသင့်တောဘူး။” ဖန့်ရှောင်နွမ်က သူမယောကျာ်းနဲ့ ညှိနှိုင်းဖို့ ကြိုးစားနေခဲ့သည်။
“မင်းရဲ့ယောကျာ်းနဲ့ အတူတူအိပ်ဖို့ မသင့်တော်ဘူးလား? ဒါဆို မင်းက ဘယ်သူနဲ့ အတူတူ အိပ်သင့်တာလဲ?” ကျီလင်းချန်က သူ့မိန်းမကို အိပ်ရာမှာ ချထားပေးပြီး ဖုန်းယူကာ အိမ်တော်ထိန်းကို ခေါ်လိုက်သည်။ “ငါ့အိပ်ခန်းထဲကို လူခေါ်လာပြီးတော့ ဆိုဖာကို လာယူလိုက်။”
အိမ်တော်ထိန်းက “ဒုတိယသခင်လေး၊ ဘာလို့ပါလဲ?”လို့ မေးလိုက်သည်။
အိပ်ရာပေါ်က ထွက်ပြေးဖို့ ကြိုးစားနေတဲ့ သူ့မိန်းမကို ကြည့်လိုက်ပြီး သူ့လည်စလုတ်က ရွေ့လျားသွားသည်။ “လမ်းပိတ်နေလို့။”
ဖန့်ရှောင်နွမ်က သူမရဲ့ အိပ်ရာကို ယူသွားတော့မယ်ဆိုတာကို ကြားတော့၊ သူမက စိတ်တိုပြီး ကျီလင်းချန်ရဲ့ဗိုက်ကို ထိုးလိုက်သည်။ “မလုပ်နဲ့။ ရှင်က ကျွန်မ ဆိုဖာကို ယူသွားခိုင်းတော့ ကျွန်မက ဘယ်မှာသွားအိပ်ရတော့မှာလဲ?”
ကျီလင်းချန် ပြန်မဖြေပေ။ ဘယ်လောက်မှ မကြာခင် အိမ်တော်ထိန်းက ဖန့်ရှောင်နွမ်ကြည့်နေတဲ့အချိန်မှာပဲ လူတွေခေါ်လာပြီး ဆိုဖာကို ယူသွားကြသည်။ သူ့ဉီးလေးအခန်းထဲက ဆိုဖာကို ယူထုတ်သွားတာကို ကျီဝမ်လည်း မြင်လိုက်သည်။ သူက “သေစမ်း၊ ငါ့ဉီးလေးက လူ မဟုတ်ဘူးပဲ။”လို့ ပြောလိုက်သည်။
အိပ်ခန်းထဲမှာတော့ ဖန့်ရှောင်နွမ်ရဲ့ မျက်လုံးတွေနီရဲ့နေသည်။ သူမက စိတ်တိုပြီးတော့ မျက်ရည်တွေလည်းကျနေကာ အိပ်ရာဘေးမှာ ထိုင်နေသည်။
သူတအားကို စိတ်လိုက်မာန်ပါ လုပ်မိလိုက်တယ်ဆိုတာကို ကျီလင်းချန် သတိထားမိလိုက်သည်။ သူက စိတ်ရှည်ပြီးတော့ ဖန့်ရှောင်နွမ်နဲ့ ဆွေးနွေးလိုက်သည်။ “နွမ်နွမ်၊ ကိုယ်တို့က လင်မယား ဖြစ်နေပြီလေ။ မင်းအနေနဲ့ တချို့အရာတွေကို တတ်နိုင်သမျှ နေသားကျအောင်လုပ်ဖို့လိုတယ်။”
ဖန့်ရှောင်နွမ် နှုတ်ခမ်းဆူနေသည်။ “ရှင်နဲ့ အိပ်တာကို ကျွန်မ နေသားမကျချင်ပါဘူး။ တခြားတစ်ခုကို နေသားကျအောင် လုပ်လို့မရဘူးလား?”
ကျီလင်းချန်က သူ့ဒေါသကို မထိန်းနိုင်တော့ပေ။ သူ ဘာလို့ စိတ်တိုချင်စရာကောင်းတဲ့ အရှုပ်ထုပ်လေးကို လက်ထပ်ခဲ့မိတာလဲ? သူမ ပြောလိုက်တာက တအားကို စိတ်တိုစရာကောင်းတယ်ဆိုတာ သူမ မသိဘူးလား?
ကျီလင်းချန်က အသက်ပြင်းပြင်းရှုလိုက်ပြီး အသံကို နူးညံ့အောင်လုပ်လိုက်သည်။ “မဟုတ်ဘူး။ မင်းက ကိုယ်နဲ့ အတူတူအိပ်တာကိုပဲ အသားကျအောင်လုပ်ရမှာမဟုတ်ပဲ ကိုယ်နဲ့နေရတာကိုလည်း အသားကျအောင်လုပ်ဖို့လိုတယ်။ ကိုယ်တို့က လင်မယားဖြစ်လာပြီလေ။ မင်းနဲ့ကိုယ်က တစ်သားတည်းဖြစ်နေပြီ။ တချို့အရာတွေက အခုမဖြစ်သေးပေမယ့် မင်းအနေနဲ့ ဖုံးကွယ်ဖို့ မတွေးနဲ့။ မင်း နေသားကျအောင် ကိုယ် အချိန်ပေးမယ်။”