← Chapters

အခန်း (၄၈)

Vol. 4 Ch. 48

အခန်း (၄၈)

Vol. 4 Ch. 48

အဲ့ဒီအချိန်မှာပဲ ကျီမိသားစုထဲမှာ စကားအရာရောက်တဲ့ သူ့အဖိုး ရှိနေသေးတဲ့အတွက် ကျီဝမ် ပျော်နေမိသည်။ သူ့အဖိုးကတော့ သူ့ဉီးလေးကို လုပ်ချင်တာလုပ်ခွင့်ပေးမှာမဟုတ်ဘူး။

သို့သော် ကျီလင်းချန်က သူလုပ်ချင်တာဆိုရင် သိကြားမင်း လာတားတောင် မရဘူးဆိုတာကို ကျီဝမ်မသိသေးပေ။ သူ့အဖေဆို ပိုဆိုးပေါ့။

ကျီလင်းချန်ရဲ့ စကားတတ်တဲ့ မိန်းမက စပြီး သခင်ကြီးကျီကို ရှင်းပြလိုက်သည်။ “အဖေ၊ ကျွန်မယောကျာ်းက ကျွန်မအတန်းဖော်ရဲ့ ဆံပင်ကို သပေးနေတာပါ။”

ကျီလင်းချန်က သူ့မိန်းမကို တစ်ချက်လှည့်ကြည့်လိုက်သည်။ သူမက အဲ့လိုမျိုးဘယ်လိုတောင်ပြောနိုင်တာလဲ?

သခင်ကြီးကျီ ရောက်လာတဲ့အခါ သူက လက်လှမ်းပြကာ ကျီဝမ်ကို ချုပ်ထားတဲ့ အိမ်စေတွေကို လွှတ်ခိုင်းလိုက်သည်။ ကျီဝမ်က လွတ်သွားပြီးနောက် အမြန် ပြေးထွက်သွားသည်။ သူ ပြေးသွားတာမြန်လွန်းလို့ ဖန့်ရှောင်နွမ်တောင် အံ့ဩသွားသည်။ သူမက သူမဘာသာတွေးနေမိသည်။ “ကျောင်းမှာတုန်း ဒီကောင် ဒီလောက်မြန်မြန်ပြေးခဲ့ရင်၊ ငါလည်း သူ့ကို ခဏခဏနှိပ်စက်မိမှာမဟုတ်ဘူး။”

သခင်ကြီးကျီက တစ်ယောက်ဘေးနားတစ်ယောက်ကပ်ပြီး ရပ်နေကြတဲ့ ကျီလင်းချန်နဲ့ သူ့မိန်းမကို ကြည့်လိုက်သည်။ ပြီးတော့ သူတို့နှစ်ယောက်ကို ကြည့်ပြီး ပြောလိုက်သည်။ “မင်းတို့နှစ်ယောက်”

“အဖေ၊ အဖေကော အဖေ့ဆံပင်ပုံစံ ပြောင်းချင်လား? ကျွန်မယောကျာ်း လုပ်ပေးပါလိမ့်မယ်။ အလကားလေ။” ဖန့်ရှောင်နွမ်က ရွှတ်နောက်နောက်ပြောလိုက်သည်။

သခင်ကြီးကျီက ချောင်းအကျယ်ကြီး ဟန့်လိုက်သည်။ သူ့မျက်နှာထားက မီးသွေးထက်‌တောင် မည်းမှောင်လာသည်။ သူက သူ့ခေါင်းကို လက်ညှိုးထိုးပြလိုက်သည်။ “ဘာတယ်? နင်က ငါ့ခေါင်းကို ကတုံးတုံးပေးဉီးမှာလား?”

မိန်းကလေးတစ်ယောက်ရဲ့ ပါးစပ်ကို မထိန်းနိုင်လောက်အောင်အထိ စိတ်တိုစရာတစ်ခုတော့ ရှိနေပုံရသည်။ သူမက နှုတ်ခမ်းကို ခဏပိတ်ပြီးတော့ တိုးတိုးလေး ရေရွတ်လိုက်သည်။ “ဘယ်လိုပဲဖြစ်ဖြစ်၊ အဖေ့ဆံပင်တွေလည်း မရှိတော့ဘူး။ ကတုံးတုံးလိုက်တာကမှ ပိုကောင်းဉီးမယ်။ ခေါင်းလျှော်ရတာ ပိုလွယ်သွားတာပေါ့”

သူ့မိန်းမက သူ့သေတွင်းသူ တူးနေတယ်ဆိုတာ ကျီလင်းချန် သဘောပေါက်လိုက်သည်။ သူ အမြန် ဖန့်ရှောင်နွမ်ကို အခန်းထဲကို ဆွဲခေါ်သွားလိုက်သည်။ အဲ့ဒီနောက် ရိုက်ခွဲပစ်နေတဲ့ အသံတွေကို ဧည့်ခန်းထဲက ကြားနေရသည်။

သို့သော်၊ အဲ့လိုဖြစ်အောင်လုပ်ခဲ့တဲ့သူကတော့ သူမမျက်နှာမှာ အပြစ်ကင်းတဲ့ပုံ ပေါက်နေသည်။ “ယောကျာ်း၊ ကျွန်မ ပြောလိုက်တာကြောင့် အဖေက စိတ်ဆိုးနေတာလား?

“ကျီမိသားစု တစ်မိသားစုလုံးမှာ သူ့ကို ထိပ်ပြောင်နေတယ်လို့ပြောရဲတာ မင်းပထမဆုံးပဲ၊ မင်း တကယ်ပြောရဲတာပဲနော်”လို့ ကျီလင်းချန်က ပြန်ပြောသည်။

“အာ၊ ဘယ်လိုပြောရမလဲ? အမှန်တွေက တစ်ခါတလေ နားထောင်နိုင်ဖို့ မလွယ်ဘူး။ ဒါပေမဲ့ အဲ့ဒါတွေက စကားလုံးကြမ်းတွေတော့ မဟုတ်ဘူး။ ကျွန်မပြောတာတွေက နားထောင်ဖို့မကောင်းပေမဲ့ အမှန်တွေလေ” ဖန့်ရှောင်နွမ်က အတည်ပေါက်နဲ့ကို ပြောနေသည်။

ကျီလင်းချန် ဘာမှမပြောပေ။ ဧည့်ခန်းထဲက လာတဲ့ ပစ္စည်းတွေ ရိုက်ခွဲဖျက်ဆီးနေတဲ့ အသံကတော့ ရပ်မသွားသေးချေ။ သခင်ကြီးက နောက်တစ်ခါ ဖန့်ရှောင်နွမ်ကြောင့် စိတ်တိုသွားရပြီနဲ့ တူသည်။ သူမကလည်း သခင်ကြီး အခုလိုလုပ်နေတာက ကျီဝမ် ဆံပင်ကိစ္စကို ကာကွယ်ပေးချင်လို့လုပ်နေတာလို့ သံသယဝင်မိသည်။

“ဟုတ်ပြီ၊ ဟုတ်ပြီ။ အဲ့ဒါ အရေးမကြိးဘူး။ ဘယ်လိုပဲဖြစ်ဖြစ်၊ ကျွန်မတို့က ဒီနေ့ ထွက်သွားမှာလေ။ ဒီအိမ်တံခါးကနေထွက်သွားတာနဲ့ ကျွန်မတို့ လွတ်လပ်သွားပြီ။ ကောင်းကင်မှာ ပျံသန်းလို့ ရသွားပြီ။” ဖန့်ရှောင်နွမ်က မျက်မှောင်ကြုတ်နေတဲ့ ကျီလင်းချန်ကို ကြည့်ပြီးတော့ သူ့ကိုတော့ နှစ်သိမ့်ပေးနေသည်။

ကျီလင်းချန် ပြောလိုက်သည်။ “မင်းက သခင်ကြီးကို ထိပ်ပြောင်နေတယ်ဆိုပြီး ပြောလို့မရဘူး။ ပြီးတော့ အိမ်ပြောင်းသွားရင်တောင် ဒီလို ပြဿနာရှာတဲ့သူလို့ ဆက်လုပ်နေလို့မရဘူး”

“စဉ်းစားကြည့်။ ကျွန်မတို့က ထွက်သွားတော့မှာလေ။ ရှင့်အဖေ ဘယ်လိုပဲစိတ်ဆိုးဆိုး၊ သူ ကျွန်မကို ဘယ်တော့မှ လာထိန်းချုပ်လို့မရဘူး။ ယောကျာ်း၊ မျက်မှောင်ကြီး ကျူံ့မနေနဲ့။ လှလည်းမလှပဲနဲ့။ ကြောက်ဖို့ကောင်းတယ်။” ဖန့်ရှောင်နွမ်က စနောက်ကာ ပြောလိုက်သည်။

သခင်ကြီးကျီက ဒေါသထွက်တဲ့အခါ သူမကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားတယ်ဆိုတာ သိသာနေသည်။

ညနေ ရှစ်နာရီတောင် ကျော်သွားပြီ။ ကျီလင်းချန်နဲ့ သူ့မိန်းမက ကျီမိသားစုအိမ်တော်မှာပဲ ရှိနေသေးသည်။ မှောင်လာလေလေ၊ ဖန့်ရှောင်နွမ် စိတ်မသက်သာလာသလို ခံစားရလေပင်။ ဒါ့ကြောင့် သူမက ကျီလင်းချန်ကို “အမြန်လုပ်ပြီး၊ သွားမယ်”လို့ ထပ်ခါ ထပ်ခါတိုက်တွန်းနေပြန်သည်။

သခင်ကြီးကျီက ဖန့်ရှောင်နွမ်ကို စိုက်ကြည့်နေသည်။ “ညဘက်မှာ အိမ်ပြောင်းတဲ့သူတစ်ယောက်တလေတောင် မင်းတို့မြင်ဖူးကြလား? ” သခင်ကြီးကျီ ပြောပုံအရဆို သူက လင်မယားနှစ်ယောကို ဒီညသွားခွင့် မပေးချင်ပေ။

သူ့ကြည့်လိုက်တာကြောင့် ဖန့်ရှောင်နွမ် ကြောက်သွားသည်။ သူမကို မမြင်အောင် ကျီလင်းချန်နားကို သူမ တိုးပြီး ကပ်နေနေသည်။

“အားလုံးသိမ်းပြီးနေပြီ။ ကျွန်တော်တို့ ဘယ်အချိန်မဆို သွားလို့ရတယ်။” သူ့နောက်မှာ ကြောက်လန့်နေတဲ့ကြောင်လေးတစ်ကောင် ပုန်းနေသလို ခံစားလိုက်ရတဲ့အခါ သူ ပြောလိုက်သည်။

သခင်ကြီးကျီက ဘယ်အချိန်ဖြစ်ဖြစ် ယောကျာ်းနောက်မှာ ပုန်းနေတဲ့ မိန်းကလေးငယ်လေးကို ကြည့်နေသည်။ သူမက သူ့ကိုထိပ်ပြောင်တယ်လို့ ပြောရဲပေမယ့် အခုကျတော့ ပုန်းနေသည်။ သူမရဲ့ သတ္တိတွေ ဘယ်ရောက်ကုန်လဲ? သူက သူမကို ဆက်ကြည့်နေသည်။

သခင်ကြီးကျီက “မင်းတို့ ဒီည သွားလို့မရသေးဘူး။ မင်းတို့ ငါ့ဆံပင် ပုံစံကို ပြောင်းပေးဉီးမှာမလား?”

သခင်ကြီးကျီ ပြောလိုက်တာတွေကို ကြားတော့ ဖန့်ရှောင်နွမ်ရဲ့ နှလုံး အေးစိမ့်သွားသည်။ သူမက သူမဘာသာ တွေးနေမိသည်။ 'သွားပြီ၊ သွားပြီ။ ငါအစောနက အဲ့တာတွေကို ပြောခဲ့ပြီးသွားပြီ။ ငါတစ်ခါပြောလိုက်တာကို သူက တစ်သက်လုံး မှတ်ထားတော့မှာ။ သူက အသာလေးတော့ လွှတ်ထားမှာမဟုတ်ဘူး။ ငါ အဲ့ဒါကို ဘာလို့မေ့သွားတာလဲ?အားးး'

ကျီလင်းချန်က သူ့မိန်းမကို တိတ်တဆိတ်နဲ့ ကာကွယ်ပေးနေသည်။ “အဖေ၊ ‌ကျွန်တော်တောင်းမဲ့ ဈေးနှုန်းက အရမ်းမြင့်တယ်နော်၊ အဖေ မတတ်နိုင်လောက်ဘူး။”

ဟမ့်၊ သူ အစောက အလကားလို့ ပြောခဲ့တာမဟုတ်ဘူးလား? အစောန နှလုံးရောဂါရမသွားတာ သခင်ကြီးကျီ ကံကောင်းခဲ့သည်။ အဲ့လိုမှမဟုတ်ရင် အဲ့ဒီလင်မယားက သူ့ကို အရေးပေါ်ခန်းထဲကို ခေါ်သွားရတော့မှာ။ လင်မယား‌နှစ်ယောက် ပေါင်းပြီး သခင်ကြီးကို စိတ်ဆိုးအောင်လုပ်ခဲ့တာလား? ပြီးတော့ သူကလည်း သူတို့ကို ဒေါသနဲ့ ပြန်ချေပလိုက်သည်။

“မင်းတို့ ဒီနေ့ ထွက်သွားလို့မရဘူး။ အိမ်တော်ထိန်း၊ ငါ့အတွက် တံခါးကို သော့ခတ်ပေး” သူတို့နှစ်ယောက် ထွက်သွားဖို့ကို အလျင်လိုနေတယ်ဆိုတာ သခင်ကြီးကျီသိသည်။

ဘေးနားမှာရပ်နေတဲ့ အိမ်တော်ထိန်းက “ရှောင်ဝမ်က ဆံပင်သွားဆိုးဖို့ ထွက်သွားတာ အခုထိပြန်မလာသေးဘူး”လို့ သူ့ကို သတိပေးလိုက်သည်။

သခင်ကြီးကျီက “သူ့အတွက် အနောက်တံခါးဖွင့်ပေးထားလိုက်”လို့ ပြောသည်။

တိုက်ဆိုင်စွာပဲ ကျီဝမ် ပြန်ရောက်လာခဲ့သည်။ သူ့ရဲ့ ဆံပင်ပုံစံက အရင်အတိုင်းပြန်ဖြစ်သွားသည်။ အစောနက နီကြောင်ကြောင် ဆံပင်ထက် အခုပုံစံက ပိုပြီး မျက်စိအေးစရာဖြစ်နေသည်။ သူ အိမ်ထဲဝင်ဝင်ချင်း ပထမဆုံးလုပ်တာက ကျီလင်းချန်ရှေ့ကို လျှောက်သွားတာပင်။ “ဉီးလေး၊ စစ်လို့ရပါတယ်။ ဆံပင်မွှေးတွေအကုန် အနက်ဖြစ်အောင် လေးငါးကြိမ်လောက်ကို သေချာအောင် ဆိုးခဲ့ပါတယ်။”

All Chapters