← Chapters

အခန်း (၇၀)

Vol. 5 Ch. 70

အခန်း (၇၀)

Vol. 5 Ch. 70

ကျီဝမ်က သူ ဗိုက်လှုပ်အကကို ဆက်မသင်ချင်တဲ့အတွက် သူ့အဖိုးဆီ အကူအညီတောင်းဖို့ သွားခဲ့သည်။ ဒါပေမဲ့ သခင်ကြီးကျီက သူ့မြေးကို မြင်တိုင်း သူ့ရဲ့ ဖြူပြာရောင် မြေအိုးကြီးကို တွေးမိတဲ့အတွက် သူက သူ့မြေးကို ကူညီဖို့ ငြင်းဆန်ခဲ့သည်။

ကျီဝမ်က သူ့မိဘတွေဆီသွားပြန်သည်။

သူ့အဖေ - “ငါဂရုမစိုက်ဘူး။”

သူ့အမေ - “အမေ မကူညီနိုင်ဘူး”

ဘယ်လောက်မှ မကြာခင် ကျောင်းတွေ စဖွင့်ပြီဖြစ်သည်။ ဖန့်ရှောင်နွမ်က ပစ္စည်းတွေထည့်ပြီး ကျောင်းလွယ်အိတ်ကို ယူကာ ထွက်ဖို့ ပြင်လိုက်သည်။

ကျီဝမ်လည်း မိသွားသည်။ သူ အိမ်ကထွက်ပြီး နှစ်ရက်လောက်ကြာတော့ ကျီလင်းချန်က ကျီဝမ်ကို မိသွားကာ အကခန်းကို ပို့လိုက်ပြီး အတန်းထပ်တက်စေသည်။

အဲ့နေ့တွေမှာ ကျီဝမ်ရဲ့အရိုးတွေက ကျိုးသွားသလို၊ အရမ်းကိုနာနေသည်။

ဖန့်ရှောင်နွမ်ကတော့ အဲ့ဒါကို သည်းမခံနိုင်ပေ။ တစ်ခါက၊ သူမက ကျီဝမ်ကို ကခိုင်းတဲ့ သူ့ဆုံးဖြတ်ချက်ကို ပြန်ရုတ်သိမ်းဖို့ ကျီလင်းချန်ကို ဖျောင်းဖျဖို့ ကြိုးစားလိုက်သည်။

မထင်ထားပေမဲ့၊ ကျီလင်းချနက ဒေါသတကြီး အေးစက်စွာဖြင့် သူမ ပြောတာကို ငြင်းလိုက်သည်။ “မင်းနောက်တစ်ခါထပ်ပြောရင်၊ မင်းပါ အဲ့သင်တန်းကို တက်။”

အဲ့ဒါက ဖန့်ရှောင်နွမ်ကို ကြောက်သွားစေလို့ သူမ နောက်တစ်ခါ ဘာမှကို မပြောရဲတော့ပေ။

အခုတော့ ကျောင်းတွေစဖွင့်ပြီပင်။ ကျီဝမ်က နေ့ခင်းဘက်မှာတော့‌ အေးဆေးနေလို့ရသည်။ သို့သော်၊ ကျီလင်းချန်က သူ့ရဲ့အကသင်တန်းကို နေ့ကနေ ညကို ရွှေ့လိုက်သည်။ အဲ့ဒါကို သိတော့၊ ကျီဝမ်က သူ့ဘဝရဲ့ မျှော်လင့်ချက် ပျောက်ဆုံးသွားသလို ခံစားလိုက်ရသည်။

ကျောင်းဖွင့်တဲ့ ပထမဆုံးနေ့မှာ၊ ဖန့်ရှောင်နွမ်က မေဂျာပြောင်းဖို့ လို့အပ်တဲ့လက်မှတ်တွေနဲ့ ကျောင်းလွယ်အိတ်လွယ်ပြီး တက္ကသိုလ်ရုံးခန်းကို သွားခဲ့သည်။ လျှိုစစ်ယွီက သူမကို တချို့ဟာတွေကို ကူညီပေးဖို့အတွက် လိုက်လာသည်။

ကျီဝမ်လည်း လျှိုစစ်ယွီကို မြင်သွားသည်။ သူတို့သုံးယောက်တွေ့တဲ့အခါ ဖန့်ရှောင်နွမ်နဲ့ လျှိုစစ်ယွီက အကျယ်ကြီး ရယ်မောနေကြသည်။

လျှိုစစ်ယွီက ကျီဝမ်ကို မေးလိုက်သည်။“အမလေး၊ ငါတို့ရဲ့မောင်လေး ကျီဝမ်ရဲ့ အကသင်တန်း ဘယ်လိုနေလဲဟင်လို့?”

ကျီဝမ်က သူ့အတွေ့အကြုံကို တွေးပြီးတော့ အံကြိတ်နေသည်။ “လျှိုစစ်ယွီ၊ ဖန့်ရှောင်နွမ်၊ ငါက နင်တို့ဆီမှာ အရင်ဘဝက အကြွေးတွေများ ရှိခဲ့လားမသိဘူး? ဒီဘဝမှာ ငါ့ကို ဒီလောက်လာပြီး နှိပ်စက်နေကြတာ။”

ဖန့်ရှောင်နွမ် မေဂျာပြောင်းချင်တဲ့အချိန်မှာ ကျီဝမ်ကလည်း ကျားမတစ်ကောင်လိုဖြစ်နေတဲ့ ဖန့်ရှောင်နွမ်ကို ရှောင်ချင်တဲ့အတွက် ပြောင်းချင်နေသည်။ သို့သော်၊ သူတို့ ရုံးခန်းရောက်တဲ့အခါမှာ၊ ဆရာက “မင်းတို့နှစ်ယောက်လုံးရဲ့ တောင်းဆိုချက်တွေကို ခွင့်မပြုနိုင်ဘူး။”လို့ သူတို့ကို ပြောလိုက်သည်။

လျှိုစစ်ယွီက “ဆရာ၊ မှားများမှားနေတာလား? နွေပိတ်ရက်တုန်းက၊ ဖန့်ရှောင်နွမ်ရဲ့ ကျောင်းမှတ်တမ်းက စီးပွားရေးကျောင်းကို ပြောင်းပြီးသားဆိုတာကို သေချာပြထားပါတယ်။ ကျွန်မမှာ ပြောင်းထားတဲ့လက်မှတ်နဲ့ ကျောင်းအုပ်နှစ်ယောက်လုံး လက်မှတ် ထိုးထားတာပါပါတယ်။ ဘာလို့ အခုအဲ့တာက အကျိုးမသက်ရောက်တာလဲ?”

ရုံးခန်းထဲက ဆရာက ထပ်မစစ်ဆေးတော့ဘဲ မဖုံးမကွယ် ပြောလိုက်သည်။ “မင်း မေဂျာပြောင်းတာကို အထက်ကို အကြောင်းကြားလိုက်တဲ့ မင်းရဲ့ မိသားစုဝင်ကြောင့်ပဲ။ မင်းမလာခင်မှာဘာလို့ မင်းမိသားစုနဲ့အရင် မဆွေးနွေးခဲ့တာလဲ?”

“ကျွန်မ ဆယ်နှစ်တည်းက ကျွန်မမိဘတွေက ကျွန်မဆုံးဖြတ်ရင် ဘယ်တုန်းကမှ ဝင်ပြောခဲ့တာမရှိဘူး။ ဆရာ၊ လိမ်ရင်လည်း ဒီထက်ပိုကောင်းတဲ့ အကြောင်းကို ရှာသင့်တယ်။” ဖန့်ရှောင်နွမ်က မျက်မှောင်ကြုတ်ပြီး ဆရာကို မေးခွန်းထုတ်လိုက်သည်။

ကျီဝမ် - “အဲ့ဒါမှန်တယ်။ သူ ပြောတာကို ကျွန်တော်ထောက်ခံတယ်။ သူမက မေဂျာပြောင်းလို့မရရင်တောင် ကျွန်တော်ကကော ဘာလို့ ပြောင်းလို့မရတာလဲ?”

ရုံးခန်းက ဆရာက ပြုံးပြီး ပြောလိုက်သည်။ “သခင်လေးကျီ၊ မင်းပြန်ပြီးတော့ မင်းဉီးလေးကို ဒီကိစ္စကို မေးသင့်တယ်။ မင်းဉီးလေးက ငါတို့ကျောင်းရဲ့ အကြီးဆုံး ရှယ်ယာဝင်ပဲ။ ငါတို့က သူပြောတာကို ငြင်းဆန်လို့မရဘူး။”

ကျီလင်းချန်က ဘယ်တုန်းကမှ သူ့တူရဲ့ကျောင်းကိစ္စမှာ ဝင်မပါခဲ့ပေ။ ကျီဝမ်က မြို့တော်ဝန်ရဲ့ ဒုတိယမျိုးဆက်ဖြစ်တာကြောင့် ကျောင်းမှာလည်း အခွင့်ထူးခံဖြစ်နေသည်။ သူ့ဘေးနားက လူတွေဆိုရင် သူ့အဖေက ဘယ်လို မြို့တော်ဝန်ဆိုတာတောင် မသိကြပေ။ တခြားသူတွေကသာ သူက ကျီလင်းချန်ရဲ့ တူအရင်းဆိုတာသိရင် ဒီကလေးက ကျောင်းမှာ သူလုပ်ချင်တာ လုပ်နိုင်မှာ။ ဒါကြောင့်ပဲ ကျီလင်းချန်နဲ့ မြို့တော်ဝန်ကျီက သူ့ကို ဘယ်တုန်းကမှ သူတို့ရဲ့ဂုဏ်ပုဒ်ကို သုံးခွင့်မပေးခဲ့ချေ။

အခုက ကျီလင်းချန် သူ့တူရဲ့ကျောင်းကိစ္စကို ဝင်စွက်ဖက်တာ ပထမဆုံးအကြိမ်ဖြစ်ပြီး အဲ့ဒါကလည်း ဖန့်ရှောင်နွမ်ကြောင့်ပင်။

ကျီလင်းချန် ဒီကိစ္စကို ကျောင်းရဲ့ ဉီးဆောင်နေတဲ့သူတွေနဲ့ ထမင်းစားနေတဲ့အချိန်မှာ ပြောလိုက်တော့ အကုန်လုံးက အရမ်းကို အံ့အားသင့်သွားကြသည်။ ကျီဝမ်အဖေက မြို့ရဲ့ မြို့တော်ဝန်၊ ပြီးတော့ သူ့ဉီးလေးက စီးပွားရေးလောကရဲ့ အရှင်သခင်ပဲ။

အဲ့ဒါကြောင့် ကျီလင်းချန်ပြောတဲ့အတိုင်း ကျောင်းအုပ်က ကျီဝမ်နဲ့ ဖန့်ရှောင်နွမ်ရဲ့ ကျောင်းမှတ်တမ်းတွေကို ပြန်ပြင်လိုက်သည်။ ဒီကိစ္စထဲမှာ ပါဝင်တဲ့သူတိုင်းက ကျီဝမ် ဘယ်သူလဲ ဆိုတာကို သိပြီးတော့ သူ့ကို သခင်လေးလို့ပဲ စခေါ်တော့သည်။

ကျီဝမ်က စိတ်မသက်မသာဖြစ်လာသည်။ သူ ဖန့်ရှောင်နွမ်ကို ကြည့်ပြီး ဖန့်ရှောင်နွမ်ရဲ့ ငယ်ရွယ်နုပျိုတဲ့မျက်နှာက မှုန်သုန်နေတဲ့အချိန်မှာ သူ့ဉီးလေး သူမကို တစ်ခုခုလုပ်ခဲ့လားဆိုတာကို မေးဖို့ လုပ်လိုက်သည်။

ဖန့်ရှောင်နွမ်က ရုံးခန်းထဲက ဆရာကို မေးလိုက်သည်။ “ဆရာ၊ ကျွန်မရဲ့ ကျောင်းပြောင်းလက်မှတ်ကို ပြင်လိုက်တာကလည်း ကျီလင်းချန်ပဲ မလား?”

ရုံးခန်းက ဆရာက ဖန့်ရှောင်နွမ်ကို ခေါင်းငြိမ့်ပြလိုက်သည်။ သူတို့လည်း နားမလည်နိုင်ဖြစ်နေသည်။ ကျီဝမ်က ကျီလင်းချန်ရဲ့တူ မလို့ တခြားမေဂျာကို မပြောင်းခိုင်းတာနားလည်သည်။ ဒါပေမဲ့ ဖန့်ရှောင်နွမ်က သာမန်ကျောင်းသူတစ်ယောက်ပဲ။ ဘာလို့ ကျီလင်းချန်က သူမရဲ့ကိစ္စကို စီစဉ်ဖို့အတွက် အလုပ်ရှုပ်ခံနေတာလဲ? သူတို့ ဖန့်ရှောင်နွမ်အကြောင်းကို မသိတဲ့အတွက် ကျောင်းရုံးခန်းက သူမကို သိပ်ပြီးတော့ လေးလေးစားစားမဆက်ဆံပေ။

ဖန့်ရှောင်နွမ်က အားနဲ့ သူမလက်ထဲမှာကိုင်ထားတဲ့ ဖိုင်တွေကို စားပွဲပေါ်ကို ပစ်ချလိုက်ကာ လှည့်ပြီး ရုံးခန်းတည်းက ထွက်သွားခဲ့သည်။ သူမက တခြားကျောင်းသားသစ်တွေနဲ့ အတန်းသစ်ကို စတက်ရတော့မယ်လို့တွေးပြီး ပျော်ရွှင်ကာ ကျောင်းကို စောစောလာခဲ့သည်။

ဒါပေမဲ့ အခုတော့ အဲ့ဒီအရာက မဖြစ်လာတော့ဘူးဆိုတာ သိနေသည်။ သူမရဲ့သူငယ်ချင်းဟောင်းတွေနဲ့ အတူတူအချိန်ကုန်ရမယ့် လှပတဲ့အိပ်မက်လည်း ကျီလင်းချန်ကြောင့် ပျက်စီးသွားသည်။

“ရှောင်နွမ်၊ နင်ဘယ်သွားနေတာလဲ?” သူမနောက်က လျှိုစစ်ယွီက အော်လိုက်သည်။

All Chapters