အခန်း (၈၇)
Vol. 6 Ch. 87
ကျီလင်းချန်ရဲ့ မျက်နှာကို ကြည့်ရင်းနဲ့ ဖန့်ရှောင်နွမ် ပြောလိုက်သည်။ သူ့မျက်နှာထားက မှင်သေတဲ့အတွက်ကြောင့် သူဘာတွေးနေလဲဆိုတာကို သူမ မသိပေ။ သူမက ဆက်ပြီး ပြောလိုက်သည်။
“နောက်တော့၊ မိဘတွေရဲ့ စီးပွားရေးက တဖြေးဖြေးအဆင်ပြေလာတော့ အိမ်ပြောင်းခဲ့တယ်။ ဒါပေမဲ့၊ နွေရာသီရောက်တိုင်း ကျွန်မမိဘတွေက ကျွန်မကို ရေခဲမုန့်တွေ အများကြီးဝယ်ဖို့ ဉီးလေးကျန်းအိမ်ကို အမြဲပို့ပေးတယ်လေ။ ကျီဝမ်နဲ့ စစ်ယွီလည်း ဒီနေရာကိုသိတယ်။ ပြီးတော့၊ ကျီဝမ်က ကျွန်မအိမ်စာတွေ လုပ်ရတာမို့၊ သူ့ကို ကျွန်မ မိဘတွေရှေ့မှာ လုပ်ခိုင်းလို့မရဘူးလေ။ သူတို့ကိုလည်း ဉီးလေးကျန်းဆိုင်ကို ခေါ်ခဲ့တာ။ ကျီဝမ်ကို ရေခဲမုန့်ဝယ်ကျွေးမှ၊ သူက ကျွန်မအိမ်စာကို လုပ်ပေးမှာလေ။ ဒီနှစ်တော့၊ ဉီးလေးကျန်းဆီကို ကျွန်မ မသွားခင်မှာပဲ၊ ရှင့်အဖေက ကျွန်မတို့အိမ်ကိုလာပြီး လက်ထပ်ဖို့ လာကမ်းလှမ်းတယ်လေ။ ဒါ့ကြောင့် အဖေနဲ့အမေလည်း ရေခဲမုန့် မစားချင်တော့တဲ့အတွက် ရေခဲမုန့်သွားမဝယ်ခဲ့ကြဘူး။ ရေခဲမုန့် မစားရတဲ့ နွေရာသီက မပြည့်စုံဘူး။ တစ်ခုခုလိုနေတယ်လို့ ခံစားရတာကြောင့် ဒီနေ့ ရှင့်ကို ခေါ်လာတာ။”
အမှန်တွေကို ကြားလိုက်ရတာကြောင့် ကျီလင်းချန်ရဲ့ မျက်နှာထားက ပိုပြီး နူးညံ့လာသည်။ “ရှောင်နွမ်၊ ကျောင်းမှာကော မင်းရဲ့ တခြားခိုင်းဖက်တွေရှိသေးလား?”
“တစ်ယောက်နဲ့တင်ရပါပြီ။ ကျွန်မ အများကြီကို မထိန်းနိုင်ဘူး။”လို့ ဖန့်ရှောင်နွမ်က ပွင့်လင်းစွာ ဖြေလိုက်သည်။
အဲ့ဒါကိုကြားတော့ ကျီလင်းချန် စိတ်သက်သာသွားသည်။ “မင်းမှန်တယ်။ စီမံရတာက လွယ်တဲ့ကိစ္စမဟုတ်ဘူး။ ရှောင်ဝမ် တစ်ယောက်တည်းနဲ့တင် လုံလောက်ပါပြီ။”
ဖန့်ရှောင်နွမ်က သူ့ယောကျာ်းပြောတာကို သဘောတူသည်။ လူတစ်ယောက်ရဲ့ လုပ်နိုင်စွမ်းမှာလည်း အတိုင်းအတာရှိသည်။ ကျီဝမ်က ကြောက်တဲ့အတွက် လက်ပါးစေလေးတစ်ယောက် လုပ်ရမယ့် အရာအားလုံးကို လုပ်ပေးသည်။ ဒါ့ကြောင့် တခြားသူတွေလုပ်စရာ ဘာမှမရှိပေ။
“ယောကျာ်း၊ ကျွန်မက ရှင့်တူကို အနိုင်ကျင့်ရင် ရှင်စိတ်ဆိုးမှာကို ကြောက်လို့ ကျီဝမ်က ကျွန်မအတွက် မောင်လေးတစ်ယောက်လိုပဲဆိုတာကို ရှင့်ကို မပြောရဲခဲ့တာ။ ရှင်က ကျွန်မကို အနိုင်ကျင့်ပြီး လက်စားချေမယ်ထင်လို့။”
“ကိုယ် မင်းကို အနိုင်ကျင့်လို့လား?”
ဖန့်ရှောင်နွမ်က ခေါင်းရမ်းလိုက်သည်။ သူမက သူမယောကျာ်းရဲ့ ဘေးစောင်းမျက်နှာကို ကြည့်လိုက်တော့ အရမ်းကို ဆွဲဆောင်မှုရှိနေတာ သတိထားမိသွားသည်။ “မကျင့်ပါဘူး။ ယောကျာ်း၊ ရှင်က အမြဲတမ်း ကျွန်မဘက်မှာလေ။”
ကျီလင်းချန် မျက်နှာလှည့်လိုက်တော့ သူ့မိန်းမရဲ့ စွဲမက်ဖွယ်ကောင်းတဲ့ မျက်လုံးတွေကို သူသေချာအာရုံစိုက်မိသွားသည်။ ဖန့်ရှောင်နွမ်က ရှက်ပြီးတော့ သူမအကြည့်ကို လွှဲလိုက်သည်။ ကားထဲက အခြေအနေက နူးညံ့စွာအသက်ဝင်နေသည်။ ကျီလင်းချန်က ပြုံးရင်းနဲ့ ကားမောင်းလာသည်။ သူ့ဘေးမှာထိုင်နေတဲ့ မိန်းကလေးက ရှက်နေတဲ့အတွက် သူမရဲ့ ပါးတွေက နီရောင်သန်းနေသည်။
နောက်ဆုံးအိမ်ကို ရောက်တော့မှ ဖန့်ရှောင်နွမ်ရဲ့ ရှက်နေတာ ပြေလျော့သွားသည်။ သူမက နောက်ဘေးခြံထဲကနေ “ ကျီဝမ်၊ ထွက်လာပြီးတော့ နင့်ဉီးလေးကို ရေခဲမုန့်တွေ ကူသယ်ပေးဉီး။”လို့ အော်လိုက်သည်။
ကျီဝမ်က ဖိနပ်စီးပြီးတော့ မညီမညာနဲ့ လမ်းလျှောက်ထွက်လာသည်။ ကျီလင်းချန်က အဖြူရောင်းပုံးအကြီးကြီးကို သယ်နေတာမြင်တော့ တန်းပြီး သူ့ဆီသွားခဲ့သည်။ “ဉီးလေး၊ ဘယ်လောက်တောင် ဝယ်လာတာလဲ?”
ကျီလင်းချန်က ကျီဝမ်ကို ပုံးအသေးလေး လှမ်းပေးလိုက်သည်။ သူကတော့ ရေခဲမုန့်ပုံးတွေ အများကြီးကို အိမ်ထဲသယ်လာသည်။ “ရှောင်နွမ် ကားတံခါးပိတ်လိုက်ဉီး။”
“ဟုတ်ကဲ့၊ ယောကျာ်း။” ဖန့်ရှောင်နွမ်က ပျော်ပျော်ရွှင်ရွှင်ပဲ ကားတံခါးပိတ်လိုက်သည်။ သူမက အိမ်ထဲက ဧည့်ခန်းဆီကို ပြေးသွားပြီးတော့ ရေခဲသေတ္တာရဲ့ အောက်ဆုံးထပ်ကို ဆွဲထုတ်လိုက်သည်။ ကံမကောင်းစွာနဲ့ အဲ့ဒိထဲ ပင်လယ်စာတွေနဲ့ ပြည့်နေတာကို တွေ့သွားသည်။
သခင်ကြီးကျီက သူ့ရဲ့ ချွေးမစိတ်ပျက်သွားတာကို ရိပ်မိသည်။ သူက အစေခံကို ညွှန်ကြားလိုက်သည်။“ဒုတိယသခင်မလေးအတွက် ရေခဲသေတ္တာအောက်ဆုံးထပ်ကို ဘာမှမထည့်ဘဲထား”
အစေခံက မေးလိုက်သည်။“သခင်ကြီး၊ ပင်လယ်စာတွေကိုကော?”
သခင်ကြီးကျီက “ငါတို့ ညကျမှ ချက်စားလို့ရတယ်လေ”လို့ ပြောလိုက်သည်။
အစေခံက “သခင်ကြီး၊ ဒါတွေက အရမ်းများတယ်လေ။ ကျွန်မတို့ ဒီနေ့ အကုန်မစားနိုင်မှာ ဆိုးတယ်။”လို့ ပြောလိုက်သည်။
သခင်ကြီးကျီက “စားမကုန်ရင် လွှင့်ပစ်မယ်။ မင်းဘာလို့ အဲ့ဒါတွေ အများကြီး ဝယ်လာတာလဲ? ငါတို့စားနိုင်တဲ့ပမာဏကိုပဲ သေချာချင့်ချိန်ပြီး မဝယ်ခဲ့ဖူးလား? အထူးသဖြင့်၊ ရေခဲသေတ္တာထဲမှာလည်း အပြည့်ရှိနေသေးရင်လေ? အဲ့ဒါဆို လတ်ဆတ်နေဉီးမယ်။”
အဲ့ဒါကိုကြားတော့ အိမ်စေလည်း ပါးစပ်ပိတ်ပြီး ဘာမှမပြောတော့ပေ။ သခင်ကြီးက ဒုတိယသခင်မလေးအတွက် ရေခဲမုန့်တွေထည့်ပေးဖို့ ခိုင်းရင် သူမ အဲ့အတိုင်းပဲ လုပ်ရမည်။
ဖန့်ရှောင်နွမ်က သခင်ကြီးကျီကို ကြည့်ပြီး အရမ်းကို မှင်သက်မိသွားသည်။ “အဖေ၊ သမီးအပေါ် တအားကောင်းတာပဲ။”
သူ့ရဲ့လမ်းလျှောက်တုတ်ကြီးနဲ့ ဖန့်ရှောင်နွမ်ကို ကျော်ပြီးလျှောက်သွားရင်း သူ့မျက်နှာပေါ်မှာ ဂုဏ်ယူနေတဲ့မျက်နှာထား ပေါ်နေသည်။ “ဟမ့်၊ မင်းသိလို့ ဝမ်းသာပါတယ်။”
ဖန့်ရှောင်နွမ်က ရေခဲသေတ္တာထဲကို ရေခဲမုန့်တွေထည့်ပြီး၊ အကောင်းဆုံးထင်တဲ့ ရေခဲမုန့်တစ်ပုံးကို ယူလိုက်ပြီး သခင်ကြီးကျီဆီကို ပေးဖို့ ပြေးသွားသည်။ “အဖေ၊ ဒါအဖေ့အတွက်။”
သခင်ကြီးကျီ - “အဖေ မစားတော့ဘူး။ ဒါတွေက ကလေးတွေအတွက်လေ။”
ဖန့်ရှောင်နွမ် - “သမီးက ရေခဲမုန့်မျိုးစုံစားဖူးပါတယ်။ ဒီရေခဲမုန့်က တခြားဟာတွေထက် ကောင်းတယ်။ တကယ်ကောင်းတာနော်၊ အဖေ။ အဖေ မယုံရင် စားကြည့်လိုက်။”
နာရီဝက်ကြာပြီးနောက်။
“ရှောင်နွမ်၊ သမီးမှာ ချောကလက်အရသာ ရေခဲမုန့်ရှိသေးလား? စတော်ဘယ်ရီအရသာက ချောကလက်လို ကောင်းတယ်လို့ အဖေမထင်ဘူး။” သခင်ကြီးကျီ ရေခဲမုန့် စမ်းစားကြည့်လိုက်တော့ မစားရမနေနိုင် ဖြစ်သွားသည်။ ဒီလို ပူတဲ့ နေ့မှာ၊ ရေခဲမုန့်က ဒီတိုင်းကို အရသာရှိနေသည်။
ဖန့်ရှောင်နွမ်က ဖန့်ချီကိုလည်း ရေခဲမုန့် သုံးလေးချောင်းလောက် စားခိုင်းသည်။ “ရှောင်နွမ်၊ အစ်မအထင်၊ ပဲနီလေးအရသာရေခဲမုန့်က ပိုကောင်းတယ်လို့ထင်တယ်။ မင်းမှာရှိသေးလား?”
“ကျွန်မမှာ အကုန်ရှိပါတယ်။ ကျွန်မယောကျာ်းက ဒီနေ့ အများကြီး ဝယ်ခဲ့တယ်လေ။ ကျွန်မ သွားယူလိုက်ဉီးမယ်။” ဖန့်ရှောင်နွမ်က ထပြီး ရေခဲသေတ္တာဆီ လျှောက်သွားလိုက်သည်။
ကျီဝမ်က အော်လိုက်သည်။ “နင် အဲ့မှာရှိနေတုန်း ငါ့ဖို့လည်း ရေခဲမုန့်တစ်ခွက်ယူပေးဉီး”
ဖန့်ရှောင်နွမ် - “ငါ နင့်အကျင့်ဆိုးတွေကို သိပြီးပြီ။ လာပြီး ကိုယ့်ဘာကိုယ်လာယူ။”
“အတူတူပဲလေဟာ။ နင်က ငါ့အဒေါ်ဖြစ်နေပြီပဲ၊ တစ်ခုလောက်ယူလာပေးလို့ မရဘူးလား?” ကျီဝမ်က နေရာကနေ ရွေ့တောင်မရွေ့ပေ။ အဲ့အစား သူ့လက်ထဲမှာရှိနေတဲ့ ရေခဲမုန့်ကို အမြန်စားနေသည်။ နွေရာသီပဲ။ သူက အဲကွန်းအောက်မှာထိုင်ပြီး ရေခဲမုန့်ပဲ စားချင်နေသည်။