အခန်း (၈၆)
Vol. 6 Ch. 86
“ဒါဆို၊ ရှင်က ကလေးကို လက်ထပ်ခဲ့တာလို့ ပြောနေတာပဲ။” ဒါဆို ရှင် ညက နမ်းခဲ့တဲ့လူကလည်း ကလေးပဲ။ သူမသာ ကလေးဆိုရင် သူမက ဘယ်လိုလုပ်ဒီလိုပြောရဲရမှာလဲ? ဖန့်ရှောင်နွမ်က နောက်ဆုံးစကားကို ကျယ်ကျယ်မပြောခဲ့ဘူး။ သူမ ရင်ထဲမှာပဲ တွေးနေသည်။
ကျီလင်းချန်ကတော့ ပြုံးဆဲပဲ။ သူ ရယ်လိုက်သည်။ “မင်းက ကိုယ့်ရဲ့ မိန်းကလေးပဲ ဖြစ်ဖို့ ကိုယ်မျှော်လင့်တယ်။”
ဖန့်ရှောင်နွမ် ပြောတဲ့ နေရာကို သူတို့ရောက်တော့ သူမက ဆိုင်ရှင်နဲ့ ရင်းနှီးနေသည်။ “ဆိုင်ရှင်ကျန်း၊ ကျွန်မ စားချင်တဲ့ ရေခဲမုန့်လိပ် ရောင်းသေးလား?”
ဆိုင်ရှင်ကျန်းလို့ ခေါ်တဲ့သူက ထွက်လာပြီ ဖန့်ရှောင်နွမ်ကို ပြုံးပြီး ပြောလိုက်သည်။ “နည်းနည်းတော့ ရှိသေးတယ်။ ဒီနှစ်ထဲမှာ အရသာစုံတဲ့ ရေခဲမုန့်လိပ်တွေရှိတယ်။ မင်းကြိုက်မှန်း ဉီးလေးသိတယ်လေ၊ ဒါကြောင့် အကုန်ချန်ထားတယ်။”
အဲ့လိုပြောပြီးနောက် သူက ရေခဲသေတ္တာကို ဖွင့်ပေးပြီးတော့ ဖန့်ရှောင်နွမ်ကို ရွေးခိုင်းလိုက်သည်။
ဖန့်ရှောင်နွမ်က ရေခဲသေတ္တာထဲက ထွက်လာတဲ့ ရေခဲငွေ့တွေကို တွေ့တော့ ပျော်သွားသည်။ ဒီနှစ်နွေရာသီက အရမ်းပူတဲ့အတွက်ကြောင့် သူမ အဲ့ထဲတောင် ဝင်ချင်နေသည်။
ကျီလင်းချန်က မိန်းကလေးရဲ့ မဖုံးကွယ်နိုင်တဲ့ စိတ်လှုပ်ရှားမှုကို ရိပ်မိသည်။ သူက အမြန် ကောင်မလေးရဲ့ လက်မောင်းကို ဆွဲလိုက်သည်။ “မင်း အထဲဝင်ချင်လို့လား?”
ဖန့်ရှောင်နွမ်က ကျီလင်းချန်ကို ကြည့်ပြီးတော့ အမြန်ခေါင်းညိတ်လိုက်သည်။
ကျီလင်းချန်က “မင်း ဝင်ရဲလို့လား?”လို့ ပြောလိုက်သည်။
ဖန့်ရှောင်နွမ်က ကျီလင်းချန်ရဲ့လက်ကို ချစ်စရာကောင်းစွာဖက်ထားသည်။ “ဟုတ်ပါပြီ၊ ကျွန်မ အဲ့လောက်မတုံးပါဘူး။ အရမ်းပူနေလို့ စဉ်းစားမိတာပါ။ ပြီးတော့ ရေခဲသေတ္တာက ကျွန်မဝင်ဖို့အတွက် အရမ်းသေးတယ်။”
ချစ်ကျွမ်းဝင်နေတဲ့ ကျီလင်းချန်က ရေခဲသေတ္တာကို ကြည့်နေသည်။ ရေခဲသေတ္တာက ရေခဲမုန့်တွေနဲ့တင် ပြည့်နေသည်။ သူက သူ့မိန်းမကို အဲ့ထဲကို မဝင်စေချင်ပေ။ အဲ့ကျတော့မှ သူလည်း စိတ်သက်သာရာရသွားသည်။
ဆိုင်ရှင်ကျန်းက ဖန့်ရှောင်နွမ် သူတစ်ခါမှမမြင်ဖူးတဲ့ ယောကျာ်းတစ်ယောက်နားမှာ ရပ်နေတာ တွေ့သွားသည်။ သူမက သူ့ရဲ့လက်ကို ဖက်ထားပြီး ချစ်စရာကောင်းအောင် လုပ်ပြနေတဲ့အတွက် သူက သိချင်စိတ်နဲ့ မေးလိုက်သည်။ “ရှောင်နွမ်၊ ဒီကလေးက ဘယ်သူလဲ?”
ဆိုင်လေးတစ်ဆိုင်ရဲ့ပိုင်ရှင်က စီးပွားရေးလောကရဲ့ အရှင်သခင် ကျီလင်းချန်ကို ကလေးလို့ ခေါ်လိုက်တာလား? ဖန့်ရှောင်နွမ်က သူမယောကျာ်းကို ကြည့်လိုက်သည်။ ထင်ထားတဲ့အတိုင်းပဲ၊ သူ့မျက်နှာကြီးက မှုန်သုန်လာသည်။
“ဒီကလေးက မင်းရဲ့ ယောကျာ်းလား? သူက ကြည့်ကောင်းတယ်နော်၊ မင်းတို့နှစ်ယောက် အဆင်ပြေမယ်လို့ မျှော်လင့်တယ်နော်။” ပိုင်ရှင်က သူ့စီးပွားရေးကို ကောင်းကောင်းစီမံတတ်တဲ့ တာဝန်ကျေတဲ့ ဆိုင်ရှင် ဖြစ်သည်။ သူက သူ့ထက်အဆင့်အတန်းရှိတဲ့သူတွေရဲ့အကြောင်းကိုလည်း စိတ်မဝင်စားသလို ကျီလင်းချန် ဘယ်သူဆိုတာကိုလည်း သူ မသိပေ။
ဆိုင်ရှင်ပြောလိုက်တာကို ကျီလင်းချန်ကြားတော့ ဒေါသပြေသွားသည်။ သူက စပြီးတော့ ဆိုင်ရှင်ကို နှုတ်ဆက်လိုက်သည်။ “မင်္ဂလာပါ။ ကျွန်တော်က ရှောင်နွမ်ရဲ့ ခင်ပွန်းပါ။”
“ခင်ပွန်း? ရှောင်နွမ်၊ မင်း နောက်နေတာလား? မင်း လက်ထပ်သွားတာတောင် ဉီးလေးကို မပြောဘူးနော်။” ဆိုင်ရှင်က နားလည်ရခက်သွားတာကြောင့် နားလည်ဖို့ အချိန်ယူနေရသည်။
တိုက်ဆိုင်စွာပဲ၊ တီဗီကနေပြီးတော့ ကျီလင်းချန်ကို အင်တာဗျူးထားတဲ့ ပထမအပိုင်းကို စလွှင့်နေသည်။ “မိုက်တာပဲ၊ ယောကျာ်း။ ရှင် တီဗီမှာ ပါနေတယ်လေ။ ဆိုင်ရှင်ကျန်း ကျွန်မ ဒီနွေရာသီ အားလပ်ရက်မှာပဲ လက်ထပ်ခဲ့တာ။ မြန်မြန်လုပ်လိုက်ရတော့ကြောင့် ဉီးလေးကို ကျွန်မ မပြောမိခဲ့တာ။”
ဆိုင်ရှင်ကျန်းလည်း တီဗီကြည့်လိုက်သည်။ ဒါအတော်လေးကို ကောင်းတာပဲ။ သူ ‘ကလေး’လို့ ခေါ်လိုက်တဲ့သူက စီးပွားရေးလောကရဲ့ ဘုရင်တစ်ပါးဆိုတာကို သူတကယ်ကို မသိခဲ့ပေ။
“ရှောင်နွမ်က မိန်းမကောင်းလေးပဲ။ မင်းတို့ ကောင်းကောင်းမွန်မွန် နေရမှာပါ။ ပျော်ရွှင်စရာ လက်ထပ်ပွဲလေးဖြစ်ပါစေလို့ ဆုတောင်းပေးတယ်နော်။ ကလေးလည်း မြန်မြန်ရပါစေ။” ဆိုင်ရှင်ကျန်းက စိတ်လှုပ်ရှားနေသည်။ သူ့ရဲ့ဆိုင်လေးကို ခမ်းနားကြီးကျယ်တဲ့ လူတစ်ယောက်က တစ်နေ့မှာ ရောက်လာလိမ့်မယ်လို့ သူတစ်ခါမှ မတွေးခဲ့ဖူးချေ။
ကျီလင်းချန် ထပ်ပြီး ပြုံးလိုက်သည်။ သူက ဆိုင်ရှင်ရဲ့ ဆုတောင်းစကားတွေကို ကျေနပ်စွာလက်ခံလိုက်သည်။ “ကျွန်တော်တို့ လက်ထပ်တာမြန်သွားလို့ ဉီးလေးကို အသိမပေးခဲ့တာပါ။ နောက်နောင်၊ ကျွန်တော်တို့ကလေးတွေရလို့ မွေးနေ့ပွဲတွေကျင်းပရင်၊ ဉီးလေးကို သေချာပေါက်ဖိတ်ပါမယ်။”
“အဟမ်း..အဟမ်း” ရေခဲမုန့်ကို အေးဆေးစားနေတဲ့ ဖန့်ရှောင်နွမ်၊ အဲ့စကားကိုကြားတော့ ဆို့နင့်သွားသည်။
' ကလေးရဖို့လား? သူမက ကျီလင်းချန် ကလေးကို မွေးပေးရမှာလား? မဖြစ်နိုင်တာ၊ လုံးဝမဖြစ်နိုင်တာ။
သူမက ဘယ်တုန်းကမှ သူမကိုယ်တိုင်မွေးမယ့် ဝဝဖောင်းဖောင်း သားလေးအကြောင်းကို တစ်ခါမှ မတွေးကြည့်ခဲ့ဖူးဘူး။'
သူမရဲ့မျက်နှာက မယုံကြည်နိုင်မှုတွေနဲ့ ပြည့်နေသည်။ ဒါပေမဲ့၊ ဒါက အနာဂတ်မှာ ဖြစ်လာမယ့်အရာပင်။
ရေခဲမုန့်အများကြီးဝယ်ပြီး သွားတော့မယ့်အလုပ် ဆိုင်ရှင်ကျန်းက မသိအောင် သူမလက်ထဲ အနီရောင်စာအိတ် ထည့်ပေးလိုက်တာကို ဖန့်ရှောင်နွမ် သိသွားသည်။ ပြန်တဲ့လမ်းမှာ ရေခဲမုန့်ခိုးစားရင်းနဲ့ အဲ့ဒါကို တွေ့သွားတာ။ ဆိုင်ရှင်ကျန်းနဲ့ သူ့မိန်းမ ရဲ့နာမည်တွေကို အနီရောင်စာအိတ်ပေါ်မှာ ရေးထားသည်။
ဖန့်ရှောင်နွမ်က အဲ့စာအိတ်ကို ဘာလုပ်လို့လုပ်ရမှန်းမသိဘဲ လက်ထဲမှာ ကိုင်ထားသည်။ သူမ ကားမောင်းနေတဲ့လူကို ကြည့်လိုက်သည်။ “ယောကျာ်း၊ ကျွန်မတို့ ဘာလုပ်သင့်လဲ?”
ကျီလင်းချန်က တစ်ချက်လှည့်ကြည်သည်။ “ယူထားလိုက်လေ၊ ကိုယ်တို့အတွက် ကောင်းတဲ့ဆုလာဘ်လေ။ ပြီးတော့ ဆိုင်ရှင်ကျန်းကို ကျေးဇူးတင်ကြောင်းလဲ ပြောလိုက်ဉီး။” ဖန့်ရှောင်နွမ်က သူမယောကျာ်းပြောတာကို နားထောင်ပြီးတော့ စာအိတ်နီလေးကို သူမအိတ်ထဲထည့်လိုက်သည်။
အိမ်ပြန်လမ်းမှာ၊ ကျီလင်းချန်က သူမကို မေးလိုက်သည်။“ဉီးလေးကျန်းနဲ့ မင်းရင်းနှီးလား?”
ဖန့်ရှောင်နွမ်က ကျီလင်းချန် စိတ်ဆိုးမှာကြောက်တဲ့အတွက် သူ့ကို အရင်ကြည့်လိုက်သည်။ ဒါပေမဲ့ သူကတော့ ဘာမျက်နှာထားမှကို မဖော်ပြပေ။ ဖန့်ရှောင်နွမ်က သူစိတ်ဆိုးတာလား၊ မဆိုးတာလားဆိုတာကို မသိဘူးဖြစ်နေသည်။ သူမ စရှင်းပြတော့သည်။
“ကျွန်မငယ်ငယ်တည်းက ဉီးလေးကျန်းနဲ့က အိမ်နီးချင်းတွေဖြစ်ခဲ့တာလေ။ အဲ့အချိန်တုန်းက ကျွန်မ မိဘတွေက အမြဲတမ်း အလုပ်လုပ်ရတယ်လေ။ သူတို့ကုမ္ပဏီကလည်း စထောင်ခါစဆိုတော့။ သူတို့က နေ့တိုင်း အိမ်ပြန်နောက်ကျတယ်။ ကျွန်မနဲ့ မောင်လေးကို စောင့်ရှောက်ပေးတဲ့သူက ညနေခင်းကျမှ လာလေ့ရှိတာ။ ဉီးလေးကျန်းနဲ့ အဒေါ်ကျန်းတို့က ကျွန်မတို့ကို သူတို့အိမ်ကို ခေါ်ထားတာ။”