အခန်း (၈၅)
Vol. 6 Ch. 85
ကျီဝမ်က ဖရဲသီးစားနေတဲ့ ဖန့်ရှောင်နွမ်ကို လက်ညှိုးထိုးပြီး သူ့ရဲ့ အဖိုးကို ပြောပြနေသည်။ “အဖိုး၊ လူတွေကို သူတို့ရဲ့ မျက်နှာပုံစံနဲ့တင် ဆုံးဖြတ်လို့မရဘူးလေ။ ဖန့်ရှောင်နွမ်က သိုးယောင်ဆောင်ထားတဲ့ ဝံပုလွေ။ သူမမှာ အပြင်က ချိုသာပြီး ချစ်စရာကောင်းတဲ့ပုံစံရှိတယ်၊ အထဲမှာတော့ သူမက သူ့ရဲ့ ကြမ်းတမ်းပြီး ကြောက်စရာကောင်းတဲ့ စရိုက်ရှိနေတာ။”
ကျီဝမ်က သူရဲ့ ငယ်ငယ်က အိပ်မက်ဆိုးတွေကို တွေးမိပြီး အကုန်လုံးကို ပြောပြခဲ့သည်။
ဖန့်ရှောင်နွမ်က သွားကြားထိုးတံကို သုံးပြီး နောက်ထပ်ဖရဲသီးတစ်စိတ်ကို ထိုးစားလိုက်သည်။ စားနေရင်းနဲ့ သူမကို ကျီဝမ် စွပ်စွဲပြောဆိုနေတာတွေကို နားထောင်နေသည်။
အမှန်ကတော့၊ သူပြောတာတွေက ဘာမှမမှားပေမဲ့ ဘယ်သူ့ကမှ သူ့ကို မယုံပေ။ သူမယောကျာ်းရဲ့ အတွေးထဲမှာတော့၊ သူမက နူးညံ့ပြီး ချစ်စရာကောင်းပေမဲ့ ပြဿနာဖြစ်အောင်လုပ်နိုင်တဲ့ ပါးစပ်တစ်ပေါက်လည်း ရှိနေသည်။ သူမ ယောက်မကျတော့ သူမက အယုံလွယ်ပြီး ရိုးသားကာ ပွင့်လင်းတဲ့သူလို့မြင်သည်။ သူမ ယောက္ခမရဲ့ အတွေးထဲမှာတော့၊ သူမ တာဝန်ကျေပြီး စဉ်းစားဆင်ခြင်တတ်ကာ လန်းဆန်းတက်ကြွတဲ့သူလို့ ထင်သည်။
သခင်ကြီးကျီက ကျီဝမ်ပြောတာတွေကို မယုံဘဲ ငြင်းလိုက်သည်။ “အဓိပ္ပာယ်မရှိတာ”
ကျီဝမ်က အမှားလုပ်မိသလို ခံစားလိုက်ရသည်။ ဘယ်သူကမှ သူပြောတာကို မယုံကြပေ။ “အဖို၊ သားပြောတာတွေက အမှန်တွေ။”
သခင်ကြီးကျီ - “မင်းအဒေါ်အကြောင်း ထပ်ပြောရင်၊ မင်းဉီးလေးက မင်းကို သေချာဆုံးမလိမ့်မယ်။”
ကျီဝမ်က ဖန့်ရှောင်နွမ်ဘေးက လူကို ကြည့်လိုက်သည်။ အမြဲတမ်း အေးစက်စက်နေပြီး သေချာမစဉ်းစားတတ်တဲ့ ကျီလင်းချန်က စားပွဲပေါ်က စပျစ်သီးကို ယူပြီး သူ့မိန်းမကို ခွံ့ကျွေးတာ သူ မြင်လိုက်ရသည်။ သူက အသံချိုချိုသာသာလေးနဲ့ “ချိုလား?”လို့တောင် မေးလိုက်သေးသည်။
“ချိုတယ်၊ ဖရဲသီးထက်တောင် ချိုသေးတယ်။”
ကျီလင်းချန်အကြောင်းကို သေချာသိတဲ့ ကျီဝမ်ရဲ့ မေးရိုးတွေ အောက်ကျသွားတော့မယ့်အတိုင်း အရမ်းကို အံ့အားသင့်နေသည်။ သူက ဖန့်ရှောင်နွမ်ကို လက်ညှိုးထိုးပြီး စိတ်တိုစွာ အော်လိုက်သည်။ “ဉီးလေး၊ သူမက တကယ်တော့ လူတွေကို ခဏခဏရိုက်တတ်တဲ့ ကြမ်းတမ်းတဲ့မိန်းမပဲ”
သူ့ဉီးလေးက သူ့ကို မယုံဘူး။ ဒါဆို သူမလုပ်ခဲ့တော့ရော ဘာလုပ်ရမှာလဲ?
ကျီဝမ်က ဖန့်ရှောင်နွမ်ကို လက်ညှိုးဆက်ထိုးထားပြီး သူ့အမေကို မေးလိုက်သည်။ “တကယ်လား? သူမက လူတွေကို ဘယ်လို ရိုက်နှက်ရမလဲဆိုတာ သိတယ်။ အမေတို့နှစ်ယောက် ရန်ဖြစ်ခဲ့တာကို မေ့သွားပြီလား?”
ဖန်ချီ - “ငါလည်း လူတွေကို ဘယ်လိုရိုက်နှက်ရမလဲဆိုတာ သိတယ်လေ။ ဘာဖြစ်လဲ အဲ့တော့?”
ကျီဝမ်က သူ့အဖိုးကို ကြည့်ပြန်သည်။ သခင်ကြီးကျီက သူ့ရဲ့ ကွဲသွားတဲ့ ဖြူပြာရောင် မြေအိုးကြီးနဲ့ ပတ်သတ်ပြီး အခဲမကျေသေးပေ။ သူက တမင် သူ့မြေးကို မကြည့်ဘဲ တခြားဘက်ကို လှည့်သွားသည်။
ကျီဝမ် - “သေပါတော့လား။ ဘယ်သူမှ ကျွန်တော့်ကို မယုံကြဘူး။ ဒါမတရားဘူး။”
လူတိုင်းက သူတို့ဘာသာတွေးနေကြသည်။ 'နင်ကမှ ယုံချင်စရာမကောင်းတာ'
နောက်တော့၊ သူတို့ အိပ်ဖို့ တက်သွားကြတဲ့အခါ ကျီဝမ်နဲ့ ဖန့်ရှောင်နွမ် ဝရံတာမှာ တိုက်ဆိုင်စွာပဲ တွေ့သွားကြသည်။ သူက သူမကို လက်ညှိုးထိုပြီး အပြစ်ပြောခဲ့သည်။“နင့်မျက်နှာနဲ့ လူတိုင်းကို လိုက်လှည့်စားနေတာ။ အခုတော့ ငါ့ရဲ့ တော်လှပါတယ်ဆိုတဲ့ ဉီးလေးတောင် နင်လှည့်စားတာခံနေရတာ။”
ဖန့်ရှောင်နွမ်က သူမရဲ့ အပြစ်ကင်းစင်ပြီး ချစ်စရာကောင်းတဲ့ မျက်နှာလေးကို လက်ညှိုးထိုးပြီး ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။ “ဒါကတာ့ ငါလည်း ဘယ်တတ်နိုင်မလဲ။ ဒါက မွေးရာပါလေ။ သူများတွေကို လှည့်စားတတ်တာက ငါ့ရဲ့ အားသာချက်လေ။”
ကျီဝမ် - “နင်တော်တော် အရှက်မရှိတာပဲ။”
“ယောကျာ်း၊ ရှောင်ဝမ် ကျွန်မကို ဆူနေတယ်။” ဖန့်ရှောင်နွမ်က ကျီဝမ်နောက်က လေကို ပြောပြီး တိုင်လိုက်သည်။
ကျီဝမ် ကြားတော့ သူမကို ထပ်တောင်မကြည့်ရဲတော့ဘဲ ကြောက်ပြီး ထွက်ပြေးသွားသည်။
ဖန့်ရှောင်နွမ်က ဂုဏ်ယူစွာ ပြောလိုက်သည်။“ငါပြီးရင် နင့်ကို ကောင်းကောင်းဆုံးမဉီးမယ်။ ငါလုပ်ရမှာက လေထဲကို အော်ပြီး ယောကျာ်းလို့ ခေါ်လိုက်ရုံပဲ”
“လူကို အော်တာက ပိုပြီးတော့ ထိရောက်တယ်။” ကျီလင်းချန်က ဖန့်ရှောင်နွမ်နားကို ရုတ်တရက်ရောက်လာပြီး ပြုံးပြီး ပြောလိုက်သည်။
ဖန့်ရှောင်နွမ် လန့်သွားသည်။ “ရှင်က ဘာလို့ ရုတ်တရက်ကြီး ရောက်လာရတာလဲ? လူတွေက အကြောက်လွန်ပြီး သေတတ်တယ်ဆိုတာကို ရှင် မသိဘူးလား?”
ကျီလင်းချန်က ပြောလိုက်သည်။ “တစ်ယောက်ယောက်က ငါ့ကို လာတိုင်တယ်။ ငါကြားလို့ ထွက်လာတာ။ မင်းအတွက် လက်စားချေပေးဖို့ မင်းယောကျာ်းကို လိုသေးလား?”
ဖန့်ရှောင်နွမ် ခေါင်းခါလိုက်သည်။ “မေ့လိုက်တော့၊ ကျွန်မတို့ ရှောင်ဝမ်ကို ခဏလောက် အနားပေးလိုက်ဉီးမယ်။”
ကျီမိသားစုဝင် ဘယ်သူကမှ သူ့ရဲ့ အမှန်ပြောနေတဲ့စကားတွေကို ယုံမှာမဟုတ်ပေ။ ဖန့်ရှောင်နွမ်က သူ့ကို ယုံပေမယ့် သူမ အမှန်အတိုင်းမဝန်ခံခဲ့ချေ။
အမှန်အတိုင်းပြောရရင်၊ သူမ ကျီဝမ်အတွက် စိတ်မကောင်းဖြစ်မိသည်။
ဖန့်ရှောင်နွမ်က မိသားစုထဲမှာ သူမရဲ့ အဆင့်အတန်း မြင့်လာတယ်ဆိုတာကို သတိမထားမိခဲ့ပေ။
ဒီတစ်ပတ်က အားလပ်ရက်ဖြစ်သည်။ ကျီလင်းချန်က သူ့မိသားစုနဲ့ အိမ်မှာ အချိန်ကုန်ဆုံးတာ ရှားသည်။ သူက တစ်ယောက်ယောက်နဲ့ အချိန်ကုန်နေတယ်ဆိုတာကို လူတိုင်းသိသည်။
ဒါပေမဲ့ အဲ့ဒီတစ်ယောက်ကတော့ အဲ့ဒါကို သေချာကို အလေးအနက် မတွေးပေ။ နေ့လယ်ခင်းရောက်တော့၊ ဖန့်ရှောင်နွမ်က သူမရဲ့ လက်သေးသေးလေးတွေနဲ့ ယပ်ခတ်နေသည်။ “ယောကျာ်း၊ နွေရာသီက တအားပူတာပဲ၊ ရှင်တို့ ဒီလိုအပူချိန်နဲ့ ဘယ်လိုနေကြလဲဟင်?”
ကျီလင်းချန်က သူ့မိန်းမပြောတာကိုကြားတော့ သူမ အပြင်ထွက်ချင်တယ်လို့ တွေးပြီး ခပ်မိုက်မိုက်ပုံစံနဲ့ ပြောလိုက်သည်။ “ကိုယ် မင်းအတွက် ဗီလာတစ်လုံး ဝယ်ပေးမယ်လေ။ ကိုယ်တို့ နွေရာသီဆိုရင် အဲ့မှာ သွားနေလို့ရတယ်လေ။ ဘယ်လိုလဲ?”
ဖန့်ရှောင်နွမ်ရဲ့မဲ့ရှုံ့သွားသည်။ သူက တအားကို ဘဝင်ခိုက်တာပဲ။ “ဗီလာဝယ်ပေးစရာမလိုပါဘူး၊ ဒါပေမဲ့ ရှင် တစ်ခုခုဝယ်ပေးရမယ်။ ဉပမာ - ရေခဲမုန့်ပေါ့”
ကျီလင်းချန်က ဖန့်ရှောင်နွမ်ရဲ့ စွဲမက်ဖွယ်ကောင်းလှတဲ့ အပြုံးကို မြင်ပြီး မသိစိတ်အရ သူမအပြုံးထဲ နစ်မျောနေခဲ့သည်။ သူ မစဉ်းစားဘဲနဲ့ တန်းပြီး သဘောတူလိုက်သည်။
ကျီလင်းချန်က သူကိုယ်တိုင် ကားမောင်းသမားလုပ်ပြီးတော့ သူ့မိန်းမကို ရေခဲမုန့်ဆိုင်ထိ ကားမောင်းပို့ပေးခဲ့သည်။
လမ်းတစ်လျှောက်လုံး၊ ကျီလင်းချန်ရဲ့ နှုတ်ခမ်းတွေ ကွေးတက်နေသည်။ အဲ့ဒါကိုတွေ့တော့ သူ့ဘေးမှာထိုင်နေတဲ့ ဖန့်ရှောင်နွမ်က မေးလိုက်သည်။ “ယောကျာ်း၊ ရှင်ဘာလို့ပြုံးနေတာလဲ?”
ကျီလင်းချန် - “ဘယ်တုန်းကမှ ရေခဲမုန့်ဝယ်ဖို့ ကလေးတစ်ယောက်နဲ့ အပြင်ထွက်ရမယ်လို့ မတွေးမိခဲ့ဘူး။”
ဖန့်ရှောင်နွမ်က တောက်ခေါက်ပြီး ပြန်ပြောလိုက်သည်။ “ကျွန်မက ကလေးမဟုတ်ဘူး”
ကျီလင်းချန်က တခြားဘက်ကို ကြည့်နေသည်။ သူက စတီယာရင်ကို လက်တစ်ဖက်နဲ့ ကိုင်ထားပြီး နောက်တစ်ဖက်နဲ့ သူ့မိန်းမခေါင်းရဲ့ နောက်ဘက်ကိုပုတ်ဖို့ ဆန့်ထုတ်လိုက်သည်။ “မင်းက ကလေးမဟုတ်ဘူးလား? လူကြီးတွေက နွေရာသီမှာ ရေခဲမုန့်မစားကြဘူး။”