← Chapters

အခန်း (၁၀၄)

Vol. 7 Ch. 104

အခန်း (၁၀၄)

Vol. 7 Ch. 104

ပါးရိုက်လိုက်တဲ့အသံက အရမ်းကျယ်သည်။ အနီးနားရှိ ဖောက်သည်တွေ အားလုံးကြားသွားပြီး တစ်ချိန်တည်းမှာပင် သူတို့၏ ဦးတည်ရာကို ကြည့်လာကြသည်။

လင်းရိုရဲ့ မျက်နှာ ပူလောင်နေခဲ့သည်။ သူမ ခြေလှမ်းကျကြီးတွေနဲ့ ရှေ့ကို လှမ်းလာကာ ဖန့်ရှောင်နွမ်ကို ခုန်အုပ်ချင်ခဲ့ကာ တတိယထပ်၏ လက်ရန်းပေါ်မှ သူမကို တွန်းချချင်ခဲ့သည်။

ကျီလင်းချန်က လျင်မြန်စွာ မတ်တပ်ထရပ်ပြီး သူ့မိန်းမရှေ့ကို သွားခဲ့သည်။ သူက ရူးနေတဲ့ လင်းရိုကို တားခဲ့ပြီး သူမကို မှန်ချပ်ဆီ တွန်းလိုက်သည်။

လင်းရိုရဲ့ မျက်နှာ ညှိုးငယ်သွားသည်။ သူမ ဖန့်ရှောင်နွမ်ကို လက်ညှိုးထိုးပြီး အော်ပြောခဲ့သည်။ "သူမက နတ်ဆိုးပဲ၊ လင်းချန်။ သူမရဲ့အသွင်အပြင်ကြောင့် လှည့်စားမခံနဲ့!"

ဒါကိုကြားတော့ ဖန့်ရှောင်နွမ်က သူမခင်ပွန်းနောက်ကနေ ထွက်လာခဲ့သည်။ သူမ ဘာမှ မပြောခဲ့ပေ။ ထိုအစား သူမလက်ကို မြှောက်ပြီး လင်းရိုရဲ့ မျက်နှာတစ်ဖက်ကို ရိုက်လိုက်သည်။ ဒီတစ်ခါတော့ သူမက ခွန်အားတွေအကုန်သုံးခဲ့တာကြောင့် လက်ဖဝါးက အနည်းငယ်နီသွားခဲ့သည်။

ဖန့်ရှောင်နွမ် အေးစက်စွာပြောလိုက်သည်။ "ရှင် ကျွန်မယောက်မကို ထည့်မပြောခဲ့ဘူးဆိုရင် ရှင့်မာနကို ဂရုစိုက်ပြီးတော့ ရှင့်ကို အရှက်ရအောင် လုပ်မိမှာမဟုတ်ဘူး။ ဒါပေမယ့် ရှင်က တကယ်ကို သတ္တိရှိရှိနဲ့ထုတ်ပြောလာရဲတယ်နော်။ ရှင့်ကို အရှက်ရအောင်လုပ်မိလို့ ကျွန်မကို အပြစ်မတင်နဲ့!"

“ဒီပထမဆုံး ပါးရိုက်လိုက်တာက ယောက်မကိုယ်စား။ ရှင်က ယောက်မနဲ့ ကျွန်မကြား သဘောထားကွဲလွဲအောင် တမင်ကြိုးစားခဲ့ပြီး ကျွန်မတို့ရဲ့ဆက်ဆံရေးမှာ နားလည်မှုလွဲမှားမှုတွေ အများကြီးဖြစ်စေခဲ့တယ်”

“ဒီဒုတိယတစ်ချက် ရိုက်လိုက်တာက ကျွန်မအတွက်။ အထူးတလည် အကြောင်းပြချက်တော့ မရှိဘူး။ ရှင့်ကို သင်ခန်းစာတစ်ခု သင်ပေးချင်လို့။ ရှင့်ကို ဒီလောက်ထိ အကျင့်ပျက်အောင် ဘယ်သူက တောင်းဆိုခဲ့တာလဲ။ ရှင်က ကျွန်မယောကျ်ား အမြဲတမ်းငမ်းငမ်းတက်လိုချင်နေတာ။ ကျွန်မ ရှင့်ကို မကြိုက်ဘူး အဲ့တာကြောင့် ကျွန်မရဲ့ဒေါသကိုထွက်ပေါက်ရှာဖို့ ရှင့်ကို ပါးနှစ်ချက်ရိုက်လိုက်တာ !”

"ကျွန်မယောကျ်ားက ကျွန်မက မစ္စစ် ကျီမလို့ အကျိုးသင့်အကြောင်းသင့် ပြုမူဖို့ မလိုဘူးလို့ ပြောထားတယ်!"

ဒါကိုကြားတော့ ကျီလင်းချန်က သူ့မိန်းမရဲ့ ရိုင်းစိုင်းမှုကြောင့် ဒေါသမထွက်ခဲ့ပါပေ။ ထိုအစား သူ့မျက်နှာမှာ အပြုံးတစ်ခု ဆင်မြန်းထားပြီး သူ့မိန်းမကို အရိပ်တကြည့်ကြည့်နဲ့ ကြည့်နေခဲ့သည်။

"ဖန့်ရှောင်နွမ်၊ နင်က ငါပိုင်ဆိုင်သမျှအရာအားလုံးကို ယူသွားတဲ့သူဆိုတာ ရှင်းနေတာပဲ" လင်းရိုက အံကြိတ်ပြီး ပြောခဲ့သည်။

သခင်ကြီး ကျီ ပြောလိုက်သည်။ "မင်း အရမ်းအတွေးလွန်နေတာပဲ။ မစ္စစ်ကျီ နေရာက ဘယ်တုန်းကမှ မင်းနဲ့မဆိုင်ဘူး။ ငါတို့မိသားစုက မင်းလိုမိန်းမတစ်ယောက်ကို ကျီ မိသားစုထဲဝင်ခွင့်ပြုတာထက် လင်းချန်ကို တစ်သက်လုံး လူပျိုကြီးအဖြစ်နေခွင့်ပေးလိုက်တာကမှ ပိုကောင်းဦးမယ်!”

“မစ္စတာ ကျီ။ ဘာလို့လဲ ။ ဘာကြောင့်လဲ" လင်းရိုက ငိုပြီး မေးခဲ့သည်။ သူမက ကျီလင်းချန်ရဲ့ ဘေးမှာ ဆယ့်ငါးနှစ်ကြာနေခဲ့သည်။ သူမ ကျီ မိသားစုရဲ့ ခွင့်ပြုချက်မရခဲ့တာကြောင့် ဖြစ်နိုင်လား။

"ဘာလို့လဲ။ ယောက်မရဲ့နောက်ခံနဲ့တောင် သူမ ကျီမိသားစုထဲ ဝင်လို့ရတယ်။ ကျွန်မက ဘာလို့ ဝင်လို့မရနိုင်တာလဲ။ ဒီဆယ့်ငါးနှစ်အတွင်းမှာ ကျွန်မ ဘယ်တုန်းကမှ အမှားမလုပ်ဖူးဘူး။ ကျွန်မဘာလို့ဝင်လို့မရရမှာလဲ"

သခင်ကြီး ကျီ က အေးစက်စွာ နှာမှုတ်ပြီးပြောလိုက်သည်။ "ဟမ့်၊ မင်းမှာကောင်းတဲ့ အကျင့်စာရိတ္တ မရှိဘူး"

ဖန့်ရှောင်နွမ် က သူမကိုပါးရိုက်ပြီး လက်စသတ်ခဲ့သည်။ သူမ အရမ်းပျော်ရွှင်ခဲ့သည်။ သူမဘာသာ တွေးခဲ့သည်။ 'ယောက်မရဲ့ နောက်ခံက ဘာဖြစ်နေလို့လဲ၊ သူမက ဖန် မိသားစုရဲ့ သမီးမဟုတ်ဘူးလား။ သူမရဲ့ နောက်ခံကို ရှင်းရှင်းလင်းလင်း ရှုံ့ချနေတဲ့ လင်းရို ရဲ့ စကားကို ဘာကြောင့် သူ နားထောင်ခဲ့ရတာလဲ။ ငါ့ကို ယောက်မနဲ့လည်း မတူဘူး ပြီးတော့ ငါက တခြားသူတွေကို ဘယ်လို ဂရုစိုက်ရမှန်း မသိဘူးလို့လည်း ဒီမနက်တုန်းက ယောက္ခထီးက ငါ့ကို ပြောခဲ့တယ်။ ယောက်မကလည်း သမီးတစ်ယောက်ပဲ အဲ့တော့ အဖေက ဘာလို့ဒီလိုပြောတာလဲ။'

ကျီလင်းချန်က လင်းရိုကို ပြီးခဲ့တဲ့ အကြိမ်က ပြတ်ပြတ်သားသား ပြောထားခဲ့ပြီဖြစ်သော်လည်း ဇနီးသည်ရှေ့မှာ သူ အဲ့တာကို မပြောခဲ့ပေ။ ဒါကြောင့် သူ ထပ်ပြောလိုက်သည်။

“ငါ အဲ့တာကိုထပ်ပြောမယ်။ ငါတို့ကြားမှာ ဘာဆက်ဆံရေးမှမရှိဘူး။ မင်းမြင်သမျှဟာက မင်းရဲ့ကိုယ်ပိုင်စိတ်ကူးထဲကပဲ။ မင်းပြောခဲ့တဲ့ ဆယ့်ငါးနှစ်ဆိုတာက ငါတို့တစ်ယောက်နဲ့တစ်ယောက် သိလာခဲ့တာ ဆယ့်ငါးနှစ်ပဲ ရှိတယ်။ မင်းမိသားစုရဲ့ ကျေးဇူးကို ငါဆပ်မှာပါ၊ ပြီးတော့ ကျီ မိသားစုက အဲဒါကို ပြန်ဆပ်နေတာ ကြာပြီ။ မင်း ငါတို့ကို နှောင့်ယှက်ပြီး ငါတို့မိသားစုတွေကြား သဘောထားကွဲလွဲအောင် ကြိုးစားနေသေးရင် ငါ မင်းကို လွယ်လွယ်နဲ့ လွှတ်ထားပေးမှာမဟုတ်ဘူး။ မင်းပြန်သွားပြီး ကျီ မိသားစုနဲ့ လင်း မိသားစုက သူငယ်ချင်းဟောင်းတွေ မဟုတ်ကြတော့ဘူးဆိုတဲ့အကြောင်း မင်းအဖေကို ပြန်သွားပြောလိုက်!”

ကျီလင်းချန်နဲ့ သခင်ကြီးကျီရဲ့ သဘောထားက အလွန်ရှင်းလင်းနေပြီဖြစ်သည်။ လင်းရိုက နီရဲပြီး ရောင်ရမ်းနေတဲ့ မျက်နှာ၊ ကြေကွဲနေသော နှလုံးသားဖြင့်သာ ထွက်သွားနိုင်ခဲ့သည်။

အောက်ထပ်မှာစောင့်နေတဲ့ လင်းချမ်က သူမရဲ့ဝမ်းကွဲ၏ အခြေအနေကို မြင်ပြီး အံ့သြတကြီးနဲ့ မေးလိုက်သည်။ "ဝမ်းကွဲ၊ ဘယ်လိုဖြစ်လာတာလဲ"

လင်းရို မျက်ရည်တွေကို သုတ်ပြီး မုန်းတီးစွာပြောလိုက်သည်။ "ဖန့်ရှောင်နွမ်၊ ငါ နင်နဲ့ မပြီးသေးဘူး!"

လင်းရို ထွက်သွားပြီးနောက် တတိယထပ်တွင် ဖန့်ရှောင်နွမ်က သူမထိုင်ခုံဆီသို့ ပြန်သွားခဲ့သည်။ သူမ အရမ်းပျော်သွားပြီး ခင်ပွန်းဖြစ်သူကို မေးဖို့ တစ်ခုခုကို တွေးလိုက်သည်။ "ယောကျ်ား၊ လင်းမိသားစုဆီ ကျေးဇူးကြွေးတင်နေတယ်ဆိုတာ ရှင် ဘာကိုပြောတာလဲ။ ပြီးတော့ ယောက်မရဲ့ မိသားစုနောက်ခံကကော ဘယ်လိုလဲ။ လင်းရိုက ဘာလို့ ယောက်မကို နှိမ့်ချနေတဲ့ပုံဖြစ်နေတာလဲ။ ကျွန်မတို့ ဒီမှာစားနေတယ်ဆိုတာ သူမ ဘယ်လိုသိလဲ။ ယောကျ်ား၊ ရှင် သူ့ကို ဆယ့်ငါးနှစ်လောက် သိလာတာဆိုတော့ ရှင် သူမအတွက် တကယ်ကို ဘာမှ မခံစားရဘူးလား"

ဒါကိုကြားတော့ သားအဖနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့နှစ်ယောက်လုံး ဖန့်ရှောင်နွမ်ရဲ့မေးခွန်းကို တိုက်ရိုက်မဖြေခဲ့ကြပေ။

ကျီလင်းချန်က သူ့မိန်းမနှင့် နီးနီးကပ်ကပ်နေပြီး ပြုံးလိုက်သည်။ သူ့လက်ကို ဆန့်ပြီး နူးညံ့တဲ့ သူမရဲ့ဆံပင်တွေကို ပွတ်သပ်လိုက်သည်။ "သူမအတွက် ကိုယ်ဘာများခံစားနိုင်ဦးမှာလဲ"

ဖန့်ရှောင်နွမ်က သူ့ကို စစ်ဆေးမေးမြန်းခဲ့သည်။ "ရှင်တို့နှစ်ယောက် နှစ်ယောက်တည်း ထမင်းမစားဖူးဘူးလား၊ ရုပ်ရှင်ကြည့်တာ ဒါမှမဟုတ် အတူတူ ဈေးဝယ်တာတွေ မလုပ်ဖူးဘူးလား။"

သခင်ကြီး ကျီ အထင်သေးစွာပြောလိုက်သည်။ “ကျီ ကော်ပိုရေးရှင်းက သူ့ကို အရမ်းအလုပ်များအောင်လုပ်ထားတာ။ ဒီငြီးငွေ့စရာကောင်းတဲ့ဟာတွေကို သူဘယ်လိုလုပ်နိုင်မှာလဲ”

All Chapters